← Chapters

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃-၅၈၅)

Vol. 39 Ch. 583-585

အခန်း (၅၈၃) - လုယက်ခြင်း (၄)

~နင်ချီသည် လျှို့ဝှက်နယ်မြေထဲ ပြန်ရောက်ကတည်းက ကောင်းကင် ကြယ်တာရာ ဂိုဏ်းသား အချို့ကို သတ်ဖြတ်ခဲ့သည်။ ထို့နောက်ပိုင်း တွေ့သော စွမ်းအားရှင်များကိုတော့ ဓားပြတိုက်ရုံသာ တိုက်ပြီး အသက်ချမ်းသာ ပေးခဲ့လေ၏။ ဒီကောင်တွေက ငါ့ကို ပျော့ညံ့တယ် ထင်နေကြတာလား...။

ဒါမှမဟုတ် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်မှာ တကယ်ပဲ ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားလို့များလား။ သို့တည်းမဟုတ် ပေ့ရွှမ် နယ်မြေရဲ့ ထိပ်တန်းဂိုဏ်းက ဖြစ်နေလို့ မောက်မာနေကြတာလား။

နင်ချီ၏ တစ်ကိုယ်လုံးမှ မှော်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူ့ခေါင်းပေါ်မှ အပြာရောင် အလင်းကန့်လန့်ကာ တစ်ခု ချက်ချင်း ကျဆင်းလာလေ၏။

ဝမ်ဇန်ချိုးတို့ အဖွဲ့၏ မြင်ကွင်းတွင်တော့ နင်ချီ၏ ခေါင်းပေါ်၌ အပြာရောင် ကြယ်တစ်လုံး ဝဲပျံနေပြီး အပြာရောင် အလင်းကန့်လန့်ကာဖြင့် ကာကွယ်လိုက်သည်ကို တွေ့လိုက်ရသည်။

“ဒီကောင်ရဲ့ မန္တန် ဖော်ဆောင်တဲ့ နှုန်းက မြန်လိုက်တာဟ...”

“သူ့ပုံစံက ကြယ်တာရာ နည်းစနစ်ကို သုံးနေတာ... ကောင်းကင် ကြယ်တာရာ ဂိုဏ်းကများလား...”

သို့လော၊ သို့လော သူတို့၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ပေါ်လာကြ၏၊

သို့သော် နင်ချီ အဆင်သင့် ဖြစ်သည်အထိ သူတို့ စောင့်မနေကြ။ ငါးယောက်သားသည် သူတို့ ရပ်နေသည့် နေရာများမှနေ၍ နင်ချီကို ဗဟိုပြုကာ စတင် လည်ပတ်ကြလေ၏။

ရိုးရိုး ဘေးတိုက် လည်ပတ်ခြင်း မဟုတ်ဘဲ နင်ချီကို ဗဟိုချက်ထားပြီး (၃၆၀) ဒီဂရီ ပတ်ပတ်လည် လှည့်ပတ်နေခြင်း ဖြစ်သည်။

ထိုငါးယောက်၏ လှုပ်ရှားမှုကြောင့် နင်ချီ၏ မျက်လုံးထဲတွင် ရာချီ၊ ထောင်ချီသော ပုံရိပ်ယောင်များ ပေါ်လာလေ၏။ တစ်ခဏချင်းမှာပင် သူ့မျက်လုံးဖြင့် မြင်ရသော မြင်ကွင်းရော၊ မူလဝိညာဉ် အာရုံခံနိုင်စွမ်းပါ ထို ပုံရိပ်ယောင် ပေါင်းများစွာကို မဖောက်ထွင်းနိုင် ဖြစ်သွားသည်။

ဆန့်ကျင်ဘက် အနေဖြင့် သူ၏ အသိစိတ် တစ်ခုလုံး အလွန်အမင်း မောပန်းနွမ်းနယ်လာပြီး အိပ်မွေ့ချခံထားရသကဲ့သို့ ဖြစ်လာလေ၏။

နင်ချီ ခေါင်းကို ခါလိုက်သည်။ သူ၏ တာအို လုံးသားသည် မယိမ်းမယိုင် ခိုင်မာလှသဖြင့် သူ့ရှေ့မှ ပုံရိပ်ယောင်များ အားလုံး တမဟုတ်ချင်း ပျက်စီးသွားလေတော့၏။

ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက စွမ်းအားရှင်တွေ ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေလဲ ဆိုတာ အခုမှ သိတော့၏။ သူတို့တွင် မူလဝိညာဉ်ကို ရှုပ်ထွေးသွားစေနိုင်သော နည်းစနစ် ရှိနေသည်ကိုး။

ဒီငါးယောက် ပေါင်းပြီး သုံးလိုက်မည် ဆိုပါက 'ပေါင်းစည်းခြင်း နယ်ပယ်' အစောပိုင်း အဆင့် စွမ်းအားရှင် တစ်ဦးကိုပင် ခေတ္တမျှ အာရုံလွတ်သွားအောင် လုပ်နိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင်... အဆုံးမဲ့သော 'မူလဝိညာဉ် ဓား' များသည် အရပ်မျက်နှာ အသီးသီးမှ ခုတ်ပိုင်း ဝင်ရောက်လာကြ၏၊

ဓားတစ်လက်ချင်းစီတွင် သရဲတစ္ဆေ အလင်းရောင်များ တောက်ပနေပြီး သာမန် မျက်စိဖြင့် မမြင်နိုင်ဘဲ မူလဝိညာဉ်ဖြင့်သာ အာရုံခံနိုင်လေ၏။

ဤတိုက်ကွက်သည် အလွန် ယုတ်မာ ကောက်ကျစ်လှသည်။ ဦးစွာ ရန်သူ၏ အာရုံခံနိုင်စွမ်းကို ရှုပ်ထွေးသွားအောင် လုပ်ပြီးမှ မူလဝိညာဉ် ဓားများဖြင့် ရန်သူ၏ မူလဝိညာဉ်ကို အပိုင်းပိုင်းအစစ ခုတ်ပိုင်းပစ်ခြင်းတည်း။

ချူရှောင်ထျန်းနှင့် တိုက်ခိုက်ခဲ့စဉ်က အဖြစ်အပျက်ကို နင်ချီ ပြန်ပြောင်း သတိရလိုက်မိသည်။ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းသည် မူလဝိညာဉ် ကျင့်ကြံခြင်းတွင် အလွန် ထူးချွန်သဖြင့် ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်အတွက် ချမှတ်ထားသော အုတ်မြစ်သည်လည်း အလွန် ခိုင်မာလှပေသည်။

