အခန်း (၁၄၅-၁၄၇)
Vol. 10 Ch. 145-147
အခန်း (၁၄၅) - ဟုန်ယွင်ဘုရားကျောင်း (၃)
~"ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ... ကောင်းကင်ဓားဂိုဏ်းက လမ်းကြောင်းငါးသွယ် စုရပ်ကို ပိတ်မယ် ဆိုတော့လည်း ပိတ်ချလိုက်တာပါပဲ... ကုန်သည်တွေ အများကြီး အထဲမှာ ပိတ်မိနေတာ၊ ဘယ်သူမှ ထွက်လို့မရဘူး... ဘယ်တော့ ပြန်ဖွင့်ပေးမလဲ ဆိုတာလည်း ဘယ်သူမှ မသိကြဘူး... ဆယ်ရက် လဝက်လောက် ဆိုရင်တော့ သည်းခံလို့ ရသေးတာပေါ့... ဒါပေမဲ့ ဒီထက် ပိုကြာလာရင်တော့... လူတွေ မြင်းတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ စရိတ်စကတွေနဲ့ ကုန်သည်ယာဉ်တန်းကို ထိန်းသိမ်းဖို့ စရိတ်တွေကြောင့်... အဲ့ဒီ ဆိုင်ရှင်တွေခမျာ ညဘက်ဆို ခေါင်းအုံးနဲ့ မျက်နှာအပ်ပြီး ငိုနေရတော့မှာ..."
ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ယန်ရှောင်ယွင်ကို တစ်ချက်ကြည့်ကာ သေချာ နားထောင်ရန် အချက်ပြလိုက်၏။
စကားသံအချို့ကို နားထောင်ပြီးနောက် ယန်ရှောင်ယွင်သည် ရှောင်ချွမ်းကို ခေါ်ယူပြီး တီးတိုး မှာကြားလိုက်၏။
ရှောင်ချွမ်း ခေါင်းညိတ်လိုက်ပြီး မိုးခိုတဲအောက်မှ ထွက်ခွာကာ အခြား ကုန်သည်ယာဉ်တန်းများထံသို့ သွားရောက် နှုတ်ဆက်လိုက်တော့သည်။
ထိုသူများသည် ဆုမိုနှင့် အဖွဲ့၏ နောက်ခံကို သိရှိထားကြသဖြင့် ရှောင်ချွမ်းကို သေချာပေါက် လျှော့တွက်ကြမည် မဟုတ်ပေ။
နှစ်ဖက်စလုံး လက်သီးဆုပ်ကာ နှုတ်ဆက်ကြပြီး အပြန်အလှန် မိတ်ဆက်ကြ၏။ ထို့နောက် ရှောင်ချွမ်းသည် အကြောင်းပြချက် တစ်ခု ဖန်တီးကာ သူတို့နှင့် ထွေရာလေးပါး စတင် ပြောဆိုလိုက်သည်။
စကားပြောနေစဉ်အတွင်း သူသည် စကားလမ်းကြောင်းကို လမ်းကြောင်းငါးသွယ် စုရပ် ဆီသို့ ပါးနပ်စွာ ဆွဲခေါ်သွား၏။
အသေးစိတ် အချက်အလက်များကို မသိမသာ စုံစမ်းရန် ဖြစ်၏။
ဆုမိုနှင့် အဖွဲ့သားများသည် ဤနေရာအထိ ရောက်ရှိလာပြီ ဖြစ်ရာ လမ်းကြောင်းငါးသွယ် စုရပ် သို့ ရောက်ရန် ဆယ်ရက်ခန့်သာ လိုတော့သည်။
တကယ်လို့ လမ်းကြောင်းငါးသွယ် စုရပ် မှာ မမျှော်လင့်ထားသည့် အပြောင်းအလဲတွေ ဖြစ်နေလျှင်... သူတို့အတွက် သတင်းဆိုးပင်။
နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်လာခဲ့သော ရှောင်ချွမ်းသည် အချိန်တိုအတွင်းမှာပင် လမ်းကြောင်းငါးသွယ် စုရပ်နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံးကို ထိုသူများထံမှ နှိုက်ယူနိုင်ခဲ့သည်။
ကံဆိုးစွာဖြင့် ထိုသူများသည် အတွင်းရေး အခြေအနေများကို သိပ်မရှင်းလင်းကြပေ။
သူတို့ သိထားသမျှမှာ လွန်ခဲ့သော ဆယ်ရက်ခန့်က ကောင်းကင်ဓားဂိုဏ်းမှ တပည့်များသည် ကောင်းကင်တံခါးတောင်ပေါ်မှ ရုတ်တရက် ဆင်းသက်လာပြီး တောင်ခြေရင်းရှိ အရေးပါသည့် ထိုမြို့ကို ပိတ်ဆို့လိုက်ခြင်း ဖြစ်၏။
သို့သော် တိကျသော အကြောင်းရင်းကိုမူ မသိရှိကြပေ။
ဤလူအုပ်စုသည် သတင်းအချက်အလက် နှာစေးသော သဘောသဘာဝကြောင့် လမ်းကြောင်းငါးသွယ် စုရပ် မပိတ်ဆို့မီ ထွက်ခွာနိုင်ခဲ့ကြခြင်း ဖြစ်၏။
မဟုတ်လျှင် သူတို့လည်း အထဲမှာ ပိတ်မိနေကြမှာ အသေအချာပင်။
ဆုမို ထိုသတင်းကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး လျူမိုကို လှည့်ပြောလိုက်၏။
"ခေါင်းဆောင်လျူ... ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက လမ်းကြောင်းငါးသွယ် စုရပ် အတွင်းမှာ ဌာနခွဲတွေ ဖွင့်ထားတာဆိုတော့... သတင်းတချို့ ရလောက်မှာပါ... ကောလာဟလ သတင်းတွေ ဘာတွေ ကြားမိသေးလား..."
လျူမိုသည် အနည်းငယ် စိတ်အာရုံ လွင့်ပါးနေပုံ ရ၏။ ဆုမိုက မေးခွန်းကို ထပ်မံ မေးမြန်းလိုက်မှ သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်သည်။
"မကြားမိပါဘူး... ဒါပေမဲ့ မထွက်ခွာခင်တုန်းက စာပို့ချိုးငှက် တစ်ကောင် ယူလာခဲ့တယ်... အခြေအနေကို စုံစမ်းဖို့ စာရေးလိုက်ရင် ကောင်းမလား..."
