ဧကရာဇ်လေးပါး အပြင်၌တွေ့ဆုံရန် စီစဥ်ခြင်း
Vol. 21 Ch. 243
"တစ်ကြိမ်အစ်မဆိုရင် တစ်သက်လုံးအတွက်အစ်မပဲတဲ့ ၊ ပြင်လို့မရဘူး"
ကျိယွမ်သည် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များကို အလွန်အလေးထားသူ ဖြစ်သည်။
ဥပမာအားဖြင့် - သူသည်ရွမ်ယူချမ်း (သူ၏ဆရာ) ကို စတွေ့စဥ်က သူမသည် သူ၏ဇနီးဖြစ်ကြောင်း ချက်ချင်းသိလိုက်သဖြင့် သူမအား အမြဲတမ်း "မိန်းမ" ဟုသာ ခေါ်ဝေါ်ခဲ့သည်။
ရေခဲတောင်သခင်မမှာ သူ့ထက် အသက်ကြီးသူဖြစ်သောကြောင့် သူမအား "အစ်မကြီး" ဟု ခေါ်ရခြင်းမှာ သဘာဝပင် ။
"ငါက နုပျိုလှပနေတုန်းပဲကို နင်တို့က ငါ့ကို အိုကြီးအိုမလို့ပဲ ခေါ်နေကြတာပဲ"
ရေခဲတောင်သခင်မက အံကြိတ်ပြီး စာပို့လိုက်သည်။
သူမသည် ခရမ်းရောင်နန်းတော် အထွတ်အထိပ်အဆင့်တွင် ရှိသော်လည်း အုပ်စုထဲ၌ အထက်စီးဆန်ဆန် မနေခဲ့သလို ဖိနှိပ်ခြင်းမျိုးလည်းမရှိခဲ့ပါ။
"အစ်မကြီးက အလှဆုံးအရွယ်၊ အနုပျိုဆုံးအရွယ်ဆိုတာ ယုံပါတယ်"
ဆိုးသွမ်းအင်မော်တယ်က အချိန်ကိုက် မြှောက်ပင့်လိုက်၏။
သူသည် မိမိ၌ ထူးခြားသောပါရမီမရှိသဖြင့် အခြေအနေမှန်ကို လက်ခံထားပြီး ဖြစ်သည်။ ယခင်က သူနှင့် အဆင့်တူခဲ့သော မူလနတိဘုရားကလည်း ယခုအခါ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး ဖြစ်လာပြီဖြစ်ရာ အုပ်စုထဲ၌ သူတစ်ယောက်တည်းသာ လူသစ်လေးအဆင့်တွင် ကျန်ရစ်တော့သည်။
ထို့ကြောင့် သူ၏ အဓိကအလုပ်မှာ အစွမ်းထက်သူများကို ဖားရန်နှင့် ခိုင်မာသော လက်ရုံးများကို အားကိုးရန်သာ ဖြစ်သည်။
"စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားတာ စိတ်လှုပ်ရှားဖို့ ကောင်းပေမဲ့ ငါ့မှာ စိုးရိမ်ပူပန်စရာတွေ ရှိနေသေးတယ်။ ငါ့ရဲ့ တိုးတက်မှုက မြန်လွန်းနေတာက စိတ်ပူစရာပဲ"
ကျိယွမ်က စိုးရိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူက ကြွားဝါနေခြင်းမဟုတ်ပါ ၊ သူ တိုးတက်လာသည်မှာ အမှန်တကယ်ပင် မြန်လွန်းလှသည်။
ကျိစယ်တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် ဘာမှမကြာသေးမီမှာပင် အမြုတေအစောပိုင်းအဆင့်မှ စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိသွားခြင်းက မြန်လွန်းသည်မဟုတ်ပါလား။
ထိုသို့သောအရှိန်မှာ တစ်ခါမျှ မရှိဖူးသေးသော စံချိန်တင်အရှိန်မျိုးပင်။
ဆိုးသွမ်းအင်မော်တယ်မှာ ဆွံ့အသွားခဲ့သည်။
လူတစ်ယောက်က ကျင့်စဉ် တိုးတက်လွန်းလို့ဟုဆိုကာ ညည်းတွားပြနေ၏။
ကျိယွမ်၏ ပြောဆိုပုံမှာ သေချာပေါက် ကြွားဝါမှု၏ အထွတ်အထိပ်အဆငိ့ပင် ဖြစ်သည်။