ဒါကြောင့်လည်း သူတို့ ဒီလောက် ယုံကြည်မှု ရှိနေကြတာကိုး...။

ကံဆိုးစွာပင်... သူတို့ တွေ့လိုက်ရသည်မှာ သူ ဖြစ်နေလေ၏။

မရေမတွက်နိုင်သော မူလဝိညာဉ် ဓားများသည် အပြာရောင် ကြယ်မှ ချပေးထားသော အလင်းကန့်လန့်ကာနှင့် ထိတွေ့သွားကြ၏၊ မြေစေး နွားရုပ်ကို ပင်လယ်ထဲ ပစ်ချလိုက်သကဲ့သို့ပင်... လှိုင်းဂယက် အနည်းငယ် ထသွားသော်လည်း နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားလေတော့၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ ငါးယောက်သား ဂနာမငြိမ် ဖြစ်သွားကြ၏၊

“အကြီးအကဲဝမ်... တစ်ခုခု မှားနေပြီဗျ...”

ဝမ်ဇန်ချိုးလည်း နင်ချီ၏ အခြေအနေကို သတိထားမိသည်။ သူ ချက်ချင်း အော်ပြောလိုက်၏။

“မူလဝိညာဉ် စည်းမျဉ်း နတ်ဘုရား ဓား ကို ပြောင်းသုံးမယ်... လိုက်ကြစမ်း...”

“ဟုတ်ကဲ့...”

တစ်ခဏချင်းမှာပင် ထိုငါးယောက်၏ မူလဝိညာဉ်များသည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ ဖြစ်သွားပြီး ဟင်းလင်းပြင် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလေ၏။ အဝေးမှ ကြည့်လျှင် မှန်နှင်းခွဲသားကို ကြည့်နေရသကဲ့သို့ ဝေဝါးနေ၏။

ဟင်းလင်းပြင်ထဲတွင် စည်းမျဉ်း စွမ်းအားမျှင်များ ပေါ်လာသည်။ အချို့က ပေါင်းစပ်ပြီး ဓားကြီးများ ဖြစ်သွားသည်။ အချို့က ဓားပျံ၊ အပ်၊ လှံ၊ မြှား စသည်ဖြင့် အမျိုးမျိုးသော လက်နက်များ အဖြစ် ပြောင်းလဲသွားကြ၏၊

ထိုအထဲတွင် မီးခိုးငွေ့များနှင့် တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ ထင်ရသော၊ အတုနှင့် အစစ်ကြား တည်ရှိနေသည့် ဧရာမ ဓားကြီး တစ်လက်က အထင်ရှားဆုံးပင်။

“ဝုန်း...”

တိုက်ခိုက်မှု အားလုံး ပြိုကျလာပြီး နင်ချီ ခေါင်းပေါ်ရှိ အပြာရောင် ကြယ်သည် ချက်ချင်း ကွဲကြေသွားလေ၏။

ဝမ်ဇန်ချိုးတို့ အဖွဲ့ ပျော်လွန်း၍ အော်ဟစ်လိုက်မိကြ၏၊

တိုက်ခိုက်မှု အားလုံး နင်ချီ၏ ခန္ဓာကိုယ်ကို ထိမှန်တော့မည့် ဆဲဆဲတွင်... နင်ချီ၏ ခေါင်းပေါ်၌ ခရမ်းရောင် ကြယ်တစ်လုံး ရုတ်တရက် ပေါ်ထွက်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သေးငယ်သော အစက်အပြောက်မှ ဧရာမ ကြယ်ကြီး အဖြစ် ကြီးထွားလာသည်။

ရုတ်ခြည်းပင် မိုးကြိုး အမျိုးမျိုး ပစ်ခတ် ထွက်ပေါ်လာပြီး အရှည် အတို မညီသော မိုးကြိုး စည်းမျဉ်း စွမ်းအားမျှင်များ အဖြစ် ပြောင်းလဲကာ ဟင်းလင်းပြင် တစ်ခုလုံးကို ရိုက်ခတ် လွှမ်းမိုးသွားလေ၏။

“ဂျိန်း... ဂျိန်း...”

အဆုံးမဲ့သော မိုးကြိုးတိမ်တိုက်များသည် ထိုဧရိယာ တစ်ဝိုက်သို့ စုဝေး ရောက်ရှိလာကြ၏၊

ထိုငါးယောက်၏ မူလဝိညာဉ်များ ဆီမှ အလွန် သနားစဖွယ် ကောင်းသော အော်ဟစ် ညည်းညူသံများ ထွက်ပေါ်လာသည်။

မူလဝိညာဉ်ကို ပစ်မှတ်ထားသော တိုက်ကွက်များသည် မူလဝိညာဉ်ကို ထိခိုက်ပျက်စီးစေရာတွင် ထိရောက်သည် မှန်သော်လည်း၊ မိုးကြိုး စည်းမျဉ်းသည်လည်း မူလဝိညာဉ် အပေါ် ထပ်တူထပ်မျှ ထိရောက်မှု ရှိပေသည်။

ရှေးယခင် ကတည်းက ကျင့်ကြံသူများသည် ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကျင့်ကြံကြသဖြင့် အဆင့်တက်တိုင်း ကောင်းကင်ဘုံ မိုးကြိုး ပြစ်ဒဏ်ကို ခံယူကြရသည် ဟူသော ဆိုရိုးစကား ရှိခဲ့သည်။

မိုးကြိုး ပြစ်ဒဏ်သည် မူလဝိညာဉ်ကို သန့်စင်ပေးနိုင်သလို ဖျက်ဆီးပစ်နိုင်စွမ်းလည်း ရှိသည်။ ဖျက်ဆီးနိုင်စွမ်းက (၉၀) ရာခိုင်နှုန်းကျော် ရှိပေသည်။

ထို့ကြောင့် ထိုငါးယောက် ထုတ်လွှတ်လိုက်သော မူလဝိညာဉ် စည်းမျဉ်း စွမ်းအားမျှင်များသည် မိုးကြိုး စည်းမျဉ်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသောအခါ... အဝတ်အစား ဗလာကျင်း ခံလိုက်ရပြီး၊ ဆီ၊ ဆား၊ ငရုတ်ကောင်း လူးထားသော ကြိမ်လုံးဖြင့် အရိုက်ခံရသကဲ့သို့ ခံစားလိုက်ကြရ၏။

