အခန်း (၂၂၆၅-၂၂၆၆)
Vol. 167 Ch. 2265-2266
အခန်း(၂၂၆၅)
“ကောင်လေး မင်းက အတော်လေးဥာဏ်များတာပဲ ငါ့ကို နတ်ဘုရင်ကပ်ဘေးထဲတောင် ဆွဲသွင်းခဲ့တယ်.. အခု ကောင်းကင်လမ်းစဥ်တောင် နောက်ဆုတ်သွားခဲ့ပြီ ဆိုတော့ မင်းကို ဘယ်သူကယ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်.. နှမြောစရာကောင်းတာက မင်းက အရာရာကို တွက်ချက်နိုင်ခဲ့ပေမဲ့ မင်းတို့ နတ်ဘုရားနယ်မြေ စကြဝဠာရဲ့ ကောင်းကင်လမ်းစဥ်က ဒီလောက်အထိ အားနည်းနေမယ်လို့တော့ တွက်ချက်နိုင်ခဲ့ပုံ မရဘူး”
သွေးရောင်အရိုးစုက ကျန်းချန်ကို အထက်စီးကနေ ငုံ့ကြည့်လိုက်သည်။
သူ၏မျက်ဝန်းများတွင် လှောင်ရိပ်များ ဖြစ်ပေါ်နေခဲ့၏။
မကြာမီမှာပင် သူက လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ကျန်းချန်ကို နောက်တစ်ကြိမ် ထပ်မံ ဖမ်းဆွဲလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ် အရှိန်အဝါသည် ခွန်အားအပြည့်ဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
ကျန်းချန်သည် ကြယ်လေးပွင့် ကောင်းကင်အရှင် အဆင့်ဖြင့် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် နတ်ဘုရင် ပဉ္စမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ တစ်ထိုင်တည်းရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူထက် မနိမ့်ကျတော့ပေ။
သို့ဖြစ်ရာ သွေးရောင်အရိုးစု၏လက်သည်းများမှ ထွက်ပေါ်လာသော ဆွဲငင်အားကို ယခင်နှင့် မတူတော့ဘဲ ရင်ဆိုင်နိုင်စွမ်း ရှိလာခဲ့သည်။
“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”
ကျန်းချန်က လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းကာ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်၍ သွေးရောင်အရိုးစုကို တိုက်ခိုက်လိုက်သည်။
ထိုဓားချက်သည် သွေးရောင်အရိုးစု၏ လက်သည်းကနေ ထွက်ပေါ်လာသော ဆွဲငင်အားကို ချက်ချင်းဆိုသလို ဖြတ်တောက်လိုက်ပြီး သွေးရောင်အရိုးစု၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သွေးရောင်အရိုးစုသည် ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
“ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ အင်မော်တယ်ကျင့်စဥ်လဲ”
သွေးရောင်အရိုးစုက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ တပ်မက်သော အမူအရာများသာ ဖြစ်ပေါ်နေခဲ့၏။
“တကယ်လို့ ငါသာ မင်းရဲ့ အင်မော်တယ် ကျင့်စဥ်ကို ရခဲ့မယ်ဆိုရင် အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မဲ့ အခွင့်အရေးရရှိကောင်း ရရှိနိုင်လိမ့်မယ်”
ထိုစကားကို ပြောပြီးသည်နှင့် သွေးရောင်အရိုးစုသည် တုံ့ဆိုင်းမနေဘဲ နတ်ဆိုးလှံဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်ကလည်း လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားဖြင့်ပင် သွေးရောင်အရိုးစု၏ နတ်ဆိုးလှံကို ပြန်လည် ရင်ဆိုင်လိုက်၏။
သို့သော်လည်း သွေးရောင်အရိုးစု၏ ခွန်အားသည် အလွန်တရာပင် သန်မာလှသည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး တိုက်ခိုက်ရေးစွမ်းရည်က လော့ရှင်းဟယ်နှင့် အခြားသော နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူများထက် ပိုမို အစွမ်းထက်နေသော်လည်း သွေးရောင် အရိုးစုကိုမူ အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
