အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
အခန်း (၁၄၂) - မတော်တဆ တွေ့ဆုံမှု (၃)
~ခရီးလမ်းတစ်လျှောက် အခြေအနေ အမျိုးမျိုးကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သောကြောင့် ယာဉ်တန်း၏ တုံ့ပြန်မှုများမှာ ယခုအချိန်တွင် အလွန် သဘာဝကျနေပြီ ဖြစ်၏။
သို့သော် ထိုအချိန်တွင် လူရိပ်တစ်ခုသည် တောအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ယာဉ်တန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
မြေပြင်ပေါ်သို့ ရောက်သောအခါ မတ်တတ်မရပ်ဘဲ ပစ်လဲကျသွားပြီး လေးဘက်ထောက်အနေအထားဖြင့် ပြားပြားမှောက် လဲကျသွား၏။
ခေတ္တမျှ ယာဉ်တန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သေချာ ကြည့်လိုက်သောအခါ ထိုသူသည် မြေကြီးကို မျက်နှာမူလျက် 'ဖား' ပုံစံဖြင့် မှောက်လျက် လဲကျနေပြီး ချက်ချင်း မထနိုင်သော အနေအထား ဖြစ်နေသည်ကို တွေ့ရ၏။
သို့သော် သူ့ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။
နားစွင့်ကြည့်လိုက်သောအခါ အကူအညီ တောင်းနေသံ သဲ့သဲ့ကို ကြားလိုက်ရ၏။
"ကယ်... ကယ်ကြပါဦး..."
ဆုမို၏ နှုတ်ခမ်းများ တွန့်ရွသွားပြီး ဘေးဘက်ရှိ တောအုပ်ဆီသို့ မျက်လုံးများ ရွေ့လျားသွားသည်။
တောအုပ်ထဲမှ အနက်ရောင်ဝတ် လူတစ်ယောက်သည် ဖြည်းညင်းစွာ ထွက်လာ၏။ သူ၏ အကြည့်များသည် လူတိုင်းကို တစ်ချက်ဝှေ့ကြည့်ပြီးနောက် နောက်ဆုံးတွင် အလံကြီးနှစ်လက်အပေါ် ရောက်ရှိသွားသည်။
"ဇီယန်အာမခံဌာန ဟုတ်လား..."
သူ့အသံသည် ဆိုးရွားခြင်း၊ ထူးဆန်းခြင်း မရှိဘဲ အနည်းငယ် နက်ရှိုင်းသောကြောင့် လေသံကို ခွဲခြားရ ခက်ခဲနေစေသည်။
ဆုမိုသည် ထိုလူကို တိတ်ဆိတ်စွာ ကြည့်နေသော်လည်း စကားမပြောပေ။
ထိုလူ သက်ပြင်းချလိုက်၏။
"တစ်ယောက်တည်းကို သတ်ရမယ် ထင်နေတာ... အုပ်စုလိုက်ကြီး ပေါ်လာပါလား... ပြီးတော့ ဒုက္ခပေးမယ့်ပုံလည်း ပေါက်နေတယ်..."
သူ ယာဉ်တန်းဘက်သို့ လှမ်းကြည့်လိုက်၏။
"ဇီယန်အာမခံဌာနရဲ့ ခေါင်းဆောင်က ဘယ်သူလဲ..."
"ကျုပ်ပါ..."
ဆုမို ခေါင်းအသာခါလိုက်ပြီး လက်သီးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"မင်းက ဆုမိုလား..."
အနက်ရောင်ဝတ် လူသည် ဆုမိုကို သေချာစွာ အကဲခတ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်၏။
"ကောင်းပြီ... ဒီနေ့ကိစ္စက မင်းတို့နဲ့ မဆိုင်ပါဘူး... ဒါပေမဲ့ မင်းတို့က မြင်သွားပြီဆိုတော့... ငါ မင်းတို့ကို မသတ်သင့်တဲ့ အကြောင်းပြချက် တစ်ခုလောက် ပေးနိုင်မလား ခေါင်းဆောင်ဆု..."
ဆုမို သက်ပြင်းချလိုက်၏။
"အကြောင်းပြချက်တွေက အများကြီးပါ... ခင်ဗျား တကယ် နားထောင်ချင်လို့လား..."
"အင်း... 'အကြံဉာဏ်ကောင်းကို နားထောင်ရင် ဗိုက်ဝတယ်' ဆိုတဲ့ စကားကို ငါ အမြဲ ယုံကြည်တယ်..."
ဒီအနက်ရောင်ဝတ် လူက စကားတော့ တော်တော် များသားပဲ။
ဆုမို ထိုလူကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ပြုံး၍ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့က လမ်းကြုံ ဖြတ်သွားရင်း ဒီကိစ္စကို မတော်တဆ တွေ့လိုက်ရတာပါ... ဘာမှ မပတ်သက်ပါဘူး... တကယ်လို့ ခင်ဗျားတို့ နှစ်ယောက်ကြားမှာ ဖြေရှင်းစရာ ရန်ငြိုးတွေ ရှိနေရင်လည်း လွတ်လွတ်လပ်လပ် ဖြေရှင်းကြပါ... ကျွန်တော်တို့က ဘာမှ မမြင်ဘူးလို့ သဘောထားလိုက်လို့ ရပါတယ်..."
"အဲ့ဒီ အကြောင်းပြချက်ဆိုရင် ဘယ်လိုလဲ..."
"အဲ့ဒါနဲ့တော့ ငါ့ကို ယုံကြည်အောင် လုပ်ဖို့ မလုံလောက်သေးဘူး..."
အနက်ရောင်ဝတ် လူက ခေါင်းခါလိုက်၏။
"တကယ်လို့ ဒီလောကမှာ လူတိုင်းရဲ့ စကားကို ယုံကြည်လို့ ရရင်... နှုတ်ပိတ်ဖို့ သတ်ဖြတ်တယ် ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး..."
"ခင်ဗျား ပြောတာ အဓိပ္ပာယ် ရှိပါတယ်..."
