အစွမ်းထက်လှသော ရှန်းဝူရှန်း
Vol. 21 Ch. 245
ယနေ့တွင် ရှန်ကွမ်းဂိုဏ်၌ ခါတိုင်းနှင့်မတူ ထူးခြားစွာ အလွန်စည်ကားလျက် ရှိသည်။ သာ့ရှန်းတိုင်းပြည်တစ်ဝန်းလုံးမှ ဂုဏ်သတင်းကျော်ကြားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများ ရှန်ကွမ်းသို့စုဝေးရောက်ရှိနေကြသောကြောင့်ပင်။
ရှန်ကွမ်းဂိုဏ်းမှ ထုတ်ပြန်လိုက်သော ဖိတ်ကြားလွှာမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းလွန်းလှသည်။ အသက် ၂၀ ဝန်းကျင်မျှဖြင့် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိသွားပါသည် ဆိုသောသတင်းမှာ သာ့ရှန်းတိုင်းပြည်တွင်သာမက တိုင်းပြည်တစ်ရာနယ်မြေတစ်ခုလုံးတွင်ပင် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြားဖူးချေ။
အရှေ့ပိုင်းဒေသကြီးတွင်ပင် ထိုမျှ ငယ်ရွယ်သော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးပါ။
ထို့ကြောင့် စိတ်ဝိညာဥ်အဆင့်အရှင်သခင်အများအပြားသည် ကျိယွမ်၏အဆင့်တက်လှမ်းနိုင်မှုအပေါ် သံသယများဖြင့် ပြည့်နှက်နေကြသည်။
လက်ရှိတွင် ရှန်ကွမ်းဂိုဏ်း၏ ဧည့်ခန်းမကြီးထဲသို့ရောက်နေကြသော စိတ်ဝိညာဥ်အဆင့်အရှင်သခင်များကလည်း ထိုကိစ္စက ဖြစ်နိုင်၏ မဖြစ်နိုင်၏ကို တီးတိုးဝေဖန်နေကြကုန်၏။
ရွှေပလ္လင်ပေါ်တွင် ထိုင်နေသော ဘုန်းတော်ကြီးဝူထျန်းသည် ရွှေကြာပန်းပေါ်သို့ လက်တင်ကာ ခြေထောက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထားသည်။
သူက ကြမ်းတမ်းသောအသံဖြင့် စကားဝိုင်းကိုစ၏။
"မင်းတို့အားလုံး ဘယ်လိုထင်လဲ။ကျိစယ်တောင်ထိပ်က ကျိယွမ်က တကယ်ပဲစိတ်ဝိညာဥ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာလား"
"အဲဒါ အမှန်ဖြစ်နေတယ်ဆိုရင်တောင်၊ သူက အသက် ၂၀ နဲ့ ဒီအဆင့်ကို ရောက်ခဲ့တယ်ဆိုတာကိုတော့ ငါမယုံဘူး။ မိစ္ဆာအိုကြီးတစ်ကောင်ကောင်က သူ့ခန္ဓာကိုယ်ကို လူမသိသူမသိသိမ်းပိုက်လိုက်တာလည်း ဖြစ်နိုင်တာပဲ"
ချားထုန်သခင်မက သူမ၏ မျက်လုံးများကို မှေးစင်းလျက် ပြောလိုက်သည်။ သူမသည် စိတ်ဝိညာဥ်အလယ်အလတ်အဆင့်တွင် ရှိပြီး ဂိုဏ်းအဖွဲ့အစည်းမရှိသည့် လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ကွယ်လွန်သွားပြီဖြစ်သော မဟူရာကြက်မိစ္ဆာအိုကြီးမှလွဲလျှင် သာ့ရှန်းတိုင်းပြည်ရှိ လေလွင့်ကျင့်ကြံသူများထဲ၌ သူမမှာ အင်အားအကြီးဆုံး ဖြစ်၏။
"အသက် ၂၀ နဲ့ စိတ်ဝိညာအဆင့်ကို ရောက်ဖို့ဆိုတာ ယုံရခက်ပေမဲ့ ကြီးမားတဲ့ ကံတရား ဒါမှမဟုတ် အထူးအဆန်း ရတနာတစ်ခုခု ရှိခဲ့ရင်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"
ကျူမြောလွင့်တောင်တန်းဂိုဏ်းမှ အရှင်သခင်ကွမ်းကျန့်က တွေးတွေးဆဆဆိုသည်။
အဓိက ဂိုဏ်းကြီးသုံးဂိုဏ်းအနက်မှ တစ်ခု၏ ခေါင်းဆောင်ဖြစ်သဖြင့် သူ၏စကားမှာ အလေးအနက်ရှိပြီး အခြားသောစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကလည်း နည်းနည်းလက်ခံချင်သလို ခေါင်းညိတ်ထောက်ခံကြ၏။
"ရှန်ကွမ်းဂိုဏ်းမှာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးခဲ့တယ်လို့ ငါကြားတယ်။ ကျိယွမ်ရဲ့ အဆင့်တက်လှမ်းမှုက အဲဒါနဲ့ ပတ်သက်နေနိုင်မလား "
ဝူထျန်းဘုန်းကြီးက သူ၏ခေါင်းတုံးကြီးကို ပွတ်ရင်းမှ အဓိကအချက်ကို အကြံပြုလိုက်သည်။
