အခန်း (၁၄၈-၁၅၀)
Vol. 10 Ch. 148-150
အခန်း (၁၄၈) - သွေးဆာသော ဘုန်းကြီး (၃)
~စကားမဆုံးမီမှာပင် ဧရာမ လက်သီးကြီးတစ်လုံးသည် သူ့မျက်နှာရှေ့သို့ ရောက်ရှိလာ၏။
အမျိုးသမီး၏ မျက်နှာထား မည်းမှောင်သွားပြီး တည်ငြိမ်စွာ တုံ့ပြန်လိုက်ရ၏။ မျက်တောင်တစ်ခတ်အတွင်း နှစ်ဦးသားသည် အဝေးတစ်နေရာသို့ ရောက်ရှိသွားကာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေလေတော့သည်။
နင်ဝူပျန့် သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာ၏။ သူ့လူတွေကို ပြန်ခေါ်ဖို့ အလျင်အမြန် ရောက်လာခဲ့ပေမဲ့... အခြေအနေတွေက ဒီလောက်ထိ ဆိုးရွားသွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သူသည် ဘုန်းကြီးဟုန်ယွင် ကို အေးစက်စွာ လှမ်းကြည့်လိုက်၏။
"ကိုယ်တော်သူခိုး... မင်း ဘာတွေ ကြံစည်နေတာလဲ..."
'ရွှေနက်ရောင် ဓား' ကျောက်ချန် ၊ 'သံဖီးနစ်' ကျိုးပင်း ... သူတို့အားလုံးက မြောက်ဘက် တောလမ်းခရီးမှာ ကျွမ်းကျင်သော ပညာရှင်တွေချည်းပင်။ ဘယ်လိုဖြစ်ပြီး ဟုန်ယွင်ဘုရားကျောင်းမှာ ရဟန်းဘောင် ဝင်သွားကြတာလဲ။
ဒီအခြေအနေက တကယ်ကို မဖြစ်နိုင်လောက်အောင် အဓိပ္ပာယ်မဲ့လွန်းနေသည်။
ဘုန်းကြီးဟုန်ယွင်က လက်အုပ်ချီလိုက်၏။
"သူတို့ရဲ့ အတိတ်က လုပ်ရပ်တွေမှာ ရှောင်လွှဲလို့ မရတဲ့ အကြောင်းပြချက်တွေ ရှိခဲ့ပါတယ်... အခုတော့ သူတို့ အမှန်တရားကို မြင်သွားကြပြီ... ဝမ်းသာစရာပါပဲ... ဒကာကြီးနင်... ဒကာကြီးကရော ဘယ်တော့မှ အမှားတွေထဲက ရုန်းထွက်မှာလဲ..."
"အမှား ဟုတ်လား..."
နင်ဝူပျန့် ဟားတိုက် ရယ်မောလိုက်၏။
"အို... တကယ်ကို ကြီးမားတဲ့ အမှားပါပဲ... ဒီနေ့တော့ တကယ့်ကို မျက်စိပွင့်သွားပြီ... ကိုယ်တော်သူခိုး... မင်းမှာ ရှိသမျှ နည်းလမ်းတွေ အကုန်ထုတ်သုံးလိုက်စမ်းပါ... ငါ အကုန်လုံးကို ရင်ဆိုင်ပေးမယ်..."
"ကောင်းပြီလေ..."
ဘုန်းကြီးဟုန်ယွင် သက်ပြင်းချလိုက်ပြီး ကြေညာလိုက်၏။
"ဟွေဖ ၊ ဟွေထုံ ၊ ဟွေမင် ၊ ဟွေချင် ... မင်းတို့အားလုံး ထွက်ခဲ့ကြ..."
သူ နာမည် ၇၊ ၈ ခုလောက်ကို လျင်မြန်စွာ ရွတ်ဆိုလိုက်၏။ ခဏအကြာတွင် ဘုန်းကြီး ၇၊ ၈ ပါးလောက် ပင်မခန်းမဆောင်ထဲမှ ထွက်လာကြ၏။
တစ်ပါးစီတိုင်းတွင် ကြမ်းတမ်းပြီး ခြိမ်းခြောက်နေသော မျက်နှာထားများ ရှိကြ၏။ သင်္ကန်းနှင့် ခမောက်များ ဝတ်ဆင်ထားသော်လည်း သူတို့၏ တောလမ်းဓားပြ ဇာတိရုပ်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ယခုအခါ ဘုန်းကြီးအိုကြီး၏ နောက်တွင် လက်အုပ်ချီလျက် ရပ်နေကြပြီး နင်ဝူပျန့်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြ၏။
နင်ဝူပျန့်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
"မာဝမ်ကျိုင်းက မာတာ့ချင်... 'လက်တံရှည် ဝံလူ' စွန်းကျန့် ... 'ကြွက်ပျံ' တုန်မင် ... မင်း... မင်းတို့အားလုံး ရူးကုန်ကြပြီလား..."
ဒီအချိန်မှာတော့ နင်ဝူပျန့် စိတ်မထိန်းနိုင်တော့ပါ။ 'ပန်ထျန်းခွမ်' ( - မိုးတစ်ဝက် ရူးသွပ်သူ) ဆိုသည့် ဘွဲ့နှင့်တောင် ဒီလောက်များပြားသော လုပ်ဖော်ကိုင်ဖက်တွေကို ဒီမှာ တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဒီလူတွေ တစ်ယောက်မှ သာမန်လူတွေ မဟုတ်ကြ... သို့သော်၊ အားလုံးက ဟုန်ယွင်ဘုရားကျောင်းမှာ ဘုန်းကြီးဝတ်နေကြသည်တဲ့... ဒါက သရဲမြင်ရသလိုပင်။
သူ့အကြည့်တွေက ပတ်ဝန်းကျင်ကို လိုက်ရှာနေ၏။
"ဆုမို ဘယ်မှာလဲ... ဆုမို ဘယ်ရောက်နေလဲ..."
အပြင်ကနေ စောင့်ကြည့်နေသည့် ဆုမိုက ဒီစကားကို ကြားတော့ ပြုံးလိုက်မိသည်။ ဒီလူက ဘာလို့ သူ့ကိုပဲ တမ်းတမ်းစွဲ ဖြစ်နေရသည်လဲ။
ဘုန်းကြီးဟုန်ယွင်လည်း ထူးဆန်းနေသည်။
"ဒကာကြီးနင်က ဒကာကြီးဆု အကြောင်း ပြောနေတာ ကြားပါတယ်... ဒါပေမဲ့ ဒကာကြီးဆုက ဘုရားကျောင်းထဲမှာ မရှိပါဘူး..."