"ငါသာ ယင်နတ်ဘုရား အဆင့်ကို ရောက်ရင် မူလနတ်ဘုရားလိုပဲ အစ်မတွေရှေ့မှာ ကြွားပြဦးမှာ"
ရေခဲတောင်သခင်မက အားကျမခံ ဆိုသည်။
"ငါ ဘယ်လိုပြောမလဲဆိုတော့.. ဟင်း...ယင်နတ်ဘုရားအဆင့်ကိုတက်ရတာ အရမ်း လွယ်လွန်းတယ်၊ ဘာမှ စိန်ခေါ်မှု မရှိလို့ အောင်မြင်မှု အရသာတောင် မခံစားရဘူး လို့ပေါ့။"
"ဟုတ်တယ် ဒို့အုပ်စုထဲမှာ မူလနတ်ဘုရားကတော့ ကြွားဝါခြင်း အနုပညာကို အပိုင်နိုင်ဆုံးပဲ။"
ကျိယွမ် မျက်လုံးပြူးသွား၏။ သူတို့က ရိုးသားသော မိမိအား အထင်လွဲနေကြလေပြီ။
"ငါ ကြွားနေတာ မဟုတ်ဘူး။ တကယ် စိုးရိမ်နေတာပါ။သေချာရှင်းပြမယ် ၊ ငါ တက်လှမ်းခြင်းနန်းဆောင်ထဲက နည်းစနစ်စာအုပ်တွေ အကုန်လုံးကို ယူခဲ့တယ် ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီနည်းစနစ်တွေကို အကုန် အသုံးပြုပြီးပြီ၊ဒါပေမဲ့ အဲ့ဒါတွေက ငါ့ကို စိတ်ဝိညာဥ် အဆင့်အထိပဲ ရောက်အောင် ကူညီပေးနိုင်ခဲ့တယ်၊ ရှေ့ကို ဘယ်လိုဆက်မလဲ"
ကျိယွမ်က ရှင်းပြလိုက်၏။
သူသည် အမှနိတကယ်တကယ်ပင် စိတ်ညစ်နေခြင်း ဖြစ်သည်။
သူ၏ ကျိယွမ်ကျမ်းမှာ ပြုစုနေရင်းမှ မမျှော်လင့်ဘဲ လမ်းကြောင်းနှစ်ခု ခွဲထွက်သွားသည်။ တစ်ခုမှာ ကြယ်အမြုတေလမ်းစဉ်အတိုင်း ဆက်သွားရန်ဖြစ်ပြီး နောက်တစ်ခုမှာ စိတ်ဝိညာဥ်အဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။
ယခုမူ ရှာထားသောနည်းစနစ်များအကုန် ကုန်သွားပြီဖြစ်သော်လည်း ကြယ်အမြုတေလမ်းစဉ်မှာ မပြီးဆုံးသေးသလို စိတ်ဝိညာဥ် လမ်းစဉ်အတွက်လည်း ရှေ့ဆက်ရန် လမ်းစ မရှိသေးပေ။
ထို့ကြောင့် ကျိယွမ်သည် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေသော်လည်း သူ့ကိုယ်သူ အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးအဖြစ်သာ သတ်မှတ်ထားဆဲပင်။
သူ၏ရိုးသားသော ရင်ဖွင့်စကားများက အဖွဲ့ဝင် ဧကရာဇ်လေးပါးကို ထပ်မံ ဆွံ့အသွားစေပြန်သည်။
"မင်းက တက်လှမ်းခြင်းနန်းဆောင်က နည်းစနစ်တွေ အကုန်ကျင့်ပြီးသွားပြီလား..."
"နန်းဆောင်ရဲ့သခင်က ခရမ်းရောင်နန်းတော် အထွတ်အထိပ် အဆင့်မှာပဲရှိပေမဲ့ သူ့ကို ယင်နတ်ဘုရားတွေကတောင် ရိုသေကြတာ။ မူလနတ်ဘုရား ..မင်းက တကယ့်ကို အစွမ်းထက်တာပဲ"
"ဟင်း... အဲ့ဒါတွေ မပြောပါနဲ့တော့။ အခု ငါ့မှာ ပိုက်ဆံလည်း ပြတ်နေသလို နည်းစနစ်တွေလည်း လိုအပ်နေတယ်။ မြင့်တက်ခြင်းနန်းဆောင်လိုမျိုး အရင်းအမြစ်တွေ ပေါများတဲ့ တခြားနေရာမျိုး ဘယ်မှာ ရှိသေးလဲ"
ကျိယွမ်က အကြံဉာဏ် တောင်းလိုက်သည်။