ကြိမ်လုံး ရိုက်ချက်များကြောင့် မူလဝိညာဉ်များ စုတ်ပြတ်သတ်ကုန်ပြီး ပူလောင်သော ဝေဒနာနှင့် ထုံကျင်သော ခံစားမှုတို့ တစ်ပြိုင်နက် ဖြစ်ပေါ်လာလေ၏။

ငါးယောက်သား နာကျင်လွန်း၍ အော်ဟစ်နေကြ၏၊ အချို့ဆိုလျှင် အခြေအနေ မဟန်တော့မှန်း သိသဖြင့် ထွက်ပြေးရန် ပြင်လိုက်ကြ၏၊

သို့သော် နင်ချီသည် နောက်ထပ် ကြယ်တစ်လုံးကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။ အင်္ဂါဂြိုဟ် ကဲ့သို့ ကြီးမားသော ကြယ်ကြီးသည် ဟင်းလင်းပြင် တစ်ခုလုံးကို အနီရင့်ရောင် အလင်းများဖြင့် လွှမ်းခြုံလိုက်ရာ ငါးယောက်သား၏ မူလဝိညာဉ်များ အပေါ်၌ မကောင်းဆိုးဝါး နိမိတ်များ ကျရောက်လာသကဲ့သို့ ဖြစ်သွားလေ၏။

သူတို့ ငါးယောက်လုံး… မိမိတို့၏ ရှစ်ဆက်မြောက် ဘိုးဘေး အထိ ကံဆိုးမိုးမှောင် ကျသွားသလို ခံစားလိုက်ရပြီး မူလဝိညာဉ်ရော၊ ရုပ်ခန္ဓာပါ အောက်သို့ ထိုးကျသွားကြ၏၊

စည်းမျဉ်း စွမ်းအားမျှင် အချို့သည် ဓားများ အဖြစ် ပြောင်းလဲသွားပြီး တိတ်တဆိတ် ဖြတ်သန်းသွားသည်။

ဟင်းလင်းပြင်ကြီး ကွဲအက်သွားပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်နှင့် စည်းမျဉ်းများ အားလုံး ပျက်သုဉ်းကာ ကြီးမားသော အမည်းရောင် အမာရွတ်ကြီး တစ်ခု ဖြစ်ပေါ်လာလေ၏။

စွမ်းအားရှင် လေးယောက်သည် မူလဝိညာဉ်ရော၊ ရုပ်ခန္ဓာပါ ချက်ချင်း ပျက်စီးသွားကြသည်။၊

ကျန်ရှိနေသော ဝမ်ဇန်ချိုး တစ်ယောက်သာ မူလဝိညာဉ် တစ်ဝက် ကြေမွပြီး ရုပ်ခန္ဓာ ပျက်စီးသွားလေ၏။

သူက အညှိုးတကြီး အော်ဟစ်လိုက်သည်။

“ကောင်းကင် ကြယ်တာရာ ဂိုဏ်း... မင်းတို့ ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ရဲတယ်ပေါ့... ငါတို့ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းက မင်းတို့ကို သေရင်တောင်.. အလွတ်မပေးမဘူး...”

ဝမ်ဇန်ချိုး၏ ကျန်ရှိနေသေးသော မူလဝိညာဉ် တစ်ဝက်သည် ရုတ်တရက် အပိုင်းတစ်ပိုင်း ထပ်မံ ကွဲထွက်သွားပြီး ကမ္ဘာမြေနှင့် ဆက်သွယ်ကာ ထူးခြားသော ပုံရိပ်ယောင် သတင်းစကား တစ်ခုကို မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာသို့ ပို့လွှတ်လိုက်လေ၏။

ကျန်ရှိနေသော မူလဝိညာဉ် အပိုင်းအစ လေးကတော့ တဖြည်းဖြည်း ပြိုကွဲ ပျက်စီးသွားတော့သည်။

နင်ချီ လက်ကြီးတစ်ဖက် ဖန်တီး ဆန့်ထုတ်လိုက်ပြီး ထိုဝိညာဉ် အစအနလေးကို မနည်း လိုက်ဖမ်းလိုက်ရ၏။

သေချင်လို့လား...။ ဘယ်ရမလဲ...။ အစအနလေး တစ်ခုတော့ ချန်ထားမှ ဖြစ်မယ်။

ဒါမှ ဂိုဏ်းပြန်ရောက်ရင် ယဲ့မိသားစုနဲ့ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း ပူးပေါင်းပြီး ငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း သက်သေပြလို့ ရမှာပေါ့။

အခန်း (၅၈၄) - ကြီးမားသော အကျိုးအမြတ်

~ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းမှ စွမ်းအားရှင် ငါးဦးကို သုတ်သင်ရှင်းလင်းပြီးနောက် နင်ချီသည် သူတို့၏ ပစ္စည်းများကို သိမ်းဆည်းကာ သိုလှောင်နယ်မြေ ထဲသို့ ထည့်လိုက်သည်။

နင်ချီ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်း၏ အစစ်အမှန် အမွေခံများနှင့် စွမ်းအားရှင်များကို ဆက်တိုက် သတ်ဖြတ်လိုက်ခြင်းသည် ဂိုဏ်း၏ အုတ်မြစ်ကို ဖြတ်တောက်ပစ်လိုက်ခြင်းပင်။

ဂိုဏ်းထဲတွင် သူတို့၏ 'ဝိညာဉ် မီးအိမ်' သို့မဟုတ် 'အသက်မီးလျှံ' များ ရှိမရှိတော့ မသေချာပေ။ အကယ်၍ ရှိခဲ့လျှင် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းသည် မည်မျှ ဒေါသထွက်နေမလဲ... သို့မဟုတ် ကျင့်ကြံသူ တပ်မတော်ကြီး တစ်ခုကိုပင် လွှတ်လိုက်ပြီလား ဆိုသည်ကို တွေးကြည့်၍ ရနေ၏။

ကောင်းကင် ကြယ်တာရာ ဂိုဏ်းလည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။

ထိုကိစ္စများကို တွေးတောရင်း နင်ချီ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေတော့၏။

နောက်ရက်များတွင်... နင်ချီသည် လျှို့ဝှက်နယ်မြေ အတွင်းရှိ စွမ်းအားရှင် အများအပြားကို လိုက်လံ ဒုက္ခပေးလေတော့၏။ သူတို့ခမျာ ကိုယ်လုံးတီး နီးပါး ဖြစ်သည်အထိ ပြောင်သလင်းခါအောင် အလုခံလိုက်ကြရ၏။

'မင်းတို့ နည်းနည်းလောက်တော့ ခံစားကြစမ်းပါ... အပြစ်အားလုံး ငါ ခံယူမယ်...'

