ယင်နတ်ဘုရား
Vol. 21 Ch. 244
“ဒါက မီးလျှံနီငါးပဲ”
“ဒီငါးတစ်ကောင်ကတင် ဝိညာဉ်ကျောက်တုံး ၁၀ တုံးတန်တယ်"
“ဒီကလေးမလေးက ဘယ်ဂိုဏ်းက တပည့်လေးလဲမသိဘူး။”
ရေကန်ဘေးရှိ ငါးဖမ်းသမားများမှာ အသက်ရှူသံများ မြန်လာကြသည်။ ဝိညာဉ်ကျောက်တုံး ၁၀ တုံးတန် ငါးတစ်ကောင်မှာ ထိုနေရာရှိ ချီအဆင့်ကျင့်ကြံသူများအတွက် ရင်ခုန်စရာပင် မဟုတ်ပါလား။
အများစုမှာ တစ်နှစ်ပတ်လုံးမှ ဝိညာဉ်ကျောက်တုံး ၁၀ တုံးပင် မရှာနိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့အပြင် ကလေးမလေး၏ ပုံးထဲတွင် မီးလျှံနီငါးသာမက တခြားသော ဝိညာဉ်ငါးများလည်း ပြည့်နေ၏။ အားလုံးပေါင်းလိုက်လျှင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းအထိ တန်ကြေးရှိရာ အခြေတည်အဆင့်ကျင့်ကြံသူများကိုပင် လောဘတက်စေနိုင်သည်။
ကျိကျန်ကျွင်းကတော့ ပတ်ဝန်းကျင်မှ ဝေဖန်စကားသံများကို ဂရုမစိုက်ဘဲ ငါးမျှားတံကိုသာ အာရုံစိုက်ထားပြီး ငါးဆက်မျှားနေ၏။
ထိုစဉ် အနားရှိ ချီသန့်စင်ခြင်းကျင့်ကြံသူ အဘိုးကြီးတစ်ဦးက မနေနိုင်ဘဲ သတိပေးလိုက်သည်။
“ကလေးမလေး... ပစ္စည်းကောင်းရှိရင် ဖုံးဖုံးဖိဖိထားရတယ်ဆိုတဲ့ စကားရှိတယ်။ အခု မင်းကို ဝိုင်းကြည့်နေကြတာ အန္တရာယ်ရှိတယ်။ မင်းရဲ့ လူကြီးတွေ ဘယ်မှာလဲ၊ သူတို့ကို လာခေါ်ခိုင်းလိုက်ဦး။”
ကျိကျန့်ကျွင်းက ရေပြင်ကိုသာ စိုက်ကြည့်ရင်း ဝမ်းနည်းရိပ်သန်းသော အသံဖြင့် ပြန်ဖြေ၏။
“သမီးအမေကတော့ နတ်ပြည်ကို ရောက်သွားပြီ။ အဖေကတော့ ဂိမ်းဆော့တာကိုပဲ စွဲလမ်းနေတာ အခုထိ သေလားရှင်လားတောင် မသိရသေးဘူး။”
အဘိုးကြီးက စိတ်မကောင်းစွာသက်ပြင်းချသည်။ ကလေးမလေး၏ မိခင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး ဖခင်ဖြစ်သူမှာ စိတ်လေကာ ဂိမ်းထဲတွင် နစ်မွန်းနေသည်ဟု သူ ထင်မြင်သွား၏။
“သနားစရာ ကလေးလေးပဲ”
အဘိုးကြီးက ကရုဏာသံဖြင့်ဆိုကာ ဆက်လက်စုံစမ်းသည်။
“သမီးလို အရည်အချင်းရှိတဲ့ ကလေးမျိုးကို မွေးထားတာဆိုတော့ မိဘတွေက မျိုးရိုးမြင့်မှာပဲ။ သမီးက ဘယ်ဂိုဏ်းကလဲ။”
“သမီးတို့က တခြားမြို့က လာတာ၊ သာ့ရှန်းကို ရောက်တာ မကြာသေးဘူး”
ကျိကျန့်ကျွင်းက ငါးမျှားတံကိုအာရုံစိုက်နေရင်း မထုံတေးတေး ပြန်ပြောလိုက်စဥ်ငါးမျှားတံက လှုပ်ခါသွားသဖြင့် သူမ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“သူ နောက်တစ်ကောင် ထပ်မိပြန်ပြီ”