“ကောင်လေး.. အလကားနေရင်း အပင်ပန်းခံမနေနဲ့”
သွေးရောင်အရိုးစုက ကျန်းချန်ကို လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“တကယ်လို့ မင်းသာ အင်မော်တယ်ကျင့်စဥ်ကို လိမ်လိမ်မာမာနဲ့ ငါ့ဆီ အပ်နှံမယ်ဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးဖို့ ငါစဥ်းစားပေးမယ်”
ကျန်းချန်က သွေးရောင်အရိုးစုကို ဘာစကားမျှ ပြန်မပြောခဲ့ပေ။
သူက နှုတ်ခမ်းထောင့်မှ သွေးကို လက်ခုံဖြင့် သုတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မဟာနဂါး ကျောက်တိုင်သည် သူ၏ လက်ဖဝါးထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မဟာနဂါးကျောက်တိုင်.. ဖိနှိပ်စမ်း”
ကျန်းချန်က သူ၏ နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ် ခွန်အားများဖြင့် အစွမ်းကုန် လှုံ့ဆော်လိုက်ရာ မဟာနဂါးကျောက်တိုင်သည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖိနှိပ်နိုင်သည့် ကြီးကျယ်ခမ်းနားသော နတ်ဘုရားကျောက်တိုင်ကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အခြားစကြဝဠာမှ ဆန်းကြယ်သော ရတနာတစ်ပါး ဖြစ်သည့် မဟာနဂါးကျောက်တိုင်သည် အနည်းဆုံးတော့ နတ်ဘုရားနယ်မြေ၏ သန္ဓေတာအို နတ်လက်နက်ထက် မနိမ့်ကျသော စွမ်းအားများကို ပိုင်ဆိုင်ထား၏။
အစောပိုင်းက ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးသဖြင့် မဟာနဂါး ကျောက်တိုင်၏ စွမ်းအားကို ဆယ်ပုံ တစ်ပုံမျှပင် မထုတ်ဖော်နိုင်ခဲ့ပေ။
သို့သော်လည်း နတ်ဘုရင် ပဉ္စမအဆင့်ကို ဖိနှိပ်နိုင်ခဲ့ပြီး နတ်ဘုရင် ဆဋ္ဌမအဆင့်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။
ယခုအခါတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ တစ်ထိုင်တည်း ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်လိုက်သောအခါတွင် မဟာနဂါးကျောက်တိုင်၏ စွမ်းအားသည် ယခင်နှင့် မတူဘဲ လုံးဝကို ကွဲပြားသွားခဲ့သည်။
သွေးရောင်အရိုးစု ကဲ့သို့ အလွန်တရာ အစွမ်းထက်သည့် သူပင်လျှင် မဟာနဂါးကျောက်တိုင်၏ ဖိနှိပ်မှုကို ရင်ဆိုင်ရသောအခါ၌ အထိတ်တလန့် ဖြစ်သွားရသည်အထိပင်။
“ဒါက..”
သွေးရောင်အရိုးစုက သူ့ကို ဖိနှိပ်ထားသော နတ်ဘုရားကျောက်တိုင်ကို ကြည့်ကာ ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ရာကို စဥ်းစားမိသွားခဲ့ပြီး အမူအရာ သိသိသာသာပင် ပျက်သွားခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် သွေးရောင်အရိုးစုအတွက် အတွေးများနေရန် အချိန်မရှိပေ။
သူက နတ်ဆိုးလှံကို ဝှေ့ယမ်းလိုက်ရာ သွေးရောင်အလင်းများသည် နတ်ဆိုးလှံကနေ ပေါက်ကွဲထွက်လာခဲ့ပြီး အချင်းမီတာ တစ်ရာကျော် ရှိသော သွေးရောင်အလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ပေတစ်သောင်းအမြင့်ရှိသော နတ်ဘုရားကျောက်တိုင်ကို တိုက်ခိုက်လိုက်သည်။
သို့သော်လည်း ပေတစ်သောင်းအမြင့်ရှိသော နတ်ဘုရားကျောက်တိုင်ကနေ ပေါက်ကွဲထွက်လာသော စွမ်းအားသည် သူစိတ်ကူးထားသည်ကိုပင် ကျော်လွန်နေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် နတ်ဘုရားကျောက်တိုင်သည် သွေးရောင်အလင်းကို ချေမှုန်းပစ်လိုက်ပြီး သွေးရောင်အရိုးစု၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်လာခဲ့သည်။
“ဝုန်း..”