သို့သော် ထို စွမ်းအားရှင်များသည်လည်း သူ့ကို ပြန်လည် တုံ့ပြန်မည့် နည်းလမ်းများ ရှာဖွေတွေ့ရှိလာပုံ ရ၏။

တချို့က အုပ်စုဖွဲ့ နေထိုင်ကြ၏၊ လူအင်အား များများဖြင့် ထို သောက်ကျိုးနည်း 'ခရမ်းရောင် ဝတ်ရုံနှင့် သူခိုး' ကို ပြန်လည် ခုခံရန် ကြိုးစားကြ၏၊

တချို့ကျတော့ ရွှေရောင် အုတ်ဂူကြီးများထဲတွင် ပုန်းအောင်းနေပြီး ပြန်မထွက်လာကြတော့။ သူတို့သည် နင်ချီ၏ အမူအကျင့်ကို ရိပ်မိသွားကြ၏၊ ဒီကောင်က လူကိုပဲ လုတာ၊ အုတ်ဂူထဲတော့ ဝင်မလုဘူး ဆိုတာကို သတိထားမိသွားကြ၏၊

ပထမ အုပ်စုနှင့် ပတ်သက်၍ ပြောရလျှင် ဂိုဏ်းပေါင်းစုံမှ စွမ်းအားရှင်များသည် အများဆုံး (၁၀) ယောက်လောက်သာ စုမိကြ၏၊ ဂိုဏ်းစွဲများကို ဘေးဖယ်ပြီး ဆယ်ဂဏန်း၊ ရာဂဏန်း အထိ မစုစည်းနိုင်သရွေ့တော့ နင်ချီ၏ နောက်ထပ် သားကောင် ဖြစ်လာဦးမည်သာ။

ဒုတိယ အုပ်စုကိုတော့ နင်ချီ ဘာမှ မတတ်နိုင်။ ဒီကောင်တွေ တော်တော် ရက်စက်တာပဲဟုသာ မှတ်ချက်ချလိုက်ရ၏။

'ဟေ့လူတွေ... နည်းနည်းလောက် ဒုက္ခခံလိုက်ရတာ ဘာဖြစ်သွားမှာမို့လို့လဲ... ဒါကို ကိုယ့်ကိုယ်ကို သွေးဖို့ အခွင့်အရေး တစ်ခုလို့ မမှတ်ယူနိုင်ကြဘူးလား...'

'အသက်အန္တရာယ်လည်း မရှိဘဲနဲ့... ဒီလောက် ကောင်းတဲ့ လေ့ကျင့်ရေး အခွင့်အလမ်းမျိုး ဘယ်မှာ သွားရှာမှာလဲ... ခင်ဗျားတို့က တကယ့် ငတုံးတွေပဲ...'

နင်ချီသည် နွားမိစ္ဆာ အဆင့်မြင့် ဂိုဏ်းမှ မိစ္ဆာများနှင့်လည်း ကြုံတွေ့ခဲ့ရ၏။ သို့သော် သူတို့ကို အဝေးမှ လှမ်းမြင်လိုက်သည်နှင့် လမ်းကြောင်းပြောင်းပြီး ရှောင်ထွက်သွားခဲ့သည်။

သူသည် အသွင်သဏ္ဌာန် ပြောင်းလဲထားသော်လည်း အခြေခံ စည်းမျဉ်းနှင့် ကျင့်ဝတ်ကိုတော့ စောင့်ထိန်းရမည် မဟုတ်ပါလော။

နွားမိစ္ဆာ ဂိုဏ်းသားများ ကြောက်လန့်တကြားဖြင့် တစ်ကောင်နှင့် တစ်ကောင် ပူးကပ်နေကြသည်ကို မြင်ရသည်မှာ နင်ချီအတွက် ရယ်ချင်စရာ ကောင်းနေလေ၏။

သူတို့သည် ထိပ်တန်း အဆင့်မြင့် ဂိုဏ်းကြီး နှစ်ခုဖြစ်သော ကောင်းကင် ကြယ်တာရာ ဂိုဏ်းနှင့် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းမှ လူများ အားလုံး အသတ်ခံလိုက်ရသည့် သတင်းကို သိထားကြပုံ ရ၏။

ထို့ကြောင့် သူတို့လည်း အသတ်ခံရမည့် ဘေးဆိုးကို ကြောက်ရွံ့နေကြခြင်း ဖြစ်ပေမည်။

ထိုနေ့တွင်... 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ကောင်းကင်ယံတွင် ဖရိုဖရဲ ဖြစ်နေသော စည်းမျဉ်း စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ကြယ်များသည် တစ်လုံးပြီး တစ်လုံး မှေးမှိန် ပျောက်ကွယ်သွားကြ၏၊

လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် ခြောက်သွေ့ အထီးကျန်သော ဆောင်းဦးရာသီသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဆောင်းလေညင်းက ကြွေလွင့်နေသော သစ်ရွက်များကို ဖြတ်တောက်သွားပြီး အရာအားလုံး ညှိုးနွမ်းသွားတော့မည့်နှယ်။

“ဂျွတ်... ဂျွတ်...”

ရုတ်တရက်... ကွဲအက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ လျှို့ဝှက်နယ်မြေသည် သမိုင်း၏ အဆုံးသတ်သို့ ရောက်ရှိသွားပြီး သာမန် မျက်စိဖြင့်ပင် မြင်နိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့် ပြိုကျပျက်စီးလာလေ၏။

စွမ်းအားရှင်များသည် အပြင်ဘက် ကမ္ဘာကို လှမ်းမြင်နေရပြီ ဖြစ်သည်။

ထိုအခြေအနေကို မြင်သည်နှင့် နင်ချီသည် အချိန်ဆွဲမနေတော့။ နောက်ထပ် ရုပ်ဖျက် တစ်မျိုး ပြောင်းလဲလိုက်ပြီး တိတ်တဆိတ် ထွက်ခွာသွားလေတော့၏။

---

နင်ချီသည် လျှို့ဝှက်နယ်မြေ အပြင်ဘက်ရှိ လူပြတ်သော နေရာတစ်ခုတွင် တစ်ယောက်တည်း ရောက်ရှိနေ၏။