သူ၏ အမြုတေလမ်းစဉ်မှာ အဆုံးမဲ့ တွင်းနက်ကြီးတစ်ခုကဲ့သို့ပင်။နည်းစနစ်မျိုးစုံကို အမြဲလိုအပ်နေ၏။ ထို့အပြင် သူ၏ စိတ်ဝိညာဥ်လမ်းစဉ်အတွက်လည်း နည်းစနစ်အမျိုးမျိုးကို လိုအပ်နေပြန်သည်။
မြင့်တက်ခြင်းနန်းဆောင်မှ သူကြွယ်မလေး ယာယာထံမှ အရာအားလုံးကို သူ ယူပြီးသွားပြီဖြစ်သောကြောင့် အရင်းအမြစ်သစ်များကို တခြားနေရာတွင် ရှာဖွေရန် လိုအပ်လာခဲ့လေပြီ။
"အရှေ့ပိုင်းဒေသက ပြည်နယ် ၁၃ ခုထဲမှာ မြင့်တက်ခြင်းနန်းဆောင်က နည်းစနစ်အများဆုံးပဲ။ တကယ်လို့မင်းက အဲဒီထက်ပိုလိုချင်နေရင်တော့ အရှေ့ပိုင်းဒေသကနေ ထွက်သွားဖို့လိုလိမ့်မယ်"
မီးလျှံဧကရာဇ်က အကြံပြုလိုက်သည်။
"ဒီနယ်မြေကနေ ထွက်သွားရမှာလား"
ကျိယွမ်က ငြိမ်သက်သွားပြီး စဉ်းစားနေသည်။သူသည် အရှေ့ပိုင်းဒေသ၏ ပြင်ပသို့ တစ်ခါမျှ မရောက်ဖူးသေးပေ။
"မူလနတ်ဘုရား.. ဖုန်းထျန်းယွီကို ဘာလို့ မလာတာလဲ။ အဲ့ဒီမှာ လမ်းစဥ်ရှာဖွေရေးနန်းတော်ရဲ့ ဂိုဏ်းခွဲတစ်ခု ရှိတယ်။ အဲ့ဒီမှာ နည်းစနစ်တွေ အများကြီး ရှိနိုင်တယ်"
မီးလျှံဧကရာဇ်က ဆက်ပြီးရှင်းပြသည်။
ကန်းလန်လောကတွင် နယ်မြေပေါင်း ၃၆ ခု ရှိသည့်အနက် ဖုန်းထျန်းယွီမှာ အရှေ့ပိုင်းဒေသထက် ပိုမိုအစွမ်းထက်၏။ အရေးကြီးဆုံးမှာ ထိုနေရာတွင် ယင်နတ်ဘုရားတော်တော်များများ ရှိနေခြင်းပင် ဖြစ်သည်။
လမ်းစဥ်ရှာဖွေရေးနန်းတော်မှာ ခရမ်းရောင်နန်းတော် ကျင့်ကြံသူများက ယင်နတ်ဘုရားသို့ရောက်ရှိနိုင်မည်လမ်းစဥ်ကို ရှာဖွေရန် တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
"လမ်းစဉ်ရှာဖွေရေး နန်းတော်မှာ ကျင့်စဉ်တွေ အများကြီး ရှိလား"
"ဖုန်းထျန်းယွီ ဂိုဏ်းခွဲမှာရှိတဲ့ နည်းစနစ်တွေက မြင့်တက်ခြင်းနန်းဆောင်ထက် နည်းနည်းတော့ နည်းပေမဲ့ အဖွဲ့ဝင်တွေဆီမှာ သူတို့ မထုတ်ဖော်ရသေးတဲ့ ကိုယ်ပိုင်နည်းစနစ်တွေ အများကြီး ရှိတယ်"
ရေခဲတောင်သခင်မက သူမသိထားသမျှကို ဝင်ရောက် ရှင်းပြလိုက်၏။
"လမ်းစဉ်ရှာဖွေရေး နန်းတော် တဲ့လား ။ ဒါက ငါ့အတွက် အကောင်းဆုံး ပစ်မှတ်ပဲ"
ကျိယွမ်၏ မျက်လုံးများ တောက်ပသွားသည်။
သူ၏ စံနှုန်းအရ ထိုနေရာမှ အဖွဲ့ဝင်များမှာ အိုမင်းသော်လည်း ကျန်းမာသန်စွမ်းသူများဖြစ်ရာ သူ၏ 'နည်းစနစ်အရင်းအမြစ်' များ ဖြစ်လာရန် အလွန် သင့်တော်လှသည်။
"ကျွန်တော် လာခဲ့မယ်။ စိတ်ဝိညာဥ်အထိမ်းအမှတ်ပွဲပြီးတာနဲ့ ခင်ဗျားတို့နဲ့ တွေ့ဖို့ ဖုန်းထျန်းယွီကို လာခဲ့မယ်"
ကျိယွမ်က မီးလျှံဧကရာဇ်ကို ပြောလိုက်သည်။
ထိုအခါ ရေခဲတောင်သခင်မက ထပ်မံအကြံပြုသည်။
