သို့ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့သည် ငါပင် ဖြစ်တော့သည်
Vol. 21 Ch. 238
ပေါင်းစည်းခြင်းနည်းစနစ်ကို စတင်လိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရား အားလုံးသည် မိမိတို့ခန္ဓာကိုယ်အတွင်း၌ စွမ်အားတစ်မျိုးဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရကြရသည်။
ယခုနည်းစနစ်သည် မိစ္ဆာနတ်ဘုရားများ၏ ပေါင်းစည်းခြင်းနည်းစနစ်ကို အတုယူထားခြင်းဖြစ်ပြီး အသုံးပြုလိုက်သည်နှင့် သူတို့သည် မူလနတ်ဘုရား၏ အစိတ်အပိုင်းတစ်ခုဖြစ်သွားကြပေလိမ့်မည်။
သူတို့သည် ရုပ်သေးများအဖြစ်ပြောင်းလဲသွားပြီး သူတို့၏ ခပ်သိမ်းသောအရာအားလုံးသည် မူလနတ်ဘုရား၏ အခြေခံအုတ်မြစ်ဖြစ်လာကာ သူ၏စွမ်းအားကို မြှင့်တင်ပေးပြီး သူ့အား ယန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ရန် အထောက်အကူပေးနိုင်၏။
နည်းစနစ်ကို ရရှိပြီးနောက် ရှေးဟောင်းနတ်ဘုရား အချို့သည် တုံ့ဆိုင်းသွားကြပြီး အချို့မှာမူ ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ငြင်းဆန်လိုစိတ် မရှိခဲ့ကြပါ။
"မူလနတ်ဘုရားက ငါ့ကို ဒီနေ့လို အခြေအနေမျိုး ရောက်အောင် ဖန်တီးပေးခဲ့တာပါ။ အခု ပြန်ပြီးကျေးဇူးဆပ်ပါ့မယ်"
ဆည်းဆာနတ်ဘုရားက ပြတ်သားစွာ ပြောဆိုလိုက်ပြီး ပေါင်းစည်းခြင်းက်ုအသက်သွင်းလိုက်၏။
သူ၏ စကားအဆုံး၌ ရေနတ်ဘုရား ကုန်းကုန်းကို ပုံရိပ်ဖော်ကျင့်ကြံခဲ့သူများ၏ခန္ဓာကိုယ်များ ပေါက်ကွဲထွက်သွားကြပြီး ကျိယွမ်၏နတ်ဘုရားနယ်ပယ်အတွင်းသို့ စီးဝင်သွားသော ရေစက်များအဖြစ် ပြောင်းလဲသွားကြသည်။
ရွာလူကြီးယွီလီကလည်း ပြတ်သားစွာဖြင့် ပေါင်းစည်းခြင်းနည်းစနစ်ကို ကျင့်သုံးလိုက်သည်။ သူ၏ မျက်ဝန်းများတွင် အေးချမ်းသော အပြုံးတစ်ခုဖြစ်ပေါ်လာ၏။
"ဒီအဖိုးကြီးကတော့ မူလနတ်ဘုရားအတွက် ငရဲပြည်ကို ဆက်ပြီး မစောင့်ရှောက်ပေးနိုင်တော့ဘူး"
သူ၏ ခန္ဓာကိုယ်သည်လည်း တုံ့ဆိုင်းမှုမရှိဘဲ ပေါက်ကွဲသွားကာ ကျိယွမ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။
"နွေဦးလေပြည်က ငါ့အပေါ် ကရုဏာထားခဲ့တယ်။ ငါ သုန်းကျန်းဟယ်ဟာ လူငယ်လေးတစ်ယောက်ဖြစ်ဖို့ပဲကံပါလာခဲ့တာ ၊ ဒါပေမဲ့ အဲဒီလူငယ်လေးက မူလနတ်ဘုရား ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး"
သုန်းကျန်းဟဲသည် ဆက်လက် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ သူ၏ နောက်ဆုံး နတ်ဘုရားစွမ်းအားကို အသုံးပြု၍ ပေါင်းစည်းခြင်းနည်းစနစ်ကို ကျင့်သုံးလိုက်လေသည်။
"ကျွနတော်တို့လည်း မူနတ်ဘုရားအတွက် အသေခံဖို့ အသင့်ပါပဲ"
"ကျွန်မတို့လည်း မူလနတ်ဘုရားအတွက် အသေခံဖို့ အသင့်ပါပဲ"
ရှေးဟောင်းနတ်ဘုရား တစ်ပါးပြီးတစ်ပါးသည် မိမိကိုယ်ကိုယ် စတေးရန် ရွေးချယ်လိုက်ကြသည်နှင့်အမျှ ပေါက်ကွဲသံများသည် တညီတညွတ်တည်း ဟိန်းထွက်လာခဲ့သည်။
သူတို့အားလုံး မိမိကိုယ်ကိုယ်စတေးလိုက်လျှင်ပင် မူလနတ်ဘုရားအနေဖြင့် ယန်နတ်ဘုရားနယ်ပယ်သို့ တက်လှမ်းနိုင်ရန် လုံလောက်ချင်မှ လုံလောက်မည် ဖြစ်ကြောင်း သူတို့ သိကောင်းသိနိုင်ကြပါလိမ့်မည်။
သို့သော်လည်း သူတို့သည် ထိုအတွက် အသက်ပေးသေဆုံးရန် ပြတ်သားစွာ ရွေးချယ်ခဲ့ကြ၏။
ကြယ်တာရာအစီအရင်အတွင်းမှ ကြယ်များသည် တစ်လုံးပြီးတစ်လုံး မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်က တောက်ပခဲ့သော ကြယ်စုံသည့် ကောင်းကင်ယံသည်လည်း အလင်းရောင် ကင်းမဲ့သွားခဲ့လေပြီ။
