အခန်း (၂၂၆၉-၂၂၇၀)
Vol. 167 Ch. 2269-2270
အခန်း(၂၂၆၉)
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းဝင် နတ်ဘုရင်အဆင့် ပါရမီရှင် တစ်ဦးချင်းစီသည် အလွန်ထူးခြားသော ပါရမီနှင့် အနှိုင်းမဲ့စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။
သူ့ရှေ့မှလူငယ်၏ ခွန်အား အစစ်အမှန်ကို သူမမြင်နိုင်သော်လည်း ထိုလူငယ်ထံကနေ အန္တရာယ်ရှိသော အငွေ့အသက်တစ်ခုကို ပင်ကိုဗီဇအရ ခံစားမိနေခဲ့၏။
သူ့ကို အန္တရာယ်ရှိသည်ဟု ခံစားရအောင် လုပ်ဆောင်နိုင်သူသည် အနည်းဆုံး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်သီး ဆယ်ယောက်စာရင်းဝင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုကဲ့သို့ ပါရမီရှင်သည် ကိုယ်တိုင် အစွမ်းထက်ရုံသာမက ၎င်းတို့၏ နောက်ကွယ်မှ အင်အားစုများသည်လည်း တောင်ပံနက်ခွန်ပန်မျိုးနွယ်စု အလွယ်တကူ ရန်စ၍ ရနိုင်သော အင်အားစုများ မဟုတ်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မင်းတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ငါ့ရဲ့မိတ်ဆွေကို ဖမ်းထားမှတော့ ငါက ဘာလို့ မလာဘဲ နေရမှာလဲ”
“ယိုချွမ်.. ဒီကောင်နဲ့ စကားများမနေနဲ့တော့.. သူ့ဘေးက တစ်ယောက်က ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုရဲ့အကြွင်းအကျန်ပဲ.. ဒီကောင်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်”
ထိုအခိုက်အတန့်တွင် ယိုယွဲ့နတ်ဘုရင်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ရိုက်ပင် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် အနက်ရောင်ဝတ် အဘိုးအို၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု ဖျက်ဆီးခဲ့စဥ်က တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ မျိုးနွယ်စုသုံးစုထဲမှာ တစ်စုအနေဖြင့် သဘာဝကျစွာပင် ပါဝင်ခဲ့သည်။
ဤနောက်ပိုင်းတွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ပိုင်ဆိုင်သော နယ်မြေကို သိမ်းပိုက်ခဲ့သည်။
ထို့ကြောင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုနှင့် သူတို့ကြားတွင် မပြေလည်နိုင်သော ရန်ငြိုးရန်စများ ရှိနေခဲ့၏။
သို့ဖြစ်ရာ ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ အကြွင်းအကျန်များကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စု အနေဖြင့် အလွယ်တကူ အလွှတ်ပေးနိုင်မည် မဟုတ်ပေ။
အနက်ရောင်ဝတ် အဘိုးအိုက ဖုန်းယန်ကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။
“မင်းက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင် မဟုတ်ဘဲ ဘာလို့ သူတို့နဲ့အတူရှိနေရတာလဲ”
“ငါ့ဘာသာ ဘယ်သူနဲ့ပဲ အတူရှိရှိ မင်းအလုပ်မဟုတ်ဘူး”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်စက်မျက်နှာထားဖြင့် ရပ်နေခဲ့သည်။
“ဒီနေ့ ငါရောက်လာတာက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ပိုင်ဆိုင်ခဲ့တဲ့နယ်မြေကို ပြန်ယူပေးမလို့ပဲ”
ကျန်းချန်၏ စကားကိုကြားလျှင် အနက်ရောင်ဝတ် အဘိုးအို၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။
“မင်းတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ဒီနေရာကို သိမ်းပိုက်ထားတာ ကြာပြီဆိုတော့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဆီ ပြန်ပေးရမဲ့ အချိန်ရောက်ပြီ”
