ကန်းလန်လောကသို့ ပြန်လာခြင်းနှင့် စိတ်ဝိညာဥ်အဆင့်
Vol. 21 Ch. 240
သင်သည် ချင်းရွှေကျေးရွာ၏ စမ်းသပ်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး ဆုလာဘ်များ ရရှိခဲ့သည်။
[ဆုလာဘ် ၁ - မူလမျိုးစေ့]
[ဆုလာဘ် ၂ - မူလဘူတဝိညာဉ်]
ဆုလာဘ်နှစ်ခုနှင့် ပတ်သက်သည့် အချက်အလက်များသည် ကျိယွမ်၏ စိတ်အာရုံထဲသို့ စီးဝင်လာခဲ့သည်။
မူလမျိုးစေ့ဆိုသည်မှာ သူ၏အမည်အတိုင်း မျိုးစေ့တစ်ခု ဖြစ်သော်လည်း သာမန်သစ်ပင်မျိုးစေ့တစ်စေ့မဟုတ်ဘဲ အလွန်ထူးခြားလှသည်။ ၎င်းသည် မည်သည့်ကမ္ဘာတွင်မဆို အမြစ်တွယ် ရှင်သန်နိုင်ပြီး ပိုင်ရှင်၏ပုံစံအတိုင်း ဖွံ့ဖြိုးလာနိုင်ကာ ပိုင်ရှင်ကိုယ်တိုင် ထိုကမ္ဘာသို့ဆင်းသက်လာသည့်အခါ ထိုမျိုးစေ့နေရာတွင် အစားထိုးဝင်ရောက်နိုင်မည် ဖြစ်သည်။
"ဒီမျိုးစေ့က... တော်တော်လေးတော့ ထူးဆန်းသားပဲ။"
ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက် ကျိယွမ်သည် သူ၏ ယခင်ဂိမ်းများမှာ စိတ်ဝိညာဉ်ခန္ဓာဖြင့်သာ ဂိမ်းလောကထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ခဲ့သည်။ သို့သော် သူ၏ စိတ်ဝိညာဉ်ခန္ဓာမှာ တစ်ကြိမ်သုံးဖြစ်ပြီး အသွေးအသားရှိသော လူ့ခန္ဓာကိုယ်နှင့် နီးပါးတူညီ၏။
၎င်းနည်းလမ်းမှာ တိုက်ရိုက်ဆင်းသက်ခြင်းဖြစ်ပြီး အန္တရာယ်ရှိသလို အချိန်ပေးရသည့် ပြဿနာရှိသည်။
ယခု မျိုးစေ့ကို ရရှိလိုက်သဖြင့် ကျိယွမ်သည် ဂိမ်းထဲ၌ မျိုးစေ့ကို အရင်စိုက်ပျိုးကာ ကြီးထွားလာစေပြီးမှ မိမိကိုယ်တိုင် ဆင်းသက်သည့်အခါ အစားထိုး အသုံးပြုနိုင်ပေတော့မည်။
"ကြည့်ရတာ သိပ်ပြီး အသုံးမဝင်လှဘူး။ အလွန်ဆုံးရှိမှ ဂိမ်းထဲကို စောစောဝင်ခွင့်ရပြီး ဇာတ်ကြောင်းကို ကြိုသိနိုင်တာပဲ ရှိမှာပါ။"
သူက မျိုးစေ့အား စပ်စုပြီးနောက် ခေါင်းခါ၏ ။ သို့သော် ချက်ချင်းလိုလို ခေါင်းပြတ်ညိတ်ပြန်သည်။
"မဟုတ်သေးဘူး... ဒါက အသုံးဝင်တာပဲ။ မျိုးစေ့ကနေ ရရှိမယ့် စွမ်းအားတိုးတက်မှုက ဂိမ်းကနေ ပေးတာထက် ပိုများတာပဲ"
သူ၏စိတ်ဝိညာဥ်ဖြင့် ဂိမ်းများကို ဝင်ဆော့သောအခါ လက်တွေ့ဘဝအတွက် ဂိမ်းများထံမှ စွမ်းအားရရှိသော်လည်း အတော်လေးနည်းပါး၏။ယခုမျိုးစေ့ကို သုံးပြီးဆော့လျှင် ဂိမ်းထံမှ ရရှိသောစွမ်းအားက ပိုများလာမည်ဟု ဆိုထားသည်။
ထိုအချက်ကို သိလိုက်ရသောအခါ ကျိယွမ်မှာ ယခင်ဂိမ်းများကို အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
အကယ်၍ သူသည် ဤမျိုးစေ့ကိုသာ စောစောရရှိခဲ့လျှင် ကန်းလန်လောကတွင်ပင်ယင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေလောက်ပြီမဟုတ်ပါလား။