ဆုမို ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် ဒုတိယ အကြောင်းပြချက်ကိုတော့ ခင်ဗျား သဘောကျမှာ မဟုတ်ဘူး..."
"လွတ်လွတ်လပ်လပ် ပြောပါ..."
အနက်ရောင်ဝတ် လူက လက်ကာပြလိုက်ရာ အမူအရာမှာ အထက်တန်း ကျလှသည်။
ထိုအခါ၊ ဆုမိုက လွတ်လပ်စွာ ရယ်မောလိုက်၏။
"ခင်ဗျား..ကျွန်တော်တို့ကို မသတ်နိုင်ဘူး..."
"အကြောင်းပြချက်ကရော..."
အနက်ရောင်ဝတ် လူ ခဏတာ ကြောင်သွားသည်။
"အဲ့ဒါ အကြောင်းပြချက်ပဲလေ..."
ဆုမို လေးနက်စွာ ပြောလိုက်၏။
"......"
တိတ်ဆိတ်ခြင်း။
တိတ်ဆိတ်မှုက ကြာရှည်မခံပေ။ အနက်ရောင်ဝတ် လူသည် ရုတ်တရက် ဟားတိုက် ရယ်မောလိုက်လေတော့သည်။
"စိတ်ဝင်စားစရာပဲ... ယူချွမ်ဂိုဏ်း ကို ဖြိုခွင်းခဲ့တဲ့ ခေါင်းဆောင်ဆု ဆိုတာ တကယ်ပဲ ထိုက်တန်ပါတယ်... မင်းရဲ့ သိုင်းပညာကို ထားလိုက်ဦး... အနည်းဆုံးတော့ မင်းက တော်တော် ရယ်ရတဲ့လူပဲ..."
သို့သော် ဆုမို ခေါင်းခါလိုက်၏။
"အမှန်တရားကို ပြောတတ်တဲ့ သူတွေက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းလှပါဘူး..."
အနက်ရောင်ဝတ် လူသည် ဆုမို၏ စကားကို ပြန်လည် တုံ့ပြန်ခြင်း မပြုတော့ဘဲ ငြိမ်သက်စွာ ရပ်နေသည်။ တိတ်ဆိတ်စွာပင် ဆုမိုကို စိုက်ကြည့်နေ၏။
ရုတ်တရက်ဆိုသလို မိုးစက်များသည် ပိုမို လေးလံလာသကဲ့သို့ ခံစားလိုက်ရ၏။
ယန်ရှောင်ယွင်သည် သူမ၏ 'နဂါးချောက်နက်' လှံတံ ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ လျူမို၏ 'ခရမ်းရွှေရောင် တူကြီး တစ်စုံ' သည် အဆင်သင့် ဖြစ်နေပြီး၊ သူ၏ မှေးမှိန်သော မျက်ဝန်းများထဲတွင် တိုက်ခိုက်လိုစိတ်များ တိတ်တဆိတ် ပြည့်နှက်လာသည်။
အာမခံဌာနမှ သိုင်းဆရာများသည် လှည်းများကို ကာကွယ်ထားပြီး၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ဓားများကို လက်မဝက်ခန့် ထုတ်ကာ အသင့်ပြင်ထားကြ၏။
ရုတ်တရက် အနက်ရောင်ဝတ် လူ လှုပ်ရှားလိုက်သည်။ သူသည် နောက်လှည့်ပြီး ပြေးထွက်သွားကာ ခြေတစ်လှမ်းတည်းဖြင့် တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ နောက်ထပ် တစ်ချက် လှုပ်ရှားလိုက်သည်နှင့် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလေတော့၏။
နှုတ်ဆက်စကား တစ်ခွန်းတောင်... မပြောသွားပေ။
"......"
ဆုမို မြင်းပေါ်တွင် ထိုင်လျက် ခေတ္တမျှ ကြောင်သွားသည်။
အနက်ရောင်ဝတ် လူ ထွက်ပြေးသွားသော နေရာကို ကြည့်ပြီး ဘာပြောရမှန်း မသိ ဖြစ်နေမိသည်။
ခေါင်းလှည့်ပြီး ယန်ရှောင်ယွင်နှင့် လျူမိုတို့ကို ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများထဲတွင်လည်း အလားတူ တအံ့တဩ ဖြစ်နေမှုများကို တွေ့လိုက်ရ၏။
ဒါ ဘယ်လို ဇာတ်ညွှန်းကြီးလဲ။
ဆုမိုသည် ခုနက ပြောခဲ့သော စကားများကို ပြန်စဉ်းစားရင်း အတွေးနက်နေမိသည်။
မြေပြင်ပေါ်မှ လူကို တစ်ချက်ကြည့်လိုက်ပြီး ဆုမို ဆုံးဖြတ်ချက် ချလိုက်ကာ ယာဉ်တန်းကို ဆက်သွားရန် အမိန့်ပေးလိုက်၏။
"သွားကြစို့..."
သူသည် ထိုလူကို ကြည့်ရှုရန် သို့မဟုတ် ဤကိစ္စ၏ အသေးစိတ် အချက်အလက်များကို မေးမြန်းရန် စိတ်ကူးမရှိပေ။
အနက်ရောင်ဝတ် လူကိုလည်း လိုက်မဖမ်းချင်တော့ပါ။
ဖြစ်နိုင်ချေ နည်းပါးလှသော်လည်း အကယ်၍ အနက်ရောင်ဝတ်လူ၏ ရည်ရွယ်ချက်က သူတို့ကို မြှားခေါ်ထုတ်ပြီး အာမခံ လှည်းတန်းကို တိုက်ခိုက်ရန်သာ ဖြစ်နေခဲ့ပါက နောက်သို့ လိုက်လံ ဖမ်းဆီးခြင်းသည် ထိုသူ၏ အကြိုက် ဖြစ်သွားနိုင်ပါ၏။
ဤကိစ္စ၏ အသေးစိတ် အကြောင်းအရာများက ဆုမိုနှင့် မည်သို့ သက်ဆိုင်ပါသနည်း။ သူတို့သည် အာမခံခရီးသွားနေရင်း လမ်းကြုံ ဖြတ်သန်းသွားရုံ သက်သက်သာ ဖြစ်နေပါသည်။
လမ်းခရီးတွင် ဤသို့သောလူနှင့် ဆုံစည်းပြီး အနက်ရောင်ဝတ်လူကို မောင်းထုတ်ကာ လူတစ်ယောက်၏ အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းကပင် ကျေးဇူးတင်စရာ ကိစ္စရပ်တစ်ခု ဖြစ်နေခဲ့လေသည်။ သို့ဖြစ်၍ ဤကိစ္စအား ဆက်လက် စုံစမ်းနေရန် မလိုအပ်တော့ကြောင်း တွေးတောမိလိုက်တော့သည်။
သို့သော် ဆုမို ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မြေပြင်ပေါ်မှ လူသည် အားယူပြီး ထရန် ကြိုးစားလိုက်၏။
"နေ... နေပါဦး..."
