ပျမ်းမျှပါရမီရှင် ကျန်းလင်းစု
Vol. 21 Ch. 241
ကျန်းလင်းစုသည် ထိုသို့ပြောပြီးနောက် သူမ၏ အခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။
"အစ်ကိုကြီး.. ကျွန်မ ခေါ်တဲ့အထိ စောင့်နေဦးနော်။"
"အေးပါ"
ကျန်းလင်းစုသည် သူမ၏အခန်းထဲသို့ တစ်ဝင်လာခဲ့သော်လည်း စိတ်ထဲတွင် ဝေခွဲမရဖြစ်နေဆဲပင်။
အစ်ကိုကြီးက ဒါကို အတည်ပြောနေတာလား။
"ဒါမှမဟုတ် အခန်းထဲသွားမယ်ဆိုတော့ ..သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာလား။"
သို့သော် သူမ သေချာပြန်တွေးကြည့်လိုက်မိသည် ။
ငါ ဒီကိစ္စကိုလက်ခံလိုက်ရင် ဘာတွေများနစ်နာသွားမလဲ ။
ဆရာတူအစ်ကိုကြီးသည် ပေါက်ကရများပြောတတ်သော်လည်း ဤကဲ့သို့သော အသက်အန္တရာယ်ရှိသောကိစ္စမျိုးကို သူမအား လိမ်ညာရန် အကြောင်းပြချက် မရှိဟုတွေးမိသဖြင့် ကျန်းလင်းစုသည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမ ခံစားနေရသော အအေးအဆိပ်မှာ မည်သူမှခံနိုင်ရည်ရှိသည့် အရာမျိုး မဟုတ်ချေ။ ပျောက်ကင်းနိုင်မည်ဆိုလျှင် စမ်းကြည့်မိကြမည်မှာ သဘာဝပင်။
အမွှေးတိုင် နှစ်တိုင်စာခန့် ကြာပြီးနောက်တွင် ကျန်းလင်းစုသည် ရှုပ်ပွနေသော သူမ၏ အခန်းကို ရှင်းလင်းပြီးစီးသွားခဲ့သည်။
ပုံမှန်အားဖြင့် အစ်ကိုကြီးသည် သူမ၏ အခန်းထဲသို့ ဝင်လေ့မရှိသဖြင့် သူမသည် အခန်းကို သေချာစွာ ရှင်းလင်းလေ့ မရှိပေ။
မိန်းကလေးများတွင် ပစ္စည်းပစ္စယ များပြားနေခြင်းမှာ သဘာဝဖြစ်ပြီး သူမအခန်းမှာလည်း ထိုအတူပင်။
ယခုမူ အရာအားလုံးကို စနစ်တကျ ပြန်စီထားသဖြင့် အနည်းဆုံးတော့ အပြင်ပန်းကြည့်လျှင် အခန်းမှာ ကြည့်ပျော်ရှုပျော် ရှိသွားခဲ့သည်။
အခန်းထဲတွင် ရေချိုးကန်ကြီးတစ်ခုကို ထည့်ထားပြီး ကျန်းလင်းစုသည် ရင်စေ့ဝတ်စုံကို ဝတ်ဆင်လျက် ရေချိုးကန်ထဲတွင် ထိုင်နေသည်။ ရေချိုးကန်ထဲရှိ ရေများမှာ အပြာရင့်ရောင်ဖြစ်ပြီး တဗွက်ဗွက် ဆူပွက်နေကာ ချင်းယွီပန်းများ၊ နတ်မင်းနဂါးကျောက်ရွက်များနှင့် ဆုပွင့်ချပ်များမှာ ရေပေါ်တွင် ပေါလောပေါ်နေကြ၏။
ဤဝိညာဉ်ဆေးပင်များသည် ကျန်းလင်းစု၏ ခန္ဓာကိုယ်အခြေအနေကို ကုသရန်အတွက် မရှိမဖြစ်လိုအပ်သောအရာများ ဖြစ်ကြသည်။
ရေစည်ထဲတွင်ထိုင်နေသော်လည်း သူမ၏ ဖြူဖွေးသော လက်မောင်းများနှင့် သွယ်လျသောပုခုံးများမှာ ရေပေါ်တွင် ပေါ်လွင်နေ၏။ သူမ၏ ညှပ်ရိုးများမှာ ထင်ရှားနေပြီး စိုစွတ်နေသော ဆံနွယ်အချို့မှာ ပုခုံးပေါ်တွင် ကပ်နေကာ သူမသည် တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။
"ဆရာတူအစ်ကိုကြီး... အထဲကိုဝင်လာလို့ ရပါပြီ။"
ထိုသို့ပြောပြီးနောက် မိန်းမပျိုတစ်ယောက်၏ဗီဇအရ သူမ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ကာလိုက်မိပြီး ပါးပြင်များမှာလည်း ရေနွေးငွေ့ကြောင့်လားမသိ အနည်းငယ် ပန်းရောင်သန်းနေခဲ့သည်။
"လာပြီ... လာပြီ..."