"ကောင်းသားပဲ..."
ဆုမို ခေါင်းညိတ်လိုက်၏။
လမ်းကြောင်းငါးသွယ် စုရပ် ၏ အခြေအနေက မရေရာ မသေချာ ဖြစ်နေသည်။ အဝင်ကို ပိတ်ထားတာလား၊ အထွက်ကို ပိတ်ထားတာလား၊ ဒါမှမဟုတ် နှစ်မျိုးလုံး ပိတ်ထားတာလား ဆိုတာ မသိရသေး။ ဒါက ပြဿနာပင်။
ပထမ အခြေအနေဆိုလျှင် တော်သေးသည်။ ကုန်ပစ္စည်း ပို့ပြီးလျှင် အထဲမှာ ရက်အနည်းငယ်လောက် ကြန့်ကြာနေရုံသာ ရှိမည်။
ဒုတိယ အခြေအနေဆိုလျှင်... အဝင်မခံဘူး ဆိုတော့ အလကား သက်သက် အချိန်ကုန် လူပန်း ဖြစ်ရတော့မည်။
အကယ်၍၊ ထိုသို့.. ဖြစ်လာမည် ဆိုလျှင်... အမြန်ဆုံး အစီအစဉ် တစ်ခု ဆွဲရလိမ့်မည်။
ကြားခံလူ ရှာမလား၊ တခြား နည်းလမ်းတွေ စဉ်းစားမလား... မသိမသာ အခြေအနေကို မျက်စိမှိတ်ပြီး ဝင်တိုးတာထက် စာလျှင် ပိုကောင်းသည်ပင်။
လျူမို ခေါင်းညိတ်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် ဧည့်ကြို ကိုရင်လေးကို မေးလိုက်၏။
"ဆရာတော်လေး... ဘုရားကျောင်းမှာ စုတ်တံ၊ မင်၊ စာရွက် နဲ့ မင်သွေးကျောက် ရှိလား..."
"ရှိပါတယ်..."
ကိုရင်လေးက ပြုံး၍ ပြန်ဖြေသည်။
"ဒါပေမဲ့ ဘုရားကျောင်းက စာရေးကိရိယာတွေက ဘုရားရှင်အတွက် လှူဒါန်းထားတာတွေပါ... တကယ်လို့ ဒကာကြီး သုံးချင်တယ် ဆိုရင်တော့..."
"အလှူငွေ ဘယ်လောက် ပေးရမလဲ..."
"တစ်ပြားပါ..."
ကိုရင်လေးက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။ ငွေမက်လိုက်ပုံများ။
လျူမိုက တစ်ပြားကို ပေါ့ပေါ့ပါးပါး ထုတ်ယူပြီး ကိုရင်လေးကို ပစ်ပေးလိုက်၏။ ကိုရင်လေးက ချက်ချင်းပင် လျူမိုကို ဘုရားကျောင်း အတွင်းသို့ ခေါ်ဆောင်သွား၏။
ကြာရှည်မစောင့်လိုက်ရပေ။ လျူမိုသည် ဘုရားကျောင်းထဲမှ ပြန်ထွက်လာသည်။
သို့သော် သူ၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းနေ၏။
ရေးပြီးသား စာကို ဝါးကျည်တောက်လေးထဲ ထည့်ပြီး စာပို့ချိုးငှက်၏ ခြေထောက်တွင် ချည်နှောင်ကာ လွှတ်ပေးလိုက်သည်။
ချိုးငှက်သည် အစပိုင်းတွင် တောင်ပံခတ်ရတာ မမှန်မကန် ဖြစ်နေပြီး ဆောင်းဦးရာသီဥတုကို သက်သောင့်သက်သာ မရှိပုံရသော်လည်း၊ ခဏကြာသောအခါ တည်ငြိမ်စွာ ပျံသန်းသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်တွင် လျူမိုက ဆုမိုကို တီးတိုး ပြောလိုက်၏။
"ဘုရားကျောင်းထဲမှာ တစ်ခုခု မှားနေတယ်..."
"ဟင်..."
ဆုမို အံ့အားသင့်သွားပြီး လျူမိုကို လှမ်းကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ..."
လျူမို၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာ၏။
"ကျုပ် ဒီလမ်းကို အကြိမ်ကြိမ် သွားလာဖူးတယ်... တောလမ်းလောကက လူတချို့နဲ့လည်း ရင်းနှီးတယ်... ဥပမာ 'ရွှေနက်ရောင် ဓား' ကျောက်ချန်တို့... မာဝမ်ကျိုင်းက မာတာ့ချင်း တို့ပေါ့... ဒီလမ်းကြောင်းမှာ ဆရာကြီးတွေလို့ သတ်မှတ်လို့ရတဲ့ သူတွေလေ... ကျုပ်တို့ ရှေ့ဆက်သွားရင် ရင်ဆိုင်ရနိုင်တဲ့ သူတွေပေါ့..."
စကားပြောရင်း သူသည် ဘုရားကျောင်းဘက်သို့ လှမ်းကြည့်လိုက်ပြီး လေသံနှိမ့်ကာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ အခု အဲ့ဒီလူတွေနဲ့ တခြား လူမိုက်ကြီးတွေ အကုန်လုံး ဟုန်ယွင်ဘုရားကျောင်းထဲ ရောက်နေကြတယ်..."
"......"
ဆုမို မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
"သူတို့ ဘုရားကျောင်းထဲမှာ ဘာလုပ်နေကြတာလဲ..."
"ဘုန်းကြီး ဝတ်နေကြတယ်..."
လျူမို၏ မျက်နှာထား ပိုမို ထူးဆန်းလာသည်။
"ဒီလောက် သန်မာထွားကျိုင်းပြီး ရန်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ လူမိုက်ကြီးတွေက... အခု ခေါင်းတုံးတုံး၊ သင်္ကန်းဝတ်ပြီး... ပင်မခန်းမဆောင်ထဲက ကုန်သည်တွေကို ရေနွေးကြမ်းတွေ လိုက်ငှဲ့ပေးနေကြတယ်... တကယ်ကို ထူးဆန်းလွန်းတယ်ဗျာ..."
