အခန်း (၁၃၆-၁၃၈)
Vol. 10 Ch. 136-138
အခန်း (၁၃၆) - လမ်းကြောင်းဖွင့်သူ ဓားပြ (၃)
~သို့သော် ယခုအချိန်တွင် စိန်ခေါ်မှုကို လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထို့အပြင် သူ့ကိုယ်စား အခြားတစ်ယောက်ကို တိုက်ခိုက်ခိုင်း၍လည်း မဖြစ်နိုင်ပေ။
ဟိုတစ်ညက ခုနစ်ပါး အစွန်းရောက် ခန်းမမှ ဓားသခင်သည် သူကိုယ်တိုင် ဓားသခင် ဖြစ်သည့်အတွက် သူ့ကို တိုက်ခိုက်လိုသူ မည်သူမဆို သူ၏ တပည့်များကို အရင် အနိုင်ယူရမည်ဟု ကြေညာခဲ့ဖူးသည်။
ထိုကဲ့သို့သော မောက်မာသည့် စကားလုံးများသည် အခြားနေရာများတွင် အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ သိုင်းလောက အာမခံ လောကတွင်တော့ လုံးဝ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
နှစ်အနည်းငယ် ကြာပြီးနောက် ဆုမို၏ ဂုဏ်သတင်း ခိုင်မာလာပါက အခြေအနေ ပြောင်းလဲသွားနိုင်သော်လည်း၊ ယခုအချိန်တွင် အရာအားလုံးကို သူတစ်ပါး လက်သို့ လွှဲပြောင်းပေးလိုက်ပါက သူရဲဘောကြောင်ပြီး တိုက်ခိုက်ရန် ဝန်လေးသူဟု အထင်ခံရနိုင်ပေသည်။
ထိုကဲ့သို့သော ဂုဏ်သတင်းမျိုး ပျံ့နှံ့သွားပါက ကောင်းကျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ချက်ချင်းပင် သူသည် ပေါ့ပါးသော အပြုံးဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"ကောင်းပြီလေ... အိမ်ရှင်က ဒီလောက်တောင် သဘောထားကြီးနေမှတော့... ကျွန်တော် ဆုမိုက ဘယ်ငြင်းရဲပါ့မလဲ..."
စကားဆုံးသည်နှင့် သူ လေပေါ်သို့ ခုန်တက်လိုက်ပြီး မြေကြီးပေါ်သို့ ပြန်လည် ကျရောက်ချိန်တွင် ထိုလူ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဒါပေမဲ့ ဧည့်သည်က အိမ်ရှင်ကို ကျော်ပြီး မလုပ်သင့်ဘူးလေ... ဒါကြောင့် ခင်ဗျားကို သုံးကွက် အရင် ပေးလိုက်မယ်... ကြွပါ..."
"မင်းက တကယ်ပဲ ဆုမို ဖြစ်နေတာကိုး..."
ထိုလူက ဆုမိုကို အကဲခတ်လိုက်ပြီး ဟားတိုက် ရယ်မောကာ အော်ဟစ်လိုက်သည်။
"ဓားကို ကြည့်ထား..."
စကားဆုံးသည်နှင့် သူ ရှေ့သို့ ခုန်တက်လိုက်ပြီး 'ရွှေရောင် ပိုးသား ကွင်းကြီး ဓားမ' ကို ကိုင်ဆောင်ကာ တိုက်ခိုက်လိုက်သည်။ 'ဝှစ်' ခနဲ အသံနှင့်အတူ ဓားမကြီးသည် ကြီးမားသော အရှိန်အဟုန်နှင့် အလေးချိန်ဖြင့် ပြိုကျလာလေတော့သည်။
ဆုမို ဘေးသို့ ရှောင်လိုက်ပြီး ဓားကို မြေကြီးနှင့် ထိခွင့်ပြုလိုက်၏။ 'ချွင်' ခနဲ အသံနှင့်အတူ သဲ့သဲ့မျှသော ဓားအရှိန်အဝါ ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် မျဉ်းကြောင်းတစ်ကြောင်း ရေးဆွဲသွားသည်။
"ဟေ..."
ဆုမို အနည်းငယ် အံ့အားသင့်သွားသည်။ ဒီလူရဲ့ ဓားသိုင်းကွက်က စိတ်ဝင်စားစရာ ကောင်းနေပါလား။
ထိုအခိုက်အတန့်တွင် ထိုလူ၏ 'ရွှေရောင် ပိုးသား ကွင်းကြီး ဓားမ' သည် ရုတ်တရက် အပေါ်သို့ ပင့်တက်လာပြီး လေထုကို ခွဲစိတ်လိုက်သည်။
ဆုမို ခြေဖျားဖြင့် မြေကြီးကို အသာအယာ တို့ထိလိုက်ပြီး ခုန်လိုက်ရာ ထိုလူ၏ ကျောဘက်သို့ ရောက်ရှိသွားသည်။ လက်နှစ်ဖက်ကို ခေါင်းပေါ်တွင် ယှက်ထားပြီး နေရောင်ကို ကာကွယ်ထားသကဲ့သို့ ပြုလုပ်ကာ တက်လာသော ဓားကို ကြည့်နေလိုက်၏။ ဓားသည် လေထုကို ခွဲစိတ်သွားရာ ပိုးသားစုတ်ပြဲသကဲ့သို့ အသံမျိုး ထွက်ပေါ်လာသည်။
"ကောင်းလိုက်တဲ့ ဓားသိုင်းကွက်..."
ဆုမို ချီးကျူးလိုက်၏။
"ဘာ..."