ခြေသံသဲ့သဲ့မှာ နီးကပ်လာပြီး ခေတ္တအကြာတွင် ရပ်တန့်သွားခဲ့သည်။
ကျန်းလင်းစုသည် စိတ်အားတင်းကာအသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ ရေမှာ အနည်းငယ်ပူလွန်းနေသဖြင့် သူမ၏ဖြူဝင်းသော အသားအရေပေါ်တွင် နီမြန်းသော အမှတ်အသားများ ပေါ်လာခဲ့သည်။
"နင် ရေချိုးနေတာလား"
ကျိယွမ်၏အသံက အခန်းဝအပြင်ဘက်မှ လွင့်ပျံလာ၏။
"ကျွန်မ အဝတ်အစားတွေ အပြည့်အစုံ ဝတ်ထားပါတယ်"
ကျန်းလင်းစုက အော်ပြောလိုက်မိသည်။
"ငါတို့က ပြဇာတ်ရိုက်နေတာလား"
ကျိယွမ်က အခြေအနေကထူးဆန်းနေသလိုခံစားရပြီး စိတ်ဝင်တစား မေးလိုက်သည်။
အဝတ်အစား အပြည့်အစုံဖြင့် ရေချိုးခြင်းမှာ ရုပ်ရှင်များထဲတွင်သာ ရှိသည် မဟုတ်ပါလား။
ကျိယွမ်သည် သိချင်လာပြီး စပ်စုချင်စိတ်ဖြစ်လာသော်လည်း ရှေ့သို့ဆက်မတိုးဘဲ ခန်းစည်းနောက်ကွယ်တွင်သာ ရပ်နေခဲ့သည်။
"ကျား နဲ့ မ ဆိုတာ စည်းခြားထားရမယ်။ နင့်ရဲ့အစ်ကိုကြီးက အိမ်ထောင်သည် တစ်ယောက် ဖြစ်နေပြီဆိုတော့ သံသယဖြစ်စရာတွေကို ရှောင်ရမှာပေါ့။ ငါ ဒီနေရာကနေပဲ ကူညီပေးမယ်။"
ကျိယွမ်သည် ခန်းစည်းနောက်မှနေ၍ တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။
သူသည် သူ၏ စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (EQ) မှာ အလွန်မြင့်မားသည်ဟု ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမိ၏။
"သံသယဖြစ်တာကို ရှောင်မယ် ဟုတ်လား"
ကျန်လင်းစုသည် ရေချိုးကန်ထဲ၌ ခေတ္တ ငြိမ်ကျသွားသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး "
"အထင်မမှားနဲ့ဦး။ နင့်ရဲ့ ခန္ဓာကိုယ်ကိုသဘောမကျလို့ ဒါမှမဟုတ် နင်က မလှလို့ရှောင်နေတာ မဟုတ်ဘူးနော် ၊ ဒါက သင့်တော်တဲ့ စည်းကမ်းကို ထိန်းသိမ်းတာပဲ"
ကျိယွမ်က သူမအား အားပေးသည့်သဘောဖြင့် ရှင်းပြလိုက်၏။
