အခန်း (၅၇၇-၅၇၉)
Vol. 39 Ch. 577-579
အခန်း (၅၇၇) - ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် (၂)
~လေထုထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသော အရောင်လေးမျိုး မြူခိုးများကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာပေါ်၌ အံ့အားသင့် ထိတ်လန့်မှုများ အတိုင်းသား ပေါ်လွင်လာကြ၏၊
“ဒါက...”
ရှဲ့ချောင်လု တစ်ယောက် မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး စကားပင် ဆက်မပြောရဲတော့။
အေးခဲနေသော ရေကန်အောက်ခြေကဲ့သို့ ခံစားချက် ကင်းမဲ့တတ်သည့် ကျန်းချင်းရွှယ်၏ မျက်ဝန်းများတွင်လည်း မယုံကြည်နိုင်မှုများ လှိုင်းထန်လာခဲ့လေ၏။
“စီနီယာအစ်ကိုနင် သီးသန့် ကျင့်ကြံတာ တစ်ရက်ပဲ ရှိသေးတယ်... ချက်ချင်းကြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရောက်သွားတာလား...”
ကျင့်ကြံခြင်း လမ်းစဉ်အတွက် ခိုင်မာအောင် တည်ဆောက်ထားသော သူမ၏ နှလုံးသားသည် နင်ချီကြောင့် မည်မျှအကြိမ်ရေ ရိုက်ခတ် ချိုးဖျက်ခံလိုက်ရသည်ကို သူမကိုယ်တိုင်ပင် မရေတွက်နိုင်တော့ချေ။
“စီနီယာအစ်ကိုနင်ရဲ့ အသက်အရွယ်နဲ့ဆိုရင်... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေ သမိုင်းတစ်လျှောက်မှာ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို အစောဆုံး ရောက်တဲ့သူ ဖြစ်လောက်တယ်...”
“သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး စွမ်းအားရှင် ပေါ်ထွက်လာခဲ့ပြီပဲ...”
အစစ်အမှန် အမွေခံများ အားလုံးသည် မိုးကြိုး ပစ်ချခံလိုက်ရသကဲ့သို့ နေရာမှာပင် တောင့်တင်းနေကြပြီး ရင်ထဲမှ တုန်လှုပ်မှုသည် ခန္ဓာကိုယ် အပြင်ဘက်ထိတိုင်အောင် သိသိသာသာ ပေါ်လွင်နေလေ၏။
“လူတစ်ယောက်က ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရောက်ပြီဆိုရင်... သူ ကျွမ်းကျင်တဲ့ စည်းမျဉ်း သဘောတရားနဲ့ သက်ဆိုင်တဲ့ ဓာတ်သဘာဝ မြူခိုးတွေ ထွက်ပေါ်လာတတ်တယ်... အခုက အရောင်လေးမျိုး တောင် ထွက်နေတယ် ဆိုတော့...”
ဝူချင်းရှောင်က လူတိုင်းကို သတိပေးလိုက်ခြင်း ဖြစ်သည်။
ထိုစကားကြောင့် အားလုံး နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ်သွားကြပြီး ထိုအချက်ကို မေ့လုနီးပါး ဖြစ်သွားကြ၏၊
သူတို့သည် အရောင်လေးမျိုး မြူခိုးများကို သေချာ ကြည့်လိုက်ကြရာ မည်သည့် ဓာတ်သဘာဝများ ပါဝင်နေသည်ကို ရှင်းလင်းစွာ သိမြင်လိုက်ကြလေ၏။
“ရေ၊ မီး၊ မိုးကြိုး၊ ဓား... ဘုရားရေ... စီနီယာအစ်ကိုနင်က တကယ် ကြောက်စရာ ကောင်းလွန်းတယ်... ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရေ သောက်သလောက် လွယ်လွယ်ကူကူ တက်လှမ်းသွားတာတင် မကဘူး... စည်းမျဉ်း လေးခုကို တစ်ပြိုင်နက်တည်း ဘယ်လိုလုပ်ပြီး တတ်မြောက်သွားတာလဲ...”
“အမှန်ပဲ... ငါတို့ကိုယ်ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းမှာ ပါရမီ ကောင်းတယ်လို့ ထင်ခဲ့ပေမယ့်... စီနီယာအစ်ကိုနင်ရဲ့ ပါရမီကို မြင်တိုင်း... ငါ့ ပါရမီက တကယ်ရော ကောင်းရဲ့လားလို့ သံသယ ဝင်မိတယ်...”
ထိုစကားကို ကြားသောအခါ လူတိုင်း ငိုရခက် ရယ်ရခက် ဖြစ်ကုန်ကြ၏၊ ပြန်ပြောစရာ စကား မရှိတော့။ သူတို့၏ ယုံကြည်မှုများ ရစရာမရှိအောင် ကျိုးပဲ့ကုန်တော့၏။
သူတို့သည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ထောင်ပေါင်းများစွာသော တပည့်များထဲမှ ရွေးထုတ်ထားသည့် အစစ်အမှန် အမွေခံများ ဖြစ်ကြပါသည်၊၊
နင်ချီ မပေါ်လာခင်တုန်းက သူတို့အားလုံး၌ ကိုယ်ပိုင်မာန ကိုယ်စီ ရှိခဲ့ကြ၏၊ 'လေမိုးကြိုး ဝိညာဉ် ခန္ဓာ' ပိုင်ဆိုင်သော ယဲ့ချန် ရှိနေလျှင်တောင် သူတို့သည် မိမိကိုယ်ကို သိပ်နိမ့်ကျသည်ဟု မခံစားခဲ့ရပေ။
သို့သော် ဤရက်ပိုင်းအတွင်း နင်ချီနောက်သို့ လိုက်ပါပြီးနောက် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသော နင်ချီ၏ တိုးတက်ပြောင်းလဲမှုများကြောင့် သူတို့၏ လက်ကျန် မာနလေးများပါ လုံးဝ ပွန်းပဲ့ ကုန်ဆုံးသွားခဲ့တော့၏။
ချင်မင်ဟောက်နှင့် ဝမ်ယဲ့ တို့ကတော့ သက်သာသေးသည်ဟု ဆိုရမည်။ သူတို့သည် နင်ချီနောက်သို့ အလိုက်ပါဆုံးသူများ ဖြစ်သဖြင့် ဤအခြေအနေမျိုးကို နေသားကျနေကြပြီ ဖြစ်ပါသည်။
မာနနှင့် ဂုဏ်သိက္ခာ လား ...။ သူတို့မှာ အဲဒါတွေ မရှိတော့။ စီနီယာအစ်ကိုနင်၏ ရှေ့မှောက်တွင် သူတို့သည် နေမင်းကြီးနှင့် ယှဉ်ရသော ပိုးစုန်းကြူးလေးများကဲ့သို့ နှိမ့်ချမှုသာ ရှိတော့၏။
ချင်မင်ဟောက် ရုတ်တရက် ရေရွတ်လိုက်သည်။
“စီနီယာအစ်ကိုနင်က ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ရဲ့ ဘယ်အဆင့်ထိ ရောက်သွားမလဲ မသိဘူးနော်...”
