← Chapters

အချိန်ထိန်းချုပ်ခြင်း အစီရင်အင်းပြား

Vol. 21 Ch. 208

အချိန်ထိန်းချုပ်ခြင်း အစီရင်အင်းပြား

Vol. 21 Ch. 208

ယန်ချန်တစ်ယောက် အိမ်တွင်းပရိဘောဂ အသစ်များအား နေရာချနေလေသည်။

ပရိဘောဂအသစ်များမှာ သစ်မြတ်ရတနာဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လက်ရာများမှာလည်း အံ့မခန်းပင်။

ရှုယင်မှာ ကြီးမားသည့် သစ်သားကုတင်ကြီးအားကြည့်လျက် မှင်သက်နေသည်။ ထိုကုတင်ကြီး၏ လက်ရာမှာ သူမတွေ့ဖူးသမျှ၌ အကောင်းဆုံးဟုပင် ဆိုနိုင်သည်အထိ ခမ်းနားလေသည်။ ကုတင်ရဲ့ခေါင်းရင်းပိုင်းကို ထူးခြားသည့် အလှဆင်ကနုတ်လက်ရာများဖြင့် ပုံဖော်ထားပြီး ထိုကနုတ်လက်ရာများမှာ ယန်ချန့်မူလကမ္ဘာမှ အလှဆင်လက်ရာများဖြစ်၍ ကျင့်ကြံခြင်းကမ္ဘာ၌ ရှားပါးလေသည်။

ကုတင်ကြီးအပြင် စားပွဲများ ထိုင်ခုံများသာမက အဝင်တံခါးမကြီးကိုပင် ထူးခြားသည့် သစ်သားတံခါးကြီးတချပ်က နေရာယူထားလေသည်။

ရှုယင်က တံခါးချပ်ကြီးအား ညင်သာစွာပွတ်သပ်ရင်း မေးလိုက်သည်။

“သခင်လေး ဒါကဘာသစ်နဲ့လုပ်ထားတာလဲ”

ယန်ချန်က ရှုယင်ရဲ့အမေးအား တုန့်ပြန်သည်။

“အဲ့ဒါ သစ်မြတ်ရတနာလေ ထျန်းဟွမ်လောကတခုလုံးမှာ အရှားဆုံးနဲ့ တန်ဖိုးအရှိဆုံး သစ်တစ်မျိုးပေါ့”

“အဲ့လောက်တောင်လား”

ရှုယင်မှာ ထိုမျှတန်ဖိုးကြီးသည့် သစ်များကို ယန်ချန်က အိမ်သုံးပရိဘောဂများ ပြုလုပ်လိုက်သည့်အတွက် အနည်းငယ်ပင် နှမြောသလို ခံစားသွားရသည်။

“ဟုတ်တယ် သူကတခြားသစ်တွေနဲ့မတူဘူး အကြမ်းခံတာ လိုသလိုပုံဖော်နိုင်တာနဲ့ ရှားပါးတာက သူရဲ့အစစ်မှန်တန်ဖိုးတွေပဲ ကျတော်အမှောင်ကုန်းမြေတခုလုံးရှာတာတောင် တစ်ပင်ပဲတွေ့ခဲ့တာ ဘယ်လောက်ရှားလဲ စဥ်းစားကြည့်ပေါ့”

ယန်ချန်က အနည်းငယ်ဂုဏ်ယူနေဟန်ဖြင့် ပြောလိုက်သည်။ အမှောင်ချိုင့်ဝှမ်းထဲက ကိစ္စများကိုတော့ ရှုယင်တစ်ယောက်စိတ်ပူသွားမှာစိုး၍ ထုတ်မပြောလိုက်ချေ။

ထိုစဥ် ခြံဝန်းထဲဆော့ကစားနေသည့် ယင်ယင်လေးမှာ အိမ်ထဲပြေးဝင်လာသည်။

“မေမေ သမီးဗိုက်ဆာတယ်”

သူမလေးရဲ့အသံကိုကြားလျင် ရှုယင်မှာချက်ချင်းပဲ ပြေးဝင်လာသည့် ယင်ယင်အားပွေ့ချီလိုက်သည်။

“အဆော့မက်လေး အခုတော့ ဗိုက်ဆာနေပြီပေါ့”

ရှုယင်က သမီးဖြစ်သူ၏ မို့အစ်နေသည့် ပါးမို့မို့နှစ်ဖက်အား ခပ်ကြမ်းကြမ်း နမ်းပစ်လိုက်သည်။ ယင်ယင်မှာ စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်ပြီး ယန်ချန့်ဘက်လှည့်ကာ ပြောလာသည်။

“ဦးဦး သမီးကိုလေ ဒါနဲ့တူတဲ့ ကစားစရာတစ်ခု ထပ်လုပ်ပေးပါဦး”

ယန်ချန့်အကြည့်က ယင်ယင်လေးကမ်းပေးသည့် ပစ္စည်းထံ အကြည့်ရောက်သွားသည်။ ထိုအရာက လူကြီးလက်တဖဝါးစာ သစ်သားပြားတစ်ခုသာ ဖြစ်သည်။

“ဘာများပါလိမ့် ငါလည်းသစ်သားပြားကြီးကို ကစားစရာဆိုပြီး မပေးဖူးပါဘူး”

ယန်ချန်တစ်ယောက် သစ်သားပြားကို သေချာကြည့်နေစဥ်မှာပဲ ရှုယင်က သမီးဖြစ်သူကို ချီလျက်ထမင်းစားခန်းထဲ ဝင်ရောက်သွားသည်။

“ဟမ်..အစီရင်တစ်ခုပါနေတာလား”

