စစ်ပွဲစတင်ခြင်း၊ နင့်ကို ဘယ်သူကမြှောက်ပေးလိုက်တာလဲ
Vol. 21 Ch. 236
မြင့်မားသောကောင်းကင်ယံထက်တွင် ကြီးမားထည်ဝါသော ယန်နတ်ဘုရားပုံရိပ်သည် ခန့်ညားဝင့်ကြွားစွာဖြင့် သတ္တဝါအားလုံးကို ငုံ့ကြည့်နေသည်။
ကောင်းကင်ဘုံမှ ကြယ်ရောင်ခြည်တန်းများကလည်း ဖန်ထုန်နယ်မြေ၏အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်ကျဆင်းနေကြ၏။
ထို့နောက် လောကကြီးတစ်ခုလုံး ငိုကြွေးနေသကဲ့သို့ ထူးဆန်းသော သွေးမိုးများလည်း စတင်ရွာသွန်းလာခဲ့သည်။
"အားနည်းတဲ့ကောင်တွေ၊ နင်တို့မှာ ငါ့
ကို ခုခံပိုင်ခွင့်မရှိဘူး။ သေခြင်းတရားကပဲ နင်တို့ကို စောင့်ကြိုနေတယ်"
သွေးနေမင်းမဟာသူတော်စင်မယ်၏ ပုံရိပ်ကြီးသည် မာန်မာနနှင့်လောဘဇောများ ပြည့်နှက်နေပြီး သူမ၏မျက်လုံးများက မြောက်ဘက်အရပ်သို့ စူးစိုက်ရှာဖွေနေသည်။ သူမသည် အကောင်းဆုံးသော အရသာထူးကို စားသုံးရတော့မည့်အလား လျှာဖြင့် နှုတ်ခမ်းကို တပြတ်ပြတ်သပ်နေ၏။
ဝါးမျိုခြင်းကမ္ဘာဦးခန္ဓကိုယ်ကိုသာ သူမရရှိလိုက်ပါက ၎င်းကို ရှေးဟောင်းမူလဘူတကမ္ဘာနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူမသည် မည်မျှအထိ အစွမ်းထက်လာမည်နည်း။
မှန်းဆ၍ပင်မရလောက်သော အစွမ်းများကို ပိုင်ဆိုင်ရတော့မည်။
"ငါ့ဆီမှာ ဒူးထောက်ပြီးအညံ့ခံစမ်း၊ ဒါဆိုရင် နင့်ကို ငါ့ရဲ့ ကြင်ယာတော်အဖြစ် ချန်ထားပေးမယ်"
သွေးနေမင်းမဟာသူတော်စင်မယ်၏ အကြည့်သည် မိုင်ပေါင်းများစွာကို ဖြတ်ကျော်ကာ ဖေးဝူမြို့တွင်ရှိနေသော ကျိယွမ်အပေါ်သို့ စူးစိုက်ကျရောက်သွားသည်။
ကျိယွမ်၏ ချောမောသောမျက်နှာမှာ အကူအညီမဲ့သလို ၊ သဘောမကျစွာ ရှုံ့မဲ့သွား၏။
"ပွဲတော်မှာ ထမင်းစားနေတုန်း နှောင့်ယှက်တာဟာ သိပ်ကို ရိုင်းစိုင်းတယ်ဆိုတာ နင်မသိဘူးလား။ ဒါဟာ သေဆုံးသွားတဲ့သူအပေါ်မှာလည်း အင်မတန် မလေးစားရာရောက်တယ်။ သေသွားတဲ့သူတွေက ငရဲကနေ ပြန်တက်လာပြီး နင့်ကို ကလဲ့စားချေနေပါဦးမယ်"
ကျိယွမ်သည် သုံးပါးတစ်ဆူနတ်မင်းများ၏နည်းစနစ်များကို ရရှိထားသလို ဝါးမျိုခြင်းကမ္ဘာဦးခန္ဓာကိုယ်ကိုလည်း ရရှိထားပြီးဖြစ်သည်။ယခုအချိန်တွင် သူ၏ အစွမ်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေလေပြီ။
သာမန်ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူများကိုဆိုလျှင် သူသည် လက်တစ်ချက်လှုပ်ရုံမျှဖြင့် အမှုန့်ချေပစ်နိုင်၏။
ထမင်းစားနေရင်းမှ အော်ပြောလိုက်သည့် အပြစ်တင်စကားသံသည် လောကကြီးတစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး ဖန်ထုန်နယ်မြေ၏ ထောင့်အသီးသီးသို့တိုင် ပျံ့နှံ့သွားခဲ့သည်။
ဖန်ထုန်နယ်မြေအတွင်းရှိနေသောသူအားလုံးသည် သူ၏အသံကို ကောင်းစွာကြားလိုက်ရသောအခါ သူတို့၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်များ နိုးထလာ၏။
ထိုအရာက မူလနတ်ဘုရားသည် ကောင်းကင်ယံရှိ ထိုကြောက်မက်ဖွယ်ပုံရိပ်ကြီးကို အနိုင်ယူနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ပင်။