သွေးရောင်အရိုးစု၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲကနေ အောက်ဘက်ရှိ ချိုင့်ဝှမ်းသို့ ကျရောက်သွားခဲ့သည်။
ချိုင့်ဝှမ်းထဲတွင် တောင်ပုံရာပုံ ဖြစ်နေသော အဖြူရောင်အရိုးများပင်လျှင် သွေးရောင်အရိုးစု၏ အရှိန်ဖြင့် ကျဆင်းလာမှုကြောင့် ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သွေးရောင်အရိုးစုသည် အရိုးပုံထဲကနေ အရှက်တကွဲ ပြန်ထွက်လာခဲ့ပြီး ပေပေါင်းသောင်းချီအကွာအဝေးအထိ ဆုတ်ခွာလိုက်သည်။
သူက လေထုထဲမှ ပေတစ်သောင်းအမြင့် ရှိသည့် နတ်ဘုရားကျောက်တိုင်ကို ခေါင်းမော့၍ ကြည့်လိုက်သည်။
သူ၏ မယုံကြည်နိုင်စွာ ရေရွတ်သံသည် လေထုထဲတွင်ပဲ့တင်ထပ်သွားခဲ့၏။
“အင်မော်တယ်.. အင်မော်တယ်ကျောက်တိုင်ပါလား.. ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..မထင်မှတ်ဘဲ ငါတို့နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့စဥ်က ပစ်မှတ်ထားခဲ့တဲ့ အင်မော်တယ် ကျောက်တိုင်က မင်းရဲ့လက်ထဲမှာ ရှိနေတာကိုး”
သွေးရောင်အရိုးစုက လေထုထဲရှိ ကြီးကျယ်ခမ်းနားသော ကျောက်တိုင်ကြီးကို စိုက်ကြည့်နေခဲ့သည်။
သူတို့၏ စကြဝဠာရှိ အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံတွင် သူတို့သည် ဆန်းကြယ်သော ကျောက်တိုင်တစ်ခုကို တွေ့ရှိခဲ့ကြသည်။
ထိုဆန်းကြယ်သော ကျောက်တိုင်ကို သုတေသနပြုပြီးနောက်တွင် ထိုကျောက်တိုင်သည် အင်မော်တယ်ကျောက်တိုင်တစ်ခု ဖြစ်ပြီး ထိုအထဲတွင် အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်ရန် အတွက် လျှို့ဝှက်ချက်များ ပါဝင်နိုင်ခြေ အလွန်များကြောင်း သူတို့ တွေ့ရှိခဲ့ကြသည်။
သို့သော်လည်း သူတို့စကြဝဠာရှိ ကျင့်ကြံသူများသည် အင်မော်တယ်ကျောက်တိုင် အတွက် တိုက်ပွဲဝင်နေကြစဥ် မတော်တဆဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ပြီး ဤအင်မော်တယ်ကျောက်တိုင်သည် နတ်ဘုရားနယ်မြေ စကြဝဠာအတွင်းသို့ ကျရောက်သွားခဲ့သည်။
ဤသို့ဖြင့် အင်မော်တယ်ကျောက်တိုင် အတွက် သူတို့သည် နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ကြခြင်း ဖြစ်သည်။
ထိုတိုက်ပွဲတွင် သူတို့သည် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည့်တိုင် အင်မော်တယ် ကျောက်တိုင်၏ သဲလွန်စကိုပင် ရှာမတွေ့ခဲ့ကြပေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကို နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူတစ်ဦး၏ လက်ထဲတွင် မထင်မှတ်ဘဲ မြင်တွေ့ရလိမ့်မည်ဟု သွေးရောင်အရိုးစု ထင်မှတ်မထားခဲ့ပေ။
သွေးရောင်အရိုးစု၏ မယုံကြည်နိုင်သော ရေရွတ်သံသည် သူ၏ စိတ်နှလုံးထဲရှိ အံ့ဩထိတ်လန့်မှုကို ဖော်ပြနေခဲ့သည်။
ဤမဟာနဂါးကျောက်တိုင်ကို သွေးရောင်အရိုးစုသည် အင်မော်တယ် ကျောက်တိုင်ဟု အမှန်တကယ်ပင် ခေါ်ဝေါ်နေခဲ့သည်။
မဟာနဂါးကျောက်တိုင်တွင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် ကဲ့သို့ အင်မော်တယ်ကျင့်စဥ် ရှိနေခြင်းကြောင့် ၎င်းကို အင်မော်တယ်ကျောက်တိုင်ဟု ခေါ်ဆိုခြင်းသည် အမှန်တကယ်ပင် သင့်လျော်လှ၏။