“ဟေ...”
ဝမ်ယဲ့မှလွဲ၍ ကျန်သော အစစ်အမှန် အမွေခံများ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြ၏၊
“မင်ဟောက်... မင်း ပြောချင်တာက ဘာလဲကွ... စီနီယာအစ်ကိုနင်က အစောပိုင်း အဆင့်ကို ကျော်ပြီး အလယ်အလတ် အဆင့်ကို တန်းရောက်သွားမယ်လို့ ပြောချင်တာလား...”
မေးခွန်းထုတ်လိုက်သူမှာ မိုချန် ဖြစ်သည်။ သူသည် အစစ်အမှန် အမွေခံ ပြိုင်ပွဲတွင် ဝမ်ယဲ့ကို ရှုံးနိမ့်ခဲ့ဖူးသူ ဖြစ်ပြီး ရိုင်းစိုင်းခက်ထန်သော စရိုက်ရှိသူ ဖြစ်သည်။
ယခုအခါ အားလုံးနှင့်အတူ လိုက်ပါလာပြီးနောက် မိုချန်၏ ရိုင်းစိုင်းမှုများ သိသိသာသာ လျော့နည်းသွားပြီ ဖြစ်သော်လည်း တိုက်ခိုက်ချိန်တွင်တော့ သူ၏ ပင်ကိုစရိုက် အတိုင်းသာ ဖြစ်သည်။
ချင်မင်ဟောက်က ခေါင်းညိတ်လိုက်၏။
“လက်ခံဖို့ ခက်တယ် ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ အဖြစ်အပျက်တွေက အဲဒီဘက်ကို ဦးတည်နေတယ်လေ... မင်းတို့ မမှတ်မိဘူးလား... စီနီယာအစ်ကိုနင် 'မူလဝိညာဉ် နယ်ပယ်' ကို တက်တုန်းက ငါတို့လို တစ်ဆင့်ချင်း တက်သွားတာမှ မဟုတ်တာ...”
ထိုစကားကို ကြားတော့ အားလုံး ပါးစပ်အဟောင်းသားနှင့် ငြိမ်သက်သွားကြ၏၊
“ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ရဲ့ အဆင့်တွေကို ဘယ်လို သတ်မှတ်တာလဲဟင်...”
ဟု ရှဲ့ချောင်လုက စပ်စုလိုက်သည်။ သူမသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်သို့ အမှန်တကယ် ခြေမချဖူးသေးသဖြင့် ထိုအကြောင်းများကို သိပ်နားမလည်ပေ။
သို့သော် ချင်မင်ဟောက် ပြောသလို နင်ချီက အဆင့်ကျော်တက်နိုင်သည် ဆိုပါက သေချာပေါက် ဂရုပြုသင့်သော ကိစ္စပင်။
ကျန်းချင်းရွှယ်က သူမကို ရှင်းပြလိုက်သည်။
“ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ 'စည်းမျဉ်း စွမ်းအား' အပေါ် မူတည်ပြီး တိုင်းတာကြတယ်...”
“သာမန်အားဖြင့် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် အစောပိုင်း အဆင့်မှာဆိုရင်... တစ်ပေလောက် အရှည်ရှိတဲ့ 'စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်' တစ်ချောင်းကို ဖွဲ့စည်းနိုင်ရတယ်... အဲဒါကို အသက်ရှူချိန် (၁၀) ကြိမ် အတွင်းမှာ လုပ်နိုင်ရမယ်...”
“အလယ်အလတ် အဆင့်ကျတော့... ကမ္ဘာမြေကြီးထဲကနေ မူလဝိညာဉ်ကို အသုံးပြုပြီး သုံးကိုက် (၉ ပေ) အရှည်ရှိတဲ့ စည်းမျဉ်း စွမ်းအားမျှင်ကို ဖွဲ့စည်းနိုင်ရတယ်... စုစုပေါင်း စွမ်းအားမျှင် (၃) ချောင်းကို အသက်ရှူချိန် (၃) ကြိမ် အတွင်းမှာ ပြီးအောင် လုပ်နိုင်ရမယ်...”
“နောက်ဆုံး... နှောင်းပိုင်း အဆင့် ရောက်ရင်တော့... (၁၀) ကိုက် (ပေ ၃၀) အရှည်ရှိတဲ့ စည်းမျဉ်း စွမ်းအားမျှင်ကို အနည်းဆုံး (၅) ချောင်း... အသက်ရှူချိန် (၁) ကြိမ်တည်းနဲ့ ဖွဲ့စည်းနိုင်ရမယ်...”
အခြား အစစ်အမှန် အမွေခံ တစ်ဦးဖြစ်သော လော့ကျန့်သည် တံတွေး တစ်ချက် မျိုချလိုက်မိသည်။
သူသည် ပြိုင်ပွဲတွင် ချင်မင်ဟောက်ကို ရှုံးနိမ့်ခဲ့ပြီး အဆင့် (၉) နေရာ ရရှိထားသူ ဖြစ်သည်။
လော့ကျန့် ညည်းတွားလိုက်မိသည်။
“ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ရတာက... မူလဝိညာဉ် နယ်ပယ်မှာ အဆင့်တက်တာထက် အများကြီး ပိုခက်ခဲမယ့်ပုံပဲ...”