ယန်ချန်ရဲ့မျက်လုံးအစုံက တောက်ပသွားသည်။ သာမန်သစ်သားပြားဟု ထင်ရသည့် အရာပေါ်၌ သူပင်လိုက်မမီသည့် အစီရင်ကြီးတစ်ခုပါနေသည်မှာ ထူးခြားပေသည်။

“ဒါက ဘာအစီရင်လဲ အချိန်ကိုထိန်းချုပ်တာလား”

ယန်ချန်လည်း ထိုသစ်သားပြားအား ကိုင်လျက် စာဖတ်ခန်းထဲ အလျင်မြတ်ဝင်ရောက်သွားသည်။ အခန်းထဲရောက်လျင် စနစ်ဆီမှ လက်ဆင့်ကမ်းထားသည့် အစီရင်များစာအုပ်အား ထုတ်ယူကာ တိုက်ဆိုင်စစ်ဆေးတော့သည်။

“မဟုတ်သေးဘူး.”

“မဟုတ်ပြန်ဘူး ဒါကနည်းနည်းပိုထူးခြားတယ်”

“ဒီအစီရင် ဖြစ်နိုင်လား အာ.. မဟုတ်သေးပြန်ဘူး”

နာရီအနည်းငယ်ကြာသည်အထိ စစ်ဆေးနေသော်လည်း အနည်းငယ်နီးစပ်သည့် အစီရင်ကိုပင်ရှာမတွေ့ပဲ သူသင်ခဲ့သမျှထဲတွင်လည်း မပါဝင်ချေ။

“စိတ်ဝင်စားဖို့ကောင်းတယ် စနစ်ရဲ့သင်ကြားမှုထက် ကျော်လွန်နေတဲ့ အစီရင်ပဲ ယင်ယင်က ဒီဟာကိုဘယ်ကနေ ရလာတာပါလိမ့် ဒါမှမဟုတ် စနစ်ထက် သာလွန်တဲ့ ကျင့်ကြံသူရှိနေတာလား”

ယန်ချန့်အတွေးက သွေးပုံရိပ်ကြီးဆီ ရောက်သွားသည်။ ထိုပုံရိပ်ကြီးမှာ ယန်ချန်ပြုလုပ်ထားသည့် လက်နက်နဲ့ပင် ခုခံနိုင်သူဖြစ်၍ စနစ်ထက်သာလွန်သည်မှာ မဖြစ်နိုင်ဟု သူထင်သည်။

ဒါဆို ရှီဟွမ်နတ်ဘုရားမလား။ ဖြစ်နိုင်တယ် သူမက ငါမသိအောင် ယင်ယင့်ကိုတိတ်တိတ်လေး ပေးလိုက်တာပဲ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ငါလည်းအားနေတာပဲ လေ့လာလို့ရတာပေါ့။

ယန်ချန်မှာ ထိုအစီရင်ပြားကို သာမန်ဟုသာ မှတ်ယူလိုက်ပြီး အချိန်ရပါက လေ့လာမည်ဟု တွေးကာ စာဖတ်ခန်းထဲ၌ သိမ်းဆည်းလိုက်တော့သည်။

ထိုအချိန် မင်ယုရှန်းတို့ဘက်မှာတော့ ရှီဟွမ်က နတ်ဘုရားလမ်းစဥ်နဲ့ ယုံကြည်မှုစွမ်းအားများ မည်ကဲ့သို့စတင်ဖြစ်ပေါ်ပုံနဲ့ သူတို့၏ အစွမ်းသတ္တိများကို အလေးအနက်ရှင်းပြနေလေသည်။

လုလင်းယွဲ့နဲ့ တင်းဟောက်တို့မှာ အင်မော်တယ်လောက၌ ခွန်အားအရဖြစ်စေ ဂုဏ်သိက္ခာအရဖြစ်စေ ထူးခြားသူများဖြစ်သောကြောင့် နတ်ဘုရားလမ်းစဥ်၏ ထူးခြားတဲ့ ယုံကြည်မှုစွမ်းအင်ကို ရရှိရန်မခက်ခဲပေ။

“နတ်ဘုရားတွေက အဆုံးမဲ့သက်တမ်း ရှိနေတာတော့မဟုတ်ဘူး နတ်ဘုရားတွေလည်း သေနိုင်တယ် ဒီအဆုံးမဲ့စကြာဝဋာတခုလုံး ကံတရားဆိုတဲ့ ကောင်းကင်အောက်က မလွတ်မြောက်နိုင်ဘူး ငါတို့က သေခြင်းတရားကို အချိန်ဆွဲဆန့်ပြီး ဟန့်တားရုံပဲ တတ်နိုင်တာပါ”

ရှီဟွမ်ရဲ့စကားက မင်ဝမ်ကို ဉာဏ်အလင်းပွင့်သွားစေသည်။ ကျင့်ကြံခြင်းက မည်သို့နည်း။ မည်သည့်အတွက်ကြောင့် ကျင့်ကြံကြသနည်း။ လူသားများမှာ ရှည်လျားတဲ့ သက်တမ်းကိုရလိုကြပြီး ထိုသက်တမ်းများက လူသားတို့အမှန်တကယ် လိုချင်သည့်အရာကော ဟုတ်ပါသလား။

အဆုံးမဲ့တဲ့ လူသားလောဘတရားက သက်တမ်းများ ကြွယ်ဝမှုများ ဂုဏ်ဒြပ်များအပြင် အခြားမည်သည့်အရာများ ရှိနေသနည်း။ ထိုမေးခွန်းကို တိတိပပ ဖြေဆိုရန် ခက်ခဲပေသည်။

All Chapters