လက်ရှိအခြေအနေမှာတော့ သူသည်ဂိမ်းထဲ၌ ယန်နတ်ဘုရားနှစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ကန်းလန်လောကသို့ ပြန်ရောက်သည့်အခါတွင်တော့ စိတ်ဝိညာဥ်အဆင့်သို့ ရောက်ကာစသာ ရှိဦးမည်ဖြစ်သည်။
"မင်းက စောစောကတည်းက ဘာလို့မလာရတာလဲ "
ထို့နောက် ကျိယွမ်သည် ဒုတိယဆုဖြစ်သည့် မူလဘူတဝိညာဉ်ကို အာရုံစိုက်လိုက်သည်။
မူလဘူတသက်ရှိစွမ်းအားများအားလုံးသည် မူလဘူတဝိညာဉ်မှ မွေးဖွားလာကြခြင်း ဖြစ်သည်။ မူလဘူတဝိညာဉ်ကို ပိုင်ဆိုင်ထားလျှင် ကျိယွမ်သည် ဖန်ထုန်လောကအသစ်တစ်ခုကိုပင် ပြုစုပျိုးထောင်နိုင်၏။ ထိုကဲ့သို့သော ကမ္ဘာမျိုးကို ယန်နတ်ဘုရားအဆင့်ရှိသူများပင် အလွန်တရာ မက်မောကြသည်။
သို့သော် ကျိယွမ်က ထိုကိစ္စကို အလေးအနက်မထားပါ ။
သူက သဘောကျစွာ တဟားဟားရယ်မောလိုက်သည်။
"ကောင်းကင်ဘုံတာအိုနဲ့ ယှဉ်လိုက်ရင် ဒီလိုကမ္ဘာတစ်ခုက ဘာများ အရေးပါမှာလဲ"
သူသည် ကွယ်လွန်သွားသော အဘိုးကြီးရှန်းလဲ့၊ သူ၏ မွေးစားသမီး ချီချီနှင့် ချင်းရွှေကျေးရွာရှိ ရွာသားများအားလုံးကို သတိရမိသွားသည်။
ကျိယွမ်သည် သူ၏ရှေ့၌ ရှိနေသည့် ကမ္ဘာပေါင်းများစွာကို မွေးဖွားပေးနိုင်သည့် အရှိန်အဝါရှိသော ကျောက်စိမ်းဥကဲ့သို့တောက်ပနေသည့် မူလဘူတဝိညာဥ်အား နတ်ဘုရားစွမ်းအားဖြင့် ဖန်တီးထားသော ချွန်ထက်သည့် ဓားသွားများဖြင့် ရိုက်ခွဲပစ်လိုက်သည်။
"ဒါတွေအားလုံးက... ငါ့ရဲ့စိတ်ဝိညာဥ်တွေ ဖြစ်လာပါစေ။"
သူ၏စကားအဆုံးတွင် မူလဘူတဝိညာဉ်မှာ ချက်ချင်းပင် အပိုင်းအစ ၄,၇၅၂ ခုအဖြစ် ကွဲထွက်သွားသည်။ ရွာသားများအတွက် ၄,၇၅၀ နှင့် အစားမယ်ရှောင်မယ်တော်၊ ထျန်းပေါင်အရှင်တို့အတွက် တစ်ဦးလျှင် တစ်ခုစီ ဖြစ်သည်။
ကွဲကြေသွားသော မူလဘူတဝိညာဥ် အပိုင်းအစများသည် ကျိယွမ်၏ နတ်ဘုရားနယ်ပယ်ထဲသို့ အလိုအလျောက် စီးဝင်သွားခဲ့၏။
သူ၏ ထိန်းချုပ်မှုအောက်တွင် ထိုမူလဘူတဝိညာဥ်များသည် စိတ်ဝိညာဥ်များအဖြစ် ပြောင်းလဲသွားသည်။ သူ၏ နတ်ဘုရားနယ်ပယ်အတွင်းရှိ စွမ်းအားများနှင့် မှတ်ဉာဏ်အပိုင်းအစများသည်လည်း ထိုစိတ်ဝိညာဥ်များဆီသို့ စီးဝင်သွားခဲ့၏။
"ထွက်ခွာရမယ့် အချိန်ရောက်ပြီ..."
ကျိယွမ်၏ အကြည့်များက နက်ရှိုင်းသွားခဲ့သည်။
တာဝန် ပြီးဆုံးသွားပြီဖြစ်ရာ ဖန်ထုန်လောကတွင် သူနေထိုင်ရန် အချိန်မှာ နာရီဝက်ခန့်သာ ကျန်တော့သည်။
"နာရီဝက်လောက်တော့ အချိန်ရသေးတယ်"
နောက်ဆုံးအချိန်လေးတွင် သူသည်အစားရှောင်မယ်တော်နှင့်အတူ ဤလောကကို လှည့်လည်ခဲ့ပုံများကို သတိရလိုက်ကာ နောက်ဆုံးအကြိမ်အဖြစ် တစ်ကိုယ်တည်း လှည့်လည်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
"ဝါးတောလေးက စတာပေါ့.."
..........
