← Chapters

သစ်မြတ်ရတနာလား

Vol. 21 Ch. 201

သစ်မြတ်ရတနာလား

Vol. 21 Ch. 201

ယန်ချန်က ချိုင့်ဝှမ်းရဲ့နေရာအနှံ့အား ဂရုတစိုက် လှည့်ပတ်ကြည့်ရှုနေလေသည်။

ထိုနေရာမှာ မတူညီသည့်အခြား လောကတခုနှယ် ဖြစ်နေသောကြောင့် ချိုင့်ဝှမ်းအား အပြင်ဘက်မှ ကြည့်ရန်မှာမဖြစ်နိုင်ပေ။

ထို့အပြင် မင်ဝမ်ကလည်း သူတော်စင်စွမ်းအင်ဖြင့် ၎င်းတို့ရှိရာနေရာ တဝိုက်ကို ဖုံးကွယ်ထားပေးပြီး ယန်ချန်တယောက် လွတ်လွတ်လပ်လပ် ရှာဖွေရန် ထောက်ပံ့ထားလေသည်။

“အသူရာဆူးပင်..”

ယန်ချန်က လက်မအနည်းငယ်ခန့် ရှည်လျားသည့် ဆူးချွန်များနဲ့ အပင်များအား စစ်ဆေးလိုက်သည်။ ထိုဆူးချွန်များမှာ သွေးစုပ်နွယ်ပင်နဲ့ တူညီသည့်အစွမ်းရှိပြီး ထိုဆူးချွန်များ၏ထိပ်၌ အခေါင်းပေါက်ကလေးတစ်ခု ထပ်မံပါရှိကာ ဆူးချွန်နဲ့ထိမိပါက ထိုအပေါက်မှတဆင့် တဖက်သက်ရှိ၏ သွေးများအား စုပ်ယူခြင်း ဖြစ်သည်။

ယန်ချန်က ဂရုတစိုက်ဖြင့် ဆူးပင်အနည်းအား ခုတ်ယူလိုက်သည်။ မတော်တဆ ဆူးချွန်ထိမိပါက ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရနိုင်သည်မလား။

မင်ဝမ်တယောက် ထိုဆူးပင်ကို နားမလည်ဟန်ဖြင့် ကြည့်နေသည်ကိုမြင်လျင် ယန်ချန်က ချောင်းအနည်းငယ်ဟန့်ကာ ရှင်းပြလာသည်။

“အဟမ်း ဒီဆူးပင်က ရှားပါးတယ်လို့ မဆိုနိုင်ပေမယ့် သူ့အစွမ်းကတော့ နည်းနည်းထူးခြားတယ်”

“သူ့ကိုဘယ်လိုဆေးဝါးတွေမှာသုံးလဲ သခင်လေး”

မင်ဝမ်ရဲ့အမေးကို ကြားလျင် ယန်ချန်တယောက် အနည်းငယ် တုန့်ဆိုင်းသွားသည်။ အတန်ကြာမှ

“ထူးခြားတဲ့ အသုံးဝင်မှုရယ်တော့ မဟုတ်ပါဘူး အမျိုးသားတွေအတွက် ယန်ဓာတ်ကို အချိန်တိုအတွင်း ပြန်ပြည့်စေတာမျိုးပေါ့”

“သြော်..”

ထိုအရာက မင်ဝမ်ကဲ့သို့ လူအိုကြီးများအတွက် မလိုအပ်တော့ပေ။ မင်ယုရှန်း၏ အဖွားဖြစ်သူ မတော်တဆ သေဆုံးပြီးနောက် မင်ဝမ်မှာထိုကိစ္စကို ထပ်မံ စဥ်းစားခြင်းမရှိတော့သည်မှာ နှစ်ပေါင်းမနည်းတော့ချေ။ သို့သော် ယန်ချန်ကဲ့သို့ လူငယ်များကတော့ ထိုဆေးပင်ကို လိုအပ်သည်ဟု ဆိုနိုင်သည်။

ဒါပေမယ့်..သူက ထိပ်သီးပုဂ္ဂိုလ်လေ အိပ်ရာပေါ်က ကိစ္စအတွက် ဆေးကူဖို့လိုမယ်တဲ့လား..နောက်ပြီး မိန်းမတောင်မရှိသေးဘူး မဟုတ်လား။