၎င်းမှာ စိတ်ကူးယဉ်မှုမျှသာဖြစ်နိုင်သည်ဟု သိနေကြသော်လည်း သူတို့၏ မသိစိတ်၌ အားကိုးတကြီးမျှော်လင့်နေမိကြ၏။
သွေးနေမင်းမဟာသူတော်စင်မယ်၏ ဝါးမျိုခြင်းကိုယ်ပွားသည် ဖေးဝူမြို့ကို ဝေ့ဝဲကြည့်ရှုလိုက်ရင်း သူမ၏အကြည့်သည် စားသောက်ပွဲရှိရှေးဟောင်းနတ်ဘုရားများအပေါ်သို့ ကျရောက်သွားလေသည်။ သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့်အတူ မယုံနိုင်သလိုထူးဆန်းသွား၏။
သူမ ဖြတ်သန်းခဲ့သည့် နှစ်ပေါင်းသောင်းချီသောသက်တမ်းအတွင်း တွေ့ရခဲသော မြင်ကွင်းမျိုးကို သူမမြင်လိုက်ရသည်။ထိုနေရာရှိရှေးဟောင်းနတ်ဘုရားတစ်ပါးစီတိုင်းသည် အကန့်အသတ်မဲ့သော အလားအလာများကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
တစ်ယောက်လည်းမဟုတ် ၊ နှစ်ယောက်လည်းမဟုတ်သလို တစ်ရာ နှစ်ရာပင်မဟုတ်ပါ ။ နတ်ဘုရားပေါင်းထောင်ချီက အကန့်အသတ်မဲ့သော အလားအလာများကို ပိုင်ဆိုင်နေကြခြင်းပင်။
ထို့အပြင် ဒဏ္ဍာရီလာအဆင့်တစ်ဦးစီတိုင်းသည် သူမ၏ဒဏ္ဍာရီလာအဆင့်ကထက် သာလွန်နေပြီး သူမကိုပင် နှိမ်နင်းနိုင်စွမ်း ရှိနေပုံရသည်။
သူမသည် ကောင်းကင်ဘုံ၏ချစ်မြတ်နိုးခြင်းခံရသည့် ကံကြမ္မာသမီးတော်ဖြစ်သလို ယန်နတ်ဘုရားအဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။
သို့သော် ယခု သူမ မြင်တွေ့နေရသည့် အရာများက မည်သို့သောသတ္တဝါများနည်း။
သူမ၏ကိုယ်ခန္ဓာမှာ တုန်ရင်လာပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဟားဟား၊ ဝါးမျိုခြင်း ကမ္ဘာဦးခန္ဓာရော ဒီအရာတွေရော အားလုံးက ငါ့အပိုင် ဖြစ်ရမယ်။ ဒီရှေးဟောင်းနတ်ဘုရားတွေ အားလုံးကလည်း ငါ့အတွက် ခွန်အားဖြည့် အာဟာရတွေ ဖြစ်လာလိမ့်မယ်။ နင် ပုံရိပ်ဖော်ထားတဲ့ နတ်ဘုရားတွေအားလုံးက ငါ့ကို အလုပ်အကျွေး ပြုရလိမ့်မယ်"
ကျိယွမ်၏ အောင်မြင်မှုအားလုံးမှာ ဝါးမျိုခြင်းကမ္ဘာဦးခန္ဓာကြောင့်သာ ဖြစ်ရမည်ဟု သူမ တစ်ထစ်ချယူဆလိုက်သည်။
ထိုခန္ဓာကိုယ်ပိုင်ရှင်မျိုးကသာ ဤကဲ့သို့သော မယုံနိုင်စရာအရာများကို ပြုလုပ်နိုင်စရာရှိလေသည်။အခြားနည်းလမ်း မရှိနိုင်ပါ။
ကျိယွမ်က တဟားဟားအော်ရယ်နေသော ပုံရိပ်ကိုကြည့်ကာ နှာခေါင်းရှုံ့၏။
"ကိုယ်ပွားလေးတစ်ခုက ဒီလောက်အထိ လေလုံးထွားရဲတယ်ပေါ့"
သူရင်ဆိုင်နေရသောအရာမှာ သွေးနေမင်း မဟာသူတော်စင်၏ ကိုယ်ပွားများထဲမှ တစ်ခုသာ ဖြစ်သည်။
တစ်ချိန်က အစားရှောင်မယ်တော် ရင်ဆိုင်ခဲ့ရသည်မှာ ထိုကိုယ်ပွား၏အရိပ်ရောင်မျှသာဖြစ်၏။
"တိတ်စမ်း...ဒါဟာ ငါ့ရဲ့ အတိတ်ကကိုယ်ခန္ဓာပဲ"
သွေးနေမင်းမဟာသူတော်စင်မယ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ယန်နတ်ဘုရား အဆင့်သို့ တက်လှမ်းရန်အတွက် ကျင့်ကြံသူများသည် ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်းကို လျှောက်လှမ်းရပြီး လက်ရှိဘဝကို ရရှိရန်အတွက် အတိတ်ကကိုယ်ခန္ဓာကို ဖြတ်တောက်ရ၏။ ယန်နတ်ဘုရားအဖြစ် အသစ်စက်စက် တက်လှမ်းလာသူတစ်ဦး၏ အတိတ်ကကိုယ်ခန္ဓာသည် အားနည်းနိုင်သော်လည်း ဒဏ္ဍာရီလာအဆင့်၏အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်ပြီး အခြားဒဏ္ဍာရီလာအဆင့်များကို လက်တစ်ချက် ဝေ့ရုံဖြင့် အမှုန့်ချေနိုင်ပါသည်။
