သွေးမြစ်ကြီးက နတ်ဘုရားဝါးမြိုသူမိစ္ဆာလား
Vol. 21 Ch. 207
မင်ယုရှန်းဖြစ်စေ လုလင်းယွဲ့ဖြစ်စေ စုလဲ့ဖြစ်စေ သူမတို့အားလုံးရဲ့ အမူအရာမှာ အလွန်လေးနက်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အရွေးချယ်ခံဖြစ်ခြင်းက ကောင်းသည်ဟုလည်း မဆိုနိုင်ပေ။ ကြီးလေးသည့် တာဝန်ကြီးတစ်ခု ထမ်းဆောင်ရမည့် ကံတရားလည်း ဖြစ်သွားနိုင်သေးသည်။
“ငါတို့ သခင်လေးကို ကူညီနိုင်တာ တစ်ခုခုများ ရှိလား”
စုလဲ့က မေးခွန်းထုတ်သည်။ ထိုမေးခွန်းကိုကြားလျင် အခြားသူများမှာလည်း လေးနက်သွားကြပြီး ယန်ချန်ကိုမည်ကဲ့သို့ ကူညီရမည်အား စတင်စဥ်းစားကြတော့သည်။
“သူ့ကိုနင်တို့မကူညီနိုင်ဘူး”
ထိုစဥ် သာယာသည့်စကားသံတစ်ခု ထွက်ပေါ်လာပြီး အသံနဲ့အတူ ရွှေရောင်ပုံရိပ်တစ်ခုက ဝင်ရောက်လာသည်။ ထိုပုံရိပ်ကိုမြင်လျင် ကျင်းလုံနဲ့ စုလဲ့တို့မှာ မှင်သက်သွားကြသည်။
“ရှီဟွမ် နတ်ဘုရားမ”
အကုန်လုံးရဲ့အကြည့်က ဆွဲဆောင်မှုရှိသည့် အမျိုးသမီးထံ ရောက်ရှိသွားကြပြီး ထိုအမျိုးသမီး၏ အရှိန်အဝါနဲ့ အသွင်ပြင်မှာ နတ်ဘုရားတစ်ပါးဖြစ်နေသည့် လုလင်းယွဲ့ကိုပင် ဖိအားပေးနိုင်လေသည်။
“သူက ဘိုးဘေးတို့ရဲ့ရွေးချယ်ခံပဲ သူ့တာဝန်က နင်တို့ထင်ထားတာထက် ပိုကြီးပြီး ပိုလည်းခက်ခဲတယ်”
သူမစကားကိုကြားလျင် မိုးမြေဧကရာဇ်က တုန့်ပြန်သည်။
“ကျုပ်တို့ကို သခင်လေးနဲ့ပက်သက်ပြီး အကြောင်းစုံရှင်းပြပေးလို့ရမလား အနည်းဆုံးတော့ သူရင်ဆိုင်ရမယ့်အရာကို ကျုပ်သိချင်တယ်”
အခြားသူများကလည်း မိုးမြေဧကရာဇ်ရဲ့စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ပြကြသည်။ ရှီဟွမ်က ခုံတခု၌ ကျော့မော့စွာ ဝင်ထိုင်လိုက်ပြီး အကုန်လုံး၏ မျက်နှာများအား တချက်ဝေ့ ကြည့်လိုက်သည်။ ပြီးနောက်
“နင်တို့က ရွေးချယ်ခံကို သစ္စာရှိနေကြသူတွေပေါ့ ကောင်းပြီ သူကဘာလို့ရွေးချယ်ခံ ဖြစ်လာရသလဲဆိုတာတော့ ငါ့အဆင့်နဲ့ မပြောနိုင်ဘူး ပြောနိုင်တာတခုက သူရင်ဆိုင်ရမယ့်ကိစ္စကြီးနှစ်ခုရှိတယ် ပထမတစ်ခုက နတ်ဘုရားဝါးမြိုသူမိစ္ဆာကြီးကို အနိုင်ယူဖို့နဲ့ အဲ့လိုအနိုင်ရဖို့ သူက ထာဝရအဆင့်ကို ချိုးဖောက်နိုင်ရမယ် ဆိုတာပဲ”
နတ်ဘုရားဝါးမြိုသူမိစ္ဆာ..ပြီးတော့ ထာဝရ..။
အကုန်လုံးရဲ့ အမူအရာများမှာ အနည်းစိတ်ရှုပ်ထွေးခြင်း အံ့သြတုန်လှုပ်ခြင်းများနဲ့ ပြည့်နှက်သွားကြသည်။ လုလင်းယွဲ့က သူမသိလိုသည့် အကြောင်းရင်းကို ထုတ်ဖော်မေးလာသည်။
“နတ်ဘုရားတွေမှာ ဘယ်လိုအဆင့်တွေရှိလဲ ဘိုးဘေးနတ်ဘုရားဆိုတာ ဘာလဲ”
ထိုမေးခွန်းကို အခြားသူများလည်း သိလိုနေကြသည်။ ရှီဟွမ်က ခေါင်းတချက်ညိတ်ပြလိုက်ပြီး တုန့်ပြန်လာသည်။
“နတ်ဘုရားလမ်းစဥ်မှာ အဆင့် ၅ ဆင့်ရှိတယ် ပထမဆုံးအဆင့်က နတ်ဘုရားစဦးအဆင့်ပဲ အဲ့အဆင့်က လက်ရှိနင်တို့ရောက်နေတဲ့အဆင့်ပေါ့”
ရှီဟွမ်က လုလင်းယွဲ့ တင်းဟောက်တို့အားကြည့်၍ ပြောလိုက်သည်။ ပြီးနောက် ဆက်ပြောပြန်သည်။
“နောက်တဆင့်က နတ်ဘုရားဘုရင်အဆင့် သူမှာအဆင့်သေး ၄ဆင့်ရှိပြီး အစ အလယ် နှောင်းနဲ့ အထွဋ်အထိပ်ပဲ နတ်ဘုရားဘုရင်ပြီးရင် နတ်ဘုရားဧကရာဇ်အအဆင့် သူ့မှာလည်း နတ်ဘုရားဘုရင်လိုပဲ အဆင့်သေး၄ ဆင့်ရှိတယ် အဲ့အထက်မှာတော့ လက်ရှိငါ့အဆင့်ဖြစ်တဲ့ အစစ်မှန်နတ်ဘုရားအဆင့် နဲ့ ငါ့အထက်မှာ ဘိုးဘေးနတ်ဘုရားအဆင့်ဆိုပြီး အပိုင်းကြီး ၅ပိုင်းခွဲထားတယ်”
“ဒါဆို ထာဝရအဆင့်ဆိုတာက..”
