ဘာလို့ ဂိမ်းကမပြီးသေးတာလဲ
Vol. 21 Ch. 239
"သွေးရောင်ကြယ်ကြီး... ပျောက်ကွယ်သွားပြီ။"
"ဟုတ်တယ်ဟေ့ ..ကြယ်ကြီး မရှိတော့ဘူး။"
ဖန်ထုန်နယ်မြေ၏ တောင်းပိုင်တွင် ရှိနေကြသော ရှေးဟောင်းနတ်ဘုရားများနှင့် သာမန်လူသားအားလုံးသည် ကောင်းကင်ယံသို့ မော့ကြည့်နေကြ၏။မကြာသေးခင်ကပင် ကောင်းကင်ယံ၌ ကြီးမားသောအက်ကြောင်းကြီးတစ်ခုရှိခဲ့ပြီး ထိုနေရာတွင်ဧရာမသွေးရောင်နေမင်းကြီးတစ်စင်း ထွန်းလင်းနေခဲ့သော်လည်း ယခုမူ လုံးဝကွယ်ပျောက်သွားပြီ ဖြစ်သည်။
ယင်းသည် မည်သည့်အရာကို ဆိုလိုသည်ကို သာမန်လူသားများ နားမလည်ကြသော်လည်း ရှေးဟောင်းနတ်ဘုရားများကတော့ သေချာပေါက်သိ၏။
အဘိုးအိုတစ်ဦးသည် မျက်ရည်များ တဖြိုင်ဖြိုင်စီးကျလျက် ဝမ်းသာအားရ ငိုကြွေးလေသည်။
"မိစ္ဆာနတ်ဘုရားကြီး... မရှိတော့ဘူး။"
ဖန်ထုန်နယ်မြေကို နှစ်ပေါင်းသောင်းချီ၍ ညှဉ်းပန်းနှိပ်စက်ခဲ့သော၊ စစ်မှန်နတ်ဘုရားအဆင့်ထက်ကျော်လွန်သည့် ထိုမိစ္ဆာနတ်ဘုရားကြီးမှာ ကွယ်ပျောက်သွားလေပြီ။
မကြာမီလေးကတင် ကောင်းကင်ယံကြီး ပွင့်ထွက်သွားပြီး စစ်မှန်နတ်ဘုရားထက် သာလွန်သည့် ထိုကြောက်မက်ဖွယ် သတ္တဝါကြီးက ဒေါသတကြီး ဟိန်းဟောက်ခဲ့သည်ကို သူ ပြန်လည်သတိရမိ၏။
ထိုစဉ်က သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသောမူလနတ်ဘုရားသည် မြောက်ပိုင်းမှနေ၍ ကောင်းကင်အက်ကြောင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ စစ်မှန်နတ်ဘုရားငါးထောင်သည်လည်း ထိုမိစ္ဆာနတ်ဘုရားကို သုတ်သင်မည်ဟု သစ္စာဆိုကာ နောက်မှ ချက်ချင်းလိုက်ပါသွားခဲ့ကြ၏။
ဖန်ထုန်နယ်မြေမှ ရှေးဟောင်းနတ်ဘုရားများသည် စစ်မှန်နတ်ဘုရားထက် သာလွန်သည့်ထိုသတ္တဝါကြီး၏ မျက်လုံးအိမ် အစိတ်အပိုင်းလေးကို ပထမဆုံး မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ဤတိုက်ပွဲသည် အနိုင်ရရန် မဖြစ်နိုင်ကြောင်း သိရှိခဲ့ကြသည်။ ထိုသတ္တဝါကြီး၏ စွမ်းအားသည် နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ခန္ဓာကိုယ်ကလည်း ဖန်ထုန်နယ်မြေတစ်ခုလုံးထက်ပင် အဆများစွာ ကြီးမားနေသောကြောင့် ဖြစ်သည်။
ဖန်ထုန်နယ်မြေတွင် မွေးဖွားကြီးပြင်းလာသော ရှေးဟောင်းနတ်ဘုရားများအားလုံး စုစည်းထားသမျှသော စွမ်းအင်အရင်းအမြစ်အကုန်လုံးကို ပေါင်းစပ်လိုက်လျှင်ပင် ထိုသတ္တဝါကြီး၏စွမ်းအားအပိုင်းအစလေးကိုပင် မှီနိုင်မည်မဟုတ်ပါ။
ထိုတိုက်ပွဲက သေချာပေါက် ရှုံးနိမ့်နှင့်ပြီးသားဟု အားလုံး၏စိတ်ထဲတွင် ကြေကွဲစွာလက်ခံခဲ့ပြီးသားဖြစ်၏။
သို့သော် ယခုမူ...။
ဖန်ထုန်နယ်မြေအပေါ်တွင် နှစ်ပေါင်းထောင်ချီ၍ ထွန်းလင်းနေခဲ့သော သွေးရောင်နေမင်းကြီးမှာ မရှိတော့ပေ ။
ဖန်ထုန်နယ်မြေသည် အောင်ပွဲခံခဲ့လေပြီ။
မူလနတ်ဘုရားသည် မဖြစ်နိုင်သောတိုက်ပွဲကို အနိုင်ရခဲ့သည်။
သို့သော်လည်း...။
