ယန်နတ်ဘုရား၏ အစွမ်း
Vol. 21 Ch. 237
ယန်နတ်ဘုရားနှင့်ယင်နတ်ဘုရားတို့ကြားရှိ ကွာဟချက်မှာ လူသားနှင့်ပုရွက်ဆိတ်တို့ကြားရှိ ကွာဟချက်ထက်ပင် ပိုမိုကြီးမား၏။
ယန်နတ်ဘုရားတိုင်းက အဆုံးအစမဲ့ အလင်းတန်းများ ထုတ်လွှတ်နေသည့် ကြယ်တစ်လုံးစီကို ပိုင်ဆိုင်ကြသည်။ ကျိယွမ်၏ နားလည်မှုအရ ထိုကြယ်များမှာ နေများဖြစ်၏။ ထို့ကြောင့် ယန်နတ်ဘုရားတစ်ပါးသည် နေတစ်စင်းနှင့် ညီမျှသည်ဟု ဆိုနိုင်သည်။
သူ၏ ယခင်ဘဝ ၂၁ရာစု ကမ္ဘာတွင် နေမင်းသည် နေစကြဝဠာဟုခေါ်သော မိသားစုဂြိုဟ်စုစနစ်၏ အရှင်သခင်ဖြစ်လေသည်။ နေသည် မိသားစုဂြုဟ်စုစနစ်တစ်ခုလုံး၏ ဒြပ်ထုစုစုပေါင်း ၉၉.၈၆ ရာခိုင်နှုန်းကိုပင် ပိုင်ဆိုင်ထား၏။ထိုစနစ်တွင် သူကစွမ်းအားအကြီးမားဆုံးပင်။
ကလန်လောကတွင်လည်း သာမန်ယင်နတ်ဘုရားတစ်ပါးသည် ၎င်း၏ အစွမ်းကုန်ထုတ်လျှင် တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပြီး ယန်နတ်ဘုရားတစ်ပါးကတော့ အချိန်လုံလောက်စွာ ရရှိပါက ကန်လန်လောကကြီးတစ်ခုလုံးကို ဝါးမြိုပစ်နိုင်စွမ်း ရှိသည်။
ဒီနှစ်ကောင်ကရော ဘယ်လောက်ထိစွမ်းလဲ။
ဟင်းလင်ပြင်၏ အဝေးတစ်နေရာရှိ ကြယ်တာရာကောင်းကင်ယံ၌ နားလည်ရခက်လောက်အောင် ကြီးမားလှသော ယန်နတ်ဘုရားနှစ်ပါးသည် သူတို့၏ ဧရာမမျက်လုံးကြီးများဖြင့် ကျိယွမ်တို့အဖွဲ့ကို ငုံ့ကြည့်နေကြသည်။
၎င်းတို့ကို ယခုလို အနီးကပ် တည့်တည့်ရင်ဆိုင်လိုက်ရသည့်ရိုက်ခတ်မှုမှာ ပြောမပြနိုင်လောက်အောင်ပင် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှ၏။
သွေးနေမင်းသူတော်စင်မယ်က သူမ၏စစ်မှန်သောခန္ဓာကိုယ်အား တစ်ချက် လှုပ်ရှားလိုက်ရာ ရေတံခွန်ကဲ့သို့ စီးကျနေသော ဆံနွယ်များကြားမှ ကြယ်တာရာများသည် အဆင်တန်ဆာများအလား လည်ပတ်သွားသည်။
သူမစကားပြောလိုက်သည့်အခါမှာတော့ ထိုအသံမှာ လူတိုင်း၏ နှလုံးသားအတွင်းမှ ပဲ့တင်ထပ်လာသကဲ့သို့ စိတ်နှလုံးကို ရပ်တည်ရာမရအောင် ခြောက်ခြားစေ၏။
"ယန်နတ်ဘုရားအဆင့်ကို မရောက်တဲ့သူတွေဟာ ပုရွက်ဆိတ်အဆင့်ပဲရှိတယ်။ နင်တို့အားလုံးဟာ တော်တော်လေး အထင်ကြီးဖို့ကောင်းပေမဲ့ အနာဂတ်မရှိဖို့ ကံပါလာပြီးသားပဲ"
ထိုစကားကို ကြားသောအခါ ကျိယွမ်က ပခုံးတွန့်လိုက်၏။
"ဒီလိုစကားမျိုးကို ငါ ကြားဖူးလွန်းလို့ နားငြီးနေပြီ"
သူက နားယားဟန်ဖြင့် နားထဲကို လက်သန်းထိုးလျှက် နားကလော်ပြသည်။
သူ ချီသန့်စင်ခြင်းအဆင့်မှာ ရှိစဉ်က အခြေခံတည်အဆင့်ကျင့်ကြံသူများက သူ့လိုချီအဆင့်များကို ပုရွက်ဆိတ်ဟု ဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများကလည်း ကျန်သောသူအားလုံးကို ပုရွက်ဆိတ်များဟု ဆိုကြပြန်၏။
ထို့နောက်တွင်တော့ ခရမ်းရောင်နန်းတော်အဆင့်များကို ယင်နတ်ဘုရားများက ပုရွက်ဆိတ်တွေဟု သမုတ်ပြန်သည်။ ယခုအခါမှာတော့ ယန်နတ်ဘုရားများပေါ်လာပြီး ယင်နတ်ဘုရားများကို ပုရွက်ဆိတ်များဟု စွပ်စွဲနေလေပြီ။