“ဒါပေါ့... ဒါကြောင့်လည်း ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် ရောက်တာနဲ့ 'စွမ်းအားရှင်' လို့ ခေါ်ကြတာပေါ့... မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေက အဆင့်မြင့် ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေ၊ အကြီးအကဲတွေ အကုန်လုံးက ဒီအဆင့်မှာ ရှိကြတာလေ...”
သူတို့ ဆွေးနွေးနေကြရင်း နင်ချီ ရှိနေသည့် ဂူဝသို့ လှမ်းကြည့်လိုက်ကြ၏၊
ဂူတံခါးကို လုံခြုံစွာ ပိတ်ထားသော်လည်း အရောင်လေးမျိုး မြူခိုးများသည် တောင်နံရံများကို ဖောက်ထွင်းပြီး စိမ့်ထွက်လာနေ၏။
ဝိညာဉ်တောင် တစ်ခုလုံး ရေမြူခိုးများနှင့် ရောယှက်နေပြီး အလွန် လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
ဝိညာဉ်တောင်နှင့် ပတ်ဝန်းကျင်မှ အဆုံးမဲ့သော ဝိညာဉ်စွမ်းအင် လှိုင်းလုံးများသည် ထိုနေရာသို့ အဆက်မပြတ် စီးဝင်နေကြ၏၊
ဂူအတွင်းပိုင်းကို မမြင်ရသော်လည်း အပြင်ဘက်မှ ထူးခြားသော အရောင်များကို ကြည့်ပြီး အခြေအနေကို မှန်းဆ၍ ရနေ၏။
ရေ၊ မီး၊ ဓား နှင့် မိုးကြိုး အရောင်များသည် တဖြည်းဖြည်း ပိုမို ကြီးမား ကျယ်ပြန့်လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဝိညာဉ်တောင် တစ်ဝက်ခန့်ကို လွှမ်းခြုံသွားလေ၏။
အစစ်အမှန် အမွေခံများလည်း မြူခိုးများ ရစ်ပတ်မခံရစေရန် ကောင်းကင်ပေါ်သို့ ချက်ချင်း ခုန်တက် ရှောင်တိမ်းလိုက်ကြ၏၊
သူတို့ အားလုံးသည် 'မူလဝိညာဉ် နယ်ပယ်' နှောင်းပိုင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း စီနီယာအစ်ကိုနင် အဆင့်တက်စဉ် ဖြစ်ပေါ်လာသော အရောင်လေးမျိုး မြူခိုးများကြားတွင် နေရဲသည့် သတ္တိ မရှိကြပေ။
အတွင်း၌ ပါဝင်သော အစွမ်းသတ္တိသည် အလွန် ကြီးမား ခမ်းနားလှပြီး၊ မည်သည့် စည်းမျဉ်းမှန်း အတိအကျ မသိရသော်လည်း သူတို့အားလုံးကို ကြောက်မက်ဖွယ်ရာ ဖိအား ပေးစွမ်းနေလေ၏။
သူတို့ ဝိညာဉ်တောင် ပေါ်မှ ခွာလိုက်သည်နှင့် အရောင်လေးမျိုး မြူခိုးများသည် ဝိညာဉ်တောင် တစ်ခုလုံးကို ဆေးဆိုးလိုက်သကဲ့သို့ လွှမ်းခြုံသွားလေတော့၏။
အဝေးမှ လှမ်းကြည့်လျှင် ဝိညာဉ်တောင်ပေါ်၌ ရှားပါး ရတနာ တစ်ပါးပါး တူးဖော်ရရှိနေသကဲ့သို့ ထင်မှတ်မှားစရာပင်။
ရုတ်တရက်... အဝေးဆီမှ ဓားအလင်းတန်း တစ်ခု ပျံသန်းလာပြီး ထိုဓားပေါ်တွင် လူတစ်ယောက် ပါလာသည်။
ထိုလူသည် လမ်းကြုံ ဖြတ်သွားရင်း ဝိညာဉ်တောင်ပေါ်တွင် အရောင်လေးမျိုး တောက်ပနေသည်ကို သတိထားမိလိုက်သဖြင့် စပ်စုရန် ရောက်လာခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာ အခွင့်အရေး တစ်ခုခုများ ရမလားဟူသော မျှော်လင့်ချက်ဖြင့်ပင်။
သို့သော် သူ အနားရောက်သည်နှင့် မျက်လုံး (၈) စုံက သူ့ကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ထိုလူ လန့်ဖျပ်သွားလေသည်။
'ဘုရားရေ... ငါက မူလဝိညာဉ် နယ်ပယ် အလယ်အလတ် အဆင့်ပဲ ရှိသေးတာ... ဒီမှာက နှောင်းပိုင်း အဆင့်တွေချည်း (၈) ယောက်တောင် ဘာထိုင်လုပ်နေကြတာလဲ...'
“အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျာ... ကျွန်တော်က လမ်းကြုံ ဖြတ်သွားရင်း ဒီတောင်က ထူးခြားနေလို့ လာကြည့်မိတာပါ... ပစ်မှားမိတာ ရှိရင် ခွင့်လွှတ်ပါ ခင်ဗျာ…”
အခန်း (၅၇၈) - ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် (၃)
~'မင်းတော့ သွားပြီ...'
ထိုလူသည် ကိုယ့်အသက် အန္တရာယ်ကို သတိပြုမိသွားသဖြင့် ပျံသန်းနေသည်ကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ချက်ချင်း နောက်ပြန်လှည့်ပြေးရန် ပြင်လိုက်သည်။
ကံဆိုးစွာပင်... သူသည် လူ (၈) ယောက်၏ မြင်ကွင်းထဲသို့ ရောက်နှင့်နေပြီ ဖြစ်ရာ အလွယ်တကူ ထွက်ပြေးရန် မဖြစ်နိုင်တော့။
ချင်မင်ဟောက်သည် ဓားကို ဆွဲထုတ်ပြီး တစ်ချက် ပိုင်းချလိုက်သည်။ အမည်းရောင်နှင့် အဖြူရောင် စွမ်းအင်နှစ်ခုသည် နဂါးနှစ်ကောင်ပမာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ထိုလူကို ချက်ချင်း ရစ်ပတ် ဖမ်းချုပ်လိုက်လေ၏။
“အသက် ချမ်းသာပေးကြပါဗျာ...”