မင်ဝမ်ရဲ့အမူရာကိုကြည့်ရင်း အနည်းငယ်ရိပ်မိသွားသည့် ယန်ချန်မှာ အနေရခက်သွားသည်။ သို့သော်လည်း သူကဆေးပညာရှင်ဖြစ်၍ သူမသုံးသော်လည်း အခြားသူများအား ပေးကမ်းနိုင်သည်ဟု အကြာင်းပြလိုက်တော့သည်။

ဟုတ်သား..ငါက ရည်းစားတောင်မရှိသေးတာ ပြီးတော့ ငါ့အတွက် ဆေးကူစရာမလိုပါဘူး ဟုတ်တယ်ဟုတ်..။

ဆူးပင်များကို ဂရုတစိုက်သိမ်းပြီးနောက် နောက်ထပ် မိနစ်အနည်းငယ် ထပ်မံလှည့်ပတ် စစ်ဆေးရင်း အပင်တစ်ခုအား သတိပြုမိသွားသည်။

ထိုအပင်မှာ ထူးခြားစွာဖြင့် တပင်လုံး အညိုရောင်သန်းနေပြီး အရွက်များကသာ အစိမ်းရောင်ရှိသည်။ ပင်စည်တစ်ခုလုံးကလည်း အညိုရင့်ရောင်ရှိနေသောကြောင့် တမူထူးခြားတဲ့ မြင်ကွင်းကို ပုံဖော်နေသည်။

“ဒါ..ဒါမဟုတ်လား..”

ယန်ချန်တယောက် ဝမ်းသာသွားပြီး အလျင်မြန်ပဲ အပင်နားပြေးကပ်သွားကာ စစ်ဆေးကြည့်သည်။ အပင်ရဲ့လုံးပတ်မှာ သန်မာတဲ့လူကြီးတဖက်စာမျှသာ ရှိသော်လည်း ထိုအပင်ရဲ့အမြင့်ကတော့ အဖျားကိုပင် မနည်းကြည့်ရသည်အထိ မြင့်မားပေသည်။

ယန်ချန်က ဓားတိုတချောင်းဖြင့် ပင်စည်ကိုအသာထိုးစိုက်ကြည့်သည်။ ဓားသွားက ပင်စည်ကို ခြစ်ရာတခုပင် မဖြစ်စေပဲ မာကြောတဲ့ခံစားမှုကိုသာ ယန်ချန်ရလိုက်သည်။

“သေ ချာပြီ ဒါသစ်မြတ်ရတနာပင်ပဲ ဟား…တွေ့ပြီကွ.”

မင်ဝမ်လည်း သစ်မြတ်ရတနာအပင်အကြောင်း အနည်းငယ် ကြားဖူးထားသူဖြစ်၍ ထိုအပင်ကို ယန်ချန့်နည်းတူ စစ်ဆေးကြည့်သည်။ အမှန်ပင် သစ်မြတ်ရတနာပင် ဖြစ်နေသည်။

“သခင်လေး အပင်ကို အပိုင်းပိုင်းလုပ်သွားမှာလား ဒါမှမဟုတ် အပင်လိုက်နှုတ်သွချင်လား”

မင်ဝမ့်ရဲ့မေးခွန်းကိုကြားလျင် ယန်ချန်တယောက် မျက်လုံးလှန်လိုက်မိသည်။ သစ်အနည်းငယ်လိုချင်ရုံဖြင့်တော့ ပေရာပေါင်းများစွာရှည်သည့် အပင်ကြီးတပင်လုံး နှုတ်ယူရန်မှာ မဖြစ်နိုင်ချေ။

သို့သော်လည်း ထိုသို့မှမလုပ်ရင်ကော..။ အခြားနည်းမရှိချေ။

ယန်ချန်က အပင်ထိပ်ဖျားအား တချက်မော့ကြည့်လိုက်သည်။ သူ့အနေဖြင့် အပိုင်းပိုင်းခုတ်ထစ်ကာ သယ်ယူရန်သာဆုံးဖြတ်လိုက်သည်။ ကျင့်ကြံသူဖြစ်သည့် မင်ဝမ်ရှိနေသောကြောင့် ထိုကိစ္စမှာ လွယ်ကူပေသည်။