သွေးရောင်အရိုးစု၏ စကားအရ ထိုစဥ်က အင်မော်တယ်ကျင့်ကြံသူများသည် သူ၏ လက်ထဲရှိ အင်မော်တယ်ကျောက်တိုင် အတွက် ပြင်ပစကြဝဠာကနေ နတ်ဘုရားနယ်မြေသို့ ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။
ပြင်ပစကြဝဠာ အနေဖြင့် မည်သည့် ပေးဆပ်မှုမျိုးကိုမဆို ပြုလုပ်ပြီး အင်မော်တယ် ကျောက်တိုင်ကို ရယူလိုနေကြသည်မှာ အင်မော်တယ်ကျောက်တိုင် အတွင်းရှိ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကြောင့် ဖြစ်နိုင်ပါသလော။
“စီနီယာနန်းတော်ဝိညာဥ်.. သူတော်စင်နဂါးဘုရင်က ဒီမဟာနဂါးကျောက်တိုင်ကို ဘယ်လိုရခဲ့တာလဲ”
ကျန်းချန်က နန်းတော်ဝိညာဥ်ကို မေးခွန်းထုတ်လိုက်သည်။
မဟာနဂါးကျောက်တိုင်ကို သူတော်စင်နဂါးဘုရင်သည် ရှေးဟောင်းစစ်မြေပြင်ရှိ သန်မာသော အင်မော်တယ်ကျင့်ကြံသူတစ်ဦးထံမှ ကောက်ယူရရှိခဲ့သည်ဟု မူလက သူထင်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ မဟာနဂါးကျောက်တိုင်၏ မြစ်ဖျားခံရာသည် သူစိတ်ကူးထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေပုံရ၏။
မဟာနဂါးကျောက်တိုင်သာ ပြင်ပစကြဝဠာရှိ အင်မော်တယ်ကျင့်ကြံသူများ၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့လျှင် ၎င်းအတွက် နတ်ဘုရားနယ်မြေကို ကျူးကျော်ရန် စစ်ပွဲတစ်ပွဲကို အဘယ်ကြောင့် ဖန်တီးနေရဦးမည်နည်း။
“အဲဒီတုန်းက ငါ့သခင်က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရဲ့ တောင်တန်းတစ်ခုမှာ ရှေးဟောင်း သားရဲတစ်ကောင်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ငါကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်.. ငါနိုးလာတဲ့အချိန်မှာတော့ ငါ့ရဲ့သခင်က ရှေးဟောင်း စစ်မြေပြင်ကို ရောက်နေခဲ့ပြီး မဟာနဂါးကျောက်တိုင်ကိုလည်း ရရှိထားခဲ့ပြီ”
နန်းတော်ဝိညာဥ်က ထိုစကားကို ပြောပြီးနောက်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
နန်းတော်ဝိညာဥ်၏ စကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့၏။
ဤမဟာနဂါးကျောက်တိုင်ကို အင်မော်တယ် ကျင့်ကြံသူများသည် အင်မော်တယ်ကျောက်တိုင်ဟု ခေါ်ဆိုခဲ့ကြသည်။
အင်မော်တယ်ကျောက်တိုင်ကို ရရှိရန်အတွက် ၎င်းတို့သည် နတ်ဘုရားနယ်မြေကိုပင် ကျူးကျော်ခဲ့ကြသော်လည်း အဆုံးသတ်တွင် ရှာမတွေ့နိုင်ခဲ့ကြပေ။
ထို့ကြောင့် သူတော်စင်နဂါးဘုရင် အနေဖြင့် မဟာနဂါးကျောက်တိုင်ကို ရရှိခဲ့သည်မှာ အလွန်တရာပင် ထူးခြားနေခဲ့၏။
အခန်း(၂၂၆၅)ပြီး၏။
အခန်း(၂၂၆၆)
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မစဥ်းစားတော့ပေ။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ပေတစ်သောင်း အမြင့်ရှိသော မဟာနဂါးကျောက်တိုင်ကို တိုက်ရိုက်ပင် လှုံ့ဆော်ကာ သွေးရောင်အရိုးစုကို ထပ်မံ ရိုက်ချလိုက်သည်။
သွေးရောင်အရိုးစုသည် အလွန်တရာ အစွမ်းထက်ရုံသာမက ၎င်း၏ ကျင့်ကြံခြင်း နည်းစနစ်သည်လည်း ဆန်းကြယ်လွန်း၏။
ထိုနည်းစနစ်သည် သက်ရှိလူသားများ၏ အသားနှင့် သွေးများကို အာဟာရအဖြစ် အလုံးစုံ မှီဝဲရခြင်း ဖြစ်သည်။
သွေးရောင်အရိုးစုကိုသာ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကနေ ထွက်သွားခွင့် ပေးလိုက်လျှင် နတ်ဘုရားနယ်မြေအတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။