ထိုလူ အကြီးအကျယ် လန့်သွားသည်။ ဆုမို၏ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် သူ့နောက်သို့ ဘယ်အချိန်က ရောက်သွားမှန်းပင် မသိလိုက်ရပေ။
သို့သော် သူ နောက်လှည့်မကြည့်ဘဲ ခြေလှမ်းကို ပြောင်း၊ ခါးကို လိမ်ပြီး 'ရွှေရောင် ပိုးသား ကွင်းကြီး ဓားမ' ဖြင့် နောက်သို့ အားကုန် ခုတ်ပိုင်းလိုက်သည်။
ဓားရောင်သည် စက်ဝိုင်းပုံသဏ္ဌာန် ဖြစ်ပေါ်လာပြီး စစ်မြေပြင်တွင် စစ်သည်တစ်ထောင်ကို သုတ်သင်ရှင်းလင်းမည့် အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားသည်။
သို့သော် လမ်းတစ်ဝက်တွင် ဓားသည် ရုတ်တရက် ရပ်တန့်သွားသည်။ သူ မရွေ့ချင်လို့ မဟုတ်ဘဲ၊ ရွေ့လို့ မရတော့သောကြောင့် ဖြစ်၏။
ဆုမို၏ လက်ချောင်းနှစ်ချောင်းသည် 'ရွှေရောင် ပိုးသား ကွင်းကြီး ဓားမ' ကို ညှပ်ထားသည်ကို တွေ့လိုက်ရ၏။
ထိုလက်ချောင်းများသည် အားစိုက်ထုတ်ထားပုံ မရသော်လည်း သံညှပ်ကဲ့သို့ မြဲမြံစွာ ဖမ်းဆုပ်ထားသည်။ သူ ဘယ်လောက်ပင် အားစိုက်ပြီး ရုန်းကန်သော်လည်း ဓားမကြီးကို တစ်လက်မမျှပင် ရွေ့လျားအောင် မလုပ်နိုင်တော့ပေ။
"သုံးကွက် ပြည့်သွားပြီ..."
ဆုမို ပြုံးလိုက်၏။
"ကဲ... ကျွန်တော့်အလှည့်ကို ကြည့်ပါဦး..."
ထိုစကားဆုံးသည်နှင့် တဖက်လူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အသက်ထွက်မတတ် ကြောက်လန့်သွားသည်။
သုံးကွက် ဖလှယ်ရာတွင် သူ၏ အကောင်းဆုံး နည်းစနစ်များကို အသုံးပြုခဲ့ပြီး ဖြစ်၏။ ဆုမို၏ သိုင်းပညာ အတိမ်အနက်ကို အပြည့်အဝ မသိရသေးသော်လည်း၊ သူ၏ အကောင်းဆုံး တိုက်ကွက်များကို လက်ချောင်းနှစ်ချောင်းတည်းဖြင့် ဖမ်းချုပ်နိုင်ခြင်းက ဆုမို၏ သိုင်းပညာသည် သူ့ထက် များစွာ သာလွန်ကြောင်း သက်သေပြနေသည်။
အခု ဆုမို ပြန်တိုက်ခိုက်လာမယ် ဆိုလျှင်... နောက်ထပ် ခုနစ်ရက်နေလျှင် သူ့အတွက် ရက်လည်ဆွမ်းသွပ် လုပ်ပေးရမည့် အခြေအနေ ရောက်သွားလိမ့်မည်။
ရုတ်တရက် သူ၏ လက်ထဲမှ ဓား လွတ်ထွက်သွားသည်ကို ခံစားလိုက်ရပြီး 'ရွှေရောင် ပိုးသား ကွင်းကြီး ဓားမ' သည် ဆုမို၏ လက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်၏။
မော့ကြည့်လိုက်သောအခါ ဆုမိုသည် ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ဆောင်ကာ သူ့မျက်နှာတည့်တည့်သို့ ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းချလိုက်သည်ကို တွေ့လိုက်ရ၏။
ဤတိုက်ကွက်သည် ထူးခြားသော နည်းစနစ် မဟုတ်သော်လည်း၊ ဆုမို၏ ပြင်းထန်သော အတွင်းအားနှင့် ပြိုင်ဘက်ကင်းသော ခွန်အားတို့ ပေါင်းစပ်လိုက်သောအခါ၊ ကောင်းကင်နှင့် မြေကြီးကြားတွင် ပြေးစရာ မြေမရှိတော့သကဲ့သို့ ခံစားလိုက်ရ၏။ ခဏတာမျှ သူသည် မျက်လုံးများကို မှိတ်ပြီး သေမင်းကို စောင့်ဆိုင်းနေလိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် ဓားသွားသည် သူ၏ နဖူးနှင့် သုံးလက်မခန့် အကွာတွင် ရပ်တန့်သွားသည်။
ဆုမို ခေါင်းကို စောင်းပြီး ထိုလူကို ကြည့်လိုက်၏။
ထိုလူ ပြန်မလှည့်လာသေးသဖြင့် ဆုမိုသည် ဓားကို ပြန်လှည့်လိုက်ပြီး လက်ကိုင်းကို ကမ်းပေးလိုက်၏။
"စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်..."
"......"
ထိုလူသည် ဆုမိုကို ထုံထိုင်းစွာ ကြည့်နေမိသည်။ သေမင်းတံခါးဝသို့ ရောက်ပြီးမှ ပြန်လှည့်လာရသကဲ့သို့ ခံစားနေရ၏။
ဘာကြောင့်များ ဒီလို အန္တရာယ်များတဲ့ လူကို သွားပြီး စိန်ခေါ်မိပါလိမ့်။
သတိပြန်ဝင်လာသောအခါ သူ ခေါင်းကို အလျင်စလို ခါယမ်းလိုက်၏။
"ကျေးဇူး... ကျေးဇူးတင်ပါတယ်..."
အခြေအနေက တော်တော်လေး ရယ်စရာ ကောင်းနေသည်။ ဆုမိုက တောင်းပန်ပြီး၊ စော်ကားခံရသူက ကျေးဇူးတင်နေသည်။
ဒါ ဘာသဘောလဲ။
"ကျေးဇူးတင်စရာ မလိုပါဘူး..."
ဆုမို ဘာမှမတတ်နိုင်တော့သဖြင့် လိုက်လျောလိုက်ရ၏။
ထို့နောက် မေးလိုက်၏။
"ကျွန်တော်တို့ သွားလို့ ရပြီလား..."
"ရပါတယ်... ရပါတယ်... ရပါတယ်ခင်ဗျာ..."
ထိုလူသည် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်ပြီး၊ ဆုမိုနှင့် အဖွဲ့သားများ အတောင်ပံပေါက်ပြီး အမြန်ဆုံး ပျံသန်းထွက်ခွာသွားစေချင်နေပြီ ဖြစ်၏။ နောက်လှည့်ကြည့်လိုက်သောအခါ သူ့လူများ လမ်းပိတ်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း လက်ဝှေ့ယမ်းလိုက်သည်။
"လမ်းဖယ်ပေးလိုက်ကြ..."
"ကျေးဇူးပါပဲ..."