“အဖိုးဝမ် အပင်ကို အပိုင်းပိုင်းညီအောင်ခုတ်ထစ်ပြီးသယ်ကြမယ် နေဦး ကျတော့်ဆီက ဓားကိုယူသုံး တခြားလက်နက်ဆို အပင်က ခြစ်ရာတောင် ထင်မှာမဟုတ်ဘူး”

မင်ဝမ်က ခေါင်းညိတ်ပြလိုက်ပြီး ယန်ချန်ကမ်းပေးသည့် သစ်ခုတ်ဓားမကြီးအား ဆွဲယူကာ လေထဲခုန်တက်သွားသည်။

တခဏအကြာမှာတော့ အပင်ကြီးမှာ အပိုင်းပိုင်းပြတ်သွားခဲ့ပြီး မင်ဝမ်က ထိုအပိုင်းများကို လျင်မြန်စွာပဲ သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်တော့သည်။

“ကျင့်ကြံသူဖြစ်ရတာ သိပ်ကောင်းတယ် မပင်ပန်းတော့ဘူး”

ယန်ချန်တယောက် ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေမိသည်။ သူချည်းသာဆို ထိုအပင်ကြီးအား ခုတ်ထစ်ရန် များစွာအခက်တွေ့မည်မှာ သေချာပေသည်။

လှိုဏ်ဂူအတွင်းမှာတော့ ကျင်းလုံ စုလဲ့တို့က ကြီးမားသည့် လျှောက်လမ်းကြီးတလျှောက်သွားလာနေသည်။ လျှောက်လမ်းကြီးမှာ အတွင်းသို့သွားလေ ကျယ်ပြန့်လေဖြစ်ပြီး နံရံများတွင်လည်း ထူးခြားသည့် ကျင့်စဥ်များကို ပန်းချီများအဖြစ် ရေးဆွဲထားသေးသည်။

“ဒီ ကျင့်ကြံသူကနည်းနည်းတော့ ထူးခြားတယ်”

စုလဲ့က ပန်းချီများကို ကြည့်ရင်း မှတ်ချက်ချသည်။ ကျင့်ကြံသူအများစုမှာ ၎င်းတို့၏ ကျင့်စဥ်များကို ဖုံးကွယ်ထားတတ်ကြပြီး အမွေဆက်ခံသူ ဒါမှမဟုတ် မိမိဂိုဏ်းအင်အားစုမှ ကျင့်ကြံသူမဟုတ်ပါက အလွယ်တကူထုတ်ပြခြင်း မရှိချေ။

ယခု လှိုဏ်ဂူပိုင်ရှင် အင်မော်တယ်ကြီးမှာတော့ ဘဝတသက်တာလုံး လေ့လာရသမျှ ကျင့်စဥ်များအားလုံး အသေးစိတ်ချရေးထားသည့်အလား ပန်းချီများစွာကို မြင်နေရလေသည်။

ထိုစဥ် လှိုဏ်ဂူကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထိုတုန်ခါမှုက ငလျင်ထက်ပိုပြင်းပြီး နံရံများမှ အက်ကြောင်းများပင် ထွက်ပေါ်လာကာ မကြာခင်မှာပဲ မြေပြင်ကပါ အက်ကြောင်းများ ထွက်ပေါ်လာတော့သည်။

“မကောင်းတော့ဘူး နောက်ပြန်ဆုတ်”

ကျင်းလုံက ချက်ချင်းပဲ နောက်သို့ခုန်ဆုတ်ရင်း စုလဲ့ကိုပါ သတိပေးလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။

လှိုဏ်ဂူကြီးတစ်ခုလုံး ဝုန်းခနဲ မြည်သံနဲ့အတူ ပြိုကျသွားကာ ကျင်းလုံတို့မျက်စိရှေ့၌မှာပဲ ပြိုကျသွားတဲ့ လှိုဏ်ဂူကြီးမှ စိမ်းလန်းသည့် ကွင်းပြင်ကြီးတစ်ခုပုံစံ ပြောင်းလဲသွားတော့သည်။

……………………………………………….

All Chapters