အဘိုးကြီးရှန်လဲ့က ကျယ်လောင်စွာဟိန်းဟောက်လိုက်၏။
"ကျိယွမ် .ငါသေသွားရင် မင်း အရမ်းသဘောကျတဲ့ အဖိုးကြီးဆိုတဲ့ဘွဲ့ကို မင်းပဲ ယူလိုက်တော့"
ရှန်းလဲ့သည်လည်း ပေါင်းစည်းခြင်းကိုအသက်သွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကြီးကလည်း တစ်စစီပေါက်ကွဲသွားခဲ့သည်။
တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သော ရှေးဟောင်းနတ်ဘုရားများ၏ သွေးများသည်လည်း ကြယ်တာရာအစီအရင်အတွင်း၌ နေရာအနှံ့ပျံ့နှံ့နေခဲ့ရာမှ တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားကြပြီး ကျိယွမ်၏ အစိတ်အပိုင်းများ ဖြစ်လာကြကုန်၏။
"အဖေ...သမီးလည်းရှိသေးတယ် "
ချီချီကလည်း သူမကိုယ်သူမစတေးလိုက်ရာ တစ်စစီပေါက်ကွဲသွားခဲ့သည်။
ရှောင်ရွှယ်က သူမ၏ သခင်မလေးကိုတစ်လှည့် ကျိယွမ်ကိုတစ်လှည့်ကြည့်ပြီး တီးတိုးရွတ်ဆို၏။
"သခင်ကြီးသာ သူကိုသတ်နိုင်ခဲ့ရင် ဒီအစေခံလေးအတွက် ဝက်သားတစ်တုံးပိုစားပေးပါ "
သူမကလည်း တုန့်ဆိုင်းခြင်းမရှိဘဲ သူမကိုယ်သူမ ဖောက်ခွဲပစ်လေသည်။
ထို့နောက် ဝမ်ဝမ်ချီ ၊ ရှီချုံရှန်း ၊ ရှန်ထူ ၊ လီရှန်းနှင့် ကြောင်နတ်ဘုရားအစရှိသည့် မဟာအုပ်စိုးရှင်များကလည်း တစ်ဦးပြီးတစ်ဦး ပေါင်းစည်းခြင်းကို ရွေးချယ်ကာ ကျိယွမ်အတွက် စတေးသွားကြလေသည်။
ကျိယွမ်သည် ၄င်းတို့အားခံစားမိသော်လည်း နောက်သို့လှည့်မကြည့်ခဲ့ပါ ။ သူ၏ အကြည့်များက သွေးနေမင်းသူတော်စင်မယ်အပေါ်သာ ကျရောက်နေပြီး အေးစက်လှသည်။
ထိုအချိန်မှာပင် ရုတ်တရက် ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် ကျိယွမ်၏ အနီးတွင် ပေါ်လာခဲ့လေ၏။
ထိုပုံရိပ်သည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နတ်မိမယ်တစ်ပါးကဲ့သို့ လွင့်မျောနေသည်။
ထိုသူမှာ မမျှော်လင့်ထားသော အစားရှောင်မယ်တော်ပင် ။
အထူးရတနာများကို အသုံးပြု၍ စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းထားသော ရှေးဟောင်းနတ်ဘုရားများ ပျက်စီးသွားပြီးနောက် အစားရှောင်မယ်တော်၏ပုံရိပ် ပေါ်လာခဲ့လေသည်။
သူမသည် ကျိယွမ်ကို ယခင်ကကဲ့သို့ပင် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"နောက်ဆုံးတော့ ရှင်ကို လူကိုယ်တိုင် တကယ်တွေ့ခွင့်ရပြီပေါ့"
သူမက တောက်ပစွာ ပြုံးရင်း ကျိယွမ်အား တစိမ့်စိမ့်ကြည့်နေ၏။
ထို့နောက် ဖန်ထုန်လောက၏အတုမဲ့အလှပိုင်ရှင်သည်လည်း ပေါက်ကွဲပျက်စီးသွားကာ ပေါင်းစည်းခြင်းနည်းစနစ်ကိုအသုံးပြု၍ ကျိယွမ်၏အစိတ်အပိုင်း ဖြစ်သွားခဲ့သည်။
ကျိယွမ်၏ စွမ်းအားသည်လည်း ရူးသွပ်မတတ် ဆက်တိုက်မြင့်တက်လာခဲ့၏။
သူ၏ နတ်ဘုရားနယ်ပယ်အတွင်း၌ ရေကြီးမှုများ ဖြစ်ပေါ်နေသလို မိုးကြိုးများလည်း နေရာအပြည့်ပစ်ခတ်နေပြီး မြေကမ္ဘာမှာလည်း ပြောင်းပြန်လှန်သွားခဲ့သည်။
ယခုအခိုက်အတန့်တွင် သူသည် ယခင်ကထက် ဆယ်ဆမက၊ အဆတစ်ရာမက ပိုမို အစွမ်းထက်လာခဲ့ပြီ ဖြစ်သည်။
မဟာအုပ်စိုးရှင်များအားလုံး၏ နတ်ဘုရားစွမ်းအားအကုန်လုံးနှင့် သူတို့၏ ပုံရိပ်ဖော်နည်းစနစ်များအားလုံးကလည်း သူ၏ စိတ်အတွင်းသို့ စီးဝင်လာ၏။
၎င်းမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်ဘုံနတ်ဘုရား သန်းပေါင်းများစွာ ပုန်းအောင်းနေသကဲ့သို့ပင်။
သွေးနေမင်းမဟာသူတော်စင်မယ်က အစီအရင်အတွင်းမှ သွေးစက်များကိုကြည့်ကာ ပြုံးလိုက်၏။
"မွန်မြတ်တဲ့ စတေးမှုပါပဲ၊ ဒါပေမဲ့ နှမြောစရာကောင်းတာက အားလုံးက အချည်းနှီးဖြစ်သွားတာပဲ"
"သတ်...."