ထိုအခါမှ ဆုမိုသည် လက်သီးဆုပ်ကာ အရိုအသေပြုပြီး ပြောလိုက်၏။
"အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်..ကျွန်တော်တို့ဘက်က စည်းကျော်မိသွားတယ်... နောက်တစ်ခေါက် ဒီလမ်းကို ဖြတ်လာရင် ခေါင်းဆောင်ကြီးအတွက် လက်ဆောင်ပစ္စည်းလေးတွေ ယူလာခဲ့ပါ့မယ်... ခေါင်းဆောင်ကြီး မငြင်းပါနဲ့နော်..."
ပြောပြီးသည်နှင့် သူသည် 'ရွှေရောင် ပိုးသား ကွင်းကြီး ဓားမ' ကို ပြန်ပေးလိုက်၏။
ခေါင်းဆောင်ကြီးသည် တစ်စုံတစ်ခုကို တွေးတောနေပုံရပြီး မသိစိတ်ဖြင့် ဓားကို လှမ်းယူလိုက်သော်လည်း ပြန်လည် ဖြေကြားရန် မေ့လျော့နေသည်။
ဆုမို ခဏတာ စဉ်းစားလိုက်သော်လည်း စိတ်မဆိုးပေ။ သူ နောက်လှည့်လိုက်ပြီး မြင်းပေါ်သို့ တက်ကာ အော်ဟစ်လိုက်၏။
"သွားကြစို့..."
ယာဉ်တန်းသည် လူကောင်ကြီးကြီးမားမားများ တန်းစီနေသော လမ်းကြားလေးကို ဖြည်းညင်းစွာ ဖြတ်သန်းသွားပြီး မကြာမီ အဝေးသို့ ရောက်ရှိသွားလေတော့သည်။
သို့သော် ခေါင်းဆောင်ကြီးမှာမူ မှင်သက်အံ့ဩနေဆဲပင်။
အဖွဲ့သားအချို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနားကပ်လာကြ၏။
"ခေါင်းဆောင်... ခေါင်းဆောင်... အဆင်ပြေရဲ့လား..."
"သူ ထွက်သွားတုန်းက ဘာပြောသွားတာလဲ..."
"ဘာပြောသွားလို့လဲ..."
ခေါင်းဆောင်ကြီး နေရာမှ ခုန်တက်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"ပြဿနာကြီး တက်ပြီဟေ့... ဆုမိုက အငြိုးအတေး ထားနေပြီ... နောက်တစ်ခေါက်ကျရင် လက်ဆောင်ပစ္စည်း ယူလာခဲ့မယ် ဆိုတာ... ကိစ္စ မပြီးသေးဘူးလို့ ပြောတာပဲ... မငြင်းပါနဲ့လို့ ပြောတာက... ငါတို့ထဲက ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်လိုက်တာ..."
"ဟေ..."
"ငါတို့... ငါတို့ သူ့ကို လွှတ်မပေးလိုက်သင့်ဘူး..."
"ပေါက်ကရတွေ မပြောနဲ့..."
ခေါင်းဆောင်ကြီး ပိုမို ဒေါသထွက်လာသည်။
"လွှတ်မပေးရင်... မင်းတို့ အကုန်လုံး ဒီမှာတင် သေချင်နေကြတာလား... ငါ့ရဲ့ အစွမ်းထက်ဆုံး သိုင်းကွက် သုံးကွက်လုံး သုံးတာတောင်... သူ့အမွေးတစ်မျှင်တောင် မထိခိုက်စေနိုင်ခဲ့ဘူး... သူ့သိုင်းပညာက အကန့်အသတ် မရှိဘူး... ရွှမ်ကျီတောင်ကြား သတင်းတွေက အမှန်တွေပဲ... ဒီလိုမှန်း သိရင် ငါ လမ်းပိတ်ခဲ့မှာ မဟုတ်ဘူး..."
"မင်းတို့ အကုန်ပေါင်းတိုက်ရင်တောင်... သူ့တစ်ယောက်တည်းကို မနိုင်ဘူးဟ..."
"ဒါဆို... အခု ဘာဆက်လုပ်ကြမလဲ..."
"ဘာလုပ်ရမလဲ ဟုတ်လား..."
ခေါင်းဆောင်ကြီး ခေတ္တမျှ စဉ်းစားလိုက်၏။
"အခုလောလောဆယ် အကောင်းဆုံး နည်းလမ်းကတော့... ဒီနေရာကနေ ထွက်ပြေးကြတာပဲ..."
"ဒါပေမဲ့...ကျွန်တော်တို့ ဒီမှာ အခြေချတာ မကြာသေးဘူးလေ... ခြေကုပ်တောင် မရသေးဘူး... ထွက်သွားလိုက်ရင်... တောလမ်းလောကမှာ.. ကျွန်တော်တို့ သိက္ခာ..."
"သိက္ခာက ပြန်ဆယ်လို့ ရတယ်... အသက်က ပြန်မရနိုင်ဘူး..."
ခေါင်းဆောင်ကြီး ဒေါသတကြီး ပြောလိုက်၏။
"ဆုမိုရဲ့ သိုင်းပညာက အရမ်း ကြောက်စရာ ကောင်းတယ်... တကယ်လို့ သူသာ သတ်ချင်စိတ် ရှိရင်... မင်းတို့ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး... မဖြစ်တော့ဘူး... ဒီနေရာက မလုံခြုံတော့ဘူး... မြန်မြန် ထွက်သွားမှ ဖြစ်မယ်... သူတို့က အခု အာမခံ ခရီးထွက်နေတာ ဆိုတော့... လောလောဆယ် အာရုံစိုက်နိုင်မှာ မဟုတ်သေးဘူး... ဒါပေမဲ့ သူ အလုပ်ပြီးလို့ ပြန်လာပြီး လက်စားချေရင်... ငါတို့ အသက်တွေရော ပစ္စည်းတွေရော အကုန် ဆုံးရှုံးရလိမ့်မယ်..."
"သွားကြစို့... အခုချက်ချင်း သွားကြစို့... တစ်မိနစ်တောင် အချိန်မဖြုန်းနဲ့..."