သူ၏စကားကြောင့် ရှိနေကြသော ခန်းမထဲရှိအရှင်သခင်များ၏ မျက်နှာများ အနည်းငယ် ပျက်သွားကြသည်။
ဓားနီဂိုဏ်းသည် သာ့ရှန်းတိုင်းပြည်အပေါ်တွင် ကြာမြင့်စွာကတည်းက အကြံအစည်များ ရှိနေခဲ့ပြီး သာ့ရှန်းဧကရာဇ်ဟောင်းကိုပင် ထောက်ပံ့ပေးခဲ့သည်။ ၎င်းတို့သည် ကောင်းကင်နဂါးလျှို့ဝှက်နယ်မြေတွင် ဂိုဏ်းအသီးသီးမှ တပည့်များကို ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ကြ၏။
သို့သော်လည်း လွန်ခဲ့သော အချိန်အတန်ကြာက ဓားနီဂိုဏ်းမှ ခရမ်ရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးသည် ရှန်ကွမ်းဂိုဏ်းတွင် ပြဿနာရှာခဲ့ပြီး ဂိုဏ်းအတွင်းရှိ လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦး၏ တိုက်ရိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထိုသတင်းကို ကြားလိုက်ရစဥ်က သာ့ရှန်းတိုင်းပြည်တစ်ခုလုံးရှိအရှင်သခင်များအားလုံးမှာ မယုံနိုင်စွာထိတ်လန့်သွားကြသည်။ ၎င်းတို့အားလုံးသည် လင်းထျန်းစံအိမ် သို့ ဝင်ရောက်စုံစမ်းခဲ့ကြပြီး နောက်ဆုံးတွင် ရှန်ကွမ်းဂိုဏ်းရှိ ဖြစ်ရပ်မှာ သွေးဝတ်စုံမဟာမိတ်အဖွဲ့ နှင့် ဆက်စပ်နေကြောင်း သိရှိလိုက်ရ၏။
အစပိုင်းတွင် ၎င်းတို့သည် သွေးဝတ်စုံမဟာမိတ်အဖွဲ့က မည်သို့သော အရာဖြစ်သည်ကို မသိရှိခဲ့ကြပေ။ သို့သော် မကြာမီမှာပင် ၎င်း၏ ခေါင်းဆောင်ဖြစ်သော သွေးဝတ်စုံဓားနတ်ဘုရားသည် တိုင်းပြည်တစ်ရာနယ်မြေမှ ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ကြပြန်သည်။
သူ၏သမီးဖြစ်သူမှာ အလင်းနန်းတော်၏ ဖိနှိမ်ခြင်းခံရကာ ခွေးအိမ်တွင် နေထိုင်ခဲ့ရသဖြင့် သူသည် နာကျည်းကာ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ ၅၀ ကျော်ရှိသော အလင်းနန်းတော်ကို တစ်ယောက်တည်းဖျက်ဆီးပစ်ခဲ့၏။ သူသည် ယင်နတ်ဘုရားအများအပြားကိုပင် သတ်ဖြတ်ခဲ့သည်ဟု ကောလာဟလများ လည်း ထွက်ပေါ်ခဲ့သေးသည်။
ဤသည်မှာ ကောင်းကင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ကိစ္စဖြစ်ပြီး
သွေးဝတ်စုံမဟာမိတ်အဖွဲ့မှာလည်း သွေးဝတ်စုံဓားနတ်ဘုရားက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထူးဆန်းသည်မှာ ကျိစယ်တောင်ထိပ်၏ အဓိကတပည့် ကျိယွမ်သည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် နက်ရှိုင်းသော ပတ်သက်မှုရှိသည်ဟု ဆိုနေကြခြင်းပင်။
ထိုအချက်များကိုပါ ထည့်တွေးတောလိုက်သောအခါ အရာအားလုံးမှာ အဓိပ္ပာယ်ရှိသွားသည်။ ကျိယွမ်သည် သွေးဝတ်စုံဓားနတ်ဘုရား၏ လက်အောက်သို့ ရောက်ရှိသွားခြင်း သို့မဟုတ် သူ၏ သားသမီးပင် ဖြစ်နိုင်လေ၏။
ထို့အပြင် ကျိစယ်တောင်ထိပ်၏ အဓိကတပည့် ကျိယွမ်၏ နောက်ခံမှာ အမှန်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။
ရွမ်ယူချမ်းသည် သာရှန်းတိုင်းပြည်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သော်လည်း သူမ၏ဂိုဏ်းမှ ထွက်ခွာခဲလှသည်။ သူမ တစ်ကြိမ်တည်းသာ ထွက်ခွာခဲ့သည့်အချိန်တွင် ကျိယွမ်ဆိုသောတပည့်တစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့ခြင်းမှာ ၎င်းတို့အား သံသယဖြစ်စေရန် လုံလောက်လှသည်။
"တကယ်လို့ အဲဒါသာ အမှန်ဆိုရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ"
"ရှန်ကွမ်းဂိုဏ်းကတော့ တကယ့်ကို ကံကောင်းတာပဲ"
"ဟင်း...."