ဖြူဖွေးသောဆံပင်နှင့်မုတ်ဆိတ်များရှိသည့် အဖိုးအိုသည် တစ်စုံတစ်ခုကိုသတိရသွားပြီး သူ၏ ဂူဗိမာန်အတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားလေသည်။ အခန်းထဲတွင် ချိတ်ဆွဲထားသော ဆီမီးအိမ် သုံးဆယ်လုံး ငြိမ်းနေသည်ကို မြင်လိုက်ရသောအခါ သူ၏ နှလုံးသားသည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွားရသည်။
မြောက်ပိုင်းသို့ ထွက်ခွာသွားသော ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ ဝိညာဉ်အနှစ်သာရ အစိတ်အပိုင်းလေးများကို ဤအသက်ဓာတ်မီးအိမ်များထဲတွင် ထည့်သွင်းထားခဲ့ကြ၏။ မီးအိမ်များ ငြိမ်းသွားခြင်းသည် သူတို့အားလုံး ကောင်းကင်ပြင်ပတိုက်ပွဲ၌ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေသည်မဟုတ်ပါလား။
အဖိုးအိုသည် ကောင်းကင်ယံသို့ မော့ကြည့်ရင်း ရှေးဟောင်းနတ်ဘုရားများ ကြယ်ကြွေသကဲ့သို့ အလင်းများထုတ်လွှတ်ကာ ဖန်ထုန်နယ်မြေအတွင်းသို့ ပြန်လည်ကျဆင်းလာမည်ကို မျှော်လင့်နေမိသည်။
သို့သော် ဝမ်းနည်းစရာမှာ သူ၏ မျှော်လင့်ချက်သည် ပျက်သုဉ်းခဲ့ရခြင်း ဖြစ်သည်။
အချိန်ကြာမြင့်သည်အထိ ဖန်ထုန်နယ်မြေကောင်းကင်ယံ၌ မည်သည့်အလင်းတန်းမှ ထွက်ပေါ်မလာခဲ့ပါ။
အဘိုးအိုသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားလျှက် ဝမ်းနည်းစွာ ငိုကြွေးနေတော့သည်။
ဖေးဟွမ်မြို့တွင် မြို့စားမင်း၏သမီးတော် ဟွမ်မုန့်လင်သည် ဖန်ထုန်နယ်မြေကောင်းကင်ယံကို မော့ကာငေးကြည့်နေရင်း တိတ်ဆိတ်စွာ ရပ်နေ၏။
သူမသည် ထိုလူငယ်လေးကို ပထမဆုံး တွေ့ခဲ့ရစဉ်ကအကြောင်းကို ပြန်လည်အမှတ်ရနေခြင်း ဖြစ်သည်။
ထိုစဉ်က သူသည် စားသောက်ပွဲတစ်ခုတွင် အစားစားနေခဲ့သည်။ သူမသည် သူ့အား အန္တရာယ်ကြီးမားလှသော ချင်းရွှေရွာမှ ထွက်ခွာလာရန်နှင့် မြို့သို့ လိုက်ပါလာပြီး ရှေးဟောင်းနတ်ဘုရား မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့၏။ သို့သော် ထိုထူးဆန်းသော ရှေးဟောင်းနတ်ဘုရားလူငယ်သည် စိတ်ရူးပေါက်နေသည့်အလား ရိုင်းစိုင်းစွာ ငြင်းပယ်ခဲ့သည်။
သို့သော်လည်း ထိုလူငယ်လေးသည် ယနေ့ကဲ့သို့ ကမ္ဘာတုန်လောက်သောနိုင်ပွဲကို စွမ်းဆောင်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လွန်ခဲ့သော နေ့ရက်များမှ အမှတ်တရများသည် အိပ်မက်တစ်ခုကဲ့သို့ သူမ၏စိတ်အာရုံများထဲတွင် တစ်ခုပြီးတစ်ခုပေါ်လာ၏။
ထိုအချိန်တွင် ဟွမ်မုန့်လင်၏ နားထဲသို့ အားနည်းသော အသံတစ်သံ ပျံ့လွင့်လာသည်။
"ငါ့ရဲ့ ဒဏ်ရာတွေက သုံးဆယ်ရာခိုင်နှုန်းလောက် သက်သာသွားပြီ။ ပျံသန်းခြင်းဝိညာဉ်နန်းတော်က မိစ္ဆာနတ်ဘုရားတွေ ထပ်လွှတ်လိုက်သေးလား။"
ထိုအသံသည် ဒဏ်ရာရရှိပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သော ရှေးဟောင်းနတ်ဘုရားမ ယွမ်၏အသံ ဖြစ်သည်။ ဖေးဟွမ်မြို့ ဘေးဒုက္ခနှင့်ကြုံတွေ့ရစဉ်က သူမသည် ခဏတာ နိုးလာခဲ့သော်လည်း မကြာမီမှာပင် ပြန်လည် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာများကို ကုသနေစဉ်အတွင်း၌ပင် သူမသည် ဖေးဟွမ်မြို့၏ အခြေအနေကို အစဉ်အမြဲ စိုးရိမ်နေခဲ့၏။