ကန်းလန်လောကတွင်ဖြစ်၏။
အုတ်အိမ်ငယ်လေးအတွင်း၌ ကျိယွမ်သည် မျက်လုံးများ ပွင့်လာခဲ့သည်။
အချိန်များစွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရပြီး မှတ်ဉာဏ်ပေါင်းများစွာသည် မှန်ကွဲစများကဲ့သို့ သူ့စိတ်ထဲသို့ ဆက်တိုက်စီးဝင်နေသည်။
သူသည် ကောင်းကင်မှ ကြယ်တာရာများကို ကြည့်လိုက်၏။
"မျှော်လင့်ထားတဲ့အတိုင်းပဲ... ကန်းလန်လောကမှာတော့ ၁၅ မိနစ်တောင် မပြည့်သေးဘူး"
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူသည် ဂိမ်းလောကထဲသို့ သွားရောက်ကာ အကြာကြီးနေထိုင်ခဲ့သော်လည်း ကန်းလန်လောက၏ အချိန်မှာမူ သူထွက်ခွာသွားစဉ်ကအတိုင်း ရပ်တန့်နေခဲ့သည်။
သူ၏ စိတ်ထဲတွင် မှတ်ဉာဏ်များမှာ ရေလျှံသကဲ့သို့ ဆက်လက်စီးဝင်နေသည်။
ကျိယွမ်သည် မဟာမေ့လျော့ခြင်းကျင့်စဉ်ကို အသက်သွင်းကာ ထိုမှတ်ဉာဏ်များကို ဖလင်လိပ်တစ်ခုကဲ့သို့ ခေတ္တပိတ်သိမ်းပြီး သိမ်းဆည်းလိုက်၏။
ကျိယွမ်၏ မျက်နှာပေါ်ရှိ လေးလံထိုင်းမှိုင်းသော အမူအရာများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
သူသည် သူ၏ မူလဒန်တျန်တွင်းသို့ စစ်ဆေးကြည့်လိုက်သောအခါ
အတွင်း၌ စိတ်ဝိညာဥ်ပေါင်း ၄,၇၅၂ ခုကို တွေ့လိုက်ရသည်။
စိတ်ဝိညာဥ် တစ်ခုချင်းစီမှာ ယင်နတ်ဘုရားတစ်ပါး အိပ်ပျော်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေ၏ ။ အကယ်၍ အားလုံးသာနိုးထလာပါက ကန်းလန်လောကတစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။
ထို့အပြင် ထိုစိတ်ဝိညာဥ်များသည် သာမန်နတ်ဘုရားများ မဟုတ်ကြချေ။
ဥပမာအားဖြင့် တောင်ဝင်ရိုးစွန်း သက်တော်ရှည်ဧကရာဇ်ကျင့်စဉ်ကို ရရှိထားသော ရှန်လဲ့ဖြစ်သည်။ အချိန်တစ်ခုပေးလိုက်လျှင် သူသည် ပိုမိုကြီးမားသော လောကကြီးတွင် ယန်နတ်ဘုရားအဆင့်အထိ တက်လှမ်းနိုင်သူဖြစ်၏။
ထို့ကြောင့် ကျိယွမ်၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဥ်တစ်ခုချင်းစီမှာ ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိနိုင်သည့် အလားအလာများ ရှိနေသူများချည်းဟု ခေါ်ရပေလိမ့်မည် ။
ယန်နတ်ဘုရား ၄၀၀၀ ကျော်ဆိုသော ပမာဏသည် အမှန်တကယ်ကို တုန်လှုပ်စရာမဟူတ်ပါလား။
"အာ... ငါ မတော်တဆနဲ့ စိတ်ဝိညာဥ်တွေ အများကြီး ဖန်တီးမိသွားတာပဲ။ အခုတော့ ငါဟာ တကယ့်ကို စိတ်ဝိညာဥ်အရှင်သခင်ကြီး ဖြစ်သွားပြီ"
"ဟားဟား ဟားဟား ငါက စိတ်ဝိညာဥ်အဆင့်ဖြစ်နေပြီပဲ"
သာ့ရှန်းတိုင်းပြည်တွင် စိတ်ဝိညာဥ်အဆင့်ရှိသူကို ထိပ်တန်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြသည်။
ရှန်ကွမ်းဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးနှင့် အကြီးအကဲများမှာလည်း စိတ်ဝိညာဥ်အဆင့်များသာ ဖြစ်ကြ၏။
ကျိယွမ်၏ ရန်ဘက်ဖြစ်သော မဟူရာကြက်မိစ္ဆာအိုကြီးမှာလည်း စိတ်ဝိညာဥ်အဆင့်ပင် ဖြစ်သည်။
အခက်အခဲများစွာကို ဖြတ်ကျော်ပြီးနောက် ကျိယွမ်သည် နောက်ဆုံးတွင် စစ်မှန်သော စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူဖြစ်လာခဲ့လေပြီ။
ယခုအခါ သူသည် ဆန္ဒရှိပါက သာ့ရှန်းတိုင်းပြည်အတွင်း ကိုယ်ပိုင်ဂိုဏ်းတစ်ခုကိုပင် တည်ထောင်နိုင်၏။
"အုတ်အိမ်လေးက ငါ့အဆင့်အတန်းနဲ့ မလိုက်ဖက်တော့ဘူး။ ဒီတစ်ခါတော့... ဘန်ဂလိုတစ်ခုကို ပြောင်းရွှေ့ရမယ်"
သူ၏ စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ သူ၏ စံနှုန်းများမှာလည်း မြင့်မားလာခဲ့သောကြောင့် သူ၏စံအိမ်ကလည်း နိမ့်ကျနေ၍ မဖြစ်တော့ချေ။