စိတ်ဝိညာဥ်အဆင့်အရှင်သခင်များသည် အသီးသီးငြိမ်သက်သွားပြီး ဖြစ်နိုင်ချေများကို စိတ်ကူးယဉ်နေကြသည်။ ၎င်းတို့၏ ဦးနှောက်များကို မည်မျှပင် သုံးစွဲ၍ မူးချာပတ်ချာလည်အောင် တွေးတောစေကာမူ ကျိယွမ်သည် သွေးဝတ်စုံဓားနတ်ဘုရား ကိုယ်တိုင်ဖြစ်သည်ဟုတော့ မည်သည့်အခါမျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းမှာ ယုတ္တိဗေဒနှင့် အလှမ်းဝေးလွန်းလှသည်မဟုတ်ပါလား ။
"မင်းတို့သိလား ..ကျိယွမ်က သူ့ဆရာမ ရွမ်ယူချမ်းကို သူ့မိန်းမလို့ ခေါ်တယ်ဆိုတဲ့ ကောလာဟလက အလကားမဟုတ်ဘူးထင်တယ်။ ဖြစ်နိုင်တာက... ဟဲဟဲ"
"သွေးဝတ်စုံဓားနတ်ဘုရားက ယင်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ တရားထိုင်နေရတော့ သူ့သားကို ဂရုမစိုက်နိုင်လို့ ကလေးဘဝကတည်းက သတို့သမီး ရှာပေးထားတာနေမှာ"
စိတ်ဝိညာဥ်အဆင့်အဘိုးကြီးများသည် စိတ်ကူးမိရာအတင်းအဖျင်းများ ပြောဆိုလျှက် ၎င်းတို့၏ စိတ်ကူးထဲတွင် ပုံပြင်များ ဖန်တီးနေကြသည်။
"ကျော်ကြားလှတဲ့ ကျိစယ်တောင်ထိပ်ရဲ့ အဓိကတပည့်က ကလေးသတို့သား ဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
"ဒီလို စကားတွေကို ပေါ့ပေါ့ဆဆ မပြောသင့်ဘူးနော်"
ထိုအချိန်တွင် ကျော့ရှင်းသောနက်ပြာရောင် ဝတ်စုံရှည်ကို ဆင်မြန်းကာ ခါးတွင် အနက်ရောင် ခါးပတ်ပတ်ထားသော ကျန်းလင်းစုသည် နတ်သမီးတစ်ပါးကဲ့သို့ ပေါ်ထွက်လာသည်။
သူမသည် ခါးကိုလက်ထောက်လျက် စိတ်ပျက်နေသော ပုံစံဖြင့် ညည်းညူနေ၏။
"ဒီစိတ်ဝိညာဥ်အဆင့်ဂိုဏ်းအရှင်သခင်တွေက အရမ်းတွန့်တိုတာပဲ။ ဒါတွေပဲ ပေးတာလား"
(ဤနေရာ၌ အရှင်သခင် ဟူသောဘွဲ့သည် ကျင့်ကြံခြင်းနှင့်မဆိုင်ဘဲ ရာထူးနှင့်သာဆိုင်ပါသည် ၊ စိတ်ဝိညာဥ်အဆင့်အများစုသည် ဂိုဏ်းချုပ်များ အကြီးအကဲကြီးများ စသောသြဇာလွှမ်းမိုးသူများဖြစ်သောကြောင့် ၄င်းတို့ကို အရှင်သခင် ဟု ခေါ်ကြ၏။)
သူမသည် ဆရာတူအစ်ကိုကြီးအတွက် တံခါးစောင့်အဖြစ် လုပ်ဆောင်ပေးရခြင်းကို မပျော်ရွှင်သော်လည်း သူမ၏ တာဝန်ကို အလေးအနက်ထားသည်။
သူမ၏ ရှေ့တွင်ရပ်နေသည့် ရိုးရှင်းစွာ ဝတ်ဆင်ထားသော ရှောင်ယင်က ကျန်းလင်းစုအားသဘောကျသလိုရယ်မောလိုက်သည်။
"စီနီယာအစ်မ၊ မနေ့က ကျိစယ်တောင်ထိပ်မှာတုန်းက အစ်မပုံစံက ဒီလိုပုံစံ မဟုတ်ပါဘူး"
မနေ့ကဆိုလျှင် ကျိစယ်တောင်ထိပ်တွင် ကျန်းလင်းစုသည် ကျိယွမ်ကို ဒေါသတကြီး ဗြစ်တောက်ဗြစ်တောက် ပြောဆိုနေခဲ့ခြင်းဖြစ်သည်။
အဓိကအားဖြင့် ကျိယွမ်သည် သူမကို တံခါးစောင့်အဖြစ် ခိုင်းစေကာ အရှက်ခွဲခြင်းမှာ နည်းလမ်းမကျကြောင်း ၊ မကျေနပ်ကြောင်းများကို ရင်ဖွင့်ခဲ့ခြင်းပင်။
"ဒါပေမဲ့ အခု တကယ်တမ်း တံခါးစောင့်လုပ်နေရတော့ စီနီယာအစ်မက ပျော်နေပုံရတယ်နော်။ လက်ဆောင်တွေ နည်းနေမလားဆိုပြီးတောင် စိုးရိမ်နေတာ၊ အိမ်ထိန်းတစ်ယောက်နဲ့တောင် တူနေပြီ"
ရှောင်ယင်က ပြုံးလျက် ပြောလိုက်၏။
ကျန်းလင်းစု၏ နားရွက်ဖျားလေးများမှာ ဆံပင်အောက်တွင်အနည်းငယ် နီမြန်းသွားသည်။ သူမက ရင်ကိုကော့ကာ ထုချေ၏။
"ငါ့စီနီယာအစ်ကိုက လက်ဆောင်တွေ အများကြီးရရင် ငါက သူ့ဂျူနီယာညီမဆိုတော့ ဝေစုရနိုင်တာပေါ့။ ငါက ဘာလို့ ဂရုမစိုက်ရမှာလဲ"
သူမ၏ယခုလုပ်ရပ်က ဆုလာဘ်အတွက်သာဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရှောင်ယင်သည် ဆက်မပြောတော့ဘဲ ကျန်းလင်းစုကိုသာ အားကျသော မျက်လုံးများဖြင့် ကြည့်မိ၏။
ယခင်က သူတို့အားလုံး A အဆင့်ဖြင့် ထိပ်တန်းအကဲဖြတ်မှုများ ရရှိခဲ့စဉ်က ကျိယွမ်သည် ကျိစယ်တောင်ထိပ်သို့ ခေါ်ရန် တပည့်တစ်ဦးကို ရွေးချယ်နိုင်ခွင့် ရှိခဲ့သည်။
ထိုအချိန်တွင် ရှောင်ယင်သည်လည်း ကျိယွမ်၏ရွေးချယ်ခံရရန် မျှော်လင့်ခဲ့၏။