"နင်တို့ NPC တွေရဲ့ စကားပြောခန်းတွေကို အဆင့်မြှင့်ဖို့ လိုနေပြီ"
ကျိယွမ်က ပျင်းရိစွာဆို၏။
ယန်နတ်ဘုရားနှစ်ပါးကို ရင်ဆိုင်နေရသဖြင့် ကျိယွမ်သည် အလွန့်အလွန်အန္တရာယ်ရှိနေကြောင်း ခံစားမိပြီး အပြည့်အဝ သတိထားနေသော်လည်း ကြောက်ရွံ့ခြင်းတော့ လုံးဝမရှိပါ။
ဂိမ်းထဲကယန်နတ်ဘုရားကိုတောင် ကြောက်နေရင် အပြင်ဘဝကယန်နတ်ဘုရားတွေကို ဘယ်လိုရင်ဆိုင်ရဲတော့မှာလဲ။
ကျိယွမ်က အရူးအဖြစ်လက်ခံနိုင်လည်း သူ၏စိတ်ကိုတော့ စိတ်ဒဏ်ရာအဖြစ်မခံနိုင်ပါ။
"နင့်လို ပုရွက်ဆိတ်က ရဲတင်းလှချည်းလား"
သွေးနေမင်းသူတော်စင်ကြီးက ဒေါသကြီးမားစွာဖြင့် ကျိယွမ်တို့အားလုံး ထွက်ပြေး၍မရစေရန် ဟင်းလင်းပြင်ကို ပိတ်ဆို့ပစ်လိုက်သည်။
သွေးနေမင်းသူတော်စင်မကတော့ စကားများများထပ်မပြောတော့ပါ။
"နင့်ကို ဝါးမြိုလိုက်တာနဲ့ ငါကထိပ်ဆုံးကိုရောက်ပြီ "
စကားသံနှင့်အတူ သူမ၏ ဧရာမခန္ဓာကိုယ်ကြီးကို လှုပ်ရှားလိုက်တော့သည်။
သူမ၏ ဆံနွယ်များတွင် ချိတ်ဆွဲထားသော ကြယ်တာရာများမှာ ကချေသည်တို့၏အဆင်တန်ဆာများကဲ့သို့ တချွင်ချွင်မြည်လာပြီး ဟင်းလင်းပြင်အထက်မှ ဧရာမ လက်ဝါးကြီးတစ်ဖက် ကျဆင်းလာသည်။
၄င်းမှာ ယန်နတ်ဘုရားတစ်ပါး၏ ခြေလက်အင်္ဂါအစစ်ပင်ဖြစ်၏။အထက်လောကများတွင် ယန်နတ်ဘုရားများသည် သူတို့၏ ပုံရိပ်ကိုယ်ထည်ဖြင့် ဘယ်သောအခါမှ ပေါ်လာလေ့မရှိသော်လည်း ဤနေရာမှာ လောကများကြားရှိ ဟင်းလင်းပြင် ဖြစ်နေသည်။
ဧရာမလက်ဝါးကြီးသည် ဖန်ထုန်ကမ္ဘာကြီး တစ်ခုလုံးကို သူ၏လက်ဝါးထဲ ထည့်ယူနိုင်လောက်အောင်ကြီးမား၏။ သို့သော် လက်တွေ့တွင်မူ ထိုလက်ဝါးသည် ဖန်ထုန်နယ်မြေမျက်နှာပြင်ပေါ်ရှိ သာမန်သက်ရှိအားလုံးကိုသာ သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
ဖန်ထုန်နယ်မြေလို အဆင့်အတန်းမြင့်မားသော မူလဘူတကမ္ဘာတစ်ခုကို အမှုန့်ဖြစ်အောင် အလွယ်တကူဖျက်ဆီးရန်မှာ ပြောသလောက်မလွယ်ကူပါ။
သို့သော် သက်ရှိများအတွက်မူ ထိုလက်ဝါးကြီးသည် ကျယ်ပြောလှပြီး အနှိုင်းမဲ့သော တိုက်ခိုက်မှုတစ်ခုပင် ။ ယခုတိုက်ခိုက်မှုမှာ ကျိယွမ် လူဝင်စားပြီးနောက်ပိုင်း ရင်ဆိုင်ခဲ့ရသမျှထဲတွင် အားအကောင်းဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်မှုကြီးဖြစ်သည်။
ခြောက်ခြားဖွယ်ရာအရှိန်အဝါကြောင့် ရဲရင့်နေသောရှေးဟောင်းနတ်ဘုရားများ အားလုံး၏မျက်နှာများပင် ပျက်ယွင်းသွားကြသည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုကြီးကို သူတို့ မည်သို့ တားဆီးနိုင်မည်နည်း။
လူသားတို့၏ အင်အားဖြင့် ရပ်တန့်နိုင်သော အရာမဟုတ်တော့ပါ။
တစ်ချက်တည်းနဲ့ သေရတာတော့ မတန်ဘူး။
သူတို့ကို ရသလောက်ပြန်ချချင်သေးတာကို။
သူတို့အားလုံးသည် ခေတ္တတုန့်ဆိုင်းသွားသော်လည်း မည်သူကမျှ ကြောက်ရွံ့ခြင်း မရှိသလို ပြန်ပြေးရကောင်းမလားဟု ဝေခွဲမရဖြစ်နေသည့် ရှေးဟောင်းနတ်ဘုရား တစ်ပါးမျှလည်း မရှိပါ။
"သတ်...."