ထိုလူမှာ ကြောက်လွန်းသဖြင့် သေးပေါက်ချမတတ် ဖြစ်သွားသည်။ သူ နားမလည်နိုင်။
ဘာကြောင့် နည်းနည်းလေးတောင် ပြန်မခုခံနိုင်ရတာလဲ။ 'မူလဝိညာဉ် နယ်ပယ်' နှောင်းပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ဒီလောက်ထိ စွမ်းအားကြီးနေရတာလဲ။ သေချာတယ်... ဒီလူက ဂိုဏ်းကြီး တစ်ခုခုက တပည့်ပဲ ဖြစ်ရမယ်။
ချင်မင်ဟောက်က အေးစက်စွာ ပြောလိုက်သည်။
“စိတ်မပူနဲ့... မင်း အသက်ကို မယူပါဘူး... ဒါပေမဲ့ ငါတို့ စီနီယာအစ်ကို အဆင့်တက်နေတုန်း အနှောင့်အယှက် မဖြစ်အောင် မင်း ဒီမှာ ခဏလောက်တော့ ငြိမ်ငြိမ်လေး နေပေးရလိမ့်မယ်...”
“အဆင့်တက်နေတာ...”
ထိုလူ၏ ဦးနှောက် ခေတ္တမျှ ဗလာ ဖြစ်သွားပြီးနောက် ချက်ချင်း အကွက်ဆက်မိသွားသည်။
သူသည် ကြက်ပေါက်စလေး တစ်ကောင်လို တုန်ယင်လာသည်။ ဝိညာဉ်တောင်ပေါ်က ထူးခြားတဲ့ အရောင်တွေဟာ ရတနာ ပေါ်တာ မဟုတ်ဘဲ စွမ်းအားရှင် တစ်ယောက် အဆင့်တက်နေတာကိုး။
ထိုလူ၏ ခြေထောက်များ ထိန်းမရ သိမ်းမရ တုန်ခါနေလေ၏။
“ဟုတ်... ဟုတ်ကဲ့ပါ...”
အစစ်အမှန် အမွေခံများသည် ချင်မင်ဟောက်ကို တစ်ချက် လှမ်းကြည့်လိုက်ကြ၏၊ သူ့ စွမ်းအားကို အံ့အားသင့်သွားကြသလို၊ စီနီယာအစ်ကိုနင်ကို ကာကွယ်ရန် လျင်မြန်စွာ တုံ့ပြန်ပုံကိုလည်း သဘောကျသွားကြ၏၊
ကံကောင်းထောက်မစွာ ဤနေရာသို့ နောက်ထပ် မည်သူမျှ ရောက်မလာကြပေ။
ရောင်စုံ မြူခိုးများသည် ဝိညာဉ်တောင် တစ်ခုလုံးကို လွှမ်းခြုံထားရုံသာမက ဆယ်ပေခန့် အထိပါ ပျံ့နှံ့ထွက်လာနေ၏။
ရုတ်တရက်... ဟင်းလင်းပြင်ထဲတွင် စည်းမျဉ်း စွမ်းအား အမျှင်တန်းများ ပေါ်ထွက်လာသည်။
ထို စည်းမျဉ်း စွမ်းအားများသည် ဓာတ်သဘာဝ မျိုးစုံ သယ်ဆောင်ထားပြီး သူ့အလိုလို 'စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်' များအဖြစ် စတင် ဖွဲ့စည်းလာကြ၏၊
ရှိနေသူ အားလုံးသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းသားများ ဖြစ်ကြပြီး ဓာတ်သဘာဝ မတူညီကြသော်လည်း ဓားတာအိုနှင့် ပတ်သက်လျှင်တော့ အားလုံး ဉာဏ်အလင်း ရထားကြသူများ ဖြစ်သည်။
ဓားတာအို စည်းမျဉ်း စွမ်းအား သက်သက်ဖြင့် ဖွဲ့စည်းထားသော စည်းမျဉ်း စွမ်းအားမျှင် တစ်ချောင်းကို သူတို့ မကြည့်ဘဲ မနေနိုင်ကြ။
ထို ဓားတာအို စည်းမျဉ်း စွမ်းအားမျှင် တစ်ခုလုံးသည် သေးငယ်သော 'ဓားဆန္ဒ' (s) လေးများဖြင့် ဖွဲ့စည်းထားပြီး 'ဓားဆန္ဒ အခင်းအကျင်း' ဟုပင် ခေါ်ဆိုနိုင်ပေသည်။
ဓားတာအို စည်းမျဉ်း စွမ်းအားမျှင်သည် ဂူထဲမှ ထိုးထွက်လာပြီး အရှည် ဆယ်ပေ တိတိ ရှိလေ၏။
ထိုနည်းတူစွာပင် အခြား ဓာတ်သဘာဝများဖြင့် ဖွဲ့စည်းထားသော စည်းမျဉ်း စွမ်းအားမျှင်များသည်လည်း တစ်ချောင်းပြီး တစ်ချောင်း ထွက်ပေါ်လာကြ၏၊
“ဆယ့်တစ်ပေ အရှည်...”
“ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်း...”
လူအုပ်ကြီးသည် ထူးဆန်းသော တိတ်ဆိတ်ခြင်း၌ နစ်မြုပ်သွားကြ၏၊ ချင်မင်ဟောက် ဖမ်းချုပ်ထားသော လူမှာမူ ကြောက်လွန်းသဖြင့် လေထဲတွင် ဖရိုဖရဲ ခုန်ပေါက်လုမတတ် ဖြစ်နေလေ၏။
'ကျွတ်... သွားပါပြီ... ငါ သွားစမိတာက ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်း စွမ်းအားရှင်ကြီးကိုပါလား...'