ငါးဖမ်းသမားများက မနာလိုစွာဖြင့် ဟစ်အော်ကြကုန်၏။
အနည်းငယ်ဝေးသော နေရာမှ လူငယ်တစ်ဦးကမူ စိတ်မကောင်းစွာဖြင့် ကြည့်နေသည်။
“ဒီကလေးမလေးတော့ ဒုက္ခရောက်တော့မယ်။ သူ ပစ်မှတ်အထားခံလိုက်ရပြီ။”
ထိုလူငယ်သည် ကလေးမလေးဘေးမှ အဘိုးကြီးကို ကောင်းကောင်းသိသည်။ ထိုအဘိုးကြီးကို ကြည့်ရသည်မှာ စိတ်ကောင်းရှိပုံရသော်လည်း တကယ်တမ်းမှာမူ လုယက်သူ ဓားပြများအတွက် သတင်းစုံစမ်းပေးသော သူလျှိုသာဖြစ်သည်။
ကျင့်ကြံခြင်းလောကသည် ထင်သလောက် မအေးချမ်းပါ။ ဂိုဏ်းကြီးများမှ တပည့်များမှာ အကာအကွယ်ရသော်လည်း တစ်ကိုယ်တော်ကျင့်ကြံသူများအတွက်မူ ဤလောက၏ အရုပ်ဆိုးသော အမှန်တရားမှာ နေရာတိုင်းတွင် ရှိနေသည်။
ထိုအချိန်မှာပင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူနှစ်ဦး ရေကန်ဆီသို့ လျှောက်လာ၏။
“သူတို့က တခြားမြို့ကဆိုတော့ ဘေးကင်းရာကို ထွက်ပြေးလာတဲ့ သိုးကလေးတွေ ဖြစ်မှာပဲ”
ဓားပြခေါင်းဆောင်၏ မျက်နှာတွင် လောဘရိပ်များ ဖုံးလွှမ်းနေပြီး ရက်စက်ရန်အသင့်ရှိနေပုံရ၏။
“ကျွန်တော် စုံစမ်းပြီးပြီ။ အနားက ဂိုဏ်းတွေထဲမှာ ဒီကလေးမလေး မပါဘူး။ သူက သာမန်မျိုးရိုးကပဲ ဖြစ်မှာပါ”
ဓားပြတစ်ဦးက သတင်းပို့သည်။
“သူ့မှာ ငါးတွေအများကြီးမိအောင်ဖမ်းနိုင်တဲ့ ကံတရားပါပုံရတယ်။ သူ့မျက်နှာကို မီးရှို့၊ အသံမထွက်နိုင်အောင် လုပ်ပြီး ဒီနေရာမှာပဲ တစ်သက်လုံး ငါးဖမ်းခိုင်းထားရင် မကောင်းဘူးလား”
နောက်တစ်ဦးက ယုတ်မာစွာ အကြံပြုသည်။
ထို့နောက် ဓားပြသုံးဦးမှာ မျက်နှာဖုံးများ ဝတ်ဆင်ကာ ထွက်ပေါ်လာတော့သည်။
ရေကန်ဘေးရှိ ငါးဖမ်းသမားများမှာ တုန်လှုပ်ကုန်ကြပြီး အချို့မှာ ငါးပုံးများကို ဆွဲကာ ထွက်ပြေးကုန်၏။
ထိုမြင်ကွင်းကြောင့် လူငယ်လေးမှာ စိတ်မကောင်းစွာဖြင့် မျက်နှာလွှဲလိုက်သည်။
ကလေးမရဲ့အဖေက ဂိမ်းရူးနေတာတဲ့ ၊ သူက အပြင်မထွက်ဘဲ သမီးကိုခိုင်းစားနေတာ ၊တော်တော်တာဝန်မဲ့တာပဲ။
တစ်ချိန်တည်းမှာ အဝေးတစ်နေရာတွင်ရှိနေသော သစ်ပင်အောက်၌ လူနှစ်ဦးမှာလည်း ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။
ထိုနှစ်ယောက်ထဲမှ အမျိုးသမီး၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာ၏။
“ဒီဓားပြတွေက တကယ့်ကို ယုတ်မာတာပဲ၊ ကလေးလေးကိုတောင် မချန်ဘူး။ ကျန်တဲ့ ယောကျ်ားတွေကလည်း သူရဲဘောကြောင်လိုက်တာ... အရှင်၊ ကျွန်မ သွားပြီး...”