တစ်ခွန်းတည်းအော်ဟစ်ကာ ကျိယွမ်သည် ရှေ့သို့ ရိပ်ခနဲ ပြေးတက်သွား၏။
ကျိယွမ်၏လက်ရှိ အတွေ့အကြုံရမှတ်များမှာ မရေမတွက်နိုင်အောင်များပြားနေပြီဖြစ်သလို သုံးပါးတစ်ဆူနတ်မင်းများ၏နည်းစနစ်ကိုလည်း ကျင့်ကြံထားပြီးဖြစ်သည်။
မည်သည့်ဒဏ္ဍာရီအထွတ်အထိပ်အဆင့်မှ မသတ်နိုင်သော ယန်နတ်ဘုရား၏ အတိတ်ခန္ဓာကိုယ်အား ကျိယွမ်ကလွယ်ကူစွာသတ်နိုင်၏။
ထိုအချက်ကပင် သူသည် သာမန် ဒဏ္ဍာရီအထွတ်အထိပ်အဆင့်မဟုတ်ကြောင်း သက်သေပြနေသည်။
ယခုအချိန်တွင်တော့ သူသည် ယန်နတ်ဘုရားတစ်ပါး၏ လက်ရှိဘဝ ဓမ္မခန္ဓာကိုယ်အစစ်နှင့်ရင်ဆိုင်ရလေပြီ ။
ကျိယွမ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယန်နတ်ဘုရား၏ ဓမ္မခန္ဓာကိုယ်ကြီးဆီသို့ တဟုန်ထိုးတိုးဝင်သွား၏။ ကြီးမားလှသောယန်နတ်ဘုရား၏နှင့် နှိုင်းယှဉ်ပါက သူ၏အလင်းတန်းမှာ အစက်အပြောက်လေးမျှသာရှိသည်။
"ကျွန်တော်တို့လည်း မူလနတ်ဘုရားကို ကူညီပါ့မယ်"
"ကြယ်တာယာနတ်မင်းကိုးပါး ကောင်းကင်ယံကို လင်းထိန်စေ"
"မိုးကြိုးတပ်ဖွဲ့အားလုံး... သတ်ကြ"
"သူရဲကောင်းစစ်သည်တော်တပ်ဖွဲ့အားလုံး... တိုက်ကြ "
ရှေးဟောင်းနတ်ဘုရား ငါးထောင်နီးပါးသည် ကျိယွမ်နောက်မှ၏ ထပ်ကြပ်မကွာ လိုက်ပါပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။ ကျယ်ပြောပြီး အနှစ်မဲ့သော ဟင်းလင်းပြင်ထဲတွင် ရေတွက်၍မရနိုင်သော အလင်းတန်းများ လှပစွာပျံတက်သွားကြ၏။
ထိုအလင်းတန်းများသည် ယန်နတ်ဘုရားနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သော်လည်း လောကကြီးကို လောင်ကျွမ်းစေမည့် မီးပွားများကဲ့သို့ပင် တလက်လက်တောက်ပနေကြသည်။
"ကောင်းကင်ကြယ်တာရာ အစီအရင်"
"နက္ခတ်ခုနစ်လုံး အစီအရင်"
"နတ်မင်းသတ်ဓား အစီအရင်"
ရှေးဟောင်းနတ်ဘုရား တစ်ပါးစီသည် ကြယ်တစ်လုံးစီအဖြစ် ပြောင်းလဲသွားကြသည်။ ဤသို့ဖြင့် ကြယ်ပေါင်းငါးထောင်ခန့်က 'ကောင်းကင်ကြယ်တာရာ အစီအရင်' ကို ဖွဲ့စည်းလိုက်ကြ၏။
ကျိယွမ်သည် အဆုံးမဲ့သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေသည့် သွေးနီရောင်ဓားတစ်လက်ကို ကိုင်စွဲကာ တုန့်ဆိုင်းခြင်းမရှိဘဲ အစီအရင်ကြီး၏ အထက်သို့ ပျံတက်သွားခဲ့သည်။
သူသည်အစီအရင်၏ ဗဟိုချက်တွင်ထိုင်လိုက်သည်နှင့် အစီအရင်ကြီးတစ်ခုလုံး၏ အဓိကအမြုတေ ဖြစ်လာ၏။
ကြီးမားမြင့်မားလှသော ယန်နတ်ဘုရားကိုအေးစက်စွာစိုက်ကြည့်ရင်းမှ ကျိယွမ်၏ အသံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။
"ငါတို့အားလုံးအတူတူ ဓားတစ်ချက်တည်းနဲ့ တိုက်ခိုက်မယ်"
သူ၏ပြတ်သားသောအမိန့်သံနှင့်အတူ အစီအရင်အတွင်းရှိသော ရှေးဟောင်းနတ်ဘုရားတိုင်း၏ လက်ထဲတွင် သွေးနီရောင်ဓားတစ်လက်စီ ပေါ်ထွက်လာသည်။
သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ပိတ်ဆို့ခြင်းအရှိန်အဝါများကလည်း လေထုထဲသို့ ပြည့်နှက်သွားခဲ့သည်။ နတ်ဘုရားများအားလုံးသည် ဓားကိုယ်စီနှင့်တည်ကြည်စွာ ရပ်နေကြပြီးနောက် ပြိုင်တူဝှေ့ယမ်းလိုက်ကြသည်။
"တိုက်"
"တိုက်"
"တိုက်"
အားလုံး၏ ဒေါသတကြီးဟိန်းဟောက်သံများက ဟင်းလင်းပြင်ထဲ၌ ဟိန်းထွက်သွားသည်။
မဟာအုပ်စိုးရှင်တစ်ယောက်စီ၏ နောက်တွင် အနည်းဆုံး ကောင်းကင်နတ်ဘုရား ဆယ်ပါးစီ ရှိနေကြ၏။
အစီအရင်၏ အလယ်ဗဟိုတွင်ထိုင်နေသော ကျိယွမ်သည် တည်ကြည်သော မျက်နှာထားရှိနေပြီး သူ၏သွေးနီရောင်ဝတ်ရုံမှာ ဟင်းလင်ပြင်ထဲတွင် တဖျတ်ဖျတ်လွင့်သည်။
ကောင်းကင်နတ်ဘုရားအားလုံး၏ ဟိန်းဟောက်သံများက ကောင်းကင်ဘုံအာဏာများအဖြစ် ပြောင်းလဲသွားကြ၏။
"သေစမ်း.."
ကျိယွမ်က မာန်ကုန်သွင်းကာ အော်ဟစ်လိုက်ပြီး လောကတွင် အစွမ်းအထက်ဆုံးသော ဓားချက်ကို ထုတ်ဖော်လိုက်တော့သည်။
ဤဓားသည် ကောင်းကင်ဘုံ၏ ကိုယ်ပွားပုံရိပ်ကို ဤလောကသို့ ဆောင်ကြဉ်းလာခြင်းပင် ဖြစ်သည်။
ဤဓားသည် ဖန်ထုန်နယ်မြေ၏ သက်တမ်းတစ်လျှောက်လုံးတွင် အင်အားအကြီးဆုံး ဓားတစ်စင်း ဖြစ်သည်။
ကြယ်တာရာပင်လယ်ပြင်ကြီး တုန်ခါသွားခဲ့သည်။
အချိန်နှင့် ဟင်းလင်းပြင်တို့သည် အေးခဲသွားသယောင် ရှိ၏။
ဗလာဖြစ်နေသော ကြယ်တာရာပင်လယ်ပြင်ထဲတွင် အရာအားလုံး ပျောက်ကွယ်သွားပြီး..
