အခန်း (၂၈၃-၂၈၄)
Vol. 21 Ch. 283-284
အခန်း ( ၂၈၃ ) - ဖီးနစ်ငှက်၏ အသစ်တစ်ဖန် မွေးဖွားခြင်း၊ ရွှမ်ချင်း ရောက်ရှိလာခြင်းနှင့် မျက်နှာ ဘယ်နားထားရမည်နည်း
" ချီလျန်မျိုးနွယ်ဟာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး "
ချီလျိုသည် ထိုစကားများကို ပြတ်ပြတ်သားသား ပြောလိုက်ပြီးနောက် ဆွေးနွေးပွဲခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဒူးမထောက်ဟု ပြောရန် လွယ်ကူသော်လည်း ထိုစကား၏ နောက်ကွယ်တွင် ချီလျန်မျိုးနွယ်ဝင် အများအပြား၏ အသက်များ ရှိနေသည် မဟုတ်ပါလော။
မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်သည် သူ၏ ဂုဏ်သိက္ခာကြောင့် ချီလျန်မျိုးနွယ်ကို ကိုယ်တိုင်ကိုယ်ကျ အရေးယူမည် မဟုတ်သော်လည်း သူ၏ ရှီမိုကောင်းကင်သည် အစွမ်းထက်သူများ ပေါများလှပြီး နတ်ဆိုးနယ်မြေ ရာပေါင်းများစွာမှ ထိပ်သီးများ စုဝေးရာ နေရာဖြစ်သည်။
၎င်းတို့ထဲတွင် အင်မော်တယ်အရှင်သခင် အဆင့်များမှာ နေရာတိုင်းတွင် ရှိမနေသော်လည်း အများအပြား ရှိနေကြသည်။
ယခုအခါ ချီလျန်မျိုးနွယ်၏ တစ်ဦးတည်းသော အင်မော်တယ်အရှင်သခင် အဆင့် ဘိုးဘေးမှာ ကျဆုံးသွားခဲ့ပြီ ဖြစ်ပြီး ယင်းအောက်တွင် ချီလျိုကဲ့သို့ အင်မော်တယ်အဆင့်များသာ ရှိတော့သည်။
အခြေအနေမှာ ဤသို့ဖြစ်နေလျှင် သူတို့အနေဖြင့် ရှီမိုကောင်းကင်ကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။
ယင်းမှာ ကျောက်ခဲကို ဥနှင့် ပေါက်သကဲ့သို့ အကျိုးမဲ့သော အလုပ်ပင် ဖြစ်သည်။
သို့သော်လည်း ယင်းမှာ အချည်းနှီးသော ခုခံမှုဖြစ်မည်ကို သိနေကြသော်လည်း ခဏတာအတွင်း မည်သူမျှ သဘောထားကွဲလွဲမှုကို ဖော်ပြခြင်း မရှိကြပေ။
အကြောင်းမှာ သူတို့အားလုံးသည် အကြီးအကဲ ချီလင် ပြောသွားခဲ့သော စကားများကြောင့် တုန်လှုပ်နေကြသောကြောင့် ဖြစ်သည်။
မှန်ပေသည်။ အကယ်၍ ချီလျန်မျိုးနွယ်သည် အစကတည်းက ဤမျှ အားမငယ်ခဲ့ဘဲ ပိုမို ပြတ်သားခဲ့မည်ဆိုလျှင် တစ်မျိုးနွယ်လုံး အထိနာခဲ့လျှင်တောင် နတ်ဆိုးနယ်မြေသို့ ထွက်ပြေးရသည်အထိ ဖြစ်လာမည် မဟုတ်သလို ယနေ့တွင်လည်း မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရမည် မဟုတ်ပေ။
ထို့ကြောင့် ယနေ့တွင်လည်း ချီလျန်မျိုးနွယ်အနေဖြင့် ထပ်မံ ရှောင်တိမ်းရန် ရွေးချယ်မည်ဆိုလျှင် ဤနောက်ဆုံးအခွင့်အရေးကို လက်လွှတ်ရပေတော့မည်။
" ရှီမိုကောင်းကင်ကို အန်တုဖို့ဆိုတာ ဆယ်ခါသေရင်တောင် တစ်ခါမှ ပြန်ရှင်ဖို့ မလွယ်တဲ့ ကိစ္စပဲ... ငါ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားမယ်... ချီမုန်နဲ့ တခြား လူငယ်မျိုးနွယ်ဝင်တွေကို မျိုးနွယ်စုရဲ့ ဘိုးဘေးပိုင် နယ်မြေကနေ ထွက်ခွာဖို့ အဆင်သင့် လုပ်ထားခိုင်းလိုက်... တကယ်လို့ အခြေအနေက တကယ် ဆိုးရွားလာရင် တတိယအကြီးအကဲက သူတို့ကို ခေါ်ပြီး ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကနေ ချက်ချင်း ထွက်သွားရမယ် "
ချီလျိုသည် လေးနက်သော အသံဖြင့် ပြောကြားလိုက်သည်။
" အမေ... သမီး မသွားချင်ဘူး...အမေနဲ့အတူပဲ နေချင်တယ် "
သူ့ကို ထွက်သွားစေချင်သည်ဟု မိခင်ဖြစ်သူက ပြောသည်ကို ကြားလိုက်ရသဖြင့် ချီမုန်၏စိတ်ထဲတွင် စိုးရိမ်ပူပန်သွားပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲလာခဲ့သည်။
" မင်း သွားကို သွားရမယ် "
ချီလျိုသည် ပြတ်ပြတ်သားသားပင် ပြောလိုက်ပြီး.....