"ပေါက်ကရတွေ..."
နင်ဝူပျန့် ဟိန်းဟောက်လိုက်၏။
"သူ့ရဲ့ ယာဉ်တန်းက အပြင်မှာ ရှိနေတာကို..."
ပြောရင်းဆိုရင်း သူ ရုတ်တရက် နောက်လှည့်ကြည့်လိုက်ရာ ဆုမိုနှင့် အကြည့်ချင်း ဆုံမိသွားသည်။
ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"တော်လိုက်တာ ဒကာကြီးနင်... ကျွန်တော် ဒီမှာပဲ တောက်လျှောက် ရှိနေတာပါ... ဘယ်မှ မသွားပါဘူး..."
...
နင်ဝူပျန့် ကျိန်ဆဲလုနီးပါး ဖြစ်သွားသည်။
မင်း အပြင်မှာ ရှိမှန်း သိရင်... ငါက ဘာကိစ္စ အထဲကို ဝင်ရှာနေရမှာလဲ။
သို့သော် ယခုအခါ၌မူ အခြေအနေများက လွန်ကဲသွားခဲ့လေပြီ။
သူ အထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆုမို၏ အမည်နာမကို တောက်လျှောက် အော်ဟစ်ခေါ်ဝေါ်ခဲ့မိ၏။
သူတို့နှစ်ဦးကြားမှ ရန်ငြိုးများကိုလည်း ထုတ်ဖော်ပြောကြားပြီး ဖြစ်လေသည်။
သူ၏ ရည်ရွယ်ချက်မှာ ဆုမို အထဲတွင် ရှိနေသည်ဟု ထင်မှတ်ပြီး... ဤစကားကို ကြားလျှင် တုံ့ပြန်လာလိမ့်မည်ဟု ယူဆခဲ့ခြင်း ဖြစ်ပါ၏။ သို့ရာတွင် ဆုမိုက တကယ်စင်စစ်၌ အပြင်ဘက်တွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သူ ခေါ်ဆောင်လာခဲ့သော လူများသည်လည်း ဤရူးသွပ်နေသည့် ဘုန်းကြီးများနှင့် တိုက်ခိုက်နေကြလေပြီ... ယခုမူ သူ ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲသွားချေပြီ။
ထွက်ပြေးရန် ကြံစည်စိတ်ကူးခဲ့သော်လည်း... ယခုတွင် ဆုမိုက တံခါးဝ၌ ပိတ်ကာ ရပ်တန့်နေသည် မဟုတ်ပါလော။
သူတို့ကြားမှ ရန်ငြိုးကို ဆုမို သိရှိသွားပြီဖြစ်ရာ... သူ့အား မည်သို့ အလွတ်ပေးပါတော့မည်နည်း။
ဒါ... ဒါက သေလမ်းကို ကိုယ်တိုင် လျှောက်ဝင်မိတာ မဟုတ်ဘူးလား။
ရုတ်တရက် ပန်ထျန်းခွမ် ဒေါသတကြီး ပေါက်ကွဲလာ၏။
"ယုတ်မာတဲ့ ကောင်တွေ... ငါ့ကို ဒီလို လှည့်စားရဲတယ်ပေါ့... မင်းတို့ အကုန်လုံးကို မသတ်ရမချင်း ငါ မနားဘူး..."
စကားဆုံးသည်နှင့် ပုဆိန်နှစ်လက် သူ့လက်ထဲ ရောက်လာသည်။
သူသည် ဘုန်းကြီးဟုန်ယွင်ကို လျစ်လျူရှုပြီး တံခါးဝရှိ ဆုမိုဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ဆုမို တအံ့တဩ ဖြစ်သွားသည်။
‘ဒီကိစ္စက သူနဲ့ ဘာဆိုင်လို့လဲ။
သူတို့က မိုးခိုဖို့ လာရင်း ပြဇာတ်တစ်ပုဒ်ကို မတော်တဆ ကြည့်မိရုံပါပဲ။
ဒီပဋိပက္ခထဲမှာ ပါဝင်ပတ်သက်ရမယ်လို့ မဆိုလိုဘူးမလား။
ဒါပေမဲ့ ပန်ထျန်းခွမ် ပြောပုံအရဆိုရင်... သူတို့ကြားမှာ တကယ်ပဲ ရန်ငြိုးရှိနေပုံ ရတယ်။’
ရင်ထဲမှာ သက်ပြင်းချလိုက်ပြီး၊ ပန်ထျန်းခွမ်ရဲ့ သိုင်းကွက်တွေကို မြည်းစမ်းကြည့်ဖို့ ရှေ့တိုးလိုက်စဉ်မှာပင်...
'ကျွီ' ခနဲ အသံနှင့်အတူ... 'ဒုန်း' ခနဲ တံခါးပိတ်သံကြီး ထွက်ပေါ်လာ၏။
ဟုန်ယွင်ဘုရားကျောင်း တံခါးမကြီး ပိတ်သွားပြီ ဖြစ်၏။
ပန်ထျန်းခွမ်သည် တံခါးကြားမှနေ၍ ဆုမိုကို ခိုကိုးရာမဲ့စွာ စိုက်ကြည့်ရင်း ကျန်ရစ်ခဲ့လေတော့သည်။
...