အမှန်တကယ်တော့ ဆုမို၏ စကားများတွင် ထိုကဲ့သို့သော အဓိပ္ပာယ်မျိုး တစ်စက်မျှ မပါဝင်ခဲ့ပေ။
တောင်ပေါ်တွင် အခြေချကာစ လူမိုက်ကြီးများသည် အခြေအနေကို အလွန်အကျွံ ကောက်ချက်ချပြီး ညတွင်းချင်း ထွက်ပြေးကြတော့မည် ဖြစ်သည်။ အကယ်၍ အမှန်တရားကို ဆုမို သိရှိသွားပါက တစ်နှစ်လောက် လန့်ဖျပ်သွားနိုင်ပေသည်။
အခန်း (၁၃၇) - စားပွဲငယ်
~အာမခံလှည်းတန်းသည် လမ်းမကြီးပေါ်တွင် ဖြည်းညင်းစွာ ရွေ့လျားနေပြီး အလံကြီးသည် လေထဲတွင် တလူလူ လွင့်ပျံနေ၏။
နောက်ဆုံးတွင်မူ ယခင်က ကြုံတွေ့ခဲ့ရသော မိုက်မဲသည့် တောလမ်းဓားပြများမှလွဲ၍ အခြားသော အနှောင့်အယှက်များ မရှိခဲ့ပေ။
အထူးသဖြင့် လော့ရှားမြို့မှ ထျန်းယွီမြို့သို့ သွားသော လမ်းခရီးတွင် ပို၍ပင် အေးချမ်းလှသည်။
ဤဒေသသည် မြို့လေးမြို့၊ မြစ်သုံးသွယ်၊ ပင်လယ်အော်နှစ်ခု နယ်မြေအတွင်း ကျရောက်ပြီး လော့ဖုန်း မဟာမိတ်အဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ဤနယ်မြေအတွင်းတွင် သိသိသာသာ ကြီးမားသော သူခိုး၊ ဓားပြများ မရှိပေ။ ရှိခဲ့လျှင်လည်း လော့ဖုန်း မဟာမိတ်အဖွဲ့က ရှင်းလင်းပြီး ဖြစ်ပေလိမ့်မည်။
ပြီးခဲ့သော တိုက်ပွဲအပြီးတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်အားလုံးသည် ဆုမိုကို အကြီးအကျယ် လေးစားသွားကြ၏။
တိုက်ကွက် နှစ်ကွက် သုံးကွက်လောက်သာ ဖလှယ်ခဲ့ရသော်လည်း ဆုမို၏ သိုင်းပညာ အဆင့်အတန်းကို သူတို့ ကောင်းကောင်း သဘောပေါက်သွားကြ၏။ ထိုလူ၏ အရည်အချင်းနှင့် ယှဉ်လျှင် သူတို့မှာ ခြေဖျားပင် မမီနိုင်ပေ။
ငယ်ရွယ်စဉ်ကတည်းက နာမည်ကြီးလာသော ခေါင်းဆောင်ဆုသည် တကယ်ပင် စစ်မှန်သော စွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားနေသည်။
ခေတ္တမျှ ယာဉ်တန်း၏ စိတ်ဓာတ်များ မြင့်တက်လာလေတော့သည်။
ရက်အနည်းငယ် ခရီးဆက်ပြီးနောက် ဆုမို၏ ပုံရိပ်သည် မြင်းစီးနေရင်း လှုပ်ရှားနေသော်လည်း၊ သူ၏ လက်ချောင်းများကမူ တိတ်တဆိတ် လှုပ်ရှားနေ၏။
"အဲ့ဒါက ဟိုလူ သုံးသွားတဲ့ ဓားသိုင်းကွက် မဟုတ်လား..."
ယန်ရှောင်ယွင် တစ်ချက်လှမ်းကြည့်လိုက်ပြီး မြင်းကို အနားကပ်လာကာ မေးလိုက်၏။
"အဲ့ဒီလူရဲ့ သိုင်းပညာက သိပ်မသန့်စင်ပေမဲ့... အဲ့ဒီ သုံးကွက်ကတော့ တော်တော်လေး ကြည့်ကောင်းသားပဲ..."
"ကြည့်ကောင်းရုံတင် မဟုတ်ဘူး..."
ဆုမို ပြုံးလိုက်၏။
"ဒီသုံးကွက်က ရိုးရှင်းသလို ထင်ရပေမဲ့... သေချာ လေ့လာကြည့်ရင် အဆုံးမရှိတဲ့ အနှစ်သာရတွေ ပါနေတယ်... နှမြောစရာ ကောင်းတာက သူက အဲ့ဒီ သုံးကွက်ပဲ တတ်ပုံရတယ်... မဟုတ်ရင် အဲ့တုန်းက သူ့ဓားကို ဖမ်းဖို့ ဒီလောက် လွယ်မှာ မဟုတ်ဘူး..."
"နှမြောစရာတော့ ကောင်းသားပဲ... သူ ဘယ်ကနေ သင်လာလဲ ဆိုတာတော့ မသိရဘူး..."
"သိုင်းလောကမှာ မမျှော်လင့်တဲ့ ကံကောင်းမှုတွေက အမြဲ ရှိတတ်စမြဲပါ..."
ဆုမို ခေါင်းအသာခါလိုက်၏။
"သူ့အကြောင်း ဆက်မပြောကြစို့... မကြာခင် ထျန်းယွီမြို့ကို ရောက်တော့မယ်..."
"အင်း... ဒီည ထျန်းယွီမြို့မှာ တည်းကြမလား..."
"ကောင်းပြီလေ... ခေါင်းဆောင်လျူကို အသိပေးလိုက်... အခုထိတော့ ခရီးစဉ်က ချောမွေ့နေတာပဲ... ထျန်းယွီမြို့ကနေ ထွက်ပြီး မြောက်ဘက်က ဟွေမြစ် ကို ဖြတ်ပြီးတာနဲ့... ကျုပ်တို့ သိပ်မရင်းနှီးတဲ့ နယ်မြေတွေထဲ ရောက်တော့မယ်..."
"ခေါင်းဆောင်လျူက ဝမ်ရှင်း ကုန်သွယ်ရေး ဌာနရဲ့ ကာကွယ်ရေး ခေါင်းဆောင်ပဲ... ဒီလမ်းကြောင်းကို သိပ်စိမ်းနေမှာ မဟုတ်ပါဘူး..."
"ပြောရခက်တယ်..."