" ငါတို့ ကျဆုံးသွားခဲ့ရင် မင်းက ငါတို့မျိုးနွယ်နဲ့ အရှင်သခင်ကြားက တစ်ဦးတည်းသော ပေါင်းကူးတံတား ဖြစ်လာမှာ... ဒါကြောင့် မင်းရဲ့ ဘေးကင်းမှုက အရေးအကြီးဆုံးပဲ "
ထို့နောက် ချီလျိုသည် တတိယအကြီးအကဲဘက်သို့ လှည့်ကာ လက်အုပ်ချီလျက် ပြောလိုက်သည်။
" တတိယအကြီးအကဲ... အရာအားလုံးကို အကြီးအကဲလက်ထဲ အပ်နှံပါတယ် "
" မိသားစုခေါင်းဆောင် စိတ်ချပါ ...ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ် "
တတိယအကြီးအကဲသည် ချီလျိုကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သော်လည်း သဘောထားကွဲလွဲမှု မပြဘဲ လေးနက်စွာ သဘောတူလိုက်သည်။
သူသည် ချီလျိုမှလွဲ၍ တစ်မျိုးနွယ်လုံးတွင် ရှိသော အနည်းငယ်မျှသော အင်မော်တယ်အဆင့်များထဲမှ တစ်ဦး ဖြစ်သည်။
ထိုအချိန်တွင် သူ့အနေဖြင့် ချီလျန်မျိုးနွယ်၏ လူငယ်များကို ကာကွယ်ပေးရန်မှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
တတိယအကြီးအကဲ၏ အမြင်မှာ ချီလျိုနှင့် ကွဲလွဲခဲ့သော်လည်း ယင်းမှာလည်း ချီလျန်မျိုးနွယ်၏ အနာဂတ်အတွက်သာ ဖြစ်သည်။
ယခုအခါ ချီလျို ပြောသည်မှာ မှန်ကန်ကြောင်း သူ ခံစားမိသဖြင့် မျိုးနွယ်စု၏ ရှင်သန်ရေး အရေးကြီးနေသော အချိန်တွင် ထပ်မံ၍ ကန့်ကွက်မနေတော့ဘဲ ချီလျို၏ အမိန့်ကို သစ္စာရှိရှိ ထမ်းဆောင်ရန် ပြင်ဆင်လိုက်သည်။
သူ့ကို စောင့်ကြိုနေမည့် ရလဒ်မှာ မကောင်းနိုင်သည်ကို သိနေလျှင်တောင်မှ ဖြစ်သည်။
လက်ရှိတွင် နက်ရှိုင်းသော ချောက်ကမ်းပါး နတ်ဆိုးနယ်မြေမှ ဟွမ်သွမ့်ပင်လယ်သို့ သွားရာလမ်းမှာ အင်မော်တယ်အဆင့်အောက် ရှိသူများသာ ဖြတ်သန်းနိုင်သည်။
အခြား ချီလျန်မျိုးနွယ်ဝင်များမှာ နတ်ဆိုးနယ်မြေမှ ထွက်ပြေးပြီး ဟွမ်သွမ့်ပင်လယ်သို့ ဝင်ရောက်နိုင်သော်လည်း တတိယအကြီးအကဲ၏ ခွန်အားနှင့်မူ ထွက်ခွာရန် မဖြစ်နိုင်ပေ။
နတ်ဆိုးနယ်မြေမှ မထွက်ခွာနိုင်ဘဲ ရှီမိုကောင်းကင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဆိုလျှင် သူ့ကို စောင့်ကြိုနေမည့်အရာမှာ ရှင်းလင်းလှသည်။
အကယ်၍ ထိုနေ့ ရောက်လာခဲ့မည်ဆိုလျှင် အရှက်ရမည့်အစား မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်ပင် သူ တွေးထားလိုက်သည်။
" ကောင်းပြီ... ဘယ်သူမှ ကန့်ကွက်တာ မရှိတော့ရင် ငါတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ် "
ခန်းမအတွင်း တိတ်ဆိတ်နေပြီး လူတိုင်းက သူ၏အမိန့်ကို လက်ခံလိုက်ကြသည်ကို မြင်သောအခါ ချီလျိုသည် တွန့်ဆုတ်မနေဘဲ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။
ချီလျန်မျိုးနွယ်သည် ရှီမိုကောင်းကင်ကို အန်တုပြီး အရှင်သခင်ကို သူတို့၏ စိတ်ရင်းမှန်အား ပြသကြမည်။
အကယ်၍ အခြေအနေက ပြန်ပြင်မရတော့လျှင် ချီလျန်မျိုးနွယ်၏ အကြီးတန်း အကြီးအကဲများက ကုချန်ကို ပို့ဆောင်ပေးရန် အသေခံ တိုက်ခိုက်ကြမည်ဖြစ်ပြီး တတိယအကြီးအကဲက ချီမုန်နှင့် အခြား လူငယ်များကို ဦးဆောင်ကာ နယ်မြေကို စွန့်ခွာပြီး ပြည်နှင်ဒဏ်ခံရသည့် လမ်းကို လျှောက်လှမ်းကြမည် ဖြစ်သည်။