သူ ခေါင်းမော့လိုက်ရာ မျက်နှာပေါ်မှ ရွှံ့များ မိုးရေကြောင့် ဆေးကြောသွားသည်။
ဆုမို သူ့ကို အပေါ်အောက် ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်၏။
"မင်းပါလား..."
သေချာ ကြည့်လိုက်သောအခါ ဤလူသည် ဟွေမြစ် ကူးတို့ဆိပ် မှ ဆင်းလာစဉ် ကောင်းကင်ဓားဂိုဏ်း မှ တပည့်များကို ပုန်းရှောင်နေသော သူ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ထိုစဉ်တုန်းက ဆုမိုက သူ့ကို သူခိုးဟုတောင် ထင်ခဲ့သေးသည်။ မထွက်ခွာခင် သူက ယာဉ်တန်းကို ထူးဆန်းသော အကြည့်နှင့်
ကြည့်သွားသေးသည်။
ယန်ရှောင်ယွင်ကို ပြောပြသော်လည်း ထိုလူက ထပ်ပေါ်မလာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခြင်းပင်။
သို့ရာတွင်၊ နောက်တစ်ခါ ပြန်တွေ့တော့ ဒီလို ပုံစံမျိုးနှင့် တွေ့ရလိမ့်မည်ဟု ဘယ်သူ… ထင်မည်လဲ။
ဆုမို အံ့အားသင့်နေစဉ်မှာပင် လျူမို၏ အသံ ထွက်ပေါ်လာသည်။
"သခင်လေး ကျိ..."
"...ဘယ်သူ..."
ဆုမို လျူမိုဘက်သို့ လှည့်ကြည့်လိုက်၏။
လျူမို ခဏတာ တိတ်ဆိတ်သွားပြီးမှ တိုးတိုးလေး ဖြေလိုက်သည်။
"ကျိဖေးယန် ..."
ကျိဖေးယန်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ဆုမို၏ မျက်နှာထားသည် ထူးဆန်းသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်သွား၏။
ဆုမို.. ခဏတာ တွန့်ဆုတ်သွားပြီးနောက် ရင်ဘတ်ထဲမှ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။
ကျိဖေးယန် မသိစိတ်ဖြင့် ဖမ်းယူလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက လက်ကာပြလိုက်၏။
"သခင်လေး ကျိ... ဒီမှာတင် လမ်းခွဲကြတာပေါ့..."
"မြန်မြန်... မြန်မြန်... မြန်မြန် သွားကြစို့..."
"......"
ကျိဖေးယန် ပါးစပ်ဟထားသော်လည်း စကား တစ်လုံးမျှ မပြောနိုင်ခင် ယာဉ်တန်းသည် အလျင်အမြန် ဖြတ်ကျော်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မြေကြီးပေါ်မှ လှိမ့်ထလိုက်၏။ လက်ထဲမှ ဆေးလုံးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြီး သိုင်းပညာကို အသုံးပြုကာ တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ ယိုင်နဲ့နဲ့ ဖြစ်နေသော်လည်း ခဏကြာသောအခါ သူလည်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလေတော့၏။
...
...
တောအုပ်နက်ကြီးထဲရှိ သစ်ပင် တစ်ပင်၏ အကိုင်းအခက်ပေါ်တွင် အနက်ရောင်ဝတ် လူသည် ရပ်နေပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။
"ကံကောင်းလို့ ငါ ဉာဏ်ကောင်းပြီး ထွက်ပြေးလာတာ... ယူချွမ်အမိန့်သခင် သုံးဦးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တဲ့ လူကို သွားတိုက်ခိုက်ရလောက်အောင် ငါ မမိုက်မဲသေးပါဘူး..."
"သူ ပြောပုံအရ ဆိုရင်... မတော်တဆ လာတွေ့တာပဲ ဖြစ်မယ်..."
"ကောင်းတယ်... ဒီလောက် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်မျိုးကို အကောက်ကြံဖို့ မလိုတော့ဘူး..."