ဆုမို ခေတ္တမျှ စဉ်းစားလိုက်၏။
"သူက စကားနည်းတဲ့သူလေ... ဒီရက်ပိုင်း သူနဲ့ စကားတော်တော်များများ ပြောဖြစ်ပေမဲ့... အသုံးဝင်တဲ့ သတင်းအချက်အလက်က နည်းနည်းလေးပဲ ရတယ်... အရင်တုန်းက သူတို့ ကုန်ပစ္စည်း ပို့တုန်းက လမ်းခရီး အန္တရာယ်တွေကိုပဲ အာရုံစိုက်ရတာ... တည်းခိုဖို့ ကိစ္စတွေကျတော့ အာမခံဌာနက စီစဉ်တာလေ..."
"ကောင်းကင်တံခါး အာမခံဌာန တည်းခိုနိုင်တဲ့ တည်းခိုခန်းတချို့မှာ... ကျုပ်တို့ တည်းခိုလို့ ရချင်မှ ရမှာ..."
"ဒါလည်း ဟုတ်တာပဲ..."
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး မော့ကြည့်လိုက်ရာ ထျန်းယွီမြို့ကို လှမ်းမြင်နေရပြီ ဖြစ်သည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြ၏။ သူတို့နှစ်ဦးစလုံး သခင်မလေး ဝေ ကို သတိရသွားကြသောကြောင့် ဖြစ်၏။
ဒါပေမဲ့ သခင်မလေး ဝေ အခု ထျန်းယွီမြို့မှာ ဘယ်လို နေနေလဲ ဆိုတာတော့ မသိရသေးဘူး။
သို့သော် မကြာမီ သူတို့ သိလိုက်ရလေတော့သည်။
အကြောင်းမှာ ထျန်းယွီမြို့သို့ မရောက်မီမှာပင် လမ်းဘေးတွင် မြင်းစီးသမား တစ်ဒါဇင်ကျော် ရပ်တန့်နေသည်ကို အဝေးက လှမ်းမြင်လိုက်ရသောကြောင့် ဖြစ်သည်။
ခေါင်းဆောင်လျူသည် အဝေးကနေ လှမ်းအော်ပြီး အဖွဲ့သားများကို သတိထားရန် ညွှန်ကြားလိုက်သည်။
သူ မြင်းကို ဒုန်းစိုင်းစီးပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အနားသို့ ရောက်လာသည်။ ထိုအချိန်တွင် ဆုမို၏ အသံကို ကြားလိုက်ရ၏။
"ခေါင်းဆောင်လျူ... ထိတ်လန့်မနေပါနဲ့... ရန်သူတွေ မဟုတ်ပါဘူး..."
ခေါင်းဆောင်လျူ အံ့အားသင့်သွားသည်။ သူ မျက်လုံးပြူးကြည့်သော်လည်း အဝေးက လူတွေ ဘယ်သူတွေလဲ ဆိုတာ သဲသဲကွဲကွဲ မမြင်ရသေးပေ။
ထိုအချိန်တွင် ထိုမြင်းစီးသမား တစ်ဒါဇင်ကျော်သည် ရုတ်တရက် ရှေ့သို့ ဒုန်းစိုင်း ဝင်ရောက်လာကြပြီး မျက်တောင်တစ်ခတ်အတွင်း အနားသို့ ရောက်ရှိလာကြ၏။
ထိုအခါမှသာ ခေါင်းဆောင်လျူသည် ခေါင်းဆောင်မှာ ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သေချာ မြင်တွေ့လိုက်ရ၏။
သူမသည် တောက်ပစွာ ပြုံးရွှင်နေပြီး မိတ်ဆွေများကို လာရောက် ကြိုဆိုနေသည့်အလား။
အဝေးကတည်းက သူမ လှမ်းအော်နေသည်။
"ခေါင်းဆောင်ဆု... ထျန်းယွီမြို့ကို ဖြတ်သွားတာတောင် ကျွန်မကို လာမနှုတ်ဆက်ဘူးဆိုတော့... သိပ်သဘောမကျချင်ဘူးနော်...ကျွန်မကို သူငယ်ချင်းလို့ရော သဘောထားရဲ့လား..."
ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"ခင်ဗျားက တာဝန်တွေ ဒီလောက် များနေတာ...ကျွန်တော့်ရဲ့ အသေးအဖွဲ ကိစ္စလေးတွေနဲ့ ဘယ်လာနှောင့်ယှက်ရဲပါ့မလဲ... ပြီးတော့ ခင်ဗျားပဲ ပြောခဲ့တာလေ... လမ်းကြုံဝင်တာပါလို့..."
စကားပြောနေရင်း ဝေဇီယီ အနားရောက်လာခဲ့ပြီ ဖြစ်၏။
ဆုမိုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်။
"ခေါင်းဆောင်လေး ယန်..."
"မဟာမိတ်ခေါင်းဆောင် ဝေ..."
ယန်ရှောင်ယွင် ပြုံးပြီး လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်၏။
"ကျွန်မက သံမဏိသွေး အာမခံဌာနရဲ့ ခေါင်းဆောင်လေး မဟုတ်တော့ပါဘူး... အခု ဇီယန်အာမခံဌာနရဲ့ ဒုခေါင်းဆောင် ဖြစ်နေပါပြီ..."
"ဒုခေါင်းဆောင် ဟုတ်လား..."
ဝေဇီယီ အံ့အားသင့်သွားပြီးနောက် ဟားတိုက် ရယ်မောလိုက်သည်။
"ဒါဆိုရင် ဂုဏ်ပြုရမှာပေါ့..."
သူမ၏ အသံဆုံးသွားသည်နှင့် လျူမိုဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့ကျောနောက်မှ ခရမ်းရွှေရောင် တူကြီးတစ်စုံကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ဒါက ဝမ်ရှင်း ကုန်သွယ်ရေး ဌာနရဲ့ ကာကွယ်ရေး ခေါင်းဆောင်... ခေါင်းဆောင်လျူ ဖြစ်ရမယ်..."
"မဟာမိတ်ခေါင်းဆောင် ဝေကို တွေ့ရတာ ဝမ်းသာပါတယ်..."