ဒါက ချီလျို၏ ပြီးပြည့်စုံသော အစီအစဉ်ပင် ဖြစ်သည်။
ဤအစီအစဉ်မှာ အန္တရာယ်များလှသော်လည်း ချီလျိုသည် ဤအကြပ်အတည်းမှာ ချီလျန်မျိုးနွယ်အတွက် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိထားသည်။ အကယ်၍ ယင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မည်ဆိုလျှင် ချီလျန်မျိုးနွယ်မှာ အသစ်တစ်ဖန် မွေးဖွားလာသော ဖီးနစ်ငှက်ကဲ့သို့ ရှီမိုကောင်းကင်၏ ဖိနှိပ်မှုအောက်တွင် ဆက်လက် နေထိုင်ရတော့မည် မဟုတ်ပေ။
...
ချီလျန်မျိုးနွယ်ပေါ်တွင် မှောင်မိုက်သော တိမ်တိုက်များ ဖုံးလွှမ်းနေပြီး အလွန်ပင် မငြိမ်မသက် ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင် ချောက်နက်နတ်ဆိုးနယ်မြေရှိ ရွှမ်ယိုနန်းတော်တွင် ဖရိုဖရဲ ဖြစ်နေချေပြီ။
ဒုတိယနန်းတော်သခင် ဟန်ယိုထျန်းကျွင်းသည် ရွှမ်ယိုနန်းတော်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အနင်းခံရပြီး သေဆုံးသွားခဲ့ရသည်။
ဤမြင်ကွင်းကို ရွှမ်ယိုနန်းတော်ရှိ လူတိုင်းနီးပါး မြင်တွေ့ခဲ့ကြရသည်။
ထို့ကြောင့် ကုချန် ထွက်ခွာသွားသည်နှင့် ရွှမ်ယိုနန်းတော်ရှိ လူများသည် နတ်ဆိုးနယ်မြေသို့ ပြန်မလာသေးသော ရွှမ်ချင်းအရှင်ထံသို့ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ချက်ချင်း သတင်းပို့ခဲ့ကြသည်။
" ဘာပြောလိုက်တာလဲ...မိတ်ဆွေ ဟန်ယို သေသွားပြီဟုတ်လား... ငါ့ရဲ့ ရွှမ်ယိုနန်းတော်မှာ သေသွားတာလား "
ရွှမ်ယိုနန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင် ရွှေအိုရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော မြင့်မားသော ပုံရိပ်တစ်ခုက ရှေ့တွင်ရှိသော နတ်ဆိုးမျောက်ဝံအရှင်ကို ဒေါသတကြီး ကြည့်ကာ မေးလိုက်သည်။
"ရွှမ်... ရွှမ်ချင်းအရှင်ကို တင်ပြရရင် အဲဒီအတိုင်းပါပဲ... ကျွန်တော်မျိုး ဘယ်သူက တိုက်ခိုက်လိုက်မှန်းတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး...ဟန်ယိုထျန်းကျွင်းက တိုက်ရိုက် အနင်းခံလိုက်ရသလိုမျိုး သေဆုံးသွားတာပါ "
နတ်ဆိုးမျောက်ဝံအရှင်သည် ကြောက်လန့်တကြား ပြန်လည် ဖြေကြားလိုက်သည်။
ယခုအချိန်တွင် နတ်ဆိုးမျောက်ဝံအရှင်မှာ မိမိကိုယ်ကိုယ်သာ သေချင်စိတ် ပေါက်နေတော့သည်။
သူ ဘာကြောင့် ဒီလောက် ကံဆိုးနေရသည်ကို မသိတော့ပေ။ ဟန်ယိုထျန်းကျွင်းမှ သူ့အား ညွှန်ကြားချက်အချို့ ပေးရန် ခေါ်ယူထားစဉ်မှာပင် အမည်မသိ အစွမ်းထက်သူတစ်ဦးက တိုက်ခိုက်ပြီး ဟန်ယိုထျန်းကျွင်းကို သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
အဆိုးဆုံးမှာ သူက ထိုနေရာတွင် ရှိနေခြင်းပင်။ ထို့ကြောင့် ရွှမ်ချင်းအရှင် ရောက်လာသည်နှင့် သူ့ကို ချက်ချင်း ခေါ်ယူ စစ်ဆေးတော့သည်။
" ဟန်ယိုက တစ်ဦးတစ်ယောက်ကို ပြစ်မှားခဲ့တာ ရှိသလား "