ထို့ကြောင့် သွေးနေမင်းမဟာသူတော်စင်၏ အတိတ်ကိုယ်ခန္ဓာသည် ဖန်ထုန်နယ်မြေကို လွှမ်းမိုးရန် လုံလောက်၏။
ထို့အပြင် သူမသည် ကောင်းကင်ဘုံတာအို အတော်များများကိုလည်း ဝါးမျိုထားပြီး ဖြစ်လေသည်။ သူမ၏ ရှေ့တွင် မည်မျှပင်များပြားသော ဒဏ္ဍာရီလာအဆင့်များရှိနေပါစေ၊ အချိန်တစ်ခုအတွင်း အားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိ၏။
ယန်နတ်ဘုရားတစ်ပါး၏ အတိတ်ကိုယ်ခန္ဓာဆိုသည်မှာ သာမန်ဒဏ္ဍာရီအဆင့်များ လိုက်မမှီနိုင်သော အဆင့်တွင် ရှိနေသည် မဟုတ်ပါလား။
"နင့်ကို ကိုယ်ပွားလို့ ငါထင်ခဲ့တာ၊ တကယ်တော့ မင်းက လူသေတစ်ယောက် ဖြစ်နေတာကိုး"
အတိတ်ကကိုယ်ခန္ဓာဆိုသည်မှာ အခြေခံအားဖြင့် လူသေအလောင်းသာ မဟုတ်ပါလား။
ကျိယွမ်က စကားဆုံးသည်နှင့် သုံးပါးတစ်ဆူနတ်မင်းများ၏ စွမ်းအားကို အပြည့်အဝဖော်ထုတ်ကာ ချက်ချင်းတိုက်ခိုက်တော့သည်။
သူကစကားများများပြောမည့်အစား လက်သီးများများထိုးမည့်သူမျိုးဖြစ်၏။ထို့အပြင် ရန်သူကစတင်တိုက်လာမည့်အချိန်ထိ စောင့်နေတတ်သည်ကလည်း သူ၏ပုံစံမဟုတ်ပါ ။
"နင်က သေချင်နေတာပဲ"
သွေးနေမင်းမဟာသူတော်စင်မယ်၏ အတိတ်ကိုယ်ခန္ဓာက ကျိယွမ်အားဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သာမန်ဒဏ္ဍာရီအဆင့် ကျင့်ကြံသူလေးတစ်ယောက်က သူမကို မလေးမစား ပြုရဲသည်ကို သူမ လုံးဝမခံမရပ်နိုင် ဖြစ်နေ၏။
သွေးနေမင်းသူတော်မယ်က ဒေါသတကြီးဖြင့် သူမ၏ပါးစပ်ကိုဟလိုက်ရာ မေးရိုးများက နားရွက်အထိရောက်အောင် ပြဲအာသွားလေသည်။
ထိုခဏအတွင်းမှာပင် ဖန်ထုန်နယ်မြေကောင်းကင်ယံတစ်ခုလုံးတွင် ထိတ်လန့်သွေးပျက်ဖွယ်ရာ ဟပြဲနေသော ပါးစပ်ကြီးတစ်ခုမှလွဲ၍ ဘာမျှမရှိတော့ဘဲ ဖြစ်သွား၏။
"နင့်ကို ငါဝါးမျိုပြီး ငါ့ကိုယ်ငါ ပြည့်စုံအောင် လုပ်မယ်"
ဟပြဲနေသော ပါးစပ်ကြီးသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဝါးမျိုပစ်လိုက်သကဲ့သို့ ပိတ်ကျသွားပြီး အရာအားလုံးကို အမှောင်ထုထဲသို့ နစ်မွန်းသွားစေတော့သည်။
ကျိယွမ်သည်လည်း အဆုံးမရှိသော အမှောင်ထုအတွင်း ပိတ်မိသွား၏။ သူကအမှောင်ထဲမှ မယုံနိုင်သလိုအော်ဟစ်လိုကိသည်။
"နင်က သုံးပါးတစ်ဆူနတ်မင်းတွေကိုတောင် ဝါးမျိုရဲတယ်ပေါ့၊ နင့်ကို ဘယ်သူက ဒီလိုသတ္တိတွေပေးလိုက်တာလဲ"
တာအိုလေးတစ်ခုပင် မပိုင်နိုင်ဆိုင်သဖြင့် ဖန်ထုန်နယ်မြေ၏တာအိုကိုဝါးမျိုရန်အတွက် နှစ်ပေါင်းများစွာကြိုးစားနေရသူက အနှိုင်းမဲ့တာအိုများကိုစိတ်ကြိုက်ဖန်တီးထိန်းချုပ်နိုင်သောတာအိုနတ်မင်းကြီးများကို ဝါးမျိုရန်စိတ်ကူးနေ၏ ။မည်မျှ အသိဉာဏ်နည်းလွန်းလှလေသနည်း။
ထိုခဏ၌ သုံးပါးတစ်ဆူ၏စစ်မှန်သောဝိသေသမှာ ပေါက်ကွဲထွက်လာတော့သည်။ တစ်ဆူမှ နှစ်ဆူသို့၊ နှစ်ဆူမှ သုံးဆူသို့ ကူးပြောင်းပြီး ကျိယွမ်၏ နောက်ကွယ်တွင် ထိတ်လန့်ဖွယ်ရာ ပုံရိပ်ကြီး သုံးခုသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာလေသည်။