ထိုအခါမှသာ သူသည် ဤခရီးစဉ်မှ ရရှိလိုက်သော အကျိုးအမြတ်များကို ပြန်လည် စစ်ဆေးကြည့်လိုက်သည်။

ကောင်းကင် ကြယ်တာရာ ဂိုဏ်းမှ ငါးဦးကို သတ်ဖြတ်ခြင်းမှ... 'မပြည့်စုံသော ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ' (၁) ခု၊ 'အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၅) ခု၊ 'မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၃၁) ခု၊ 'စည်းမျဉ်း ကျောက်စိမ်း' (၁၂၀) နှင့် အခြားသော 'အဆင့်နိမ့် ဝိညာဉ် ရတနာ' ၊ ဆေးဝါး၊ ကျင့်စဉ်နှင့် ကောင်းကင် မြေကြီး ရတနာ အများအပြား ရရှိခဲ့သည်။

ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းမှ ငါးဦးကို သတ်ဖြတ်ခြင်းမှ... 'မပြည့်စုံသော ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ' (၁) ခု၊ 'အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၇) ခု၊ 'မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၄၄) ခု၊ 'စည်းမျဉ်း ကျောက်စိမ်း' (၁၆၈) နှင့် အခြား ပစ္စည်းများစွာ ရရှိခဲ့သည်။

စွမ်းအားရှင် အများအပြားကို လုယက်ခြင်းမှ... 'မပြည့်စုံသော ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ' (၁) ခု၊ 'အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၂၀)၊ 'မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၈၇) ခု၊ 'စည်းမျဉ်း ကျောက်စိမ်း' (၃၀၅) နှင့် အခြား ပစ္စည်းများစွာ ရရှိခဲ့သည်။

စုစုပေါင်း... 'မပြည့်စုံသော ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ' (၃) ခု၊ 'အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၃၂) ခု၊ 'မပြည့်စုံသော အလယ်အလတ်အဆင့် ဝိညာဉ် ရတနာ' (၁၆၂) ခုနှင့် 'စည်းမျဉ်း ကျောက်စိမ်း' (၅၉၃) တုံး ရရှိခဲ့လေ၏။

နင်ချီ အံ့သြသွားသည်မှာ မပြည့်စုံသော ထိပ်တန်းအဆင့် ဝိညာဉ် ရတနာ (၃) ခု ရရှိလိုက်ခြင်းပင်။ ဒါသည် တခြား ရွှေရောင် အုတ်ဂူကြီးတွေဆီက ရလာတာ ဖြစ်လောက်သည်။

'ရေ မီး တာအို ဓား' လောက် မကောင်းသော်လည်း အလွန် ရှားပါးသော ပစ္စည်းများ ဖြစ်ပေသည်။

စည်းမျဉ်း ကျောက်စိမ်း ဆိုလျှင် (၆၀၀) နီးပါး ရရှိထားသည်။

နင်ချီသည် ပင်မ ခန္ဓာကိုယ်ကြီးနှင့် စိတ်ချင်း ဆက်သွယ်လိုက်ပြီး ဟင်းလင်းပြင် လမ်းကြောင်း ဖွင့်ကာ စည်းမျဉ်း စွမ်းအား ပါဝင်သော ဝိညာဉ် ရတနာများနှင့် စည်းမျဉ်း ကျောက်စိမ်းများကို ချက်ချင်း ပို့ဆောင်လိုက်လေ၏။

အစစ်အမှန်သိုင်း ကမ္ဘာ၏ အတွင်းကမ္ဘာထဲတွင်...။

နယ်ပယ် အရှင်သခင် နင်ချီသည် ရောက်ရှိလာသော စည်းမျဉ်း ကျောက်စိမ်း အားလုံးကို အရောင်တစ်မျိုးတည်း ကျောက်စိမ်းများ အဖြစ် ခွဲထုတ်လိုက်သည်။

ထို့နောက် ဝိညာဉ် ရတနာများထဲမှ စည်းမျဉ်း စွမ်းအားများကို ဆွဲထုတ်လိုက်သည်။

နောက်ဆုံးတွင် နယ်ပယ် အရှင်သခင် စွမ်းအားကို အသုံးပြုပြီး တူညီသော စည်းမျဉ်းများကို တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်လိုက်လေ၏။

ယခု သူသည် 'စည်းမျဉ်း နယ်ပယ်' သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ဤလုပ်ငန်းစဉ်သည် ယခင်ကထက် ပိုမို လွယ်ကူနေ၏။ စည်းမျဉ်း စွမ်းအား တစ်ရာကျော်ကို ကြည့်ရင်း နင်ချီ၏ နတ်ဘုရား မျက်လုံးများသည် တောက်ပနေလေ၏။

သူ့ရှေ့တွင် ဝဲပျံနေသော အရောင်စုံ စည်းမျဉ်း စွမ်းအားများကို ကြည့်ပြီး မည်သည့် 'မူလအစ စည်းမျဉ်း' များကို ပေါင်းစပ် ဖန်တီးနိုင်မည်ကို ပမာဏ ကြည့်ရုံဖြင့် ချက်ချင်း တွက်ချက်လိုက်သည်။

ရွှေ၊ မြေ၊ လေ နှင့် ဓား...။

နင်ချီ တုံ့ဆိုင်းမနေဘဲ နယ်ပယ် အရှင်သခင် စွမ်းအားကို အသုံးပြုပြီး ထိုလေးခုကို ပေါင်းစပ် ဖွဲ့စည်းလိုက်လေ၏။

မကြာခင်မှာပင် အတွင်းကမ္ဘာမှ အရောင်လေးမျိုး အလင်းတန်းများ ပျံသန်း ထွက်ခွာသွားပြီး အစစ်အမှန်သိုင်း ကမ္ဘာ တစ်ခုလုံးနှင့် ပေါင်းစပ်သွားလေ၏။

အစစ်အမှန်သိုင်း ကမ္ဘာကြီး တစ်ခုလုံး မိုးခြိမ်းသံများဖြင့် နောက်တစ်ကြိမ် တုန်ခါသွားပြန်သည်။

မြေကြီးများ တုန်လှုပ်ကာ ဘေးတိုက်ရော ဒေါင်လိုက်ပါ လျင်မြန်စွာ ကျယ်ပြန့်လာသော်လည်း 'မြေ စည်းမျဉ်း မူလအစ'က ထိန်းချုပ်ထားသဖြင့် မည်သည့် ဘေးအန္တရာယ်မှ မဖြစ်ပေါ်ခဲ့ပေ။