ဆုမို ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ မြင်းခွာသံများ ကြားလိုက်ရ၏။
လှမ်းကြည့်လိုက်သောအခါ မြင်း ၂၀ ခန့် သူတို့ဆီသို့ ဒုန်းစိုင်း ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
မြင်းများသည် ရွှံ့နှင့် ရေများကို လွင့်စဉ်စေပြီး ကြီးမားသော အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြ၏။
ခေါင်းဆောင်မှာ မျှော်စင်ကြီးသဖွယ် မြင့်မားသော လူတစ်ယောက် ဖြစ်သည်။
သူ၏ ဖရိုဖရဲ ဆံပင်များသည် ထောင်ထနေပြီး၊ အေးစိမ့်သော ဆောင်းဦးမိုး ရွာသွန်းနေသော်လည်း ရင်ဘတ်ကို ဖွင့်ထားကာ သန်မာသော ကြွက်သားများကို ဖော်ပြထားသည်။
သူ့ခါး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် 'တောင်ခွဲပုဆိန်' တစ်လက်စီ ချိတ်ဆွဲထား၏။
သူ့နောက်မှ လိုက်ပါလာသူများမှာလည်း ထူးခြားသော အသွင်အပြင်များ ရှိကြ၏။
မိန်းမပျိုလေးများ၊ မျက်နှာဖြူဖြူ စာပေပညာရှင်များ၊ နွားထီးကဲ့သို့ သန်မာသော လူများ၊ မျောက်ကဲ့သို့ ပိန်လှီသော လူများ... စုံလင်လှပေသည်။
သူတို့သည် လျင်မြန်စွာ နီးကပ်လာပြီး မကြာမီ ရောက်ရှိလာကြ၏။
မြင်း ၂၀ သည် တန်းစီလျက် တောင်အဆင်းလမ်းကို ပိတ်ဆို့လိုက်ကြ၏။
ခေါင်းဆောင်ဖြစ်သူသည် ရှိနေသော လူများကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး၊ ဆုမို၏ အလံကို မြင်သောအခါ သူ၏ မျက်နှာထား ခဏတာ ရပ်တန့်သွား၏။
"ဇီယန် ဟုတ်လား..."
သူ နှာမှုတ်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်၏။
"မမျှော်လင့်ဘဲ ဆုလာဘ်ကြီး တစ်ခုနဲ့ လာတိုးနေပါလား..."
ထိုစကား ပြောပြီးနောက် ဆုမိုနှင့် အခြားသူများကို လျစ်လျူရှုကာ ဘုရားကျောင်း ဝင်ပေါက်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေတော့သည်။
ဧည့်ကြို ကိုရင်လေးသည် ငွေမက်သော်လည်း အခြေအနေကို ကြည့်တတ်သူ ဖြစ်၏။
ဆုမိုနှင့် အဖွဲ့ ရောက်လာတုန်းက အရှက်မရှိ အလှူငွေ တောင်းခံခဲ့သော်လည်း၊ ယခု ဒီလူကြမ်းကြီးကို မြင်သောအခါ နောက်ဆုတ်သွားပြီး ဘုရားကျောင်း တံခါးမကြီး အနောက်တွင် ပုန်းအောင်းနေသည်။
ထူးဆန်းသော လေးယောက်အနက် တစ်ယောက်သည် ကျန်ရှိသော မြင်းစီးသမား ၁၅ ယောက်နှင့်အတူ အပြင်တွင် ကျန်ရစ်ခဲ့ပြီး၊ ကျန်သုံးယောက်ကတော့ ခေါင်းဆောင်နောက်သို့ လိုက်ပါကာ ဘုရားကျောင်း အတွင်းသို့ ဝင်ရောက်သွားကြ၏။
ဆုမို မော့ကြည့်လိုက်ရာ ထိုလူ၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရ၏။
"ဟို ကိုယ်တော်သူခိုး ဘယ်မှာလဲ... ပန်ထျန်းခွမ်.. ခင်ဗျား..ဖိတ်လို့ ရောက်လာပြီ... ထွက်တွေ့စမ်း..."
သူ၏ အသံသည် မိုးခြိမ်းသံပမာ ဟိန်းထွက်နေပြီး အတွင်းအားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါသွားသည်။
ထိုစကား ပြောပြီးနောက် သူ နောက်ထပ် မှတ်ချက်တစ်ခု ထပ်ဖြည့်လိုက်၏။
"ဇီယန်အာမခံဌာနက ခေါင်းဆောင်ဆုလည်း ဒီမှာ ရောက်နေတယ်လို့ ကြားတယ်... အရင်တုန်းက ငါ့ညီလေး တစ်ယောက် မင်းရဲ့ 'စောင့်ရှောက်မှု' ကို ခံလိုက်ရတယ် ဆိုပဲ... သတ်တာတောင် အားမရလို့ တောင်ပေါ်စခန်း တစ်ခုလုံးကိုပါ မီးရှို့ပြာချလိုက်သေးတယ်တဲ့... အခု ငါတို့ နှစ်ယောက်လုံး ဒီမှာ ရောက်နေကြပြီဆိုတော့... ဘာလို့ ထွက်မတွေ့တာလဲ... အဲ့ဒီလောက် နက်ရှိုင်းတဲ့ ကျေးဇူးတရားအတွက်... ငါက ကျေးဇူးပြန်ဆပ်ချင်လို့ပါကွာ..."