ကျိယွမ်သည် သူ၏ဓားကြီးကို လက်နှစ်ဖက်ဖြင့်စုံကိုင်ကာမြှောက်လိုက်ပြီး
သူ၏ကြီးမားလှသော ခန္ဓာကိုယ်သည်လည်း ကြယ်တာရာပင်လယ်မှ ရဲခနဲ ခုန်ထွက်လာ၏။
သူ၏ အတုမဲ့သောတိုက်ခိုက်မှူ တုန်ခါလှိုင်းကြောင့် ကြယ်တာရာပင်လယ်အတွင်းရှိ အားနည်းသော ကြယ်အဖွဲ့အစည်းများသည် ဖုန်မှုန့်များအဖြစ် ပျက်စီးသွားကြပြီး အရေပြားအဖတ်များကဲ့သို့ လွင့်စင်သွားကြကုန်သည်။
၄င်းသည်ကျိယွမ်၏အကန့်အသတ်အားလုံးဖြစ်၏။
ထို့အတူ အသက်ပေးကျဆုံးသွားခဲ့သော ရှေးဟောင်းနတ်ဘုရားအားလုံး၏ ကိုယ်စားလည်း ဖြစ်၏။
ထို့ကြောင့် တိုက်ခိုက်မှု၏စွမ်းအားသည် ယခင်တိုက်ခိုက်မှုထက် အနည်းဆုံး အဆတစ်ရာခန့် ပိုမိုအစွမ်းထက်သည်။
သွေးရောင်ဓားချက်က ဟင်းလင်ပြင်ကိုဖြတ်သန်းပြီး သွေးနေမင်းမဟာသူတော်စင်မယ်၏ ဓမ္မခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။
အလွန်ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် တိခနဲပြတ်တောက်သွားပြီး သွေးနေမင်း မဟာသူတော်စင်မယ်၏ နဖူးပေါ်တွင် သွေးစင်းကြောင်းလေးတစ်ခု ပေါ်လာခဲ့သည်။
"ငါ့ရဲ့ ဓမ္မခန္ဓာကိုယ်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တာ တကယ်ကို အထင်ကြီးစရာပဲ"
သို့သော် ဝမ်းနည်းစရာကောင်းလှ၏။
သူမ စကားပြောနေစဉ်မှာပင် သူမ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် အလိုလိုပြန်လည် ကုသသွားခဲ့သည်။
သွေးနေမင်း မဟာသူတော်စင်မယ်သည် မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သကဲ့သို့ပင် ။
သူမ၏ အပြုံးသည် ပိုမိုနက်ရှိုင်းလာ၏။
" နှမြောစရာပဲနော် ၊ ယန်နတ်ဘုရား မဖြစ်လာဘဲနဲ့တော့ နင်က ငါ့ရဲ့အနှစ်သာရကို မထိခိုက်နိုင်ဘူး"
ဤကဲ့သို့သော ဒဏ်ရာမျိုးသည် သူမအတွက် ထိခိုက်မှုဟုပင် မသတ်မှတ်နိုင်ပေ။
ယန်နတ်ဘုရားနှင့် ယင်နတ်ဘုရား ကြားရှိ ကွာဟချက်သည် အလွန်တရာ ကြီးမားလှသဖြင့် သူတို့သည် သက်ရှိအမျိုးအစားပင် တူညီခြင်း မရှိကြတော့ပေ။
ကျိယွမ်၏ ဓားသည် မည်မျှပင်အစွမ်းထက်စေကာမူ ယန်နတ်ဘုရားတစ်ပါးကို အမှန်တကယ် မထိခိုက်စေနိုင်ခဲ့ပါ။
၎င်းသည် ရွှေကို အားအင်အကုန်ခံကာ တစ်နေကုန်ထုထောင်းနေသော်လည်း ရွှေကို ဖျက်ဆီးနိုင်ခြင်း မရှိသော လူမိုက်တစ်ယောက်နှင့် တူနေလေသည်။
ကျိယွမ်သည် ဓားကို ကိုင်ဆောင်ထားရင်း တိတ်ဆိတ်စွာ ရပ်နေ၏။
ယခုအချိန်တွင် သူသည် အလွန်တရာ အစွမ်းထက်နေသည်မှာ အမှန်ပင် ။
အချိန်လုံလောက်စွာ ရရှိပါက ကြယ်တစ်လုံးကိုပင် လုံးဝ နှစ်ခြမ်းခွဲပစ်နိုင်မည်ဟု သူ ခံစားနေရသည်။
သို့သော် သူ၏အစွမ်းထက်သော ဓားချက်သည် ယန်နတ်ဘုရားကို လုံးဝမထိခိုက်စေနိုင်ခဲ့ပါ။
"အခု နင်ဟာ ဒဏ္ဍာရီအဆင့်အားလုံးကို ကျော်လွန်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်နေပြီ။ နင့်ရဲ့ခန္ဓာကိူယ်အတွင်းက နတ်ဘုရားစွမ်းအားဟာ ငါ့ထက်တောင် သာလွန်နေသေးတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ ၊ ယန်နတ်ဘုရားနဲ့ ယင်နတ်ဘုရားကြားက ကွာခြားချက်ဟာ နတ်ဘုရားစွမ်းအားတစ်ခုတည်း မဟုတ်ဘူး"
သွေးနေမင်းသူတော်စင်မယ်၏ လှောင်ပြောင်စကားကြောင့် ကျိယွမ်၏မျက်လုံးများက ပို၍အေးစက်သွား၏။
"မလုံလောက်သေးဘူးလား"
သူ၏ အကြည့်များကလည်း သမုဒ္ဒရာချောက်ကြီးများအလား နက်ရှိုင်းသွားခဲ့သည်။
"ငါ နတ်ဘုရားစွမ်းအင်တွေ ထပ်ပြီးလိုအပ်နေသေးတာလား"
ကျိယွမ်ကနားကျည်းစွာ ရေရွတ်မိသည် ။ သန်းပေါင်းများစွာသော ကောင်းကင်နတ်ဘုရားများက မလုံလောက်ခဲ့သည်လား။
"နတ်ဘုရားစွမ်းအားတွေ ပိုရှိလာတော့ ဘာထူးမှာလဲ"
သွေးနေမင်းမဟာသူတော်စင်မယ်က နှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ယန်နတ်ဘုရားမဖြစ်လာမချင်း နင်ဟာ ခဏတာ လောင်ကျွမ်းတဲ့ မီးရှူးမီးပန်းတစ်ခုပဲ။ အဲဒါက ထာဝရ တည်မြဲနေတဲ့ ကြယ်တွေနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ"
ကျိယွမ်၏ မျကိခုံးများက တွန့်ချိုးသွားပြီး ခေတ္တတွေဝေသွား၏။