သတ်ဖြတ်ခြင်း အငွေ့အသက်များသာ ကျန်ရစ်တော့သည်။
သတ်ဖြတ်ခြင်း၏ အထွတ်အထိပ်တိုက်ကွက်သည် ထောင်ချီသောစစ်မှန်နတ်ဘုရားတို့၏ ဟိန်းဟောက်သံနှင့်အတူ ကောင်းကင်ယံကို ဖြတ်သန်းခုတ်ပိုင်းသွားလေသည်။
ထို့နောက် အဆုံးစွန်သောသတ်ဖြတ်ခြင်းဓားချက်သည် ယန်နတ်ဘုရား၏ဓမ္မကိုယ်ထည်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွား၏။
"......"
မည်သည့်အသံမျှ ထွက်မလာသလို၊ မည်သည့် စွမ်းအင်လှိုင်းဂယက်မျှလည်း မရှိချေ။ကြီးအားသောစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက ဘာမှမဖြစ်ခဲ့သလို လုံးဝတိတ်ဆိတ်နေ၏။
သို့သော် ဧရာမခန္ဓာကိုယ်ကြီး၏လက်ဝါးတစ်ဖက်မှာ ထိုဓားချက်ကြောင့် တိခနဲ ပြတ်တောက်သွားရသည်။ ပြုတ်ထားသော အသားကို ကျွမ်းကျင်စားဖိုမှုးက လှီးဖြတ်လိုက်သကဲ့သို့ချောမွေ့နေပြီး သွေးတစ်စက်မျှပင် ထွက်မလာခဲ့ပေ။
သွေးနေမင်းသူတော်စင်မယ်၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာ၏။ လူသားတို့၏ ဓားချက်က သူမကို အမှန်တကယ် ဒဏ်ရာရစေခဲ့သည်။
၎င်းမှာ လုံးဝမယုံကြည်နိုင်စရာပင် မဟုတ်ပါလား။
ဒဏ္ဍာရီလာအဆင့်လူသားလေးတစ်ဦး၏တိုက်ခိုက်မှုက ပြိုင်းဘက်ကင်းသောယန်နတ်ဘုရားတစ်ပါးကို ဒဏ်ရာရစေခြင်းမှာ မဖြစ်နိုင်သောအရာပင် ။
သို့သော် သူမသည် ဒေါသထွက်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းမရှိဘဲ ပို၍ပင် ဝမ်းသာသွားသည်။
"ဟားဟား ဟားဟားဟား "
"နင် အစွမ်းထက်လေလေ ငါ ပိုစိတ်လှုပ်ရှားလေလေပဲ"
သူမက အားရကျေနပ်သောအသံကြီးဖြင့် ဟိန်းဟောက်လိုက်၏။
လူသားလေးက မည်မျှအစွမ်းထက်ပါစေ ယင်နတ်ဘုရားနှင့်ယန်နတ်ဘုရားကြားရှိ ကွာဟချက်မှာ မည်သူမှကျော်ဖြတ်၍ မရနိုင်သော အရာဖြစ်သည်။
မူလဘူတကမ္ဘာမှ ဆင်းသက်လာသော ဤရှေးဟောင်းနတ်ဘုရားများသည် ယန်နတ်ဘုရားအဆင့်သို့ မည်သည့်အခါမျှ တက်လှမ်းနိုင်မည် မဟုတ်ပေ။
ကမ္ဘာဦးအစကတည်းက ယင်နတ်ဘုရားတစ်ပါးက ယန်နတ်ဘုရားကို သတ်ဖြတ်နိုင်ခဲ့သည့် သာဓကလည်း လုံးဝမရှိခဲ့ဖူးပါ။
သွေးနေမင်းမဟာသူတော်စင်မယ်သည် တည်ငြိမ်နေဆဲပင်။ သူမ၏ ဆံပင်များကို တစ်ချက်ခါယမ်းလိုက်ရုံဖြင့် ဆံနွယ်ထဲမှ ကြယ်တာရာများ ပေါက်ကွဲသွားပြီး ပြတ်တောက်သွားသော လက်သည် ချက်ချင်း ပြန်လည်ဆက်သွားခဲ့သည်။
"ဒီဓားက အထက်ဘုံတွေကိုတောင် တုန်လှုပ်စေဖို့ လုံလောက်ပါတယ်၊ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက နင်က ဒီလိုဟင်းလင်းပြင်ထဲမှာ ဘယ်သူမှမသိဘဲ သေဆုံးသွားရမယ့် ကံပါလာတာပဲ၊ ငါ့ရဲ့ အဆင့်တက်လှမ်းမှုအတွက် နင်က ဒီမှာပဲ အဆုံးသတ်ရလိမ့်မယ်"
ဧရာမလက်ဝါးကြီးသည် ရုတ်သိမ်းသွားခြင်းမရှိဘဲ ဆက်လက် ဖိနှိပ်ဆင်းသက်လာသည်။
အင်အားအကြီးဆုံး ဓားတိုက်ကွက်သည် သူမအတွက် ကုတ်ခြစ်ရုံမျှသာ ရှိခဲ့ဟန်တူသည်။
ကျိယွမ်၏ မျက်နှာထားမှာ တင်းမာခက်ထန်နေ၏ ။
ရှေးဟောင်းနတ်ဘုရားများအားလုံးသည်လည်း အာရုံအပြည့်စိုက်ထားကြပြီး သူတို့၏ နတ်ဘုရားစွမ်းအားကို အထွတ်အထိပ်သို့ တင်ကာ အစွမ်းကုန်ခုခံကာကွယ်ထားကြသည်။
ဘုန်း...။
ယန်နတ်ဘုရား၏ တိုက်ကွက်သည် အကြောင်းပြချက်မရှိ၊ တားဆီး၍မရသော အင်အားဖြင့် အစီအရင်ပေါ်သို့ ကျဆင်းသွားသည်။
ကြယ်တာရာ အစီရင်ခံများအားလုံး တောက်ပစွာ လင်းလက်သွားကာ
ကျယ်ပြောပြီး မှောင်မိုက်သော ညကောင်းကင်ယံတွင် အစီအရင်များသည် ပင့်ကူအိမ်တစ်ခုကဲ့သို့ ပြင်းထန်သော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
သို့သော် ယန်နတ်ဘုရား၏ တိုက်ကွက်ရှေ့မှောက်တွင်မူ.......