ကောင်းကင်ယံကနေ သက်ဆင်းလာသော မဟာနဂါးကျောက်တိုင်ကို ကြည့်ရင်း သွေးရောင်အရိုးစု၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထိုစဥ်က တိုက်ပွဲတွင် နတ်ဘုရားနယ်မြေမှ အသန်မာဆုံးပုဂ္ဂိုလ်သည် အနှိုင်းမဲ့သတ်ဖြတ်ခြင်း အစီအရင်ကို တည်ဆောက်ခဲ့ရာ နှစ်ဖက်စလုံးမှ အသန်မာဆုံး ကျင့်ကြံသူ အားလုံးနီးပါးသည် ထိုအစီအရင်အောက်တွင် ကျဆုံးခဲ့ရသည်။
သူက အသက်ကယ် နည်းလမ်းတချို့ကို အသုံးပြုခဲ့၍ ချက်ချင်း မသေဆုံးခဲ့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိကာ မကြာခင် သေဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
သူတို့၏ စကြဝဠာထဲတွင် ရှိစဥ်က နတ်ဆိုးတစ်ကောင်ကို လိုက်လံသတ်ဖြတ်ရင်း အလွန်ဆန်းကြယ်သော အလောင်းသန့်စင်ခြင်း မှော်အတတ်အား မှတ်တမ်းတင်ထားသည့် ကျမ်းတစ်စောင်ကို သူရရှိခဲ့ဖူးသည်။
ထို့ကြောင့် ယခုလို သေခါနီးဆဲဆဲ အချိန်တွင် အလောင်းသန့်စင်ခြင်း မှော်အတတ်ကို အသုံးပြုရန် သူဆုံးဖြတ်ချက်ချလိုက်သည်။
ဤသို့ဖြင့် နောက်ဆုံးကျန်ရှိနေသော ခွန်အားကို အသုံးပြုကာ သူ၏ မှတ်ဥာဏ်ကို အလောင်းအတွင်း၌ ပိတ်လှောင်လိုက်ပြီး ဤနေရာတွင် အစီအစဥ်တချို့ ပြုလုပ်ခဲ့တော့သည်။
သူ၏ အစီအစဥ်မှာ နတ်ဘုရားနယ်မြေရှိ မရေမတွက်နိုင်သော သက်ရှိ လူသားများ၏ အသားနှင့် သွေးများကို အသုံးပြုကာ အလောင်းကို အာဟာရ ဖြစ်စေ၍ မိမိကိုယ်ကိုယ် တစ်ဖန်ပြန်လည် မွေးဖွားလာစေရန် ဖြစ်၏။
ဤမျှ နှစ်ပေါင်းများစွာ အတွင်း နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ အသားနှင့်သွေး မည်မျှကို စုပ်ယူခဲ့မှန်းပင် သူကိုယ်တိုင် မသိတော့ပေ။
အဆုံးသတ်တွင် အလောင်းကနေ သူ၏ ပိတ်လှောင်ထားသောမှတ်ဥာဏ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး အလောင်းသန့်စင်ခြင်း မှော်အတတ်ကို ကျင့်ကြံနိုင်ခဲ့သည်။
အစပိုင်းတွင် အရာအားလုံးသည် အဆင်ပြေ ချောမွေ့နေခဲ့၏။
ဤတစ်ကြိမ် သွေးရောင်ကမ္ဘာ အတွင်းသို့ ဝင်ရောက်လာသူအားလုံးကို သူ၏ ကိုယ်ပိုင်အာဟာရ အဖြစ် စုပ်ယူနိုင်သရွေ့ အလောင်းသန့်စင်ခြင်း မှော်အတတ်သည် အောင်မြင်လိမ့်မည်ဖြစ်သည်။
ထိုအချိန်သို့ရောက်လျှင် သူ့အနေဖြင့် ခန္ဓာကိုယ်အသစ် တစ်ခုကို ရရှိရုံသာမက အင်မော်တယ် အလောင်းဧကရာဇ် တစ်ပါးလည်း ဖြစ်လာမည် ဖြစ်ရာ သူ၏ ခွန်အားသည် သူ၏ အထွတ်အထိပ် ကာလကထက်ပင် သုံးပုံတစ်ပုံခန့် ပိုမိုမြင့်မားလာနိုင်ဖွယ် ရှိသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် မတော်တဆမှု တစ်ခု ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ၏ အစီအစဥ်သည် သွေးရောင်ကမ္ဘာ အတွင်းသို့ ဝင်ရောက်လာသူ အားလုံးကို မဖြေရှင်းနိုင်ခဲ့သည့် အပြင် ကျင့်ကြံခြင်း၏ အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိနေသော သူ့ကိုပင် အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
သူ၏ လက်ရှိ ခွန်အားသည် နတ်ဘုရင် အဋ္ဌမအဆင့်နှင့် နဝမအဆင့် ကြားတွင် ရှိ၏။
အင်မော်တယ် ကျောက်တိုင်သည် အင်မော်တယ်ထံမှဆင်းသက်လာခြင်း ဖြစ်ပြီး သူ၏ အထွတ်အထိပ်ကာလ၌ပင် အလေးအနက် ထားခဲ့ရသည်။