အတန်ကြာမှ သူ၏မျက်ခုံးများက ပြောလျော့လာသည်။
"ငါ အခု နားလည်သွားပြီ၊နင်ပြောတာ မှန်တယ် ၊ အခုပြဿနာက နတ်ဘုရားစွမ်းအား မလုံလောက်တာ မဟုတ်ဘူး"
ကျိယွမ်၏ အသံသည် ယခင်ကအတိုင်း အေးစက်နေခဲ့သည်။
သူသည် ကျဆုံးသွားသော ရှေးဟောင်းနတ်ဘုရားများ၏ နတ်ဘုရားစွမ်းအားကို တိတ်ဆိတ်စွာချေဖျက်နေရင်းမှ ဓားကို တစ်ဖန် ပြန်လည် ဝှေ့ယမ်းလိုက်သည်။
"နတ်ဘုရားစွမ်းအားတွေ ပိုရှိလာတော့ ဘာထူးမှာလဲ ၊ သူတို့က သူတို့ကိုယ်သူတို့ စတေးပြီး နင့်ဆီမှာ လာပေါင်းစည်းကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ပေါင်းစည်းခြင်းဟာ ပေါင်းစည်းခြင်းသပ်သပ်ပဲ၊ သူတို့ရဲ့ စွမ်းအားတွေက နင့်ရဲ့ ကိုယ်ပိုင်စွမ်းအား အစစ်အမှန် မဟုတ်ဘူး။ နင့်ရဲ့ စွမ်းအားတွေကို တစ်သားတည်းဖြစ်အောင် မလုပ်နိုင်ဘဲနဲ့တော့ ငါ့ကို နင်ဘယ်လို တိုက်နိုင်မှာလဲ"
သွေးနေမင်းမဟာသူတော်စင်မယ်သည် ကျိယွမ်ကို လောဘတကြီး ကြည့်လိုက်သည်။
ကျိယွမ်၏ နတ်ဘုရားနယ်ပယ်အတွင်းရှိ အရာအားလုံးသည် ရှုပ်ထွေးနေသလို သူ၏ နတ်ဘုရားစွမ်းအားသည်လည်း ထို့အတူပင် ။
သူမနှင့် နှိုင်းယှဉ်လျှင်ပင် ကျိယွမ်၏ နတ်ဘုရားနယ်ပယ်သည် အဆတစ်ရာ ပိုမို အစွမ်းထက်၏။
သို့သော် ဘာဖြစ်သနည်း။
ကျိယွမ်၏ စွမ်းအားများသည် တစ်သားတည်းမဖြစ်ဘဲ လုံးဝကို ဖရိုဖရဲ ဖြစ်နေ၏။ ထိုသို့ဖြင့် အတိတ်ဘဝခန္ဓာ ကို မည်သို့ တည်ဆောက်နိုင်ပါမည်နည်း။
ယန်နတ်ဘုရားအဆင့်သို့တက်ရန်မှာ အတိတ်ခန္ဓာကို တည်ဆောက်နိုင်ခဲ့လျှင်ပင် မလုံလောက်သေးပါ။
မဟာနယ်ပယ်အတွင်းသို့ မဝင်ရောက်နိုင်လျှင် ယန်နတ်ဘုရားအဆင့်သို့ ဖောက်ထွက်နိုင်မည် မဟုတ်ဘဲ ပစ္စုပ္ပန်ခန္ဓာဟုခေါ်သော ဓမ္မခန္ဓာကိုလည်း ဖွဲ့စည်းနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူမ၏ရှေ့ရှိ မူလနတ်ဘုရားသည် မည်မျှစွမ်းအားကြီးနေပါစေ ခြိမ်းခြောက်မှု မဟုတ်ခဲ့ပါ။
သွေးနေမင်းမဟာသူတော်စင်မယ်သည် သူမ၏ ကြီးမားလှသောပါးစပ်ကို ဟလိုက်၏ ။ သို့သော် သေချာသတိထားကြည့်လျင် သူမ၏မျက်ဝန်းကြီးများတွင် လောဘနှင့်အတူ တွန့်ဆုတ်မှုအနည်းငယ်ရှိနေသည်ကို မြင်နိုင်၏။
"ဒါဟာ နင့်ရဲ့ အစွမ်းကုန်ပဲလား"
"တကယ်ပဲ နင့်ရဲ့ အကန့်အသတ်လား"
"ဒါဆိုရင်တော့ တကယ်ကို သနားစရာကောင်းလောက်အောင် အားနည်းတာပဲ"
သွေးနေမင်းမဟာသူတော်စင်မယ်သည် လှောင်ပြောင်နေသော်လည်း သူမ၏ နှလုံးသားထဲတွင် လောဘများ ပြည့်လျှံနေခဲ့သည်။
သူမအတွက် ကျိယွမ်သည် ဖန်ထုန်ကမ္ဘာ၏ ကောင်းကင်ဘုံတာအိုထက်ပင် ပို၍ အရသာရှိ၏။
ကျိယွမ် စုဆောင်းထားသော များပြားလှသည့်စွမ်းအားအားလုံးကို ဝါးမျိုနိုင်သည်နှင့် တစ်နေ့တွင် အထက်ဘုံ၌ သူမသည် ကောင်းကင်နှင့် မြေကမ္ဘာကိုပင် စိုးမိုးနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
သူမသည် ကျိယွမ်ကို နှမြောတသသော အကြည့်ဖြင့် ကြည့်လိုက်၏။
"နင့်ကို ဝါးမျိုလိုက်ရင် ငါ ပြည့်စုံသွားလိမ့်မယ်"
သူမသည် ယခုအချိန်အသုံးမပြုခဲ့သေးသော သူမ၏ အနှစ်သာရကို ထုတ်လွှတ်လိုက်သည်။
သူမ၏ ကြီးမားလှသော သွေးနီရောင် ပါးစပ်ကြီးကို ပြန်ဟလိုက်ပြီး ကျိယွမ်၏တစ်ကိုယ်လုံးအား တစ်ချက်တည်းဝါးမျိုရန် ပြင်၏။
ကျိယွမ်သည် သူ့ထဲသို့အုပ်မိုးလာသော နီရဲရဲပါးစပ်ကြီးအား ငေးကြည့်နေပြီး ထိုအရာကိုတွန်းလှန်ရန် သုံးပါးတစ်ဆူနတ်မင်းများ၏ပုံရိပ်များကိုပင် ထုတ်မသုံးခဲ့ပါ။
ယခုအချိန်၌ ကျိယွမ်သည် အဆုံးမဲ့ မှောင်မိုက်ခြင်း သို့မဟုတ် အဆုံးမဲ့ ဟင်းလင်းပြင်အတွင်း ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။
အလင်းမရှိ ၊ အရောင်မရှိသလို အမည်းရောင်ပင် မရှိခဲ့ပါ ။
သို့သော် နောက်ဆုံးအချိန်အထိ သူ၏မျက်နှာပေါ်တွင် ကြောက်လန့်သောအရိပ်အရောင် မဖြစ်ပေါ်ခဲ့ပေ။
"ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစမ်း"
ကျယ်လောင်လှသော အသံကြီးတစ်ခုက ကျိယွမ်၏ နှလုံးသားထဲ၌ ဟိန်းထွက်လာသည်။