မြေကြီးနှင့် တောင်တန်းများ အတွင်း၌ 'ရွှေ စည်းမျဉ်း မူလအစ' ကြောင့် သတ္တုသိုက်များ အလိုအလျောက် တိုးပွားလာပြီး အစစ်အမှန်သိုင်း ကမ္ဘာ၏ သဘာဝ သယံဇာတ ကြွယ်ဝမှုကို များစွာ မြှင့်တင်ပေးလိုက်သည်။

'လေ စည်းမျဉ်း မူလအစ'သည် နေရာအနှံ့ တိုက်ခတ်သွားပြီး လေထုကို သန့်စင်ပေးကာ ဝိညာဉ်စွမ်းအင်များကို များစွာ တိုးပွားလာစေသည်။

ထိုအချိန်တွင် အင်မော်တယ် ဂိုဏ်းနှင့် လူ့ကမ္ဘာ၌ မရေမတွက်နိုင်သော ဓားများသည် ကောင်းကင်သို့ ထောင်မတ်သွားကြပြီး တုန်ခါသံများ မရပ်မနား ထွက်ပေါ်နေလေ၏။

အစစ်အမှန်သိုင်း ကမ္ဘာမှ သက်ရှိပေါင်းများစွာသည် နတ်ဘုရား နိမိတ်များကို အံ့သြမှင်သက်စွာဖြင့် ထပ်မံ ဦးခိုက် ပူဇော်ကြပြန်သည်။ နယ်ပယ် အရှင်သခင်ကြီးကို မမြင်ရသော်လည်း သူတို့၏ နှလုံးသားထဲတွင် သူ့ပုံရိပ်သည် အမြစ်တွယ်နေပြီ ဖြစ်သည်။

နင်ချီသည် ကျန်ရှိသော စည်းမျဉ်း ကျောက်စိမ်းများကို သိမ်းဆည်းလိုက်သည်။ သစ်သား စည်းမျဉ်း ကျောက်စိမ်း တစ်မျိုးတည်းသာ ကျန်ရစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ... လက်ရှိ ပမာဏ အရ 'သစ်သား စည်းမျဉ်း မူလအစ' ကို မွေးဖွားရန် မလုံလောက်သေးပေ။

နို့မို့ဆိုရင်... 'ဓာတ်ကြီးငါးပါး မူလအစ စည်းမျဉ်း'အားလုံးကို စုစည်းနိုင်ပြီး အစစ်အမှန်သိုင်း ကမ္ဘာကို နောက်တစ်ဆင့် မြှင့်တင်နိုင်ပေလိမ့်မည်။

သို့သော် သိပ်မလိုတော့ပေ။ လိုအပ်လျှင် 'နယ်မြေများ ပင်လယ်' မှ သစ်သား စည်းမျဉ်းများကို နည်းနည်း ပင်ပန်းခံပြီး စုပ်ယူလိုက်ရုံသာ။ ဓာတ်ကြီးငါးပါး ပြည့်စုံဖို့ မဝေးတော့ပါ။

'မူလအစ စည်းမျဉ်း' လေးခု ထပ်မံ ပေါင်းစပ်လိုက်သဖြင့် နယ်ပယ် အရှင်သခင် ပင်မ ခန္ဓာကိုယ်ကြီး၏ စွမ်းအားသည် မိုးထိအောင် မြင့်တက်သွားပြန်သည်။

အထူးသဖြင့် ရွှေ နှင့် လေ စည်းမျဉ်းများသည် တိုက်ခိုက်ရေးအတွက် အလွန် သင့်လျော်ပြီး ယခင်က ရရှိထားသော ဓား နှင့် မိုးကြိုး စည်းမျဉ်းများကို ပိုမို အားဖြည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားလေ၏။

အခန်း (၅၈၅) - ကြီးမားသော အကျိုးအမြတ် (၂)

~'မြေ စည်းမျဉ်း မူလအစ' သည် ကာကွယ်ရေးအတွက် အလွန် ထိရောက်သဖြင့် နင်ချီ၏ ခုခံကာကွယ်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးလိုက်သည်။

ထို့ကြောင့် ဝင်စားခန္ဓာ နင်ချီ သည်လည်း ဤအကျိုးကျေးဇူးကို အပြည့်အဝ ခံစားရရှိလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု သက်ဆင်းလာပြီး ဝင်စားခန္ဓာ နင်ချီသည် စည်းမျဉ်း စွမ်းအား လေးမျိုးကို ထပ်မံ ကျွမ်းကျင် တတ်မြောက်သွားလေ၏။ ယခုဆိုလျှင် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ၏ အထွတ်အထိပ် အဆင့်ကိုပင် ရောက်ရှိနေတော့၏။

'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' တွင် စည်းမျဉ်း စွမ်းအား စုစုပေါင်း (၈) မျိုးကို ကျွမ်းကျင်ထားသည်။ မည်သူက မကြောက်ဘဲ နေမည်နည်း။

တောင်ပိုင်း အစစ်အမှန် နယ်မြေနှင့် ပေ့ရွှမ် နယ်မြေတွင် မွေးရာပါ 'ဝိညာဉ် ခန္ဓာ' ပါလာသူများနှင့် ပါရမီ ထူးကဲသူများမှ လွဲ၍၊ သာမန် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကျင့်ကြံသူ အများစုသည် သူတို့နှင့် အကိုက်ညီဆုံး စည်းမျဉ်း တစ်ခုကိုသာ ရွေးချယ်ပြီး ကျင့်ကြံခြင်း အခြေခံအုတ်မြစ် အဖြစ် အသုံးပြုကြ၏၊

'ပေါင်းစည်းခြင်း နယ်ပယ်' စွမ်းအားရှင်များ ဆိုလျှင်ပင် ပုံမှန်အားဖြင့် စည်းမျဉ်း သုံးမျိုးခန့်သာ ကျွမ်းကျင်ကြ၏၊

သို့သော် နင်ချီ၏ ဝင်စားခန္ဓာသည် စည်းမျဉ်း (၈) မျိုးကို ကျွမ်းကျင်ထားတော့၏။ အကယ်၍ မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေမှ လူများသာ သိသွားလျှင် မနာလိုလွန်း၍ ရူးသွပ်သွားကြပေလိမ့်မည်။