ပြီးတော့ ဒီ စွမ်းအားရှင်ကြီးရဲ့ စည်းမျဉ်း စွမ်းအားမျှင်က သာမန် နှောင်းပိုင်း အဆင့်တွေထက်တောင် ပိုရှည်နေသေးသည်။
သို့သော် ဝိညာဉ်တောင်ပေါ်မှ ပြောင်းလဲမှုများက ဤမျှနှင့် မပြီးဆုံးသေးပေ။
အရောင်လေးမျိုး နတ်ဘုရား စွမ်းအားမျှင်များသည် ပိုမို များပြားစွာ ဂူထဲမှ တိတ်တဆိတ် ထွက်ပေါ်လာနေ၏။
သုံးချောင်း... ငါးချောင်း... ကိုးချောင်း... ဆယ့်နှစ်ချောင်း...။
စုစုပေါင်း (၃၆) ချောင်းတိတိ ထွက်ပေါ်လာသည်။ ဝိညာဉ်တောင် တစ်ခုလုံးကို နတ်ဘုရား စွမ်းအားမျှင်များဖြင့် ချည်နှောင် ပိတ်လှောင်ထားသကဲ့သို့ ဖြစ်နေပြီး ဟင်းလင်းပြင် တစ်ခုလုံး ခဲသွားလေ၏။
သူတို့၏ အရှည်များမှာ မတူညီကြပေ။ အချို့က (၁၁) ပေ၊ အချို့က (၁၅) ပေ၊ အချို့ဆိုလျှင် ပေ (၂၀) ကျော်အထိ ရှိနေကြ၏၊
အရေအတွက် (၃၆) ချောင်းသည် အကန့်အသတ် မဟုတ်သေးသည့်အလား ရံဖန်ရံခါတွင် ပိုမို တောက်ပသော စွမ်းအားမျှင်သစ်များ ထပ်မံ ထွက်ပေါ်လာတတ်သေးသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော 'မူလဝိညာဉ် နယ်ပယ်' အလယ်အလတ် အဆင့် ကျင့်ကြံသူခမျာ မျက်လုံးပြူးပြီး နေရာမှာတင် မေ့လဲသွားရှာလေ၏။ ခေါင်းကြီး ဘေးသို့ စောင်းကျသွား၏။
အစစ်အမှန် အမွေခံများသည် တစ်ပြိုင်နက်တည်း ခေါင်းလှည့်ပြီး ကျန်းချင်းရွှယ်ကို ကြည့်လိုက်ကြ၏၊
ကျန်းချင်းရွှယ်၏ အေးစက်ပြီး လှပလွန်းသော မျက်နှာလေးသည် သူတို့၏ ကြောင်အမ်းအမ်း အကြည့်များကို မြင်သောအခါ အနည်းငယ် ရဲတက်သွားလေ၏။ သူတို့ ဘာကြောင့် ကြည့်သည်ကို သူမ နားလည်သည်။
အဘယ်ကြောင့်ဆိုသော် သူမက ပြောခဲ့ဖူးသည် မဟုတ်ပါလော။ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း ရောက်မှ စည်းမျဉ်း စွမ်းအားမျှင် အရှည် ဆယ်ပေ ရှိပြီး၊ အနည်းဆုံး ငါးချောင်း ပိုင်ဆိုင်သည် ဟူ၍။
အခုတော့... စီနီယာအစ်ကိုနင်က ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို အခုမှ စဝင်ကာစ ရှိသေးသည်။ သူ မရည်ရွယ်ဘဲ ထုတ်လွှတ်လိုက်သော စွမ်းအားသည် အရှည်တွင် သာလွန်ရုံမက အရေအတွက် အားဖြင့်လည်း အဆမတန် များပြားလွန်းနေ၏။
ကျန်းချင်းရွှယ် နှာခေါင်းလေး ရှုံ့လိုက်ပြီး ကပျာကယာ ဖြေရှင်းချက် ထုတ်ရလေတော့၏။
“ငါ ပြောတာက... သာမန် နှောင်းပိုင်း အဆင့်တွေကို ပြောတာပါ... နင်တို့လည်း သိသားပဲ... စီနီယာအစ်ကိုနင်က သာမန်မှ မဟုတ်တာ...”
အားလုံး ခေါင်းပြန်လှည့်သွားကြ၏၊ တိတ်ဆိတ်ခြင်းက ပြန်လည် လွှမ်းမိုးသွားပြန်သည်။ သူတို့ ရင်ထဲတွင် ဘာတွေ တွေးနေကြမှန်း မည်သူမျှ မသိနိုင်။
ဖြစ်နိုင်သည်က... သူတို့၏ ဝိညာဉ်ရေကန်ထဲတွင် လှိုင်းလုံးကြီး ရိုက်ခတ်သွားခြင်း မဟုတ်ဘဲ၊ ပင်လယ် တစ်စင်းလုံး အလောင်းထည့် ခံလိုက်ရသကဲ့သို့ ခံစားနေရခြင်း ဖြစ်ပေလိမ့်မည်။
“ဝုန်း...”
ရုတ်တရက်... သူတို့ နားစည်ထဲတွင် ကြောက်မက်ဖွယ်ရာ အသံ တစ်ခု ပဲ့တင်ထပ်သွားသည်။ အားလုံး မော့ကြည့်လိုက်ကြ၏၊
စည်းမျဉ်း စွမ်းအားမျှင်များ အားလုံး ဂူထဲသို့ ရုတ်တရက် ပြန်လည် ရုပ်သိမ်းသွားသည်ကို တွေ့လိုက်ရ၏။ သို့သော် ရိုက်ခတ်မှု အရှိန်ကြောင့် ဝိညာဉ်တောင် တစ်ခုလုံး ပြိုကျပျက်စီးသွားလေတော့၏။
တစ်ခဏချင်းမှာပင် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားပြီး၊ နင်ချီ၏ ပုံရိပ်သည် နေမင်းကြီးသဖွယ် လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာလေ၏။ အစွန်းအထင်း ကင်းစင်ပြီး ဖြူစင် တောက်ပနေ၏။
နင်ချီ အံ့သြစွာဖြင့် ဘေးဘီကို ဝေ့ကြည့်လိုက်သည်။
'ငါ အဆင့်တက်လိုက်တာပါ... ဝိညာဉ်တောင်ကြီး ဘယ်ရောက်သွားတာလဲ...'