သူ၏ ကြီးမားလှသော သွေးနီရောင်မျက်လုံးများ၏ အနက်ရှိုင်းဆုံးနေရာတွင် လေးနက်သော အရောင်အဝါတစ်ခု တောက်ပလာ၏။
မှတ်ဉာဏ်များအားလုံး ကွာကျလာခဲ့ပြီး အရာအားလုံးသည် ကျိယွမ်ထံမှ ခွဲခွာသွားကြပုံရသည်။
သူသည် သွေးပါးစပ်ကြီးအား ခုခံမှုမရှိဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင်တည်ငြိမ်စွာဖြင့် ရပ်နေခဲ့၏။
၎င်းသည် ခဏတာလေးမျှသာ ဖြစ်သော်လည်း ထာဝရကဲ့သို့လည်း ခံစားရသည်။
ထိုအချိန်မှာပင် တစ်ချိန်လုံးအေးစက်နေသော ကျိယွမ်သည် ရုတ်တရက် နှစ်လိုဖွယ်ပြုံးလိုက်၏။
"သွေးနေမင်း မဟာသူတော်စင်မယ်...နင်က အမြဲတမ်း ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာလေ၊ အဲဒါကို ဘာလို့ ငါ့ကို ပြန်ပြီးဝါးမျိုဖို့ ကြိုးစားနေတာလဲ"
သွေးနေမင်းမဟာသူတော်စင်မယ်သည် အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း ဂရုမစိုက်ဘဲ ဆက်လက်ဝါးမျို၏။
နောက်ဆုံးအချိန်၌ ကျိယွမ်က ကြိုးစားပြီးအချိန်ဆွဲနေခြင်းသာ ဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။
ကျိယွမ်၏မျက်ဝန်းများက ပို၍ပင်တောက်ပစွာ ပြုံးလာပြီး တိုးညှင်းစွာ တီးတိုးရေရွတ်လိုက်သည်။
"တစ်သားတည်း ဖြစ်နေတဲ့ နတ်ဘုရားစွမ်းအားလား"
"ဖုံးကွယ်ထားတဲ့ တစ်ခုတည်းသော အရာလား"
"တစ်ခုကနေ နှစ်ခု ဖြစ်လာတယ်၊ နှစ်ခုကနေ သုံးခု ဖြစ်လာတယ်၊ သုံးခုကနေ ခပ်သိမ်းသော အရာတွေ ဖြစ်လာတယ်"
ထိုအခိုက်အတန့်တွင် ကျိယွမ်သည် အဘိုးကြီးရှန်လဲ့နှင့် ပြောခဲ့ဖူးသည်စကားများကို သတိရသွားသည်။
ထိုစဉ်က သူသည် ဉာဏ်အလင်းတစ်မျိုးကို ဖမ်းမိသလိုလိုရှိသောကြောင့် "ခင်ဗျားက ကျုပ်ဖြစ်နေနိုင်သလို ကောင်းကင်က ကြယ်တွေကလည်း ကျူပ်ဖြစ်နေနိုင်တယ်၊ ခပ်သိမ်းသော သတ္တဝါတွေဟာ ကျုပ်ဖြစ်နေနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေ ရှိမလား" ဟု မေးမြန်းခဲ့ဖူးသည်။
ထိုစဉ်က အဘိုးကြီးရှန်းလဲ့က သူ့ကို ရူးနေသည်ဟု ထင်သွားခဲ့၏။
သို့သော် ကျိယွမ်သည် ထိုအရာက ရူးနှမ်းသည့်အတွေးအမြင်မဟုတ်ဘဲ ၊ မိမိ၏ နားလည်မှု မလုံလောက်ခြင်းကြောင့်သာ အပြည်အဝနားမလည်သေးခြင်းဖြစ်မည်ဟု အမြဲ ယုံကြည်ခဲ့သည်။
ထိုဖြစ်ရပ်မှာ မှန်ရှေ့ရောက်နေသော ကြောင်တစ်ကောင်သည် မိမိ၏ပုံရိပ်ကို မိမိကိုယ်တိုင်မှန်း မသိသကဲ့သို့ပင် ။ ထိုအရာကလည်း မိမိကိုယ်တိုင်ဖြစ်နေမှန်း သိနိုင်သောဉာဏ်အလင်းလေးတစ်စ လိုအပ်နေ၏။
ယခု ဝါးမျိုခြင်းကမ္ဘာဦးခန္ဓာကိုယ်ကို ရရှိပြီးနောက်တွင်မူ သူ၏နားလည်မှု ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီဖြစ်သည်။
"ဟားဟား.ဟားဟားဟား.. အခု ငါ နားလည်သွားပြီ"
"ငါ ဉာဏ်အလင်း ရသွားပြီ"
"ဟုတ်တယ် .. အဘိုးကြီးရှန်လဲ့က ငါပဲ၊ ပြီးတော့ ငါကလည်းအဘိုးကြီးရှန်လဲ့ပဲ"
"ချီချီဟာလည်း ငါပဲ၊ ပြီးတော့ ငါကလည်း ဟို့ထူ ပဲ"
"ရှီချုံရှန်းကလည်း ငါပဲ၊ ပြီးတော့ ငါကလည်း အာလန်ရှန်းပဲ"
"ငါဟာ လူငယ်ဧကရာဇ် သုန်းကျန်းဟယ်ပဲ"
တတွတ်တွတ်ရေရွတ်နေသော ကျိယွမ်၏ မျက်နှာပေါ်တွင် မရေမတွက်နိုင်သော မျက်နှာများအမျိုးမျိုး တစ်ခုပြီးတစ်ခုပေါ်လာခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သော တျန်းပေါင် အရှင်မြတ်၊ လှပသော ချီချီ၊ ရင့်ကျက်သော ယွီလီနှင့် ခန့်ညားထည်ဝါသော လင်ပေါင်တို့၏ မျက်နှာများ စသဖြင့် တစ်ခုပြီးတစ်ခုဖြစ်သည်။
"နောက်ဆုံးတော့ အရာအားလုံးဟာ ငါပဲဖြစ်နေတော့တာကိုး"
သတ္တဝါအားလုံးသည် သူပင်ဖြစ်သည်။ လောကရှိ ကြယ်တာရာ၊ သစ်ပင် ၊ မြေကြီး ၊ ရတနာများ အရာအားလုံးသည်လည်း သူပင် ဖြစ်၏။
ကျိယွမ်သည် ဉာဏ်အလင်းတစ်ခု ရရှိသွားခဲ့သည်။ သူ၏ နတ်ဘုရားစွမ်းအားသည်လည်း ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့သွားလေ၏။
သူ၏ အတွင်းပိုင်းရှိ ရှုပ်ထွေးနေသော နတ်ဘုရားနယ်ပယ်သည် ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။ သို့သော် သူ၏ စွမ်းအားများကတော့ စတင်၍ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။