"ရှင်းဟွာအဖွဲ့ဝင် ငါတို့ဧကရာဇ်လေးပါးက လူချင်း တစ်ခါမှ သေချာမတွေ့ဖူးကြသေးဘူး။ မူလနတ်ဘုရား ဖုန်းထျန်းယွီကို လာမယ့်အချိန်မှာ ငါတို့အားလုံး လူချင်းတွေ့ကြရင် မကောင်းဘူးလား"
"ရတာပေါ့။ အားလုံး လာမယ်ဆိုရင် ငါ စီစဉ်ပေးပါ့မယ်"
ထိုအကြံကြောင့် မီးလျှံဧကရာဇ်မှာ စိတ်လှုပ်ရှားသွားသည်။
ဆိုးသွမ်းအင်မော်တယ်ကလည်း ချက်ချင်းထောက်ခံ၏။
"ကျွန်တော့်မှာလည်း အချိန်ရှိပါတယ်"
"ကောင်းပြီး ရှင်းဟွာဧကရာဇ်လေးပါး နောက်ဆုံးတော့ လူချင်း တွေ့ကြတော့မှာပေါ့"
ကျိယွမ်လည်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
သူသည် သူ၏ အွန်လိုင်း သူငယ်ချင်းများနှင့် တွေ့ဆုံရန် အလွန်ပင် စိတ်အားထက်သန်လာသည်။
"မူလနတ်ဘုရား... နင်က ဘယ်လိုပုံစံလဲ။ သူများတွေ ပြောသလိုပဲ တကယ် အစွမ်းထက်တဲ့ ပုံစံလား။ အရှေ့ပိုင်းဒေသမှာ နင့်ရဲ့ ပုံရိပ်က သေသေချာချာ တစ်ခုမှ ထွက်မလာသေးဘူး"
"အင်း.. ထင်တာပြောရရင်တော့ ကျွန်တော်က တကယ်ချောပါတယ်"
ကျိယွမ်က သူ၏ ညီမလေးကျန်းလင်းစုက သူ့ကို ဒုတိယနည်းလမ်းဖြင့် ကျေးဇူးဆပ်ရန် ကမ်းလှမ်းခဲ့သည်ကို ပြန်တွေးပြီး ယုံကြည်မှု ရှိရှိ ပြောလိုက်သည်။
အကယ်၍ သူသာ မချောလျှင် ညီမလေးက နောင်ဘဝမှ ကျေးဇူးဆပ်ပါ့မည်ဟူသော တစ်ခုကို ရွေးချယ်မည် မဟုတ်ပါလား။
"ကျွန်တော် မူလနတ်ဘုရားကို မြင်ဖူးတယ်၊ သူက ကျွန်တော် မြင်ဖူးသမျှ ကျင့်ကြံသူတွေထဲမှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ အချောဆုံးပဲ"
ဆိုးသွမ်းအင်မော်တယ်က မဆိုင်းမတွထောက်ခံလိုက်သည်။ သူအနေဖြင့် ကျိယွမ်အား မနာလိုစရာမရှိပါ ။ အလွန်ချောမောပြီး ယင်နတ်ဘုရားအဆင့်ရှိသည် သူငယ်ချင်းကိုရထားသည်မှာ ဂုဏ်ငယ်စရာမဟူတ်ပေ။
"ကျင့်စဉ်နဲ့ စွမ်းအားအရာမှာတော့ ကန်းလန်လောကရဲ့ ထိပ်ဆုံးတစ်ယောက် ဟုတ်ချင်မှဟုတ်မယ် ၊၊ ဒါပေမဲ့... ရုပ်ရည်နဲ့ ဆွဲဆောင်မှုမှာတော့ ကန်းလန်လောကရဲ့ အချောဆုံးအမျိုးသားစာရင်းဆိုတာရှိရင် ကျွန်တော်က နံပါတ်တစ် ဖြစ်မှာ အသေအချာပဲ"
ကျိယွမ်က အခွင့်သာတုန်းကြွားလိုက်သည်။
သူ၏ ရုပ်ရည်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်မှ ကြယ်အမြုတေနှစ်လုံးမှာပင် မှိန်ဖျော့သွားပေလိမ့်မည်။
ဆိုးသွမ်းအင်မော်တယ်မှာ ချက်ချင်းနောင်တရသွားလေ၏။
ထိုတစ်ယောက်မှာ အနည်းငယ်အရှက်မရှိပြောတတ်ပုံကို သူမေ့သွားခဲ့သည်။
"ဟားဟားဟားဟား ..ဟုတ်ပါပြီ ၊ ဒါဆိုလည်း တွေ့မှမှန်မမှန်ကြည့်ရသေးတာပေါ့ "
................