ရွှမ်ချင်းအရှင်သည် နတ်ဆိုးမျောက်ဝံအရှင်ကို မေးနေသကဲ့သို့ ရှိသော်လည်း တီးတိုးရေရွတ်နေသကဲ့သို့ ဖြစ်နေ၏။
လွန်ခဲ့သော နှစ်များတွင် သူသည် အပြင်ဘက်၌ တိုက်ခိုက်နေခဲ့ပြီး ရွှမ်ယိုနန်းတော်တွင် အမြဲရှိမနေခဲ့သဖြင့် နန်းတော်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း မသိရပေ။
သို့သော် သူ၏အမြင်အရ ဟန်ယိုသည် ထိုမျှလောက် မဆင်မခြင် လုပ်တတ်သူ မဟုတ်ပေ။
တိုက်ခိုက်သူသည် ဟန်ယိုကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဆိုလျှင် အနည်းဆုံးတော့ အင်မော်တယ်အဆင့်တွင် အစွမ်းထက်သူ ဖြစ်ရပေမည်။
ဟန်ယိုသည် ထိုကဲ့သို့ အစွမ်းထက်သူကို မည်သို့ မဆင်မခြင် ပြစ်မှားနိုင်မည်နည်း။ သို့မဟုတ် သူ မသိသော ဖုံးကွယ်ထားသည့် အမှန်တရား တစ်ခုခု ရှိနေသလော။
ရွှမ်ချင်းအရှင်သည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏စိတ်ထဲတွင် ဒေါသများ ချက်ချင်း ပြည့်နှက်သွား၏။
ဟန်ယိုသည် တစ်စုံတစ်ဦးကို ပြစ်မှားခဲ့ဖူးသည်ဖြစ်စေ၊ မပြစ်မှားခဲ့ဖူးသည်ဖြစ်စေ ယခုပြဿနာမှာ ဟန်ယိုသည် ရွှမ်ယိုနန်းတော်တွင် သေဆုံးသွားခဲ့ခြင်းပင် ဖြစ်သည်။
ချောက်နက် နတ်ဆိုးနယ်မြေသည် ရှီမိုကောင်းကင်၏ လက်အောက်ရှိ ရာပေါင်းများစွာသော နတ်ဆိုးနယ်မြေများထဲတွင် သေးငယ်သည်ဟု ယူဆနိုင်သော်လည်း ရွှမ်ယိုနန်းတော်သည် ရှီမိုကောင်းကင်၏မျက်နှာကို ကိုယ်စားပြုသည်။
ယခု ရွှမ်ယိုနန်းတော်မှာ ဤသို့ အနိုင်ကျင့်ခံလိုက်ရလျှင် ရှီမိုကောင်းကင်၏ မျက်နှာကို ဘယ်မှာ သွားထားရမည်နည်း။ မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်၏ မျက်နှာကိုကော ဘယ်မှာ သွားထားရမည်နည်း။
" ဒီကိစ္စကို ဒီအတိုင်း ထားလို့ မဖြစ်ဘူး... ငါ ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီး ဒီကိစ္စကို ရှီမိုကောင်းကင်ကို သတင်းပို့မယ်... ငါ့ရဲ့ ရွှမ်ယိုနန်းတော်ကို စော်ကားဝံ့တဲ့သူတိုင်း ထိုက်တန်တဲ့ အဖိုးအခကို ပေးစေရမယ် "
ရွှမ်ချင်းအရှင်မှ ပြတ်ပြတ်သားသား ပြောဆိုလိုက်တော့သည်။
အခန်း ( ၂၈၄ ) - မိုဟဲအရှင်၊ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း
ဟန်ယိုထျန်းကျွင်း ကျဆုံးသွားကြောင်း သိလိုက်ရပြီးနောက် ချောက်နက်နတ်ဆိုးနယ်မြေသို့ ပြန်ရန် ပြင်ဆင်နေသည့် ရွှမ်ချင်းအရှင်သည် လမ်းကြောင်းကို ချက်ချင်းပြောင်းကာ ရှီမိုကောင်းကင်သို့ ဦးတည်သွား၍ ရှီမိုနန်းတော်သို့ သတင်းပို့လိုက်လေသည်။
" ဟန်ယိုက ရွှမ်ယိုနန်းတော်မှာ အသတ်ခံလိုက်ရတာလား "
ရှေးဟောင်းနန်းတော်အတွင်းရှိ နတ်ဆိုးနယ်မြေ၏ အင်မော်တယ်တစ်ဦးမှ မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
" ဟန်ယိုက တစ်ယောက် ယောက်ကို ပြစ်မှားခဲ့လို့လား "
" နတ်ဆိုးနယ်မြေရဲ့ သမိုင်းတစ်လျောက် ပြန်ကြည့်ရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းလုံး မိတ်ဆွေ ဟန်ယိုက ရွှမ်ယိုနန်းတော်ကိုပဲ စောင့်ကြပ်လာခဲ့တာပါ... သူ ဘယ်သူ့ကို ပြစ်မှားနိုင်စရာ အခွင့်အရေး ရှိမှာလဲ "