ဆုမို၏ နှုတ်ခမ်းများ တွန့်ရွသွားသည်။ ဒီလူက သူ့ရှေ့ကနေ ဖြတ်သွားတုန်းကကျတော့ လုံးဝ မမြင်ချင်ယောင် ဆောင်သွားပြီး၊ အခုကျမှ ဘာကိစ္စ အော်ဟစ်နေရတာလဲ။
အခန်း (၁၄၆) - သွေးဆာသော ဘုန်းကြီး
~ဟုန်ယွင်ဘုရားကျောင်းသည် သိသိသာသာပင် အခြားသော လျှို့ဝှက်ချက်များ ရှိနေပုံ ရ၏။ 'ပန်ထျန်းခွမ်' ဟု ကိုယ့်ကိုယ်ကို ခေါ်ဝေါ်သော ထိုလူသည်လည်း မူလကတည်းက ဆုမိုကြောင့် ဒီနေရာကို ရောက်လာခြင်း မဟုတ်ပေ။
ထို့ကြောင့် ဆုမိုသည် ကမူးရှူးထိုး ထွက်မတွေ့သေးဘဲ ဝင်ပေါက်ဝတွင် ရပ်လျက် အခြေအနေ အပြောင်းအလဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။
သို့သော် သူ၏ အကြည့်များသည် ရံဖန်ရံခါ တောင်ဆင်းလမ်းကို ပိတ်ဆို့ထားသော လူများထံသို့ ရောက်ရှိသွားပြီး မျက်ခုံးများ အနည်းငယ် ပင့်တက်သွားမိ၏။
ထိုလူများသည် မိုးကာအင်္ကျီနှင့် ကောက်ရိုးခမောက်များကို ဝတ်ဆင်ထားကြသော်လည်း၊ ခမောက်အောက်မှ မျက်နှာများသည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
သူတို့အားလုံးသည် ဓားများကို ကိုင်ဆောင်ထားကြ၏။ သို့သော် သာမန် တစ်ဖက်သွားဓားများ မဟုတ်ဘဲ၊ 'ဓားမစုံ' များကို ကိုင်ဆောင်ထားခြင်း ဖြစ်၏။
ခါးတွင် ချိတ်ဆွဲထားသော ဓားမစုံများထံမှ လူသတ်လိုသော အရှိန်အဝါများ ပွက်ပွက်ဆူ ဝေကဲနေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ယခင်က ကြုံတွေ့ခဲ့ရသော သာမန် တောလမ်းဓားပြများနှင့် ယှဉ်၍ မရနိုင်ကြောင်း ထင်ရှားနေသည်။
ဆုမိုသည် ယန်ရှောင်ယွင်နှင့် လျူမိုတို့ကို တစ်ချက် လှမ်းကြည့်လိုက်ရာ၊ သူတို့နှစ်ဦးစလုံးသည် စကားပြောစရာ မလိုဘဲ အခြေအနေကို နားလည်သဘောပေါက်သွားကြ၏။
သူတို့သည် လက်အောက်ငယ်သားများကို သတိဝီရိယ ရှိကြရန် အချက်ပြလိုက်ကြ၏။
ကြိုတင် ပြင်ဆင်ထားမှ ဖြစ်မည်။
ထိုလူများသည် တောင်ဆင်းလမ်းကို ပိတ်ဆို့ထားခြင်းကို ကြည့်ခြင်းအားဖြင့်၊ ဤနေရာရှိ မည်သူ့ကိုမျှ အလွယ်တကူ ထွက်ခွာခွင့်ပြုမည့်ပုံ မပေါ်ပေ။
ယန်ရှောင်ယွင်သည် ရှောင်ချွမ်းကို မျက်ရိပ်ပြလိုက်ပြီး တီးတိုး မှာကြားလိုက်၏။ ရှောင်ချွမ်း ခေါင်းအသာညိတ်လိုက်ပြီး လူအုပ်ကြားမှ မသိမသာ ခွဲထွက်ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားလေတော့သည်။
ဆုမိုကမူ 'ပန်ထျန်းခွမ်' ဟူသော အမည်နာမကို စဉ်းစားနေမိသည်။
ဝေဇီယီ ပေးလိုက်သော စာရင်းသည် ဤခရီးစဉ်တွင် အလွန် အထောက်အကူ ပြုခဲ့သည်။
ထိုစာရင်းထဲတွင် သတိထားရမည့် လူများစွာ ပါဝင်သော်လည်း၊ ပန်ထျန်းခွမ် ဆိုသည့် နာမည် ပါမလာခဲ့ပေ။
ထိုအချိန်တွင် လျူမိုက တီးတိုး ပြောဆိုလာ၏။
"ဒီလူ့အကြောင်း ကျုပ် ကြားဖူးတယ်... 'ပန်ထျန်းခွမ်' နင်ဝူပျန့် ဆိုတာ နာမည်ဆိုးနဲ့ ကျော်ကြားပြီး ကြောက်စရာကောင်းတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ..."
"ဒါပေမဲ့ သူက ဒီလမ်းကြောင်းမှာ ဘယ်တုန်းကမှ ကျင်လည်ခဲ့တာ မဟုတ်ဘူး... ဘာလို့ ရုတ်တရက်ကြီး ဒီနေရာကို ရောက်လာရတာလဲ ဆိုတာတော့ ပဟေဠိပဲ..."
ဆုမို ခေါင်းအသာညိတ်လိုက်စဉ်မှာပင် ဟုန်ယွင်ဘုရားကျောင်း အတွင်းမှ ဘုရားစာရွတ်သံ တစ်ခု ထွက်ပေါ်လာသည်။
"အော်မိတော်ဖော်..."
အသံသည် မကျယ်လောင်ပေ။ အတွင်းအားဖြင့် ဟိန်းထွက်နေခြင်းလည်း မရှိပေ။ သာမန် လူအိုကြီး တစ်ယောက်၏ အသံကဲ့သို့ပင်။
ပင်မခန်းမဆောင် အတွင်းမှ ဘုန်းကြီးအိုကြီး တစ်ပါး ထွက်လာပြီး လက်အုပ်ချီကာ ပြောလိုက်၏။
"ဒကာကြီးနင် ... ရောက်လာပြီကိုး..."
"ခင်ဗျားက ကိုယ်တော်သူခိုး ဟုန်ယွင် လား..."
နင်ဝူပျန့်သည် မျက်မှောင်ကြီးများကို ကျုံ့ထားပြီး အသားတစ်စက်မျှ မရှိလောက်အောင် ပိန်လှီနေသော ဘုန်းကြီးအိုကြီးကို အကဲခတ်လိုက်သည်။ ထို့နောက် ဟားတိုက် ရယ်မောလိုက်၏။
"ဟုန်ယွင်ဘုရားကျောင်းက ဘယ်တုန်းကမှ နာမည်မရှိခဲ့ပါဘူး... ခင်ဗျားတို့ ဘုန်းကြီးအိုကြီးတွေက သက်သတ်လွတ်စား၊ တရားစာရွတ်ပြီး ဘုရားရှင်ကို ဝတ်ပြုနေကြတာပဲ...ကျုပ်တို့ ညီအစ်ကိုတွေနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး..."
"ဒါဆိုရင် ဘာကိစ္စ ကျုပ်လူတွေကို အကြောင်းမဲ့ ဖမ်းခေါ်ထားရတာလဲ..."