ကျိယွမ်သည် ချက်တင်အုပ်စုမှ ထွက်လိုက်စဥ်မှာပင် သူ၏ကွန်ကရစ်အိမ်သစ်ကို ဆောက်ရန် ရောက်လာကြသော ကျင့်ကြံသူများကို သတိပြုမိလိုက်သည်။
သူသည် ၄င်းတို့အားထားခဲ့ပြီး တောင်အောက်သို့ အေးအေးလူလူလမ်းလျှောက်ဆင်းလာ၏။ ထို့နောက် မြင့်မားသောသစ်ပင်ကြီးတစ်ပင် အောက်တွင် ရပ်လိုက်ပြီး ဘာရယ်မဟုတ်ငေးမောနေမိသည် ။
အမှတ်တမဲ့ဖြင့် မြေပြင်ပေါ်ရှိ မြက်ပင်လေးကို အကြညိ့ရောက်သွားခိုက်။
【ဤသည်မှာ အနည်းငယ် ထူးဆန်းသော မြက်ပင်လေး ဖြစ်သည်။ ၎င်းသည် ကျိယွမ်၏ တည်ရှိမှုကို ခံစားမိပြီး အပြောင်းအလဲ အချို့ ဖြစ်ပေါ်နေသည်။】
"ဆန်းလှချည်လား"
ကျိယွမ်၏ မျက်လုံးများမှာ စပ်စုချင်စိတ်ဖြင့် ကျယ်သွားခဲ့သည်။
"ဒါက တကယ်ပဲ ငါ့ရဲ့ တည်ရှိမှုကို ခံစားနိုင်တာလား"
"သတို့သမီးလေး.. ဒီမြက်ပင်လေးကို ကြည့်ဦး၊ တကယ် ထူးဆန်းတယ်"
ကျိယွမ်သည် သူမ၏ လက်ကို ဆွဲကာ ထိုသာမန်ဟု ထင်ရသော မြက်ပင်လေးကို စိုက်ကြည့်လိုက်သည်။
ချီယွမ် မှတ်မိသလောက်မှာ ကျိစယ်တောင်ထိပ်သို့ ကျူးကျော်သူ ရောက်လာစဉ် ဤမြက်ပင်သည် ထိုသူကို သတ်ပစ်ခဲ့ခြင်း ဖြစ်၏။
"ဟေး... နင် စကားပြောတတ်လား"
ကျိယွမ်က မြက်ပင်ကို စိတ်ဝင်စားစွာမေးလိုက်သည်။
ကံမကောင်းစွာဖြင့် မြက်ပင်က တုန့်ပြန်မှုမရှိဘဲ သာမန်အတိုင်းသာ ငြိမ်သက်နေခဲ့သည်။
"နင်က မသိချင်ယောင်ဆောင်နေပေမဲ့ ငါကတော့ နင့်ကို သတိထားမိတယ်နော်"
ကျိယွမ်က ဆက်ပြောနေသော်လည်း မြက်ပင်က တုန့်ပြန်မှု မရှိပါ။
"နင်ကဘာသဘောလဲ ၊ ငါ့ရဲ့တည်ရှိမှုကို ခံစားမိတယ်ဆိုပြီး အဖက်မလုပ်တာလား "
ထိုအခိုက် တောင်ပေါ်သို့တက်လာသော ရှောင်ယင်သည် ရှေးဟောင်းစီးချောင်သစ်ပင်ကြီးအောက်တွင် မြက်ပင်နှင့်ရန်ဖြစ်နေသောကျိယွမ်အား မြင်သွားလေသည်။
ကျိယွမ်က မြက်ပင်တစ်ပင်အား ဒေါသတကြီးဆူပူနေသောမြင်ကွင်းကြောင့် သူမသည် မနေနိုင်စွာ ရယ်မောမိလေ၏။
ကျိစယ်တောင်ထိပ်ရဲ့ စီနီယာအစ်ကိုကြီးကတော့ တကယ်ကိုထူးခြာတဲ့သူပဲ ၊ အရင်တုန်းက မီးဖိုချောင်သုံးဓားကို ငေါက်တယ် ၊ အခု မြက်ပင်ကို ဆူနေပြန်ပြီ။
"ဂိုဏ်းတူအစ်ကိုကြီးကို ဂါရဝပြုပါတယ်"
ရှောင်ယင်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
သူမ၏ မျက်လုံးများထဲတွင် ရိုသေမှုနှင့်အတူ ဇဝေဇဝါ ဖြစ်မှုများလည်း ပြည့်နေသည်။
မကြာမီက ကျန်းလင်းစုသည် သူမအား အခမ်းအနား၌တံခါးစောင့်လုပ်ရာတွင် အဖော်လုပ်ပေးရန် လာခေါ်ခဲ့သည်။
အခမ်းအနားကလည်း သာ့ရှန်းတိုင်းပြည်၏ ပထမဆုံးစိတ်ဝိညာဥ်သခင် အတွက်ဟုဆို၏။