စောစောက စကားဝိုင်းကို နားထောင်ရုံဖြင့် ဝေဇီယီ ဘယ်လို လူစားမျိုးလဲ ဆိုတာ လျူမို သိလိုက်ပါသည်။
ထျန်းယွီမြို့ ဒုတိယမြို့စားကြီး ဝေရူဟန် ရဲ့ တစ်ဦးတည်းသော မြေးမ၊ လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အဋ္ဌမမြောက် ခေါင်းဆောင်။
မြို့လေးမြို့၊ မြစ်သုံးသွယ်၊ ပင်လယ်အော်နှစ်ခု ဒေသကို သူမရဲ့ ပိုင်နက်ဟု သတ်မှတ်၍ ရနေလေပြီ။
သူ့စိတ်ထဲမှာတော့ အံ့ဩမှုတွေ ဖြစ်ပေါ်နေမိသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့က ဝေဇီယီနှင့် ဘယ်လိုလုပ်ပြီး ဒီလောက် ရင်းနှီးနေရတာလဲ။
"ယဉ်ကျေးမနေပါနဲ့..."
ဝေဇီယီ ရယ်လိုက်၏။
"ကျွန်မက ငယ်ငယ်တုန်းက လန်ယွဲ့နန်းတော် မှာ ပညာသင်ခဲ့ပြီး... ပြန်ရောက်ပြီးကတည်းက လူလုံးထွက်မပြခဲ့ပေမဲ့... ခေါင်းဆောင်လျူရဲ့ တူသိုင်းအကြောင်း ကြားဖူးပါတယ်... ခေါင်းဆောင်လျူရဲ့ သိုင်းကွက်တွေက ကိုယ်ပိုင်ဟန် ဖြစ်လာပြီး... ပြင်းထန်အားပါ၊ စွမ်းအားကြီးမားတယ်လို့ ဆိုကြတယ်... ဒါပေမဲ့ လူမြင်ကွင်းမှာ ထုတ်သုံးခဲလို့ လူသိနည်းတာပါ..."
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ထိုစကားနည်းသော လူကြီးကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြ၏။
ခေါင်းဆောင်လျူ ခေတ္တမျှ တိတ်ဆိတ်သွားပြီး ခေါင်းအသာခါလိုက်၏။
"သာမန် အရည်အချင်းလေးပါ... ထည့်ပြောစရာ မလိုပါဘူး... မဟာမိတ်ခေါင်းဆောင် ဝေ ရယ်စရာ ဖြစ်နေပါဦးမယ်..."
"မရယ်ရဲပါဘူး..."
ဝေဇီယီ ပြုံး၍ ပြောလိုက်၏။
"ဒီမှာ စကားမပြောကြစို့... ရှင်တို့ အာမခံခရီးထွက်နေတယ် ဆိုတာ သိပါတယ်... မြို့ထဲ ဝင်လာမယ့်အချိန်ကို မစောင့်တော့ဘဲ ဒီနေရာအထိ လာစောင့်နေတာပါ... လာကြ... ကျွန်မအိမ်တော်မှာ ရှင်တို့ကို ကြိုဆိုဖို့နဲ့ ခရီးပန်းတာတွေ ပြေပျောက်စေဖို့ စားပွဲတစ်ခု ပြင်ဆင်ထားတယ်..."
ဆုမို ဝေဇီယီကို လှမ်းကြည့်လိုက်၏။
"ခင်ဗျား အိမ်တော်မှာ ...”
အခန်း (၁၃၈) - စားပွဲငယ် (၂)
~"အင်း..."
ဝေဇီယီ ခေါင်းအသာညိတ်လိုက်၏။
"ဒီလိုဆိုမှတော့... ငြင်းနေရင် ရိုင်းရာကျမှာပေါ့..."
လူအုပ်ကြီးသည် ဆွေးနွေးနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ထျန်းယွီမြို့သို့ တည့်မတ်စွာ ဦးတည်သွားကြ၏။
သို့သော် ဝေဇီယီသည် ဒုတိယမြို့စား ဖြစ်သလို၊ လော့ဖုန်းမဟာမိတ်အဖွဲ့၏ အဋ္ဌမမြောက် ခေါင်းဆောင် ဖြစ်သော်လည်း၊ မြို့ထဲသို့ ဝင်ရောက်ရာတွင် လူတန်းစီ၍ စောင့်ဆိုင်းနေ၏။
မည်သည့် အထူးအခွင့်အရေးကိုမျှ ရယူလိုစိတ် မရှိပုံ ရ၏။
နောက်ပိုင်းတွင် ဝေဇီယီက ရယ်ရယ်မောမောဖြင့် ရှင်းပြ၏။
"ဒီရာထူးကို ရဖို့အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများကြီး ယူခဲ့ရတာလေ... ရာထူးရပြီးမှ ပြည်သူတွေကို လျစ်လျူရှုလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ..."
"တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီအချက်ကို ကိုင်ပေါက်ပြီး တိုက်ခိုက်ရင်... ကျွန်မ အလွယ်တကူ ပြုတ်ကျသွားနိုင်တယ်..."
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ထိုစကားကို ကြားသောအခါ ပြုံးရုံသာ ပြုံးနေလိုက်ကြပြီး ပြန်လည် တုံ့ပြန်ခြင်း မရှိကြပေ။
ဝေဇီယီလည်း ထိုကိစ္စကို ထပ်မပြောတော့ချေ။
မြို့တံခါးသို့ ဝင်ရောက်ပြီးနောက် ဝေဇီယီ၏ ဦးဆောင်မှုဖြင့် သူမ၏ နေအိမ်သို့ တိုက်ရိုက် သွားရောက်ကြ၏။
သို့သော် နေအိမ်အနီးသို့ ရောက်သောအခါ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။
ဝေဇီယီ၏ နေအိမ်ဟု ဆိုသော်လည်း၊ ယခင်က ဇူချိုယန် ပိုင်ဆိုင်ခဲ့သော အိမ်ကြီးသာ ဖြစ်သည်။ [ဝေအိမ်တော်] ဟူသော ဆိုင်းဘုတ် ပြောင်းလဲထားခြင်းမှ လွဲ၍ ကျန်တာ အားလုံး အတူတူပင်။
သူတို့နှစ်ဦး ချက်ချင်း မှတ်မိလိုက်ကြ၏။
"နေရာက မကျဉ်းပါဘူး... လှည်းတန်းကို နောက်ဖေးခြံဝင်းထဲ မောင်းထည့်လို့ ရတယ်... ပစ္စည်းပစ္စယတွေကို ယာယီ စုစည်းထားလိုက်ရင်... မနက်ဖြန် ထွက်ခွာတဲ့အခါ အဆင်ပြေတာပေါ့..."
"ကာကွယ်ရေး တပ်ဖွဲ့က ညီအစ်ကိုတွေနဲ့ အာမခံဌာနက အလုပ်သမားတွေက အနီးအနားမှာ နားနေရင်း... လှည်းတန်းကို စောင့်ကြည့်လို့ ရတယ်..."