"ဒါပေမဲ့... ဒီလို.. လူမျိုးရဲ့ လက်ကနေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး... အခြေအနေမှန်ကို စုံစမ်းနိုင်ခဲ့တယ် ဆိုတော့... ငါ တော်တော် ဉာဏ်ကောင်းတာပဲ…”
အခန်း (၁၄၃) - ဟုန်ယွင်ဘုရားကျောင်း
~လျူမိုက ကျိဖေးယန်ကို မှတ်မိလိုက်သည့် တစ်ခဏမှာပဲ... ဆုမိုရဲ့ ရင်ထဲမှာ အချက်ပေးခေါင်းလောင်းသံတွေ မြည်ဟည်းသွားပြီး ဒီနေ့တော့ ပြဿနာအကြီးကြီး တက်တော့မည် ဆိုတာ သိလိုက်၏။
ကောင်းကင်တံခါး အာမခံဌာန၏ ခေါင်းဆောင်ကြီး၊ 'ကောင်းကင်တံခါး ဓားပျံ' ဟု ကျော်ကြားသော ကျိဝမ်လီသည် အာမခံ ခရီးစဉ် တစ်ခုကြောင့် အိမ်တွင်ပင် အသတ်ခံခဲ့ရပြီး သေဆုံးခြင်းက အလွန် သနားစဖွယ် ကောင်းလှသည်။
ထိုအမှုသည် ယနေ့ထက်တိုင် အဖြေမပေါ်သေးပေ။
အပြင်လူတွေ မပြောနှင့်၊ ကောင်းကင်တံခါး အာမခံဌာန အတွင်းလူတွေတောင် အသေးစိတ် အချက်အလက်ကို သေချာ မသိကြဘူးဟု ဆိုကြသည်။
သို့သော် ဆုမိုသည် ကျိဖေးယန်ကို မှတ်မိလိုက်သည့် ခဏတာအတွင်းမှာပင် အဖြစ်အပျက် တော်တော်များများကို ဆက်စပ်တွေးတောမိလိုက်ပြီ ဖြစ်၏။
‘ဒီလို အခြေအနေမျိုးမှာ... ကျိဖေးယန်က အိမ်မှာပဲ ဖခင်အတွက် ဝမ်းနည်းပူဆွေးပြီး နေရမယ့်အစား... ကောင်းကင်ဓားဂိုဏ်း နယ်မြေထဲကို ထူးထူးဆန်းဆန်း ရောက်ရှိနေတာက...
သူ ဘာလုပ်နေတာလဲ။
စောစောက ကောင်းကင်ဓားဂိုဏ်း တပည့်တွေကို သူ ရှောင်တိမ်းပုန်းကွယ်နေရတဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ။
ပြီးတော့... ကောင်းကင်ဓားဂိုဏ်း တပည့်တွေက လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေထဲ ဝင်လာခဲပါတယ်... ဒီတစ်ခေါက် ဘာကိစ္စနဲ့ မြစ်ဖြတ်ကူးလာကြတာလဲ။
အခု ငါတို့ သွားနေတဲ့လမ်းက လမ်းကြောင်းငါးသွယ် စုရပ် ကို ဦးတည်နေတာ... အဲ့ဒီနေရာရဲ့ မြောက်ဘက်မှာတင် ကောင်းကင်ဓားဂိုဏ်း ရှိနေတာလေ။
အခုအချိန်မှာ ကျိဖေးယန်က ကောင်းကင်ဓားဂိုဏ်း တပည့်တွေရဲ့ အကြည့်ကနေ လွတ်အောင် တိတ်တဆိတ် ရှောင်တိမ်းပြီး ဒီနေရာကို လျှောက်လာတယ် ဆိုတော့... သူ့ရဲ့ ပန်းတိုင်က ဘယ်နေရာလဲ။
ပြီးတော့ လမ်းမှာ သူ့ကို လုပ်ကြံဖို့ စောင့်နေတဲ့ အနက်ရောင်ဝတ် လူတွေကရော... သူတို့ရဲ့ ဇာစ်မြစ်က ဘယ်ကလဲ။
တခါတလေကျတော့ ပဟေဠိ အဖြေရှာမတွေ့တာက မကြောက်စရာ မဟုတ်ဘူး... အဖြေတွေ့သွားပြီးမှ နောက်ဆက်တွဲ ပါလာမယ့် ပြဿနာတွေက ပိုကြောက်စရာ ကောင်းတာ။၊’
မရှင်းလင်းသည့် အချက်တွေ ရှိနေသေးသော်လည်း... အတိတ်က သင်ခန်းစာတွေက ဆုမိုကို သတိပေးနေသည်။
မရှင်းလင်းသော ကိစ္စတွေထဲ ဝင်မပါနှင့်။
သူ၏ အဓိက တာဝန်က ဝမ်ရှင်း ကုန်သွယ်ရေး ဌာနအတွက် ကုန်ပစ္စည်း ပို့ဆောင်ဖို့ပင်။ အကယ်၍၊ သူ့အသက်အန္တရာယ်နှင့် ပတ်သက်လာလျှင်တော့ တစ်မျိုးပင်။...
ယခုက မပတ်သက်ဘူး ဆိုတော့... ကောင်းကင်တံခါး အာမခံဌာန၏ ရှုပ်ထွေးပွေလီသော ကိစ္စတွေထဲ ဝင်ပါစရာ အကြောင်းမရှိပေ။
ထို့ကြောင့် ၊ ဆေးလုံး တစ်လုံး ပေးလိုက်တာနှင့်တင် သိုင်းလောကသားချင်း ကူညီရာ ရောက်ပြီဟု သတ်မှတ်ပြီး ထပ်မံ စုံစမ်းမနေတော့ဖို့ ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် ယာဉ်တန်းကို အမြန်ဆုံး ဦးဆောင်ပြီး ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် ဆုမိုသည် ထူးထူးခြားခြား ဘာမှ မလုပ်ခဲ့သော်လည်း၊ တိုက်ခိုက်ခြင်း၊ လမ်းကြောင်းဆွဲခြင်းနှင့် တည်းခိုရန် နေရာ ရွေးချယ်ခြင်းတို့ကို သူကသာ ဦးဆောင် စီမံခဲ့သည်။ ထို့ကြောင့် ယာဉ်တန်းအတွင်း သူ၏ စွမ်းရည်ကို ထုတ်ဖော်ပြသစရာ မလိုဘဲ အားလုံးက အသိအမှတ်ပြုခဲ့ကြ၏။
လူတိုင်းက သူ့ကို လေးစားအားကျနေကြပြီ ဖြစ်သည်။
သိုင်းပညာ ဘယ်လောက်တော်တော်၊ သိုင်းလောကမှာ နာမည် ဘယ်လောက်ကြီးကြီး အရေးမကြီးပါချေ။
ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေအတွက် အရေးကြီးဆုံးက... သူတို့ကို ဘေးကင်းကင်းနှင့် ခေါ်ထုတ်သွားပြီး... ဘေးကင်းကင်းနှင့် ပြန်ခေါ်လာနိုင်မည့်
ခေါင်းဆောင်မျိုးပင်။
ဓားသွားပေါ် လမ်းလျှောက်ပြီး ထမင်းရှာစားနေရသည် ဆိုသော်လည်း... ဘယ်သူကမှ ကိုယ့်အသက်ကို အလကား အဖြစ်မခံချင်ကြပေ။