အကြောင်းရင်းတစ်ခုမှာ ကျိစယ်တောင်ထိပ်သခင်မ ရွမ်ယူချမ်းမှာ အလွန်လျှို့ဝှက်ဆန်းကြယ်သောကြောင့် ဖြစ်ပြီး၊ အခြားတစ်ခုမှာ တောင်ထိပ်တွင် တပည့်နှစ်ဦးသာ ရှိသဖြင့် ရင်းမြစ်များကို ပိုမိုရရှိနိုင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ကျိယွမ်သည် သူမနှင့် ကျန်းလင်းစုအပါအဝင် အားလုံးကို ငြင်းပယ်ခဲ့သည်။
သို့သော် ကျန်းလင်းစုမှာ ရဲရင့်စွာဖြင့် ကျိယွမ်ကို သွားရောက်မေးမြန်းခဲ့သဖြင့် ကျိစယ်တောင်ထိပ်သို့ ဝင်ရောက်နိုင်ခဲ့၏။
ယခုအခါ ကျိယွမ်သည် စိတ်ဝိညာဥ်အဆင့်အရှင်သခင် ဖြစ်လာခဲ့ပြီဖြစ်သည်။ သူ၏ ဂျူနီယာညီမအဖြစ် ကျန်းလင်းစုသည် သာ့ရှန်းတိုင်းပြည်တစ်ခုလုံးတွင် မည်သူ့ကိုမျှ ဂရုစိုက်စရာမလိုဘဲ သွားလာနိုင်လေပြီ။
မည်မျှအားကျဖွယ်ကောင်းသနည်း ။
ဂိုဏ်းတစ်ခုသို့ အတူတူဝင်ရောက်ခဲ့သော်လည်း ကံကြမ္မာအရ လုံးဝပြောင်းလဲသွားနိုင်သည်။
လက်တွေ့ကိုပဲကြည့်ပါ ၊ စိတ်ဝိညာဥ်အဆင့်အရှင်သခင်များကို ရင်ဆိုင်နေရသော်လည်း ကျန်းလင်းစုသည် ၎င်းတို့၏ လက်ဆောင်များ နည်းပါးမှုအပေါ် ပြစ်တင်ပြောဆိုရန် ယုံကြည်မှု ရှိနေသည်။
သူမနေရာ၌ ရှောင်ယင်ဆိုလျှင် ထိုသို့ပြုလုပ်ရန် မည်သည့်အခါမျှ ရဲဝံ့မည်မဟုတ်ပေ။
သဘာဝကျစွာပင် သူမသည် အနည်းငယ်တော့ မနာလိုဖြစ်မိသည်။
ထိုစဉ်မှာပင်...
"နတ်ဆိုးရမက်ဂိုဏ်းက ရှန်းဝူရှန်းနဲ့ ရှန်းကျီဖုန်းတို့ ရောက်ရှိလာပါတယ်"
ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။
အခမ်းအနားတွင် ရှိနေကြသော စိတ်ဝိညာဥ်အဆင့်များအားလုံး စိတ်ဝင်တစားစောင့်ကြည့်လိုက်ကြသည်။
နတ်ဆိုးရမက်ဂိုဏ်းအတွင်း၌ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲများက အားလုံးကို တုန်လှုပ်စေခဲ့၏။ ရှန်းမိသားစုသည် ရုတ်တရက် အာဏာရလာပြီး ကျိမိသားစုကို နှိမ်နင်းခဲ့သည်။
ထိုကိစ္စကို ကူညီပေးခဲ့သော ရှန်းဝူရှန်း၏ မူလဇစ်မြစ်နှင့် ပတ်သက်၍ ကောလာဟလများစွာ ရှိနေကြပြီး မည်သူမှတော့ ရေရေရာရာမသိကြပေ။
လူတိုင်း၏ အကြည့်မှာ ရှန်းဝူရှန်းထံသို့ ရောက်ရှိသွားခဲ့သည်။
သူသည် အနက်ရောင်ဝတ်စုံကို ဆင်မြန်းထားပြီး မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိပေ။ သို့သော် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် သူသည် မည်သူမျှအနိုင်မယူနိင်သောအရှိန်အဝါကို ထုတ်လွှင့်နေသည်။
"သူက သာမန်စိတ်ဝိညာဥ်အဆင့်တော့ မဟုတ်ဘူး"
ကျူမြောလွင့်တောင်တန်းဂိုဏ်းမှ အရှင်သခင်ကွမ်းကျန့်က မျက်ခုံးများကုပ်လျက် လေးနက်စွာပြောလိုက်သည်။
သူသည် ရှန်းဝူရှန်းထံမှ ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရ၏။
ဘုန်းတော်ကြီးဝူထျန်း၏ မျက်နှာမှာလည်း တည်ကြည်သွားသည်။
ရှိနေကြသော စိတ်ဝိညာဥ်အရှင်သခင်များ အားလုံးမှာ မုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလား ခံစားနေကြရ၏။
ခန်းမထဲသို့ ရောက်လာသော်လည်း ရှန်းဝူရှန်းသည် မည်သညိ်ခုံတွင်မှ ဝင်မထိုင်ပါ ။ သူက မတ်တပ်ရပ်လျှက် ခန်းမအတွင်းရှိ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအားလုံးကို စူးရဲစွာကြည့်လိုက်သည်။ သူ၏ အကြည့်မှာ တည်ငြိမ်သော်လည်း ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။
ရှန်းဝူရှန်သည် တိုက်ခိုက်ရေးကိုရူးသွပ်သူတစ်ဦးဖြစ်ပြီး တာအို၏ အထွတ်အထိပ်ကို အမြဲတမ်း ရှာဖွေနေသူ ဖြစ်သည်။ သူသည် အရှုံးကို ရှာဖွေရန် ကမ္ဘာအသီးသီးသို့ လှည့်လည်သွားလာနေပြီး တိုက်ခိုက်ခြင်းအားဖြင့် မိမိကိုယ်ကို မြှင့်တင်နိုင်ကာ အခိုင်မာဆုံးသော အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ထား၏။