မူလနတ်ဘုရားသည် ဆင်းသက်လာသော မိစ္ဆာနတ်ဘုရားကို သုတ်သင်လိုက်ပြီ ဖြစ်ကြောင်း သူမ သိရှိထားသဖြင့် မိစ္ဆာနတ်ဘုရားများဘက်မှ ပို၍ပြင်းထန်သော တုံ့ပြန်မှုများ ရှိလာမည်ဟု သူမခန့်မှန်းထားသည်။
ရှေးဟောင်းနတ်ဘုရားမယွမ်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဟွမ်မုန့်လင်သည် ခဏတာ ကြောင်အမ်းသွားပြီး မည်သို့ ပြန်ပြောရမလဲ မသိဖြစ်နေ၏။
ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် သူမက တိုးညင်စွာဖြေလိုက်သည်။
"မိစ္ဆာနတ်ဘုရားတွေ... မရှိတော့ပါဘူး"
"မရှိတော့ဘူး ဟုတ်လား။"
ရှေးဟောင်းနတ်ဘုရားမ ယွမ်၏ အသံတွင် နားမလည်နိုင်ခြင်းနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
"မရှိတော့ဘူးဆိုတာက ဘာကိုပြောတာလဲ.."
ရုတ်တရက် သူမသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိသည် ။ ထို့နောက်တစ်စုံတစ်ခုကို သဘောပေါက်သွားသလို သူမ၏အမူအရာသည် ထိတ်လန့်သွားပြီးနောက် ကြောက်ရွံ့တုန်လှုပ်မှုသို့ ပြောင်းလဲသွား၏။ သူမ၏ နားထဲတွင်တော့ ဟွမ်မုန့်လင်၏ တိုးညင်းသောအသံက ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။
"မနေ့က မူလနတ်ဘုရားဟာ ရွာအချို့က ရှေးဟောင်းနတ်ဘုရားတွေကိုဦးဆောင်ပြီး စစ်မှန်နတ်ဘုရားထက် သာလွန်တဲ့သတ္တဝါတွေကို ပြန်လည်တိုက်ခိုက်ခဲ့တယ်"
"ဒါပေမဲ့..."
"သူတို့အားလုံးဟာ ဖန်ထုန်နယ်မြေကောင်းကင်ယံကနေ ထွက်ခွာသွားပြီးကတည်းက တစ်ယောက်မှပြန်မလာတော့ပါဘူး။"
ကောင်းကင်သို့မော့ကြည့်နေသော ရှေးဟောင်းနတ်ဘုရားမယွမ်၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်များနှင့်အတူ လေးစားကျေးဇူးတင်မှုများ ပြည့်နှက်လာခဲ့၏။
"မူလနတ်ဘုရားနဲ့အတူ သူရဲကောင်းအားလုံးကို ဂါရဝပြုပါတယ်"
--------------
တဖြည်းဖြည်းညဉ့်နက်လာပြီဖြစ်သောကြောင့် ရှေးဟောင်းမျိုးနွယ်စုများ၏ ဘိုးဘေးနယ်မြေသည် တိတ်ဆိတ်ငြိမ်သက်နေ၏။
ဘိုးဘေးနယ်မြေကို ဖွင့်လှစ်ရမည့် အချိန်လည်း မဟုတ်သေးသောကြောင့် ထိုနေရာတွင် လူသူကင်းမဲ့နေခဲ့သည်။
ရုတ်တရက် သွေးရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ဘိုးဘေးနယ်မြေထဲသို့ ကျိယွမ်ရောက်ရှိလာ၏။
သူသည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းမရှိသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
"တကယ်ကို ဒါက ဘိုးဘေးနယ်မြေပဲကိုး ။ အခုချိန်ထိတောင် ဒီနေရာမှာ ပြင်းထန်တဲ့ အန္တရာယ်တစ်ခု ရှိနေသေးတာကို ငါ ခံစားနေရတုန်းပဲ။"
ဘိုးဘေးနယ်မြေသည် ပုန်းအောင်းနေသောရုပ်သေးနတ်ဘုရားအမြောက်အမြားဖြင့် ပြည့်နှက်နေသော အရပ်ဖြစ်သည်။ လက်ရှိတွင် ကျိယွမ်သည် ယန်နတ်ဘုရားတစ်ပါးဖြစ်နေသော်လည်း တစ်ဖက်တွင်မူ မဟုတ်ဟုလည်း ဆိုနိုင်၏။