အကယ်၍ ဤနေရာတွင် ရုပ်မြင်သံကြားများရှိလျှင်ပင် သူသည် အကောင်းဆုံးချန်နယ်ကိုသာ တောင်းဆိုမည် ဖြစ်သည်။
"ဒီတစ်ခါ အဆင့်တက်တာက တကယ့်ကို ထူးခြားတာပဲ"
ကျိယွမ်က သူ့ကိုယ်သူ စစ်ဆေးရင်း တွေးတောလိုက်၏။
သူ၏ စွမ်းအားများမှာ အဆမတန် တိုးတက်လာခဲ့သည်။ အထူးသဖြင့် သူ၏စိတ်ဝိညာဥ်များပင် ။ ၄င်းတို့ကို ကန်းလန်လောကတွင် ဆင့်ခေါ်လိုက်ပါက သူ၏ကြယ်တာရာအမြုတေထက်ပင် ပိုမို ထိရောက်ပေလိမ့်မည်။
ယခုအချိန်၌ ကန်းလန်လောကတွင် ကြီးမားသော ဘေးအန္တရာယ်နှင့် မတွေ့ဆုံသရွေ့ သူသည် လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်သည်။
မဟာအုပ်စိုးရှင်တစ်ယောက်နဲ့ တွေ့တာလား။
ကိစ္စမရှိပါ ။
သူ၏စိတ်ဝိညာဥ်တစ်ခုကိုသာ ဆင့်ခေါ်လိုက်ရုံပင် ။
"နှမြောစရာကောင်းတာက သူတို့အားလုံး အိပ်ပျော်နေကြတာပဲ။ ဘယ်တော့မှ နိုးလာမလဲဆိုတာ မသိနိုင်ဘူး။"
ကျိယွမ် သက်ပြင်းချလိုက်သည်။
သူ့အတွင်းရှိ စိတ်ဝိညာဥ်များမှာ အိပ်မောကျနေကြသဖြင့် တခဏအတွင်း နိုးထလာရန် မလွယ်ကူပေ။
"နေဦး...ဒီတစ်ခါ ငါ့ရဲ့ စွမ်းရည်အသစ်က ဘာများ ဖြစ်မလဲဆိုတာ ကြည့်ရအောင်။"
ကျင့်ကြံခြင်း အဆင့်တစ်ခုတက်တိုင်း ကျိယွမ်သည် အထူးစွမ်းရည်တစ်ခု ရရှိလေ့ရှိသည်။
ဥပမာအားဖြင့် သူ၏မျက်လုံးများမှာ ဖုံးကွယ်ထားသော အချက်အလက်များကို မြင်နိုင်ပြီး၊ နားများမှာ အဝေးမှတိုးတိုးလေး ပြောသံများကိုပင် ကြားနိုင်သည်။
ယခု စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိချိန်တွင် သူ၏ စွမ်းရည်မှာ ထပ်မံအဆင့်မြင့်သွားမှာသေချာ၏။
"အင်း... ဒီတစ်ခါကတော့..."
ကျိယွမ် ဆွံ့အသွားခဲ့သည်။
ယခုတစ်ကြိမ်တွင် သူရရှိခဲ့သောစွမ်းရည်မှာ 'နှာခေါင်း' ဖြစ်နေ၏။
ယေဘုယျအားဖြင့် နှာခေါင်းဟုဆိုလျှင် လူများမှာ အနံ့ခံကောင်းသော ခွေးများကိုသာ ပြေးမြင်ကြလိမ့်မည်။
သို့သော် ကျိယွမ်၏ နှာခေါင်းမှာမူ ခြားနားသော စွမ်းရည်တစ်ခုကို ရရှိသွားခြင်း ဖြစ်သည်။
"လိမ်တာကို သိတာတဲ့လား။ ရှည်ထွက်လာတာ ဒါမှမဟုတ် တိုသွားတာလား... ငါက ပီနိုကျို ဖြစ်သွားတာလား။"
ကျိယွမ်၏ စွမ်းရည်အသစ်မှာ တစ်စုံတစ်ဦးက လိမ်ညာပြောလိုက်ပါက သူ၏နှာခေါင်းမှာ ရှည်ထွက်လာခြင်း သို့မဟုတ် တိုသွားခြင်း ဖြစ်သည်။
သို့သော် ကံကောင်းသည်က နှာခေါင်းရှည်ထွက်ခြင်းနှင့် တိုခြင်းမှာ သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသဖြင့် သူတစ်ပါးက သတိထားမိမည် မဟုတ်ပေ။
"တော်သေးတာပေါ့ ဒီစွမ်းရည်က ငါ့ရဲ့ချောမောမှုကို လုံးဝဖျက်ဆီးပြီး ငါ့ကိုအိမ်ထဲက မထွက်ရဲအောင် လုပ်တော့မလို့"
ကျိယွမ် စိတ်သက်သာရာရသလို သက်ပြင်းချမိသည်။ တစ်ယောက်ယောက်လိမ်ပြောတိုင်း သူ့နှာခေါင်းက ရှည်ထွက်လာမည်ဆိုလျှင် လူတွေကြားထဲသို့ သွားရန်ပင် မဖြစ်နိုင်တော့ပါ ။
လူတွေက အမြဲလိမ်နေကြတာလေ ၊ ငါက အချိန်ပြည့် နှာခေါင်းကြီးရှည်နေမှာပေါ့ ၊၊
ထို့သို့တွေးမိသောအခါ ကျိယွမ်ပုခုံးတွန့်မိသွား၏။
"ဒါက ငါ့မျက်လုံးရဲ့ ဖုံးကွယ်ထားတဲ့ အချက်အလက်တွေကို မြင်ရတဲ့ စွမ်းရည်နဲ့ နည်းနည်းတော့ တူနေသလိုပဲ။"
ကျိယွမ် သေချာစဉ်းစားနေသည်။
သို့သော် ယခုစွမ်းရည်က လုံးဝအသုံးမဝင်သည်တော့လည်း မဟုတ်ပေ။
ဥပမာအားဖြင့် အရာဝတ္ထုတစ်ခုကို စစ်ဆေးလျှင် ကျိယွမ်၏မျက်လုံးများသည် တစ်နေ့လျှင် အရာဝတ္ထုတစ်ခု၏ ဖုံးကွယ်ထားသော အချက်အလက်တစ်ခုကိုသာ သိနိုင်သည်။