အမျိုးသမီး၏ အမည်မှာ ရှန်းကျီဖုန်းဖြစ်ပြီး နတ်ဆိုးရမက်ဂိုဏ်းမှ ရှန်းမိသားစု၏ တစ်ဦးတည်းသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ ဖြစ်သည်။ သို့သော် ထူးဆန်းစွာပင် သူမသည် ဘေးရှိ သာမန်အဝတ်အစား ဝတ်ထားသော အမျိုးသားရှေ့တွင်မှု အစေခံတစ်ဦးကဲ့သို့ ရိုသေနေ၏။
ထိုအမျိုးသားမှာ ရှန်းဝူရှန်ဆိုသူဖြစ်၏။
ရှန်းမိသားစုက နတ်ဆိုးရမက်ဂိုဏ်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်မှာ ရှန်းဝူရှန်းကြောင့်ပင်။ သူသည် ဂိုဏ်းအတွင်းရှိ အခြားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအားလုံးကို ကြက်ကလေး ငှက်ကလေးများလို တစ်ကိုယ်တော် အလွယ်တကူ သတ်ဖြတ်ခဲ့သူဖြစ်သည်။
ရှန်းကျိဖုန်းသည် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း၊ ရှန်းဝူရှန်းကို တစ်ကွက်မျှပင် ယှဉ်နိုင်မည်မဟုတ်ကြောင်း သူမကိုယ်တိုင် သိ၏။
ရှန်းဝူရှန်းသည် ရှန်းကျိဖုန်းကို လက်ကာပြပြီး ကန်ဘေးရှိ မိန်းကလေးကို နက်ရှိုင်းသော အကြည့်တို့ဖြင့် ကြည့်နေသည်။
"သူက... သာမန်မဟုတ်ဘူး"
"ဟင်"
ရှန်းကျိဖုန်း အံ့အားသင့်သွားသည်။
ထိုမိန်းကလေးက သူမ၏ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားခြင်းလော။
သို့သော် သူမ မည်မျှပင် အားစိုက်ကြည့်ပါစေ ထိုမိန်းကလေးကို ထိုးဖောက်မမြင်နိုင်ပေ။
ယင်းမှာ ထိုမိန်းကလေး၏ ကျင့်ကြံဆင့်သည် သူမထက် အဆပေါင်းများစွာ သာလွန်နေခြင်း သို့မဟုတ် အရှိန်အဝါ ဖုံးကွယ်သည့် နည်းစနစ်များတွင် ကျွမ်းကျင်နေခြင်း၊ သို့မဟုတ်ပါက အရှိန်အဝါဖုံးကွယ်ပေးနိုင်သည့် ရတနာတစ်ခုခု ပိုင်ဆိုင်ထားခြင်းကြောင့်သာ ဖြစ်နိုင်သည်။
"ကြည့်မနေနဲ့၊ နင် သူ့ရဲ့ ကျင့်ကြံဆင့်ကို သိမြင်နိုင်မှာမဟုတ်ဘူး။ သာ့ရှန်းလို ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးမှာ ဒီလို စီနီယာတစ်ယောက်နဲ့ ဆုံရလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ရှန်းဝူရှန်က လေးစားမှုအရိပ်အယောင်များ ပါဝင်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
ရှန်းကျီဖုန်း ပို၍ပင် တုန်လှုပ်သွားမိသည်။ အကယ်၍ ရှန်ဝူရှန်းကပင် 'စီနီယာ' ဟု ခေါ်ဝေါ်ရသည်ဆိုလျှင် သူမသည် မည်မျှပင် အစွမ်းထက်နေမည်နည်း။
သူမသည်... ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေနိုင်သလား။
ရှန်းကျိဖုန်း၏ အသက်ရှူသံများ မြန်ဆန်လာပြီး ဓားပြများကို သနားစရာသတ္တဝါများသဖွယ် ကြည့်လိုက်မိသည်။
"ကန်းလန်နယ်မြေက ငါထင်ထားတာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါ့ရဲ့ အရည်အချင်းနဲ့ ထိုက်တန်တဲ့ ပြိုင်ဘက်မျိုးကို တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်"