နင်ချီ၏ ပုံစံကို မြင်လိုက်ရသောအခါ အားလုံး ငိုရခက် ရယ်ရခက် ဖြစ်ကုန်ကြ၏၊
'ဘုရားရေ... စီနီယာအစ်ကိုနင်က သူ အဆင့်တက်လို့ တောင်ကြီး ပြိုသွားတာကိုတောင် သတိမထားမိဘူးတဲ့လား... ဝိညာဉ်တောင်ကြီးအတွက် ဝမ်းနည်းပါတယ်ဗျာ...'
“ဂုဏ်ပြုပါတယ် စီနီယာအစ်ကိုနင်... မူလဝိညာဉ် နယ်ပယ်ကို ကျော်ဖြတ်ပြီး ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းကို တစ်ခါတည်း ရောက်သွားတဲ့ အတွက် ဝမ်းမြောက်ပါတယ် ခင်ဗျာ...”
လူအုပ်ကြီးက ပြိုင်တူ ဂုဏ်ပြုစကား ဆိုလိုက်ကြ၏၊ သူတို့ မျက်လုံးများထဲတွင် အထင်ကြီးလေးစားမှုနှင့် အံ့သြမှုများ ပြည့်နှက်နေရသည်။
နင်ချီ အားနာစွာ ပြုံးလိုက်သည်။
“ကျေးဇူးပါပဲ... ဂျူနီယာ မောင်မယ်တို့...”
သူသည် ချင်မင်ဟောက် ဘေးတွင် မေ့လဲနေသော 'မူလဝိညာဉ် နယ်ပယ်' အလယ်အလတ် အဆင့် ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။
“ဒါ ဘယ်သူလဲ...”
“စီနီယာအစ်ကိုနင် အဆင့်တက်တုန်းက ဖြစ်လာတဲ့ နိမိတ်ကို မြင်ပြီး ရတနာ ပေါ်တယ် ထင်လို့ လာကြည့်တဲ့သူပါ... သတင်း မပေါက်ကြားအောင် ကျွန်တော် ဖမ်းထားလိုက်တာ... ပြီးတော့ စီနီယာအစ်ကိုရဲ့ စည်းမျဉ်း စွမ်းအားမျှင်တွေကို မြင်ပြီး ကြောက်လွန်းလို့ မေ့လဲသွားတာပါ...”
ချင်မင်ဟောက်က ရှင်းပြလိုက်သည်။
နင်ချီ ခပ်ဟဟ ရယ်မောလိုက်မိသည်။
“ဟားဟား၊ သူ့ကို ထားခဲ့လိုက်ပါ... ငါတို့ တခြားနေရာ သွားပြီး ပြောကြတာပေါ့...”
ထို့နောက် သူတို့သည် မေ့လဲနေသော လူကို ထားရစ်ခဲ့ပြီး ဝိညာဉ်ရေကန် ကမ်းစပ်သို့ ပြောင်းရွှေ့လိုက်ကြ၏၊
ဝိညာဉ်ရေကန်၏ ပြာလဲ့သော လှိုင်းကြက်ခွပ်များသည် ကျယ်ပြောစွာ တည်ရှိနေပြီး ရံဖန်ရံခါ လေပြေ တိုက်ခတ်မှုကြောင့် ကြေးမုံပြင်သဖွယ် ရေမျက်နှာပြင်တွင် လှုပ်ရှားမှုများ ဖြစ်ပေါ်နေတတ်သည်။
အစစ်အမှန် အမွေခံ (၈) ဦးသည် နင်ချီ၏ ဘေးပတ်လည်တွင် ထိုင်လိုက်ကြပြီး သူ ပြောမည့် စကားကို စောင့်မျှော်နေကြလေ၏။
နင်ချီသည် လူအုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရောက်ပြီဆိုတော့... မကြာခင် နေရာ တစ်ခုကို သွားစရာ ရှိတယ်... မင်းတို့ ဒီမှာပဲ ခဏလောက် ဆက်ပြီး ကျင့်ကြံနေကြပါ...”
လူအုပ်ကြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏၊
စီနီယာအစ်ကိုနင်က ဘယ်သွားမယ်ဆိုတာ အတိအကျ မပြောသော်လည်း အားလုံးက ရိပ်မိကြပြီး နင်ချီ၏ စေတနာကို နားလည်လိုက်ကြ၏၊
စီနီယာအစ်ကိုနင်က အန္တရာယ် ရှိနိုင်မည့် ခရီးစဉ်တွင် သူတို့ကို မပါစေချင်မှန်း သိသာလှသည်။ ထို့ကြောင့် အားလုံး ခေါင်းညိတ် လက်ခံလိုက်ကြ၏၊
“စိတ်ချပါ စီနီယာအစ်ကိုနင်... ကျွန်တော်တို့ ဒီမှာပဲ ကျင့်ကြံရင်း စီနီယာအစ်ကို ပြန်လာမှာကို စောင့်နေပါ့မယ်...”
နင်ချီ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလေ၏။
“မသွားခင်... ဂျူနီယာ မောင်မယ်တို့ကို ငါ လက်ဆောင်ကြီး တစ်ခု ပေးခဲ့မယ်…”
အခန်း (၅၇၉) - ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် (၄)
~လူအုပ်ကြီးသည် ချက်ချင်း ငြင်းဆန်လိုက်ကြလေ၏။
ဝူချင်းရှောင်က လေးနက်စွာ ပြောလိုက်သည်။
“စီနီယာအစ်ကိုနင်... အစ်ကိုက ကျွန်တော်တို့ကို အများကြီး ပေးပြီးနေပြီ... အခု ထပ်ပေးမယ် ဆိုရင်တော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ရောင်းစားရင်တောင် ကျေးဇူးဆပ်နိုင်မှာ မဟုတ်တော့ဘူး...”
သူ့စကားက လေးနက်သော်လည်း လူအုပ်ကြီးကို ရယ်မောသွားစေသည်။
နင်ချီကလည်း ပြုံးလိုက်ပြီး ပြန်ပြောလေ၏။
“ငါ စကားပြောလို့ မပြီးသေးဘူး... နေပါဦးကွ...”