---

အမည်နာမမဲ့ ရေကန်ကြီး...။

လွန်ခဲ့သော ရက်အနည်းငယ်က မဟာ အကြီးအကဲ ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် နင်ချီ ပေးလိုက်သော ဟင်းလင်းပြင် ကိုသြဒီနိတ် အတိုင်း ဤနေရာသို့ ရောက်ရှိလာခဲ့ကြ၏၊

ယခုအချိန်တွင် သူတို့နှစ်ဦးသည် ရေကန်ဘေးတွင် ထိုင်နေကြ၏၊ ကြည်လင်သော ရေမျက်နှာပြင်တွင် သူတို့၏ အရိပ်များ ထင်ဟပ်နေ၏။ သူတို့သည် ကျယ်ပြောလှသော ရေပြင်ကြီးကို ငေးမောကြည့်ရှုနေကြသော်လည်း စိတ်ထဲတွင်တော့ ငြိမ်းချမ်းမှု မရနိုင်ကြပေ။

“မဟာ အကြီးအကဲ ဇီယန်... ခင်ဗျား အဆင်ပြေရဲ့လား...”

ကျန်းရူဟိုင် ရုတ်တရက် လှည့်မေးလိုက်သည်။

ဇီယန်က သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလေ၏။

“ငါ အဆင်ပြေပါတယ်... ယုံရခက်လွန်းလို့သာ စဉ်းစားနေတာ...”

ကျန်းရူဟိုင် ခါးသက်သက် ပြုံးလိုက်မိသည်။

“ဟုတ်တယ်... ကျွန်တော်တို့ တစ်သက်လုံး ကြုံဖူးသမျှ အဖြစ်အပျက်တွေထဲမှာ ဒါလောက် တုန်လှုပ်စရာ ကောင်းတာမျိုး တစ်ခါမှ မရှိဖူးဘူး... အကြိမ်ကြိမ် သေဘေး ကြုံခဲ့ရတာတွေကတောင် ဒါလောက် မပြင်းထန်ဘူး...”

သူတို့ ရေကန်ကြီးသို့ ရောက်ရှိလာပြီးနောက်...

ဤနေရာတွင် ကျင့်ကြံနေကြသော အစစ်အမှန် အမွေခံ (၈) ဦးကို အသေအချာ မေးမြန်းစုံစမ်းခဲ့ကြ၏၊ ထိုအခါမှသာ လျှို့ဝှက်နယ်မြေထဲသို့ လာရောက် ကယ်တင်သွားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်သည် နင်ချီ အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြ၏၊

အယောင်ဆောင်ထားသူ မဟုတ်ပေ။

အထူးသဖြင့် ကျန်းမိသားစု၏ မျိုးဆက်သစ် ခေါင်းဆောင် ဖြစ်သော ကျန်းချင်းရွှယ်က လျှို့ဝှက်နယ်မြေထဲမှ ထွက်လာပြီးနောက် နင်ချီနှင့် ပတ်သက်သော အဖြစ်အပျက်များကို အကြီးအကဲ နှစ်ဦးအား ရှင်းလင်းစွာ ပြောပြခဲ့သည်။

ကျန်းရူဟိုင်သည် ကျန်းမိသားစု၏ စွမ်းအားရှင် ဖြစ်သဖြင့် ကျန်းချင်းရွှယ်၏ အကြည့်ထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ရိပ်မိလိုက်သည်။

ထိုအကြည့်က သူ့ကို ပြောနေသည်မှာ... ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် ကျန်းမိသားစုကို ပြင်းပြင်းထန်ထန် တိုက်တွန်းရမည်။ ဤ အကြီးမားဆုံး အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်။

ကျန်းရူဟိုင်သည် လူအ မဟုတ်သဖြင့် ဘာလုပ်ရမည်ကို ကောင်းကောင်း သိသည်။

သို့သော် ကျန်းချင်းရွှယ် ပြောပြသည်များကို ပြန်တွေးမိတိုင်း အိပ်မက်မက်နေသလို ခံစားရဆဲပင်။

စီနီယာအစ်ကိုနင်က 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ကို တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် အဆင့်တက်သွားနိုင်ရတာလဲ။ ပြီးတော့ စည်းမျဉ်း စွမ်းအား လေးမျိုးကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်သွားတယ်တဲ့လား။

စည်းမျဉ်း စွမ်းအား တစ်ခုစီက 'စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်' (၁၁) ပေ အရှည် ရှိပြီး အရေအတွက်က (၁၂) ချောင်းထက် မနည်းဘူးတဲ့။ ဒါတောင် စီနီယာအစ်ကိုနင်က အစွမ်းကုန် မထုတ်ရသေးဘူး ဆိုပဲ။

ကျန်းရူဟိုင်နှင့် မဟာ အကြီးအကဲ ဇီယန်တို့ ရင်ထဲတွင် ဟာတာတာ ဖြစ်သွားသည်။

မနေ့တစ်နေ့ကမှ နင်ချီကို ချစ်ခင်စုံမက်သော အကြီးအကဲများ အနေဖြင့် ဆက်ဆံခဲ့ကြသေးသည်။ အခုတော့... ဝါး... ဟား... ဟား...။

အဘိုးကြီး နှစ်ယောက် ဖက်ပြီး ငိုချင်စိတ်ပင် ပေါက်သွားသည်။

အကြီးအကဲ အနေနဲ့ လာခဲ့ပြီးကာမှ လျှို့ဝှက်နယ်မြေကနေ ပြန်ထွက်တော့ ဂျူနီယာတွေ ဖြစ်သွားရတာလဲ။

ကျင့်ကြံခြင်း လောကတွင် စွမ်းဆောင်နိုင်သူက ထိပ်ဆုံး ရောက်သည် မဟုတ်ပါလော။

နင်ချီ ပထမ အစစ်အမှန် အမွေခံ နေရာ ရလိုက်သည်နှင့် မူလ စီနီယာ အစ်ကို၊ အစ်မများက သူ့ကို 'စီနီယာအစ်ကို' ဟု ချက်ချင်း ပြောင်းခေါ်လိုက်ကြသည် မဟုတ်ပါလော။

ယနေ့တွင် လူငယ်လေး နင်ချီသည် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်ကို အသေအလဲ ဖိနှိပ်နေသော ကောင်းကင် ကြယ်တာရာ ဂိုဏ်းမှ စွမ်းအားရှင် ငါးယောက်ကို နင်ချီက ကြက်ကလေး၊ ငှက်ကလေးများ ဖမ်းသလို အလွယ်တကူ သတ်ဖြတ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည် မဟုတ်ပါလော။