ရှန်းဝူရှန်း၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များ တောက်ပလာသည်။
သူသည် အထက်ဘုံရှိ အင်အားကြီးဂိုဏ်းတစ်ခုမှ လာသူဖြစ်ပြီး သူ၏ ဆရာမှာ ကောင်းကင်ယံကိုပင် လင်းထိန်စေနိုင်သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။
ယခုအခါ ရှန်းဝူရှန်းသည် သူ၏အရည်အချင်းများကို ထက်မြက်လာစေရန် လောကအသီးသီးသို့ လှည့်လည်သွားလာနေခြင်းဖြစ်ပြီး၊ ဂိုဏ်းမှရတနာကို အသုံးပြု၍ ကမ္ဘာအမျိုးမျိုးသို့ ဆင်းသက်နိုင်၏။
ကန်းလန်နယ်မြေရှိ နတ်ဆိုးရမက်ဂိုဏ်းရှိရာ ကမ္ဘာသည် သူ၏ ရှန်မိသားစုမှ ရှာဖွေတွေ့ရှိခဲ့သော ကမ္ဘာတစ်ခုဖြစ်ပြီး၊ နောင်လာနောက်သားများ လာရောက်ရှာဖွေနိုင်ရန် တည်နေရာညွှန်းကိန်းများ ချန်ထားခဲ့ကြသည်။
သို့သော် ရှန်းမိသားစုသည် ဆုတ်ယုတ်သွားခဲ့သဖြင့် ရှန်းဝူရှန်း တစ်ဦးတည်းသာ အင်အားကြီးဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဂိုဏ်း၏ရတနာကို ရရှိခဲ့ကာ အောက်ဘုံသို့ ဆင်းသက်လေ့ကျင့်နိုင်ခဲ့ခြင်းပင်။
ရှန်းဝူရှန်း၏အကျင့်ဆိုးမှာ သူသည် တိုက်ခိုက်မှုကို ရူးသွပ်သူဖြစ်ပြီး တိုက်ပွဲများမှတစ်ဆင့် သူ၏စွမ်းရည်များကို အမြဲတမ်း သွေးနေခြင်းပင်။
ထို့အပြင် ရှန်းဝူရှန်းသည် သူ၏အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် စိတ်ဝိညာဥ်အဆင့်တွင် နှစ်ပေါင်းတစ်ထောင်ကျော် ကြာအောင် နေထိုင်ခဲ့သည်။
သူကဲ့သို့ အင်အားကြီးဂိုဏ်းများမှ တပည့်များအတွက် ယင်နတ်ဘုရားအဆင့်သို့ မရောက်မီ ကျင့်ကြံခြင်းတွင် ကုန်ဆုံးသည့်အချိန်မှာ အခြေခံအုတ်မြစ် ခိုင်မာမှုလောက် အရေးမကြီးပေ။
အကြောင်းမှာ သူတို့သည် အချိန်စီးဆင်းမှု မတူညီသော ကမ္ဘာများသို့ ဆင်းသက်နိုင်ခြင်းကြောင့် ဖြစ်သည်။
အထက်ဘုံတွင် တစ်ရက်မျှသာ ရှိသေးသော်လည်း အခြားကမ္ဘာတွင် နှစ်ပေါင်းတစ်ထောင် ဖြစ်နေနိုင်သည်။ထို့ကြောင့် အဆင့်တစ်ခုချိုးဖြတ်ရန် အချိန်ကြာခြင်းကို ဂရုမစိုက်ကြပါ။
သူတို့လို အင်အားကြီးဂိုဏ်းတပည့်များအတွက် အခြေခံအုတ်မြစ်ခိုင်မာရန်ကသာ ပဓာနဖြစ်သည်။
သို့သော် ယင်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားလျှင်မူ အရာအားလုံး ပြောင်းလဲသွားသည်။ ယင်နတ်ဘုရားများသည် စွမ်းရည်များကို သွေးရန် အချိန်လိုအပ်သော်လည်း အောက်ဘုံများတွင် လေ့ကျင့်ခြင်းမှာ အထက်ဘုံလောက် အကျိုးမရှိတော့ပေ။ အထက်ဘုံတွင် နိယာမတရားများက ပိုမိုပြည့်စုံသဖြင့် 'နတ်ဘုရားပေါက်များကို စုစည်းရန် ပိုမိုလွယ်ကူသည်။
"အရှင်က အထက်ဘုံရဲ့ အင်အားကြီးဂိုဏ်းတပည့်တွေထဲမှာတောင် ပြိုင်ဘက်ကင်းတဲ့သူပါ။ ကန်းလန်နယ်မြေက ဘယ်လို စိတ်ဝိညာဥ်အဆင့်မျိုးကများ အရှင်နဲ့ ယှဉ်နိုင်ပါ့မလဲ"
ရှန်းကျိဖုန်းက လေးလေးနက်နက် ပြောလိုက်၏။
