ရှီဟွမ်နတ်ဘုရားမ
Vol. 21 Ch. 204
ထျန်းဟွမ်လောက အင်မော်တယ်လောကနဲ့ မူလလောကတို့ ပေါင်းစည်းထားတဲ့ လောကအကာရံများမှာ အက်ကြောင်းများ ထနေသည်ကို ရှီဟွမ် တွေ့မြင်သွားသည်။
ထိုအခြေနေကို ကမ္ဘာဝိဉာဥ်ပင် ပြုပြင်ရန်ခက်ခဲနေပြီး သူမကဲ့သို့ အစစ်မှန်နတ်ဘုရားအဆင့်လောက်နဲ့တော့ ပြုပြင်ရန်မလွယ်ကူချေ။
အင်မော်တယ်လောကမှာတော့ လုလင်းယွဲ့ တင်းဟောက်တို့မှာ တံခါးပိတ်ကျင့်ကြံနေကြပြီး ပြင်ပကိစ္စများကို သိရှိခြင်း မရှိကြချေ။
ရှီဟွမ်က ထျန်းဟွမ်လောကထဲ တိတ်ဆိတ်စွာ ဝင်ရောက်လိုက်သည်။ သူမအထဲရောက်ချိန်မှာပဲ ပြင်းထန်တဲ့ဖိအားကြီးကို အာရုံခံမိသွားပြီး ထိုနေရာမှာ သူမရောက်နေသည့် နေရာနဲ့ အနည်းငယ်သာ ကွာဝေးပေသည်။
“ဒီကိုတောင်ရောက်နေတာလား”
သူမတီးတိုးရေရွတ်နေစဥ်မှာပဲ သွေးမြစ်ကြီးက ၎င်းရဲ့သွေးစီးကြောင်းများကို ရုတ်သိမ်းလိုက်ပြီး ယန်ချန်နဲ့ရင်ဆိုင်နေသည့် သွေးပုံရိပ်ကြီးတစ်ခုသာ ကျန်ရှိတော့သည်။
ရှီဟွမ်တယောက် လျင်မြန်စွာပဲ ထိုနေရာအား ပျံသန်းသွားတော့သည်။ လောကစည်းမျဥ်းဖိနှိပ်မှုကြောင့် နတ်ဘုရားခြေလှမ်းသုံး၍ မရနိုင်ခြင်းက သူမကိုလေဟာနယ်ဖြတ်ကျော်ခြင်း ပြုလုပ်၍ မရစေတော့။
ထိုအချိန် အမှောင်ချိုင့်ဝှမ်းထဲမှာတော့ ယန်ချန်တယောက် ၎င်းတိုက်ခိုက်မှုမှာ ထိရောက်သည်ကိုမြင်လျင် အနည်းငယ် အားတက်သွားရသည်။ စနစ်၏လက်နက်များမှာ တကယ်ပင် ထိရောက်မှုရှိပေသည်။
“လာစမ်း..မင်းကိုငါမကြောက်ဘူး”
ယန်ချန်က သွေးနီပုံရိပ်ကြီးအား စူးစိုက်ကြည့်၍ နောက်ထပ် ဓားချက်များ ထပ်မံခုတ်ပိုင်းလိုက်သည်။ ထိုဓားချက်များမှာ စူးရှသည့် အလင်းတန်းကြီးများသဖွယ် သွေးပုံရိပ်ကြီးဆီ တိုးဝင်သွားပြီး ပိုက်ကွန်များသဖွယ် ပုံရိပ်ကြီးအား ဖုံးအုပ်သွားသည်။
“ကောင်လေး မင်းက ရောင့်တက်လာနေတာပဲ”
ပုံရိပ်ကြီးမှာ ဒေါသအကြီးကျယ် ထွက်သွားတော့သည်။ မူလက ထိုလူသားကို ဆော့ကစားရန် ဘိုးဘေးနတ်ဘုရားများ မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ဆိုင်းလိုသော်လည်း ထိုအကောင်ငယ်လေးမှာ မိမိအပေါ် ဖိအားများ ပေးလာသည်။
သွေးပုံရိပ်ကြီးက ပေါက်ကွဲထွက်သွားပြီး များပြားသည့် ပုံရိပ်ကြီးများအသွင် ပြောင်းလဲသွားကာ ဓားချက်များကို ထိပ်တိုက်ရင်ဆိုင်စေသည်။
ဝုန်း….