ရှန်းကွမ်းဂိုဏ်းတစ်ခုလုံးမှာ ကျိယွမ်က ရုတ်တရက်ကြီး စိတ်ဝိညာဥ်အဆင့်သို့ ရောက်သွားသည့်သတင်းကြောင့် အားလုံးမှာ မယုံနိုင်အောင်ခံစားနေရသည်။
"ညီမလေးကို လာရှာတာလား၊ သွားလေ"
ကျိယွမ်က ကို ခပ်အေးအေးပင် ပြောလိုက်သည်။ ရှောင်ယင်သည် ထွက်မသွားသေးဘဲ ကျိယွမ်ကို ကြည့်ကာ အတွေးများနေသည်။
ယခင်က သူမနှင့် မဟူရာတောင်တန်းဂိုဏ်းမှ ချူကျုန်းတို့ ပြဿနာဖြစ်စဉ်က စီနီယာကျိယွမ်က သူမဘက်မှ ရဲရင့်စွာရပ်တည်ပေးခဲ့၏။
ထိုညမှာပင် ချူကျုန်းနှင့် မဟူရာတောင်တန်းဂိုဏ်းဝင်များ သေဆုံးသွားခဲ့ပြီး မကြာမီ၌ တစ်ဂိုဏ်းလုံးလည်း ရုတိတရက်ပျက်စီးသွားခဲ့သည်။
ထိုကိစ္စမှာ ယနေ့အချိန်ထိ သာ့ရှန်းတိုင်းပြည်တွင် နားမလည်နိုင်သော ပဟေဠိတစ်ခု ဖြစ်နေဆံပင်။
သတ်ဖြတ်သူမှာ ထူးခြားသော ဓားချွန် (သို့မဟုတ်) ဓားတိုကို အသုံးပြုကြောင်းသာ သိကြရသည်။
ယခုအချိန်၌ ရှောင်ယင်သည် ကျိယွမ်၏ နောက်တွင် ကြိုးဆွဲစရာမလိုဘဲ လိုက်ပါနေသော မီးဖိုချောင်သုံးဓားကို မြင်လိုက်ရသည့်အခါ သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်လာခဲ့တော့သည်။
စီနီယာကျိယွမ်က တစ်ချိန်လုံး သူရဲ့အစွမ်းကို ဖုံးကွယ်ထားခဲ့ခြင်းလား။
မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးခဲ့သူက သူများလား။
စဥ်းစားရင်းမှ ရှောင်ယင်သည် မမေးဘဲ မနေနိုင် ဖြစ်သွားသည်။
"စီနီယာကျိယွမ်... မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးခဲ့တာ စီနီယာလား"
သူမ၏မေးခွန်းကြောင့် ကျိယွမ်အလန့်တကြားဖြစ်သွားသည်။ သူက ရှောင်ယင်အား သေချာစိုက်ကြည့်၏။
ရှောင်ယင်မှာ အနည်းငယ်ထိတ်လန့်သွားပြီး မေးလိုက်မိသည်ကို နောင်တရသွားလေသည်။
သွားပြီ..စီနီယာကငါ့ကို နှုတိပိတ်တော့မှာလား မသိဘူး ၊ ငါကိုက လျာရှည်မိတာ ။
သို့သော် သူမထင်ထားသလို ကျိယွမ်က မတိုက်ခိုက်ခဲ့ပါ ။
သူက ပတ်ဝန်းကျင်ကို စိတ်မချသလိုလှည့်ပတ်ကြည့်လိုက်ပြီးမှ တိုးတိုးကပ်ပြော၏။
"ငါ နင့်ကို ပြောပြမယ်၊ ဟုတ်တယ် ငါပဲ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောနဲ့ဦး။ မဟုတ်ရင် မဟူရာတောင်တန်းဂိုဏ်းက ပုန်းအောင်းနေတဲ့ ပညာရှင်တွေ အပြာရောင်ကြယ်ကို လာပြီး ငါ့ရဲ့ ရွာသားတွေကို သတ်ကုန်ရင် မကောင်းဘူး"
ရှောင်ယင်၏ မျက်လုံးများ တောက်ပသွားသည်။သူမ၏ အထင်ကမှန်နေသည် မဟုတ်ပါလား။
တကယ်ပဲ စီနီယာကျိယွမ်ရဲ့ လက်ချက်ကိုး ။
"စီနီယာကျိယွမ်... မကောင်းမှုကို ဖယ်ရှားပေးပြီး ကျွန်မကို အန္တရာယ်ကနေ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရှောင်ယန်က အလေးအနက် ကျေးဇူးတင် စကားဆိုရင်း နောက်တစိကြိမ်အရိုအသေပေးလိုက်မိသည်။