သာ့ရှန်းတိုင်းပြည်နှင့် တိုင်းပြည်တစ်ရာနယ်မြေတွင်ရှိသော စိတ်ဝိညာဥ်အဆင့်များ အားလုံးပူးပေါင်းလျှင်ပင် သူမ၏ အရှင်သခင်ကို အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု သူမ ယုံကြည်ထားသည်။
"ဘယ်သူ့ကိုမှ လျှော့မတွက်နဲ့"
ရှန်းဝူရှန်းက တိုက်ခိုက်လိုစိတ်များ ထက်သန်စွာ ကန့်ကွက်၏။
"ခရမ်းရောင်နန်းတော် အဆင့်မှာရှိတဲ့ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ တကယ့်တပည့်ရင်းတစ်ယောက်အကြောင်း ငါသိတယ်။ သူက 'မိစ္ဆာနယ်မြေကို ဆင်းသက်သွားတုန်းက မိစ္ဆာမလေးတစ်ယောက်ရဲ့ ကစားတာကို ခံခဲ့ရပြီး ဝိညာဉ်ပါ အဖျက်ဆီးခံခဲ့ရတယ်"
ရှန်းကျိဖုန်း အသက်ရှူမှားသွားသည်။ အထက်ဘုံမှ အင်အားကြီးဂိုဏ်း၏ တပည့်ရင်း၊ ခရမ်းရောင်နန်းတော်အဆင့်ရှိသူတစ်ဦးက အောက်ဘုံရှိ မိစ္ဆာမလေးတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားသည်ဆိုသည်မှာ မယုံနိုင်စရာပင်။
"မနက်ဖြန်ကျင်းပမယ့် စိတ်ဝိညာဥ်အခမ်းအနားကို ငါသွားမယ်။ သာ့ရှန်းမှာ ငါနဲ့တိုက်ခိုက်ဖို့ တန်တဲ့သူရှိမလားဆိုတာ ကြည့်ချင်သေးတယ်။ မရှိရင်တော့ တခြားနေရာမှာ သွားရှာရမှာပေါ့"
ရှန်ဝူရှန်းက လေးနက်စွာရေရွတ်လိုက်သည်။
ကန်းလန်နယ်မြေနှင့် ပတ်သက်၍ သူ အလွန်အကျွံတော့ မလုပ်ဝံ့ပေ။ အကြောင်းမှာ ကန်းလန်နယ်မြေတွင် အစွမ်းထက်လှသော 'ယန်နတ်ဘုရား'တစ်ပါး အပါအဝင် လျှို့ဝှက်လှသောနက်ရှိုင်းမှုများ ရှိနေသောကြောင့် ဖြစ်သည်။
ထိုယန်နတ်ဘုရားသည် ရှန်းဝူရှန်း၏ဂိုဏ်းထက်ပင် ပိုမိုအစွမ်းထက်၏။ အကယ်၍ ရှန်ဝူရှန်းသာ ကန်းလန်နယ်မြေတွင် သေဆုံးသွားခဲ့လျှင်အင် သူ၏ဂိုဏ်းသည် သူ့အတွက်နှင့် ထိုယန်နတ်ဘုရားကို ရန်စမည့် အန္တရာယ်မျိုး အဖြစ်ခံမည်မဟုတ်ပေ။
ထိုသို့တွေးတောရင်း သူသည် ကန်ဘေးရှိ ကျင့်ကြံသူများကို သနားစရာသဖွယ် ကြည့်လိုက်မိသည်။
"နှမြောစရာပဲ... ဒီမြေမှာ မွေးဖွားလာရတာက ကံကြမ္မာဆိုးပဲ"
ဤကမ္ဘာတွင် ယင်နတ်ဘုရားများပင်လျှင် အစကတည်းက ကံကြမ္မာအသတ်ခံထားရပြီးဖြစ်ကာ ပိုမိုကောင်းမွန်သည့် ရလဒ်အတွက် မျှော်လင့်ချက်မရှိပေ။
ထိုအချိန်တွင် ကန်ဘေးမှ အံ့အားသင့်သွားသည့် အသံများ ထွက်ပေါ်လာသည်။
ကျိကျန့်ကျွင်းက သူမ၏လက်ကလေးကို တစ်ချက်ဝေ့ယမ်းလိုက်ရာ တစ်ခဏချင်းမှာပင် ဓားပြသုံးဦး သေဆုံးသွားသောကြောင့်ဖြစ်၏။
ကန်ဘေးမှကျင့်ကြံသူအားလုံး မှင်တက်သွားကြသည်။
ဒီကလေးမမှာ... ကျင့်ကြံဆင့် ရှိနေတာလား။
"အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဒီလိုပဲ အသတ်ခံလိုက်ရတာလား။ ကလေးမကလည်း... ရုပ်ဖျက်ထားတဲ့ အခြေတည်အဆင့်ကျင့်ကြံသူလား"
"ဒီဓားပြတွေ လူမှားပြီးပတ်သတ်မိပြီ"
"ကလေးမလေးအဖြစ် ရုပ်ဖျက်ထားတဲ့ အခြေတည်အဆင့် ဆရာတစ်ယောက်ပဲ..."