“လုပ်ပါနဲ့ စီနီယာအစ်ကိုနင်ရာ... ကျွန်တော်တို့ နှလုံးသားကို မနှိပ်စက်ပါနဲ့တော့... အစ်ကို ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်းကို ရောက်သွားတဲ့ ထိတ်လန့်မှုကနေ အခုထိ အမောမပြေသေးဘူး... ထပ်လာရင် ရင်ကွဲနာကျပြီး သေလိမ့်မယ်ဗျ...”
ဝူချင်းရှောင် ၏ စကားကြောင့် လူအုပ်ကြီး ထပ်မံ ပွဲကျသွားကြပြန်သည်။ လေထုက ပိုမို သက်ဝင် လှုပ်ရှားလာသော်လည်း ဤစကားသည် သူတို့၏ ရင်ထဲမှ အစစ်အမှန် ခံစားချက် ဖြစ်ပေသည်။
သူတို့မှာ ထုံသွားလောက်အောင် အံ့သြခဲ့ရသော်လည်း နင်ချီတွင် သူတို့၏ ထုံနေသော နှလုံးသားများကို ပြန်လည် နိုးကြားလာအောင် လုပ်နိုင်စွမ်း ရှိနေပြန်သည်။
'ဟေ့ကောင်တွေ... ထကြ... နောက်ထပ် လန့်စရာ တစ်ခု လာဦးမယ်...' ဟု ပြောနေသကဲ့သို့ပင်။
“မင်းတို့ အားလုံးက မူလဝိညာဉ် နယ်ပယ် နှောင်းပိုင်းကို ရောက်နေကြပြီ... အခု ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို တက်ဖို့ စည်းမျဉ်း ရွေးချယ်ရမယ့် အချိန်ပဲ... ငါ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို ရောက်ပြီးတဲ့နောက် စည်းမျဉ်း ကျောက်စိမ်းတွေကို ခွဲထုတ်နိုင်တဲ့ စွမ်းရည် ရလာတယ်... ဒါကြောင့် မင်းတို့ရဲ့ စည်းမျဉ်း ကျောက်စိမ်းတွေကို ငါ ခွဲထုတ်ထားတဲ့ ဟာတွေနဲ့ လဲလှယ်ကြတာပေါ့...”
စကားဆုံးသည်နှင့် နင်ချီ၏ ရှေ့တွင် အရောင်တစ်မျိုးတည်း ပါဝင်သော စည်းမျဉ်း ကျောက်စိမ်း ရာပေါင်းများစွာ ပေါ်ထွက်လာလေ၏။
တစ်ခဏချင်းမှာပင် သူတို့၏ ထုံနေသော နှလုံးသားများသည် နင်ချီ၏ လှုပ်နှိုးမှုကြောင့် နောက်တစ်ကြိမ် ပြန်လည် နိုးထလာကြ၏၊ အံ့သြခြင်းနှင့် ဝမ်းသာခြင်း အရောင်အဆင်းများ သူတို့ မျက်နှာပေါ်တွင် ထိန်းမနိုင် သိမ်းမရ ဖြာထွက်လာကြလေ၏။
အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း ဟုတ်လား...။
သူတို့တင် မဟုတ်။ ဂိုဏ်းကြီးများ၏ အကြီးအကဲများနှင့် ဂိုဏ်းချုပ်များပင် လိုချင်လွန်း၍ သွားရည် တများများ ကျနေမည့် အရာမျိုး ဖြစ်သည်။
တကယ်တမ်း ပြောရလျှင် အရောင်တစ်မျိုးတည်း ကျောက်စိမ်း မပြောနှင့်၊ အရောင် (၅) မျိုး အောက် လျော့နည်းသော ကျောက်စိမ်း တစ်တုံး ဆိုလျှင်ပင် မိုးထိအောင် ဈေးကြီးပေး ဝယ်မည့်သူများ တန်းစီနေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် စည်းမျဉ်း ကျောက်စိမ်းသည် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ၊ 'ပေါင်းစည်းခြင်း နယ်ပယ်' နှင့် 'သဟဇာတဖြစ်ခြင်း နယ်ပယ်' ကျင့်ကြံသူများ အားလုံးအတွက် မရှိမဖြစ် လိုအပ်သော ငွေကြေးသဖွယ် အသုံးဝင်နေသောကြောင့် ဖြစ်သည်။
စီနီယာအစ်ကိုနင်သည် ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းရည်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူ ထင်မှတ်ထားပါမည်နည်း။ ယခု သူတို့၏ စိတ်လှုပ်ရှားမှုသည် ဂူအောင်းရာမှ ထွက်လာစဉ်က ခံစားခဲ့ရသော ပီတိထက် မလျော့နည်းပေ။
ဒါသည် သူတို့ ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို အမြန်ဆုံး ရောက်နိုင် မရောက်နိုင် ဆိုသည့် သူတို့၏ အနာဂတ်နှင့် တိုက်ရိုက် သက်ဆိုင်နေသော ကိစ္စ ဖြစ်သည်။
လူအုပ်ကြီးသည် အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း ရာပေါင်းများစွာကို မျှော်လင့်တကြီး ငေးကြည့်နေကြ၏၊
'သွားပြီ... ဒီတစ်ခါတော့ တကယ် သွားပြီ... ငါတို့ စီနီယာအစ်ကိုနင်ဆီမှာ ဘဝကို ပုံအပ်လိုက်ရတော့မယ်...'