ထို့ကြောင့် မသိမသာပင် အဖွဲ့သားများကြား၌ ဆုမို၏ ဂုဏ်သိက္ခာသည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လျူမိုကတော့ စကားနည်းပြီး ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းသူ ဖြစ်ရာ ဆုမိုနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွား၏။
ဒါကြောင့်လည်း သူတို့က ကောင်းကင်တံခါး အာမခံဌာနက ကျိဖေးယန်ကို မှတ်မိနေကြသော်လည်း... ဆုမိုက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည့် အခါ ဘယ်သူမှ တုံ့ဆိုင်းမနေခဲ့ကြပေ။
ထိုအချိန်တွင် လျူမိုသည် သတိဝင်လာပြီး ဆုမိုကို တစ်ချက်လှမ်းကြည့်ကာ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
သူ့မျက်လုံးတွေထဲမှာ အံ့ဩမှုတွေ ရှိနေသလို... လေးစားအားကျမှုတွေလည်း ပါဝင်နေသည်။
သို့သော် ကျိဖေးယန် ရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ သူ့မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင် အချို့ ဖြတ်ပြေးသွား၏။
နောက်ဆုံးတွင်တော့ သူ ခေါင်းခါလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
လူအုပ်ကြီးသည် ခြေလှမ်းများကို အနည်းငယ် အရှိန်မြှင့်လိုက်ကြသော်လည်း၊ ဆောင်းဦးမိုးက တဖွဲဖွဲ ရွာသွန်းနေဆဲပင်။
မိုးရွာထားသဖြင့် လမ်းများက ချောကျိနေပြီး၊ လှည်းများကလည်း ကုန်ပစ္စည်းများကြောင့် လေးလံနေသဖြင့် အချိန်ကြာကြာ ခရီးဆက်ရန် မလွယ်ကူတော့ပေ။
နောက်ထပ် နှစ်နာရီနီးပါး ကြာသောအခါ ကင်းထောက်တစ်ဦး ပြန်ရောက်လာပြီး သတင်းပို့သည်။ ရှေ့နားတွင် မိုးခိုနိုင်သော ဘုရားကျောင်းတစ်ကျောင်း ရှိကြောင်း ပြောကြားလာ၏။
ဆုမို အကျဉ်းချုံး မေးမြန်းလိုက်၏။
"ဘယ်လို ဘုရားကျောင်းမျိုးလဲ... ကောင်းကောင်းမွန်မွန် ရှိလား... ဒါမှမဟုတ် ပျက်စီးယိုယွင်းနေလား..."
"ကောင်းပါတယ်..."
ကင်းထောက်က စိတ်အားထက်သန်စွာ ပြန်ဖြေ၏။
"တခြား ကုန်သည်လှည်းတန်းတွေလည်း အဲ့ဒီမှာ မိုးခိုနေကြတာ တွေ့ခဲ့ရပါတယ်... ဧည့်ခံတဲ့ ကိုရင်လေးက အအေးပြေအောင် ရေနွေးကြမ်းတောင် တိုက်နေပါသေးတယ်..."
ဆုမို ခေါင်းညိတ်လိုက်၏။
"ဒါဆို ရှေ့က လမ်းပြလိုက်..."
ထို့နောက် ယန်ရှောင်ယွင်နှင့် လျူမိုတို့ကို လှည့်ပြောလိုက်၏။
"လူတိုင်းကို ဘုရားကျောင်းထဲမှာ မိုးခိုဖို့ အမိန့်ပေးလိုက်ပါ... သတိဝီရိယ ရှိကြပါစေ... အာမခံအလံကို ရှင်းရှင်းလင်းလင်း မြင်သာအောင် ပြထားပါ... မိုးတိတ်တာနဲ့ ချက်ချင်း ခရီးဆက်မယ်... အချိန်မဖြုန်းကြနဲ့..."
နှစ်ဦးသား ခေါင်းညိတ်လိုက်ပြီး အမိန့်ကို လက်ဆင့်ကမ်းလိုက်ကြ၏။
ကင်းထောက်က ရှေ့မှ လမ်းပြသွားပြီး မကြာမီမှာပင် တောင်ခါးပန်းရှိ ဘုရားကျောင်းတစ်ခုသို့ ရောက်ရှိသွားကြ၏။
ဆုမိုနှင့် အဖွဲ့သားများ ယာဉ်တန်းကို မောင်းနှင်တက်လာသောအခါ အနီးအနားတွင် ရပ်နားထားသော မြင်းလှည်းအများအပြားကို အမှန်တကယ် တွေ့မြင်လိုက်ရ၏။
အခြား ယာဉ်တန်းများမှ အစောင့်များသည်လည်း ယာယီတဲများအောက်မှနေ၍ သူတို့၏ လှည်းများကို စောင့်ကြပ်နေကြပြီး၊ ဆုမိုနှင့် အဖွဲ့ ရောက်လာသည်ကို မြင်သောအခါ သတိထား စောင့်ကြည့်နေကြ၏။
သို့သော် လှည်းများပေါ်ရှိ အာမခံအလံကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်လာသော်လည်း ချက်ချင်း အသိအမှတ်ပြုလိုက်ကြပုံ မရပေ။
ဆုမို ဘုရားကျောင်းကို လှမ်းကြည့်လိုက်၏။ သိပ်မကြီးမားလှသော ဘုရားကျောင်းလေး ဖြစ်၏။ ဝင်ပေါက်အထက်တွင် 'ဟုန်ယွင်ဘုရားကျောင်း' ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထား၏။
တံခါးမကြီး ဘေးတွင် ကိုရင်လေး တစ်ပါး ရပ်နေသည်။ ဆောင်းဦးမိုးဒဏ်ကြောင့် အအေးမိပြီး မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်နေရှာသည်။
သို့သော် ဆုမိုနှင့် အဖွဲ့သားများ ရောက်လာသည်ကို မြင်သောအခါ အားယူပြုံးလိုက်ပြီး မိုးရေထဲသို့ ထွက်လာ၏။
"ဒကာတို့... ဆောင်းဦးမိုးက အေးတယ်... အထဲကို မြန်မြန်ဝင်ပြီး မိုးခိုကြပါ... ဘုရားရှင်ကို ပူဇော်တဲ့ အနေနဲ့ အမွှေးတိုင်ဖိုး၊ အလှူငွေလေး နည်းနည်းလောက်တော့ ပေးကမ်းလှူဒါန်းကြပါနော်..."