တံငါသည်များက ထိတ်လန့်စွာတိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
စောစောက သနားနေခဲ့သောလူငယ်လေးသည်လည်း အံ့အားသင့်သွားပြီးနောက် နောင်တရသွားသည်။
အကယ်၍ သူမသည် အခြေတည်အဆင့်ကျင့်ကြံသူဖြစ်ကြောင်း သိခဲ့လျှင် သူမနှင့် ပတ်သက်မှုရရန် တစ်ခုခု ပြောဆိုပေးခဲ့မိမှာသေချာ၏။
ထိုအချိန်တွင် ကျိကျန့်ကျွင်းသည် သူမဘေးမှ အဖိုးကြီးကို လျှို့ဝှက်ဆန်းကြယ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"အဖိုးကြီး... ဖခင်မရှိတဲ့ မိဘမဲ့ကလေးကို အနိုင်ကျင့်တာ တော်တော်ယုတ်မာတာပဲ"
သူမ၏ စကားအဆုံးတွင် ဓားပြများနှင့် ဆက်သွယ်နေသော ထိုအဖိုးကြီးမှာ ချက်ချင်း သေဆုံးသွားသည်။
ကျန်ရှိနေသော တံငါသည်များမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အချို့မှာ ချက်ချင်းထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ကြ၏။
ဓားပြအများစု၏ နောက်ကွယ်တွင် ကြီးမားသော အဖွဲ့အစည်းများ ရှိနေတတ်သည်မဟုတ်ပါလား။
ကျားချင်းကိုက်ရာ သမင်လမ်းကူးမှားအဖြစ်မခံနိုင်ဘူး ၊ ငါတို့ဘဝလေးတွေက ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုတဲ့ ဘဝမျိုးတွေ။
ငါးအသေးလေးတွေကို သတ်လိုက်လျှင် ငါးကြီးများ ရောက်လာလိမ့်မည်။
ထိုကလေးမလေး၏ ကံကြမ္မာမှာ မကောင်းဖို့သာရှိလေသည်။
ထိုစဉ် လေးနက်တည်ကြည်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"နတ်ဆိုးရမက်ဂိုဏ်းက ရှန်းဝူရှန်း...စီနီယာကို နှုတ်ဆက်ပါတယ်"
ရှန်းဝူရှန်းနှင့် ရှန်းကျိဖုန်းတို့ ပေါ်လာကြပြီး နှစ်ဦးစလုံး နှိမ့်ချသော အမူအရာများ ရှိနေကြသည်။
အနီးနားရှိ လေလွင့်ကျင့်ကြံသူများမှာ ပို၍ အံ့သြမှင်တက်သွားကြသည်။
နတ်ဆိုးရမက်ဂိုဏ်းသည် သာ့ရှန်း၏ အင်အားကြီးဂိုဏ်းသုံးဂိုဏ်းထဲမှ တစ်ခုဖြစ်ပြီး အစစ်အမှန် ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုဂိုဏ်းသားများက ဤကလေးမကို 'စီနီယာ' ဟု ခေါ်ဝေါ်နေ၏။
သူမသည် အမြုတေအဆင့်ကျင့်ကြံသူ တစ်ဦးလား။
ထို့အပြင် အင်အားကြီးဂိုဏ်းတစ်ခုမှ လာသူလော။
ကျိကျန့်ကျွင်းက သူမရှေ့သို့ရောက်လာသော ရှန်းဝူရှန်းကို ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ရှင်က အထက်ဘုံကလား"
ရှန်းဝူရှန်း၏ နှလုံးသား တဆတ်ဆတ်တုန်လှုပ်သွား၏။ သာမန် ယင်နတ်ဘုရားများပင်လျှင် သူ၏ ဇစ်မြစ်ကို သိမြင်နိုင်ခြင်း မရှိပေ။
ဒီစီနီယာက...