ထားပါတော့... ဆုမိုမှာမူ ဘေးကင်းရာသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ပန်ထျန်းခွမ်၏ ကံကြမ္မာမှာမူ မရေရာတော့ပေ။
ဘုရားကျောင်းအတွင်း၌ မည်သို့သော အဖြစ်အပျက်များ ဆက်လက် ဖြစ်ပျက်နေသည်ကိုမူ ဆုမို မသိရှိရတော့ချေ။
သူသည် သိလိုစိတ်လည်း သိပ်မရှိလှပါပေ။ အပြင်ဘက်၌ ကျန်ရစ်ခဲ့သော မြင်းစီးသမား (၁၅) ယောက်နှင့် ထိုလူစု၏ ခေါင်းဆောင်ကိုသာ ရံဖန်ရံခါ လှမ်း၍ အကဲခတ်နေလိုက်လေသည်။
ခေါင်းဆောင်ဖြစ်သူမှာ ထိုလူအုပ်စုထဲတွင် အသက်အငယ်ဆုံး ဖြစ်ပေ၏။ မြင်းပေါ်တွင် ထိုင်လိုက်လျှင် ခြေနင်းခုံကိုပင် ခြေထောက် လှမ်းမမီနိုင်ရှာပေ။
ယခုအချိန်တွင်မူ ထိုကောင်လေးမှာ အတော်လေး ကြောင်တောင်တောင်နိုင်လှသော အမူအရာဖြင့် ရှိနေရှာလေသည်။
ဟုန်ယွင်ဘုရားကျောင်းအတွင်းမှ ရုတ်ရုတ်သဲသဲ အခြေအနေများက သူတို့ကို အံ့အားသင့်သွားစေခဲ့၏။ သူတို့တစ်တွေ ခေတ္တမျှ ငြိမ်သက်သွားကြလေသည်။
ထို့နောက်တွင်မူ ခေါင်းဆောင်ကောင်လေးက ရုတ်တရက် လေပေါ်သို့ ခုန်တက်လိုက်ကာ ဘုရားကျောင်းအတွင်းမှ အခြေအနေကို လှမ်းမျှော်ကြည့်ရှုလိုက်လေတော့သည်။
အခြေအနေကို မြင်လိုက်ရတော့ သူ့မျက်နှာထား ပြောင်းလဲသွားပြီး မြင်းကို လှည့်ကာ အော်ဟစ်လိုက်၏။
"ပြေးကြ..."
သူ့နောက်က မြင်းစီးသမား ၁၅ ယောက်က တွန့်ဆုတ်နေကြ၏။ လိုက်ပြေးရမလား၊ မပြေးရဘူးလား ဝေခွဲမရ ဖြစ်နေကြသည်။
"မြန်မြန်... သွားကြစို့... ဆရာကြီး အထဲမှာ ပိတ်မိနေပြီ... ငါတို့ ဆက်နေရင် အကုန် သေကုန်ကြလိမ့်မယ်... ဒီနေရာကနေ အရင် ထွက်သွားပြီးမှ နောက်တစ်ဆင့် စဉ်းစားကြတာပေါ့..."
ပြောရင်းဆိုရင်း သူက ၁၅ ယောက် ဆုံးဖြတ်ချက်ချတာကို မစောင့်တော့ဘဲ သူတို့ကြားကနေ ဖြတ်ပြီး ဒုန်းစိုင်း မောင်းထွက်သွားလေတော့သည်။
အချင်းချင်း မရေရာသော အကြည့်များဖြင့် ကြည့်ပြီးနောက်၊ အချို့က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူ့နောက်သို့ လိုက်ပါသွားကြ၏။ အချို့ကတော့ တားဆီးမှုများကို လျစ်လျူရှုပြီး ဘုရားကျောင်း နံရံကို ကျော်တက်သွားကြ၏။ အော်ဟစ်သံများ၊ တိုက်ခိုက်သံများ ဆက်လက် ထွက်ပေါ်နေဆဲပင်။
ထိုအချိန်တွင် ရှောင်ချွမ်း ပြန်ရောက်လာ၏။
"ဒုခေါင်းဆောင် ခန့်မှန်းတာ မှန်ပါတယ်... ပန်ထျန်းခွမ်က ဒီလူတွေကိုပဲ ခေါ်လာတာ မဟုတ်ဘူး... ဟုန်ယွင်ဘုရားကျောင်း အနောက်ဘက်ကို ပတ်သွားတဲ့ လူတွေလည်း ရှိသေးတယ်... ဒါပေမဲ့ အခု အဲ့ဒီအဖွဲ့ကို ဖြိုခွင်းပြီး ဘုရားကျောင်းထဲ ဆွဲခေါ်သွားကြပြီ..."
ရှောင်ချွမ်း အနည်းငယ် လန့်နေပုံရ၏။
"ဒီဟုန်ယွင်ဘုရားကျောင်းက... တကယ် ကြမ်းတာပဲ..."
ဒီတစ်ခါတော့ ဆုမိုလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။ တကယ်ကို အကြီးအကျယ် ကြမ်းတမ်းလွန်းလှသည်။
ဒီလမ်းကြောပေါ်က လူမိုက်ကြီးတွေ အကုန်လုံးကို ဘုန်းကြီးအိုကြီးက သင်္ကန်းဝတ်ပေးလိုက်သည်လေ... ။
ယခု ဘုန်းကြီးဖြစ်နေသော်လည်း သူတို့က ဘယ်လိုလုပ်ပြီး မကြမ်းတမ်းဘဲ နေမလဲ။
ဘယ်သူ့ကို ကြည့်ကြည့် အံ့မခန်း သိုင်းကွက်တွေ ထုတ်သုံးနိုင်သူတွေချည်းပင်။
လက်ဖက်ရည်တစ်အိုး ကုန်လောက်သော အချိန်ကြာပြီးနောက်... ဟုန်ယွင်ဘုရားကျောင်း တံခါးမကြီး 'ကျွီ' ခနဲ ပွင့်လာသည်။ ဧည့်ကြို ကိုရင်လေးက တံခါးဖွင့်ပေးသူ ဖြစ်၏။
သူ့မျက်နှာလေး နီရဲနေပြီး စိတ်လှုပ်ရှားနေပုံ ရ၏။ အပြင်ရောက်တော့ ပါးလေးတွေကို ပုတ်ပြီး စိတ်ကို ငြိမ်အောင် ထားလိုက်၏။ ပြီးမှ လက်အုပ်ချီပြီး မေးလိုက်၏။
"ဇီယန်အာမခံဌာနက ခေါင်းဆောင်ဆု ဘယ်သူပါလဲခင်ဗျာ... ဆရာတော်က လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ…”
အခန်း (၁၄၉) - ဘုန်းကြီးဟုန်ယွင်
~ကိုရင်လေးက ဆုမိုကို မသိသည်မှာ အဆန်းမဟုတ်ပေ။ အကြောင်းမှာ သူတို့ဘက်က ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ကြိုတင် အသိပေးထားခြင်း မရှိခဲ့သောကြောင့် ဖြစ်၏။
ကိုရင်လေး၏ ဖိတ်ခေါ်စကားကို ကြားလိုက်ရုံဖြင့် ယန်ရှောင်ယွင်သည် ဆုမို၏ အင်္ကျီစကို မသိစိတ်ဖြင့် လှမ်းဆွဲလိုက်မိ၏။ဏစ
"ဘုရားကျောင်းထဲက အခြေအနေက ထူးဆန်းနေတယ်... ဟုန်ယွင် ဆိုတဲ့ ဘုန်းကြီးက ဘယ်လိုလူစားမျိုးလဲ ဆိုတာ ပြောရခက်တယ်..."