သို့သော် ဤတစ်သားတည်း ဖြစ်ခြင်းသည် နှစ်ခုပြန်ဖြစ်လာ၏ ။ထို့နောက် နှစ်ခုမှ သုံးခု၊ သုံးခုမှ ခပ်သိမ်းသော အရာများအဖြစ် ပြောင်းလဲသွားကြပြန်၏။
"ခပ်သိမ်းသောသတ္တဝါတို့သည် ငါပင် ဖြစ်၏"
"ငါသည်လည်း ခပ်သိမ်းသော သတ္တဝါတို့ပင် ဖြစ်သည်"
"နောက်ဆုံးတော့ ငါ တောက်တိကျင်းကို နားလည်သွားပြီ"
"တာအိုကနေ တစ်ခု ဖြစ်လာတယ်၊ တစ်ခုကနေ နှစ်ခုဖြစ်လာတယ်၊ နှစ်ခုကနေ သုံးခု ဖြစ်လာတယ်၊ သုံးခုကနေ ခပ်သိမ်းသော အရာတွေ ဖြစ်လာတယ်"
"တကယ်တော့ လောင်ဇီဆိုတာက ငါဖြစ်နေတာပဲ၊ ပြီးတော့ တောက်တိကျင်းကိုလည်း ငါကိုယ်တိုင် ရေးခဲ့တာပဲ"
ကျိယွမ် ယခု နားလည်သွားပြီ ဖြစ်သည်။
ကူယူခြင်းသည် ကူးယူခြင်းမဟုတ်ပေ။
ထိုအခိုက်အတန့်တွင် သူသည် တစ်ခုဟူသော သဘောတရားနှင့် တာအိုကို နောက်ဆုံးတွင် နားလည်သွားလေပြီ။
[ တောက်တိကျင်းကျမ်းဆိုသည်မှာ လောင်ဇီဟူအမည်ရသော ပညာရှိကြီးတစ်ဦးရေးခဲ့သော ကျမ်းတစ်ဆူဖြစ်သည်။
ထိုကျမ်း၏အဆိုအရ စကြဝဠာကြီး၏အစ၌ မည်သည်အရာမှမရှိခဲ့သေးပါ ၊ထိုအခြေအနေမှ နဂိုမူလအနန္တတရားဖြစ်သော တောက် ဟူသည့် အခြေခံစွမ်းအင် တစ်ခု စတင်ဖြစ်ပေါ်လာ၏။
ထိုမှတစ်ဆင့် ထိုတစ်ခုသည် "နှစ်ခု" ဖြစ်သော ယင်နှင့်ယန်ဟူသည့် ဆန့်ကျင်ဘက်အင်အားစုများအဖြစ် ကွဲထွက်သွား၏။ ထိုအရာကို တစ်ခုမှ နှစ်ခုဖြစ်လာခြင်းဟု ခေါ်သည်။
ထိုနှစ်ခုပေါင်းစပ်ဓာတ်ပြုခြင်းဖြင့် "သုံးခု" မြောက်ဖြစ်သော ချီ ဟူသည့် သက်ရှိစွမ်းအင်သည် ဟန်ချက်ညီစွာ ဖြစ်တည်လာခဲ့သည်။
ထိုအရာက တစ်ခုမှ နှစ်ခု ၊ နှစ်ခုမှ ၃ ခုဖြစ်လာခြင်းပင်။
ဤသို့ဖြင့် အဆိုပါစွမ်းအင်များ အချိုးကျပေါင်းစပ်ရာမှ လောကရှိ "အရာခပ်သိမ်း" ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ထိုကျမ်းကဆိုထား၏။
ထို့ကြောင့် လောကကြီးသည် မည်မျှပင် ရှုပ်ထွေးများပြားစေကာမူ အနှစ်သာရအားဖြင့်ကြည့်လျှင် အားလုံးက တောက်ဟူသော အရင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာပြီး အပြန်အလှန် ဆက်နွှယ်နေကြသဖြင့်၊ အရာခပ်သိမ်း၏အစမူလမှာ တောက် ဟူသော အရာတစ်ခုတည်းသာဖြစ်လေသည်။ အရာအားလုံးသည် တောက်ဖြစ်သလို တောက်ကလည်း အရာအားလုံးပင်ဖြစ်သည်။
အချို့သူများက ထို Tao ဆိုသောစကားလုံးကို တာအိုဟုလည်း ခေါ်ကြ၏ ။]
ကျိယွမ်က ရှန်လဲ့သည် သူကိုယ်တိုင် ဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားခဲ့သည်။
သူ ပုံဖော်ကြည့်ရှုခဲ့သည့် အရှင်မြတ်သုံးပါးနှင့် ဧကရာဇ်ခြောက်ပါးတို့သည်လည်း အမှန်တကယ်တွင် သူကိုယ်တိုင်ပင် ဖြစ်သည်။
တစ်သားတည်းဖြစ်သွားသော နတ်ဘုရားစွမ်းအားသည် အတိတ်ခန္ဓာကို ဖွဲ့စည်းနိုင်စေသည်။
တစ်သားတည်းဖြစ်သော နတ်ဘုရားစွမ်းအားသည် မဟာနယ်ပယ်၏ သွေးစည်းမှုကို ခံယူပြီးနောက်တွင် စစ်မှန်သော တစ်သားတည်းဖြစ်ခြင်းသို့ ရောက်ရှိကာ ပစ္စုပ္ပန်ဓမ္မခန္ဓာကို ဖွဲ့စည်းနိုင်ပြီး ယန်နတ်ဘုရား အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော် ထို့အဆင့်မျအားလုံးကရှုပ်ထွေးသောလမ်းစဥ်များဖြစ်သော်လည်း အခြေခံအားဖြင့် အရာအားလုံး၏ မူလသည် တာအို ဟူသောအရာတစ်ခုတည်းကသာ ဆင်းသက်လာခြင်းဖြစ်၏။ထို့ကြောင့် တာအိုသည်အရာအားလုံးဖြစ်သလို အရာအားလုံးကလည်း တာအိုတစ်ခုတည်းသာဖြစ်သည်။
ထိုခဏ၌ သူ၏နတ်ဘုရားစွမ်းအားသည် စစ်မှန်သောတစ်သားတည်း ဖြစ်ခြင်းနှင့် အထွတ်အထိပ်ဖြစ်ခြင်းသို့ ရောက်ရှိသွားခဲ့လေပြီ။
"ဒါဆို ငါဟာ ယန်နတ်ဘုရား ဖြစ်နေပြီပဲ"
ထိုခဏ၌ပင် ကျိယွမ်သည် ကြီးမားသော ဉာဏ်အလင်းကို ရရှိခဲ့သည်။
သူ၏ ကြီးမားသောခန္ဓာကိုယ်သည် စတင်၍ ကျုံ့လာခဲ့၏။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည်လည်း ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။
သွေးနေမင်းမဟာသူတော်စင်မယ်သည် နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့်အတူ ဇဝေဇဝါဖြစ်နေသော အမူအရာဖြစ်ပေါ်လာ၏။