တစ်ခါတစ်ရံတွင် ထိုအချက်အလက်မှာ အမှန်လား အလိမ်လားကို ခွဲခြားခြင်းလည်း ဖြစ်နိုင်သည်။အခြားတစ်မျိုးမျိုးလည်း ဖြစ်နိုင်ပြီး ၊ အတည်တကျတော့ မရှိပေ။
ယခုအခါတွင်မူ အမှန်တရားကို ခွဲခြားရာတွင် သူ၏နှာခေါင်းကြောင့် ပို၍ တိကျလာခဲ့ပြီ ဖြစ်သည်။
"သူများလိမ်တာသိတာတော့ ဟုတ်ပါပြီ ၊ ငါပြောတဲ့ စကားတွေအပေါ်မှာရော အလုပ်လုပ်သလား သိချင်မိတယ်"
ကျိယွမ်က ရုတ်တရက် ထို့သို့တွေးမိလိုက်၏။
"ကျိယွမ်ဟာ ကန်းလန်လောကမှာ အချောဆုံး လူသားပဲ"
ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ နှာခေါင်းမှာ လုံးဝ ပြောင်းလဲခြင်း မရှိခဲ့ပေ။
"တောက်... ကိုယ့်ကိုယ်တောင် လိမ်လို့ မရပါလား"
ကျိယွမ် စိတ်ပျက်သွားခဲ့သည်။ ဤစွမ်းရည်မှာ ကန့်သတ်ချက် များလွန်းလှသည်။
"ထားလိုက်ပါတော့။"
နောက်ဆုံးတွင် ထိုကိစ္စကိုမေ့ကာ ကျိယွမ်သည် သူ၏ အုတ်အိမ်လေးထဲမှ ထွက်လာခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် အရင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး မဟုတ်ဘဲ ဂိုဏ်းချုပ်ကြီးကုမူ၏ တည်ငြိမ်သော လမ်းလျှောက်ဟန်ကို အတုယူကာ မာန်ပါပါလျှောက်လှမ်းလိုက်၏။
"ငါရဲ့အင်္ကျီတွေကို ခန့်ခန့်ညားညားရှိတာနဲ့ လဲသင့်လား"
အကယ်၍ သူသာ အဝတ်အစားများကို ပြောင်းလဲလိုက်လျှင် ရှန်းကွမ်းဂိုဏ်းသားများက သူ့ကို အကြီးအကဲတစ်ဦးဟု ထင်ကြပေလိမ့်မည်။
"အကြီးအကဲတစ်ယောက် ကင်းလှည့်နေတဲ့ ပုံစံမျိုး ဟန်ဆောင်ကြည့်ရင် ကောင်းမလား။"
သို့သော် ထိုအတွေးကို ခေါင်းထဲမှ ချက်ချင်း ပြန်ထုတ်ပစ်လိုက်သည်။
ယခု သူသည် စိတ်ဝိညာဥ်အဆင့် ဖြစ်နေပြီ ဖြစ်ရာ အလိုလိုပင် ရှန်းကွမ်းဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်နေလေပြီ။
လက်အောက်ငယ်သားများကို စစ်ဆေးနေသော ခေါင်းဆောင်တစ်ဦးအဖြစ် ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
သူသည် အုတ်အိမ်ထဲမှ ထွက်လာပြီး မလှမ်းမကမ်းမှ အိမ်လေးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး တည်ကြည်စွာ အော်ခေါ်လိုက်၏။
"ညီမလေး.."
ခဏအကြာတွင် အဆောက်အဦးအတွင်းမှ လှပသော မိန်းကလေးတစ်ဦး ထွက်လာခဲ့သည်။
သူမ၏ ဆံပင်များကို နားနောက်တွင် ဝိုင်းဝိုင်းလေး စည်းထားပြီး ခါးအထိရှည်သော ကျစ်ဆံမြီး နှစ်ဖက်မှာ ဘေးသို့ တွဲလောင်းကျနေသည်။ လှပသောမျက်ခုံးတန်းလေးများအောက်မှ တက်ကြွသော မျက်ဝန်းများမှာ တောက်ပနေသည်။
ကျန်းလင်းစုသည် ရွှေရောင်အနားသတ်များပါသော ပန်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ဝတ်ရုံမှာ ချောင်နေသော်လည်း သူမ၏ လှပသော ကောက်ကြောင်းများကိုမူ မဖုံးကွယ်နိုင်ပေ။
သူမသည် ကျိယွမ်ကို မျက်မှောင်ကြုတ်ပြီးကြည့်သည်။
"ဆရာတူအစ်ကိုကြီး.. လက်ကို နောက်ပစ်ပြီး ဒီလိုကြီးလျှောက်နေတာ အကြီးအကဲတစ်ယောက်ကျနေတာပဲ"
သူမက အမြင်မတော်သဖြင့် မပြောဘဲ မနေနိုင် ဖြစ်သွားသည်။
"ငါက အကြီးအကဲ တစ်ယောက်ဖြစ်ဖို့ မထိုက်တန်လို့လား"
ကျိယွမ်က ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။
သူ၏ လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် သူသည် ရှန်းကွမ်းဂိုဏ်းတွင်သာမက သာရှန်းတိုင်းပြည်တစ်ခုလုံး၌ပါ အသက်အငယ်ဆုံး စိတ်ဝိညာဥ်ကျင့်ကြံသူ ဖြစ်နေပြီဖြစ်ရာ ဂုဏ်ယူရန် အကြောင်းပြချက် အပြည့်အဝ ရှိနေသည်။
"ထိုက်တန်ပါတယ်၊ ထိုက်တန်ပါတယ်.."