“မင်းက တကယ်ပဲ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုအတွက် ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုနဲ့ ရန်သူဖြစ်ချင်တာလား”
“ရန်သူဖြစ်တော့ရော ဘာဖြစ်လဲ”
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“ဒီနေ့ မင်းတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှာ ရွေးချယ်စရာနှစ်လမ်းပဲရှိတယ်.. တစ်လမ်းက ငါ့ရဲ့ရှေ့ကနေ အခုချက်ချင်း ထွက်သွားဖို့ပဲ နောက်တစ်လမ်းက ငါ့ရဲ့ ချေမှုန်းခြင်းကို ခံယူဖို့ပဲ”
“လေလုံးထွားလှချည်လား ကောင်လေး.. မင်းက ငါတို့တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှာတောင် လာပြီး ရမ်းကားရဲတယ် ဆိုတော့ မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိသလဲဆိုတာ ငါကြည့်ချင်သေးတယ်”
တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဘိုးဘေးများထဲမှ နတ်ဘုရင် တတိယအဆင့် ရှိသည့် သန်မာထွားကျိုင်းသော ကျင့်ကြံသူတစ်ယောက်သည် ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် နတ်ဘုရင် တတိယအဆင့် စွမ်းအားကို လှုံ့ဆော်ကာ သူ၏ ကျောဘက်တွင် ရွှေရောင် တောင်ပံတစ်စုံကို ပေါ်ပေါက်လာစေခဲ့၏။
တောင်ပံများကို ကျောဘက်တွင် ဖြန့်ကားထားသော သူ၏ပုံရိပ်သည် လေထုထဲတွင် ရွှေရောင်သက်တန့် တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။
“ယိုခိုင် သတိထား..”
ထိုမြင်ကွင်းကိုမြင်လျှင် အနက်ရောင်ဝတ်စုံအဘိုးအို ယိုချွမ်သည် အလျင်အမြန်ပင် သတိပေးလိုက်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူကိုယ်တိုင်ပင်လျှင် အတိုင်းအတာတစ်ခု အထိ စိုးရိမ်ရသော တည်ရှိမှုမျိုး ဖြစ်သည်။
ထို့ကြောင့် ယိုခိုင်၏ နတ်ဘုရင်တတိယအဆင့် ခွန်အားများဖြင့် ထိုလူငယ်၏ ပြိုင်ဘက် မဖြစ်နိုင်မည်ကို သူစိုးရိမ်နေမိ၏။
“သွားသေလိုက်စမ်း”
သူ့ဆီသို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ကို ထုတ်ဖော်ကာ ပြေးဝင်လာသော ယိုခိုင်ကို မြင်လျှင် ကျန်းချန်သည် အေးစက်စက် ကြုံးဝါးလိုက်ပြီး လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
သူ၏ ကြောက်မက်ဖွယ် စွမ်းအားများသည် လေထုကို ချက်ချင်းဆိုသလိုပင် တုန်ခါသွားစေခဲ့သည်။
ယင်းနောက်တွင် တောက်ပသော လက်သီးစွမ်းအားသည် နဂါးတစ်ကောင် ကဲ့သို့ ပျံသန်းသွားခဲ့ပြီး ယိုခိုင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။
ကျန်းချန်၏ လက်သီးချက်အောက်တွင် နတ်ဘုရင်တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယိုခိုင်သည် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
လျှပ်စီးအလင်းတန်း ကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ပျံသန်းလာသော သူ၏ ပုံရိပ်သည် ကြီးမားလှသော တူတစ်လက်ဖြင့် အထုခံလိုက်ရသကဲ့သို့ လေထဲတွင် ရပ်တန့်သွားခဲ့သည်။
မကြာမီမှာပင် လေထုထဲတွင် ကျိုးပဲ့သံ နှစ်သံ ထွက်ပေါ်လာခဲ့သည်။
ယိုခိုင်၏ ရွှေရောင်တောင်ပံ နှစ်ဖက်သည် လေထဲတွင် ချက်ချင်းဆိုသလို ကျိုးပဲ့သွားခဲ့ပြီး ရွှေရောင်သွေးများက မြင်မကောင်းအောင် ပန်းထွက်လာခဲ့ကာ ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ယိုချွမ်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး နောက်ပြန် လွင့်စင်သွားသော ယိုခိုင်ကို ဆီးဖမ်းလိုက်သည်။