ရှေးဟောင်းနတ်ဘုရားတိုင်း၏ မျက်နှာများ ဖြူလျော်သွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။ သူတို့နောက်ကွယ်မှ နတ်ဘုရားပုံရိပ်များလည်း တုန်ခါသွားပြီး အများအပြား ပြိုလဲပျက်စီးကုန်သည်။
အစီအရင်ဗဟိုမှ ကျိယွမ်၏မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော်သွား၏။
သူ့တွင်နောက်လိုက်များစွာရှိပြီး ကြီးမားသော အစီရင်ခံကို တည်ဆောက်ထားသော်လည်း သူတို့နှင့် ယန်နတ်ဘုရားကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းနေဆဲပင်။
ကြယ်ကြီးတစ်လုံး၏အင်အားကို သာမန်ကမ္ဘာလေးတစ်ခုနှင့် မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
"နင်တို့ ယန်နတ်ဘုရားအဆင့်ကို မရောက်မချင်း ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာမဟုတ်ဘူး၊ မူလနတ်ဘုရား၊ နင့်ရဲ့အစွမ်းအကုန်ကို ငါ့ကို ပြစမ်း"
သွေးနေမင်းမဟာသူတော်စင်မယ်က အေးစက်စွာ အော်ဟစ်လိုက်သည်။
သူမသည် ကျိယွမ်၏ အသန်မာဆုံး အခြေအနေကို ရင်ဆိုင်ပြီးမှ ဝါးမြိုပစ်ချင်ခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်မှသာ သူမအတွက် အကျိုးကျေးဇူး အများဆုံးရရှိပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ သူမ၏ မျက်လုံးများထဲ၌ လောဘရိပ်များ ပြည့်နှက်လာသည်။
ဤမူလနတ်ဘုရား၏ အတိတ်ဘဝသည် စိတ်ကူးကြည့်၍မရအောင် ကြီးကျယ်ခဲ့မည်မှာ သေချာ၏။ ထိုအပြင် အခြားသောရှေးဟောင်းလူသားများ ပုံဖော်ထားသော နတ်ဘုရားတိုင်းကလည်း သူမကို ထိတ်လန့်စေခဲ့သည်။
ဒါပေမဲ့ ဘာဖြစ်လဲ။
ယခုမူ သူမသည်ယန်နတ်ဘုရားတစ်ပါး ဖြစ်နေပြီဖြစ်သည်။ ယန်နတ်ဘုရားဟူသော ဘွဲ့ထူးသည် အရာအားလုံးကို ကိုယ်စားပြု၏။လူသားများ ယှဥ်နိုင်သောအရာမဟုတ်ပေ။
ဧရာမ လက်ဝါးကြီးသည် ဆက်လက် ဖိနှိပ်လာသည်။
ကောင်းကင်ကြယ်တာရာ အစီအရင် သည် ဖန်ထုန်နယ်မြေရှေ့တွင် ရပ်တည်နေပြီး၊ ကျိယွမ်သည် ၎င်း၏ အလယ်ဗဟိုတွင်ရပ်ကာ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခုခံရန် သူ၏ နတ်ဘုရားစွမ်းအားအားလုံးကို ထုတ်သုံးလိုက်၏။
နောက်တစ်ကြိမ် ကောင်းကင်ကြယ်တာရာ အစီအရင်၏ အလင်းရောင်မှာ မှိန်ဖျော့သွားပြန်သည်။
ကျိယွမ်၏သွေးရောင်ဝတ်ရုံမှာလည်း သွေးအသစ်များဖြင့် စွန်းထင်းသွားခဲ့သည်။
မဟာအုပ်စိုးရှင်ငါးထောင်နီးပါးထဲမှ တစ်ရာနီးပါး သေဆုံးသွားခဲ့ရပြီး သူတို့၏ ခန္ဓာကိုယ်များသည် ပြာအဖြစ် ကြွေလွင့်သွားကြ၏။
တစ်ချိန်က အားကောင်းခဲ့သော ခွေးနက်ကြီးသည်ပင် နတ်ဘုရားအသစ်များကို ပုံဖော်နိုင်ခဲ့သော်လည်း ယန်နတ်ဘုရား၏ တိုက်ခိုက်မှုအောက်တွင် ဖုန်မှုန့်ပုံအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကျိယွမ်၏ ရှေ့မှ မြင်ကွင်းသည် အလင်းနန်းတော်နှင့် ရင်ဆိုင်ခဲ့ရစဉ်က အခြေအနေနှင့် ဆင်တူနေသလို ခံစားရ၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူတို့အားလုံးက အလင်းနန်းတော်၏ နေရာတွင်ရောက်နေပြီး၊ သွေးနေမင်းမဟာသူတော်စင်မယ်က ကျိယွမ်၏နေရာကို ယူထားခြင်းဖြစ်သည်။
ယန်နတ်ဘုရားနှင့် ရင်ဆိုင်ရာတွင် သူတို့၌ တိုက်စစ်ဆင်ရန် အခွင့်အရေးလုံးဝမရှိဘဲ မသေရန်ကာကွယ်ရုံသာတတ်နိုင်သည်။
သို့သော် ဤအတိုင်း ဆက်သွားနေပါက သူတို့အားလုံး ယန်နတ်ဘုရား၏ ဆက်တိုက်ဖိနှပ်မှုအောက်တွင် အားလုံးသေဆုံးရမည်မှာ အသေအချာပင်။
"မူလနတ်ဘုရားက ကျွန်မကို စစ်မီးထဲက ကယ်တင်ခဲ့တာ၊ သူ့အတွက် သေရတာ ကျွန်မအတွက် ဂုဏ်ယူစရာပဲ"