ယန်ရှောင်ယွင် တီးတိုး ပြောလိုက်၏။
"ငါ နင်နဲ့ လိုက်ခဲ့မယ်..."
"ကိစ္စမရှိပါဘူး..."
ဆုမိုသည် ယန်ရှောင်ယွင်၏ လက်ကို ညင်သာစွာ ပုတ်ပေးလိုက်၏။
"ကျွန်တော်တို့ဘက်က ဘယ်သူဘယ်ဝါပါလို့ ကြိုမပြောမိတာ ရိုင်းရာကျနေပြီ... အခု ဖိတ်ခေါ်လာမှတော့ မသွားရင် ပိုရိုင်းရာကျလိမ့်မယ်...အစ်မယွင်က အာမခံဌာနက ကိစ္စတွေကို ဒီမှာပဲ တာဝန်ယူ ကြည့်ရှုပေးပါ... ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်..."
ယန်ရှောင်ယွင်က ဆုမိုကို မော့ကြည့်လိုက်ပြီး အင်္ကျီလက်စကို ဆုပ်ကိုင်ထားသော လက်ကို မသိမသာ ပိုမို တင်းကျပ်လိုက်မိသည်။
ဆုမို အံ့အားသင့်စွာဖြင့် ယန်ရှောင်ယွင်ကို ကြည့်လိုက်မိသည်။
ဒီမိန်းကလေးက အမြဲတမ်း ပြတ်သားပြီး မာကျောခဲ့တဲ့သူလေ။ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် တွယ်တာနေရတာလဲ။
"တကယ်လို့... တကယ်လို့များ အဲ့ဒီဘုန်းကြီးမှာ နည်းလမ်းတစ်ခုခု ရှိနေပြီး... နင်... နင် တကယ်ကြီး ရဟန်းဘောင် ဝင်သွားရင် ဘယ်လိုလုပ်မလဲ..."
ယန်ရှောင်ယွင်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေပြီး ဆုမို၏ မျက်ဝန်းများကို စိုက်ကြည့်နေ၏။
ဆုမို ရယ်ချင်သွားပြီး သူမ၏ နားနားသို့ ကပ်ကာ စကားအနည်းငယ် တီးတိုး ပြောလိုက်၏။ ယန်ရှောင်ယွင်၏ မျက်နှာသည် ချက်ချင်း နီရဲသွားပြီး သူ့အင်္ကျီစကို လွှတ်ပေးလိုက်၏။ သူမ၏ အကြည့်များတွင် ဒေါသတစ်ဝက်၊ ချစ်ခင်ခြင်းတစ်ဝက် ရောနှောနေသည်။
ဆုမို တခစ်ခစ် ရယ်မောလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် ယန်ရှောင်ယွင်က သူ့နားနားသို့ ရုတ်တရက် ကပ်လာပြီး တီးတိုး ပြောလိုက်ပြန်သည်။
"ငါ ဂရုမစိုက်ဘူး... နင် ခုနပြောသလို အဲ့ဒီဘုန်းကြီးက နင့်ကို ပြုစားပြီး ဖမ်းထားရင်တောင်... နင်က 'ပန်းခူးတဲ့ ဘုန်းကြီး' အဖြစ်နဲ့ ငါ့ဆီကို ပြန်လာရမယ်..."
"ဟားဟားဟားဟား..."
ဆုမို အောင့်ထား၍ မရတော့ဘဲ ဟားတိုက် ရယ်မောလိုက်မိရာ ယန်ရှောင်ယွင်၏ မျက်နှာမှာ ပို၍ပင် နီရဲသွားလေတော့သည်။
အာမခံဌာနမှ ဝန်ထမ်းများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ယန်ရှောင်ယွင် ဤကဲ့သို့သော ခံစားချက်မျိုး ထုတ်ပြသည်ကို တခါမှ မမြင်ဖူးခဲ့ကြပေ။
ခဏတာမျှ သူတို့ အချင်းချင်း မျက်စပစ်ကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို တစ်လှည့်စီ ကြည့်နေကြ၏။ တချို့က သဘောကျနေကြသည်၊ တချို့က ပြုံးနေကြသည်၊ တချို့က ခေါင်းညိတ်နေကြပြီး အသက်ကြီးသူများကတော့ သက်ပြင်းချလိုက်ကြ၏။
"လူငယ်ဖြစ်ရတာ ကောင်းလိုက်တာ..."
ဆုမို ချောင်းဟန့်လိုက်မှ လူအုပ်ကြီးသည် ပုံမှန် အနေအထားသို့ အမြန် ပြန်ရောက်သွားကြ၏။
သူ လျူမိုဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုလူကြီးကတော့ ဘာပဲဖြစ်ဖြစ် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။
ဆုမို တည်ငြိမ်စွာ ပြောလိုက်၏။
"ဒီနေရာကို ခေါင်းဆောင်လျူကိုပဲ အပ်ထားခဲ့မယ်..."
"ခေါင်းဆောင်ဆု... စိတ်ချလက်ချသာ ကြွပါ..."
လျူမို လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။
ဆုမို လက်ဝှေ့ယမ်းပြလိုက်ပြီး ကိုရင်လေးဘက်သို့ လှည့်ပြောလိုက်၏။
"လမ်းပြပါဦး... ကိုရင်လေး..."
"လိုက်ခဲ့ပါ ဒကာကြီး..."