အထက်ဘုံတွင် ရှုံးနိမ့်ရန်မှာ အလွန်လွယ်ကူလှသည်။ သို့သော် ရင်းမြစ်ရှားပါးသော အောက်ကမ္ဘာများတွင် ရှုံးနိမ့်ခြင်းမှာ ပြိုင်ဘက်ထံမှ များစွာ သင်ယူနိုင်သည်ဟု သူက ယူဆ၏။
အရေးကြီးဆုံးအချက်မှာ သူ၏ ကိုယ်ပိုင်လမ်းစဉ်ကို ဖော်ဆောင်ရန်နှင့် သူ၏ မူလဇစ်မြစ်ကိုအခြေခံသော ထူးခြားသည့် နတ်ဘုရားစွမ်းရည်ကို ဖော်ထုတ်ရန် ဖြစ်သည်။
ရှန်းဝူရှန်က စတင်ပြောဆိုလိုက်သည်။
"ငါက ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ကနေ ရိုးသားမှုနဲ့ မျှော်လင့်ချက်တွေနဲ့ ရောက်လာတာပါ။ ငါ လိုချင်တာက တိုက်ပွဲတစ်ခုပဲ"
စတင်စကားပြောလိုက်သည်နှင့် သူ၏ တိုက်ခိုက်ရေး ရူးသွပ်သူ အရှိန်အဝါမှာ အပြည့်အဝ ထွက်ပေါ်လာ၏။
သူသည် ခန်းမထဲရှိလူအုပ်စုကြီးကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်။
စိတ်ဝိညာဥ်အဆင့်အရှင်သခင်များမှာ အံ့အားသင့်သွားကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
အချို့သော အဖိုးကြီးများသည် ဒီကောင်မိမိကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်ဟု ထင်ကာ တိုးတိုးတိတ်တိတ် ရယ်မောနေကြသည်။
အချို့ကမူ သူ့ကို မောက်မာသည်ဟု ယူဆကာ သဘောမကျသလို မျက်မှောင်ကြုတ်နေကြ၏။
စိတ်ဝိညာဥ်အဆင့်များအချင်းချင်း မကျေနပ်မှုများရှိလျှင်ပင် သူတို့က လေးလေးစားစားဆက်ဆံကြသည်။
သို့သော် ရှန်းဝူရှန်း၏ နောက်ထပ်စကားများက ခန်းမထဲရှိကျင့်ကြံသူများကို သူသည် မောက်မာရုံတင်မကဘဲ အလွန်တရာ ရဲတင်းနေကြောင်း သိရှိသွားစေသည်။
"ခင်ဗျားတို့ အားလုံး ကျုပ်ကို အတူတူ တိုက်ခိုက်နိုင်တယ်။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က ကျုပ်ကို ဒဏ်ရာရအောင် လုပ်နိုင်ရင် ဒီဆေးလုံးကို ဆုလာဘ်အဖြစ် ပေးမယ်"
ရှန်းဝူရှန်သည် သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ကြည်လင်သော ကျောက်စိမ်းပုလင်းလေး ပေါ်ထွက်လာသည်။
ပုလင်းအတွင်း၌ ဆေးလုံး ခုနစ်လုံး ရှိနေ၏။
မကျေမနပ်ဖြစ်နေသော စိတ်ဝိညာဥ်အဆင့်အရှင်သခင်များမှာ ထိုဆေးလုံးများကို မြင်သောအခါ ၎င်းတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကုန်၏။
"ခုနစ်ပါးညီညွတ် နတ်ဘုရားအာဟာရ ဆေးလုံး ၊ အဲဒါက ဒဏ္ဍာရီလာ ဆေးလုံးပဲ"
"အဲဒါ တကယ်ပဲ။ ဆေးလုံးရဲ့ အရှိန်အဝါက အစစ်အမှန်ပဲ"
ထိုဆေးလုံးသည် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ၏ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။
စိတ်ဝိညာဥ်အဆင့်မြင့်ပိုင်းတွင် ရှိနေသူများအတွက် ထိုဆေးလုံးကို သုံးစွဲခြင်းဖြင့် ဝိညာဉ်ကို အားကောင်းစေကာ စိတ်ဝိညာဥ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိစေပြီး ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းရန် အထောက်အကူ ဖြစ်စေသည်။
အထူးခြားဆုံးမှာ ဤဆေးလုံးသည် ခရမ်းရောင်နန်းတော်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ၃၀ ရာခိုင်နှုန်းခန့်ထိ တိုးမြှင့်ပေးနိုင်၏။
မည်သည့်စိတ်ဝိညာဥ်အဆင့်က မမက်မောဘဲနေနိုင်မည်နည်း။
"မင်း တကယ်ပြောတာလား"
ဘုန်းတောိကြီးဝူထျန်းက အရင်ဆုံး မေးလိုက်သည်။
"အမှန်ပေါ့။ ကျုပ်ကို... အနိုင်ယူနိုင်မယ့်သူကို မျှော်လင့်နေပါတယ်"
ရှန်းဝူရှန်း၏ မျက်လုံးများမှာ အနက်ရောင် ဝတ်စုံအောက်တွင် တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေပြီး ရှိနေသူအားလုံးကို စောင့်မျှော်နေသည်။
အခြားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာလည်း ဟိုဟိုဒီဒီဝေခွဲမနေတော့ချေ။
"ငါတို့လို လူကြီးတွေက လူငယ်တစ်ယောက်ကို တိုက်ခိုက်တာက နှိမ်ရာကျပေမဲ့ ဒီဆေးလုံးအတွက်တော့ ငါ့မျက်နှာကို အထူလုပ်ပြီး တခြားမိတ်ဆွေတွေနဲ့ ပူးပေါင်းရမှာပဲ"