ယိုခိုင်၏ ဆိုးရွားသော အခြေအနေကို မြင်လိုက်ရလျှင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ ကျန်နတ်ဘုရင် အားလုံးသည် အေးစက်သော လေထုကို ရှူရှိုက်မိလိုက်ကြသည်။
တစ်ချိန်က ခန့်ညားပြီး အရပ်ရှည်သော နတ်ဘုရင် ယိုခိုင်သည် ယခုအခါတွင် ရင်ဘတ်က ချိုင့်ဝင်နေခဲ့ပြီး အရိုးများ ကျိုးပဲ့ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေရုံသာမက ရွှေရောင်သွေးများသည်လည်း စမ်းချောင်းကဲ့သို့ပင် စီးကျနေခဲ့သည်။
ဆိုရလျှင် ယိုခိုင်၏ အသက်သည် တစ်ဝက်မျှပင် မကျန်ရှိတော့ပေ။
ထိုကောင်လေးသည် လက်သီးချက် တစ်ချက်တည်းဖြင့်ပင် နတ်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယိုခိုင်ကို သေလုနီးပါး အခြေအနေအထိ လုပ်ဆောင်နိုင်ခဲ့၏။
သာမန် နတ်ဘုရင် စတုတ္ထအဆင့်သည် ဤမျှအထိ အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
“ဒီကောင်က အရမ်းအစွမ်းထက်တယ်.. အားလုံးပဲ အတူတူတိုက်ခိုက်စို့”
“ဝုန်း..”
နတ်ဘုရင်လေးပါး၏ အရှိန်အဝါသည် ကျင်းယန်တောင်၏ အထက် ကောင်းကင်ယံတွင် တစ်ချိန်တည်းနီးပါး ပေါက်ကွဲထွက်လာခဲ့သည်။
နတ်ဘုရင်ယိုချွမ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ယိုယွဲ့ နတ်ဘုရင် အပါအဝင် အခြားသော နတ်ဘုရင်သုံးပါးနှင့် အတူ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများသည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းမိုးထားသဖြင့် ကျင်းယန်တောင်၏ အထက်ကောင်းကင်ယံသည် ပရမ်းပတာ ဖြစ်နေခဲ့သည်။
နတ်ဘုရင်လေးပါးက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်ကို မြင်သော်လည်း ကျန်းချန်၏ အမူအရာသည် အပြောင်းအလဲ မရှိခဲ့ပေ။
ကျန်းချန်က နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ် စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလွန်တရာ အစွမ်းထက်သော ဓားစွမ်းအင် အကာအကွယ်အလွှာ တစ်ခုကို ဖန်တီးလိုက်သည်။
တောင်ပံနက်ခွန်ပန်မျိုးနွယ်စုမှ နတ်ဘုရင်လေးပါး၏ တိုက်ခိုက်မှု စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဓားစွမ်းအင် အကာအကွယ်အလွှာကို မထိုးဖောက်နိုင်ခဲ့ပေ။
“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”
ကျန်းချန်က ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်း၍ လူသားအဖြစ်ပြောင်းလဲစေသော ဓားချက်ကို ထုတ်ဖော်လိုက်သည်။
မမြင်နိုင်သော ဓားအလင်းသည် အရာအားလုံးကို ထိုးဖောက်သွားခဲ့ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ နတ်ဘုရင်လေးပါး၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ နတ်ဘုရင်လေးပါး၏ အရှိန်အဝါများသည် ပြိုကျသွားသော တောင်တန်းကဲ့သို့ အောက်ဘက်ကို ထိုးဆင်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရင်ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယိုချွမ်မှ လွဲ၍ ကျန်ရှိသော ယိုယွဲ့ အပါအဝင် နတ်ဘုရင်သုံးပါးစလုံး၏ အရှိန်အဝါသည် နတ်ဘုရင်အဆင့်ကနေ နယ်မြေနတ်ဘုရား အဆင့်အထိ တစ်သက်စာအတွက် ကျဆင်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
သူတို့ရှေ့မှ ကောင်လေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
ထိုကောင်လေး၏ သာမန်ဟု ထင်ရသော ဓားချက်တစ်ချက်သည်ပင် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို များစွာ ဖြတ်တောက်နိုင်ခဲ့၏။