ယခုအခြေအနေတွင် ကျန်းလင်းစုသည် လူနာတစ်ဦးအနေနှင့် အတွေးများနေမည်ကို စိုးရိမ်သဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ထို့အပြင် သူက အမှန်အတိုင်း ပြောခြင်းလည်း ဖြစ်သည်။ သူ၏ညီမလေးမှာ သဘာဝအတိုင်း လှပသူဖြစ်ပြီး ရှန်းကွမ်းဂိုဏ်း၏ ထိပ်တန်းအလှနတ်သမီးများထဲမှ တစ်ဦး ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာလည်း ထူးခြားလှပြီး သာမန် အဝတ်အစားများအောက်တွင်ပင် ဖုံးကွယ်ထားရန် ခက်ခဲလှ၏။
ထို့ကြောင့် သူသည် ထိုအချက်ကြောင့် ရှောင်နေခြင်း မဟုတ်သည်ကိုတော့ ဝန်ခံရပေမည်။
ကျန်းလင်းစုမှာ ဆွံ့အသွားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး ရေချိုးကန်ထဲမှ ခုန်ထွက်ကာ အစ်ကိုကြီးကို လက်သီးဖြင့် အားရပါးရ ထိုးပစ်ချင်စိတ် ပေါက်သွားခဲ့သည်။
သူပြောတာက ငါ့ခန္ဓာကိုယ်ကိုတပ်မက်နေပေမဲ့ စည်းကမ်းတွေကြောင့် ထိန်းသိမ်းနေရတယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေပြီလေ ။တော်တော် လေးစားထိုက်ပါပေတယ်။
"အစ်ကိုကြီး... ရှင် စကားမပြောဘဲ နေတာက ပိုကောင်းလိမ့်မယ်"
ကျန်းလင်းစုသည် ဒေါသသံလေးဖြင့် မာန်မဲလိုက်မိ၏။
ဒီလောက် ချောမောပြီး ပါရမီရှိတဲ့ အစ်ကိုကြီးက ဘာလို့ ပါးစပ်ဖွင့်လိုက်တိုင်း သူမရဲ့ စိတ်ကူးယဉ်မှုတွေကို ဖျက်ဆီးပစ်ရတာလဲ။
"ငါ နားလည်ပြီ။"
ကျိယွမ်သည် သူ၏ စကားများက အလွန်ပင် ငဲ့ညှာလွန်းသွားသဖြင့် ညီမလေးမှာ တုန်လှုပ်သွားသည်ဟု ထင်လိုက်၏။
"အဆင်သင့် ဖြစ်ပြီလား။ အစ်ကိုကြီးရဲ့ စိတ်ဝိညာဥ် ဝင်လာတော့မယ်နော်"
"အဆင်သင့် ဖြစ်ပါပြီ"
ဒေါသထွက်နေသော ကျန်လင်းစုသည် သိချင်စိတ်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
အစ်ကိုကြီးက သူမကို ဘယ်လိုမျိုး ကုသပေးမလဲဆိုတာကို သူမ သိချင်နေပြီ ဖြစ်သည်။
ထိုခဏ၌ အခန်းတွင်းမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့၏။
ကျန်လင်းစုသည် သိလိုစိတ်အပြည့်ဖြင့်ပတ်ဝန်းကျင်ကို အပြည့်အဝ အာရုံစိုက်ထားသည်။
ခန်းဆီးမှတစ်ဆင့် ငြိမ်သက်စွာ ရပ်နေသော ကျိယွမ်၏ ပုံရိပ်ကို သူမ မြင်နေရ၏။
ကျိယွမ်၏ မျက်လုံးများထဲတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ဖန်ထုန်လောကတွင် ကျင့်ကြံသူများအတွက် အဖိုးတန်ဆုံး အရာများမှာ..