ရှီချုံရှန်း၏ ဇနီးဖြစ်သူ၊ တစ်ချိန်က အကူအညီမဲ့ခဲ့သော အမျိုးသမီးသည် ယန်နတ်ဘုရား၏ ရိုက်ချက်အောက်တွင် အပိုင်းပိုင်းပြတ်သွားခဲ့ပြီး၊ သူမ၏ သွေးစက်များမှာ အစီရင်ခံထဲသို့ ကျဆင်းကာ အစီရင်ခံ ဆက်လက်လည်ပတ်နိုင်ရန် အားဖြည့်ပေးသွားခဲ့သည်။
သူမ နောင်တမရပါ ။
မူလနတ်ဘုရားသာမရှိခဲ့လျှင် သူတို့မှာ လွန်ခဲ့သော အချိန်ကတည်းက သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
ကံကြမ္မာသားတော် သုန်းကျန်းဟဲ့သည် သွေးများအန်နေသည့်ကြားမှ ခါးသီးစွာ ရယ်မောနေသည်။
"နွေဦးလေပြေက ပန်းတွေကို သနားတယ်ဆိုရင် ငါ့ကို လူပျိုတစ်ခါ ပြန်ဖြစ်ခွင့် ပေးမလား"
သူ့ခန္ဓာကိုယ်မှာ ကြေမွနေပြီး သေခြင်းတရား၏ အစွန်းတွင် ရောက်နေလေပြီ။ ယန်နတ်ဘုရားကသာ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ပါက သူ သေဆုံးရတော့မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ကျိယွမ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေဆဲပင်။
ဤတိုက်ပွဲတွင်... သူတို့ သေဆုံးရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။
ဤဂိမ်းသည် သူ့အတွက် အခက်ခဲဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့သည်။
သို့သော် သူ မကြောက်ပါ။
ယန်နတ်ဘုရား နှစ်ပါးအကြောင်း သိလိုက်ရကတည်းက၊ ထို့အပြင် ဖန်ထုန်နယ်မြေတွင် ယန်နတ်ဘုရားဖြစ်လာရန် လမ်းစမရှိသည်ကို သိလိုက်ရကတည်းက ဤဂိမ်းသည် မည်သို့ အဆုံးသတ်မည်ကို ကျိယွမ် သိနှင့်ပြီးသား ဖြစ်သည်။
သူ နည်းလမ်းပေါင်းစုံကို ကြိုးစားနေခဲ့ချိန်ကတည်းက သူ၏ ညာဘက်မျက်ခုံးမှာလည်း အလွန့်အလွန်အန္တရာယ်ရှိနေကြောင်း ပြသသည့်အနေဖြင့် ဆက်တိုက်လှုပ်နေခဲ့လေ၏။
ယခုလို မတိုက်ခိုက်ဘဲ ၊ သူတို့ အချိန်ဆွဲနေခဲ့ပါက သူတို့အဖွဲ့မှာ ပိုမိုသန်မာလာနိုင်ပါသည်။ သို့သော် ထိုသို့အချိန်ဆွဲနေလျှင် သွေးနေမင်းမဟာသူတော်စင်မယ်က ဖန်ထုန်နယ်မြေ၏ ကောင်းကင်ဘုံတာအိုကို အပြီးတိုင်ဝါးမြိုသွားပေးလိမ့်မည် ။
ထို့အခါ သူတို့၏ သေမင်းတံခါးမှာ အမှန်တကယ်ပင် ပြန်လမ်းမရှိ ပွင့်သွားမှာ အသေအချာပင်။ ကောင်းကင်ဘုံတာအိုပိုင်ရှင်သည် သူ၏လောကထဲတွင် မည်မျှသန်မာကြောင်း သူအသိဆုံးပင်မဟုတ်ပါလား။
ယခုအချိန်သည် သွေးနေမင်း မဟာသူတော်စင်မယ် အားအနည်းဆုံး အချိန်ဖြစ်သည်။
၎င်းသည် သူတို့အတွက် အကောင်းဆုံး အခွင့်အရေးပင်။
အကြောင်းမှာ အချိန်ကြာကြာထားလျှင် သူတို့၏ အင်အားက (၁) တိုးလာသလို သွေးနေမင်းမဟာသူတော်စင်မယ်၏ အင်အားက (၁၀) တိုးလာမည် ဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူတို့အနေဖြင့် ချက်ချင်းတိုက်ခိုက်ရန်မှတစ်ပါး အခြားမရှိပေ။
အခြားသူများအမြင်တွင်မူ သူတို့သည် သေမင်းထံသို့ တန်းစီလျှောက်လှမ်းနေကြသကဲ့သို့ပင်။ လူသားတို့၏ အင်အားတွင် အကန့်အသတ် ရှိသည်မဟုတ်ပါလား ။
"အခုချက်ချင်း မသေချင်ရင် ၊ နင့်ရဲ့ ဝှက်ဖဲတွေအကုန် ထုတ်လိုက်စမ်း"
သွေးနေမင်းမဟာသူတော်စင်မယ်က ဟိန်းဟောက်လိုက်သည်။
အဝေးတစ်နေရာတွင်ရှိနေသော သွေးနတ်ဘုရားမဟာသူတော်စင်ကြီးကတော့ ယခုအချိန်ထိ တိုက်ပွဲကို အေးအေးဆေးဆေး ကြည့်နေသည်။
ယင်နတ်ဘုရားတွေက ယန်နတ်ဘုရားကို ဘယ်လိုများ တိုက်ခိုက်နိုင်မှာလဲ။
ကမ္ဘာဦးအစကတည်းက ဒီလိုမျိုး မဖြစ်ဖူးဘူး။
သွေးနေမင်းသူတော်စင်ကြီးက ကျိယွမ်တို့အား အထင်သေးစွာကြည့်၏။
အချိန်တွင် ကျိယွမ်က ဖြေညင်းစွာ စကားပြောလိုက်ပြီး သူ၏ အရှိန်အဝါမှာလည်း ပိုမိုနက်ရှိုင်းလာသည်။