မူလအစ၊ ကစဉ့်ကလျားနှင့် နက်နဲသော အရှိန်အဝါတို့ကလည်း လေထုအတွင်း ပြည့်နှက်သွားပြီး ဖန်ထုန်နယ်မြေကြီးတစ်ခုလုံးတုန်လှုပ်သွား၏။ ၎င်းမှာ ပိုမိုမြင့်မားသော ဘုံတစ်ခုမှ လာသော ကြောက်ရွံ့မှုမျိုးပင်။
ပုံရိပ်ကြီး သုံးခုသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကိုပင်ကျော်လွန်ပြီး တည်ငြိမ်စွာ ထိုင်နေကြပုံရသည်။ ထိုပုံရိပ်ကြီးသုံးပါးမှာ ကျိယွမ် ပုံဖော်ထားသည့် ယွမ်ရှီထျန်ကျွမ်း ၊ လင်ပေါင်ထျန်ကျွမ်း နှင့် တောက်တိ ထျန်ကျွမ်းတို့ဖြစ်ကြလေ၏။
၎င်းတို့သည် တာအိုဘာသာ၏ အမြင့်မြတ်ဆုံး နတ်ဘုရားသုံးပါးပင်။
"ပွင့်ထွက်စမ်း"
ကျိယွမ်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ပြီး မှောင်မိုက်နေသော ကောင်းကင်ယံထဲသို့ တစ်စုံတစ်ခုကိုယူငင်သည့်အလား လှမ်းကိုင်လိုက်သည်။ သူ၏ နောက်ကွယ်ရှိ ပုံရိပ်ကြီး သုံးခုကလည်း ၄င်းတို့၏လက်များကို ဆန့်ထုတ်လိုက်ကြ၏။
မူလအစ ၊ ကစဥ့်ကလျားနှင့် စစ်မှန်သောအရှိန်အဝါတို့သည် ဖန်ဆင်းရှင်ခေတ်ဦးမှ လာသည့်အလား ထွက်ပေါ်လာလာ ထိုခဏအတွင်း စွမ်းအင်သုံးမျိုးသည် ကျိယွမ်၏ လက်တွင် အလိုလိုရစ်ပတ်သွားကြသည်။
လောကကြီးမှာ ချက်ချင်းလင်းထိန်သွား၏။ အမှောင်ထုအားလုံး ကွယ်ပျောက်သွားပြီး သွေးနီရောင် အလင်းတန်းတစ်ခုကို ကောင်းကင်တစ်နေရာ၌ ကျိယွမ် မြင်လိုက်ရသည်။
ဖန်ထုန်နယ်မြေကို ဖုံးလွှမ်းထားသော အမှောင်ထုကြီးထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းမှ အလင်းများတိုးထွက်လာကာ ကျိယွမ်၏ လက်ပေါ်သို့ ကျရောက်လာ၏။
အလင်းရောင်များ သူ၏ မျက်နှာပေါ်သို့ ကျရောက်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင် ခန့်ညားထည်ဝါနေသည်။
ထို့နောက် သွေးနီရောင် အလင်းတန်းမှာ ပိုမိုကျယ်ပြန့်လာပြီး အမှောင်ထု၏အက်ကွဲကြောင်းမှာလည်း ပို၍အက်ကွဲလာကာ အရှိန်အဟုန်ဖြင့် ပြဲထွက်သွားလေတော့သည်။
"မဖြစ်နိုင်ဘူး"
စိတ်ပျက်အားငယ်သည့်အော်ဟစ်သံနှင့်အတူ သွေးနေမင်းမဟာသူတော်စင်၏ အတိတ်ကိုယ်ခန္ဓာမှာ ပေါက်ကွဲပျက်စီးသွား၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဲဒါက ဘာကြီးလဲ"
မပျက်စီးမီ အခိုက်အတန့်တွင် သွေးနေမင်း မဟာသူတော်စင်၏ မျက်လုံးများက ကျိယွမ်နောက်ကွယ်ရှိ ပုံရိပ်ကြီးသုံးခုကို ထိတ်လန့်စွာ စူးစိုက်ကြည့်နေသည်။
သို့သော် ထိုအရာများမှာ မည်သည့် သတ္တဝါများဖြစ်သည်ကိုတော့ သူမ နားမလည်နိုင်ခဲ့ပါ။
သူမသည် ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိပြီး လောက၏အသန်မာဆုံးဖြစ်နေသော်လည်း သူမ၏အတိတ်ကိုယ်ခန္ဓာသည် ထိုပုံရိပ်များကို ဝါးမျိုရန် ကြိုးစားလိုက်သည်နှင့်တပြိုင်နက် လွယ်ကူစွာချေမှုန်းခံလိုက်ရ၏။
"ဒါပဲလား"
ကျိယွမ်၏ခန့်ညားသောပုံရိပ်သည် ကောင်းကင်ယံတွင် ပေါ်လာပြီး ဟိန်းဟောက်လိုက်သည်။
"လျန်ကျင့်ရု ပေးတဲ့ သတ္တိရှိရင်တောင် မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး"
(မှတ်ချက် - လျန်ကျင့်ရုမှာ သတ္တိဟု အဓိပ္ပာယ်ရသော သီချင်းတစ်ပုဒ် သီဆိုခဲ့သည့် အဆိုတော်ဖြစ်သည်)