ကိုရင်လေးသည် ရွှင်မြူးစွာဖြင့် ဆုမိုကို ဘုရားကျောင်းထဲသို့ ခေါ်ဆောင်သွားသည်။ တံခါးကို ပိတ်မထားဘဲ ဟထားခဲ့ခြင်းမှာ အတွင်းထဲတွင် ဖုံးကွယ်စရာ မရှိကြောင်း ပြသလိုသည့်သဘော ဖြစ်ပုံရ၏။
ယခုအချိန်တွင် ဤခြံဝင်းအတွင်း၌ မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု လက္ခဏာများနှင့် သွေးကွက်များကို တွေ့မြင်နေရဆဲ ဖြစ်၏။ ကံကောင်းထောက်မစွာပင် ဆောင်းဦးမိုး ရွာသွန်းနေသဖြင့် သိပ်မကြာခင် ဆေးကြောသွားမည် ဖြစ်ရာ သန့်ရှင်းရေး အထူးလုပ်စရာ မလိုပေ။
ဆုမိုသည် ကိုရင်လေးနောက်မှ လိုက်ပါရင်း ပင်မခန်းမဆောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
ထိုနေရာတွင် ခရီးသွား ကုန်သည်အချို့ အမှန်တကယ် အနားယူနေကြသည်ကို တွေ့ရသော်လည်း သူတို့၏ မျက်နှာထားများမှာ လုံးဝ စိတ်သက်သာရာ ရနေပုံမပေါ်ပေ။
မူလက မိုးခိုရန် ရည်ရွယ်ချက်ဖြင့် ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်ခဲ့ကြသော်လည်း၊ ကြမ်းတမ်းသော မျက်နှာထားနှင့် ဘုန်းကြီးများကို မြင်လိုက်ရသောအခါ သူခိုးဓားပြစခန်းထဲသို့ မှားဝင်မိပြီဟု ထင်မှတ်ကာ ကျယ်ကျယ်လောင်လောင်ပင် စကားမပြောရဲကြရှာပေ။
ပန်ထျန်းခွမ် ရောက်လာတုန်းကတော့ အခွင့်အရေး ရပြီလို့ ထင်ခဲ့ကြသည်။
သို့သော်၊ မထင်မှတ်ထားတာက... နာမည်ဆိုးနှင့် ကျော်ကြားလှသော ပန်ထျန်းခွမ်က ဘာမှ သုံးစားမရသည့် ကောင် ဖြစ်နေခြင်းပါပဲ။
ခဏလေးအတွင်းမှာပဲ ဘုရားကျောင်းက ဘုန်းကြီးတွေ ဝိုင်းဖမ်းတာ ခံလိုက်ရသည်။
အခု ဆုမို ဝင်လာတာကို မြင်တော့ လူတိုင်းက မျှော်လင့်ချက် မျက်လုံးတွေနှင့် ဝိုင်းကြည့်နေကြ၏။
ရွာကို ကယ်တင်မည့် နောက်ဆုံး သူရဲကောင်းကို ကြည့်နေသလိုမျိုးပင်။
ဆုမိုက လူတိုင်းကို အနည်းငယ် ပြုံးပြလိုက်၏။ သို့သော် ကိုရင်လေးက သူ့ကို ပင်မခန်းမဆောင်မှ ကျော်လွန်ပြီး နောက်ထပ် ခြံဝင်း တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ထိုနေရာတွင် တရားအားထုတ်ရာ အခန်းများနှင့် မီးဖိုချောင်တို့ ရှိသည်။ တံခါးအနည်းငယ် ဟနေသော အခန်းတစ်ခန်းရှေ့မှ ဖြတ်သွားစဉ်၊ အပေါ်ပိုင်း ဗလာကျင်းထားသော ဘုန်းကြီး တစ်ပါး ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်ကို ဆုမို တွေ့လိုက်ရ၏။ ထိုဘုန်းကြီးသည် ဘုရားစာရွတ်နေရင်း တစ်ချိန်တည်းမှာပင် မိမိကျောပြင်ကို ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်နေသည်။
ရိုက်ချက်တိုင်းသည် ပြင်းထန်လွန်းသဖြင့် ဘုန်းကြီး၏ ကျောပြင် တစ်ခုလုံး သွေးများဖြင့် ရဲရဲတောက်နေပြီ ဖြစ်၏။
ဆုမို အံ့ဩစွာဖြင့် ကိုရင်လေးကို လှမ်းကြည့်လိုက်ရာ ကိုရင်လေးက ပြုံး၍ ရှင်းပြသည်။
"နောင်တော် ဟွေကျစ် က ဟိုဒကာမလေးနဲ့ အတိတ်က ဇာတ်လမ်း ရှိခဲ့ဖူးတယ်လေ... သူက အဲ့ဒီမိန်းကလေးကို ဟုန်ယွင်ဘုရားကျောင်းမှာ မနေစေချင်လို့ တိုက်ပွဲဖြစ်နေတုန်း အခွင့်ကောင်းယူပြီး ထွက်ပြေးအောင် ကူညီပေးခဲ့တာ... ဆရာတော်က ဉာဏ်အမြော်အမြင် ကြီးမားတော့ အကုန်မြင်နေတာပေါ့... ဒါကြောင့် နောင်တော်က အပြစ်ဒဏ် ခံယူနေရတာပါ... ဒါပေမဲ့ ခေါင်းဆောင်ဆု စိတ်မပူပါနဲ့... ဒါက ခန္ဓာကိုယ် နာကျင်မှု သက်သက်ပါ... ဘာမှ မစိုးရိမ်ရပါဘူး..."
ဆုမို မျက်နှာ ရှုံ့မဲ့သွားပြီး ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
ဒီလူတွေ၏ လက်တွေမှာ သွေးစွန်းနေခဲ့တာ ဆိုတော့... ဘယ်လို အပြစ်ဒဏ်မျိုးမဆို ထိုက်တန်ပါသည်ဟု ပြော၍ ရသော်လည်း .. မူလက သူတို့တွေက ဒီလို လူမျိုးတွေမှ မဟုတ်သည်ကိုး။ ဘုန်းကြီးဟုန်ယွင်၏ လွှမ်းမိုးမှုအောက်မှာ လူတိုင်းက အကြီးအကျယ် ပြောင်းလဲကုန်ကြတာ... ဘာကြောင့်လဲ ဆိုတာတော့ မသိရသေးပေ။
ထိုအချိန်တွင် အခြားအခန်း တစ်ခန်းမှ အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာသည်။
ဆုမို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ထိုအသံမှာ 'ပန်ထျန်းခွမ်' နင်ဝူပျန့်၏ အသံပင် ဖြစ်သည်။
'ပန်ထျန်းခွမ်’ အော်ဟစ်ဆဲဆိုနေသည်။
"သေနာကောင်... လူယုတ်မာ... မင်း ငါ့ကို သတ်ချင်သတ်လိုက်... ငါ ဘယ်တော့မှ ရဟန်းဘောင် မဝင်ဘူး... အား... သောက်ကျိုးနည်းကောင်... မင်း တကယ် ရိုက်တာပဲ... ဒီလိုလုပ်ပြီး မင်းကိုယ်မင်း ဘုန်းကြီးလို့ ပြောရဲသေးလား..."