သူ၏ ဆန့်ကျင်ဘက်မှ ကောင်လေးသည် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သော်လည်း ယင်းသည်ပင် အလွန်တရာ အစွမ်းထက်နေခဲ့ပြီဖြစ်၏။
အနည်းဆုံးတော့ သူ၏ လက်ရှိ အခြေအနေဖြင့် အင်မော်တယ်ကျောက်တိုင်ကို ရင်ဆိုင်နိုင်ရန် မသေချာပေ။
ရင်ဆိုင်နိုင်ခဲ့လျှင်ပင် ကြီးမားသော ပေးဆပ်မှုအား ပြုလုပ်ရလိမ့်မည်ကို သူစိုးရိမ်မိသည်။
“ကောင်လေး.. အင်မော်တယ်ကျောက်တိုင်ကို မင်းဆီမှာ တစ်ခဏလောက် ထားခဲ့မယ်.. မင်း ငါ့ကို စောင့်နေပါ.. တစ်နေ့နေ့ တစ်ချိန်ချိန် ဒီအင်မော်တယ်ကျောက်တိုင်ကို ငါကိုယ်တိုင် လာယူမယ်”
စကားဆုံးသည်နှင့် သွေးရောင်အရိုးစုသည် သွေးရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံသို့ တိုးဝင်၍ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“ဒီလူကို ငါမတားဆီးနိုင်ခဲ့ဘူးပဲ”
သွေးရောင်အရိုးစု ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ရင်း ကျန်းချန်သည် မဟာနဂါးကျောက်တိုင်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။
သူက မျက်မှောင်ကို ခပ်တင်းတင်း ကြုတ်ထားခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့် မဟာနဂါးကျောက်တိုင်ကို အသုံးပြုခြင်းသည် သွေးရောင်အရိုးစုကို ယှဥ်ပြိုင်ရန် လုံလောက်သော်လည်း သွေးရောင်အရိုးစု အမှန်တကယ် ထွက်ပြေးချင်သည်ဆိုလျှင် သူ့အနေဖြင့် ဘာမျှ မတတ်နိုင်ပေ။
ထို့အပြင် နတ်ဘုရင်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် မဟာနဂါး ကျောက်တိုင်ကို အသုံးပြုခြင်းသည် သူ၏ခွန်အားကို အလွန်အမင်း ကုန်ဆုံးစေကြောင်း တွေ့ရှိခဲ့သည်။
ယခုအခါ မဟာနဂါးကျောက်တိုင်ကို သုံးကြိမ် ဆက်တိုက် လှုံ့ဆော်ခဲ့ရာ သူ၏ အကန့်အသတ်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
အစောပိုင်းက ရိုက်ချက်သည် သူ၏ ခွန်အားရှိသမျှကို အသုံးပြု၍ မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း သွေးရောင်အရိုးစုကို သေစေလောက်သည်အထိ ထိခိုက်မှုမျိုး မဖြစ်စေခဲ့ပေ။
ရှင်းလင်းစွာဆိုရလျှင် သူ့အနေဖြင့် မဟာနဂါးကျောက်တိုင်ကို ထပ်မံ၍ လှုံ့ဆော်ခဲ့လျှင်ပင် သွေးရောင်အရိုးစုကို သတ်ဖြတ်နိုင်မည် မဟုတ်ချေ။
“ဒီက မိတ်ဆွေလေးက နတ်ကုန်းမြေတိုက်မှာ နာမည်ကျော်ကြားနေတဲ့ သခင်လေး ကျန်းချန် ဖြစ်မယ်ထင်တယ်.. တကယ်ကို နာမည်ကျော်ကြားသလောက် ထူးချွန်ပါပေတယ်.. ဒီနေ့ အသက်ကယ်ပေးခဲ့တဲ့ အတွက် မိတ်ဆွေလေးကို ကျေးဇူးတင်ပါတယ်”
ထိုအချိန်မှာပင် ကျန်းချန်၏ ကျောဘက်ကနေ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က လှည့်ကြည့်လိုက်ရာ သူ့ထံသို့ ဖြည်းညင်းစွာလျှောက်လာနေသော လော့ရှင်းဟယ်ကို တွေ့လိုက်ရသည်။
“စီနီယာလော့.. အားမနာပါနဲ့”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီးနောက်တွင် သက်ပြင်းချလိုက်သည်။
“သွေးရောင်အရိုးစုကို မဖျက်ဆီးလိုက်နိုင်တာ နှမြောစရာပဲ.. သူက နတ်ဘုရားနယ်မြေ အတွက် ကြောက်စရာကောင်းတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာမှာ သေချာတယ်”