"ဘုရားရှင်ကို ရိုသေခြင်းက ကောင်းချီးမင်္ဂလာကို ယူဆောင်လာပေးပါတယ်..."
ကိုရင်လေး၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသော်လည်း အအေးဒဏ်ကြောင့် တဆတ်ဆတ် တုန်ရီနေရှာသည်။ သို့တိုင်အောင် အပြုံးကတော့ လုံးဝ ပျောက်ကွယ်မသွားပေ။
ဆုမိုသည် မမျှော်လင့်ထားသော တောင်းဆိုမှုကြောင့် မှင်သက်သွားမိသည်။ သို့သော် ဘုရားကျောင်း တည်ရှိရာ နေရာကို ကြည့်ခြင်းအားဖြင့် ပုံမှန် နေ့ရက်များတွင် ဧည့်သည် များများစားစား လာရောက်လေ့ မရှိကြောင်း သိလိုက်ရ၏။
ဒီလိုမျိုး ပေါ်တင်ကြီး ပိုက်ဆံတောင်းနေတာ... တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်များ စိတ်ဆိုးသွားမှာ မကြောက်ဘူးလား။
ဒါမှမဟုတ် ဟုန်ယွင်ဘုရားကျောင်းမှာ အကာအကွယ်ပေးမယ့် စွမ်းအားကြီး ပုဂ္ဂိုလ်တွေ ရှိနေလို့လား။
ထိုအချက်ကို စဉ်းစားပြီး သူ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒီအမွှေးတိုင်ဖိုး၊ အလှူငွေက ဘယ်လောက် ပေးရမှာလဲ..."
"တစ်ယောက်ကို တစ်ပြားပါ..."
ကိုရင်လေးက သွားလေးတွေ ပေါ်အောင် ပြုံးဖြီးဖြီး လုပ်ရင်း ချက်ချင်း ပြန်ဖြေလိုက်သည်။
ဆုမို ရုတ်တရက် သဘောပေါက်သွား၏။
တစ်ယောက်ကို တစ်ပြားဆိုတော့လည်း... ငြင်းခုံစကားများပြီး သွေးထွက်သံယို ဖြစ်စရာ အကြောင်းမရှိပါဘူးလေ။
အခန်း (၁၄၄) - ဟုန်ယွင်ဘုရားကျောင်း (၂)
~’အထူးသဖြင့် ဒီလို ကုန်သည်တွေအတွက်တော့... တစ်ယောက်ကို တစ်ပြားလောက် ပေးရုံနဲ့ ကိစ္စပြတ်သွားမယ် ဆိုရင်... တကယ်ကို အဆင်ပြေတာပေါ့။’
ဆုမိုက ယန်ရှောင်ယွင်ကို ငွေပေးခိုင်းလိုက်၏။ ကိုရင်လေးက ငွေကို အကြိမ်ကြိမ် ရေတွက်ပြီး မှန်ကန်ကြောင်း သေချာစေလိုက်၏။ ထို့နောက် အလျင်စလို ပြုံးကာ ပြောဆိုလိုက်သည်။
"ကြွပါ... ဒကာတို့... ကြွပါခင်ဗျာ... ဪ... ဒါနဲ့... အပြင်မှာ စောင့်နေတဲ့ ဒကာတွေအတွက် ယာယီ မိုးခိုတဲလေး ဆောက်လို့ ရတဲ့… ပစ္စည်းတွေ ဒီမှာ ရှိပါတယ်..."
ဒီကိုရင်လေးက ဘာလုပ်ရမယ် ဆိုတာ ကောင်းကောင်း သိနေပုံ ရ၏။ လက်ညှိုးဖြင့် ပစ္စည်းရှိရာ နေရာများကို ညွှန်ပြနေ၏။
ဆုမိုက လျူမိုဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။ မင်း ခရီးသွားတုန်းက ဒီလို အစီအစဉ်မျိုး ကြုံဖူးလား ဆိုသည့် အကြည့်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
သို့သော် လျူမိုက ခေါင်းခါလိုက်ပြီး သူ ဒီနေရာကို တစ်ခါမှ မရောက်ဖူးကြောင်း အချက်ပြလိုက်သည်။
ဆုမို နားလည်ပေးနိုင်ပါသည်။ ‘ဟုန်ယွင်ဘုရားကျောင်းက တောင်ခါးပန်းမှာ တည်ရှိပြီး ရှေ့မှာ ရွာမရှိ၊ နောက်မှာ ဆိုင်မရှိဆိုတော့... ပုံမှန် အခြေအနေမျိုးမှာ ဒီနေရာကို လာစရာ အကြောင်းမရှိဘူးလေ။’
သို့သော် ဆုမိုသည် ကိုရင်လေး၏ ဖိတ်ခေါ်မှုကို ဂရုမစိုက်ဘဲ အပြင်မှာပဲ နေရန် ဆုံးဖြတ်လိုက်၏။
‘မိုးခိုစရာ ယာယီတဲ ရှိနေမှတော့ အဆင်ပြေတာပဲလေ။’
ဘာမှ ထပ်မပြောတော့ဘဲ လူတွေကို မိုးခိုတဲ ဆောက်ခိုင်းလိုက်သည်။ ကိုရင်လေးသည် အကြမ်းထည် ကြွေပန်းကန်လုံး အများအပြားကို သယ်ဆောင်လာပြီး တစ်ယောက် တစ်လုံးစီ ဝေငှပေး၏။
ခဏကြာသောအခါ ကိုရင်လေးသည် ရေနွေးအိုးကြီး တစ်လုံးကို ကိုင်ဆောင်ပြီး ဟောဟဲလိုက်ကာ ရောက်ရှိလာသည်။
"ကံကောင်းခြင်းတွေ ရောက်လာပြီဗျို့..."