"ဒီနေ့ ကျုပ်လူတွေကို ပြန်လွှတ်ပေးမယ် ဆိုရင်တော့... ဆွေးနွေးစရာ လမ်းကြောင်း ရှိသေးတယ်... မဟုတ်ရင်တော့..."
သူသည် ဘုန်းကြီးအိုကြီးကို စူးစိုက်ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်၏။
"ခင်ဗျားတို့အားလုံးကို ဘုရားရှင်ဆီ တကယ် ရောက်သွားအောင် ပို့ပေးရလိမ့်မယ်..."
ဘုန်းကြီးအိုကြီးသည် ဒေါသထွက်ခြင်း မရှိပေ။ နင်ဝူပျန့်၏ ခြိမ်းခြောက်စကားများကို တည်ငြိမ်စွာ နားထောင်ပြီးနောက် ပြန်လည် မိန့်ကြားလိုက်သည်။
"ဒကာကြီးနင် အထင်လွဲနေပါပြီ... ဒီဘုန်းကြီးက ဒကာကြီးရဲ့ လူတွေကို ဘယ်တုန်းကမှ ဖမ်းမခေါ်ခဲ့ပါဘူး..."
"ပေါက်ကရတွေ..."
နင်ဝူပျန့်သည် ခါးကြားမှ စာတစ်စောင်ကို ဆွဲထုတ်လိုက်ပြီး ဖြန့်ပြလိုက်သည်။
"ဒီစာကို... 'အရူးရွာ' ဆီ ရောက်အောင် ပို့လိုက်တာ ခင်ဗျား လက်ချက် မဟုတ်ဘူးလား..."
ဘုန်းကြီးဟုန်ယွင်သည် ငြင်းဆန်ခြင်း မပြုဘဲ ခေါင်းအသာညိတ်လိုက်၏။
"ကောင်းပြီ... ခင်ဗျားမှာ သတ္တိ နည်းနည်းတော့ ကျန်သေးတာပဲ..."
ပန်ထျန်းခွမ်၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ တောက်လောင်လာသည်။
"စာထဲမှာ ရေးထားတာက... ဘုရားရှင်ရဲ့ လမ်းညွှန်မှုကို ရရှိတဲ့အတွက် ဒီနေ့ကစပြီး ဗုဒ္ဓလမ်းစဉ်ကို လိုက်နာတော့မယ်... အရူးရွာနဲ့ ပတ်သက်မှုတွေကို ဖြတ်တောက်လိုက်ပြီတဲ့... ပြီးတော့ ကျုပ်က လူတွေ အများကြီး သတ်ခဲ့တဲ့အတွက် မလွဲမသွေ ဝဋ်လည်လိမ့်မယ်တဲ့... သားသတ်ဓားကို ချလိုက်ရင် တကယ့် ကုသိုလ်ပဲတဲ့... ပြီးတော့ တကယ်လို့ ကျုပ်သာ အဲ့ဒီလို စိတ်ကူးရှိရင် ဟုန်ယွင်ဘုရားကျောင်းက ဆရာတော် ဟုန်ယွင်ဆီမှာ လာပြီး ရဟန်းခံနိုင်ပါတယ်တဲ့..."
"စာလုံးတိုင်း၊ စာကြောင်းတိုင်းမှာ... ကျုပ် ဘာများ မှားပြောမိလို့လဲ..."
"မှားတာ မပါပါဘူး..."
ဘုန်းကြီးဟုန်ယွင်သည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူ့ရှေ့မှ လူသတ်သမားကြီးကို လုံးဝ ကြောက်ရွံ့ပုံ မရပေ။
ကြည့်ရသည်မှာ ဘုန်းကြီးအိုကြီးသည် အလွန် အားနည်းပုံ ရပြီး၊ ပန်ထျန်းခွမ်သာ တစ်ချက် ရိုက်လိုက်လျှင် မြေကြီးထဲ ပြားကပ်သွားမည့်ပုံ ပေါက်နေသည်။
သို့သော် 'ပန်ထျန်းခွမ်' နင်ဝူပျန့်မှာမူ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်မိသည်။
"မှားတာ မပါဘူး ဟုတ်လား... အဲ့ဒါ အကြီးမားဆုံး အမှားပဲ..."
"ဘာလို့လဲဆိုတော့... အဲ့ဒီကောင်စုတ်က စာတစ်လုံးမှ မတတ်ဘူးကွ... ဘယ်လိုလုပ်ပြီး ကျုပ်ဆီကို ဒီလောက် စာအရေးအသား ကောင်းကောင်းနဲ့ စာရေးပို့နိုင်မှာလဲ..."
"ကိုယ်တော်သူခိုး... အမှန်တရား တစ်စက်မှ မပြောဘူးပဲ..."
"ပြောစမ်း... ကျုပ်လူတွေကို ဘယ်မှာ ဖမ်းချုပ်ထားတာလဲ... အခုပြောရင် ခင်ဗျားအလောင်းကို ကျုပ် လှလှပပ ထားပေးမယ်... မဟုတ်ရင်တော့... ခင်ဗျား ခံရမယ့် အကျိုးဆက်တွေကို တွေးသာ ကြောက်ထားပေတော့..."
ဘုန်းကြီးဟုန်ယွင် သက်ပြင်းချလိုက်၏။
"ကြည့်ရတာ... ဒီဘုန်းကြီး ဘာပြောပြော ဒကာကြီး ယုံမယ့်ပုံ မပေါ်ဘူး... ဒီလိုဆိုရင်တော့... ဟွေကျစ် ... ထွက်ခဲ့ပါ..."