"ခေါင်းဆောင်ဆု... ဒီအစီအစဉ်ကို ဘယ်လိုမြင်လဲ..."
ဝေဇီယီက ပြုံး၍ မေးမြန်းလိုက်၏။
"အကောင်းဆုံးပါပဲဗျာ... မဟာမိတ်ခေါင်းဆောင် ဝေ တော်တော်လေး အပင်ပန်းခံထားရတာပဲ..."
"ဒါပေါ့... ရှင်တို့ လာမယ်လို့ ကြားကတည်းက... ကျွန်မ ရက်ပေါင်းများစွာ ကြိုပြီး စဉ်းစားထားရတာ..."
ဝေဇီယီ ပြောလိုက်၏။
"ဘာပဲပြောပြော... ဒီတစ်ခေါက် ရှင်တို့ လာရတာ လွယ်ကူပေမဲ့... နောက်တစ်ခေါက် ဘယ်ရောက်သွားမလဲ ဘယ်သူသိမှာလဲ... ပြန်ဆုံဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ..."
သိုင်းလောကဟူသည် ကျယ်ပြောလှပြီး နက်ရှိုင်းလွန်းလှပါ၏။ တစ်ကြိမ်တစ်ခါ လမ်းခွဲပြီးပါက ပြန်လည်ဆုံတွေ့ရန် ခက်ခဲတတ်စမြဲပင် ဖြစ်ပါ၏။
ယခုအခါ ဝေဇီယီသည် ထျန်းယွီမြို့၏ ဒုတိယမြို့စား ဖြစ်နေပြီ ဖြစ်ရာ ဤနေရာ၌ အမြစ်တွယ်နေသကဲ့သို့ ရှိနေပြီ ဖြစ်တော့၏။ အကယ်၍ ဆုမိုတို့သာ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်ဖြစ်ပါက ပြန်လည်တွေ့ဆုံရန် ခက်ခဲသွားရတော့မည်။
ယန်ရှောင်ယွင်သည် ဝေဇီယီ၏ ခံစားချက်ကို နားလည်ပေးနိုင်ပါ၏။
သူမသည် ပြုံးလိုက်ပြီး ပြောဆိုလိုက်တော့၏။”
"ဒါဆိုရင် ဒီည ပျော်ပျော်ပါးပါး နေကြတာပေါ့... လူငယ်ဘဝကို အလဟဿ မဖြစ်စေနဲ့လေ... ဒါပေမဲ့ ကျွန်မတို့ ကြိုတင် သဘောတူထားတာ ရှိတယ်နော်..."
"အရက် မသောက်ရဘူး..."
ဝေဇီယီ ကြည်လင်စွာ.. ရယ်မောလိုက်၏။
"အဲ့ဒီ စည်းကမ်းကို နားလည်ပါတယ်..."
"မဟာမိတ်ခေါင်းဆောင် ဝေက တကယ်ကို ကျွမ်းကျင်သူပါပဲ..."
ဆုမို ပြုံး၍ ပြောလိုက်၏။
"တကယ်လို့ တစ်နေ့နေ့ကျရင် မဟာမိတ်ခေါင်းဆောင် မလုပ်ချင်တော့ရင်... ဇီယန်အာမခံဌာနမှာ အဖွဲ့ဝင်အနေနဲ့ လာလုပ်ဖို့ စဉ်းစားပါဦး..."
"...လွန်လိုက်တာ..."
ဝေဇီယီ ခပ်ပြုံးပြုံး..အော်ဟစ်လိုက်၏။
"ကျွန်မက လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ အဋ္ဌမမြောက် ခေါင်းဆောင်လေ... အဖွဲ့ဝင် လာလုပ်ရမယ်လား..."
"ဒါဆို ဘာလုပ်ချင်လဲ..."
ဆုမိုက ဝေဇီယီကို ကျီစယ်လိုသော အပြုံးဖြင့် ကြည့်လိုက်၏။
ဝေဇီယီ နှာမှုတ်လိုက်၏။
"အနည်းဆုံးတော့ သိုင်းဆရာ လုပ်ရမှာပေါ့..."
"မဖြစ်နိုင်ဘူး..."
"ကပ်စေးနည်းလိုက်တာ... မရဘူး... မမယွင်က ဒုခေါင်းဆောင် ဖြစ်နေပြီ... ကျွန်မက အဲ့ဒီနေရာကို မလုရဲပေမဲ့... သိုင်းဆရာတော့ လုပ်ရမှ ဖြစ်မယ်..."
"အာ..ခင်ဗျားက လော့ဖုန်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်နေရာမှာပဲ ငြိမ်ငြိမ်လေး နေပါဗျာ...ကျွန်တော့်ရဲ့ အာမခံဌာနမှာ လာပြီး ပြဿနာ မရှာပါနဲ့..."