ရွှမ်ချင်းအရှင်သည် မကျေနပ်ဖြစ်စွာဖြင့် ဆက်ပြောလိုက်သည်။
" ပြီးတော့ မိတ်ဆွေ ဟန်ယိုက တစ်စုံတစ်ယောက်ကို တကယ် ပြစ်မှားခဲ့ရင်တောင်... တစ်ဖက်လူက ရွှမ်ယိုနန်းတော်ထဲအထိ ဝင်လာပြီး ဟန်ယိုကို သတ်သွားတာကတော့... ကျွန်တော်တို့ ရှီမိုကောင်းကင် လက်အောက်ခံ နယ်မြေတွေထဲက အစွမ်းထက်သူတွေရဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ပါဘူး "
" ဘာလို့လဲဆိုတော့ ဒီလုပ်ရပ်က ကျွန်တော်တို့ ရှီမိုကောင်းကင်ရဲ့ အရှိန်အဝါကို လုံးဝ လျစ်လျူရှု စော်ကားလိုက်တာမို့လို့ပဲ "
ရွှမ်ချင်းအရှင်၏ စကားကို ကြားသောအခါ နတ်ဆိုးနယ်မြေ၏ အင်မော်တယ်အရှင်သည်လည်း မျက်မှောင်ကြုတ်သွား၏။
မှန်ပေသည်။ အကယ်၍ ဟန်ယို သေဆုံးသွားခြင်းသက်သက်ဆိုလျှင် ကိစ္စမရှိသော်လည်း ဟန်ယို ကျဆုံးသွားသည့်နေရာမှာ အလွန်ပင် အရေးပါနေသည်။
ရှီမိုကောင်းကင် လက်အောက်ခံ နတ်ဆိုးနယ်မြေ အသီးသီးမှ အစွမ်းထက်သူများသည် ဤမျှအထိ ရဲတင်းဝံ့ရဲကြမည် မဟုတ်ပေ။ အကယ်၍ သူတို့နှင့် ဟန်ယိုကြားတွင် အငြိုးအတေး ရှိခဲ့လျှင်တောင် အရေးမယူမီ ရှီမိုကောင်းကင်သို့ အရင် သတင်းပို့ရမည် ဖြစ်သည်။
ထို့ကြောင့် ဤသို့ လုပ်ဆောင်ခဲ့သူမှာ ရှီမိုကောင်းကင် လက်အောက်ခံ နယ်မြေများမှ အစွမ်းထက်သူ မဟုတ်ဘဲ အခြားသော ရှီမိုကောင်းကင်တစ်ခုခုမှ ရောက်ရှိလာသည့် သူသာ ဖြစ်ပေလိမ့်မည်။
အခြား ရှီမိုကောင်းကင်မှ အစွမ်းထက်သူများမှ ရှီမိုကောင်းကင်၏ နယ်မြေအတွင်း လာရောက် သောင်းကျန်းသွားခြင်းမှာ ရှီမိုကောင်းကင်၏ အာဏာကို လုံးဝ လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။
ဤသို့ တွေးမိသည်နှင့် နတ်ဆိုးနယ်မြေ၏ အင်မော်တယ်အရှင်သည် ကိစ္စ၏ အရေးကြီးပုံကို သဘောပေါက်သွားကာ ရွှမ်ချင်းအရှင်နှင့်အတူ စုံစမ်းရန် ပြင်လိုက်သည်။
သို့သော် ထိုစဉ်မှာပင် ခမ်းနားထည်ဝါသော အငွေ့အသက်များ ကျဆင်းလာ၍ အပြာရောင် ဝတ်ရုံဝတ်ဆင်ထားကာ အေးစက်သော မျက်နှာထားနှင့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
" မိုဟဲအရှင်! "
အပြာရောင်ဝတ်ရုံနှင့် ပုံရိပ်ကို မြင်သောအခါ နတ်ဆိုးနယ်မြေ၏ အင်မော်တယ်အရှင်သည် မျက်နှာပျက်သွားလျက် အလျင်အမြန်ပင် ထိုင်ရာမှထကာ ဂါရဝပြုလိုက်သည်။
ရွှမ်ချင်းအရှင်သည်လည်း ခဏမျှ မှင်တက်သွားပြီးနောက် အလျင်အမြန်ပင် ဂါရဝပြုလိုက်တော့သည်။
မိုဟဲအရှင်။ ဤသူမှာ အင်မော်တယ်အရှင်သခင် ဖြစ်ကာ နတ်ဆိုးနယ်မြေ၏ အင်မော်တယ်များထက် အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။
" ရွှမ်ချင်း... ငါက ရှီမိုကောင်းကင်အရှင်ရဲ့ အမိန့်နဲ့ မင်းနဲ့အတူ ချောက်နက် နတ်ဆိုးနယ်မြေကို သွားပြီး ဒီကိစ္စကို စုံစမ်းဖို့ ရောက်လာတာ "
မိုဟဲအရှင်သည် နန်းတော်အတွင်းရှိ လူနှစ်ဦးကို ကြည့်ကာ အေးစက်စွာ ပြောကြားလိုက်၏။
ဘာလဲ.....