အရင်တုန်းကတော့ စီနီယာအစ်ကိုနင် နောက်လိုက်ရင် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်ကို သေချာပေါက် ရောက်မည်ဟု တွက်ကိန်းထုတ်မိခဲ့ကြ၏၊
အခု စီနီယာအစ်ကိုနင်က အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်းကိုပါ ထုတ်ပေးလိုက်ပြီ ဆိုတော့... ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် တင် မကဘူး... 'သဟဇာတဖြစ်ခြင်း နယ်ပယ်' ကိုပါ မျှော်မှန်းလို့ ရသွားပြီလေ။
ဟူး…။
ကျန်းချင်းရွှယ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
နင်ချီသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်း စွမ်းအားရှင် ဖြစ်နေသည်ကို ထည့်မတွက်လျှင်တောင်၊ သူ့ ပါရမီကို မကြည့်လျှင်တောင်... ဒီ အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း တစ်ခုတည်းနှင့်တင် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ပိုပြီး ပြောရလျှင်... နင်ချီသာ ဆန္ဒရှိပါက မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေရှိ မည်သည့် ဂိုဏ်းမဆို သူ့ကို ဂိုဏ်းချုပ် ရာထူး ပေးအပ်လိမ့်မည်။ 'သဟဇာတဖြစ်ခြင်း နယ်ပယ်' စွမ်းအားရှင်များ စောင့်ကြပ်နေသော ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီးများပင် ဤ မက်လုံးကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။
အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း၏ တန်ဖိုးကို လူတိုင်း နားလည်ကြ၏၊ နင်ချီက သူတို့ကို လွတ်လပ်စွာ ရွေးချယ် လဲလှယ်ခွင့် ပေးထားရာ သူတို့နှင့် ကိုက်ညီသော စည်းမျဉ်းများကို ရွေးချယ်လိုက်ကြ၏၊
ထို့ကြောင့် သူတို့သည် မိမိတို့ ရထားသော ရောနှော စည်းမျဉ်း ကျောက်စိမ်းများကို တစ်တုံးပြီး တစ်တုံး လဲလှယ်ကြ၏၊ အချို့ဆိုလျှင် လိုအပ်သည်ကိုသာ ယူပြီး ပိုနေသော ဝိညာဉ် ရတနာများကိုပါ ထပ်ဆောင်း ပေးအပ်ကြလေ၏။
သူတို့ အံ့သြသွားရသည်မှာ နင်ချီသည် လဲလှယ်နှုန်းကို သူတို့ လိုအပ်ချက် အပေါ် မူတည်ပြီး အကျိုးအမြတ် ခွဲဝေမှု ပုံစံဖြင့် သတ်မှတ်ပေးခြင်း ဖြစ်သည်။
ဥပမာအားဖြင့် ချင်မင်ဟောက်တွင် အရောင်သုံးမျိုး စည်းမျဉ်း ကျောက်စိမ်း တစ်တုံး ရှိပြီး၊ ထိုအထဲမှ စည်းမျဉ်း တစ်ခုကိုသာ သူ လိုအပ်သည် ဆိုပါစို့။ သူသည် ထို အရောင်သုံးမျိုး ကျောက်စိမ်းကို ပေးအပ်ပြီး၊ သူ လိုချင်သော စည်းမျဉ်း သီးသန့် ပါဝင်သည့် ပမာဏတူ ကျောက်စိမ်း တစ်တုံးကို ပြန်လည် ရယူနိုင်သည်။
အရင်က သူတို့ ရခဲ့သော ကျောက်စိမ်းများတွင် သူတို့ လိုချင်သော စည်းမျဉ်းများ ပါဝင်ပြီး ဖြစ်သဖြင့် လဲလှယ်မှုသည် အလွန် ချောမွေ့သွားခဲ့လေ၏။
အားလုံး လဲလှယ်ပြီးသွားသောအခါ နင်ချီသည် သူတို့ ပေးသော ကျောက်စိမ်းများကို လက်ခံရယူလိုက်သည်။ ဒါသည် သူ၏ လုပ်အားခ ဖြစ်ပေသည်။
သို့သော် မည်သူမျှ မကျေမနပ် မဖြစ်ကြပါပေ။ အားလုံးက မိမိတို့ အမြတ်ထွက်သည်ဟုသာ ခံစားနေကြရ၏။
---
နင်ချီသည် တစ်ကိုယ်တည်း ခရီးဆက်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်း ပျံသန်းလာခဲ့သည်။
သူသည် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှောင်းပိုင်း စွမ်းအားကို ထုတ်မသုံးသော်လည်း သူ၏ အမြန်နှုန်းသည် ကြောက်ခမန်းလိလိ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
စည်းမျဉ်း စွမ်းအားကို ပိုင်နိုင်စွာ အသုံးချတတ်လာပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်သန်းရာတွင် စည်းမျဉ်းများကို အပြည့်အဝ အသုံးပြုနိုင်သလို၊ မိုးကြိုး စည်းမျဉ်း၏ အမြန်နှုန်းကိုပါ ပေါင်းစပ်လိုက်သောအခါ မိုင်ပေါင်း ရာချီသော ခရီးကို မျက်တောင်တစ်ခတ် အတွင်း ရောက်ရှိသွားလေ၏။
မကြာမီ... နင်ချီသည် 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ထဲမှ ထွက်လာခဲ့စဉ်က အပေါက်ဝသို့ ပြန်လည် ရောက်ရှိလာသည်။
“ရွှီး…”
အလင်းတစ်ချက် လက်သွားပြီး သူ ချက်ချင်း ဝင်ရောက်သွားလေ၏။
အတွင်းသို့ ရောက်သည်နှင့် နင်ချီ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ လက်ရှိ လျှို့ဝှက်နယ်မြေ အခြေအနေသည် သူတို့ ရှိစဉ်ကထက် များစွာ ပိုမို အန္တရာယ် များနေတော့၏။
အုတ်ဂူကြီးများသည် တစ်လုံးပြီး တစ်လုံး ပေါ်လာကြ၏၊ ငွေရောင်နှင့် ရွှေရောင် အုတ်ဂူတိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေကြ၏၊
စွမ်းအားရှင်များသည် အတွင်းမှ အရင်းအမြစ်များကို လုယူရန် တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်နေကြ၏၊ ကောင်းကင်ကြီး မည်းမှောင်နေပြီး စည်းမျဉ်း စွမ်းအားများ ရိုက်ခတ်မှုကြောင့် နေရာအနှံ့ ဖရိုဖရဲ ဖြစ်နေလေ၏။
နင်ချီ သူ လာရင်း ကိစ္စကို မမေ့ပေ။
သူသည် အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ တိုကင်ပြားကို ထုတ်ယူလိုက်ပြီး မဟာ အကြီးအကဲ ဇီယန်နှင့် အခြားသူများ၏ တည်နေရာကို အကြမ်းဖျင်း အာရုံခံလိုက်သည်။ ထို့နောက် ထိုနေရာသို့ ချက်ချင်း ဦးတည် ပျံသန်းသွားလေတော့၏။