“မိတ်ဆွေလေး မစိုးရိမ်ပါနဲ့.. ဒီအကြောင်းကို စစ်မိစ္ဆာမဟာမိတ်အဖွဲ့ဆီ ငါသတင်းပို့လိုက်ပါ့မယ်.. သူတို့က သွေးရောင်အရိုးစုကို အရေးယူပေးပါလိမ့်မယ်.. ဒီအဘိုးကြီးမှာ လုပ်စရာတွေ ကျန်နေသေးလို့ အရင်သွားခွင့်ပြုပါဦး.. မိတ်ဆွေလေး အချိန်ရခဲ့ရင် ကြယ်ကြွေနန်းတော် ဆီကို ဧည့်သည်တော် အဖြစ် ကြွလာခဲ့ပါဦး.. ဒီအဘိုးကြီးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ့မယ်”
လော့ရှင်းဟယ်က ကျန်းချန်ကို ဂါဝရပြုကာ နှုတ်ဆက်လိုက်ပြီးနောက်တွင် ကောင်းကင်ယံသို့ ခုန်တက်ကာ ပျောက်ကွယ်သွားခဲ့သည်။
လော့ရှင်းဟယ် ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် အောက်ဘက်ရှိ ချိုင့်ဝှမ်းသို့ အနည်းငယ် မျက်စိဝေ့ကြည့်လိုက်ရာ ချိုင့်ဝှမ်းထဲ၌ သွေးရောင်အရိုးစု အချို့ ကျန်ရှိနေသေးသည်ကို တွေ့ရှိခဲ့သည်။
သူက တွေဝေမနေတော့ဘဲ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းကာ သွေးရောင်အရိုးစု အားလုံးကို သတ်ဖြတ်ပစ်လိုက်တော့သည်။
သွေးရောင်အရိုးစုများကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် လဲ့လင်၏ ရှေ့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
“လဲ့လင် ငါတို့သွားကြစို့.. ငါ မင်းကို လူတစ်ယောက်နဲ့ တွေ့ပေးမယ်”
ထိုစကားကိုကြားလျှင် လဲ့လင်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဘယ်သူလဲ စီနီယာကျန်းချန်”
“သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေ၏ အပြင်ဘက်သို့ တိုက်ရိုက်ပင်ပျံသန်းသွားခဲ့သည်။
“ဒီကမ္ဘာပေါ်မှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အသက်ရှင်ကျန်ရစ်သူ ရှိသေးတယ်လား”
ကျန်းချန်၏ စကားကိုကြားလျှင် လဲ့လင်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩသေ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်က တိုက်ပွဲတွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။
ဤမျှ နှစ်ပေါင်းများစွာ အတွင်း သူတို့ ငွေတောင်ပံ မိုးကြိုးလင်းယုန်မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ပင်မမျိုးနွယ်စုဝင် ဖြစ်သည့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင် တစ်ဦး တစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ပင်မမျိုးနွယ်စု ဖြစ်သည့် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက အမြစ်ပြတ် ချေမှုန်းခြင်း ခံလိုက်ရပြီဟု သူတို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျန်းချန်၏ ပြောစကားအရဆိုလျှင် ဤကမ္ဘာပေါ်၌ ပင်မ မျိုးနွယ်စုများ အသက်ရှင်နေသေးပုံ ရ၏။
လဲ့လင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ကျန်းချန် နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ဦးက နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေကနေ တောက်လျှောက် ပျံသန်းလာခဲ့ကြပြီး သိပ်မကြာမီမှာပင် အပြင်ဘက်ရှိ နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့ ဆီသို့ ပြန်ရောက်လာခဲ့ကာ ဖုန်းယန်နှင့် တွေ့ခဲ့ကြသည်။
“အစ်ကိုကျန်းချန်.. ဒီတစ်ယောက်က..”