ပထမက ဘိုးဘွားနယ်မြေ။
ဒုတိယက ကျိယွမ်၏နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်များ။
တတိယသည် အစားရှောင်မယ်တော်၏ ရတနာများနှင့် နောက်ဆုံးတွင် မူလဘူတကမ္ဘာဖြစ်သည့် ဖန်ထုန်လောကကိုယ်တိုင်ပင် ဖြစ်သည်။
မနာလိုစရာမှာ ကျိယွမ်သည်ထိုအဖိုးတန် အရင်းအမြစ်များအားလုံးကို ပေါင်းစပ်ကာ သူ၏ စိတ်ဝိညာဥ်များကို ဖန်တီးပစ်ခဲ့ခြင်းပင်။
၎င်းတို့မှာ သာမန်စိတ်ဝိညာဥ်များ မဟုတ်ဘဲ အလွန်မြင့်မားသော အလားအလာရှိသည့် မူလဘူတနတ်ဘုရားများ ဖြစ်ကြသည်။
"တောက်ပစိုပြည်စွာဖြင့်၊ ဝိညာဉ်သည် နတ်ဘုရားစံအိမ်မှ ထွက်ပေါ်လာစေ၊ ငါ၏ အမိန့်ကို နာခံလျက်၊ မကောင်းမှုဟူသမျှကို ဖယ်ရှားပစ်စေ"
ကျိယွမ်က ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
သူရွတ်လိုက်သည်နှင့် ရှေးကျသော အရှိန်အဝါတစ်ခုမှာ အခန်းတွင်း၌ ပြည့်နှက်သွားပြီး မူလဘူတအရှိန်အဝါများမှာ ဟင်းလင်းပြင်အနှံ့ ပျံ့နှံ့သွားခဲ့သည်။
ထိုအရှိန်အဝါကြောင့် ဟင်းလင်းပြင်ကြီးပင် ရေလှိုင်းများကဲ့သို့ပင် တုန်ခါသွားသကဲ့သို့ ခံစားရ၏။
သူ၏မူလဒန်တျန်အတွင် စိတ်ဝိညာဥ်တစ်ခုပေါ်ထွက်လာပြီး အရိပ်တစ်ခုအဖြစ် ပုံဖော်လိုက်သည်။ထို့နောက် လှပသော နတ်သမီးတစ်ပါးကဲ့သို့သော ပုံရိပ်တစ်ခုက ထိုအရိပ်ထဲမှ ထွက်ပေါ်လာ၏။
သူမ၏ မျက်လုံးများမှာ ခံစားချက် ကင်းမဲ့နေဟန်ရှိပြီး နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေတွင် ရှိနေပုံရသည်။
ထိုစိတ်ဝိညာဥ်မှာ အပြည့်အဝနိုးထခြင်း မရှိသေးဘဲ ဗီဇအရသာ လှုပ်ရှားနေခြင်း ဖြစ်ကြောင်း သိသာလှသည်။
"မူလနတ်ဘုရားရဲ့အမိန့်ကို နာခံပါတယ်။"
ထိုနတ်သမီးပုံရိပ်၏အသံမှာ အေးချမ်းလှသည်။သူမသည် သေဆုံးသွားခဲ့သော်လည်း ကျိယွမ်၏ရှေ့တွင် ဗီဇအရ ရိုသေမှုကို ထိန်းသိမ်းထားဆဲပင်။
ရေချိုးကန်ထဲတွင်ရှိနေသော ကျန်းလင်းစု၏ မျက်ဆန်များမှာ ကျယ်သွားခဲ့သည်။ သူမ၏ ပတ်ဝန်းကျင်တွင် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခု ဖုံးလွှမ်းသွားသည်ကို သူမ ခံစားလိုက်ရ၏။
ခန်းဆီးနောက်မှ ပုံရိပ်မှာ လူတစ်ယောက် မဟုတ်ဘဲ ကျယ်ပြောနက်ရှိုင်းလှသော သမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင် ခံစားနေရသည်။
"ယင်.ယင်နတ်ဘုရားလား"
နတ်သမီးပုံရိပ်ကို မြင်လိုက်ရုံမျှဖြင့် ၎င်းမှာ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူ မဟုတ်ဘဲ ယင်နတ်ဘုရားအဆင့် ဖြစ်ကြောင်း ကျန်းလင်းစု ချက်ချင်း သိလိုက်၏။
ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူများပင် နှင့် ယခု ပုံရိပ်နှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်များကဲ့သို့ အားနည်းလွန်းသွားမည်မှာ သေချာလှသည်။
"အကြီးအကဲကို ဂါရဝပြုပါတယ်ရှင့်"
ကျန်းလင်းစုသည် ထိုပုံရိပ်ကြောင့် ရေချိုးကန်ထဲ၌ ထိုင်မနေရဲတော့ချေ။ သူမသည် ရေထဲမှ ပေါ်ထွက်လာသော ကြာပန်းတစ်ပွင့်ကဲ့သို့ မတ်တပ်ရပ်လိုက်သည်။
နတ်သမီးပုံရိပ်မှာ မည်သည့် ခံစားချက်မျှ မပြပေ။
ခန်းဆီးနောက်တွင်ရပ်နေသော ကျိယွမ်သည် မျက်လုံးများကို ပိတ်ထားသော်လည်း နတ်သမီးမြင်တွေ့နေရသည့် မြင်ကွင်းမှန်သမျှက သူ၏ စိတ်ထဲတွင် ပြန်လည်ပုံရိပ်ထင်သဖြင့် မမှိတ်ထားသည့်အတိုင်းပင်။
"အနီရောင်နဲ့ အပြာရောင်က လိုက်ဖက်တဲ့ အရောင်တွေပဲ၊ ဒါပေမဲ့ သူက ဘာလို့ အောက်ပိုင်းကို အနီရောင် မဝတ်ထားတာလဲ"
ဒါက ကျိယွမ်၏ ပထမဆုံး အတွေး ဖြစ်သည်။
သူ၏ညီမလေးမှာ အပေါ်ပိုင်းတွင် အပြာရောင် ရင်စေ့ကိုဝတ်ထားသော်လည်း အောက်ပိုင်းတွင်မူ ရေချိုးသုတ်ပုဝါကဲ့သို့ အဖြူရောင်တစ်ခုကို စကတ်အဖြစ် ပတ်ထား၏။
ကျိယွမ်သည် ထိုထကိပိုသိချင်သော်လည်း သူ၏ စပ်စုချင်စိတ်ကို ထိန်းချုပ်ကာ သူ၏ EQ မြင့်မားမှုကို ပြသလိုက်သည်။
သူ၏စိတ်ဝိညာဥ်မြင်တာကို သူလည်း မြင်နေရမှန်း သူမသိသွားလျှင် မကောင်းပေ။
"ညီမလေး... ထိုင်လိုက်ဦး၊ နင့်ရဲ့ ရောဂါကို ကုသပေးလို့ရအောင်"
ကျိယွမ်က စိတ်ထိန်းကာ တိုက်တွန်းလိုက်သည်။
ကျန်းလင်းစုသည် များများစားစား မစဉ်းစားဘဲ ရေချိုးကန်ထဲသို့ ပြန်ထိုင်လိုက်၏။
ကျိယွမ်ကလည်း သူ့အတွေးနှင့်သူဖြစ်သလို ကျန်းလင်းစုသည်လည်း ရှေ့မှ ယင်နတ်ဘုရားကို ကြည့်ရင်း အတွေးများစွာ ဝင်နေသည်။
အစ်ကိုကြီးက ဒီလို ယင်နတ်ဘုရားတစ်ပါးကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ။
သူမအလွန်သိချင်ပါသည်။
ထိုအချိန်တွင် နတ်သမီးပုံရိပ်မှာ ရှေ့သို့ တိုးလာပြီး ကျန်းလင်းစု၏ ပုခုံးပေါ်သို့ လက်တင်လိုက်၏။
ကြီးမားပြင်းထန်သော နတ်ဘုရားစွမ်းအားများက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော စီးဝင်သွားခဲ့သည်။
ကျန်းလင်းစု၏ ဖြူဖွေးသော အသားအရေမှာ ကျက်ပြီးသား ပုစွန်ထုပ်ကြီးကဲ့သို့ နီမြန်းလာ၏။
"ညီမလေး... နင့်မှာ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံများ ရှိနေမလား"