အတိတ်ကိုယ်ခန္ဓာကို ချေမှုန်းရန်အတွက် သူသည် သုံးပါးတစ်ဆူ၏ ပုံရိပ်များကိုပင် အပြည့်အဝအသုံးချရန် မလိုအပ်ခဲ့ပါ။
ဖန်ထုန်နယ်မြေရှိ နတ်ဘုရားများအားလုံး ငြိမ်သက်သွားပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။ယန်နတ်ဘုရား၏ အတိတ်ကိုယ်ခန္ဓာသည် မူလနတ်ဘုရား၏ လက်ချက်ဖြင့် ပေါက်ကွဲသွားခဲ့လေ၏။
"မူလနတ်ဘုရားအရှင် ပြိုင်ဘက်မရှိ"
"မူလနတ်ဘုရားအရှင် အောင်မြင်ပါစေ"
ဖေးဝူမြို့ရှိ ထောင်ပေါင်းများစွာသော နတ်ဘုရားများက ဝမ်းသာတစ်ပြိုင်နက်တည်း ကြွေးကြော်လိုက်ကြသည်။
ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် မူလနတ်ဘုရားသည် ပြီးပြည့်စုံသော အောင်ပွဲကို ရရှိခဲ့လေပြီ ။ဖန်ထုန်နယ်မြေအတွက်မျှော်လင့်ချက်များ ပို၍ခိုင်မာလာသည်။
သို့သော် ထိုအချိန်တွင်ပင် စိတ်ဖောက်ပြန်နေသကဲ့သို့ ဖောက်ပြန်နေသောအော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာ၏။
"နင်က ငါ့ရဲ့ အတိတ်ကိုယ်ခန္ဓာကို ဖျက်ဆီးခဲ့တယ်၊ ငါ့ရဲ့ နှစ်ပေါင်းတစ်သောင်း ကျင့်ကြံမှုကို ဖြုန်းတီးပစ်ခဲ့တယ်။ နင့်ရဲ့ အပြစ်ဟာ ခွင့်လွှတ်နိုင်စရာ မရှိတော့ဘူး"
ထိုအသံကြီးသည် ယခင်အသံထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။
ဝမ်းသာအားရအော်ဟစ်နေသောလူတိုင်း တိတ်ဆိတ်သွားပြီး ကောင်းကင်သို့ ခြောက်ခြားစွာမော့ကြည့်လိုက်ကြ၏။
ဖန်ထုန်နယ်မြေ၏ မိုးကောင်းကင်ကြီးသည် တစ်စုံတစ်ခုက အတင်းအကြပ်ဆွဲဖြဲခြင်းကို ခံနေရသည်အား တွန့်လိမ်လာသည်ကို သူတို့ မြင်လိုက်ရသည်။
သူတို့ကြည့်နေစဥ်မှာပင် ဖြူဖျော့ဖျော့ လက်တစ်ဖက်က ကောင်းကင်တွင် အပေါက်ကြီးတစ်ခုဖြစ်အောင် ဆွဲဖြဲပစ်၏။
ထိုအပေါက်ကြီးမှတစ်ဆင့် ကြီးမားသော မျက်လုံးကြီးတစ်လုံးသည် ဖန်ထုန်နယ်မြေကို စူးရဲစွာငုံ့ကြည့်လာသည်။ သို့သော် သူတို့မြင်နေရသည့်မျက်လုံးကြီးမှာ အခြားမျက်လုံးတစ်လုံး၏အစိတ်အပိုင်း သေးသေးလေးမျှသာဖြစ်၏။
မျက်လုံးခွဲလေးတစ်ခုကပင် ယခုလောက်ထိကြီးမားနေပါက မူလမျက်လုံးကြီးတစ်ခုလုံးဆိုလျှင် မည်မျှကြီးမားလေမည်နည်း။
ထိုအစိတ်အပိုင်းလေးတစ်ခုကပင် ကြီးမားနက်ရှိုင်းလှပြီး အတွင်းထဲ၌မရေမတွက်နိုင်သော မျက်လုံးငယ်လေးများစွာ ပါရှိ၏ ။
ဖြူဖျော့ဖျော့လက်ကြီးက ဆက်လက်ဆွဲဖြဲနေသောကြောင့် ကောင်းကင်မှအပေါက်မှာ ပိုမိုကျယ်လာပြီး မျက်လုံးကြီး၏ အစိတ်အပိုင်းများကို သူတို့ ပိုမိုမြင်တွေ့လာရသည်။
မျက်လုံးကြီးက ကြီးမားလှ၍ မျက်လုံးတစ်ခုလုံးကိုတော့ မြင်တွေ့ရန် မဖြစ်နိုင်ပေ။ သေချာသည်ကတော့ မျက်လုံးတစ်လုံးတည်းကပင် ဖန်ထုန််မြေထက် ကြီးမားနေခြင်းပင်။
ထိုမျက်လုံးကြီး၏အကြည့်က ကျိယွမ်ထံသို့ တည့်တည့်စူးစိုက်ကျရောက်လာ၏။
ချက်ချင်းလိုလိုပင် ကျိယွမ်အား မမြင်ရသော လက်ပေါင်းများစွာက အရပ်မျက်နှာအနှံ့မှ တင်းကျပ်စွာ ချည်နှောင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဒါက ယန်နတ်ဘုရားရဲ့ စွမ်းအားလား ။
ကျိယွမ်၏မျက်ခုံးများတွန့်သွားပြီး သူ၏အမူအယာက သိသိသာသာတည်ကြည် လေးနက်သွားသည်။