ကျန်းချန်၏ နံဘေးရှိ လဲ့လင်ကို ကြည့်ကာ ဖုန်းယန်၏ မျက်ဝန်းထဲတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန် စကားမပြောရသေးခင်မှာပင် လဲ့လင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ငါက ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုက လဲ့လင်ပါ.. မင်းက ပင်မမျိုးနွယ်စု ဖြစ်တဲ့ ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုကလား”
ထိုစကားကိုကြားလျှင် ဖုန်းယန်သည် မှင်တက်သွားခဲ့ပြီး ချက်ချင်းပင် အံ့အားသင့်သော အမူအရာဖြင့် မေးလိုက်သည်။
“မင်းက ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုဝင်လား.. မင်းတို့တွေ အခုအချိန်အထိ နတ်ကုန်းမြေတိုက်မှာ ရှိနေကြသေးတယ်လား”
ထိုစဥ်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု ရှုံးနိမ့်ပြီးနောက်တွင် လူအနည်းငယ်သာ နတ်ကုန်းမြေတိုက်ကနေ ထွက်ပြေးနိုင်ခဲ့ကြပြီး မျိုးနွယ်စုခွဲများ၏ အခြေအနေကို စဥ်းစားပေးရန်ပင် အချိန်မရခဲ့ပေ။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အကာအကွယ် မရှိဘဲ ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုအတွက် နတ်ကုန်းမြေတိုက်ပေါ်တွင် ရှင်သန်ရန် ခက်ခဲလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သည်။
သို့ရာတွင် ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ပေါ်တွင် ယခုအချိန်အထိ ရှိနေခဲ့သည်။
ယင်းမှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အတွက် သေချာပေါက် သတင်းကောင်းပင် မဟုတ်ပါလော။
လဲ့လင်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“အဲဒီအချိန်က စစ်ရှုံးပြီးတဲ့နောက်မှာ ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုက နေရပ်ကို စွန့်ခွာပြီး ပုန်းလျှိုးကွယ်လျှိုး နေခဲ့ကြရတယ်.. သိုသိုသိပ်သိပ် နေထိုင်ပြီး အပြင်လောကကို တစ်ခါမှ မထွက်ခဲ့ကြဘူး”
“ကောင်းပြီ.. ဒီအကြောင်းတွေကို နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့”
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ရုတ်တရက် ကြားဖြတ်ပြောဆိုလိုက်သည်။
ထို့နောက်တွင် ကျန်းချန်က ဖုန်းယန်ကိုကြည့်ကာ မေးလိုက်၏။
“ဖုန်းယန်.. ဟော်ထျန်းယန်နဲ့ ပတ်သက်တဲ့သတင်းရော ရပြီလား”
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် ဖုန်းယန်၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် မသာမယာဖြစ်သွားခဲ့သည်။
“အစ်ကိုကျန်းချန်.. ကျွန်တော် ဒီကိစ္စကို ဆွေးနွေးဖို့ အစ်ကိုကျန်းချန်ကို စောင့်နေတာပါ.. ညီနောင်ဟော်ထျန်းယန်က တောင်ပံနက် ခွန်ပန်မျိုးနွယ်စုရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီ.. ဆယ်ရက်အတွင်း သူတို့ဆီ လာအဖမ်းမခံရင် ညီနောင် ထျန်းယန်ကို သတ်ပစ်မယ်လို့ တောင်ပံနက် ခွန်ပန်မျိုးနွယ်စုက သတင်းလွှင့်ထားတယ်”
အခန်း(၂၂၆၆)ပြီး၏။