မိုဟဲအရှင် ကိုယ်တိုင် ချောက်နက် နတ်ဆိုးနယ်မြေသို့ လိုက်ပါမည်ဟု ကြားလိုက်ရသဖြင့် ရွှမ်ချင်းအရှင်မှာ အံ့အားသင့်သွားရသည်။
သူ ရှီမိုကောင်းကင်သို့ လာခဲ့စဉ်က အင်မော်တယ်အဆင့် တစ်ဦးဦးကို ခေါ်ဆောင်ကာ စုံစမ်းစစ်ဆေးနိုင်လျှင်ပင် လုံလောက်ပြီဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
ရှီမိုကောင်းကင်အရှင်ကိုယ်တိုင် ဤကိစ္စကို သတိထားမိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့အပြင် အရှင်သခင်အဆင့် တစ်ဦးကိုပါ စေလွှတ်ခဲ့သေးသည်။
အံ့အားသင့်နေသော ရွှမ်ချင်းအရှင်ကို ကြည့်နေသည့် မိုဟဲအရှင်၏မျက်နှာမှာ အေးစက်နေပုံသာ ရှိသော်လည်း သူ၏စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။
နက်ရှိုင်းသော ချောက်နက်နတ်ဆိုးနယ်မြေမှ ကိစ္စအတွက် အင်မော်တယ်အဆင့် တစ်ဦးကို စေလွှတ်လျှင်ပင် လုံလောက်သည်ဟု သူ ခံစားရသည်။ အဘယ်ကြောင့် အင်မော်တယ်ဘုရင်အဆင့်အထိ သတိထားမိသွားရသနည်း။ ထို့အပြင် သူ့ကိုပါ စုံစမ်းရန် အမိန့်ပေးခဲ့သေးသည်။
ဟန်ယို၏သေဆုံးမှုသည် ထင်သလောက် မရိုးရှင်းဘဲ အခြား လျှို့ဝှက်ချက်များပါ ရှိနေလေသလော။
မိုဟဲအရှင်အနေဖြင့် ဇဝေဇဝါ ဖြစ်နေသော်လည်း ရှီမိုကောင်းကင်အရှင်၏ အမိန့်ကိုမူ မလွန်ဆန်ဝံ့သဖြင့် ရွှမ်ချင်းနှင့်အတူ သွားရောက် စစ်ဆေးရန် ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
" ဒါဆိုရင် အရှင်သခင်ကို ဒုက္ခပေးရပါဦးမယ် "
ရွှမ်ချင်းအရှင်သည် ရိုရိုသေသေဖြင့် ပြောဆိုလိုက်သည်။
မကြာခင်မှာပင် မိုဟဲအရှင်နှင့် ရွှမ်ချင်းအရှင်တို့သည် ရွှမ်ယိုနန်းတော်သို့ အတူတူ ရောက်ရှိလာကြသည်။
" ထကြ "
မိုဟဲအရှင်သည် လက်ညှိုးတစ်ချောင်းဖြင့် အသာအယာ တို့လိုက်ရာ ရွှမ်ယိုနန်းတော် အထက်ရှိ လေဟာနယ်မှာ ဖြည်းညင်းစွာ လှုပ်ခတ်လာတော့သည်။
" ဟွန်း... တော်တော် သတ္တိရှိတာပဲ... လူသတ်ပြီးတာတောင် ခြေရာတွေကို ဖုံးကွယ်မသွားဘဲ ငါ့ကို အလွယ်တကူ သိခွင့်ပေးထားတယ်ပေါ့ "
မိုဟဲအရှင်သည် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ဖြည်းညင်းစွာ လှုပ်ခတ်နေသော လေဟာနယ်မှာ အချိန်တွေ နောက်ပြန်စီးဆင်းသွားသကဲ့သို့ ယခင်က ဖြစ်ပျက်ခဲ့သော မြင်ကွင်းများကို ပြသလာတော့သည်။
မိုယွဲ့အရှင်သည် ရွှမ်ယိုနန်းတော်သို့ ရောက်ရှိလာပြီး ဟန်ယိုထျန်းကျွင်းထံ သတင်းပို့သည်မှ စတင်ခဲ့သည်။
ထို့နောက် ကုချန် ဆင်းသက်လာ၍ လက်ဝါးတစ်ချက်တည်းနှင့် ဟန်ယိုကို ချေမှုန်းကာ အေးအေးလူလူ ထွက်ခွာသွားသည်အထိ။
" တကယ့်ကို အားကောင်းတဲ့ စွမ်းအားပဲ"