သူသည် နောက်ဘက် ခန်းမဆောင်ဆီသို့ လှမ်းခေါ်လိုက်သည်။
ဆုမိုနှင့် အဖွဲ့သားများသည် ဘုရားကျောင်း အပြင်ဘက်တွင် ရပ်နေကြသဖြင့် အတွင်းမှ လူရိပ်များကို ဝါးတားတားသာ မြင်နေရ၏။
သူ အာရုံစိုက်ပြီး ကြည့်လိုက်သောအခါ ပင်မခန်းမဆောင် အတွင်းမှ လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။
ထိုလူသည် ကိုယ်ခန္ဓာ ထွားကျိုင်းသန်မာပြီး မျက်နှာလေးထောင့်ကျကျ ရှိသည်။ မျက်ခုံးမွှေးများသည် စုတ်တံကဲ့သို့ ကောင်းကင်ယံသို့ ထောင်တက်နေပြီး နှာခေါင်းကြီး၊ ပါးစပ်ကျယ်ကြီးနှင့် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ့ရုပ်ရည်သည် ကလေးငယ်များ ညဘက် ငိုနေလျှင် ချက်ချင်း တိတ်သွားစေနိုင်လောက်အောင် ဆိုးရွားလှပေသည်။
သို့သော် ထိုအချိန်တွင် သူသည် လက်အုပ်ချီထားပြီး မျက်နှာထားမှာ အေးချမ်းတည်ငြိမ်နေသည်။
ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ဘုန်းကြီးဟုန်ယွင်၏ နောက်တွင် ရပ်တန့်လိုက်၏။
"ဆရာတော်... တပည့်တော်ကို ခေါ်ပါသလား..."
"အေး... ဟုတ်တယ်..."
ဘုန်းကြီးဟုန်ယွင် ညင်သာစွာ ခေါင်းညိတ်လိုက်၏။
"ဒကာကြီးနင်က မင်း ဗုဒ္ဓဘာသာထဲ ဝင်ရောက်သွားတာကို မယုံဘူးတဲ့... ဒီဘုန်းကြီးက မင်းကို အသုံးချပြီး မကောင်းကြံနေတယ်လို့ ထင်နေတယ်... ကဲ... လောကီသံယောဇဉ်တွေကို ဖြတ်တောက်ဖို့ ခက်ခဲနေရင် ဘယ်လိုလုပ် တရားအားထုတ်လို့ ရမှာလဲ... ဒီနေ့ ဒီသံယောဇဉ်တွေကို မင်းကိုယ်တိုင် ဖြတ်တောက်လိုက်ပါ... ပြီးတော့မှ စိတ်ငြိမ်းချမ်းစွာနဲ့ ဘုရားရှင်ကို စစ်မှန်စွာ ဝတ်ပြုပေရော့..."
"တင်ပါ့ဘုရား..."
'ဟွေကျစ်' ဟု ဘွဲ့အမည် ခံယူထားသော ရဟန်းသည် လေးစားစွာ ပြန်လည် လျှောက်ထားလိုက်ပြီး နင်ဝူပျန့်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ဒကာကြီးနင်... ခင်ဗျား အလိမ်ခံလိုက်ရပြီ..."
"......"
ပန်ထျန်းခွမ်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်အောင့်သွားမတတ် ဖြစ်သွားသည်။
"သောက်ရူးကောင်... မင်း ဘာတွေ လာလိမ်နေတာလဲ..."
"ကျုပ် ဘာမှ လိမ်ညာနေတာ မဟုတ်ပါဘူး... လောကီနဲ့ အဆက်အသွယ် ဖြတ်ပြီး ရဟန်းဘောင် ဝင်ရောက်လိုက်တာပါ... အတိတ်ကို ပြန်တွေးကြည့်လိုက်တော့... လက်တွေမှာ သွေးစွန်းပြီး သက်ရှိပေါင်းများစွာကို သတ်ဖြတ်ခဲ့မိတယ်... တကယ့်ကို ကြီးလေးတဲ့ အပြစ်ကြီးပါပဲ..."
"ကျုပ် ခွင့်လွှတ်ပေးဖို့ မတောင်းဆိုရဲပါဘူး... ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ... တရားစာရွတ်၊ မေတ္တာပို့ပြီး... ဒီအပြစ်တွေကို ဆေးကြောနိုင်ဖို့ မျှော်လင့်ရုံပါပဲ…”
အခန်း (၁၄၇) - သွေးဆာသော ဘုန်းကြီး (၂)
~ထိုလူသည် လက်အုပ်ချီလျက် ဆုတောင်းလိုက်ပြီး စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ရွတ်ဆိုလိုက်သည်။
သို့သော် ထိုအပြုအမူသည် ပန်ထျန်းခွမ် နှင့် ကျန်ရှိသော သူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့၏။
သူတို့အထဲမှ ညှို့ဓာတ်ပြင်းသော အမျိုးသမီးတစ်ဦးသည် မနေနိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်သည်။
"နင် အရူးများ ထနေတာလား... ဒီဘုန်းကြီးအိုကြီးက ဘယ်လို နတ်ဆိုးပညာတွေ သုံးပြီး နင့်ကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ..."
"ဒါပေမဲ့ စိတ်ချပါ... ငါတို့ ရောက်လာမှတော့... နင့်ကို ဘုန်းကြီးဝတ်ခွင့် ပြုမှာ မဟုတ်ပါဘူး..."
"ပြောရရင်... တောင်ပေါ်မှာ နင့်ကို မျှော်နေတဲ့ မယားငယ်လေးတွေ အများကြီး ရှိနေသေးတာပဲ... သူတို့က နင့်အချစ်ကို လိုချင်နေကြတာလေ..."
"တကယ်လို့ သူတို့ကို ငြီးငွေ့သွားရင်လည်း... နောက်ထပ် မိန်းကလေးတွေ ထပ်ဖမ်းဖို့ တောင်အောက် ဆင်းလို့ ရသေးတာပဲ..."
သူမ၏ စကားဆုံးသည်နှင့် ဟွေကျစ် သည် ကြောက်ရွံ့မှုကြောင့် ချွေးစေးများ ပြန်လာ၏။ သူမ၏ အကြည့်ကို အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး ထပ်ခါတလဲလဲ ရွတ်ဆိုလိုက်သည်။
"အပြစ်ကြီးလိုက်တာ... အပြစ်ကြီးလိုက်တာ... ဒီဘုန်းကြီးရဲ့ အတိတ်က မိုက်မဲခဲ့ပါတယ်... ဒကာမလေး... ပါးစပ်ပိတ်ထားပေးပါ..."
စာပေပညာရှင်နှင့် မျှော်စင်ကြီးသဖွယ် ထွားကျိုင်းသော လူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"ဒီကောင် တကယ်ပဲ ရူးသွားတာလား... ဒါမှမဟုတ် တစ်ယောက်ယောက်က ထိန်းချုပ်ထားတာလား..."