ယန်နတ်ဘုရားနှစ်ပါးနှင့် တိုက်ပွဲတွင် သူသည် ဖြတ်လမ်းနည်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ထိုနှစ်ဦးမှာ မူလဘူတကမ္ဘာဖြစ်သော ဖန်ထုန်နယ်မြေကို မက်မောလွန်းသဖြင့် ကမ္ဘာ၏ အနှစ်သာရ စွမ်းအင်များကို အလွန်အမင်း စုပ်ယူထားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ကျိယွမ်၏ "သတ္တဝါအားလုံးသည် ငါပင်ဖြစ်သည်" ဟူသော နိယာမစွမ်းအားဖြင့် တုပ်နှောင်ခြင်းကိုခံလိုက်ရပြီး အသတ်ခံခဲ့ရခြင်းပင်။
သို့သော် ထိုတုပ်နှောင်မှုသည် အမြဲတမ်း မတွက်တော့ မဟုတ်ပေ။ ထိုနှစ်ဦးကို ရုပ်သေးများအဖြစ် ပြောင်းလဲရန် စိတ်ကူးမှာလည်း မဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
ရှန်လဲ့၊ ကျူးရှီကျုံးနှင့် အခြားသူများသည် မိစ္ဆာနတ်ဘုရားများ၏ ပေါင်းစည်းခြင်းနည်းစနစ်ကိုအသုံးပြုပြီး ကျိယွမ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် လိုလိုလားလား ဆန္ဒရှိခဲ့ကြသည်။
ထို့ကြောင့်သာ "ငါ" အဖြစ်သို့ အမှန်တကယ် ပေါင်းစည်းနိုင်ခြင်း ဖြစ်၏။
သို့သော် ကန်းလန်နယ်မြေတွင်မူ သာမန်ယင်နတ်ဘုရားများသည် ကျိယွမ်ထံ အညံ့ခံကာ ပေါင်းစည်းခြင်းကို အသုံးပြုခဲ့လျှင်ပင် "ငါ" ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်မည် မဟုတ်ပါ။
"သတ္တဝါအားလုံးသည် ငါပင်ဖြစ်သည်" ဟူသောအရာသည် အခြေခံအားဖြင့် နိယာမတစ်ခု ဖြစ်သော်လည်း ၎င်းသည် ဖန်ထုန်နယ်မြေတွင်သာ သက်ရောက်ခြင်း ဖြစ်သည်။ အကယ်၍ ဤနိယာမသည် ကမ္ဘာအားလုံး၊ စကြာဝဠာအားလုံးတွင် သက်ရောက်နိုင်မည်ဆိုပါက ၎င်းသည် သာမန်နိယာမတစ်ခု မဟုတ်နိုင်တော့ပေ။
ကျိယွမ်၏ အကြည့်သည် ဘိုးဘေးနယ်မြေတစ်ခွင်သို့ ဝေ့ကြည့်နေပြီး သူ၏ အမူအရာမှာ လေးနက်ကာ တွေးတောနေပုံရ၏။
အတန်ကြာသောအခါမှ သူသည် ကွက်လပ်ဖြစ်နေသောနေရာတစ်ခုသို့ လျှောက်လှမ်းသွားသည်။
"ဒီနေရာမှာ မျှော်စင်တစ်ခု ရှိတယ်လေ ၊ .ဒါပေမဲ့ အခုတော့ ပျောက်သွားတာလား"
"ဒီနေရာက စွမ်းအင်စီးဆင်းမှုက... ရင်းနှီးနေသလိုပဲ။"
ပျောက်ကွယ်သွားသောမျှော်စင်သည် ကျိယွမ်ကို ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခု ပေးစွမ်းနေသလိုခံစားရ၏။
"ဒါက ပုံရိပ်ဖော်နည်းစနစ်နဲ့ ပတ်သတ်နေတာလား။"
ကျိယွမ်သည် မြေကွက်လပ်တွင်ရပ်ကာ တစ်ကိုယ်တည်းရေရွတ်ရင်း နားလည်စပြုလာသည်။ သူ၏ လက်ရှိ နားလည်သဘောပေါက်မှုအဆင့်အရ စွမ်းအင်တည်မြဲမှု နိယာမသည် သက်ရောက်နေဆဲ ဖြစ်သည်။ စိတ်ကူးလိုက်ရုံဖြင့် အလိုအလျောက် ပေါ်ထွက်လာသော ပုံရိပ်ဖော်နည်းစနစ်များသည် ဘိုးဘေးနယ်မြေရှိ အထူးမျှော်စင်များမှ စွမ်းအားများကို ရယူခဲ့ခြင်းပင်။
"ဒီဘိုးဘေးနယ်မြေက တကယ့်ကို ထူးခြားတာပဲ။ ဒါဟာ ဒီစကြာဝဠာကမှ ဟုတ်ရဲ့လားလို့တောင် သိချင်လာပြီ။"