ထိုဓားကွက်သည် စိတ်ကူးယဥ်ရန်ပင် မဖြစ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
“မင်း မင်းဘယ်သူလဲ.. ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက ကောင်းကင်ခွန်ပန်မျိုးနွယ်စုရဲ့ မျိုးနွယ်စု သုံးစုထဲက တစ်စုပဲ.. ဒါ့အပြင် ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှာ နတ်ဘုရင်သတ္တမအဆင့် ဘိုးဘေးတစ်ပါးလည်း ရှိသေးတယ်.. ဒီနေ့ ငါတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ထိပါးရဲရင် ငါတို့ရဲ့ဘိုးဘေးနဲ့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက မင်းကို သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး”
နတ်ဘုရင်ယိုချွမ်က ဖြူဖျော့သော မျက်နှာဖြင့် ကျန်းချန်ကို စိုက်ကြည့်ကာ ထိတ်လန့်တကြား ပြောလိုက်သည်။
နတ်ဘုရင်ယိုချွမ်သည် မူလကတည်းကပင် ကျန်းချန်၏ စွမ်းအားကို ခံစားမိသော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူတို့ နတ်ဘုရင်လေးပါး ပူးပေါင်းတိုက်ခိုက်ခဲ့သည့်တိုင် ထိုကောင်လေး၏ ရှေ့တွင် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။
“ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုလား.. ငါသူတို့ကို ဒီနေရာကပဲ စောင့်နေလိုက်မယ်”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ဓားစွမ်းအင်များသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး ဓားကွန်ရက်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ယိုချွမ်အပါအဝင် နတ်ဘုရင်အားလုံးကို လွှမ်းခြုံလိုက်သည်။
ယိုချွမ်တို့ နတ်ဘုရင်များက ဝိညာဥ်လွင့်မတတ် ထိတ်လန့်သွားခဲ့ကြပြီး သူတို့၏ ခွန်အားရှိသမျှကို အသုံးပြုကာ ဓားကွန်ရက် အတွင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။
သူတို့သည် သူတို့၏ အထွတ်အထိပ် အခြေအနေမှာပင် ကျန်းချန်ကို မယှဥ်နိုင်ခဲ့ကြပေ။
ယခုအခါတွင် ကျန်းချန်၏ လူသားအဖြစ် ပြောင်းလဲစေသော ဓားချက်ကြောင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်က များစွာ ဖြတ်တောက်ခံထားရသည် ဖြစ်ရာ ကျန်းချန်၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လာမှုကို မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။
တစ်ခဏအတွင်းမှာပင် ယိုချွမ် အပါအဝင် နတ်ဘုရင်အားလုံး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်များသည် ဓားကွန်ရက်၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ကျင်းယန်တောင်၏ အထက် ကောင်းကင်ယံတွင် ၎င်းတို့၏ နာကျင်စွာ အော်ဟစ်သံများသာ ပဲ့တင်ထပ်၍ ကျန်ရစ်ခဲ့သည်။
ဤသို့ဖြင့်ပင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ နတ်ဘုရင် အဆင့် ဘိုးဘေးငါးပါးသည် ကျန်းချန်၏ လက်ချက်ဖြင့် ဇာတ်သိမ်းသွားခဲ့တော့သည်။
အခန်း(၂၂၆၉)ပြီး၏။
အခန်း(၂၂၇၀)