"နင်.ဘာတွေပြောနေတာလဲ"
အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ မူလနတ်ဘုရားသည် သူမကို ရှင်းပြ၍မရသော ကြောက်ရွံ့မှုကို ခံစားလာစေသည်။
"နင် လမ်းမှားနေပြီဆိုတာ ငါ ပြောပြချင်တယ်"
ကျိယွမ်၏ ကြည်လင်သော အသံသည် စကြဝဠာတစ်ခုလုံး ဟိန်းထွက်သွားခဲ့သည်။
"ယန်နတ်ဘုရားဆီ သွားတဲ့ လမ်းကြောင်းဟာ တစ်သားတည်း ဖြစ်ဖို့ မဟုတ်ဘူး။ အဲဒါက... အရာအားလုံးကို ငါအဖြစ် ပြောင်းလဲဖို့ပဲ"
"ငါ ကျိယွမ်ဟာ ကောင်းကင်ဘုံအားလုံးမှာ တစ်ဦးတည်းသောအရာပဲ"
"နင်ဟာ ဘယ်တုန်းကမှ တည်ရှိမနေခဲ့ဘူး၊ နင်ဟာ ငါဖန်တီးထားတဲ့ အရာများစွာထဲက တစ်ခုပဲ"
"နင် ရူးနေပြီ"
သွေးနေမင်း မဟာသူတော်စင်မယ်သည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး ကျိယွမ် စိတ်လွတ်သွားပြီဟု ထင်မှတ်လိုက်သည်။
ထို့နောက် သူမသည် ဆက်လက်တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်၏။
ကျိယွမ်၏ မျက်ဝန်းများ အေးစက်သွားသည်။
"နင်က ငါ့ရဲ့ စက်ဆုပ်စရာကောင်းတဲ့ ပုံစံတစ်ခုပဲ ၊ သေစမ်း"
ယခုအကြိမ်၌ သူ၏ သွေးနီရောင်ဓားသည် သာမန်ဓားခုတ်ချက်ကဲ့သို့ ရိုးရှင်းစွာဝှေ့ယမ်းသွားခဲ့သည်။
သို့သော် သွေးနေမင်း မဟာသူတော်စင်မယ်၏ ကြီးမားလှသောခန္ဓာကိုယ်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာ၏။
ထိုကဲ့သို့သော အက်ကွဲကြောင်းမျိုးသည် ယခင်က သူမအတွက် ဘာမှမဟုတ်ခဲ့ပေ။
သို့သော် ယခုမူ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးများ ထသွားခဲ့သည်။
သူမ၏ ဖြစ်တည်မှု အစစ်အမှန်သည် လျင်မြန်စွာ ပျော်ဝင်သွားပြီး မသိရသောပေါင်းစည်းခြင်းကို ခံနေရသည်။
ထိုအရာသည် သူမ တစ်ခါမှ မကြုံဖူးတဲ့ အရာပင်။
သူမက တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"နင် ဘာလုပ်နေတာလဲ"
"ငါ... ငါ့ကိုယ်ငါ ပြန်သိမ်းပိုက်နေတာလေ"
ကျိယွမ်၏ သွေးနီရောင်ဓားသည် ဝါးမျိုခြင်း ခန္ဓာကိုယ်၏စွမ်းအားများ ပါဝင်နေသကဲ့သို့ သွေးနေမင်း မဟာသူတော်စင်မယ်ကို စတင် ဝါးမျိုလိုက်တော့သည်။
အဝေးတစ်နေရာမှ သွေးနတ်ဘုရားမဟာသူတော်စင်ကြီးသည်လည်း နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ကျိယွမ်ထံသို့ ကြောက်မက်ဖွယ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။
သို့သော် ကျိယွမ်သည် အလွန်တရာ တည်ငြိမ်နေခဲ့သည်။
"မူလဘူတကမ္ဘာဆိုတာ အဆုံးမဲ့ ဖြစ်နိုင်ခြေတွေကို ကိုယ်စားပြုတယ်"
"ငါပြောတာ သဘောပေါက်လာ"
သူက တည်ငြိမ်စွာ စကားပြောနေသော်လည်း သူ၏ ဓားသည် လေထုထဲ၌ ဝှေ့ယမ်းသွားခဲ့ပြန်သည်။
သူ၏ နောက်ကွယ်တွင် နတ်စစ်သည်နှင့် စစ်သူကြီး သန်းပေါင်းများစွာ ပေါ်လာပြီး ဝမ်းနည်းဖွယ် ခရာသံများကို မှုတ်လိုက်ကြသည်။
ဝမ်းနည်းဖွယ် ခရာသံများ ဟိန်းထွက်နေစဉ် ကျိယွမ်သည် သွေးနတ်ဘုရား မဟာသူတော်စင်ထံသို့ သူ၏ ဓားကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်၏။
"ငါတို့ အားလုံးဟာ တစ်ခုတည်းရဲ့ အစိတ်အပိုင်းတွေပဲ၊ အချင်းချင်း ဘာလို့ တိုက်နေကြတာလဲ"
သူက စကားပြောရင်းမှ စိတ်ပျက်သလို သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။
ယခုအခါ သူသည် မယုံနိုင်စရာကောင်းအောင် အစွမ်းထက်နေလေပြီ။
သွေးနတ်ဘုရား မဟာသူတော်စင်၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
"မင်း... မင်းက ဘာကြီးလဲ"
ကြီးမားသောယန်နတ်ဘုရားနှစ်ပါးသည် ကျိယွမ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြ၏။
သူတို့၏ နားလည်မှုနှင့်ပင် ကျိယွမ်၏ ဖြစ်တည်မှုကို နားမလည်နိုင်တော့ပေ။ထိုသူသည် ယန်နတ်ဘုရားမဟုတ်သော ယန်နတ်ဘုရားဖြစ်နေသလိုပင် ။ သူ၏အဆင့်ချိုးဖြတ်မှုကလည်း သူတို့နားမလည်နိုင်သော နိယာမများဖြစ်နေ၏။ သူသည် အဆင့်ချိုးဖြတ်ခြင်းမျိုး မရှိသည်လည်းဖြစ်နိုင်၏။သူတို့ လုံးဝဝေခွဲမရတော့ပါ ။ ( မမဆောင်းဖြစ်ကုန်၏)
"မင်းက တကယ်တမ်း ဘာကြီးလဲ ..."