ရယ်မောသံများကြားတွင် လေထုက တဖြည်းဖြည်း ပေါ့ပါးလာသည်။
ပြီးခဲ့သော အခေါက်က လာရောက်လည်ပတ်ပြီးကတည်းက ဝေဇီယီနှင့် ဆုမိုတို့၏ ဆက်ဆံရေးမှာ များစွာ သဘာဝကျလာခဲ့ပြီ ဖြစ်၏။
သူမ၏ လူငယ်သဘာဝ ပျော်ရွှင်မှုများက ပိုမို ပေါ်လွင်လာခဲ့သည်။
အရာအားလုံး စီစဉ်နေရာချထားပြီးသောအခါ မိုးချုပ်စပြုနေပြီ ဖြစ်၏။
ဆုမို ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ရှောင်ချွမ်းကို ခေါ်ကာ အချို့သော ကိစ္စရပ်များကို မှာကြားလိုက်သည်။ ရှောင်ချွမ်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် ဆုမိုသည် ယန်ရှောင်ယွင်ကို ခေါ်ဆောင်ကာ ညစာစားရန် ပင်မခန်းမဆောင်သို့ ထွက်ခွာလာခဲ့သည်။
အစပိုင်းတွင် လျူမိုကိုပါ ဖိတ်ခေါ်ချင်သော်လည်း လျူမိုက ငြင်းပယ်လိုက်သည်။
တစ်ချက်က သူ ဝေဇီယီနှင့် မရင်းနှီးခြင်းကြောင့် ဖြစ်၏။ ဒီည ဒီမှာ တည်းခိုရခြင်းမှာလည်း ဆုမိုနှင့် ယန်ရှောင်ယွင်တို့..ဝေဇီယီနှင့် ရင်းနှီးသောကြောင့်သာပင်။
ထို့ထက်ပို၍၊ ထျန်းယွီမြို့ထဲမှာ မြို့စားအိမ်တော်နှင့် ဒုတိယမြို့စားအိမ်တော်ထက် ဘယ်နေရာက ပိုလုံခြုံဦးမည်လဲ။
ဒီအခြေအနေမှာမှ သူ အလိုက်ကန်းဆိုး မသိလျှင်တော့ စိတ်ပျက်စရာ ကောင်းနေပေလိမ့်မည်။
ဆုမို အကြိမ်ကြိမ် ဖိတ်ခေါ်သော်လည်း ငြင်းပယ်နေသဖြင့် နောက်ဆုံးတွင် လက်လျော့လိုက်ရ၏။
ခြံဝင်းထဲမှ ထွက်လာပြီးနောက် ဝေဇီယီ၏ ဦးဆောင်မှုဖြင့် စင်္ကြံလမ်းများကို ဖြတ်သန်းကာ ခြံဝင်းငယ်လေး တစ်ခုကို ကျော်ဖြတ်ပြီး ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြ၏။
အတွင်းသို့ ဝင်လိုက်သောအခါ စားပွဲဝိုင်းကြီး တစ်လုံးပေါ်တွင် ဟင်းပွဲမျိုးစုံ ပြင်ဆင်ထားသည်ကို တွေ့လိုက်ရ၏။
စားပွဲဟု ခေါ်သော်လည်း တကယ်တမ်းတွင် လူသုံးယောက်စာ စားသောက်ပွဲငယ်လေးသာ ဖြစ်သည်။
ထိုအရာများကို မြင်သောအခါ ဆုမို အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြုံး၍ ပြောလိုက်၏။
"သခင်မလေး ဝေက... တကယ်ကို အပင်ပန်းခံထားတာပဲ..."
"ရှင်တို့ ရောက်လာတာကို ကျွန်မ ဝမ်းသာလို့ပါ... စားပွဲဆိုတဲ့ ခေါင်းစဉ်တပ်ပြီး တခြား ရည်ရွယ်ချက်တွေ မရှိပါဘူး..."
ဝေဇီယီ ပြုံး၍ ပြောလိုက်သည်။
"လာပါ... ဒီနေ့တော့ စားကြသောက်ကြမယ်... တခြား ဘာမှ မတွေးကြေး... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ပဋိပက္ခတွေ၊ သိုင်းလောကရဲ့ မုန်တိုင်းတွေကို ခဏ မေ့ထားလိုက်ကြစို့..."
စကားပြောရင်း သုံးယောက်သား နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြ၏။ ဝေဇီယီက လက်ဖက်ရည်ခွက်ကို မြှောက်လိုက်၏။
"ရှင်တို့က အာမခံခရီး ထွက်နေတာဆိုတော့ အရက်မသောက်ရဘူးလေ... အရက်အစား လက်ဖက်ရည်နဲ့ပဲ ဂုဏ်ပြုကြတာပေါ့..."
"ကောင်းပါပြီ..."
ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း လက်ဖက်ရည်ခွက်များကို မြှောက်လိုက်ကြပြီး ဝေဇီယီနှင့် အတူ သောက်သုံးလိုက်ကြ၏။
ဟင်းလျာများ စားသောက်ရင်း၊ လက်ဖက်ရည် သောက်ရင်း လေထုမှာ ပိုမို နွေးထွေးလာသည်။
သူတို့၏ စကားဝိုင်းတွင် သာမန် မိသားစုအရေး ကိစ္စများကိုသာ ပြောဆိုကြ၏။
ဝေဇီယီက ထျန်းယွီမြို့သို့ ရောက်ရှိပြီးနောက် ကြုံတွေ့ခဲ့ရသော စိတ်ဝင်စားစရာ အဖြစ်အပျက်များကို ပြောပြရာ ယန်ရှောင်ယွင် တဟားဟား ရယ်မောမိသည်။
ယန်ရှောင်ယွင်ကလည်း အာမခံဌာန ပြင်ဆင်မှုများအကြောင်း ဆွေးနွေးရာ သူမတို့နှစ်ဦးကြားတွင် ညီအစ်မကဲ့သို့ ရင်းနှီးမှုများ ဖြစ်ပေါ်လာပါသည်။
သို့သော် ဆုမိုမှာမူ သူတို့၏ စကားဝိုင်းကြားတွင် ခေတ္တမျှ ဘေးရောက်နေသကဲ့သို့ ဖြစ်နေရ၏။
ဆုမိုကတော့ ဂရုမစိုက်ပါ။ ဟင်းလျာများကို အေးအေးဆေးဆေး စားသောက်ရင်း ပြတင်းပေါက် အပြင်ဘက်မှ ရောင်စုံညရှုခင်းကို ငေးကြည့်နေမိသည်။ သူ့စိတ်အစဉ် တဖြည်းဖြည်း ငြိမ်သက်အေးချမ်းလာ၏။
"ဒါနဲ့..."
ယခု အချိန်တွင်၊ ဝေဇီယီသည် ဝတ်ရုံ ရင်ဘတ်ထဲမှ ခေါက်ထားသော စာရွက် တစ်ရွက်ကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ဆုမိုအား ကမ်းပေးလိုက်သည်။
"ရှင်တို့ မြောက်ဘက်ကို သွားမှာဆိုတာ ကျွန်မ သိတယ်... ထျန်းယွီမြို့က ထွက်ပြီးတာနဲ့ ဟွေမြစ် က မြောက်ဘက်ကို ပိုင်းခြားထားတာ... မြစ်တစ်ဖက်ကမ်းက ကောင်းကင်ဓားဂိုဏ်းရဲ့ နယ်မြေလေ... အဲ့ဒီဘက်က အခြေအနေတွေကို ရှင်တို့ သိပ်မရင်းနှီးလောက်ဘူး... ဟွေမြစ်ကို ဖြတ်ကူးဖို့ နည်းလမ်းတွေ အများကြီး ရှိပေမဲ့... ရှင်တို့အတွက်တော့ မြစ်ကူးရုံလောက်က လွယ်ကူမှာပါ…”