ကျိယွမ်သည် အနည်းငယ်ဆက်လက်စဥ်းစားနေပြီးနောက် ဘိုးဘေးနယ်မြေမှ ပျောက်ကွယ်သွားလေသည်။
"ချင်းရွှေရွာကို ကာကွယ်ရမယ့် ငါ့ရဲ့တာဝန်က ဘာလို့ ပြီးမြောက်ကြောင်း အမှတ်အသား မပြသေးတာလဲ။"
ညသည် မှောင်မိုက်ကာ တိတ်ဆိတ်နေ၏။ ချင်းရွှေရွာသည် လုံးဝတိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ သို့သော် ရွာ၏ အပြင်ဘက်တွင်မူ ရှေးဟောင်းနတ်ဘုရား အမြောက်အမြား စုဝေးနေကြသည်။ ထိုရှေးဟောင်းနတ်ဘုရား အများစုမှာ ချင်းရွှေရွာဘက်သို့ ကြည့်ကာ ဘုရားဖူးလာသူများကဲ့သို့ ကြည်ညိုလေးစားမှုများ ရှိနေကြသည်။
"ရွာလေးတစ်ရွာကနေ မဟာအုပ်စိုးရှင်တွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။ ချင်းရွှေရွာကို ဖန်ထုန်နယ်မြေရဲ့ မြင့်မြတ်တဲ့သူတော်စင်နယ်မြေတစ်ခုအဖြစ် သတ်မှတ်သင့်တယ်။"
"ဝမ်းနည်းစရာက သူတို့ ပြန်လာတာကို ငါတို့ မြင်ရတော့မှာ မဟုတ်ဘူး။"
အချို့သူများက တိတ်ဆိတ်နေသောရွာကိုကြည့်ကာ ဝမ်းနည်းပူဆွေးမှုများဖြင့် ညည်းတွားနေကြသည်။
သို့သော် သူတို့ထဲတွင် လည်ဝယ်ဖျတ်လတ်ပြီး ကောက်ကျစ်သောမျက်နှာရှိသည့် ရှေးဟောင်းနတ်ဘုရားနှစ်ဦးမှာမူ အချင်းချင်း တိတ်တဆိတ် ဆက်သွယ်နေကြသည်။
"မူလနတ်ဘုရားက ဒီလောက်တောင် စွမ်းအားကြီးနေတာဆိုတော့ ချင်းရွှေရွာမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေရမယ်။"
ရှေးဟောင်းနတ်ဘုရားတစ်ဦး၏ မျက်လုံးများတွင် လောဘရိပ်များထင်ပေါ်နေပြီး ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် သူ၏ခန္ဓာကိုယ်ပင် တုန်ရင်နေသည်။
"ဝမ်ချန် မင်းရဲ့ နတ်ဘုရားနယ်ပယ်က လူမသိအောင် ပုန်းလျှိုးတဲ့နေရာမှာ တော်တယ်မလား။ ဒီမှာ ရှေးဟောင်းနတ်ဘုရားတွေ အများကြီး ရှိနေတုန်း မင်းရဲ့ နယ်ပယ်ကို သုံးပြီး ချင်းရွှေရွာထဲကို ခိုးဝင်လိုက်။ ငါတို့ တွေ့သမျှကို အညီအမျှ ခွဲယူကြတာပေါ့။"
ထိုသူ၏စကားကြောင့် ဝမ်ချန်သည် ဝေခွဲမရ ဖြစ်သွားသည်။
"မူလနတ်ဘုရားက ကမ္ဘာကြီးကို ခုလေးတင် ကယ်တင်ထားတာ။ ငါတို့ လုပ်မယ့်အလုပ်က... သိပ်မမှန်ဘူး ထင်တယ်။"
"ကျေးဇူးတင်တာက ကျေးဇူးတင်တာပဲ၊ အကျိုးအမြတ်က အကျိုးအမြတ်ပဲလေ... ချင်းရွှေရွာက အခွင့်အလမ်းတွေကို ဒီအတိုင်း ထားလိုက်ရင် နှမြောစရာကြီး။ ငါတို့ ယူလိုက်တာက ပိုကောင်းတယ်"
ထိုသူ၏ မျက်လုံးများတွင် လောဘဇောများ ပြည့်နေ၏။
"ဒါပေမဲ့... ငါတို့သာ အဖမ်းခံရရင် ဖန်ထုန်နယ်မြေမှာ နေလို့ရတော့မှာ မဟုတ်ဘူး။"
"ဟမ့်... ငါတို့က တိတ်တဆိတ် ဆက်သွယ်နေတာပဲ၊ ဘာကြောက်စရာ ရှိလဲ။ ငါတို့ ကြံစည်နေတာကို ဘယ်သူမှ မကြားနိုင်ပါဘူး။ ငါတို့သာ အခွင့်အရေးကို ရပြီး အောင်မြင်သွားတဲ့အခါ သူတို့ သိသွားရင်တောင် ဘာဖြစ်လဲ။ ငါတို့သာ နောက်ထပ် မူလနတ်ဘုရားလိုဖြစ်လာရင် တခြား ရှေးဟောင်းနတ်ဘုရားတွေက ဘာလုပ်နိုင်မှာလဲ။အဲဒီလိုအချိန်မျိုးဆို မူလနတ်ဘုရား ပြန်လာရင်တောင် ဘာဖြစ်ဦးမှာလဲ"