ရှေးဟောင်းနတ်ဘုရားများအားလုံးသည်လည်း ကြက်သီးများတဖြန်းဖြန်းထသွားကြပြီး ထိုမျက်လုံးကြီးကို တိုက်ရိုက်ပင် မကြည့်ရဲတော့ပါ။
"အဲဒီမျက်လုံးကြီးက ဖန်ထုန်နယ်မြေတစ်ခုလုံးထက်တောင် ကြီးနေပါလား"
"စစ်မှန်နတ်ဘုရားတွေထက် သာလွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလောက်ထိအစွမ်းထက်တာလား"
"ငါတို့ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ"
ဖန်ထုန်နယ်မြေသည် မူလဘူတကမ္ဘာတစ်ခုဖြစ်ပြီး နယ်မြေ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များမှာ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်းအဆင့်များသာ ဖြစ်သည်။ထို့ကြောင့် စစ်မှန်နတ်ဘုရားများထက် သာလွန်သောအဆင့်များအကြောင်းကို သိသူမရှိသလို မှတ်တမ်းတင်ထားခြင်းလည်း မရှိပါ။
မှတ်တမ်းများအရ အစာရှောင်မယ်တော်သည် ယန်နတ်ဘုရား၏ ပုံရိပ်ကို အသက်ရှူအကြိမ် နှစ်ဆယ်စာမျှ ခုခံနိုင်ခဲ့ဖူးသည်ဟု ဆိုထားကြ၏။ ထို့ကြောင့် သူတော်စင်စီမံကိန်းတွင် မျှော်လင့်ချက် အနည်းငယ်ရှိလိမ့်မည်ဟု သူတို့က ယူဆခဲ့ကြခြင်းဖြစ်သည်။
ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာလည်း ယန်နတ်ဘုရားကိုအနိုင်ယူရန်မဟုတ်ပါ ။ ဒဏ္ဍာရီအဆင့်ကျင့်ကြံသူများက ယန်နတ်ဘုရား၏အာရုံကို အချိန်ဆွဲထားစဉ် မျိုးဆက်သစ်များက ကွဲကြောင်းမှတစ်ဆင့် အပြင်ဘက်သို့ထွက်ပြေးလွတ်မြောက်စေရန်သာ ဖြစ်သည်။
သို့သော် ယခု ကောင်းကင်ကြီး ပွင့်သွားသောအခါမှသာ ယန်နတ်ဘုရားဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သူတို့ အမှန်တကယ် မြင်တွေ့လိုက်ရတော့သည်။
ယန်နတ်ဘုရား၏ မျက်လုံးလေးတစ်လုံးတည်းကပင် ကမ္ဘာတစ်ခုထက် ကြီးမားနေ၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို သူတို့ မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
မည်သို့ အနိုင်ရနိုင်မည်နည်း။
ယန်နတ်ဘုရားများသည် ကြယ်များကိုပင် ဝါးမျိုနိုင်သည်ဟူသော ဒဏ္ဍာရီများ ရှိသော်လည်း ဖန်ထုန်နယ်မြေသည် ပိတ်လှောင်ခံထားရသည့် ကမ္ဘာဖြစ်သဖြင့် ကြယ်တစ်လုံးမှာ မည်မျှကြီးမားကြောင်း သူတို့ သိရှိခြင်းမရှိကြပါ။
ယခုလိုအမှန်တကယ်တွေလိုက်ရသည့်အခါမှာတော့ ဖန်ထုန်နယ်မြေမှ သက်ရှိအားလုံးမှာ ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး တိုက်ခိုက်လိုသော စိတ်ဆန္ဒများ ကွယ်ပျောက်သွားသည်။
ယခုအချိန်တွင် တည်ငြိမ်စွာရှိနေသူဟူ၍ ကျိယွမ်တစ်ယောက်တည်းသာရှိ၏။
ကျိယွမ်ကတော့ ထူးခြားစွာ တည်ငြိမ်နေဆဲပင်။
တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့ကို ချည်နှောင်ထားသည့် မမြင်ရသော သံကြိုးများကို ဖျက်ဆီးပစ်လေသည်။
ထိုအခိုက် ကောင်းကင်အက်ကွဲကြောင်းထဲမှ ထည်ဝါသောအသံကြီး ဟိန်းထွက်လာပြန်သည်။
"နင် အပြင်ထွက်ပြီး တိုက်ရဲလား"
သွေးနေမင်းမဟာသူတော်စင်မယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမ၏ စစ်မှန်သော ကိုယ်ထည်သည် အရှိန်အဝါကြီးမားလွန်းနေ၍ ဖန်ထုန်နယ်မြေထဲသို့ ဝင်ရန်မဖြစ်နိုင်ပါ ။ အကယ်၍ဝင်ချင်လျှင် ဖန်ထုန်နယ်မြေကို ဖျက်ဆီးပစ်မှသာ ရပေလိမ့်မည်။