ချားထုန်အရှင်သခင်မက တိုက်ပွဲဝင်ရန် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ကျူမြောလွင့်တောင်တန်းဂိုဏ်း ခေါင်းဆောင်ကလည်း ကျယ်လောင်စွာ ရယ်မောလျက် ထောက်ခံ၏။
"ငါ့ကိုလည်း ထည့်တွက်လိုက်"
သာမန်အခြေအနေတွင် သူတို့သည် ဂုဏ်သိက္ခာကို ငဲ့ကွက်ကြမည် ဖြစ်သည်။ သို့သော် ထိုမျှ အဖိုးတန်သော ဆေးလုံးကို ကမ်းလှမ်းလာသောအခါ ၎င်းတို့မှာ ဂုဏ်သိက္ခာများကို ယာယီဘေးချိတ်ထားလိုက်တော့သည်။
၎င်းတို့သည် မိမိတို့၏ အင်အားကို ယုံကြည်ကြ၏။
ရှန်းဝူရှန်းက အခြားသော ဒေသကြီးမှကျင့်ကြံသူ ဖြစ်နေစေကာမူ သူတို့က တိုက်ခိုက်ရန် မကြောက်ရွံ့ပေ။ ထို့ပြင် ရှန်းဝူရှန်သည် အဆင့်တူကျင့်ကြံသူ ၃၀ ကျော်ကို တစ်ပြိုင်နက်တည်း စိန်ခေါ်နေခြင်းဖြစ်၏။
ရှန်ကွမ်းဂိုဏ်းမှ ကျင့်ကြံသူများအပါအဝင် ဂိုဏ်းအသီးသီးမှစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများ အားလုံး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။
ထိုအချိန်တွင် ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"နေဦး...ရှင် လက်ဆောင် မပေးရသေးဘူးလေ"
တံခါးစောင့် ကျန်းလင်းစုက သူတို့၏ဆွေးနွေးမှုကို ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။
စိတ်ဝိညာဥ်အဆင့်အရှင်သခင်များသည် ကျန်းလင်းစုကို အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
တံခါးစောင့်မျှသာအဆငိ့ရှိသူက အဘယ့်ကြောင့် ထိုမျှ ရဲတင်းနေရသနည်း။
ရှန်းကျီဖုန်း၏ မျက်လုံးများတွင် ဒေါသများ ထွက်ပေါ်လာပြီး သူမကို ဆူပူရန် ပြင်လိုက်စဉ် ရှန်းဝူရှန်းက တားတိုက်၏။
"အဲဒါ ငါ့ဘက်က အမှားပါ"
သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးလုံးတစ်လုံးသည် ပုလင်းထဲမှ ထွက်လာပြီး ကျန်းလင်းစု၏ ရှေ့သို့ ကျရောက်သွားလေသည်။
ရှိနေသူအားလုံး ပါးစပ်အဟောင်းသားဖြစ်ကုန်၏။
"ဒါကို ငါ့ရဲ့ လက်ဆောင်အဖြစ် မှတ်ယူလိုက်ပါ"
ရှန်းဝူရှန်းက တည်ငြိမ်စွာ ဆိုသည်။
ကျန်းလင်းစုသည် ခဏမျှ ကြောင်အသွားပြီးနောက် ဆေးလုံးကို အမြန်သိမ်းဆည်းလိုက်ကာ ပါးစပ်ကနားရွက်ချိတ်တော့မလို ပြုံးသွားသည်။
ဤဆေးလုံးသည် သူမ၏အစ်ကိုကြီးအတွက် အလွန်တရာ အဖိုးတန်လိမ့်မည်ဖြစ်သဖြင့် သူမ ဂရုတစိုက် သိမ်းဆည်းထားလိုက်၏။
ကျန်းမိသားစုပင်လျှင် ထိုမျှ အဖိုးတန်သော ဆေးလုံးကို ထုတ်ပေးရန် မလွယ်ကူပါ၊
သူမသည် ထိုဆေးလုံးကို သူမကိုယ်တိုင် ရရှိသကဲ့သို့ အလွန်ဝမ်းသာနေမိသည်။
ထိုအချိန်တွင် ရှန်ကွမ်းဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဦးဆောင်သော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည် အနီးရှိ တိုက်ခိုက်ရေးစင်မြင့်သို့ ဦးတည်လိုက်ကြသည်။
စင်မြင့်မှာ အလွန်ခိုင်ခံ့ပြီး စိတ်ဝိညာဥ်အရှင်သခင်များပင် ဖျက်ဆီးရန် မလွယ်ပေ။
ရှန်းဝူရှန်းကလည်း နေရာယူလိုက်ပြီး စိတ်ဝိညာဥ်အဆင့် အရှင်သခင် ၃၃ ဦး၏ ရှေ့တွင် တည်ငြိမ်စွာ ရပ်နေ၏။ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသော သူ၏ အကြည့်ကတော့ စူးရှတည်ငြိမ်နေသည်။
သူ့အတွက်မူ ပြိုင်ဘက်ဖြစ်နေသရွေ့ ချီအဆင့်ကျင့်ကြံသူ ဖြစ်နေပါစေ၊ အလေးအနက်ထား တိုက်ခိုက်ရမည်ဟု ခံယူ၏။
ဤသည်မှာ ရှန်းဝူရှန်း၏ ကျင့်ကြံခြင်း လမ်းစဉ်ပင် ဖြစ်သည်။
"တိုက်ကြစို့"
ရှန်းဝူရှန်းက အော်ဟစ်လိုက်သည်။
ထိုအော်ဟစ်သံက အေးဆေးတည်ငြိမ်နေသော ရှန်းဝူရှန်း၏ခန္ဓာကိုယ်အတွင်းရှိ အစွမ်းများကို နှိုးဆွလိုက်ပုံရသည်။ သူ၏ အရှိန်အဝါမှာ ရုတ်တရက် ဆယ်ဆမျှ ပိုမိုအားကောင်းသွားလေသည်။
စင်မြင့်ပေါ်ရှိ အရှင်သခင်များ အားလုံး မျက်နှာပျက်သွားကြ၏။
"ဒီအရှိန်အဝါက.."