ထိုသူက စိတ်လှုပ်ရှားစွာ အတင်းတိုက်တွန်းလေသည်။
အကယ်၍ ဝမ်ချန်၏ အထူးနတ်ဘုရားနယ်ပယ်သာမရှိပါက ထိုသူသည် မတိုင်ပင်ဘဲ တစ်ဦးတည်း ခိုးဝင်ပြီးနေလောက်လေပြီ။
တစ်ဖက်သား၏ဆွဲဆောင်စကားများကြောင့် တွေဝေနေသောဝမ်ချန်၏ မျက်လုံးထဲတွင်လည်း လောဘရိပ်များ ဖြတ်ပြေးသွားပြီး နောက်ဆုံး၌ ဆုံးဖြတ်ချက် ချလိုက်လေသည်။
"ကောင်းပြီ၊ လုပ်ကြတာပေါ့"
သို့သော် သူတို့ တိတ်တဆိတ် ဆက်သွယ်ပြီးနောက် ဆက်လက်လုပ်ဆောင်ရန် ပြင်နေစဉ်မှာပင် အမျိုးသမီးတစ်ယောက်ကို မြင်စဥ်၌ ရုတ်တရက် ရပ်တန့်သွားကြသည်။
ဝမ်ချန်နှင့် မလှမ်းမကမ်းတွင် မြေခွေးတစ်ကောင်ကို ပွေ့ပိုက်ထားသော ခန္ဓာကိုယ်သွယ်လျသည့် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူတို့၏ အကြည့်ကြောင့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်သွားပြီး သူမ၏ အညိုရောင်ဝတ်စုံအောက်မှ အသားအရေတွင်ပင် ကြက်သီးများ ထသွားလေသည်။
ဝမ်ချန်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး သူ၏ နတ်ဘုရားနယ်ပယ်ကို ဖြန့်ကျက်လိုက်၏။ သူသည် ထိုအမျိုးသမီး ပွေ့ပိုက်ထားသော မြေခွေးကို သတိထားကာ ကြည့်သည်။
ထိုမြေခွေးမှာ နှလုံးသားမြေခွေးဟုခေါ်ပြီး အခြားကျင့်ကြံသူများ၏ စိတ်ချင်းဆက်သွယ်မှုများကို ကြားနိုင်စွမ်း ရှိသည်။
"ကျောက်ချင်းယွီ .. နင် ဘာတွေ ကြားလိုက်လဲ။"
ဝမ်ချန်သည် သူ၏ နတ်ဘုရားနယ်ပယ်ကို ပိတ်မပစ်ဘဲ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် မေးလိုက်သည်။
ကျောက်ချင်းယွီသည် နှလုံးသားမြေခွေးကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ရင်းမှ တုန်ရင်နေ၏။
"စီနီယာ... ကျွန်မ ဘာမှမကြားပါဘူး"
သူမသည် အလွန် ထိတ်လန့်နေပြီး ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးရန်သာ ဆန္ဒရှိနေသည်။
"အဲဒီလိုလား။"
ဝမ်ချန်က ပြုံးလိုက်သော်လည်း သူ၏ နတ်ဘုရားနယ်ပယ်ကိုတော့ ပြန်မရုပ်သိမ်းပေ။ သူသည် ကျောက်ချင်းယွီကို ထိုနေရာတွင်ပင် အဆုံးစီရင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကျောက်ချင်းယွီသည် ထွက်ပြေးချင်သော်လည်း နယ်ပယ်၏ဖိနှိပ်မှုကြောင့် မလှုပ်ရှားနိင်ပါ။
သို့သော် ထိုအချိန်တွင် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ငါ့ရဲ့ တာဝန်က ဘာလို့ မပြီးသေးတာလဲဆိုတာ အံ့သြနေတာ။ အခုမှ သိတော့တယ် ၊ ငါ့ရဲ့ ချင်းရွှေရွာကို မက်မောနေတဲ့သူတွေ ရှိနေသေးတာကိုး။"
အသံနှင့်အတူ သွေးရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ပေါ်လာခဲ့သည်။ ထိုလူငယ်သည် ရှည်လျားသောဆံနွယ်များဖြင့် အလွန်ပင် ခန့်ညားချောမောကာ မြေပြင်သို့ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။
ဝမ်ချန်နှင့်တကွ အခြားရှေးဟောင်းနတ်ဘုရားမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့ နှစ်ဦးကတော့ သိသာလွန်းစွာ မှင်တက်သွားကြ၏။