ကျန်းလင်းစုက နားအေးပြီးရော လက်ခံလိုက်၏။
" ဟမ်..."
ရုတ်တရက် ကျန်းလင်းစုသည် ကောင်းကင်ကို ကြည့်မိသွားပြီး မျက်လုံးပြူးသွားသည်။
"ငါ မျက်စိခဏလေး ပိတ်လိုက်တာ၊ ကောင်းကင်မှာ နေက နောက်တစ်စင်း ထပ်ထွက်လာပြန်ပြီလား။"
သူမ ဇဝေဇဝါ ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ ကောင်းကင်တွင် နေသုံးစင်း ရှိနေသောကြောင့် ဖြစ်၏။
ကန်းလန်လောကတွင် နေသုံးစင်း ရှိနေသည်မှာ တကယ့်ကို ထူးဆန်းလှသည်မဟုတ်ပါလား။
"နောက်တစ်ခါ နင်တရားထိုင်ပြီး ပြန်ထွက်လာရင် အဲ့ဒီနေဘေးမှာ တခြားနေတွေ အများကြီး ဝိုင်းနေတာကို တွေ့ရဦးမှာ"
ကျိယွမ်က အရေးမကြီးသလို ရယ်မောကာ ပြောလိုက်သည်။
သူသည် လက်ရှိတွင် မြို့ပြကို ကျေးလက်က ဝိုင်းရံသည့်စစ်ဗျူဟာကို အသုံးပြုကာ သူ၏ အမြုတေများဖြင့် ကောင်းကင်မှ နေမင်းကြီးကို ဝိုင်းရံရန် ကြိုးစားနေခြင်း ဖြစ်၏။
"တော်ပါတော့၊ အဲ့ဒါက ကြောက်စရာကြီး"
ကျန်းလင်းစုက ခေါင်းခါလျက် ထိုကိစ္စကို လက်လျှော့လိုက်သည်။ မဟုတ်လျှင် ဆရာတူအစ်ကိုကြီးက အဲဒါလည်း ငါ့အမြုတေပဲဆိုပြီး မဟုတ်တမ်းတရားတွေ ပြောလာနိုင်၏။
အမှန်စင်စစ် ထိုကဲ့သို့သော ကိစ္စကြီးများမှာ သူမတို့လို ၊ အစ်ကိုကြီးတို့လို သာမန်ကျင့်ကြံသူလေးထိန်းချုပ်နိုင်သည့် အရာများ မဟုတ်ပေ။
"ဆရာတူအစ်ကိုကြီး.. ကျွန်မကို ဘာလို့ ခေါ်တာလဲ"
ကျန်းလင်းစုက အမှတ်ရကာ မေးလိုက်သည်။
"ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ"
ကျိယွမ်က ပြုံးလျက် မေး၏။
ကျန်းလင်းစု၏ ကျန်းမာရေးတွင် ကြီးမားသောပြဿနာကြီးရှိနေပြီးတစ်ခါတစ်ရံတွင် တစ်ကိုယ်လုံး အေးစက်သွားတတ်သည်။
ကျိယွမ်သည် သူမ၏လက်ကို ဆုပ်ကိုင်ပေးရုံမျှဖြင့် ထိုအအေးဒဏ်ကို သက်သာစေနိုင်သော်လည်း ခေတ္တသာ သက်သာစေ၏။
နေ့တိုင်း အတူတူအိပ်စက်ခြင်း မပြုပေးလျှင် သူမ၏ ဝေဒနာကိုအပြီးတိုင် မပျောက်ကင်းစေနိုင်ပေ။
ဖန်ထုန်လောကတွင် ရှိနေစဉ်တစ်လျှောက်လုံး ကျိယွမ်သည် သူ့ညီမလေး၏ အခြေအနေကို တစ်ခါမျှ မေ့လျော့ခြင်း မရှိခဲ့ပါ။
သူမသည် သူ့ကို အမြဲတမ်း ကူညီပေးခဲ့သူဖြစ်သောကြောင့် ကျိယွမ်အနေဖြင့် ယခုလို ချမ်းသာကြွယ်ဝလာသည့် အခါတွင် ကျေးဇူးကန်းမည့်သူမျိုး မဟုတ်ချေ။
"သတင်းကောင်းပေါ့"
ကျန်လင်းစုက တိုက်ရိုက် ဖြေလိုက်သည်။
ဆရာတူအစ်ကိုကြီးနှင့် စကားပြောသည့်အခါတွင် စိတ်ထဲရှိသည့်အတိုင်း ပြောခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူမအသိဆုံးပင်။ မလိုအပ်သော တန်ဆာဆင်ခြင်းများသုံးလိုက်လျှင် သူမ၏အစ်ကိုကြီးက လမ်းချော်သွားတတ်သောကြောင့်ပင်။
သူက နဂိုကတည်းက လမ်းတန်းတာမဟုတ်ဘူး။
"သတင်းကောင်းကတော့ နင့်ရဲ့ ရောဂါကို ကုသပေးနိုင်မယ့် ရေဓာတ်အထူးဝိညာဉ်အမြစ် ပိုင်ရှင်တစ်ယောက်ကို ငါ ရှာတွေ့ခဲ့ပြီ ဆိုတာပဲ"
ကျိယွမ်၏ မူလအစီအစဉ်မှာ သူအဆင့်မြင့်လာသောအခါ ရေဓာတ်အမြစ်ရှိသောခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ တစ်ဦးကို ဖမ်းဆီးကာ သူမကို ကုသပေးရန် ဖြစ်သည်။