မင်ဝမ်က မေးသည်။
“မရှိဘူး အတိကျဆို အဲ့အဆင့်က မရှိခဲ့ဘူး ဒါပေမယ့် အဆုံးမဲ့တဲ့ စကြာဝဋာရဲ့ ယိုယွင်းပျက်စီးမှုကို ထိန်းချုပ်ဖို့နဲ့ နတ်ဘုရားဝါးမြိုသူမိစ္ဆာကို အပြတ်အသတ် ဖိနှိပ်ဖို့က ဘိုးဘေးနတ်ဘုရားအဆင့်ထက်ပို မြင့်တဲ့အဆင့်တစ်ခု လိုအပ်တယ်လို့ ဘိုးဘေးတွေက သက်မှတ်ပြီး ရွေးချယ်ခံကိစ္စ ဖြစ်လာရတာပဲ”
မင်ယုရှန်းမှာ ယန်ချန်နောက်ပိုင်း ကြုံတွေ့ရမည့် ကိစ္စကြီးအား တွေးမိကာ စိတ်မသက်မသာဖြစ်သွားရသည်။ လုလင်းယွဲ့လည်းထိုနည်းတူပင်။ ယန်ချန်မှာ သေမျိုးဘဝကိုပျော်မွေ့နေသော်လည်း အဆုံးသတ်၌ အဆုံးမဲ့တဲ့ စကြာဝဋာကြီးတစ်ခုလုံးရဲ့ တာဝန်မှာ ယန်ချန့်ပုခုံးပေါ်၌ ရှိနေခြင်းဖြစ်သည်။
“ကျွန်မတို့ တတ်နိုင်တဲ့ကိစ္စများရှိမလား”
မင်ယုရှန်းက သေးသွယ်တဲ့လက်သီးဆုပ်လေးများကို တင်းကြပ်စွာဆုပ်ရင်း မေးလိုက်သည်။ ရှီဟွမ်က ခေါင်းအသာယမ်းရင်း
“မရှိဘူး နင်တို့လုပ်နိုင်တာက နင်တို့ရဲ့ခွန်အားတွေကို မြင့်နိုင်သလောက် မြင့်တင်တာပဲ ဒါတောင်မှ နင်တို့က အကူညီမဖြစ်စေဘူး အကယ်၍ ရွေးချယ်ခံသာ ကျဆုံးခဲ့ရင်တော့..”
“ဘာဆက်ဖြစ်မှာလဲ သခင်လေးသာ မအောင်မြင်ခဲ့ရင် ဘာတွေဆက်ဖြစ်မှာလဲ”
အကုန်လုံးရဲ့ မျက်လုံးအစုံက တောက်ပသွားသည်။
“အဆုံးမဲ့စကြာဝဋာပြီး အဆုံးသတ်ပြီ”
ပြင်းထန်တဲ့သက်ရောက်မှုကြီးတစ်ခု အကုန်လုံးရဲ့ ရင်ဝအားဆောင့်ကန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အဆုံးမဲ့ စကြာဝဋာကြီးကိုပင် အဆုံးသတ်သွားစေမည့် အရေးကိစ္စကြီးဆိုသည်ကား…။
ယန်ချန်ကတော့ ထိုစုဝေးမှုကိုမသိချေ။ အချိန်အများစုကို ဆေးဖော်ခြင်း လက်နက်ပြုလုပ်ခြင်း ပရိဘောဂများ ပြုလုပ်ခြင်းတို့နဲ့သာ ကုန်ဆုံးစေခဲ့ပြီး ကျေးရွာအပြင်ဘက်သို့ပင် ထွက်ခွာခြင်း မရှိတော့ချေ။