ရှီဟွမ်ရဲ့ တုန်လှုပ်မှု
Vol. 21 Ch. 202
ကျင်းလုံ စုလဲ့တို့သာမက မလှမ်းမကမ်း၌ ပန်းချီပုံများလေ့လာနေသည့် လူငယ်သည်လည်း အချိန်အတော်ကြာသည်အထိ မှင်သက်နေလေသည်။
လှိုဏ်ဂူကြီးမှ စိမ်းလန်းသည့် ကွင်းပြင်ကြီးတစ်ခုအသွင် ကူးပြောင်းသွားခြင်းမှာ စက္ကန့်ပိုင်းမျှသာ ကြာမြင့်သည်။ ကျင်းလုံတယောက် ချက်ချင်းမလှုပ်ရှားသေးပဲ ပတ်ဝန်းကျင်အား စိတ်အာရုံဖြန့်ကြက်လျက် စစ်ဆေးကြည့်သည်။
ထူးခြားသည့်မည်သည့်အရာမှ မတွေ့ရှိသော်လည်း စိတ်ထဲမသက်မသာ ခံစားချက်ကြီးကတော့ ကြီးစိုးနေလေသည်။
“ဒါ ဘယ်နေရာလဲ အခြားလောကတခုကို ငါတို့ရောက်သွားတာလား”
“ဖြစ်နိုင်တယ် အခြားလောကတစ်ခု ဖြစ်ဖို့ရာနှုန်းများတယ်”
စုလဲ့ကလည်း ကျင်းလုံရဲ့အမေးကို တုန့်ပြန်ရင်း စစ်ဆေးကြည့်နေသည်။ ထိုစဥ် လူငယ်မှာ ကျင်းလုံတို့အနား ရောက်ရှိလာသည်။
“ဂိုဏ်းချုပ်စု ကျုပ်တို့ ဒီကနေဘယ်လိုပြန်ထွက်ကြမလဲ ကျုပ်စိတ်ထဲ နေရတာအဆင်မပြေသလို ခံစားနေရတယ်”
လူငယ်ရဲ့စကားကို ကျင်းလုံကလည်း ထောက်ခံသည်။ သူသည်လည်း မသက်မသာခံစားနေရပြီး ထိုခံစားမှုက မည်သည့်အတွက်ကြောင့် ဖြစ်လာမှန်း စဥ်းစားမရချေ။
စုလဲ့က လက်ဟန်တစ်ခုပြုလုပ်ကာ ပတ်ဝန်းကျင်ကို ပစ်လွှတ်လိုက်သည်။ အရောင်ဖျော့ဖျော့ စက်ကွင်းတစ်ခုက လေထဲ ပြန့်ကားသွားပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ထဲ တိုးဝင်သွားချိန်မှာတော့ ထူးခြားတဲ့ အဖြစ်ပျက်ကြီးတစ်ခု တွေ့လိုက်ရတော့သည်။
ထိုအရာက စက်ကွင်းမှာ တစုံတရာ၏ တားဆီးမှုကို ခံလိုက်ရသည့်အလား ရပ်တန့်သွားပြီး စက်ကွင်းထိခတ်လိုက်သည် တပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး သွေးနီရောင် စတင်ပြောင်းလဲလာတော့သည်။
“သေွးနီရောင်ဆိုတော့ ဒါ…”
စုလဲ့မှာ အနည်းငယ်တုန်လှုပ်သွားပြီး ထိုသွေးနီရောင်နဲ့ပက်သက်၍ မင်ယုရှန်းမှ တခါပြောဖူးသည်ကို အမှတ်ရသွားသည်။
ထိုစဥ် သွေးနီရောင်မှ တဖြေးဖြေး အနီရင့်ဘက် ကူးလာပြီးနောက် ရုတ်ချည်း ကောင်းကင်ထက်မှ သွေးရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
စကြာဝဋာရဲ့ လေဟာနယ်ထဲမှာတော့ ရှီဟွမ်တစ်ယောက် သွေးမြစ်ကြီးဆီမှ များပြားသည့် သွေးစီးကြောင်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး တဆက်တည်းမှာပဲ ထိုသွေးစီးကြောင်းများထဲမှ တခုက ထျန်းဟွမ်လောကထဲ တိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။
“မကောင်းတော့ဘူး”
တစုံတရာ မကောင်းတော့မှန်း ရိပ်စားမိလိုက်ပြီးနောက် ထိတ်လန့်သွားသည်။ ဘိုးဘေးက ထျန်းဟွမ်လောကဆီ သူမအားစေလွတ်ရခြင်းမှာ တစုံတခုကို ကာကွယ်ပေးရန်ဖြစ်ကြောင်း တွက်ချက်မိသွားလေသည်။
“နတ်ဘုရားဝါးမြိုသူမိစ္ဆာကြီးက ဘိုးဘေးတို့ အစီစဥ်ကို ရိပ်မိသွားတာလား”
“မဖြစ်ဘူး ငါမြန်မြန်သွားမှရမယ်”