ကိုရင်လေးသည် ဆုမို၏ စူးစမ်းလိုစိတ်ကို သတိထားမိပုံ ရပြီး ထိုအခန်း၏ ပြတင်းပေါက်နားသို့ တိုက်ရိုက် ဆွဲခေါ်သွားသည်။ ပြတင်းပေါက်ကို အသာဟပြီး အတွင်းသို့ ချောင်းကြည့်စေလိုက်၏။
သွေးစွန်းနေသော 'Y' ပုံသဏ္ဌာန် သစ်သားတိုင်တွင် တင်းကျပ်စွာ ချည်နှောင်ခံထားရသော ပန်ထျန်းခွမ်ကို တွေ့လိုက်ရ၏။
ရှေ့နားတွင် ကြမ်းတမ်းသော မျက်နှာထားနှင့် ဘုန်းကြီး တစ်ပါးသည် ဘုရားစာများကို မရပ်မနား ရွတ်ဖတ်နေရင်း... သူ၏ လက်ချောင်းများ၊ လက်ဝါးများ၊ လက်သီးများဖြင့် ချည်နှောင်ခံထားရသူကို ဆက်တိုက် ထိုးနှက်နေသည်။
ထိုးနှက်လိုက်တိုင်း ပန်ထျန်းခွမ် အော်ဟစ်နေသော်လည်း၊ ထူးဆန်းသည်မှာ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှ ပေါ်မလာခြင်းပင် ဖြစ်၏။
ဓားသွားပေါ် လမ်းလျှောက်နေကျ ပန်ထျန်းခွမ်လို လူမျိုးအတွက်... သာမန် နာကျင်မှုလောက်က ဘာမှ ပြောပလောက်စရာ မရှိပေ။
အခန်း (၁၅၀) - ဘုန်းကြီးဟုန်ယွင် (၂)
~ဤဘုန်းကြီး၏ သိုင်းကွက်များမှာ ကြည့်လိုက်လျှင် ပေါ့ပါးသည်ဟု ထင်မှတ်ရသော်လည်း၊ ပန်ထျန်းခွမ်ကဲ့သို့သော သူကိုပင် အဆက်မပြတ် အော်ဟစ်ညည်းညူနေရအောင် စွမ်းဆောင်နိုင်သည်ကို ထောက်ရှုသော်... သိသာထင်ရှားစွာပင် ထူးခြားဆန်းကြယ်သည့် လျှို့ဝှက်ချက် တစ်ခု ပါဝင်နေသည်မှာ သေချာလှပေ၏။
သို့သော် ပန်ထျန်းခွမ်မှာ နာကျင်စွာ အော်ဟစ်နေရသော်ငြား... အလျှော့ပေးခြင်း မရှိသည့်အပြင် ပိုမို၍ပင် ဆဲရေး
တိုင်းထွာနေလေသေးသည်။
ဘုန်းကြီးသည် မန္တန် ရွတ်ဖတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သက်ပြင်းမော တစ်ချက် ချလိုက်လေတော့သည်။
"ဒကာကြီး... ဒကာကြီးရဲ့ စိတ်ထဲက မကောင်းဆိုးဝါး အငွေ့အသက်တွေက ထိလို့.. ကိုင်လို့ ရလောက်အောင် ထင်ရှားနေပြီ... ဘုန်းကြီးရဲ့ အကန့်အသတ်ရှိတဲ့ စွမ်းရည်နဲ့ ဆိုရင် ဒကာကြီးကို လမ်းမှန် ရောက်အောင် ပို့ပေးနိုင်မယ် မထင်ဘူး... ဆရာတော် ကိုယ်တိုင် ကြွလာပြီး ဆောင်ရွက်ပေးမှ ရတော့မယ်..."
"...ကိုယ်တော်သူခိုး ဟုန်ယွင် ကိုယ်တိုင် လာရင်တောင် ငါ ကြောက်မယ်များ ထင်နေလား..."
ဒီစကားကို ကြားတော့ ကိုရင်လေးက ဆုမို၏ အင်္ကျီစကို ဆွဲပြီး အခန်းထဲမှ ခေါ်ထုတ်သွားလိုက်သည်။
"သူ ဒုက္ခရောက်တော့မှာပဲ... ဆရာတော်က ခေါင်းမာတဲ့သူတွေကို ချွတ်ဖို့အတွက် 'ဒုက္ခသည်များ သိုင်းကျမ်း' ကို အထူးပြု လေ့ကျင့်ထားတာလေ... ခုနက အခန်းထဲမှာ ရှိတဲ့ နောင်တော်ကြီးတောင် ဆရာတော်ရဲ့ စွမ်းရည် တစ်သောင်းပုံ တစ်ပုံလောက်ပဲ တတ်သေးတာ... ဒါတောင် ပန်ထျန်းခွမ်ကို အော်ဟစ်နေအောင် လုပ်နိုင်သေးတယ်... တကယ်လို့ ဆရာတော်သာ ကိုယ်တိုင် ဆောင်ရွက်လိုက်ရင်... တစ်ညလောက် ကြာတဲ့အခါ ဘယ်လောက် ကြမ်းတမ်းတဲ့ တောင်ပေါ်ဓားပြ ဖြစ်ဖြစ် ဗုဒ္ဓဘာသာကို စိတ်ပါလက်ပါ ယုံကြည်သွားကြတာချည်းပဲ..."
ဆုမို မျက်လုံးပြူး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"မင်းတို့က လူတွေကို ဒီလိုနည်းနဲ့ ဘာသာပြောင်းခိုင်းတာလား..."
"ဟုတ်ပါတယ်..."
ကိုရင်လေးက ခေါင်းတဆက်ဆက် ညိတ်ပြလာ၏။
"ရိုးရှင်းတယ် မဟုတ်လား... ဆရာတော်က ပြောတယ်... ဒီလောကမှာ မကောင်းဆိုးဝါး လူစားမျိုးပေါင်း သန်းချီ ရှိတယ်တဲ့... ဒါပေမဲ့ ဘယ်လောက် ဆိုးသွမ်းတဲ့ လူစားမျိုးဖြစ်ဖြစ် အကုန်လုံးကို ပြောင်းလဲပေးလို့ ရပါတယ်တဲ့... သားသတ်ဓားကို ချပြီး ချက်ချင်း ဘုရားဖြစ်သွားအောင် လုပ်ပေးလို့ ရတယ်တဲ့... တကယ်လို့ မပြောင်းလဲသေးဘူး ဆိုရင်... အရိုက်ခံရတာ နည်းနေသေးလို့ပါတဲ့..."
"...မင်းဆရာတော် ပြောတာ မှန်ပါတယ်..."