ကျိယွမ်မှာ မမေးဘဲ မနေနိုင် ဖြစ်သွားရသည်။ သူ၏ အတွေ့အကြုံအရ ပါရမီရှင်များတွင် ထူးခြားသော ကံကြမ္မာများ ရှိတတ်ကြသည်မဟုတ်ပါလား ။
ကျန်းလင်းစုသည်လည်း ထိုပါရမီရှင် ခုနစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
ယခု ကျန်းလင်းစု၏ရောဂါဆိုးကြီး ပျောက်ကင်းသွားလျှင် သူမ၏ ကိုယ်ပိုင် ဇာတ်လမ်းကော စတော့မှာလား။
ယန်နတ်ဘုရားတစ်ပါးက သူမကို တပည့်အဖြစ် လာခေါ်မလား။
ကျန်လင်းစုမှာ တစ်ကိုယ်လုံး နွေးထွေးစွာခံစားနေရင်းမှ ပြန်ဖြေသည်။
"ဘာ ခန္ဓာကိုယ် ဖွဲ့စည်းပုံလဲ... ကျွန်မရဲ့ ပါရမီက ပျမ်းမျှလောက်ပါပဲ"
ကျန်းလင်းစုမှာ နှိမ့်ချပြောဆိုနေခြင်း ဖြစ်သည်။ သူမတွင် စစ်မှန်သောရေဓာတ်ဝိညာဉ်အမြစ်ရှိပြီး ထိုကဲ့သို့သော ဝိညာဉ်အမြစ်မှာ အလွန်ပင် ရှားပါးလှသည်။
"အင်း ဟုတ်မယ် ၊ နင့်ရဲ့ ပါရမီက တကယ့်ကို ပျမ်းမျှပါပဲ။ ရိုးရိုး ရေဓာတ်ဝိညာဉ်အမြစ်ပဲရှိတယ် ။ အခြေတည်ဆောက်ခြင်း အလယ်အလတ်အဆင့်၊ ဝိညာဉ်စွမ်းအားကလည်း သာမန်ပါပဲ၊ ထူးခြားတာ ဘာမှ မရှိဘူး။"
" နင့်ရဲ့ ဖွဲ့စည်းပုံက သာမန် အမျိုးသမီး ကျင့်ကြံသူတွေထက် နည်းနည်း ပိုပြီး ပျော့ပြောင်းရုံပဲ ရှိတာ။ အင်း... ရောဂါအခြေအနေကြောင့် နင့်ရဲ့ ယင်စွမ်းအင်ကတော့ နည်းနည်း မူမမှန်ဖြစ်နေတယ်..."
"သေသေချာချာ စစ်ဆေးကြည့်တော့ ၊ ညီမလေး... နင်က ရင်ဘတ် နည်းနည်း ပိုကြီးတာနဲ့ ရုပ်လေးလှတာကလွဲရင် တကယ့်ကို သာမန်ပါပဲ၊ ရွာသူလေးတစ်ယောက်လောက်တောင် ပါရမီမကောင်းဘူး။"
ကျိယွမ်၏ စကားများမှာ တဲ့တိုးလွန်းလှသည်။
ကျိယွမ်သည် စိတ်ဝိညာဥ်ထံမှ ရရှိသော အချက်အလက်များအရ ဆရာဝန်တစ်ဦးနေရာမှနေ၍ ညီမလေးအား ကျန်းမာရေး စစ်ဆေးမှု လုပ်ပေးလိုက်ခြင်း ပင်။
ရလဒ်မှာ စိတ်ပျက်စရာပင် ၊ သူမ၏ ပါရမီမှာ အလွန်ပင်သာမန်ဖြစ်နေသည်။
ယန်နတ်ဘုရားဆိုဝေးရော ယင်နတ်ဘုရားအဆင့်ကပင် သူမကို တပည့်ခေါ်ဖို့ စိတ်ဝင်စားမည် မဟုတ်ပေ။
ဆရာဝန်တစ်ဦးအနေဖြင့် လူနာအားအမှန်အတိုင်းအသိပေးသင့်သည်ဟု သူကယူဆသဖြင့် တွေ့မြင်သည့်အတိုင်း တည့်တည့်ပြောပြလိုက်ရ၏။
ရေချိုးကန်ထဲ၌ ထိုင်နေသော ကျန်လင်းစုမှာ ခန်းဆီးနောက်မှကျိယွမ်ကို လှမ်းကန်ပစ်ချင်စိတ် ပေါက်သွားခဲ့သည်။
"အစ်ကိုကြီ ..ဘယ်လို ရွာသူလေးက စစ်မှန်တဲ့ ဝိညာဉ်အမြစ် ရှိလို့လဲ"
ကျန်လင်းစုက သည်းမခံနိုင်သည့်အဆုံး စိတ်တိုတိုဖြင့် ပြန်ပြောလိုက်သည်။
"နင့်ရှေ့မှာ ရပ်နေတဲ့သူက ရွာသူလေးပဲလေ။ ငါ ဂိမ်းထဲမှာ အကြာကြီး ရှာဖွေပြီးမှ ရွာလေးတစ်ရွာမှာ သူ့ကိုတွေ့ခဲ့တာ။"