ရှန်းကျိဖုန်းသည်လည်း အလွန်အံ့အားသင့်သွားသည်။ အဆင့်နိမ့်လေလွင့်ကျင့်ကြံသူများကမူ နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့က ငါတို့နားမလည်တဲ့ ဘာသာစကားတွေပြောနေတာလား။
အထက်ဘုံတဲ့ ။
"မှန်ပါတယ် စီနီယာ... ကျွန်တော်ဟာ ဖူထိုတောင်ရဲ့ တပည့်တစ်ဦးပါ"
ရှန်းဝူရှန်းက ရိုသေစွာ ပြန်ဖြေသည်။
"မကြားဖူးဘူး"
ကျိကျန့်ကျွင်းက ခေါင်းခါလိုက်သည်။
"ကျွန်မအမေလည်း အထက်ဘုံမှာ ရှိတယ်။ သူ့ကို မတွေ့ရတာ ကြာပြီ။တကယ်လို့ ရှင်အထက်ဘုံကို ပြန်သွားရင် ကျွန်မအတွက် သတင်းစကားလေးတစ်ခု ပါးပေးနိုင်မလား"
ကျိကျန့်ကျွင်း၏ စကားကြောင့် ရှန်းဝူရှန်း၏ ဦးရေခွံများပင် စိမ့်သွားသည်။
ဒီစီနီယာရဲ့ အမေက အထက်ဘုံမှာလား။
ဒီကမ္ဘာက ဘယ်ယင်နတ်ဘုရားမှ အထက်ဘုံကို မတက်နိုင်ဘူးလို့ ပြောကြတာ မဟုတ်ဘူးလား။ ဘာတွေ ဖြစ်ကုန်တာလဲ။
"ကျေးဇူးပြုပြီး ပြောပါ"
ရှန်းဝူရှန်းက ဦးညွှတ်လျက် ဆိုသည်။
ကျိကျန့်ကျွင်းက ဝမ်းသာအားရပြုံးပြီး သူမ၏ဆန္ဒကို ပြောပြလေသည်။
"ရှင်က လူကောင်းတစ်ယောက်ပဲ။ ကျွန်မအမေက 'လနတ်ဘုရားနန်းတော်က ကျင်းလီလို့ခေါ်တဲ့ လနတ်သမီး တစ်ပါးပါ။ သူရဲ့သမီးကျန့်ကျွင်းက သူမကို အရမ်းလွမ်းနေတယ်... ပြီးတော့ ကျန့်ကျွင်းက အဖေ့ကို ရှာတွေ့သွားပြီလို့ ပြောပေးပါ"
ကျိကျန့်ကျွင်းက ရှည်လျားသော သတင်းစကားကို ပြောကြားလိုက်သည်။
"ရှင်က ကျွန်မကို ကျေးဇူးအများကြီး တင်စေခဲ့ပြီ။တကယ်လို့ ကန်းလန်နယ်မြေမှာ ရှင်တစ်ခုခု အခက်အခဲကြုံရင် ဒီမိန်းကလေးက ရှင့်ဘက်မှာ ရှိနေမယ်"
အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် တူသော်လည်း ကျိကျန့်ကျွင်း၏ အပြောအဆိုမှာ လူကြီးတစ်ဦးအလားရှိနေ၏။
"ကျေးဇူးတင်ပါတယ် စီနီယာ"
ရှန်ဝူရှန်းက အံ့အားသင့်နေလျှက်ကပင် အလျင်အမြန် ပြန်ပြောလိုက်သည်။
လနတ်ဘုရားနန်းတော်သည် ဖူထိုတောင်ထက် အဆများစွာ ပိုမိုအစွမ်းထက်၏။ ထိုနန်းတော်မှ လနတ်သမီးများသည် နောက်ထပ် လနတ်ဘုရားဖြစ်လာမည့် လောင်းလျာများဖြစ်ကြပြီး၊ ရှန်ဝူရှန်း၏ ဆရာမှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း ကျင့်ကြံဆင့်နိမ့်သည့် အချို့လနတ်သမီးများအောက်ပင် အဆင့်အတန်း နိမ့်နေသေးသည်။
သူ၏ရှေ့မှ စီနီယာသည် ထို့သို့အဆင့်အတန်းမြင့်မားသော လနတ်သမီးတစ်ပါး၏ သမီးတစ်ယောက်ဟု သိရသဖြင့် ရှန်းဝူရှန်း မှင်တက်နေမိသည်။
လနတ်သမီးတစ်ပါးက အိမ်ထောင်ပြုပြီး ဒီလောက်ကြီးတဲ့ ကလေးရှိနေတာလား။
"ကဲ ဒါဆို ...ကျွန်မသွားပြီ"
ကျိကျန့်ကျွင်းက လက်ဝေ့ယမ်းပြကာ သူမ၏ ငါးပုံးကိုဆွဲ၍ တစ်ခဏချင်း ပျောက်ကွယ်သွားလေသည်။
ရှန်းကျိဖုန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
"ယင်နတ်ဘုရား... သူက ယင်နတ်ဘုရားပဲ"
ကျိကျန့်ကျွင်းထံမှ မရည်ရွယ်ဘဲ ထွက်ပေါ်လာခဲ့သော အရှိန်အဝါမှာ မှားယွင်းစရာမရှိအောင်ပင် ယင်နတ်ဘုရား၏ အရှိန်အဝါပင်။
သာ့ရှန်းတိုင်းပြည်တွင် သူမသည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကိုပင် တစ်သက်လုံး မတွေ့ဖူးချေ၊ ယင်နတ်ဘုရားကိုဆိုလျှင်တော့ အိမ်မက်ထဲမှာပင် မမက်ဖူးခဲ့ပါ။
အခြားသော တံငါသည်များမှာ ရှန်းကျိဖုန်း၏ အာမေဍိတ်သံကို ကြားရသောအခါ မယုံနိုင်အောင် ဖြစ်သွားကြသည်။
"ယင်နတ်ဘုရားလား"
"နတ်ဘုရားအစစ်တဲ့"
"ကောင်းကင်က မစလို့ နတ်ဘုရားစစ်စစ်ကို ဖူးမြော်ခွင့်ရတာပဲ"
"ကန်တော့ကြဟေ့.."