မိုဟဲအရှင်သည် ကုချန်၏ လှုပ်ရှားမှု တစ်ခုလုံးကို ကြည့်ကာ လေးနက်သော အမူအရာ ဖြစ်သွား၏။
ဟန်ယိုကို သတ်သွားသူမှာ ရိုးရိုး အင်မော်တယ်အဆင့်သာ ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် မြင်ကွင်းထဲမှ ထိုသူ၏ စွမ်းဆောင်ရည်အရ သူသည် အနည်းဆုံးတော့ အင်မော်တယ် အထွက်အထိပ် မဟုတ်လျှင် အင်မော်တယ်အရှင်သခင်နှင့် တစ်ဆင့်တည်းရှိသော အစွမ်းထက်သူပင် ဖြစ်ရပေမည်။
အင်မော်တယ်ဘုရင်မှ သူ့အား ကိုယ်တိုင်ကိုယ်ကျ စုံစမ်းခိုင်းခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
သို့သော် ဤသို့ လုပ်ဆောင်ခဲ့သူမှာ မည်သူနည်း။
သူသည် ရှီမိုကောင်းကင် လက်အောက်ခံ အင်မော်တယ်အားလုံးကို သိသော်လည်း ယခု မြင်ကွင်းထဲမှ သူကမူ သူစိမ်းတစ်ဦး ဖြစ်နေသည်။
ဤသူ၏ နတ်ဆိုးအငွေ့အသက်မှာ အလွန်ပြင်းထန်လှပြီး နတ်ဆိုးနယ်မြေတွင် နာမည်ကြီးသော အစွမ်းထက်သူလည်း မဟုတ်ပေ။ ထိုသူသည် တကယ်ပင် အခြား ရှီမိုကောင်းကင်မှ နယ်မြေဖြတ်ကျော်လာသူလော။
မိုဟဲအရှင်သည် ဇဝေဇဝါ ဖြစ်နေသော်လည်း သူ၏လှုပ်ရှားမှုများကိုမူ မရပ်တန့်ခဲ့ပေ။
ဟန်ယိုထျန်းကျွင်း သေဆုံးရခြင်း အကြောင်းရင်းကို စုံစမ်းပြီးနောက် မိုဟဲအရှင်သည် ကုချန် ချန်ထားခဲ့သော အကြွင်းအကျန် သဲလွန်စများနောက်သို့ အလျင်အမြန် လိုက်ပါသွား၏။
နောက်ဆုံးတွင် ကုချန်သည် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်သွားကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေ... ဒီကိစ္စက ချီလျန်မျိုးနွယ်နဲ့ ပတ်သက်နေတာလား။
မိုဟဲအရှင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ သူ၏အကြည့်များမှာ ပိုမို ခက်ထန်လာလေ၏။
ရှီမိုနန်းတော်သည် ချီလျန်မျိုးနွယ်ကို အမြဲတမ်း ဖယ်ရှားချင်နေခဲ့သော်လည်း ထိုမျိုးနွယ်မှာ အပြစ်ရှာမရအောင် နေထိုင်တတ်သဖြင့် ရှီမိုကောင်းကင်အတွက် အကြောင်းပြချက် မရှိဘဲ ဖြစ်နေခဲ့ရသည်။
အကယ်၍ ဤသူသည် ချီလျန်မျိုးနွယ်နှင့် တကယ် ပတ်သက်နေမည်ဆိုလျှင် ချီလျန်မျိုးနွယ် ပျက်စီးမည့်နေ့မှာ မဝေးတော့ပေ။
" ငါ့နောက်ကို လိုက်ခဲ့... ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကို သွားမယ် "
ဤအဆင့်အထိ စုံစမ်းပြီးဖြစ်ရာ အမှန်တရားနှင့် နီးကပ်နေပြီဖြစ်၍ မိုဟဲအရှင်သည် လက်မလျှော့ဘဲ ရွှမ်ချင်းအရှင်ကို ခေါ်ဆောင်ကာ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေသို့ ချက်ချင်းပင် ဝင်ရောက်သွားတော့သည်။
ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေသို့ ရောက်သောအခါ မိုဟဲအရှင်သည် ယခင်နည်းလမ်းအတိုင်း ကုချန် ချန်ထားခဲ့သော သဲလွန်စများကို အာရုံခံလိုက်ရာ ကုချန်နှင့် ချီမုန်တို့ ချီလျန်မျိုးနွယ်၏ အပြင်ဘက်တွင် တွေ့ဆုံနေသော မြင်ကွင်းကို မြင်လိုက်ရသည်။
" ဒါ... ဒါက ကျွန်တော့် ရွှမ်ယိုနန်းတော် လက်အောက်က ချီမုန်ဆိုတဲ့ နတ်ဆိုးနယ်မြေရဲ့ အရှင်တစ်ပါးပဲ... သူက ချီလျန်မျိုးနွယ်ကပဲ "
ရွှမ်ချင်းအရှင်သည် မြင်ကွင်းထဲရှိ ချီမုန်ကို မြင်သောအခါ အလန့်တကြား အော်လိုက်မိသည်။
ရွှမ်ယိုနန်းတော် လက်အောက်က အရှင်တစ်ဦးလား၊ ချီလျန်မျိုးနွယ်ဝင် တစ်ဦးလား။
ရွှမ်ချင်းအရှင်၏ စကားကို ကြားသောအခါ မိုဟဲအရှင်သည် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် အေးစက်စွာ ပြောဆိုလိုက်သည်။
" ကောင်းပြီ... ချီလျန်မျိုးနွယ်... မင်းတို့က တကယ်ပဲ ရှီမိုကောင်းကင်ကို သစ္စာဖောက်ရဲတယ်ပေါ့ "
မိုဟဲအရှင်၏ မျက်လုံးများမှာ အရောင်တောက်သွားကာ အဖြစ်မှန်ကို သူ ဆုပ်ကိုင်မိသွားပြီဟု ခံစားလိုက်ရသည်။
ဟန်ယိုထျန်းကျွင်းကို သတ်သွားသော နတ်ဆိုးနယ်မြေမှ အစွမ်းထက်သူမှာ ချီလျန်မျိုးနွယ်နှင့် ပတ်သက်နေသည်မှာ သေချာသည်။ ထိုသူသည် ချီလျန်မျိုးနွယ်ဝင် မဟုတ်ခဲ့လျှင်တောင် သူတို့ကြားက ပတ်သက်မှုမှာ သာမန် မဖြစ်နိုင်ပေ။ ယခု ထိုသူသည် ချီလျန်မျိုးနွယ်အတွင်း ပုန်းအောင်းနေခြင်းပင် ဖြစ်ရမည်။
" ကောင်းတယ်... တကယ့်ကို ကောင်းတယ်... လိုက်ရှာတုန်းက မတွေ့ဘဲ မရှာတော့မှ အလိုလို ရောက်လာတာပဲ ချီလျန်မျိုးနွယ်... မင်းတို့က ဒီလို လူဆိုးကို ခိုလှုံခွင့် ပေးထားရဲတယ်ပေါ့... ငါ့အထင်တော့ မင်းတို့ တကယ်ပဲ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ် "
ဒေါသထွက်ပြီးနောက် မိုဟဲအရှင်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားဟန် ဖြစ်သွားပြန်သည်။
နှစ်ပေါင်းများစွာကြာအောင် ရှီမိုကောင်းကင်သည် ချီလျန်မျိုးနွယ်ကို အပြစ်ရှာမရ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ယခုမူ အကြောင်းပြချက်တစ်ခုကို အသင့် ရရှိသွားပြီ မဟုတ်ပါလော။
ချီလျန်မျိုးနွယ်သည် သတ္တိကောင်းလှစွာဖြင့် ရှီမိုကောင်းကင် လက်အောက်ခံ နယ်မြေများကို ဒုက္ခပေးနေသော ရာဇဝတ်သားကို လျှို့ဝှက် ခိုလှုံခွင့် ပေးထားသည်။ သူတို့၏ အပြစ်မှာ သေဒဏ်နှင့် ထိုက်တန်ပေသည်။
" ဟွန်း... ကောင်းပြီလေ... ငါကိုယ်တိုင် ချီလျန်မျိုးနွယ်ဆီ ဆင်းသက်ပြီးတော့ ဒါကို ငြင်းမရတဲ့ အမှုတစ်ခုဖြစ်အောင် လုပ်မယ်... ချီလျန်မျိုးနွယ် ဘယ်တော့မှ ပြန်ပြီး နလန်မထူနိုင်အောင် ငါ လုပ်ပြမယ် "
မိုဟဲအရှင်သည် လှောင်ပြုံး ပြုံးလျက် ပြောဆိုလိုက်လေ၏။