ကျိယွမ်က ပျင်းရိစွာ ပြောလိုက်သည်။
ကျန်းလင်းစုမှာ ဆွံ့အသွားခဲ့သည်။ သူမသည် ထိုစကားကိုမယုံသော်လည်း သူမအနေဖြင့် ယင်နတ်ဘုရားကို "ရှင်က ရွာသူလေးလား" ဟု တိုက်ရိုက်သွားမေးရန် မဖြစ်နိုင်သည် မဟုတ်ပါလား။
"အင်း.. သနားစရာပဲ၊ ညီမလေးရာ...နင်က သာမန်လွန်းလို့ ငါ့ရဲ့ စိတ်ဝိညာဥ်ဖြစ်ဖို့တောင် မထိုက်တန်ပါလား"
ကျိယွမ်ကမသက်မသာ ညည်းတွားလိုက်သဖြင့် ကျန်းလင်းစုမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
သူမက နားမလည်စွာဖြင့် ယင်နတ်ဘုရားအား ပြန်ကြည့်မိ၏။
စိတ်ဝိညာဥ်တဲ့လား။
သူမ၏အစ်ကိုကြီးက ဤယင်နတ်ဘုရားမှာ သူ၏စိတ်ဝိညာဥ် ဖြစ်သည်ဟု ပြောနေခြင်း ဖြစ်သည်။
သူမ၏အစ်ကိုကြီးသည် တကယ့်ကို ကြီးကြီးမားမား တွေးဝံ့သူပင်။
"နေဦး..."
ထိုအခိုက် ကျိယွမ်က တစ်ခုခုကို တွေးမိလိုက်သည်။
"ငါ အမှတ်မမှားဘူးဆိုရင် ဂိုဏ်းကြီးတွေက သူတို့တပည့်တွေ စိတ်ဝိညာဥ်အဆင့်ကို ရောက်ရင် စိတ်ဝိညာဥ်အထိမ်းအမှတ်ပွဲ ကျင်းပလို့ ရတယ်မလား။
" ညီမလေး... ငါ စိတ်ဝိညာဥ်အထိမ်းအမှတ်ပွဲ ကျင်းပဖို့ ဆုံးဖြတ်လိုက်ပြီ၊ နင်က တံခါးစောင့်လုပ်ပြီး ဧည့်သည်တွေကို ကြိုဆိုရမယ် ၊ ငါ့အတွက် လက်ဆောင်တွေ သိမ်းပေးရမယ်"
ကျိယွမ်သည် ခက်ခက်ခဲခဲဖြင့် စိတ်ဝိညာဥ်အဆင့်သို့ ထိုးဖောက်ခဲ့ရသဖြင့် ကြွားဝါရန်အတွက် ပွဲတစ်ခု ကျင်းပချင်နေခြင်း ဖြစ်သည်။
စိတ်ဝိညာဥ်အဆင့်ကိုတတ်နိုင်ဖို့ ပြိုင်ဘက်ကင်းယန်နတ်ဘုရားနှစ်ပါးကိုတောင် သတ်ခဲ့ရတာ ၊ ကြွားသင့်တာပေါ့ ။
"အစ်ကိုကြီး... ရှင်သာ ဂိုဏ်းချုပ်ကို စိတ်ဝိညာဥ်ပွဲ ကျင်းပခွင့်ပြုအောင် ပြောနိုင်ရင် ကျွန်မ တံခါးစောင့် လုပ်ပေးပါ့မယ်"
ကျန်းလင်းစုက ချက်ချင်းပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ဂိုဏ်းချုပ်ကို ပြောဖို့က ကိစ္စမရှိပါဘူး။"
ကျိယွမ်က အရေးမကြီးသလို ပုခုံးတွန့်လိုက်၏။
ဂိုဏ်းချုပ်၏ အိတ်ကပ်ကို ပြောင်အောင် လုပ်ရန်မှာ သူ စကားသုံးခွန်း ပြောရုံမျှဖြင့် လုံလောက်ပါသည်။
ဤသို့ဖြင့် နာရီဝက်ခန့် ကြာသည်အထိ ကျိယွမ်နှင့် ကျန်းလင်းစုတို့မှာ ခန်းဆီးတစ်ခု ခြားကာ မရပ်မနား စကားပြောခဲ့ကြသည်။
၎င်းတို့သည် ထိုပွဲ၏ အသေးစိတ် အချက်အလက်များမှအစ မည်သူ့ကို မည်သည့်နေရာတွင် ထိုင်ခိုင်းမည်ဆိုသည် အထိ ဆွေးနွေးခဲ့ကြ၏။
"ညီမလေး... နင့်ရောဂါ ပျောက်သွားပြီ"