“ဒါ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကျန်းချန်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားသော ယိုဝူလင်းသည် ကြောက်ရွံ့မှင်တက်စွာဖြင့် ကြည့်နေခဲ့သည်။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ မရေမတွက်နိုင်သော တပည့်များနှင့် အကြီးအကဲ အားလုံးသည်လည်း မျက်နှာများဖြူဖျော့နေကြပြီး အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေခဲ့ကြသည်။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဘိုးဘေးငါးပါးစလုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သော်လည်း အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ဆိုရလျှင် ယနေ့တွင် သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် လုံးဝ ဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်သည်။
“အားလုံးပဲ ထွက်ပြေးကြတော့.. ပင်မမျိုးနွယ်စုဖြစ်တဲ့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုဆီ သွားပြီး အကူအညီတောင်းကြပါ”
တောင်ပံနက်ခွန်ပန်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကျင်းယန်တောင်ကနေ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် အခြားသော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဝင်များသည်လည်း ထိတ်လန့်တကြားဖြင့် ထွက်ပြေးသွားကြ၏။
“အစ်ကိုကျန်းချန်က တကယ်ကို အစွမ်းထက်တာပဲ”
ဖုန်းယန်သည် သူ၏ရှေ့မှ အခြေအနေကို မှင်တက်စွာ ကြည့်နေခဲ့သည်။
သူက အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့ပြီး စိတ်သက်သာရာ ရသွားခဲ့၏။
ကျန်းချန်က အလွန်ထူးချွန်သော ပါရမီရှင် ဖြစ်မှန်း သူသိထား၏။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေမှ ထွက်လာချိန်တွင် ကျန်းချန်သည် သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့်ကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးအကြိမ်က ကျန်းချန်သည် ကျန်းဝူကောင်းကင်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တစ်ကိုယ်တော်စွမ်းရည်ဖြင့် ကျန်းဝူနတ်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ခွန်အားက ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ဖုန်းယန် မထင်ထားခဲ့ပေ။
ကျန်းချန်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ နတ်ဘုရင်အဆင့် ဘိုးဘေး ငါးပါးစလုံးကို သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် ဖုန်းယန်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ကျန်းချန်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့် နှိမ်နင်းနိုင်ခဲ့သောကြောင့် ကျန်းချန်၏ ခွန်အားကို ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု ပင်လျှင် အထင်သေးရဲတော့မည် မဟုတ်ပေ။
ကျန်းချန်၏ အကူအညီဖြင့်သာ ဆိုလျှင် သူတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် သူတို့၏ နယ်မြေကို အမှန်တကယ် ပြန်လည်ရရှိပြီး နတ်ကုန်းမြေတိုက် ဆီသို့ သေချာပေါက် ပြန်လာနိုင်ပေလိမ့်မည်။
ယင်းအချိန်မှာပင် ကျင်းယန်တောင်၏ အပြင်ဘက်တွင် ထူးခြားသော အရှိန်အဝါများရှိသည့် ကျင့်ကြံသူ ရာချီခန့်သည် ကျင်းယန်တောင်ဘက်သို့ ဦးတည်၍ လာနေခဲ့ကြသည်။
ထိုလူအုပ်ကြီး၏ ခေါင်းဆောင်ဖြစ်သူမှာ ငွေတောင်ပံမိုးကြိုးလင်းယုန် မျိုးနွယ်စုမှ လဲ့လင် ဖြစ်သည်။
“အားလုံးပဲ ငါနဲ့အတူ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ နယ်မြေကို ပြန်ယူကြစို့”
လဲ့လင်က အမိန့်ပေးလိုက်သည်နှင့် ငွေတောင်ပံမိုးကြိုးလင်းယုန် မျိုးနွယ်စုမှ လက်ရွေးစင် အဖွဲ့ဝင် ရာပေါင်းများစွာသည် ထိတ်လန့်တကြား ထွက်ပြေးနေကြသော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဝင်များကို တိုက်ခိုက်လိုက်တော့သည်။
ယခုအခါတွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ကျန်းချန်က သူတို့၏ နတ်ဘုရင်အဆင့် ဘိုးဘေးငါးပါးကို သတ်ဖြတ်လိုက်သောကြောင့် အလွန်အမင်း ကြောက်လန့် တုန်လှုပ်နေခဲ့သည်။
ထို့ကြောင့် ယခုလို ငွေတောင်ပံမိုးကြိုးလင်းယုန် မျိုးနွယ်စု၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် တိုက်ခိုက်လိုစိတ်များပင် ကုန်ဆုံးနေခဲ့ကြ၏။
အများစုသည် ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စု၏ လက်ထဲတွင် သေကြေပျက်စီးသွားခဲ့ကြပြီး လူနည်းစုမျှသာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာခန့် အချိန်မပြည့်မီမှာပင် ကျန်းယန်တောင်ပေါ်တွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဝင် တစ်ဦးတစ်ယောက်မျှ မကျန်ရှိတော့ပေ။
“တစ်နေ့မှာ ကျင်းယန်တောင်ကို ပြန်လာနိုင်ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ပိုင်ဆိုင်တဲ့ နယ်မြေကို ပြန်ယူနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး”
သူ့ရှေ့မှ အခြေအနေကို ကြည့်ရင်း ဖုန်းယန်သည် အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေရသည်။
ထိုအချိန်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ချေမှုန်းခြင်းကို ခံခဲ့ရပြီး အင်အား ဆယ်ပုံတစ်ပုံမျှပင် မကျန်ရှိတော့ဘဲ လူအနည်းစုမျှသာ ကျန်းဝူကောင်းကင်နယ်မြေသို့ ထွက်ပြေး လွတ်မြောက်ခဲ့သည်။
အလွန်တရာအစွမ်းထက်သော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုနှင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုဖြင့် ရင်ဆိုင်နေရသောကြောင့် ဖုန်းယန်သည် သူတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အနေဖြင့် နတ်ကုန်းမြေတိုက်ကို ပြန်လည် ခြေချကာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ပိုင်ဆိုင်သမျှကို ပြန်လည်ရယူရန် မျှော်လင့်ချက် မရှိတော့ဟု မူလက ထင်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန် ပေါ်ထွက်လာပြီးနောက်တွင် အရာအားလုံးသည် ပြောင်းလဲသွားခဲ့၏။
ကျန်းချန်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေကနေ အမွေအနှစ်များ ရရှိအောင် အကူအညီပေးခဲ့ပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ပြန်လည်ထွန်းတောက်လာနိုင်စေရန် မျှော်လင့်ချက် ပေးခဲ့သည်။
ယခုတစ်ခေါက်တွင်လည်း ကျန်းချန်သည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို တစ်ကိုယ်တော် စွမ်းရည်ဖြင့် အနိုင်ယူကာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို ပြန်လည် သိမ်းပိုက်ပေးခဲ့သည်။
ဖုန်းယန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန်ပင် ကျေးဇူးတင်စကား ပြောလိုက်သည်။
“အစ်ကိုကျန်းချန်.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အပေါ်မှာထားရှိတဲ့ အစ်ကိုကျန်းချန်ရဲ့ ကျေးဇူးတရားတွေအတွက် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်”
“အားနာမနေပါနဲ့”
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြုံး၍ ပြောလိုက်သည်။
“မင်းတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို စောင့်ရှောက်ပေးမယ်လို့ မင်းတို့ရဲ့ ဘိုးဘေးကို ငါကတိပေးခဲ့ပြီးသားပဲ.. ငါ ကတိပေးခဲ့အတိုင်း ငါတည်မှာပါ”