ထိုသို့တွေးမိလိုက်သည်နှင့် တပြိုင်နက် ရှီဟွမ်က သူမရဲ့အရှိန်ကို အစွမ်းကုန်မြင့်တင်လိုက်သည်။ စကြာဝဋာ လေဟာနယ်ထဲမှာတော့ ကြီးမားသည့် ရွှေရောင်ပုံရိပ်ကြီးတစ်ခု ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ထိုပုံရိပ်ကြီး၏ တည်နေရာက သေမျိုးထျန်းဟွမ်လောက ဆီသို့ ဖြစ်သည်။
ထိုအချိန် ယန်ချန်တို့ကတော့ ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာအား တဖြေးဖြေး တိုးဝင်နေလေသည်။ မူလက သစ်မြတ်ရတနာကို ရသည်နှင့် ပြန်ထွက်ရန် စဥ်းစားထားသော်လည်း အခြားဆေးပင်အနည်းငယ်ကို ရပြီးနောက် ယန်ချန်တစ်ယောက် စိတ်ကူးပြောင်းသွားတော့သည်။
“အဖိုးဝမ် ဒီအနားပတ်ဝန်းကျင်မှာ တောကောင်အချို့ ရှိလောက်လား”
ယန်ချန်ရဲ့အမေးကို အဖိုးဝမ်က ခေါင်းညိတ်ပြသည်။
“ရှိနိုင်တယ် ဒါပေမယ့် လူသားကျင့်ကြံသူတွေရဲ့ အရှိန်ဝါတွေကြောင့် သူတို့ထွက်လာရဲမှာ မဟုတ်ဘူး”
မင်ဝမ်က ထိုသို့ပြောရင်း တဆက်တည်းမှာပဲ အရှေ့စူးစူးမှ သွေးရောင်ကောင်းကင်ကြီးအား သတိပြုမိသွားသည်။
“သခင်လေးယန် ဟိုးဘက်မှာ တခုခုထူးခြားနေတယ်”
ယန်ချန်လည်း မင်ဝမ်ညွှန်ပြရာနေရာအား ကြည့်လိုက်သည်။ ချိုင့်ဝှမ်း၏ အခြားနေရာများတွင်လည်း ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို သတိပြုမိသွားပြီး အနည်းငယ် တုန်လှုပ်သွားသော်လည်း စပ်စုလိုစိတ်ပြင်းထန်သည့် လူသားသဘာဝအရ အချို့မှာ ထိုနေရာဆီ အလျင်မြန်ပဲ သွားရောက်ကြတော့သည်။
“ကျတော်တို့အဲ့နေရာကို သွားကြမယ်”
ယန်ချန်တယောက် ထိုသွေးနီရောင်ကောင်းကင် အောက်မည်သည့် အရာများ ရှိနေသည်ကို သိချင်မိသွားသည်။ မင်ဝမ်သည်လည်း ထိုနည်းအတူပင်။
သို့သော် ယန်ချန်တို့မသိတာက ထိုသွေးနီရောင် ကောင်းကင်ကြီးမှာ ထိုသို့ဖြစ်စေရန် တမင်ဆွဲဆောင်နေခြင်း ဖြစ်သည်။
ကျင်းလုံတို့မှာ သွေးနီရောင်ပုံရိပ်ကြီးဆီမှ ပြင်းထန်တဲ့ဖိအားကို စတင်ခံစားလာရပြီး မကြာခင်၌ အခြားကျင့်ကြံသူများ အဆက်မပြတ် ရောက်ရှိလာကြသည်။
“အို..ဘုရားရေ..ဒါကဘာကြီးလဲ”
“လူသားကျင့်ကြံသူပဲလား ပုံစံကတော့ လူပုံစံပါပဲ”
အကုန်လုံးက မှင်သက်စွာဖြင့် ကြည့်နေစဥ်မှာပဲ သွေးပုံရိပ်ကြီးမှာ တစတစ ကြီးထွားလာပြီး ကျင့်ကြံသူများအပေါ် ပြင်းထန်သည့် ဖိအားများ ပေးလာတော့သည်။
ယန်ချန်တို့ရောက်ရှိသွားချိန်၌ ကျင်းလုံတို့မှာ မြေပြင်ပေါ်မတ်မတ်ရပ်ရန်ပင် ခက်ခဲနေပြီး တုန့်ပြန်ရန်ဝေးစွ တဖက်မှ စတင်မတိုက်ခိုက်ရွေ့သာ အသက်ရှင်နေခြင်း ဖြစ်သည်။
မင်ဝမ်မှာ ထိုအဖြစ်ပျက်ကိုမြင်သည်နှင့် တုန်လှုပ်သွားပြီး ယန်ချန့်အား ဆွဲခေါ်လျက် နောက်ပြန်ဆုတ်ရန်ပြင်သည်။ သို့သော် သွေးပုံရိပ်ကြီးမှာ ပို၍ကြီးထွားလာနေပြီး ဖိအားမှာလည်း တိုးမြင့်လာသောကြောင့် ရှောင်တိမ်းရန်ပင် အချိန်မမီတော့ပဲ မင်ဝမ်တယောက် မြေပြင်ပေါ် ဒူးထောက်ကျသွားတော့သည်။
………………………………………………