"ကိစ္စမရှိပါဘူး"
ကျိယွမ်က အရေးမပါသလို လက်ဝှေ့ယမ်းလိုက်၏။
"မဟူရာတောင်တန်းဂိုဏ်းက အရမ်း အနိုင်ကျင့်လွန်းတယ်။ သူတို့က ငါ့ကို လျှို့ဝှက်ပြီး အမြဲတမ်း လုပ်ကြံဖို့ ကြံစည်နေတာ၊ ဒါကြောင့် ငါလည်း တစ်ခါတည်း အမြစ်ဖြတ်ပစ်လိုက်ရတာ။ သာမန်လူတစ်ယောက်တောင် အတင်းအကျပ် အနိုင်ကျင့်ခံရရင် ဒေါသထွက်တတ်တာပဲ မဟုတ်လား"
"ဟုတ်ကဲ့"
ရှောင်ယင်မှာ ကျိယွမ်နှင့်မဟူရာတောင်တန်းဂိုဏ်းကြားတွင် ဤကဲ့သို့သောနောက်ကြောင်းရာဇဝင် ရှိမည်ဟု မထင်ထားခဲ့ပေ။
မဟူရာတောင်တန်းဂိုဏ်းက စီနီယာကျိယွမ်ကို အနိုင်ကျင့်ခဲ့တာကိုး ၊ စီနီယာရဲ့ လုပ်ရပ်က လက်စားချေဖို့အတွက်ပေါ့။
"သူတို့က သေသင့်တဲ့သူတွေပဲ"
ထို့နောက်သူမကစကားအနည်းငယ်ပြောပြီး ကျိယွမ်အားနှုတ်ဆက်ကာ တောင်ပေါ်သို့တက်သွားလေသည်။
ရှောင်ယင် ထွက်သွားပြီးနောက် ကျိယွမ်နှင့် မြက်ပင်လေးသာ ကျန်ရစ်ခဲ့၏။
"နင့်ကြည်ရတာ နေရောင်ခြည် လိုအပ်နေပုံပဲ"
ကျိယွမ်က မြက်ပင်လေးအားကြည့်ကာ မှတ်ချက်ချလိုက်၏။
"နေရောင်ခြည်ဆိုမှ ငါ့ရဲ့အမြုတေတောင်သတိရသွားတယ်"
သူသည် ကောင်းကင်ယံမှ ကြယ်အမြုတေကို မော့ကြည့်မိသည်။
ယခုအချိန်တွင် သူသည်စိတ်ဝိညာဥ်အဆင့်သို့ ရောက်ပြီဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအားမှာ ယခင်ထက်များပြားနေလေပြီ။
ယခင်က ကြယ်အမြုတေကို တစ်ခါ ဆင့်ခေါ်ရန် အချိန်အကြာကြီး စောင့်ရသော်လည်း ယခုမူ အကြိမ်ပေါင်းများစွာ ဆင့်ခေါ်နိုင်ပြီ ဖြစ်သည်။
ဆန္ဒရှိလျှင်နင်းထောင်၏ ပုံရိပ်ယောင်ကိုပင် သူနှင့်အတူ နေရန် ဆင့်ခေါ်နိုင်၏။
သို့သော် ယခုအချိန်တွင် ကြယ်အမြုတေမှာ တတိယမြောက် နေမင်းကို ဝါးမြိုနေသည့် အရေးကြီးသောအချိန်ဖြစ်သဖြင့် နင်းထောင်မှာ ထွက်လာ၍ မရသေးပေ။
"နောက်တစ်ခါ ဂိမ်းဆော့ရင် နင်းထောင်ကိုလည်း ငါနဲ့အတူ ဆော့ဖို့ ခေါ်ဦးမယ်။ တကယ်လို့ ဂိမ်းအသစ်က ခေတ်မီတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် ပိုကောင်းမယ်။ ငါ ရှောင်ကျားနဲ့ နင်းထောင်နှစ်ယောက်လုံးကို လက်ထပ်စာချုပ် ချုပ်လိုက်မယ်။"
ကျိယွမ်သည် ရှေးကျသောကတိသစ္စာပြု လက်ထပ်ထိမ်းမြားမှုများထက် လက်ထပ်စာချုပ်ကို ပို၍ လက်ခံသူ ဖြစ်သည်။
"တစ်ခုကောင်းဆာက ငါ့မှာ ပိုက်ဆံလည်း မရှိတော့ ကွာရှင်းရင်လည်း ပိုင်ဆိုင်မှု ခွဲဝေရမှာကို စိုးရိမ်စရာ မလိုတော့ဘူး။"