ဖန်ထုန်နယ်မြေ၏ ကောင်းကင်ဘုံတာအိုကို အကုန်အစင်ဝါးမျိုပြီးခြင်း မရှိသေးသဖြင့် ၄င်းကို ဖျက်ဆီး၍ မရနိုင်သေးပါ ။ထိုကြောင့် သူမ၏စစ်မှန်ကိုယ်ထည်က ဖန်ထုန်နယ်မြေထဲသို့ မဝင်ရောက်နိုင်သေးချေ။
ယန်နတ်ဘုရား၏အသံက ခြောက်ခြားဖွယ်ကောင်းလှသော်လည် ကျိယွမ်၏ အမူအရာကတော့ တည်ငြိမ်အေးဆေးနေဆဲ ရှိသည်။
သူက ကြီးမားသောမျက်လုံးကြီးအား မထီမဲ့မြင်ကြည့်ကာ နှာခေါင်းရှုံ့၏။
"ဘာလို့ ငါက မတိုက်ရဲရမှာလဲ"
ဤမျှစွမ်အားကြီးမားလှသောရန်သူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေးစရာ နေရာမရှိပါ။ ထို့ကြောင့် သေသည်အထိ တိုက်ပွဲဝင်ရန်သာ ရွေးချယ်စရာရှိ၏။
ကျိယွမ်က ကောင်းကင်ကိုမော့ ရင်ကိုကော့ကာ ထပ်မံအော်ဟစ်လိုက်သည်။
"ရန်သူကိုကြောက်လို့ လိပ်လိုပုန်းနေတာမျိုး ချင်းရွှေရွာနတ်ဘုရားရဲ့ရာဇဝင်မှာ မရှိဘူး ၊အရင်ကလည်းမရှိဘူး အခုလည်းမရှိဘူး ၊ နောင်လည်းရှိမှာမဟုတ်ဘူး "
ကျိယွမ်က သူ၏နောက်လိုက်များအားတစ်ချက်ကြည့်ပြီးမှ မျက်လုံးကြီးဆီသို့ ထပ်အော်၏။
" မသိရင်မှတ်သွားလိုက်..ချင်းရွှေရွာနတ်ဘုရားနဲ့ သူ့ရွာသားတွေက အမြဲတမ်း ရန်သူကို အိမ်ထဲအထိလိုက်ရိုက်တဲ့သူတွေပဲ ၊ နင်တို့ကိုလည်း ငါတို့က အခုဆော်တော့မှာ "
ကျိယွမ်၏စကားက အလုပ်ဖြစ်သွား၏။ ဖေးဝူမြို့ရှိ ရှေးဟောင်းနတ်ဘုရားများမှာ သူ၏ ဘာမထီသောတုန့်ပြန်စကားကြောင့် တိုက်ပွဲဝင်စိတ်ဓာတ်များ ပြန်လည် နိုးထလာကြသည်။
ပထမဆုံးတုန့်ပြန်လိုက်သူက အဘိုးကြီးရှန်းလဲ့ပင်။သူက အလွန်ကျယ်လောင်စွာဖြင့် မိုးခြိမ်းသံပမာ ဟိန်းဟောက်လိုက်၏။
"ကျွန်တော်မျိုးကလည်း မူလနတ်ဘုရားနဲ့အတူလိုက်ပြီး မိစ္ဆာတွေကိုအိမ်ထဲအထိ လိုက်သတ်ဖို့ အသင့်ပါပဲ"
တစ်ယောက်စတင်လိုက်သည်နှင့် ကျန်သောနတ်ဘုရားများကလည်း အသိစိတ်များပြန်ဝင်လာကြသည်။
ဘာကိုကြောက်နေတာလဲ ။
ငါတို့က သေဖို့တောင်ဆုံးဖြတ်ထားပြီးပြီကို ။
ကျူးရှီကျုံးက လက်သီးကို တင်းတင်းဆုပ်ကာ အံကြိတ်ပြီးအော်ဟစ်လိုက်သည်။
"ငါတို့ချင်းရွှေရွာသားတွေကလည်း မင်းတို့ကိုသတ်မယ်"
"ငါတို့လည်း တိုက်ရဲတယ်"
"ငါတို့ကရော ကြောက်နေရမှာလား "
"မူလနတ်ဘုရားအတွက် ၊ ဖန်ထုန်နယ်မြေကြီးအတွက် သေဖို့ အသင့်ပဲ"
အားလုံးသည် အပြောသက်သက်မဟုတ်ပါ ၊ ကြွေးကြော်သံများသည် ရှေးဟောင်းနတ်ဘုရားများ၏ ကတိသစ္စာစကားများ ဖြစ်၏ ။
အကယ်၍ ကမ္ဘာကြီး ပျက်စီးသွားမည်ဆိုလျှင်တောင် မူလနတ်ဘုရားသည်သာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည် ။သူတို့အားလုံးက နောက်ဆုံးအချိန်ထိ သူနှင့်အတူ ရပ်တည်ရဲရပေမည်။
"ငါတို့အားလုံး သေတဲ့အထိ တိုက်ပွဲဝင်မယ်"
ရှေးဟောင်းနတ်ဘုရားများ၏ ကြွေးကြော်သံများက ဒီရေလှိုင်းကြီးကဲ့သို့ ထွက်ပေါ်လာသည်။
ငါးထောင်နီးပါးရှိသော နတ်ဘုရားများ၏ အော်ဟစ်သံသည် ကောင်းကင်စစ်သည်တော်တစ်သန်း၏ တိုက်ပွဲဝင်သံထက်ပင် ကျယ်လောင်နေပြီး လောကကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားလေ၏။
သူတို့အားလုံး တွန့်ဆုတ်မနေတော့ပါ။