ပြောရင်းဆိုရင်း သူက လူတိုင်းအတွက် ရေနွေးကြမ်း လိုက်ငှဲ့ပေးသည်။
"မလောက်ရင် ကိုရင့်ကို ပြောကြနော်... ဒကာတို့အတွက် ထပ်သွားယူပေးမယ်..."
လူတိုင်းက ရေနွေးကြမ်း ပန်းကန်လုံးများကို ကိုင်ထားကြသော်လည်း မသောက်ကြသေးဘဲ ဆုမိုကို လှမ်းကြည့်နေကြ၏။
ဆုမိုက အပင်ပန်းခံပြီး တစ်ခွက်ချင်းစီကို လိုက်လံ စစ်ဆေးပေးသည်။ စိတ်ချရပြီ ဆိုမှ သောက်ခွင့်ပြုလိုက်၏။
ကိုရင်လေးကတော့ အလျင်လိုပုံ မရပေ။ ဆုမို စစ်ဆေးပြီးမှသာ စကားဆက်ပြောသည်။
"ဒကာကြီး... အပြင်မှာ တော်တော် အေးနေပြီ... အထဲဝင်ပြီး လေဒဏ် မိုးဒဏ် ခိုလှုံကြပါလား..."
ဆုမို ဘုရားကျောင်း အတွင်းပိုင်းသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"ဒကာတို့က သိုင်းလောက အငွေ့အသက်တွေ ပြင်းထန်လွန်းတော့... အထဲက ငြိမ်းချမ်းမှုကို နှောင့်ယှက်မိမှာ စိုးလို့ပါ... ဘုရားရှင်ကို စော်ကားမိသလို ဖြစ်သွားမှာ စိုးရိမ်လို့ မဝင်တော့ပါဘူး..."
ကိုရင်လေးက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး လုံးဝ ဂရုစိုက်ပုံ မရပေ။ သူသည် ဝင်ပေါက်ဘက်သို့ ပြန်သွားပြီး တောင်အောက်ကို လှမ်းမျှော်ကြည့်နေပြန်သည်။ နောက်ထပ် ရောက်လာမည့် လူအုပ်စုကို စောင့်မျှော်ပြီး တစ်ယောက် တစ်ပြား တောင်းဖို့ စဉ်းစားနေပုံ ရ၏။
ဆုမို ဒီကိုရင်လေးကို ကြည့်ပြီး စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မိလိုက်၏။
သို့သော် သူ့ကို ခေါ်ပြီး စကားပြောရန် ရည်ရွယ်ချက် မရှိပေ။ ဝေဇီယီ ပေးလိုက်သော စာရင်းကို ပြန်စဉ်းစားကြည့်ရာ ဟုန်ယွင်ဘုရားကျောင်း နာမည် ပါမလာခဲ့ပေ။ ထို့ကြောင့် ဆက်လက် အာရုံစိုက်မနေတော့ရန် ဆုံးဖြတ်လိုက်၏။
သူသည် အခြားသူများနှင့်အတူ မိုးခိုတဲအောက်တွင် ဝင်ရောက် ခိုလှုံလိုက်သည်။
ထိုအခါ အာမခံဌာနမှ သိုင်းဆရာများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နေရခက်သွားကြ၏။
သူတို့ ပါးစပ်ဟပြီး ဆုမိုကို စကားပြောချင်သော်လည်း မပြောရဲ ဖြစ်နေကြသည်။ အချင်းချင်း တွန်းထိုးနေကြပြီး နောက်ဆုံးတွင် လျူမိုနားသို့ စုရုံးကာ စကားအနည်းငယ် ပြောလိုက်ကြ၏။
သူတို့ ပြောတာကို နားထောင်ပြီးနောက် လျူမိုသည် ဆုမိုအနားသို့ ရောက်လာပြီး ပြောလိုက်၏။
"သူတို့ ပြောနေကြတယ်... ခေါင်းဆောင်က ခရီးတစ်လျှောက်လုံး ပင်ပန်းခဲ့ရတာ... ဒီမှာ သူတို့နဲ့အတူ ဒုက္ခခံနေစရာ မလိုပါဘူးတဲ့... အထဲဝင်ပြီး နည်းနည်းလောက် နားလိုက်ပါလား... လူတိုင်းက ခေါင်းဆောင်ကိုပဲ အားကိုးနေရတာလေ..."
ဆုမို အံ့အားသင့်သွားပြီး ဘေးပတ်ဝန်းကျင်မှ လူများကို လှည့်ကြည့်လိုက်၏။ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး မေးလိုက်မိ၏။
"ဘာလို့ ကျွန်တော့်ကို တိုက်ရိုက် မပြောကြတာလဲ... ခေါင်းဆောင်ကို လွှတ်ပြီး ပြောခိုင်းရတယ်လို့... ကျွန်တော်က ကိုက်စားမှာ ကျနေတာပဲ..."
ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့မှာ အသက်ကြီးသူများ ဖြစ်ကြပြီး၊ အချို့မှာ အသက် ၂၀ ဝန်းကျင် လူငယ်လေးများ ဖြစ်ကြ၏။ သို့သော် ယခုအချိန်တွင် အားလုံး မျက်နှာပူနေပုံ ရ၏။
ထိုစဉ်၊ အတွေ့အကြုံ ရင့်ကျက်ပြီး ရယ်မောပျော်ရွှင်တတ်သော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပြောလာသည်။
"ခေါင်းဆောင်... ဒီခရီးစဉ်မှာ ခေါင်းဆောင် တကယ် ပင်ပန်းခဲ့ရပါတယ်... ကျုပ်တို့ ကောင်းကင်တံခါး အာမခံဌာနနဲ့ လိုက်တုန်းကတောင် ဒီလောက် ဂရုစိုက်ခံရမှုမျိုး မရခဲ့ဖူးဘူး..."