စွမ်းအားအကြောင်း ထားလိုက်ပါဦး။ ကျန်းချင်းရွှယ် ပြောပြသော နောက်ထပ် ထိတ်လန့်စရာ အမှန်တရား တစ်ခု ရှိသေးသည်။

ထိုအမှန်တရားသာ ပေါက်ကြားသွားပါက မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေရှိ ဂိုဏ်းပေါင်းစုံသည် နင်ချီကို ဂုဏ်ထူးဆောင် ဧည့်သည်တော် အဖြစ် ဖိတ်ခေါ်ရန် တန်းစီကြလိမ့်မည်။

အဲဒါကတော့... နင်ချီသည် 'စည်းမျဉ်း ကျောက်စိမ်း' ကို အတိအကျ ခွဲစိတ်နိုင်ပြီး၊ စုပ်ယူရန်နှင့် နားလည်သဘောပေါက်ရန် အလွန် လွယ်ကူသော 'အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း' အဖြစ် ပြောင်းလဲပေးနိုင်ခြင်းပင်။

ဒါက ကောင်းကင်ဘုံကို စိန်ခေါ်လွန်းအားကြီးနေပြီ။

မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေက ဂိုဏ်းတွေသာ သိသွားရင် နင်ချီရှေ့မှာ ဒူးလာထောက်ကြမှာ သေချာသည်။

'အရောင်တစ်မျိုးတည်း စည်းမျဉ်း ကျောက်စိမ်း' သည် တန်ဖိုး ဖြတ်မရနိုင်လောက်အောင် ရှားပါးပြီး 'မူလဝိညာဉ် နယ်ပယ်' ၊ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' ၊ 'ပေါင်းစည်းခြင်း နယ်ပယ်' နှင့် 'သဟဇာတဖြစ်ခြင်း နယ်ပယ်' ဘိုးဘေးများ အထိ အလွန် အသုံးဝင်သော အရာ ဖြစ်သည်။ ဤအဆင့်များအတွက် အခိုင်မာဆုံး ငွေကြေး ပင် ဖြစ်လေ၏။

အဘိုးကြီး နှစ်ယောက် ရေကန်ဘေးတွင် ထိုင်နေကြသော်လည်း သူတို့၏ စိတ်နှလုံး ရေကန်ထဲတွင်မူ လှိုင်းလုံးကြီးများ၊ မုန်တိုင်းများ ထန်နေဆဲပင်။

“ဝှီး...”

ခရမ်းရောင် လျှပ်စီးတန်း တစ်ခု ရေကန် အထက် ဟင်းလင်းပြင်ကို ထိုးခွဲဝင်ရောက်လာပြီး အင်မော်တယ် တစ်ပါးကဲ့သို့ လူတစ်ယောက် ဆင်းသက်လာမှသာ သူတို့ အသိပြန်ဝင်လာကြလေတော့၏။

“စီနီယာအစ်ကိုနင်...”

“စီနီယာအစ်ကို... ပြန်ရောက်လာပြီ...”

အစစ်အမှန် အမွေခံများ အားလုံး လုပ်လက်စ အလုပ်များကို ချပြီး ထွက်ကြိုကြလေ၏။

အကြီးအကဲ နှစ်ဦးလည်း ကပျာကယာ ထရပ်လိုက်ကြ၏၊ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အနာဂတ် အုတ်မြစ်များ ဖြစ်ကြသော အစစ်အမှန် အမွေခံများက နင်ချီကို ဤမျှလောက် လေးစား အထင်ကြီးစွာ ဆက်ဆံကြသည်ကို မြင်လိုက်ရသောအခါ သူတို့ စိတ်ထဲတွင် အနည်းငယ် မနာလို ဖြစ်သွားမိသည်။

'သောက်ကျိုးနည်း... ငါတို့ အကြီးအကဲတွေ ရောက်လာတုန်းကတောင် ဒီကောင်တွေ ဒီလောက် ဂရုမစိုက်ကြပါဘူး...'

ဂိုဏ်းချုပ်ကြီး ကျန်းပိုင်ချွမ်း ကိုယ်တိုင် လာလျှင်တောင် ဒီလောက် ဆက်ဆံခံရပါ့မလား မသိ။

မဟာ အကြီးအကဲ ဇီယန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ရုတ်တရက် သက်ပြင်းချလိုက်မိသည်။

“အကန့်အသတ်မဲ့ ဓားဂိုဏ်းရဲ့ ငါတို့လို လူအိုကြီးတွေ ခေတ်ကုန်တော့မယ်... လူငယ်တွေ ပိုင်စိုးမယ့် ခေတ်သစ် တစ်ခု စတင်တော့မယ်...”

ထိုစကားကို ကြားလိုက်ရသော ကျန်းရူဟိုင် တုန်လှုပ်သွားသည်။ ပြင်းထန်သော လျှပ်စီးကြောင်း တစ်ခု ခေါင်းမှ ခြေဖျားအထိ စီးဆင်းသွားသလို ခံစားလိုက်ရ၏။

ထို့နောက် သူတို့ နှစ်ဦး နင်ချီ ရှိရာသို့ လျှောက်သွားလိုက်ကြ၏၊

သူတို့သည် စွမ်းအားကြီးသော အကြီးအကဲများ ဖြစ်သော်လည်း ယခု နင်ချီကို မြင်လိုက်ရသောအခါ ကြောက်ရွံ့ ရိုသေစိတ်များ ဝင်လာသည်။

နင်ချီ အနားသို့ တိုးကပ်သွားလေလေ... ဒဏ္ဍာရီထဲက နေမင်းကြီးကို လိုက်ဖမ်းနေသူ တစ်ယောက်လို ခံစားရလေလေပင်။

ထို နေမင်းကြီးသည် သူတို့ လိုက်လေ ဝေးလေ ဖြစ်နေသကဲ့သို့။

နင်ချီသည် လူတိုင်းကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

အကြီးအကဲ နှစ်ဦး လာနေသည်ကို မြင်သောအခါ သူသည် နူးညံ့စွာ ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်လေ၏။

“အကြီးအကဲတို့... ဒဏ်ရာတွေ သက်သာသွားကြပြီလား ခင်ဗျာ…”

All Chapters