ရှီဟွမ်နဲ့ ဘိုးဘေးနတ်ဘုရားများ
Vol. 21 Ch. 206
“ဘိုးဘေးတို့ကို ဂါဝရပြုပါတယ်”
ရှီဟွမ်တစ်ယောက် ဘိုးဘေးနတ်ဘုရားလေးပါးအား ဂါဝရပြု နှုတ်ဆက်လိုက်သည်။
ပထမနတ်ဘုရားက ရှီဟွမ်ကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ရှီဟွမ်မှာ ထူးချွန်သည့် ပါရမီရှင်လူငယ်တစ်ဦးဖြစ်ပြီး စတင်ကျင့်ကြံချိန်မှစ အစစ်မှန်နတ်ဘုရားတစ်ပါး ဖြစ်လာသည်အထိ ပင်ကိုယ်ပါရမီနှင့် လုံ့လဝီရိယကိုသာ အားကိုးခဲ့သူဖြစ်သည်။
နတ်ဘုရားလမ်းစဥ်ကို စတင်ထိတွေ့ပြီးနောက် ဘိုးဘေးနတ်ဘုရားများ၏ သင်ပြပေးမှုက ရှီဟွမ်ကို အဆင့်တူနတ်ဘုရားများကြား ပြိုင်ဘက်ကင်းနတ်ဘုရားမတစ်ပါး ဖြစ်လာစေခဲ့သည်။
“ရှီဟွမ် ရွေးချယ်ခံကို မင်းတွေ့ခဲ့လား”
စတုတ္ထဘိုးဘေးနတ်ဘုရားက မေးခွန်းထုတ်လာသည်။ ရှီဟွမ်က
“တေွ့ခဲ့ပါတယ် အဲ့လူငယ်က ဘိုးဘေးတို့ ရွေးချယ်ထားတဲ့တစ်ယောက်များလား သူ့ပုံစံ ကြည့်ရတာ..”
ရှီဟွမ်ရဲ့စကားကို ဒုတိယဘိုးဘေးနတ်ဘုရားက တားဆီးရင်း စကားဆိုသည်။
“အဲ့ဒါက ငါတို့တွေသူ့ရဲ့စွမ်းအား အစစ်မှန်ကို ထိန်းချုပ်ထားလို့ပဲ နောက်ပြီး သူ့ရဲ့တကယ့်ကျင့်ကြံဆင့်ကို မြင့်တင်ပေးဖို့ ငါတို့အနှစ်တစ်ရာ အချိန်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဒါပေမယ့်..”
ပထမဘိုးဘေးနတ်ဘုရားက ဝင်ရောက်ပြောဆိုလာသည်။
“အမှန်ပဲ သူ့ကိုမူလက စကြာဝဋာရဲ့ ကြီးမားတဲ့ တာဝန်ကြီးကိုမထမ်းခင် သာမန်လူသားဘဝတခု နေခွင့်ပေးဖို့ဆုံးဖြတ်ခဲ့တယ် ဒါပေမယ့် အခြေနေက မင်းသိတဲ့အတိုင်းပဲ နတ်ဘုရားဝါးမြိုသူ မိစ္ဆာကြီးက လှုပ်ရှားလာပြီ”
ရှီဟွမ်က သိလိုဟန်ဖြင့် မေးသည်။
“အဲ့မိစ္ဆာက ဘာလို့အချိန်စောပြီး လှုပ်ရှားလာရတာလဲ”
ထိုမေးခွန်းကိုဖြေရန် ဘိုးဘေးနတ်ဘုရားများမှာ အနည်းငယ် တုန့်ဆိုင်းနေသေးသည်။ သို့သော် အချိန်တန်လာပြီဖြစ်၍ ဖုံးကွယ်ထားရန် မသင့်တော်တော့ဟု ဆုံးဖြတ်ကာ ရှီဟွမ်အား အကြောင်းစုံရှင်းပြရန် ဆုံးဖြတ်လိုက်ကြသည်။
ပထမဘိုးဘေးနတ်ဘုရားက
“နတ်ဘုရားဝါးမြိုသူ မိစ္ဆာကြီးက သက်တမ်းအဆုံးသတ်ကိုရောက်နေပြီလေ နောက်ပြီး နောက်ထပ် စကြာဝဋာတွေအများကြီး ထပ်မပေါ်လာတော့တာက နတ်ဘုရားတွေရဲ့ ယုံကြည်မှုစွမ်းအားတွေကို လျော့နည်းလာစေတယ် ဒါကိုသူက သတိပြုမိလိုက်တော့ ငါတို့အစောင့်ရှောက်နတ်ဘုရားတွေ ကာကွယ်ထားတဲ့ စကြာဝဋာတွေကို စတင်ထိပါးလာတာပဲ အဓိက အကြောင်းရင်းက သူကပျက်စီးဖို့နီးနေပြီ”