တံငါသည်များမှာ ဒူးထောက်၍ ထပ်ခါတလဲလဲ ဦးချကြတော့သည်။
လေလွင့်ကျင့်ကြံသူတချို့က ရှန်းကျိဖုန်းကို နတ်ဆိုးရမက်ဂိုဏ်း၏ အသစ်ခန့်အပ်ခံရသော ဂိုဏ်းချုပ်ဖြစ်ပြီး စိတ်ဝိညာဥ်အဆင့်ဖြစ်ကြောင်း မှတ်မိကြသည်။
အကယ်၍ သူမက ထိုကလေးမလေးကို ယင်နတ်ဘုရားဟု ပြောခဲ့လျှင် သံသယဖြစ်စရာ မလိုတော့ပေ။
တံငါသည်များသည် ထိုကဲ့သို့ ဒဏ္ဍာရီလာ အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
စောစောက လူငယ်လေးမှာမူ မျက်နှာတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး နောင်တကြီးစွာရနေတော့သည်။
အကယ်၍ ထိုမိန်းကလေးသည် ဒဏ္ဍာရီလာ နတ်ဘုရားမတစ်ပါး ဖြစ်ကြောင်း သိခဲ့လျှင် သူမ၏ မျက်နှာသာပေးမှုကို ရရှိရန် အသက်ကိုပင်ရင်းကာ တစ်ခုခု ပြောခဲ့မိမည်ဖြစ်သည်။
တိုင်းပြည်တစ်ရာလုံးတွင် စိတ်ဝိညာဥ်အဆင့်များသည်သာ ကြီးမားသော အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားကြသူများဖြစ်၏။
အကယ်၍ သူသာ ယင်နတ်ဘုရားနှင့် ပတ်သက်မှုရှိခဲ့လျှင် ထိုစိတ်ဝိညာဥ်အဆင့်များကိုပင် ရိုသေပြနေစရာ မလိုတော့ပေ။
သို့သော် အချိန်ကို ပြန်လှည့်၍ကား မရတော့ပြီ။
ထိုအချိန်တွင် ရှန်းကျိဖုန်း၏ မျက်နှာက ရုတ်တရက် အေးစက်သွားသဖြင့် အနီးရှိ လေလွင့်ကျင့်ကြံသူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
"ဒီနေ့ ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မဖြစ်ခဲ့ဘူးလို့ မှတ်ထားလိုက်။ စကားတစ်လုံးလေးတောင် ပေါက်ကြားသွားရင် နင်တို့ မတွေးဝံ့စရာ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်"
လေလွင့်ကျင့်ကြံသူများ မျက်နှာဖြူလျော်သွားပြီး မည်သူမျှ မကန့်ကွက်ဝံ့ကြပေ။
ရှန်ဝူရှန်းက အလောင်းများကို ငုံ့ကြည့်ကာ "ဒီဓားပြတွေကို ရှင်းပစ်ဖို့ လိုမယ်" ဟု ရေရွတ်လိုက်သည်။
"ကျွန်မ အခုချက်ချင်းပဲ ဒီဓားပြတွေကို အမြစ်ပြတ်သုတ်သင်ဖို့ အမိန့်ပေးလိုက်ပါ့မယ်"
-----------------------