၎င်းတို့သည် စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ စစ်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
"မင်းတို့ရဲ့ စိတ်ဝိညာဥ်တွေကို အမြန်ထုတ်ကြ"
"နတ်ဘုရားစွမ်းရည်တွေကို အကုန်သုံး"
အရှင်သခင် ၃၃ ဦးမှာ တွေဝေမနေတော့ချေ။ ထိုအချိန်တွင် မည်သူမျှ အစွမ်းမချန်ထားကြတော့ပါ။
မဟုတ်ပါက ထိုရတနာဆေးလုံးမှာ လက်လွတ်သွားပေလိမ့်မည်။
"လေဆင်နှာမောင်း ဆောင်းဦးရေပြင်"
ကျူမြောလွင့်တောင်တန်းဂိုဏ်း ခေါင်းဆောင်ကွမ်းကျန့်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ကြီးမားသော ဓားတစ်လက်မှာ ဘယ်ကမှန်းမသိ ပေါ်ထွက်လာ၏ ၊ သူသည် သူ၏ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
"ပျော့လိုက်တာ၊ သိပ်ပျော့လွန်းတယ်"
ရှန်းဝူရှန်သည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ အခြားသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် သူ့ကို ရှင်းလင်းစွာ မမြင်နိုင်ကြတော့ချေ။
သူသည် သူ၏လက်ချောင်းများဖြင့် ကွမ်းကျန်း၏နတ်ဘုရားစွမ်းရည်မှ ထွက်ပေါ်လာသော ဓားကြီးကို ဖမ်းယူလိုက်ပြီး လက်ဖြင့် ခါထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်မှာ အလွယ်တကူပျက်စီးသွားလေသည်။
ကွမ်းကျန့် တုံ့ပြန်ရန် အချိန်မရမီမှာပင် ကြီးမားသော အင်အားတစ်ခုက သူ့ကို ရိုက်ခတ်သွားပြီး စင်မြင့်ပေါ်မှ လွင့်စဉ်သွားကာ ရှုံးနိမ့်သွားတော့သည်။
အခြားသော စိတ်ဝိညာဥ်အဆင့်အဘိုးကြီးများ ထိတ်လန့်သွားကြ၏။
"သူက အရမ်းသန်မာတာပဲ"
"ငါတို့ သူ့ကို မယှဉ်နိုင်ဘူး"
"ဒီလို မိစ္ဆာကောင်မျိုး ဘယ်လိုရှိနေတာလဲ"
ထိုအချိန်တွင် ရှန်းဝူရှန်းသည် ဝိညာဉ်တစ်ခုကဲ့သို့ လျှပ်တပြတ်လှုပ်ရှားကာ ပြိုင်ဘက် ၃၀ ကျော်ကြားတွင် ဘာမျှမရှိသကဲ့သို့ ဖြတ်သန်းသွားသည်။
ရလဒ်အနေနှင့် သူနှင့် ရင်ဆိုင်ရသူတိုင်းမှာ စင်မြင့်ပေါ်မှ အလွယ်တကူ ကန်ထုတ်ခြင်း ခံလိုက်ကြရကုန်၏။
၎င်းတို့၏ ဂုဏ်ယူရသော နတ်ဘုရားစွမ်းရည်များမှာ ရှန်းဝူရှန်ကိုရင်ဆိုင်ရာတွင် လုံးဝ အသုံးမဝင်ခဲ့ပါ။
သူသည် ၎င်းတို့ကြားတွင် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး စက္ကန့်အနည်းငယ်တိုင်းတွင် အရှင်သခင်တစ်ဦးစီ ရှုံးနိမ့်နေတော့သည်။
ထိုတိုက်ပွဲမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းလှ၏။
ကြည့်ရှုနေသော တပည့်များနှင့် အကြီးအကဲများအတွက်မူ အံ့ဩဖွယ်ကောင်းသော မှော်ပညာများကို မြင်တွေ့နေရပြီးနောက် သူတို့ဘက်မှ အရှင်သခင်များ တစ်ဖက်သတ် ရှုံးနိမ့်သွားသည်ကိုသာ မြင်တွေ့နေရသည်။
ထိုမြင်ကွင်းကြောင့် ကျင့်ကြံသူတိုင်းမှာ မျက်လုံးများပြူးလျှက် ပါးစပ်အဟောင်းသားကြီးများ ဖြစ်နေကြတော့သည်။
"သူက အင်အားကြီးလွန်းတယ်"
"သူက တကယ်ပဲ စိတ်ဝိညာဥ်အဆင့်ဟုတ်လို့လား"
"ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဒီလောက် အားမကြီးနိုင်ဘူး"
ကျင့်ကြံသူများသည် ရှန်းဝူရှန်ကို လူ့ပြည်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်နေကြ၏။
သူသည် ယှဥ်ဘက်မရှိ အင်အားကြီးမားလွန်းလှသည်။
တစ်ဦးတည်းက အဆင့်တူ ၃၃ ဦးကို တစ်ပြိုင်တည်း ရင်ဆိုင်ပြီး ပြတ်ပြတ်သားသား အနိုင်ယူလိုက်သည်တဲ့။
မျက်လုံးများရှိ၍သာ မြင်နေရသည်။ အဓိပ္ပါယ် လုံးဝမရှိပါ။
မလှမ်းမကမ်းတွင်ရပ်နေသော ကျန်းလင်းစုသည် သူမ၏ နှုတ်ခမ်းကို ကိုက်လျက် မျက်မှောင်ကြုတ်နေသည်။
"ဒီလူက တကယ်ပဲ နည်းလမ်းမကျဘူး။ ဒီနေ့က စီနီယာအစ်ကိုရဲ့ အခမ်းအနားလေ၊ သူက လူတွေရဲ့အာရုံကို အကုန်ယူသွားပြီ"