ရှီဟွမ်ရဲ့ အမူအရာမှာ အလွန်လေးနက်သွားသည်။ ဘိုးဘေးနတ်ဘုရားများကိုပင် ခေါင်းစားစေနိုင်သည့် ထိုမိစ္ဆာကောင်မှာ အင်မတန်အစွမ်းထက်သူဖြစ်သည်။ ထိုစဥ် ပထမဘိုးဘေးနတ်ဘုရားက ဆက်ပြောပြန်သည်။
“နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခု ရှိသေးတယ်”
“ဘာများလဲ ဘိုးဘေး”
“အဲ့ဒါကတော့ ဒီအဆုံးမဲ့တဲ့ စကြာဝဋာတွေကို အုပ်ချုပ်မယ့် ထာဝရနတ်ဘုရားတစ်ပါး ပေါ်ထွက်စေမယ့် စီမံကိန်းပဲ”
“ထာဝရနတ်ဘုရား ဟုတ်လား အဲ့ဒါက နတ်ဘုရားလမ်းစဥ်ရဲ့ အဆုံးသတ်ပေါ့”
ရှီဟွမ်မှာ ဘိုးဘေးနတ်ဘုရားအဆင့်အထက် ထာဝရနတ်ဘုရားအဆင့် ရှိနေသည်ကို ကြားသိလိုက်ရပြီး မှင်သက်သွားသည်။ အဆုံးမဲ့ စကြာဝဋာကိုအုပ်ချုပ်ခြင်းနဲ့ ထာဝရ..။
ထိုစကားလုံးများက ထုထည်ကြီးမားပြီး ပြင်းထန်တဲ့ဖိအားများကို ဆောင်ယူလာစေသည်။
“ဟုတ်တယ် ငါတို့တွေက ထာဝရအဆင့်ကိုရောက်ဖို့ လမ်းမရှိတော့ဘူး ဒီတော့ ငါတို့ရဲ့မူလနတ်ဘုရားစွမ်းအင်တွေကို ပေါင်းစည်းပြီး နောက်ထပ်နတ်ဘုရားတစ်ပါး ထပ်ပေါ်ဖို့ ငါတို့ကြိုးစားခဲ့ကြတာ လမ်းတဝက်ထိ အောင်မြင်နေပြီလို့ဆိုနိုင်တယ် ရှီဟွမ်..”
ပထမဘိုးဘေးနတ်ဘုရားက ရှီဟွမ့်ကို စူးစိုက်ကြည့်လိုက်သည်။
“မင်းကို ငါတို့ကျေးဇူးတင်ပါတယ် မင်းသာမကူညီခဲ့ရင် ရွေးချယ်ခံက အခုဆို အဆုံးသတ်ပြီး ငါတို့ရဲ့စီမံကိန်းကြီးကလည်း ပျက်စီးနေလောက်ပြီ”
ရှီဟွမ်က ကမန်းကတန်း ငြင်းဆိုသည်။ သူမအနေဖြင့် ဘိုးဘေးများထံမှ ချီးကျူးစကားများ ရယူလိုခြင်း မရှိပါချေ။ ထိုဘိုးဘေးများက သူမတို့ကဲ့သို့ နတ်ဘုရားများစွာကို စောင့်ရှောက်ပေးခဲ့ပြီး ထိုဘိုးဘေးများကြောင့် စကြာဝဋာများမှာ ဘေးကင်းနေခြင်း ဖြစ်သည်။
“မဟုတ်တာပဲ ဒါက ကျွန်မလုပ်ဆောင်သင့်တာပါ”
“ဘာပဲပြောပြောမင်းရဲ့အကူညီက အချိန်အနည်းငယ်ရစေခဲ့တယ် မကြာခင် ကောင်လေးကို နိုးထဖို့ ငါတို့ကြိုးစားတော့မယ် သူက အမြင့်ဆုံးအဆင့်ထိ တိုးဖောက်သွားနိုင်မယ့် ပါရမီပါမပါကတော့ ကံတရားကပဲ ဆုံးဖြတ်သွားလိမ့်မယ် ဒီနောက်ပိုင်း လောကငယ်တွေကို ဂရုစိုက်ထားပါ ပြီးတော့ ရွေးချယ်ခံရဲ့ အခြေနေကို အဝေးကနေ စောင့်ကြည့်နေပါ လိုအပ်တာရှိရင် ငါတို့တိုက်ရိုက် အကြံပေးမယ် ဟုတ်ပြီလား”