ဆုမို ဘာပြောရမှန်း မသိ ဖြစ်သွားသည်။
နဂိုမူလက ဤဘုန်းကြီး၏ နည်းလမ်းများမှာ လှည့်ကွက်များဖြင့် ပြည့်နှက်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိ၏။ ဤမျှလောက် တည့်တိုးဆန်ပြီး ရိုးရှင်းနေလိမ့်မည်ဟုမူ ထင်မှတ်မထားခဲ့မိချေ။
ယခုအချိန်၌မူ ရယ်ရခက် ငိုရခက် အခြေအနေမျိုး ဖြစ်နေမိလေတော့သည်။
'ဒုက္ခသည်များ သိုင်းကျမ်း' ဟူသော အမည်နာမနှင့် ပတ်သက်၍မူ... 'ကယ်တင်ခြင်း သိုင်းကျမ်း' ဆိုသည်ကိုတော့ ကြားဖူးနားဝ ရှိခဲ့ပါ၏... သို့သော် ဤ 'ဒုက္ခသည်များ သိုင်းကျမ်း' ဆိုသည်ကိုမူ တကယ်စင်စစ် မကြားဖူးခဲ့ပါချေ။”
စဉ်းစားနေစဉ်မှာပင် ကိုရင်လေးက သူ့ကို တရားအားထုတ်ရာ အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။ အခန်းရှေ့ ရောက်သည်နှင့် အကြောင်းကြားစရာ မလိုဘဲ တံခါးပွင့်သွားသည်။
ဘုန်းကြီးအိုကြီးသည် စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ဆုမိုကို ပြုံးပြလိုက်သည်။
"ဒကာကြီးဆု... ကြွပါ..."
ဆုမို ခေါင်းအသာညိတ်လိုက်ပြီး အခန်းထဲ ဝင်လိုက်၏။
အခန်းတွင်း အပြင်အဆင်က ရိုးရှင်းလှသည်။ စင်မြင့်ကို စားပွဲပုလေး တစ်လုံးဖြင့် နှစ်ပိုင်းခွဲထား၏။
စားပွဲပေါ်တွင် အမွှေးတိုင်အိုး တစ်လုံးနှင့် ရေနွေးအိုးတစ်လုံး၊ ရေနွေးခွက် နှစ်ခွက် တင်ထားသည်။
ဘုန်းကြီးဟုန်ယွင်က လက်ဟန်ပြပြီး ဖိတ်ခေါ်လိုက်၏။
"ဒကာကြီးဆု... ထိုင်ပါ..."
"ကျေးဇူးတင်ပါတယ်..."
ဆုမို ခေါင်းညိတ်လိုက်ပြီး ဟန်ဆောင်မှု ကင်းမဲ့စွာ ဝင်ထိုင်လိုက်သည်။
ထိုအခါမှ ဘုန်းကြီးဟုန်ယွင်က စကားစပြော၏။
"ဒကာကြီးဆု ဟုန်ယွင်ဘုရားကျောင်းကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကြိုသိခဲ့ရင် တံခါးဝအထိ ထွက်ကြိုမိမှာပါ... အခုလို ရုတ်တရက် ဖိတ်ခေါ်မိတာကို ခွင့်လွှတ်ပေးပါ..."
ပြောရင်းဆိုရင်း ဆုမိုအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးပြီး အသာအယာ တွန်းပေးလိုက်၏။
ဆုမို ပြုံးလိုက်၏။
"ဆရာတော် ဟုန်ယွင်က ယဉ်ကျေးလွန်းနေပါပြီ... တပည့်တော်က ဗဟုသုတ နည်းပါးတဲ့ လူငယ်တစ်ယောက်ပါ... ဒီလောက် အလေးပေး ဆက်ဆံခံရဖို့ မထိုက်တန်ပါဘူး..."
"ထိုက်တန်ပါတယ်..."
ဘုန်းကြီးဟုန်ယွင် သက်ပြင်းချလိုက်၏။ ဆုမို ရေနွေးခွက်ကို မထိသေးသည်ကို သတိထားမိသော်လည်း ဂရုမစိုက်ဘဲ မေးခွန်းထုတ်လိုက်၏။
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မြင်ပြီးပြီဆိုတော့... ဒကာကြီး စိတ်ထဲမှာ သံသယတွေ ဖြစ်နေလား..."
ဆုမို အံ့အားသင့်စွာဖြင့် ဘုန်းကြီးကို ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်၏။
"ဆရာတော်ရဲ့ နည်းလမ်းတွေက တကယ်ကို သမားရိုးကျ မဟုတ်ဘဲ မမျှော်လင့်ထားတဲ့ အရာတွေပါပဲ..."
"ဟားဟား..."
ဘုန်းကြီးဟုန်ယွင် ရယ်မောလိုက်ပြီး သက်ပြင်းချလိုက်၏။
"ဘုန်းကြီး မဝတ်ခင်တုန်းက... လူဆိုးတစ်ယောက်က လူကောင်းတစ်ယောက်ကို အနိုင်ကျင့်နေတာ တွေ့ခဲ့ဖူးတယ်... အဲ့တုန်းက ဘုန်းကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ပညာရှိတွေရဲ့ သိုင်းကျမ်းတွေနဲ့ ပြည့်နှက်နေတာပေါ့... စာပေပညာရှင်တွေက အသုံးမကျဘူးလို့ ပြောကြပေမဲ့... ကိုယ့်ဘက်က အကြောင်းပြချက် ခိုင်လုံရင် သူတစ်ပါးကို စကားနဲ့ နားချလို့ ရမယ်လို့ ယုံကြည်ခဲ့တယ်... ဒါကြောင့် အဲ့ဒီလူဆိုးနဲ့ သွားငြင်းခုန်ခဲ့တာပေါ့..."
ဆုမို စိတ်ဝင်တစား နားထောင်နေစဉ် ဘုန်းကြီးက ဆက်ပြောလိုက်၏။
"အဲ့ဒီနောက်ပိုင်း... ဘုန်းကြီး သုံးလတိတိ အိပ်ရာထဲ လဲနေခဲ့ရတယ်... ပြန်ထနိုင်ဖို့တောင် မနည်း ကြိုးစားခဲ့ရတာ..."
"......"
ရလဒ်ကတော့ သိပ်မထူးဆန်းလှပါပေ။
ဆုမို ခေါင်းအသာခါလိုက်၏။
"တချို့လူတွေက အကျိုးအကြောင်း ပြောလို့ မရပါဘူးဘုရား..."