"ပြီးတော့... ကျုပ်တို့ ကာကွယ်ရေး တပ်ဖွဲ့က အာမခံဌာနရဲ့ အစိတ်အပိုင်း မဟုတ်ပေမဲ့... ခေါင်းဆောင်က ခွဲခြားဆက်ဆံခြင်း မရှိဘဲ ဆက်ဆံပေးတယ်..."
"ခေါင်းဆောင်က ဒါကို အမှုမထားပေမဲ့... ကျုပ်တို့ ညီအစ်ကိုတွေကတော့ ရင်ထဲမှာ မှတ်ထားပြီး ကျေးဇူးတင်နေကြတာပါ..."
"ခေါင်းဆောင်... တကယ်ပဲ ကျုပ်တို့နဲ့အတူ ဒီတဲအောက်မှာ လေဒဏ်ခံနေစရာ မလိုပါဘူး... အထဲဝင်ပြီး ခဏလောက် နားလိုက်ပါ... ကျုပ်တို့ ဒီမှာ စောင့်ကြည့်နေပါ့မယ်... ဘာမှ မဖြစ်စေရပါဘူး..."
ဆုမို ခပ်ဟဟ ရယ်လိုက်၏။
"ခင်ဗျားတို့က ဒီမှာ လေဒဏ်ခံနေရပြီး... ကျွန်တော်က အထဲမှာ သက်သောင့်သက်သာ နေရမယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီခရီးမှာ အားလုံး အတူတူ ပင်ပန်းနေကြတာပဲ... ကျုပ် ဆုမို တစ်ယောက်တည်း ပင်ပန်းတာမှ မဟုတ်တာ... ဘယ်သူက ဒုက္ခမခံရလို့လဲ..."
"ကျွန်တော် မျှော်လင့်တာ တစ်ခုပဲ ရှိတယ်... အားလုံး ဒီခရီးကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ဖို့... ခင်ဗျားတို့ကို ဘေးကင်းကင်းနဲ့ ခေါ်ထုတ်သွားပြီး... တစ်ယောက်မကျန် ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာနိုင်ဖို့ပဲ..."
"ကျုပ်တို့ ယုံကြည်ပါတယ်..."
"ဟုတ်တယ်... ခေါင်းဆောင်ဆုလောက် ထူးချွန်တဲ့သူမျိုး ကျုပ်တို့ တခါမှ မတွေ့ဖူးဘူး..."
"ခေါင်းဆောင်ဆု... အာမခံဌာနမှာ လူလိုသေးလား..."
စကားစမြည် ပြောဆိုမှု စတင်လိုက်သည်နှင့် ရုတ်တရက် မှတ်ချက်အမျိုးမျိုး ထွက်ပေါ်လာလေတော့သည်။
ဆုမို စိတ်မဆိုးဘဲ မိုးခိုတဲအောက်တွင် ရပ်လျက် သူတို့နှင့် ပေါ့ပါးစွာ စကားပြောဆိုနေ၏။
ဒီနေရာက သက်သောင့်သက်သာ ရှိနေသော လေထုက အခြား ကုန်သည်တွေ၏ အစောင့်တွေကိုပါ စိတ်သက်သာရာ ရသွားစေခဲ့ပါသည်။
ပြီးတော့ ဆုမို၏ စကားပြောသံတွေကို နားထောင်ရင်း... သူတို့ ထင်ထားသည့် လူပုဂ္ဂိုလ်က သူပဲဆိုတာ ရှင်းလင်းသွားခဲ့သည်။
ရွှမ်ကျီတောင်ကြား တိုက်ပွဲ တစ်ခုတည်းနှင့် နာမည်ကြီးလာပြီး ယူချွမ်ဂိုဏ်းကို ဖြိုခွင်းခဲ့သည့် ဆုမို။
ဇီယန်အာမခံဌာနရဲ့ ခေါင်းဆောင်။
ခဏတာမျှ လူအများအပြား အံကြိတ်လိုက်မိကြ၏။
သိုင်းလောက ဂုဏ်သတင်း တစ်ခုအကြောင်း ကြားရုံနှင့် သိပ်ဂရုစိုက်ချင်မှ စိုက်ကြမည်... သို့ရာတွင်၊ လူချင်း တကယ် တွေ့လိုက်ရသည့်အခါ... စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ပေ။
ကံကောင်းတာက ဆုမို၏ အမူအရာက အေးဆေး တည်ငြိမ်ပြီး သိုင်းပညာရှင်တွေမှာ ရှိတတ်သည့် မောက်မာမှုမျိုး မရှိပေ။ ... ထို့ကြောင့် ဆုမို ဆိုသော နာမည်အပေါ် ကွဲပြားသည့် အမြင်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
လေထုထဲတွင် စီးမျောရင်း လူအချို့လည်း မသိစိတ်ဖြင့် စကားပြောဆိုလာကြ၏။
ဆုမိုသည် ညီအစ်ကိုများနှင့် စကားပြောနေသော်လည်း၊ အခြားနေရာများတွင် ဖြစ်ပျက်နေသည်များကိုလည်း အာရုံစိုက် နားထောင်နေ၏။
ရုတ်တရက် အသံတစ်ခုက သူ့အာရုံကို ဖမ်းစားလိုက်သည်။
"ဒီခရီးမှာ လမ်းကြောင်းငါးသွယ် စုရပ် ကနေ စောစော မထွက်ခဲ့ရင်... ငါတို့ ဒုက္ခရောက်ကုန်ကြမှာ... ငါတို့အတွက်က ကိစ္စမရှိပေမဲ့... ဆိုင်ရှင်ရဲ့ ကုန်သွယ်မှုကတော့... သူ့လက်ထဲမှာတင် သောင်တင်သွားနိုင်တယ်…”