"မူလနတ်ဘုရား"
ယင်းမှာ မူလနတ်ဘုရားအရှင်မြတ်ပင် ဖြစ်သည်။
သူ သေမသွားခဲ့ပါ။
ကျောက်ချင်းယွီသည် အလွန်တုန်ရင်နေသော်လည်း သူမ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာ၏။
သူမ ကြားခဲ့ရသော စကားများကို မူလနတ်ဘုရားအား ပြောပြချင်သော်လည်း စကားလုံးများမှာ ထွက်မလာခဲ့ပေ။
ထိုအခိုက်အတန့်တွင် သွေးရောင်အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်သန်းသွားသည်။
"မင်းတို့ ငါ့နောက်ကွယ်မှာ တိုးတိုးလေး ပြောနေရုံနဲ့ ငါ မကြားဘူးလို့ မထင်နဲ့။"
ဝမ်ချန်နှင့် အခြားရှေးဟောင်းနတ်ဘုရားတို့၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကြ၏။ သွေးရောင်အရှိန်အဝါတစ်ခုသည် သူတို့၏ နတ်ဘုရားနယ်ပယ်ထဲသို့ တိုးဝင်သွားပြီး စက္ကူပါးလေးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုက်သည်။
သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး ခန္ဓာကိုယ်များမှာလည်း အလောင်းများအတိုင်း လဲကျသွားကြ၏။
သေဆုံးသွားသည့်တိုင်အောင် မူလနတ်ဘုရားသည် သူတို့၏ အကြံအစည်များအား မည်သို့ သိရှိသွားသည်ကို နားမလည်နိုင်ခဲ့ကြပေ။ သူတို့သည် တိတ်တဆိတ် ဆက်သွယ်ခဲ့ကြခြင်းဖြစ်ပြီး ကျောက်ချင်းယွီကိုလည်း ထိန်းချုပ်ထားခဲ့သည် မဟုတ်ပါလား။
ဝမ်ချန် သေဆုံးသွားသည်နှင့် ကျောက်ချင်းယွီအပေါ် ကျရောက်နေသော ဖိအားများလည်း ကွယ်ပျောက်သွားသည်။ သူမသည် ကျိယွမ်ကို ကြည့်ကာ အလေးအမြတ် ဦးညွှတ်လိုက်၏။
"ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မြတ်"
ထိုအချိန်တွင် သွေးနီရောင်အလင်းတန်းကိုမြင်လိုက်ကြသော ချင်းရွှေရွာအနီးရှိ အခြားသော ရှေးဟောင်းနတ်ဘုရားများမှာလည်း တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားကြသည်။
သူတို့သည် အခင်းနေရာသို့ လျှင်မြန်စွာပျံသန်းလာ၏။ထိုနေရာအရောက်တွင် ကျိယွမ်ကို မြင်လိုက်ရသောအခါ မယုံနိုင်စွာဖြင့် အံ့အားသင့်သူက အံ့အားသင့်၊ ဝမ်းသာသူက ဝမ်းသာဖြစ်ကုန်ကြတော့သည်။
ဖန်ထုန်နယ်မြေတစ်ခုလုံး၏ ကယ်တင်ရှင် မူလနတ်ဘုရားသည် အသက်ရှင်နေဆဲ မဟုတ်ပါလား။
"မူလနတ်ဘုရားအရှင်မြတ်ကို ဂါရဝပြုပါတယ်"
"အရှင်မြတ်ကို ဂါရဝပြုပါတယ်"
ရှေးဟောင်းနတ်ဘုရား တစ်ဒါဇင်ခန့်သည် ကျိယွမ်၏အနားတွင် ရိုသေစွာ စုဝေးလာကြသည်။
ကျိယွမ်က သူတို့ကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်၏။
ရှေးဟောင်းနတ်ဘုရားများထဲမှ ခါးကုန်းကုန်းနှင့် အဖိုးအိုတစ်ဦး ရှေ့သို့ တိုးလာ ရိုသေစွာမေးသည်။
"အရှင်မြတ်.. မိစ္ဆာနတ်ဘုရားတွေ ဘာဖြစ်သွားပြီလဲဆိုတာ သိပါရစေ"
သွေးရောင်နေမင်းကြီး ပျောက်ကွယ်သွားခြင်းသည် စစ်မှန်နတ်ဘုရားထက် သာလွန်သည့်သတ္တဝါကြီးများ ကျဆုံးသွားခြင်းကို ဖော်ပြနေသော်လည်း သူတို့ ကိုယ်တိုင် မမြင်ရသဖြင့် စိုးရိမ်နေကြဆဲ ဖြစ်သည်။