ပုံရိပ်များနဲ့ ဓားချက်များ အဆက်မပြတ်ထိခတ်မှုက ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားစေပြီး အဆင့်နိမ့်ကျင့်ကြံသူများမှာ သွေးပွက်ပွက်အန်ကြရတော့သည်။
“သေလိုက်စမ်း”
နောက်ထပ်ကြီးမားသည့် လက်ကြီးနှစ်ဖက်က ယန်ချန့်ဆီ တိုးဝင်လာသည်။ ထိုလက်ကြီးမှာ မည်သည့်အတားအဆီးကိုမဆို ဖြတ်ကျော်နိုင်စွမ်းရှိပုံရပြီး ယန်ချန်ရဲ့ဓားချက်များကို အလွယ်တကူပဲ ဖြတ်ကျော်လာလေသည်။
“မကောင်းတော့ဘူး…”
ယန်ချန် အနည်းငယ်တုန်လှုပ်သွားသည်။ လက်ကြီးနှစ်ဖက်က လျင်မြန်စွာတိုးဝင်လာပြီး ထိုအရာကိုတားဆီးရန် တိုက်ပွဲအတွေ့ကြုံ မရှိသည့်ယန်ချန်အဖို့ ခက်ခဲနေလေသည်။
“သခင်လေး..”
“သခင်လေးယန်”
မင်ဝမ် ကျင်းလုံ စုလဲ့တို့မှာလည်း တုန်လှုပ်စွာဖြင့် ယန်ချန့်ကိုကူညီရန် ပျံသန်းလာကြတော့သည်။ သို့သော် ပြင်းထန်တဲ့ဖိအားက ထိုသူများကို မြေပေါ်ပြုတ်ကျသွားစေသည်။
“မင်း..မလွတ်တော့ပါဘူး”
ယန်ချန်တစ်ယောက် စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေချိန်မှာပဲ မထင်ထားတဲ့ အပြောင်းလဲတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ရွှေရောင် ဓားတစ်ချောင်းက လက်ကြီးနှစ်ဖက်ကို ထိုးဖောက်သွားခြင်းဖြစ်ပြီး ကြီးမားတဲ့လက်ကြီးနှစ်ဖက်မှာ ပြာမှုန်များအလား ပျောက်ကွယ်သွားတော့သည်။
“ရှီဟွမ်…”
ပုံရိပ်ကြီး၏ ကျယ်လောင်တဲ့အော်မြည်သံကြီးက ကျင့်ကြံသူများရဲ့ နားစည်အား ပြင်းထန်စွာ ထိခတ်သွားသည်။
“အား…”
“ကယ်ကြပါဦး…”
ယန်ချန့်အကြည့်က ကောင်းကင်ထက် တနေရာဆီ ရောက်သွားသည်။ ထိုနေရာမှာတော့ ရွှေရောင်ဖုံးလွှမ်းထားသည့် ခမ်းနားတဲ့အသွင်ပြင်နဲ့ ပုံရိပ်တစ်ခုရှိနေပြီး ထိုပုံရိပ်မှာ ကျက်သရေရှိသည့်အသွင်ပြင်နဲ့ အမျိုးသမီးတစ်ဦး ဖြစ်နေလေသည်။
“ဟမ့်…နင်က လောကစည်းမျဥ်းတွေကိုတောင် ချိုးဖောက်ရဲနေပြီပေါ့”
ထိုအမျိုးသမီးက ဓားရှည်ကိုအနည်းငယ် ဝေ့ယမ်းပြီးနောက် စကားဆိုသည်။
“ကောင်မလေး ငါ့ရဲ့မူလကိုယ်ကြီးသာလာရင် မင်းဒီလိုလေသံနဲ့စကားပြောရဲမှာ မဟုတ်ဘူး ဘိုးဘေးနတ်ဘုရားတွေ ထောက်ပံ့ထားတယ်ဆိုတိုင်း ငါမင်းကို မသတ်ရဲဘူးထင်နေတာလား”
“ရှင်..ကြိုးစားကြည့်လို့ရတယ်”
ရှီဟွမ်က အနည်းငယ်မျှပင် ကြောက်ရွံ့ဟန်မပြချေ။ ထိုကိုယ်ပွားမှာ အစစ်မှန်နတ်ဘုရားများနဲ့ ယှဥ်နိုင်သော်လည်း တခေတ်မှာ တယောက်ထွန်းပေါက်ခဲ့သည့်သူမက အဆင့်တူ၌ ပြိုင်ဘက်ကင်းပေသည်။