“အစ်ကိုကျန်းချန်.. တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို နှိမ်နင်းလိုက်နိုင်ပေမဲ့ လူတချို့တော့ လွတ်မြောက်သွားခဲ့ကြတယ်.. ဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေကို သိပ်မကြာခင်မှာ ကောင်းကင်ခွန်ပန် မျိုးနွယ်စု သိသွားမှာ ကျွန်တော် စိုးရိမ်မိတယ်”
ထိုအခိုက်အတန့်တွင် လဲ့လင်သည် ကျန်းချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်က ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ရပါတယ်.. ကောင်းကင်ခွန်ပန်မျိုးနွယ်စု သိသွားလို့လည်း ဘာပြဿနာမှ မရှိဘူး”
သူက တောင်ပံနက်ခွန်ပန် မျိုးနွယ်စု အပေါ် လုပ်ဆောင်ခဲ့သမျှကို ကောင်းကင်ခွန်ပန် မျိုးနွယ်စုအား ဖုံးကွယ်ရန် ဘယ်သောအခါမှ မစဥ်းစားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ကောင်းကင်ခွန်ပန် မျိုးနွယ်စု၏ မျိုးနွယ်စုခွဲ သုံးစုထဲမှ တစ်စုဖြစ်နေ၍ပင်။
သူ့အနေဖြင့် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို အနိုင်ယူပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ပေါ်တွင် ပြန်လည် အခြေချနိုင်ရန် အကူအညီ ပေးလိုလျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် မလွဲမသွေ ရင်ဆိုင်ရလိမ့်မည်သာ ဖြစ်သည်။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက သူ့အပေါ်တွင် အတိုင်းအတာ တစ်ခု အထိ ကြောက်ရွံ့နေမှသာ ၎င်းတို့က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုအပေါ်တွင် အလွယ်တကူ မလှုပ်ရှားရဲမည် မဟုတ်ပါလော။
“အစ်ကိုကျန်းချန်.. ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုမှာ မျိုးနွယ်စု သုံးစုရှိတယ်.. အဲဒါတွေက ပင်မမျိုးနွယ်စု ဖြစ်တဲ့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၊ မီးလျှံခွန်ပန် မျိုးနွယ်စုနဲ့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုတို့ပဲ.. ဒီမျိုးနွယ်စု သုံးစု စလုံးမှာ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးတစ်ဦးစီ ရှိကြပြီး သူတို့တွေက ပင်မမျိုးနွယ်စုဖြစ်တဲ့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှာပဲ နေထိုင်ကြလေ့ရှိတယ်.. ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင် ကျန်းယန်တောင်ကို နောက်ထပ် ရောက်လာမဲ့သူက တောင်ပံနက် ခွန်ပန်မျိုးနွယ်စုရဲ့ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေး ယိုဖိုထျန်းပဲ ဖြစ်လိမ့်မယ်.. ဖျက်ဆီးခြင်းနတ်ဘုရင်လို့ လူသိများတဲ့ ယိုဖိုထျန်းက အသန်မာဆုံး နတ်ဘုရင်စာရင်းမှာ အဆင့် ၈၅ နေရာမှာ ရှိတဲ့ ကျင့်ကြံသူ တစ်ဦးပဲ”
လဲ့လင်က ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။
ကျန်းချန်က တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ နတ်ဘုရင်အဆင့်ဘိုးဘေးငါးဦးကို တစ်ဦးတည်းဖြင့် နှိမ်နင်းကာ သူတို့အတွက် ကျန်းယန်တောင်ကို ပြန်လည် ရယူပေးနိုင်ခဲ့သည်။
သို့သော်လည်း ကျင်းယန်တောင်တွင် အမှန်တကယ် အခြေချနိုင်ရန်မှာ ကျန်းချန်နှင့် ယိုဖိုထျန်း တို့ကြားမှ တိုက်ပွဲကို စောင့်ကြည့်ရဦးမည် ဖြစ်၏။
ယိုဖိုထျန်းကို အနိုင်ယူနိုင်မှသာလျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ကြောက်ရွံ့သွားမည် ဖြစ်ပြီး သူတို့ကို အလွယ်တကူ ဘာမှ လုပ်ဆောင်ရဲတော့မည် မဟုတ်ပေ။