"မှန်တယ်..."
ဘုန်းကြီးဟုန်ယွင် ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့် ဘုန်းကြီးက နာမည်ကြီး ဆရာ တစ်ဆူဆီမှာ ဆယ်နှစ်တိတိ ယဉ်ကျေးမှုနဲ့ သိုင်းပညာကို သင်ယူခဲ့တယ်... လူဆိုးက လူကောင်းကို အနိုင်ကျင့်တာ တွေ့တိုင်း... အရင်ဆုံး ကောင်းကောင်း ဆုံးမလိုက်တယ်... ပြီးမှ ပညာရှိတွေရဲ့ လမ်းစဉ်တွေကို ရှင်းပြပေးလိုက်တယ်..."
"အဲ့ဒါရော အဆင်ပြေလား..."
ဆုမို မေးလိုက်၏။
ဘုန်းကြီး ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"သူ နားထောင်တယ်... နာလွန်းလို့ ငိုတယ်... ပြီးတော့ သူ့အမှားတွေကို နက်နက်ရှိုင်းရှိုင်း နောင်တရသွားတယ်... ဘုန်းကြီးလည်း စိတ်သက်သာရာ ရသွားတာပေါ့... ငါ့ပညာတွေ အသုံးချစရာ နေရာ ရသွားပြီလို့ တွေးမိပြီး ဝမ်းသာနေတာ... ဒါပေမဲ့... တစ်လလောက် ကြာတော့ အဲ့ဒီနေရာကို ပြန်ရောက်သွားတဲ့အခါ... မီးဖိုက ပြာကျနေပြီး အိမ်က လူသူကင်းမဲ့နေတာ တွေ့လိုက်ရတယ်... စုံစမ်းကြည့်လိုက်တော့... ဘုန်းကြီး ထွက်သွားပြီးတာနဲ့ အဲ့ဒီလူဆိုးက ဒေါသတကြီး ပြန်လာပြီး... အပြစ်မဲ့တဲ့ မိသားစုဝင် ငါးယောက်စလုံးကို ရက်ရက်စက်စက် သတ်သွားတယ်တဲ့..."
"ပြီးတော့ ဓားတစ်လက် ဆွဲပြီး သိုင်းလောကထဲ ပျောက်ကွယ်သွားတော့တာပဲ... ပင်လယ်ထဲ ရေတစ်စက် ကျသွားသလို ဘာသဲလွန်စမှ မကျန်ခဲ့ဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို တိတ်ဆိတ်သွားမိသည်။ မကောင်းမှုကို အမြစ်ပြတ် သုတ်သင်ရမယ် ဆိုတာ ဘာကို ဆိုလိုလဲ သူ နားလည်လိုက်ပါပြီ။
အရေးယူ ဆောင်ရွက်ခြင်း မရှိရင်လည်း တာဝန်မကျေရာ ရောက်သလို... သင်ခန်းစာ ပေးရုံလောက်ပဲ လုပ်မယ် ဆိုရင်လည်း... ဘယ်လိုလုပ်ပြီး စိတ်နှလုံးကို ပြောင်းလဲစေနိုင်မှာလဲ။
ပျော့ပျောင်းစွာ ကိုင်တွယ်ခြင်းက သူတစ်ပါးကို ဒုက္ခရောက်စေရုံသာ ဖြစ်လိမ့်မည်။
"အဲ့ဒီနောက်တော့ရော..."
ဆုမို ပေါ့ပေါ့ပါးပါး မေးလိုက်၏။
"အဲ့ဒီနောက်တော့... ဆယ့်သုံးနှစ်လောက် ကြာမှ သူ့ကို ပြန်ရှာတွေ့ခဲ့တယ်..."
သို့သော်၊ ဘုန်းကြီးအိုကြီး၏ မျက်နှာပေါ်မှာတော့ စိတ်သက်သာရာ ရသည့် အရိပ်အယောင် သိပ်မတွေ့ရပါချေ။
ထိုအစား သူက ပိုပြီး နက်ရှိုင်းသော ပြဿနာတွေထဲ နစ်မြုပ်နေသလိုပါပင်။
"အဲ့ဒီအချိန်မှာ သူက မကောင်းမှုတွေကို စွန့်လွှတ်လိုက်ပြီ... သူ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ... ဇနီးသည်က လိမ္မာတယ်... သားသမီးတွေက ရိုသေတယ်... မိသားစု ဘဝလေးက သာယာနေတာပေါ့... တကယ်လို့ ဘုန်းကြီးက သူ့ကို သတ်လိုက်ရင်... သူ့ဇနီးနဲ့ သားသမီးတွေက ဘုန်းကြီးကို အရိုးထဲထိ မုန်းတီးသွားကြလိမ့်မယ်... ဘုန်းကြီးကို တကယ့် လူဆိုးကြီးလို့ ထင်သွားကြမှာ... ဒါပေမဲ့ မသတ်ဘဲ လွှတ်ထားလိုက်ရင်ရော... အပြစ်မဲ့ သေဆုံးသွားရတဲ့ မိသားစု ငါးယောက်အတွက် ဘယ်လို လုပ်မလဲ..."
"အဲ့ဒီ အပြစ်တွေက နောက်ဆုံးတော့ ဘုန်းကြီးအပေါ်ပဲ ကျရောက်လာမှာ မဟုတ်ဘူးလား..."
သူ ဆုမိုကို လှမ်းကြည့်လိုက်၏။
"တကယ်လို့ ဒကာကြီးသာ ဘုန်းကြီး နေရာမှာ ဆိုရင်... သူ့ကို ရှာတွေ့ပြီးတဲ့နောက် သတ်ပစ်လိုက်မှာလား..."
"သတ်မှာပါ..."
ဆုမို ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"လူသတ်သမား တစ်ယောက်က သူ့မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်ခွင့် ရနေပြီး... အပြစ်မဲ့တဲ့ သူတွေကျတော့ ဒီလောကကနေ ပျောက်ကွယ်သွားရမှာလား..."
"ဒါဆို သူ့ဇနီးနဲ့ သားသမီးတွေကျတော့ရော..."
ဆုမို သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။
"ဆရာတော်က ဘုရားလား..."
"မဟုတ်ပါဘူး..."
"ဒါဆို ပညာရှိလား..."
"သေချာပေါက် မဟုတ်ပါဘူး..."
"တပည့်တော်လည်း မဟုတ်ပါဘူး..."
"...ဒါက…”