"သိပ်တွေးမနေပါနဲ့... ဒီကိစ္စက ထူးဆန်းနေတယ်... သူ့ကို အရင်ဖမ်းပြီးမှ လက်စားချေဖို့ ကြံစည်တာ ပိုကောင်းမယ်..."
စာပေပညာရှင်က ပန်ထျန်းခွမ်နှင့် နင်ဝူပျန့် တို့ကို တီးတိုး ပြောလိုက်၏။
နင်ဝူပျန့်သည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ဝှေ့ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်သည်။
"ဆုမိုကို သတိထားနော်... သူက ဘယ်နေရာမှာမဆို ပုန်းနေနိုင်တယ်... မြန်မြန် လှုပ်ရှားကြ..."
သူကတော့ ဆုမို ဒီဘုရားကျောင်းထဲမှာ ပုန်းနေတုန်းပဲဟု ယုံကြည်နေဆဲပင်။
ပုံမှန်အချိန်၌ဆိုလျှင် သူ၏ စိတ်နေသဘောထားအရ ဤဘုန်းကြီး ဟုန်ယွင်နှင့် စကားအများအပြား ပြောဆိုနေမည် မဟုတ်ပါ။ ယနေ့တွင် ဤမျှလောက် စိတ်ရှည်လက်ရှည် သည်းခံ ပြောဆိုနေရခြင်းမှာ ဆုမိုကို ရှာဖွေလိုသောကြောင့်သာ ဖြစ်သည်။
ရွှမ်ကျီတောင်ကြား တိုက်ပွဲပြီးဆုံးချိန်မှစ၍ ဆုမို၏ နာမည်မှာ အလွန်ပင် ကျော်ကြားလာခဲ့၏။
ပန်ထျန်းခွမ်၏ အမည်တွင် 'ခွမ်' (ရူးသွပ်ခြင်း) ဟူသော စကားလုံး ပါဝင်နေသော်လည်း... သူသည် လူတိုင်းကို လျစ်လျူရှုရဲသည်အထိ မိုက်မဲသူ တစ်ဦး မဟုတ်ပါ။ တောင်ပေါ်သို့ တက်လာစဉ် ဆုမို၏ အလံများကို မြင်လိုက်ရကတည်းက သူ သတိထားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားခဲ့သော အရာမှာ... ဆုမိုသည် ဤဘုရားကျောင်းထဲတွင် မရှိဘဲ ဘုရားကျောင်း အပြင်ဘက်ရှိ မိုးခိုတဲအောက်၌ ပုန်းအောင်းနေခြင်းပင် ဖြစ်သည်။
ဒါက ပန်ထျန်းခွမ်၏ အပြစ် မဟုတ်ပါ။ မည်သည့် ဂိုဏ်းခေါင်းဆောင်ကများ မိမိ၏ လက်အောက်ငယ်သား
များနှင့်အတူ ထိုင်ခုံပင် မပါဘဲ မိုးခိုတဲအောက်၌ သာမန်လူများနှင့် ရောနှောကာ နေထိုင်လိမ့်မည်နည်း။
ဆုမို၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအရဆိုလျှင်... အနည်းဆုံးတော့ ဘုရားကျောင်းထဲမှာ လက်ဖက်ရည် သောက်နေသင့်သည်လေ။
ပိုပြီး နက်နက်နဲနဲ တွေးကြည့်လျှင်... ဟုန်ယွင်ဘုရားကျောင်းက သူတို့ ရောက်နေတာတောင် ဘာလို့ ရဲရဲတင်းတင်း ဆက်ဆံရဲတာလဲ။
နာမည်ကြီး ဆုမို ဒီမှာ ရှိနေတာနဲ့များ သက်ဆိုင်နေမလား။
ထို့ကြောင့် သူက ဆုမို၏ ရုတ်တရက် တိုက်ခိုက်မှုကို အမြဲ သတိထားနေခဲ့သည်ပင်။
သို့ရာတွင်၊ ယခုတော့ ဆုမို တကယ်ပဲ အနီးအနားမှာ ပုန်းနေပြီး အခွင့်အရေး စောင့်နေလျှင်တောင်... သူ ဂရုမစိုက်နိုင်တော့ပေ။
သူ့လူတွေက ဘုန်းကြီး ဝတ်ကုန်ကြပြီ... သူကိုယ်တိုင် လာခေါ်တာတောင် ပြန်မလိုက်ချင်ကြပေ... ဒီသတင်းသာ ပေါက်ကြားသွားလျှင် သူက ရယ်စရာ ဖြစ်တော့မည်။
နင်ဝူပျန့် ခေါင်းညိတ်လိုက်သည်နှင့် မျှော်စင်ကြီးသဖွယ် လူနှင့် စာပေပညာရှင်တို့သည် တပြိုင်နက် လှုပ်ရှားလိုက်ကြ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် ဟွေကျစ်၏ ဘေးတစ်ဖက်တစ်ချက်စီသို့ ရောက်ရှိသွားကြပြီး ပခုံးများကို ဖမ်းဆုပ်ကာ အတင်းအကြပ် ဆွဲခေါ်ရန် ပြင်လိုက်ကြ၏။
"သွားကြစို့..."
ပြောရင်းဆိုရင်း သူတို့ ခုန်တက်လိုက်ကြသော်လည်း... တကယ်တမ်း ခုန်လို့ မရခဲ့ပေ။
အကြောင်းမှာ ဟွေကျစ်သည် 'ပေါင်ချိန်တစ်ထောင်' သိုင်းကွက်ကို အသုံးပြုပြီး ကျောက်ဆောင်ပမာ ခိုင်မြဲစွာ ရပ်တန့်နေသောကြောင့် ဖြစ်သည်။
ကိုယ်ဖော့ပညာကို အသုံးပြု၍ လူတစ်ယောက်အား သယ်ဆောင်သွားရသည်မှာ ခက်ခဲပင်ပန်းလှ၏။ အထူးသဖြင့် ထိုလူက မလိုက်လျောဘဲ ဆန့်ကျင်နေလျှင် အခြေအနေမှာ ပို၍ ဆိုးရွားသွားတတ်လေသည်။
ဟွေကျစ်၏ သန်မာထွားကျိုင်းသော ခန္ဓာကိုယ်နှင့် ခိုင်မာလှသည့် သိုင်းအခြေခံအုတ်မြစ်တို့ ပေါင်းစပ်လိုက်သောအခါ... သူက 'ပေါင်ချိန်တစ်ထောင် အလေးစီးပညာ' ကို ထုတ်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ခမျာ ဟွေကျစ်အား နေရာမှ ရွေ့လျားသွားအောင် ပြုလုပ်ရန် အတော်လေး လက်ပေါက်ကပ်သွားရလေတော့သည်။
"မင်း..."