သို့သော် ဖန်ထုန်လောကတွင် သူသည် ရေဓာတ်ဝိညာဉ်အမြစ်ရှိသော ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ အများအပြားကို တွေ့ရှိခဲ့ပြီး လှပကာ စကားနားထောင်သည့် တစ်ဦးကို သူ၏လက်အောက်ခံအဖြစ် ရွေးချယ်ခဲ့သည်။
မမျှော်လင့်ထားသောစကားအား ကြားလိုက်ရသဖြင့် ကျန်းလင်းစု၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားသည်။
"တကယ်ကြီး ရှာတွေ့ခဲ့တာလား။အစ်ကိုကြီး နောင်ပြောင်နေတာတော့ မဟုတ်ဘူးနော်"
ထိုစကားသာအမှန်ဖြစ်ပါက သူမ၏ဝေဒနာဆိုးကြီး ပျောက်ကင်းသွားပေတော့မည်။
ဒီလို ဝေဒနာတွေကို ထပ်ပြီး ခံစားနေရမှာ မဟုတ်တော့ဘူး။
သူမသည် အလွန်ဝမ်းသာသွားကာ ကျိယွမ်၏ လက်မောင်းကို လှမ်းကိုင်လိုက်မိသည်။
"ဒါဆို ဘယ်မှာလဲ သူက ၊ ညီမလေးကို ခေါ်သွားပေးမှာလား"
ကျိယွမ်က ဝမ်းသားအားရဖြစ်နေသော ကျန်းလင်းစုကို ပြုံးကာထပ်ပြောလိုက်၏။
"ဒါပေမဲ့ သတင်းဆိုးလည်း ရှိသေးတယ်လေ"
ကျန်းလင်းစုက စိုးရိမ်သွားပြီး ကျိယွမ်အားကြည့်သည်။
"ငါရှာတွေ့တဲ့လူက ခရမ်းရောင်နန်းတော် အဆင့်မဟုတ်ဘူး။"
"ရှင်"
ကျန်လင်းစု၏ ဝမ်းသာမှုများ ပျောက်ကွယ်သွားကာ စိတ်ပျက်အားငယ်မှုများ အစားထိုးသွားသည်။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ မဟုတ်ပါက သူမ၏ ရောဂါကို အပြီးတိုင် ကုသရန် မဖြစ်နိုင်ပေ။
သာမန် ရေဓာတ်ဝိညာဉ်အမြစ်ရှိသူဖြစ်နေလျှင် ခရမ်းရောင်နန်းတော် အဆင့်ထိ ရောက်အောင် လေ့ကျင့်ပေးရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စပင်။
သူမ၏ ကျန်းမိသားစုပင်လျှင် ထိုသို့ မလုပ်နိုင်ပေ။
"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကိုကြီး ၊ ဒါပေမဲ့ ရပါတယ်"
ကျန်းလင်းစုက အားတင်ကာပြုံးလျက် ပြန်ပြောလိုက်သည်။
သူမ၏ အစ်ကိုကြီးက သူမအပေါ် ဂရုစိုက်ပေးသည်ကို သိရရုံနှင့်ပင် လုံလောက်လှပါပြီ။ သူ မကူညီနိုင်လျှင်လည်း ကိစ္စမရှိပေ။
"ငါ သတင်းဆိုးကို ပြောလို့ မပြီးသေးဘူး"
ကျိယွမ်က ဆက်ပြောသည်။
ကျန်းလင်းစုက စိတ်မကောင်းဖြစ်နေသော်လည်း ကျိယွမ်အားပြုံးပြ၏။
"နောက်ထပ် ဘာရှိသေးလို့လဲ"
"ငါရှာတွေ့တဲ့ကျင့်ကြံသူက ခရမ်းရောင်နန်းတော်အဆင့် မဟုတ်ဘူး၊ သူက ယင်နတ်ဘုရားအဆင့် ဖြစ်နေတာ။"
"ရှင်.."
အမှန်ပြောရလျှင် သူမသည် ရိုးရိုးယင်နတ်ဘုရားပင်မဟုတ်ဘဲ မဟာအုပ်စိုးရှင်အဆင့် ယင်နတ်ဘုရားဖြစ်သည်။
ကျန်းလင်းစုမှာ မှင်တက်သွားကာ အသက်ရှုသံများ မြန်လာ၏။
"အစ်ကိုကြီးက... ယင်နတ်ဘုရားအဆင့်ကို ရှာတွေ့ခဲ့တာလား။"
သူမ မယုံနိုင်သလို ထပ်မေးမိသည်။
ဖြစ်နိုင်ပါ့မလား ၊ ဒါက ယင်နတ်ဘုရားအဆင့်ကြီးလေ။
ယင်နတ်ဘုရားသည် ခရမ်းရောင်နန်းတော် အဆင့်လုပ်နိုင်သမျှကို လုပ်နိုင်သည့်အပြင် အဆများစွာပို၍ပင် စွမ်းဆောင်နိုင်သေးသည်မဟုတ်ပါလား ။
သူမ၏ အစ်ကိုကြီးမှာ တကယ့်ကို အံ့သြစရာများဖြင့် ပြည့်နှက်နေသူ ဖြစ်သည်။
သို့သော် ကျန်လင်းစုမှာ အနည်းငယ် စိုးရိမ်သွားမိသည်။ သူမ၏ ကျန်းမိသားစုသည် ကြွယ်ဝသော်လည်း ယင်နတ်ဘုရားတစိပါးကို ငှားရမ်းရန်တော့ မတတ်နိုင်သောကြောင့်ပင်။
"နေဦး သတင်းဆိုးက မပြီးသေးဘူး"
ကျိယွမ်က သူမကို အကြာကြီး မစောင့်ခိုင်းတော့ဘဲ ပြောလိုက်သည်။
"အဲ့ဒီ ယင်နတ်ဘုရားက... သေသွားပြီ။"
"ရှင်..."