ထိုသို့ တွေးရင်း ကျိယွမ်မှာ မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီကောင်းကင်ကြီးကတော့ကွာ... ငါ ဘာလို့ ဒီလောက် ဆင်းရဲနေရတာလဲ"
ကျိယွမ်မှာ တကယ်ပင် ဆင်းရဲနေခြင်း ဖြစ်သည်။
သွေးဝတ်စုံမဟာမိတ်အဖွဲ့က နည်းစနစ်စာအုပ်တွေ စုဆောင်းပေးနေသော်လည်း ၎င်းမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချသကဲ့သို့သာ ရှိ၏။
သူသည် လမ်းစဉ်ရှာဖွေရေး နန်းတော်သို့သွားပြီး ကျင့်စဉ်များ ထပ်ယူချင်သော်လည်း ဝယ်ရန် ပိုက်ဆံမရှိပေ။
"ငါ့ရဲ့ စိတ်ဝိညာဥ်တစ်ခုချင်းစီအတွက်သာ အထိမ်းအမှတ်ပွဲတွေ ကျင်းပလို့ ရရင် သာ့ရှန်းတိုင်းပြည်က အဘိုးကြီးတွေရဲ့ အိတ်ကပ်ကို ပြောင်အောင် လုပ်လို့ ရမှာပဲ"
ကျိယွမ်က နှမြောသလိုတွေးလိုက်သည်။
စိတ်ဝိညာဥ်အထိမ်းအမှတ်ပွဲ ကျင်းပလျှင် တခြား ကျင့်ကြံသူများထံမှ လက်ဆောင်များ ရရှိလေ့ ရှိသည် မဟုတ်ပါလား။
သို့သော် ရှန်းအင်ပါယာ တစ်ခုလုံးကို ပြောင်အောင် လုပ်လျှင်ပင် သူ အလိုရှိသော ပမာဏ မရနိုင်သဖြင့် ထိုအတွေးကို လက်လျှော့လိုက်ရသည်။
"ကန်းလန်လောက တစ်ခုလုံးမှာရှိတဲ့သူတွေ အကုန် တက်ရောက်နိုင်တဲ့ ပွဲမျိုးကို အကြိမ် လေးထောင်ကျော်လောက် ကျင်းပနိုင်ရင်တော့ ငါ ကန်းလန်လောကမှာ အချမ်းသာဆုံး ဖြစ်မှာပဲ။"
ကျိယွမ်သည် မချင့်မရဲဖြစ်ကာ စိတ်ကူးယဉ်လိုက်မိ၏။
၎င်းမှာ ကမ္ဘာပေါ်ရှိ လူတိုင်းက သူ့ကို တစ်ကျပ်စီ ပေးစေချင်သကဲ့သို့ပင် ၊ စုပါများလျှင် တောင်ပို့ကြီးဖြစ်လာမည်သာ ။
သို့သော် သူ၏စိတ်ကူးအတိုင်းဆိုလျှင် လူတိုင်းက သူ့ကို အကြိမ် လေးထောင်ကျော် ပေးရမည်ဖြစ်သောကြောင့် ရရှိမည့်ပမာဏက ပို၍ပင် ကြီးမားလှသည်။
"တော်ပြီ အဓိပ္ပါယ်မရှိတာတွေ"
ကျိယွမ်သည် အဓိပ္ပာယ်မရှိသော စိတ်ကူးယဉ်မှုများကို ရပ်တန့်လိုက်သည်။ တောင်ထိပ်တွင် ကျင့်ကြံသူများစွာမှာ သူ၏ ကွန်ကရစ်အိမ်သစ် ဆောက်လုပ်ရေးအတွက် အလုပ်များနေကြသည်ကို လှမ်းကြည့်၏။
ထို့နောက် သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။
"ကျိကျန်ကျွင်း.. ဒီကလေးမလေး ပြန်လာလို့ ဒီနေရာကြီး ပြောင်းလဲသွားတာကို မြင်ရင် အံ့သြသွားမှာ အသေအချာပဲ။"
"ငါးကို ဘယ်အထိများသွားဖမ်းနေပါလိမ့်..."
........
တစ်ချိန်တည်းမှာပင် မိုင်ပေါင်း ရာချီအကွာရှိ ရေကန်ကြီးတစ်ခုတွင် ကလေးမလေးတစ်ဦးသည် ငါးမြှားတံတစ်ချောင်းနှင့် ငါးဖမ်းနေလေသည်။
ဝိညာဉ်ငါးလှလှလေးတစ်ကောင် မိလိုက်သည့်အခါတိုင်း ထိုမိန်းကလေး၏ မျက်နှာတွင် တောက်ပသော အပြုံးများ ပေါ်လာတတ်၏။
"မိပြန်ပြီ...ဟီးဟီး..."
----------------------