အစွမ်းကြီးမားသော ယန်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရမည်ဟု သိသော်လည်း သူတို့က နောက်ဆုတ်မည် မဟုတ်တော့ပေ။
ထိုအချိန်မှာပင် ကျိယွမ်သည် ကောင်းကင်အက်ကြောင်းဆီသို့ တဟုန်ထိုးပျံသန်းသွားလေသည်။
ကျန်ခဲ့သောနောက်လိုက်များကလည်း တစ်ဦးမျှ တုန်လှုပ်ခြင်းမရှိဘဲ ကောင်းကင်ယံသို့ မဆိုင်းမတွပျံတက်သွားကြသည်။
စစ်မှန်နတ်ဘုရားငါးထောင်နီးပါးသည် ကျိယွမ်၏ နောက်မှနေ၍ ကောင်းကင်အက်ကွဲကြောင်းဆီသို့ မကြောက်မရွံ့ ချီတက်သွားသည်ကိုမြင်သောအခါ ဖေးဝူမြို့သားများနှင့်တစ်ကွ ဖန်ထုန်နယ်မြေမှ လူသားများအားလုံး မျက်ရည်များ အလိုလိုဝဲလာကြ၏။
မူလနတ်ဘုရားနှင့်သူ၏နောက်လိုက်များသည် သေဆုံးရမည်ကိုသိသိကြီးနဲ့ ဖန်ထုန်နယ်မြေအတွက် တိုက်ပွဲဝင်ကြပေတော့မည်။
"သားလေး မင်းကြီးလာရင် သူတို့လိုသူရဲကောင်းဖြစ်အောင်ကြိုးစားရမယ် "
"ငါ့မြေး... ဒီမြင်ကွင်းကို တစ်သက်လုံးမှတ်ထားပါ ၊ သူတို့က မင်းတို့အနာဂတ်အတွက် အသက်စွန့်ပေးသွားတဲ့သူတွေပဲ "
"ရှုံးနိမ့်သွားတယ်ဆိုရင်တောင် သူတို့ဟာ ထာဝရသူရဲကောင်းတွေ"
အားလုံးမျက်ရည်ကိုယ်စီဖြင့်ကြည့်နေစဥ်မှာပင် ကျိယွမ်သည် ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်၍ အဆုံးမရှိသော ဟင်းလင်းပြင်ထဲသို့ ရှေ့ဆုံးမှရောက်ရှိသွားခဲ့သည်။
ထို့နောက် ချက်ချင်းလိုလိုပင် ရှန်လဲ့ဦးဆောင်သော ရှေးဟောင်းနတ်ဘုရား ငါးထောင်ခန့်ကလည်း သူ၏နောက်သို့ ရောက်လာကြ၏။
အားလုံးစုံသည်နှင့် ကျိယွမ်အားဝန်းရံလျှက် ယန်နတ်ဘုရားကို တိုက်ခိုက်ရန် အသင့်နေရာယူလိုက်ကြသည်။
ဤရှေးဟောင်းနတ်ဘုရားများထဲမှ မဟာအုပ်စိုးရှင်တစ်ပါးစီတိုင်းသည် အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြပြီး လုံလောက်သော အချိန်သာရမည်ဆိုလျှင် သူတို့အားလုံးသည် ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်သည့် အလားအလာ ရှိကြသူများဖြစ်သည်။
ယခုတော့ သူတို့၏တောက်ပသောအနာဂတ်များက မရေရာတော့ပါ ။ တိုက်ပွဲကြီးတွင် ကံကောင်းထောက်မပြီး ဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်နိုင်မည်နည်း ။
အသက်ရှင်ရန်ထက် အားလုံးသေဆုံးရန်က ပိုများနေသည် မဟုတ်ပါလား။
ကျိယွမ်သည် အဝေးရှိ ကြောက်မက်ဖွယ် သတ္တဝါကြီးများကို လေးနက်စွာ ကြည့်လိုက်သည်။
ထင်ထားသလိုပဲ ၊ နှစ်ကောင်ဖြစ်နေတာကိုး ...
၎င်းတို့မှာ တစ်ကောင်တည်း မဟုတ်ဘဲ နှစ်ကောင်ဖြစ်နေ၏။
ယန်နတ်ဘုရားများသည် ပြိုင်ဘက်ကင်းစွမ်းအားရှင်များဖြစ်သည်။
ယခုအချိန်၌ ပြိုင်ဘက်ကင်းသော ယန်နတ်ဘုရား နှစ်ပါးရှိနေသည်။
မည်သို့ အနိုင်ယူရမည်နည်း ။
သို့သော် ကျိယွမ်၏ မျက်လုံးများကတော့ တည်ငြိမ်နေဆဲပင်။သူက ယန်နတ်ဘုရားနှစ်ပါးကို အေးစက်စွာကြည့်လိုက်သည်။
"မင်းတို့က ယန်နတ်ဘုရားဖြစ်မှ ကြယ်တွေကို ဝါးမြိုရဲတာ ၊ ငါ အခြေတည်အဆင့်လေးနဲ့တင် ကြယ်တွေကို ဝါးမျိုခဲ့တဲ့ကောင် ။ အခု ငါ့ရဲ့ အမြုတေက ပြီးပြည့်စုံနေပြီ၊ မင်းတို့ ယန်နတ်ဘုရားနှစ်ပါးကို သတ်ဖို့ ငါက ဘာကို ကြောက်နေရမှာလဲ "
-----------------