"ငါက.. မင်းပဲလေ"
ကျိယွမ်က တောက်ပစွာ ပြုံးလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော ယန်နတ်ဘုရားနှစ်ပါးမှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။
သူတို့ ထွက်ပြေးချင်သော်လည်း သူတို့၏ ခန္ဓာကိုယ်များက နာခံခြင်း မရှိတော့ပေ။
အမှန်တစ်ကယ်တမ်းတွင်း အခြားသော ယန်နတ်ဘုရားတစ်ပါးပါးကသာ ကျိယွမ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရပြီး မခုခံနိုင်ပါက လွယ်ကူစွာထွက်ပြေးနိုင်ပေလိမ့်မည်။
သို့သော် ဤယန်နတ်ဘုရား နှစ်ပါးမှာမူ မပြေးနိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၏ခန္ဓာကိုယ်များသည် မူလဘူတကမ္ဘာ၏ အဆိပ်အတောက်များဖြင့် ပျက်စီးနေခဲ့ပြီ ဖြစ်သောကြောင့်ပင်။
မူလဘူတကမ္ဘာသည် အဆုံးမဲ့ ဖြစ်နိုင်ခြေများကို ကိုယ်စားပြုသည်။
ထို့ကြောင့် နတ်ဘုရားပုံရိပ်ဖော်ခြင်းဟူသော မယုံနိုင်စရာနည်းလမ်းမျိုးဖြင့် နတ်ဘုရားနည်းစနစ်များကို ဖန်တီးနိုင်နေခြင်းဖြစ်၏။
ထို့ကြောင့်လည်း ကျိယွမ်က သူ၏စိတ်ထဲရှိရာများကို လျှောက်ပြီးစိတ်ကူးယဉ်ခဲ့သော်လည်း ထိုနတ်ဘုရားနည်းစနစ်များက တကယ်ရှိနေသလို အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။
ယုတ္တိမရှိသော စက်သေနတ်ဘုရားလောင်းကို ပုံရိပိဖော်နိုင်ကတည်းက ကျိယွမ်သည် မူလဘူတကမ္ဘာ၏ အစွမ်းသတ္တိအစစ်အမှန်ကို နားလည်သွားခဲ့ခြင်းပင်။
သို့ဖြစ်၍ ကျိယွမ်သည် သူကိုယ်တိုင်မှာ ရှန်လဲ့၊ ချီချီနှင့် အစားရှောင်မယ်တော်တို့ ဖြစ်သည်ဟု ပြောနိုင်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် မူလဘူတကမ္ဘာ၏ လွှမ်းမိုးမှုကို ခံထားရသောကြောင့် ဖြစ်၏။
ထို့အပြင် ကျိယွမ်တွင် ဝါးမျိုခြင်း ကမ္ဘာဦး ခန္ဓာကိုယ် ရှိသောကြောင့်လည်း ဖြစ်သည်။
ကျိယွမ်တွင် ကျိယွမ်ကျမ်း ရှိသောကြောင့် လည်းဖြစ်သည်။
ထိုအရာသုံးခုစလုံးသည် မရှိမဖြစ် လိုအပ်၏။
ဤသုံးခုစလုံးရှိမှသာ "ခပ်သိမ်းသော သတ္တဝါတို့သည် ငါပင် ဖြစ်သည်" ဟု ကြေညာသော ကျိယွမ် ဖြစ်လာနိုင်မည် ဖြစ်သည်။
မဟုတ်ပါက ရှန်လဲ့နှင့် ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်နှင့် ပေါင်းစည်းရန် ရွေးချယ်ခဲ့လျှင်ပင် ၊ သူသည် သူတို့အမှန်တကယ် ဖြစ်လာနိုင်မည် မဟုတ်ပေ။
[ ကျိယွမ်က မူလအစ " တစ်ခု" ဟုခေါ်သော တာအို၏နေရာ၌ အရာအားလုံးကို ဖန်ဆင်းပေးနိုင်သော ဖန်ထုန်နယ်မြေကို အစားထိုး၏။
ထို့နောက် ဆန့်ကျင်ဘက်သဘာဝရှိသည့် " နှစ်ခု " ဖြစ်သော ယင်နှင့်ယန်နေရာ၌ ဆန့်ကျင်ဘက်ဖြစ်နေသော ဝါးမျိုခြင်းခန္ဓာနှင့်ကမ္ဘာဦးခန္ဓာကိုယ်အား အစားထိုး၏။
နောက်ဆုံးတွင်တတိယဖြစ်သော "သုံးခု"မြောက်နေရာ၌ သူ၏ကျိယွမ်ကျမ်းကို အစားထိုး၏။ ထို့မှတစ်ဆင့် သူက လောင်ဇူး၏ တောက်တိကျင်းကျမ်းကို အတူယူကာ တစ်ခုမှ နှစ်ခု ၊ နှစ်ခုမှ သုံးခု ၊ သုံးခုမှ အရာခပ်သိမ်းဟူသော ဥပဒေသကို ဖော်ဆောင်လိုက်ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ဖန်ထုန်နယ်မြေ၏သြဇာသက်ရောက်နေသောအရာမှန်သမျှသည် ဤဥပဒေသအောက်၌ အကျုံးဝင်နေ၏ ။
သူ၏ယခင်ဘဝမှ တောက်တိကျင်းကျမ်းကို အသုံးချခြင်းဖြစ်သောကြောင့် ယန်နတ်ဘုရားနှစ်ပါးက ဘာတွေဖြစ်ကုန်မှန်း နားမလည်နိင်ဖြစ်နေခြင်းဖြစ်သည် ၊ဤကား ဘာသာပြန်သူ နားလည်သလို ရှင်းပြခြင်းဖြစ်၏ ]
"မူလဘူတချီတွေ စီးဝင်နေပြီ... မင်းတို့ဟာ ငါပဲ"
သူ၏ အကြည့်များ နက်ရှိုင်းသွားသည်။
ထိုခဏ၌ ဖန်ထုန်နယ်မြေ၏တာအိုကို ဝါးမျိုထားသောယန်နတ်ဘုရားနှစ်ပါးမှာ လုံးဝလှုပ်ရှား၍ မရတော့ပေ။
သွေးနေမင်းမဟာသူတော်စင်မယ်၏ နုနယ်သောမျက်နှာသည် စတင်ပြောင်းလဲလာပြီး ကျိယွမ်၏မျက်နှာပုံစံသို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။
သွေးနတ်ဘုရားမဟာသူတော်စင်ကြီး၏ မျက်နှာသည်လည်း ကြယ်တစ်လုံး၏ ပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ယန်နတ်ဘုရား နှစ်ပါးစလုံးသည် ငြင်းဆန်၍ မရတော့ဘဲ ကျိယွမ်ဖြစ်သွားကြကုန်၏။
ထိုနှစ်ယောက်ကိုမြင်သောအခါ ကျိယွမ်၏ မျက်နှာတွင် ဒေါသများ ပေါ်လာခဲ့သည်။
"မင်းတို့က ငါ့အယောင်ဆောင်ရဲတယ်ပေါ့. သေစမ်း"
စကားသံအဆုံးတွင် အစွမ်းထက်သော တိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်၏။
ထိုခဏတွင် သူသည် ယန်နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့သဖြင့် တစ်ချက်တည်းနှင့် ကြယ်တာရာများ ပျက်စီးသွားခဲ့သည်။
ကြီးမားလှသော ပုံရိပ်ကြီးနှစ်ခုသည် အကြွင်းအကျန်မရှိ ပေါက်ကွဲပျက်စီးသွားတော့သည်။
ကျယ်ပြောလှသော စကြဝဠာကြီးအတွင်း၌ သွေးနီရောင် ကြယ်နှစ်လုံး ပေါက်ကွဲသွားပြီး အဆုံးမဲ့ အပိုင်းအစများအဖြစ် လွင့်စင်သွားခဲ့သည်။
ကောင်းကင်ဘုံတစ်ခုလုံးလည်း ဟီးဟီးထကာ တုန်လှုပ်သွားခဲ့လေတော့သည်။
---------