ကျိယွမ်၏ စကားဆုံးသည်နှင့် နတ်သမီးပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းလင်းစု ခံစားနေရသော ဖိအားများမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ သူမသည် သူမ၏ ခန္ဓာကိုယ်ကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ သူမ ခံစားနေရသော အအေးဒဏ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူမ၏ ရောဂါဆိုးကြီး အမြစ်ပြတ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ကျန်းလင်းစုမှာ ဘဝအသစ်ရလိုက်သလိုပင် ပျော်ရွှင်သွား၏။
ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူက ကုသပေးလျှင် အကြိမ်ပေါင်းများစွာ လိုအပ်မည် ဖြစ်သော်လည်း ယင်နတ်ဘုရားတစ်ပါးအတွက်မူ တစ်ကြိမ်တည်းနှင့် လုံလောက်လေသည်။
ကျန်းလင်းစုသည် ဝမ်းသာအားရဖြင့် ရေချိုးကန်ထဲမှ ထွက်လာပြီး အပေါ်ဝတ်ပင်မဝတ်တော့ဘဲ ပါးလွှာသော ပုဝါတစ်ခုကိုကောက်ကာ သူမ၏ လှပသော ခန္ဓာကိုယ်ပေါ်တွင် အလွယ်လွှမ်းခြုံလိုက်၏။
ထို့နောက် ကျန်းလင်းစုသည် ခန်းစည်းနောက်မှ ထွက်လာပြီး စစ်မှန်သော အမူအရာဖြင့် ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကိုကြီး"
သူမကို ကုသပေးရန် ယင်နတ်ဘုရားတစ်ပါးကိုပင် မရမကရှာဖွေပေးခဲ့သည့်အတွက် သူမ၏ ကျေးဇူးတင်ရှိမှုမှာ အတိုင်းအဆပင် မရှိတော့ပေ။
ကျိယွမ်သည် ပါးလွှာသော အဝတ်အစားများကို ဝတ်ထားသည့် ကျန်းလင်းစုကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။
ပုံမှန်အားဖြင့် အဝတ်အစားကို လုံလုံခြုံခြုံဝတ်တတ်သော သူ၏ညီမလေးမှာ ယခု သူ၏ ရှေ့၌ အတော်လေး ပေါ်လွင်သော ဝတ်စုံဖြင့် ရှိနေခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
"ညီမလေး... အဝတ်အစားတွေ ထပ်မဝတ်တော့ဘူးလား။ ငါက လူဆိုးတစ်ယောက် ဖြစ်နေမှာ မကြောက်ဘူးပေါ့"
ကျိယွမ်က မနေနိုင်စွာမေးလိုက်မိ၏။
ကျန်းလင်းစုက အရေးမကြီးသလို ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေသည်။
"ဖုံးသင့်တာတွေ အကုန် ဖုံးထားတာပဲ၊ ဘာပြဿနာ ရှိလို့လဲ။ ဟို ယင််နတ်ဘုရားအကြီးအကဲတောင် ကျွန်မကို မြင်နိုင်ရင် အစ်ကိုကြီးကရော ဘာလို့ မမြင်နိုင်ရမှာလဲ။"
ကျိယွမ်မှာ ဆွံ့အသွားခဲ့သည်။
သူသည် ခေတ်နောက်ကျနေသူ ဖြစ်နေပါလား။
"ရှင်လူဆိုးဖြစ်နေရင်တောင် တကယ်တမ်းမှာ ဘယ်သူက ပိုနစ်နာမလဲဆိုတာ ဘယ်သူသိမှာလဲ"
ကျန်းလင်းစုက အဓိပ္ပါယ်ပါပါဆက်ပြောလိုက်သည်။