"ဒီလောကမှာ အကြွင်းမဲ့ဆိုတာ မရှိဘူး"
သူ၏ ညာဘက်မျက်ခုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်လှုပ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ မျက်ခုံးက ပိုမိုပြင်းထန်လာပြီး ရှေ့တွင်ရှိသော ကြောက်မက်ဖွယ် အန္တရာယ်ကို သတိပေးနေ၏။
"မဟာတာအို အပါးငါးဆယ်ရှိတယ်၊ ကောင်းကင်ဘုံက လေးဆယ့်ကိုးခု ပေးတယ်၊ ဒါပေမဲ့ တစ်ခုကတော့ ဝှက်ထားတယ်"
ဝှက်ထားသော ထိုတစ်ခုမှာ ရှင်သန်ခြင်း မျှော်လင့်ချက်ကို ကိုယ်စားပြု၏။
သို့သော် ထိုရှင်သန်ခြင်းလမ်းစကို ဆုပ်ကိုင်ရန်အတွက် သူသည် ကျန်ရှိသော လေးဆယ့်ကိုးခုလုံးကို ဖြည့်ဆည်းရန် လိုအပ်သည်။
ဤအခိုက်အတန့်တွင် သူသည် ယန်နတ်ဘုရားနှစ်ပါးကို သူ၏ အသန်မာဆုံးပုံစံဖြင့် ရင်ဆိုင်တော့မည်ဖြစ်သည်။
"မဟာနေမင်းက အလင်းရောင်တွေ ဖြာထွက်ပြီး အရပ်မျက်နှာအားလုံးကို လင်းစေတယ်! ငါကတော့ ဝတ်ရုံနက်ဝတ်ဆင်ပြီး အခန်းကိုးခန်းကို အမိန့်တော် ပြဌာန်းတယ်"
ကြယ်တာရာ ကောင်းကင်ယံတွင် ကြယ်တစ်လုံး၏ ပုံရိပ်ယောင်မှာ ရုတ်တရက် တုန်လှုပ်လာသည်။
ရုတ်တရက် ဧရာမနေမင်းပုံရိပ်ကြီးတစ်ခုက ညကောင်းကင်တွင် ချိတ်ဆွဲခံထားရသော မီးပုံကြီးကဲ့သို့ ပေါ်လာ၏။
ထိုကြောက်မက်ဖွယ် နေမင်းပုံရိပ်မှာ ပိုမိုနီးကပ်လာသည်။
သွေးနေမင်း မဟာသူတော်စင်မယ်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။
"ကြယ်တစ်လုံးရဲ့အရိပ်လား ၊ အထင်ကြီးစရာပဲ၊ ဒါပေမဲ့ အရိပ်ကတော့ အရိပ်ပါပဲ... ဘာမှမဟုတ်ပါဘူး။"
သူမက ထိုမျှလောက်ကို အရေးမစိုက်ပါ ။
သို့သော် နောက်တစ်ခဏတွင် သူမ၏ မျက်နှာထားမှာ တုန်လှုပ်မှုသို့ ပြောင်းလဲသွားသည်။
"ကြယ်နှစ်လုံးလား ၊ဟားဟား ဟားဟား ၊ မူလနတ်ဘုရား နင်ကစိတ်ဝင်စားစရာပဲ"
ဧရာမနေမင်းအရိပ်ကြီး၏ အလယ်တွင် အခြားကြယ်တစ်လုံး၏ အရိပ် ပေါ်လာပြန်၏။
နေမင်းအရိပ်နှစ်ခုသည် ကောင်းကင်တွင် ချိတ်ဆွဲလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေသည်။
"မလုံလောက်သေးဘူး၊ နင် ဒီထက်ပိုပြီး သန်မာလာနိုင်သေးတယ်၊ အဲဒီကျမှ နင့်ကို ဝါးမြိုရတာ ပိုပြီး အရသာရှိမှာ"
သွေးနေမင်းမဟာသူတော်စင်မယ်၏ မျက်လုံးများမှာ လောဘများက ပို၍တောင်လောက်လာ၏။
နေမင်းပုံရိပ်နှစ်ခုကို ဆင့်ခေါ်လိုက်ခြင်းကြောင့် မူလနတ်ဘုရား၏ ခြိမ်းခြောက်မှုမှာ ပိုမိုမြင့်တက်လာသည်။
သို့သော် သူသည် ယန်နတ်ဘုရား မဖြစ်သေးသရွေ့ သူမကမကြောက်ပါ။
၎င်းမှာ မီတာငါးထောင်မြင့်သော အဆောက်အဦးပေါ်မှနေ၍ စနိုက်ပါရိုင်ဖယ်ကိုကိုင်ကာ အောက်တွင်ဓားကိုင်ရပ်နေသောရန်သူကို ကြည့်နေရသကဲ့သို့ပင်။
ကျိယွမ်၏ ဓားမှာ ပိုမိုထက်မြက်ပြီး ရှည်လျားလာသော်လည်း သူမကို မည်သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။
"သတို့သမီးလေး"
ကျိယွမ်၏ခေါ်သံက အေးစက်စွာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို သတို့သမီးလေး၏ ပုံရိပ်လည်း ထွက်ပေါ်လာခဲ့သည်။ သူမ၏ မင်္ဂလာဝတ်စုံမှာ ကြယ်တာရာ ကောင်းကင်ယံတွင် လွင့်ပျံနေပြီး အရှိန်အဝါမှာလည်း အလွန်ပင် နက်ရှိုင်းလှသည်။
တစ်ချိန်တိတ်ဆိတ်နေခဲ့သော သွေးနတ်ဘုရားမဟာသူတော်စင်ကြီးပင်လျှင် အံ့အားသင့်သွားသည်။
"ယန်နတ်ဘုရားတစ်ပါးရဲ့ အတိတ်ဘဝခန္ဓာလား ၊ မဟုတ်ဘူး၊ အဲဒါနဲ့တော့ မတူဘူး"
"တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း"
ကျိယွမ်က အော်ဟစ်လိုက်သည်။