ကျန်းလင်းစု မျက်တောင်တခတ်ခတ် ဖြစ်သွားသည်။သူမ၏ မျှော်လင့်ချက်များက လုံးဝပျက်စီးသွားခဲ့လေပြီ။
မငှားနိုင်ရင်တောင် ကြိုးစားရင်အခွင့်အရေးလေးရဦးမှာ ၊ခုတော့..။
"သူက ငါ့ရဲ့ စိတ်ဝိညာဥ်တွေထဲက တစ်ခု ဖြစ်သွားတာ။"
ငိုချင်နေသောကျန်းလင်းစုခမျာ မဲ့သွားရှာ၏။
ဒါက ဘာတွေ ပြောနေတာလဲ။အစ်ကိုကြီးက ဖောက်လာပြီ။
"အဲဒီတော့ ငါ့ရဲ့ စိတ်ဝိညာဥ်က နင့်ကို ကုသပေးနိုင်တယ်"
ကျန်းလင်းစု ရှုံ့မဲ့မဲ့ဖြစ်နေစဥ်မှာပင် ကျိယွမ်က ကြွားဝါလိုက်ပြန်သည်။
ကျန်းလင်းစုမှာ ရူးချင်သလိုလိုဖြစ်ကာ မျက်ရည်များပင် ဝဲလာသည်။
"အစ်ကိုကြီး. ကျွန်မတို့ မတွေ့တာ အမွှေးတိုင် တစ်တိုင်စာလောက်ပဲ ရှိသေးတယ်၊ အခုတော့ ကျွန်မကို လာနောက်နေပြန်ပြီလား"
သူမသည် မနေနိုင်တော့ဘဲ ကျိယွမ်ကို လက်သီးဖြင့် ခပ်ဖွဖွထုကာ သူ၏ လက်မောင်းကို ဆွဲလိမ်လိုက်သည်။
သူမသည် အခြေတည်ဆောက်ခြင်းအဆင့်သာရှိသေးသဖြင့် အမြုတေအဆင့်ရှိသော ကျိယွမ်ကို မနာကျင်စေနိုင်မှန်း သိသောကြောင့် အင်အားကုန် သုံးလိုက်၏။
အမြုတေအဆင့်နဲ့ အိမ်ထဲဝင်သွားတာမှ အမွှေးတိုင်တစ်တိုင်စာပဲရှိသေးတာ ၊ အခုပြန်ထွက်လာပြီး စိတ်ဝိညာဥ်အဆင့်လိုလို ဘာလိုလို ပြောနေတာ ၊ ဘယ်သူက ယုံမှာလဲ။
"ညီမလေးကို အစ်ကိူကြီးဘယ်တော့မှ မလိမ်ဘူး။ လိမ်ခဲ့ရင်တောင် အကြောင်းပြချက် ကောင်းကောင်း ရှိလို့ပဲ"
ကျိယွမ်က ကျန်းလင်းစုကို ရင်းနှီးစွာကြည့်ကာ ပြောလိုက်သည်။ ထို့နောက် သူက သူမအားစေ့စေ့ကြည့်ကာ ထပ်ပြော၏။
"ကဲ... နင့်အခန်းထဲကို သွားကြစို့၊ ငါ နင့်ကို ကုသပေးမယ်။"
"အစ်ကိုကြီး ရှင်တကယ် ပြောနေတာလား "
ကျန်းလင်းစုက မယုံရဲစွာဖြင့် အံ့သြတကြီး မေးမိသည်။
သူမ၏ စီနီယာမှာ တစ်ခါတစ်ရံ အားကိုးမရသော်လည်း သူ အလေးအနက် ပြောသည့်အခါတိုင်း မှန်ကန်လေ့ ရှိသည်ကိုတော့ သူမ မမေ့ပါ။
"ငါ မလိမ်ဘူးလို့ ကျိန်ဆိုတယ်ဟာ"
ကျိယွမ်က တည်ကြည်စွာ ပြန်ဖြေလိုက်သည်။
ကျန်းလင်းစု ခေတ္တတွေဝေသွားကာ ကျိယွမ်၏ချောမောသောမျက်နှာကို မော့ကြည့်၏။
"နေဦး၊ ကျွန်မ စဉ်းစားပါရဦး။ ဒါတွေက ဖြစ်နိုင်ပါ့မလား"
သူမ အမှန်တကယ်ပင် ဇဝေဇဝါ ဖြစ်နေရသည်။ ဆရာတူအစ်ကိုကြီး ပြောသည့် စကားများမှာ ယုံကြည်နိုင်စရာ လုံးဝ မရှိပေ။
သို့သော် ခဏအကြာတွင် သူမသည် သွားကို တင်းတင်းစေ့ကာ ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ.. ဒီတစ်ခါတော့ အစ်ကိုကြီးကို ကျွန်မ ယုံလိုက်မယ်။ ဒါပေမဲ့ ကျွန်မကို လိမ်တာဆိုရင်တော့ ရှင် မလွယ်ဘူးနော်"
------------------