"သေကုန်ပြီ။"
ကျိယွမ်က တည်ငြိမ်စွာဖြင့် တိုတိုတုတ်တုတ် ပြောလိုက်၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ ရင်ထဲမှ အပူလုံးကြီး ဝုန်းခနဲကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ကျိယွမ်က မာထန်စွာ ဆက်ပြောသည်။
"ချင်းရွှေရွာဟာ ငါ့ရဲ့ နယ်မြေပဲ။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။"
ချင်းရွှေရွာကို ကာကွယ်ရမည့် သူ၏တာဝန်သည် ယခုအချိန်ထိမပြီးဆုံးသေးပေ။
အခြားသော ရှေးဟောင်းနတ်ဘုရားများမှာ မိစ္ဆာနတ်ဘုရားများ သေဆုံးသွားသည့် သတင်းကိုသာ အာရုံစိုက်နေသဖြင့် ထိုစကားကို အထူးတလည် တုံ့ပြန်ခြင်း မရှိကြပေ။
ထိုအချိန်တွင် ကျိယွမ်သည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
"အရင်က ငါ မြို့တချို့မှာ စားသောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပေးခဲ့ဖူးတယ်၊ ဒါပေမဲ့ ပြီးအောင် မလုပ်နိုင်ခဲ့ဘူး။ မင်းတို့ အဲဒီကိစ္စအတွက် ငါ့ကို ကူညီပေးနိုင်မလား။"
ထိုစကားကို ကြားသောအခါ ရှေးဟောင်းနတ်ဘုရား အများအပြားမှာ အလွန်ဝမ်းသာသွားကြသည်။ ကျောက်ချင်းယွီက ရှေ့သို့ အမြန်တိုးလာ၏။
"အရှင်မြတ်အတွက် ဒီကိစ္စကို ဆောင်ရွက်ပေးရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ"
ပြိုက်ဘက်ကင်းသောမူလနတ်ဘုရားသည် အသက်ရှင်နေဆဲ ဖြစ်သည်။ ယခုအခါ ဤနယ်မြေတွင် မည်သူက အသာစီးရနေသည်မှာ ရှင်းလင်းလှ၏။
"ဒါဆို မင်းတို့ လက်ထဲကိုပဲ အပ်လိုက်ပြီ။"
ကျိယွမ်က လက်ဝှေ့ယမ်းလိုက်သည်။
"အားလုံး ပြန်ကြတော့။"
သူ၏ ပုံရိပ်သည်လည်း ချက်ချင်းပျောက်ကွယ်သွားပြီး ချင်းရွှေရွာအတွင်း၌ ပြန်လည် ပေါ်လာသည်။
ထိုနေရာသည် အရာအားလုံး စတင်ခဲ့သော နေရာဖြစ်၏။ ယခုအခါ၌ တိတ်ဆိတ်ငြိမ်သက်နေသော ချင်းရွှေရွာသည် သာမန်ရွာလေးတစ်ရွာနှင့် မခြားနားတော့ပေ။
လယ်ကွင်းထဲရှိ ကောက်ပဲသီးနှံများမှာလည်း သန်စွမ်းစွာ ပေါက်ရောက်နေကြ၏။
"ငါ့ရဲ့ တာဝန်က ချင်းရွှေရွာကို ကာကွယ်ဖို့ဆိုရင် ငါ ဒီရွာကို ရွှေ့ပြောင်းမှရမယ်။"
ကျိယွမ်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
" ငါဟာ ချင်းရွှေရွာပဲ၊ ချင်းရွှေရွာဟာလည်း ငါပဲ"
သူ၏တာအိုနိယာမနှင့်အတူ ချင်းရွှေရွာသည် ထူးဆန်းသော အသွင်ကူးပြောင်းမှု တစ်ခုကို စတင်ခံစားလိုက်ရသည်။ ကျောက်ခဲများ၊ အုတ်များ၊ ရွှံ့နွံများ၊ မြေကြီးများ၊ သစ်ပင်များနှင့် ဝိညာဉ်ဆန်စပါးများ အားလုံးသည် အရောင်အဝါများ မှိန်ဖျော့သွားပြီး ကျိယွမ်၏ ရှုပ်ထွေးနေသောနတ်ဘုရားနယ်ပယ်အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရ၏။
ကျိယွမ်၏ မျက်နှာသည်လည်း ခဏတာ ဖြူဖျော့သွားပြီးနောက်မှ ပုံမှန်အရောင်သို့ ပြန်လည် ပြောင်းလဲသွားသည်။
ထိုအချိန်မှာပင် ဂိမ်း၏ အသိပေးချက် အသံမှာ ထွက်ပေါ်လာ၏။
-------------