သူတို့ အံ့အားသင့်နေစဉ်မှာပင် ဟွေကျစ်က ပြောလိုက်၏။
"ငါ မလိုက်ဘူး..."
"မင်း ဆုံးဖြတ်ရမယ့် ကိစ္စ မဟုတ်ဘူး..."
ဟုန်ယွင်ဘုရားကျောင်းမှာ ဘုန်းကြီးဝတ်ပြီးတာတောင် ဟွေကျစ်၏ သိုင်းပညာတွေ မပျက်စီးသေးဘူးလော။
သူတို့ မထင်မှတ်ထားခဲ့ပေ။
သူ တကယ်ပဲ ဘယ်သူ့ ထိန်းချုပ်မှုအောက်မှာမှ မရှိဘူးကိုး။
ချက်ချင်းပင် သူတို့သည် ဟွေကျစ်ကို မလှုပ်ရှားနိုင်အောင် သွေးကြောပိတ်ရန် ကြိုးစားလိုက်ကြ၏။ သို့သော် လက်ကို မြှောက်လိုက်သောအခါ လက်ချောင်းများက ပြန်ကျမလာတော့ပေ။
မော့ကြည့်လိုက်ရာ ဘေးတစ်ဖက်တစ်ချက်စီတွင် ဘုန်းကြီးတစ်ပါးစီက သူတို့၏ လက်များကို တားဆီးထားသည်ကို တွေ့လိုက်ရ၏။
"ဟေ... 'ရွှေနက်ရောင် ဓား' ကျောက်ချန် ပါလား..."
"'သံကြက်ဖ' ကျိုးပင်း ..."
ကျိုးပင်း ဟု အခေါ်ခံရသူ၏ မျက်နှာ မည်းမှောင်သွားသည်။
သူ့နာမည်ရင်းက 'သံကြက်ဖ' မဟုတ်၊... 'သံဖီးနစ်' ဖြစ်၏။
သို့သော်၊ သူက အရမ်း ကပ်စေးနည်းပြီး ကုန်သည်တွေရော သူ့လူတွေဆီကပါ မညှာမတာ ခြိမ်းခြောက် ငွေတောင်းတတ်၍... လူတွေက မုန်းကြသည်။
သူ့သိုင်းပညာက သာလွန်လွန်း၍ ရွာထဲမှာ ဘယ်သူမှ မယှဉ်နိုင်ကြပေ... သို့ကြောင့် မလွဲမသွေ ရွာခေါင်းဆောင် ဖြစ်လာခဲ့ခြင်းပင်။
လူတွေက မကျေနပ်ကြ၍ 'သံဖီးနစ်' ကို 'ထိပ်ပြောင်ကြက်ဖ' လို့ ပြောင်လှောင်ခေါ်ဝေါ်ကြရာမှ... ထိုနာမည်က တွင်သွားပြီး မူလဘွဲ့ထူးကို အစားထိုးလိုက်တော့ခြင်းပင်။
အခု ဘုန်းကြီးဝတ်ထားသော်လည်း... ဒီနာမည်ဟောင်းကို ကြားလိုက်ရတော့ ဒေါသကို မထိန်းနိုင်တော့ပေ။
သူသည် မျှော်စင်ကြီးသဖွယ် လူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
သို့သော် ထိုလူက မရှောင်တိမ်းဘဲ လက်ဝါးချက်ကို ခန္ဓာကိုယ်ဖြင့် ခံယူလိုက်၏။
"ကြက်ဖခြေသည်းတွေက ထက်တော့ ထက်ပါရဲ့... ဒါပေမဲ့ အားမပါဘူး..."
သူ ဟားတိုက် ရယ်မောလိုက်ပြီး ရင်ဘတ်ကို ပုတ်ကာ ကျိုးပင်းကို လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။
ကျိုးပင်းလည်း အလျှော့မပေးဘဲ ထိုလူ၏ ရင်ဘတ်ကို ပြန်လည် ထိုးနှက်လိုက်၏။
နှစ်ယောက်သား ရင်ဘတ်ချင်း ထိုးနှက်မိပြီးနောက် ယိုင်နဲ့သွားကြပြီး သုံးလှမ်းစီ နောက်ဆုတ်လိုက်ရသည်။
ထို့နောက် အော်ဟစ်ကာ တစ်ဖန် ပြန်လည် ဝင်ရောက် တိုက်ခိုက်ကြပြန်သည်။
ထိုနှစ်ယောက် တိုက်ခိုက်နေစဉ်မှာပင် စာပေပညာရှင်သည်လည်း 'ရွှေနက်ရောင် ဓား' ကျောက်ချန်နှင့် တိုက်ပွဲ ဖြစ်ပွားနေပြီ ဖြစ်၏။
ဟွေကျစ်မှာမူ လက်အုပ်ချီလျက် အလယ်တွင် ကြောင်တောင်တောင် ရပ်နေရှာသည်။ ဘယ်ကို ကြည့်ရမှန်း မသိ ဖြစ်နေပြီး နောက်ဆုံးတွင် ဘုန်းကြီး ဟုန်ယွင်ဘက်သို့ လှမ်းကြည့်လိုက်၏။
ဟုန်ယွင်က လက်အုပ်ချီပြီး တိုးတိုးလေး ရွတ်ဆိုလိုက်၏။
"လောကီ အနှောင်အဖွဲ့တွေကို ဖြတ်တောက်ဖို့... အချိန်တန်ပြီ..."
"တင်ပါ့ဘုရား..."
ဟွေကျစ် ဆုံးဖြတ်ချက် ချလိုက်ပုံရ၏။ လေပေါ်သို့ ခုန်တက်လိုက်ပြီး ထိုအမျိုးသမီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေတော့သည်။
အမျိုးသမီး လန့်ဖျပ်သွား၏။
"နင်... နင် ငါ့ကို တကယ် ရက်ရက်စက်စက် လုပ်ရက်တော့မှာလား…”