“စိတ်မပူပါနဲ့.. ဒီရက်ပိုင်းအတွင်း ငါကျင်းယန်တောင်မှာပဲ ရှိနေမှာပါ”
ကျန်းချန်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
“တကယ်လို့ ယိုဖိုထျန်း ကျင်းယန်တောင်ကို လာရဲရင် ပြန်လမ်းမရှိအောင် လုပ်ပေးလိုက်မယ်”
ယိုဖိုထျန်းသည် အသန်မာဆုံး နတ်ဘုရင်စာရင်းတွင် အဆင့်၈၅ နေရာတွင် ရှိ၍ ကြယ်ကြွေနန်းတော်မှ လော့ရှင်းဟယ်ထက် အနည်းငယ်မျှသာ ပို၍ အစွမ်းထက်သူ ဖြစ်သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ယိုဖိုထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် လုံးဝ လုံလောက်မှု ရှိ၏။
မဟာနဂါးကျောက်တိုင် ကဲ့သို့ သန္ဓေတာအိုနတ်လက်နက်နှင့်ပင် နှိုင်းယှဥ်နိုင်သော လက်နက်ကို ထုတ်သုံးလိုက်လျှင် ယိုဖိုထျန်းကို သတ်ပစ်ရန် ဆိုသည်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။
“လဲ့လင်.. ငါ ကျန်းဝူကောင်းကင်နယ်မြေကို ပြန်သွားပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ဆီ ပြန်ခေါ်လာခဲ့မယ်”
ဖုန်းယန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လဲ့လင်ကိုကြည့်ကာ ပြောလိုက်သည်။
“မင်းက ကျင်းယန်တောင်ကို ရှင်းလင်းရေးလုပ်ဖို့ တာဝန်ယူလိုက်ပါ.. ဒါ့အပြင် ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုလည်း ကျင်းယန်တောင်ဆီ ပြောင်းလာတာ အကောင်းဆုံးပဲ.. နတ်ကုန်းမြေတိုက်မှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အခြေချနိုင်ဖို့ အတွက် အားလုံး ပူးပေါင်းဖို့ လိုအပ်နေတယ်”
“ကောင်းပါပြီ”
လဲ့လင်က မဆိုင်းမတွပင် ခေါင်းညိတ်လိုက်သည်။
ဤနှစ်ပေါင်းများစွာ အတွင်း ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်တွင် ကြွက်တစ်ကောင်ကဲ့သို့ အမြဲ ပုန်းအောင်းနေခဲ့ရပြီး အပြင်လောကကို အလွယ်တကူ မထွက်ရဲခဲ့ကြပေ။
ဆိုရလျှင် လဲ့လင်သည် ထိုကဲ့သို့သော နေ့ရက်များကို အမှန်တကယ်ပင် ငြီးငွေ့နေခဲ့ပြီ ဖြစ်၏။
ယခုအခါတွင် ကျန်းချန်က သူတို့ကို အကူအညီပေးနေပြီ ဖြစ်ရာ ငွေတောင်ပံ မိုးကြိုးလင်းယုန် မျိုးနွယ်စုသည် အရာအားလုံးကို ရင်းနှီးပြီး အောင်ပွဲရယူရန် ဆန္ဒ ရှိနေကြသည်။
-------------------
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ခန်းမတစ်ခုထဲတွင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေရောင်ဆံပင်နှင့်လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်သည် ခန်းမ၏ အလယ်ဗဟိုရှိ မြင့်မားသော နေရာတွင် ထိုင်နေခဲ့၏။
ထိုသူမှာ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် ကျင်းဖန်းနတ်ဘုရင် ဖြစ်သည်။
သူက စကားတစ်ခွန်းမျှမပြောဘဲ ထိုနေရာတွင် ထိုင်နေခဲ့သည်။
သူ၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့၏။
“ဝုန်း..”
ထိုအခိုက်အတန့်တွင် ခန်းမအတွင်း၌ စွမ်းအင်လှုပ်ခတ်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။
မကြာမီမှာပင် ဖျက်ဆီးခြင်း အရှိန်အဝါများ ပြည့်နှက်နေသော အနက်ရောင် ဝတ်စုံဝတ် ပုံရိပ်တစ်ခုသည် ကျင်းဖန်းနတ်ဘုရင်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ဤနေရာသို့ ရောက်လာသူမှာ အခြားသူ မဟုတ်ပေ။
တောင်ပံနက် ခွန်ပန်မျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေး ဖြစ်သည့် ယိုဖိုထျန်းပင် ဖြစ်သည်။
အခန်း(၂၂၇၀)ပြီး၏။