သူမ၏ တိုးတိုးတိတ်တိတ် ဗြစ်တောက်ဗြစ်တောက် ပြောဆိုသံကြောင့် ငေးကြောင်နေသော ရှောင်ယင် သတိပြန်ဝင်လာ၏။
သူမသည် ကျန်းလင်းစုကို ကြည့်ကာ... ကြောင်အသွားသည်။
အခုချိန်က လူတွေအာရုံစိုက်ခံရတာကို စိုးရိမ်ရမယ့် အချိန်လား။
ငါတို့ စိုးရိမ်ရမှာက... နတ်ဆိုးရမက်ဂိုဏ်းရဲ့ အန္တရာယ် မဟုတ်ဘူးလား။
ထိုဂိုဏ်းသည် သူမတို့ရှန်ကွမ်းဂိုဏ်းနှင့် အမြဲတမ်း ပဋိပက္ခဖြစ်နေခဲ့သော ရန်ဘက်ဖြစ်၏။
ယခုအခါ ထိုရန်သူဂိုဏ်းတွင် ယုတ္တိမရှိလောက်အောင် အတုမရှိသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသဖြင့် ရှန်ကွမ်းဂိုဏ်းရှိ တပည့်တိုင်းမှာခြိမ်းခြောက်မှုကို ခံစားနေရသည်။
"ခင်ဗျားတို့က အရမ်းပျော့လွန်းတယ်"
ခဏမျှ ကြာပြီးနောက် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ရှန်းဝူရှန် တစ်ဦးတည်းသာ မတ်တပ်ရပ်ကျန်ရှိတော့သည်။
အရှင်သခင် ၃၃ ဦးစလုံး စင်မြင့်ပေါ်မှ ဖယ်ထုတ်ခြင်း ခံလိုက်ရ၏။
အချိန်တိုအတွင်းမှာပင် သူသည် ၃၃ ဦးကို ရင်ဆိုင်ကာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ခြင်းပင်။
နိုင်ပွဲရရှိခဲ့သော်လည်း ရှန်းဝူရှန်က မပျော်ပါ ၊ ထိုအစား သူ၏ မျက်လုံးများတွင် စိတ်ပျက်မှုများ ရှိနေသည်။
ဤတိုက်ပွဲမှာ စိတ်ဝင်စားစရာ မကောင်းပေ၊ သွေးပူလေ့ကျင့်ခန်းမျှသာ ဖြစ်သည်။
ရှုံးနိမ့်သွားသော အရှင်သခင် ၃၃ ဦး၏ မျက်နှာများကတော့ သေချင်စိတ်ပေါက်သလို ညှိုးငယ်နေ၏။
မောက်မာသောရှန်းဝူရှန်း၏ ရှေ့တွင် ၎င်းတို့ လုံးဝ အရှုံးပေးလိုက်ရပြီး မည်သည့်စကားမျှ မပြောဝံ့ကြတော့ပေ။
ရှန်းကျီဖုန်းက တစ်ခုခုကို သတိရကာ ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။
"ကျွန်မတို့ အရှင်က... ကန်းလန်နယ်မြေမှာ တကယ့် နံပါတ်တစ် စိတ်ဝိညာဥ်အဆင့်ပဲ ၊ တကယ်လို့ အရှင်သာ အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းမှာ ပါဝင်ခဲ့ရင် သေချာပေါက် ထိပ်ဆုံးက ဖြစ်မှာ"
အကယ်၍ သူမသည် ဤစကားကို အရင်က ပြောခဲ့လျှင် ခန်းမထဲမှ ကျင့်ကြံသူများက တဟားဟား လှောင်ပြောင်ကြမှာ သေချာ၏။
သို့သော် ယခုအခါ ရှန်းဝူရှန်၏ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်သော အစွမ်းကို မြင်တွေ့ရပြီးနောက် ၎င်းတို့
အားလုံး ပါးစပ်ပိတ်နေကြရုံသာရှိတော့သည်။
အကယ်၍ ထိုသူသာ အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ယှဉ်ပြိုင်ခဲ့လျှင် သေချာပေါက် ပထမရရှိပေလိမ့်မည်။
"ကန်းဖူလူ.. မင်းက အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းဝင်တစ်ယောက်ပဲ။တကယ်လို့ ဒီရှန်းမျိုးရိုးကျင့်ကြံသူသာ ပါဝင်ခဲ့ရင် သူ ပထမ ရမှာလား"
ဝူထျန်းက မလှမ်းမကမ်းတွင်ရပ်နေသော ကန်းဖူလူမေးလိုက်သည်။
အရှေ့ပိုင်းဒေသ၏ နံပါတ်တစ်အဆင့်ကို ရှုံးနိမ့်ခြင်းမှာ ၎င်းတို့အတွက် လက်ခံရ ပိုမိုလွယ်ကူပေလိမ့်မည်။
ကန်းဖူလူသည် ချက်ချင်းမဖြေဘဲ ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ..
"အဲဒီ ပါရမီရှင်တွေက ရှန်းဝူရှန်နဲ့ ယှဉ်ရင် အများကြီး အောက်ရောက်ပါတယ်"
သူက ထိုအတိုင်း ပြန်လည်ဖြေကြားလိုက်သည်။
အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်း၏ ထိပ်တန်း ဆယ်ဦးထဲတွင် ပါဝင်သော သာ့ကျိအရှင်သခင်ပင်လျှင် ထိုမျှ အစွမ်းမရှိပေ။
ထိုစကားကို ကြားသောအခါ ရှန်းကျီဖုန်း၏ အပြုံးမှာ ပိုမိုပီပြင်လာသည်။
"ကျွန်မတို့ အရှင်က ကန်းလန်နယ်မြေမှာ သေချာပေါက် နံပါတ်တစ် စိတ်ဝိညာဥ်အဆင့်ပဲ"
---------------