ပထမဘိုးဘေးနတ်ဘုရားက အဝေးတနေရာမှ သွေးမြစ်ကြီးအား စူးစိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
“ငါတို့ သူ့ကိုအစွမ်းကုန်သုံးပြီး နှိမ်နှင်းရင်လည်း သူ့ရဲ့နောက်ဆုံးရုန်းကန်မှုက ဆုံးရှုံးမှုကြီးစေဦးမယ် ဒီတော့ ထာဝရအဆင့် နတ်ဘုရားတစ်ပါးမွေးထုတ်ပြီး သူ့ကိုအပြတ်အသတ် ဖိနှိပ်တာကလွဲပြီး ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူးပေါ့”
ထိုအချိန် ထာဝရကျေးရွာမှာတော့ ယန်ချန်တစ်ယောက် သစ်မြတ်ရတနာကို အချောသတ်ရင်း ယင်ယင့်အတွက် ပရိဘောဂတစ်ခု ပြုလုပ်နေသည်။
အချိန်အများစုကို အလုပ်ထဲအာရုံစိုက်ရင်း ကုန်ဆုံးရန်ကြိုးစားနေသော်လည်း သူ့အတွေးထဲမှာတော့ အရွေးချယ်ခံ ဘိုးဘေးနတ်ဘုရားနဲ့ ရှီဟွမ်နတ်ဘုရားမ စသည်တို့၏ အကြောင်းများသာ ပြည့်နေခဲ့သည်။
“ရှီဟွမ်လောကရဲ့ နတ်ဘုရားမ ပြီးတော့ ဘိုးဘေးနတ်ဘုရားတွေ.”
ယန်ချန်က ဦးခေါင်းကိုအဆက်မပြတ် ခါယမ်းပြီး အတွေးစများအား ဖယ်ထုတ်လိုက်သည်။ မိမိကို မည်သူက ချုပ်ကိုင်ထားသနည်း။ မိမိဘဝက ထိုဘိုးဘေးနတ်ဘုရားများ၏ စီမံကိန်းဝင် အရာတစ်ခု ဖြစ်နေသလော။
ထိုအချက်က အဓိပ္ပါယ်မရှိဟု သူထင်သည်။ မည်သူမဆို မိမိကံကြမ္မာအား မိမိသာ အုပ်ထိန်းလိုသည်မဟုတ်လား။
အမှောင်ချိုင်ဝှမ်းထဲမှ အဖြစ်ပျက်မှာ ထျန်းဟွမ်လောကတခုလုံး ပြန့်နှံ့နေပြီး အပြင်ဘက်၌ ယန်ချန်ရဲ့ဂုဏ်သတင်းမှာ ထိပ်ဆုံးထိရောက်နေလေသည်။
နတ်ဘုရားမတစ်ပါး ရောက်ရှိလာခြင်းနဲ့ နတ်ဘုရားကဲ့သို့ အစွမ်းထက်သည့် မိစ္ဆာကြီးအား တုန့်ပြန်ခြင်း စသည့်အကြောင်းများက ကျင့်ကြံသူများကြား အတောမသတ်နိုင်သည့် ဆွေးနွေးစရာအကြောင်းများ ဖြစ်နေစေသည်။
“ဒါဆို သခင်လေးယန်က အရွေးချယ်ခံပေါ့”
တင်းဟောက်က အဖြစ်ပျက်များကို အကြောင်းစုံကြားသိပြီးနောက် တုန်လှုပ်မှု အထင်းသားဖြင့် တုန့်ပြန်လာသည်။ လုလင်းယွဲ့နဲ့ မိုးမြေဧကရာဇ်မှာမူ အနည်းငယ်တည်ငြိမ်နေသေးပြီး မင်ယုရှန်းဖြစ်စေ အခြားအင်မော်တယ်များဖြစ်စေ အကုန်လုံးက ယန်ချန်ရဲ့ အစစ်အမှန်ပုံရိပ်ကို အသီးသီး ခန့်မှန်းနေကြလေသည်။
သို့သော် နတ်ဘုရားတစ်ပါးမှ မရှိသည့်အပြင် နတ်ဘုရားလမ်းစဥ်ကို ထိတွေ့ပြီး နတ်ဘုရားတစ်ပါးစဖြစ်ကာစ လုလင်းယွဲ့နဲ့ တင်းဟောက်တို့ပင် နတ်ဘုရားလမ်းစဥ်မှ အဆင့်များကို မသိထားကြသောကြောင့် ဘိုးဘေးနတ်ဘုရားများက မည်သည့်အဆင့်၌ ရပ်တည်နေသည်ကို မခန့်မှန်းနိုင်ကြချေ။