သွေးရောင်ဆူးချွန်သံချပ်ကာများသည် ကျိယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး အစီအရင်၏အလယ်တွင်ထိုင်နေရင်းမှ စိတ်ကူးမယဉ်နိုင်လောက်သောအမြင့်အထိ သူကြီးမားသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော သံချပ်ကာများကြောင့် သူသည် ငရဲတွင်းမှ ထွက်လာသော မိစ္ဆာတစ်ကောင်နှင့်ပင် တူသွားလေ၏။
သွေးရောင်ဓားကြီးကို ကိုင်ဆောင်ထားသော ထိုဧရာမလူသားကြီးသည် ကမ္ဘာလောကကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်နိုင်စွမ်း ရှိပုံရသည်။
သို့သော် ယန်နတ်ဘုရား၏ ကြီးမားလှသောခန္ဓာကိုယ်ကြီး၏အရိပ်အောက်တွင်မူ သူသည် အနည်းငယ်ကြီးသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေဆဲပင်။
ဤအခိုက်အတန့်တွင် ကျိယွမ်၏အင်အားမှာ ခြောက်ဆင့်ခန့် မြင့်တက်လာခဲ့သည်။
သို့သော် ယန်နတ်ဘုရားနှင့် ကွာဟချက်မှာတော့ အလွန်ဝေးကွာလွန်းနေဆဲပင်။
"မလုံလောက်ဘူး၊ မလုံလောက်သေးဘူး၊ လိုအပ်တာထက် အများကြီး ဝေးနေသေးတယ်"
သွေးနေမင်းမဟာသူတော်စင်မယ်၏ မျက်လုံးများမှာ လောဘဖြင့် တောက်ပနေသည်။
"နင်ငါ့ကို တခြား ဘယ်လို အံ့အားသင့်စရာတွေ ပေးနိုင်ဦးမလဲ သိချင်နေပြီ ၊ ဟားဟား ဟားဟား "
မူလနတ်ဘုရား ပိုမိုသန်မာလေလေ၊ သူမ သူ့ကို ဝါးမြိုသည့်အခါ ရရှိမည့် အကျိုးကျေးဇူးက ပိုများလေလေဖြစ်သည်။
ယခုအချိန်တွင် နေမင်းပုံရိပ်နှစ်ခု၏ ပံ့ပိုးမှုနှင့်အတူ သွေးရောင်သံချပ်ကာကို ဆင်မြန်းထားသော ကျိယွမ်သည် သူ၏ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေပုံရ၏။
သူ၏ ကြောက်မက်ဖွယ် တိုက်ကွက်သည် အစောပိုင်းက ကြယ်တာရာ တစ်သောင်းအစီအရင်၏ တိုက်ကွက်ကိုပင် ယှဉ်နိုင်နေလေပြီ။
သို့သော်... ထိုကဲ့သို့ တိုက်ကွက်မျိုးလောက်က ယန်နတ်ဘုရား၏ ခန္ဓာကိုယ်အား အနည်းငယ်သာ ထိခိုက်စေခဲ့သည်ကို သတိပြုသင့်၏။
ထိုတိုက်ကွက်က ယန်နတ်ဘုရားကို သတ်နိုင်ဖို့ မဆိုထားနှင့်၊ အမာခံနေရာကိုပင် မထိနိုင်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ရွာလူကြီး ယွီလီက သက်ပြင်းချလိုက်သည်။
"ငါတို့ကလည်း မူလနတ်ဘုရားကို ကူညီဖို့ အသင့်ပဲ"
ရှီချုံရှန်းကလည်း ရှေ့သို့ တက်လာသည်။
"ကျွန်တော်တို့ အသင့်ပဲ"
ကျူးရှီကျုံးက ပြုံးလိုက်၏။
"ငါကျူးကြီးကလည်း ရှေ့ဆုံးကပဲ"
နတ်ဆရာရှန်းထူ၏အသံမှာ လောကတစ်ခုလုံး ဟိန်းထွက်သွားသည်။
"ငါ့မှာ 'ပေါင်းစည်းခြင်း' လို့ခေါ်တဲ့ နည်းစနစ်တစ်ခု ရှိတယ်၊ ငါတို့တွေအားလုံးက မူလနတ်ဘုရားရဲ့ အားအင်တွေအဖြစ် ပြောင်းလဲပြီး ဒီမိစ္ဆာနတ်ဘုရားစုတ်ကို သတ်နိုင်အောင် ကူညီပေးကြစို့"
ထိုပေါင်းစည်းခြင်းနည်းစနစ်ကို မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်ရင်းမှ အမှတ်မထင် ရရှိခဲ့ခြင်းဖြစ်သည်။
ချင်းရွှေကျေးရွာမှ ရွာသားများသည် စစ်မှန်နတ်ဘုရားများ ဖြစ်လာပြီးနောက် ထိုနည်းစနစ်ကို အမြဲတမ်း တိတ်တဆိတ် လေ့လာနေခဲ့ကြ၏။
သူတို့၏ လေ့လာမှုမှာ မိစ္ဆာနတ်ဘုရားများ၏ ဝါးမြိုခြင်း ခံထားရသော သာမန်လူများကို ကယ်တင်ရန်သာမက... လိုအပ်လာလျှင် သူတို့ကိုယ်တိုင် မူလနတ်ဘုရား၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်းကာ သူ့ကို အင်အားဖြည့်ပေးနိုင်ရန်အတွက်လည်း ဖြစ်သည်။
ထိုနောက် ပေါင်းစည်းခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သော အသံများသည် ကောင်းကင်ကြယ်တာရာ အစီအရင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ပေါင်းစည်းစမ်း..."
-----------------