← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 21 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 21 Ch. 285-286

‎အခန်း ( ၂၈၅ ) - တန်ဖိုးကြီးလွန်းတဲ့ အိပ်မက်၊ ချီလျန်မျိုးနွယ်ကို ပိတ်ဆို့ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းများ

‎

‎

‎

‎ဤကိစ္စသည် ချီလျန်မျိုးနွယ်နှင့် ပတ်သက်နေသဖြင့် အသေအချာဆုံးသော နည်းလမ်းမှာ ဤအကြောင်းအရာကို ရှီမိုကောင်းကင်ထံ ချက်ချင်း သတင်းပို့ရန်ပင် ဖြစ်သည်။ ထိုသို့ သတင်းပို့ပြီးမှ ရှီမိုကောင်းကင်က ကိုယ်တိုင်ကိုယ်ကျ အရေးယူကာ ချီလျန်မျိုးနွယ်ကို ဘယ်သောအခါမှ ပြန်မထူနိုင်အောင် အပြတ်အသတ် နှိမ်နင်းခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

‎

‎

‎သို့သော်လည်း မိုဟဲအရှင်သည် ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သူကိုယ်တိုင် သိထားသည်။

‎

‎

‎အကြောင်းမှာ ဟန်ယိုကို သတ်သွားသော ထိုရူးသွပ်သူသည် ယခုအချိန်တွင် ချီလျန်မျိုးနွယ်အတွင်း ပုန်းအောင်းနေနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ သူသာ ယခုအချိန်တွင် ချီလျန်မျိုးနွယ်ဆီသို့ ဆင်းသက်သွားမည်ဆိုလျှင် ထိုသူကို လက်ရဖမ်းဆီးနိုင်မည်မှာ သေချာလှသည်။

‎

‎

‎ထိုအခါကျလျှင် ချီလျန်မျိုးနွယ်မှ မည်သို့ပင် ငြင်းဆိုနေပါစေ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။

‎

‎

‎သို့သော် အကယ်၍ သူသာ ယခုအချိန်တွင် ပြန်သွား၍ သတင်းပို့နေမည်ဆိုလျှင် ထိုရူးသွပ်သူ မည်သည့်အချိန်တွင် ထွက်ခွာသွားမည်ကို မသိနိုင်ပေ။ ထိုသို့ဖြစ်သွားပါက ချီလျန်မျိုးနွယ်အပေါ် ပြစ်မှုပုံချရန်မှာ ထင်သလောက် လွယ်ကူတော့မည် မဟုတ်ပေ။

‎

‎

‎ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ သူကိုယ်တိုင် ချီလျန်မျိုးနွယ်ဆီသို့ ချက်ချင်း ဆင်းသက်ကာ ဘိုးဘေးပိုင် နယ်မြေကို ပိတ်ဆို့ထားရန် ဖြစ်သည်။ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေထဲမှ ငှက်တစ်ကောင်ပင် အပြင်သို့ ပျံထွက်မသွားနိုင်အောင် သူ လုပ်ဆောင်ရမည်။

‎

‎

‎တစ်ချိန်တည်းမှာပင် သူသည် ရှီမိုကောင်းကင်သို့ သတင်းပို့မည်ဖြစ်ပြီး ထိုအခါမှ ရှီမိုကောင်းကင်သည် အစွမ်းထက်သူများကို စေလွှတ်ကာ ချီလျန်မျိုးနွယ်ကို အပြီးတိုင် ချေမှုန်းခိုင်းမည် ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ချီလျန်မျိုးနွယ်၏ တစ်ဦးတည်းသော အရှင်သခင်အဆင့် ဘိုးဘေးဖြစ်သူ ချီရှောင်းသည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားရာ၌ ကျရှုံးပြီးနောက် ကျဆုံးသွားခဲ့ပြီဖြစ်ကြောင်း သူ ကြားသိထားသည်။ ယခုအခါ ချီလျန်မျိုးနွယ်မှာ ခေါင်းဆောင်မရှိဘဲ ဖြစ်နေပြီး အစွမ်းအထက်ဆုံးဆိုသူများမှာလည်း အင်မော်တယ်အဆင့် အနည်းငယ်မျှသာ ရှိကြပေသည်။

‎

‎

‎ချီလျန်မျိုးနွယ်သည် ရှေးကျသော မျိုးနွယ်စုဖြစ်ပြီး အခြားသော အစွမ်းထက်သည့် အခြေခံအုတ်မြစ်များ ရှိနေနိုင်သည်ကို စိုးရိမ်ခြင်း မရှိခဲ့လျှင် မိုဟဲအရှင်သည် သူတစ်ယောက်တည်းနှင့်ပင် တစ်မျိုးနွယ်လုံးကို နှိမ်နင်းနိုင်ပေလိမ့်မည်။

‎

‎

‎" ချီရှောင်း... မင်းက အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ အိပ်မက်မက်နေတုန်းပဲလား... ဒါက စိတ်ကူးယဉ်မှုသက်သက်ပဲ "

‎

‎

‎ကျဆုံးသွားခဲ့ပြီဖြစ်သော ချီလျန်မျိုးနွယ်၏ ဘိုးဘေးကို တွေးမိကာ မိုဟဲအရှင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန်မှာ အဘယ်မှာလျှင် လွယ်ကူပါမည်နည်း။

‎

‎

‎ရှီမိုကောင်းကင်၏ အဆုံးမဲ့သော နှစ်ကာလတစ်လျှောက်တွင် အရှင်သခင် တစ်ဦးတည်းသာ ရှိခဲ့သည်။ ယင်းမှာ မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်ပင် ဖြစ်သည်။

‎

‎

‎ထို ချီရှောင်းသည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကြံစည်ပြီး မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်၏ အာဏာစက်ထဲမှ အစိတ်အပိုင်းတစ်ခုကို ခွဲဝေယူရန် ကြိုးစားနေခြင်းမှာ လူမိုက်၏ အိပ်မက်ပင် မဟုတ်ပါလော။

‎

‎

‎ထို့အပြင် ချီလျန်မျိုးနွယ်မှာ မူလက အင်မော်တယ်နယ်မြေမှ ပုန်ကန်လာသူများ ဖြစ်ကြပြီး နတ်ဆိုးနယ်မြေ၏ မျိုးရင်းများလည်း မဟုတ်ကြပေ။

‎

‎

‎ထိုကဲ့သို့သော မျိုးနွယ်စုမှာ ပင်ကိုယ်ကတည်းက ပုန်ကန်လိုသော စိတ်ဓာတ်ရှိကြသည်။ သူတို့သည် နတ်ဆိုးနယ်မြေအတွက် သွေးမြေကျ တိုက်ခိုက်ပေးနိုင်သော်လည်း နတ်ဆိုးနယ်မြေ၏ တကယ့် အရှင်သခင်မျိုးနွယ် ဖြစ်လာရန် မျှော်လင့်ခြင်းမှာမူ လွန်လွန်းလှသည်ဟု ဆိုရပေမည်။

‎

‎

‎ရှီမိုကောင်းကင်အရှင်သည် ယင်းကို ခွင့်ပြုမည် မဟုတ်သကဲ့သို့ အခြားသော အင်မော်တယ်ဘုရင်များကလည်း ခွင့်ပြုကြမည် မဟုတ်ပေ။

‎

‎

‎ချီလျန်မျိုးနွယ်ဝင်များသည် သူတို့၏ ဘိုးဘေးမှာ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိပြီး တစ်မျိုးနွယ်လုံးကို ကယ်တင်နိုင်လိမ့်မည်ဟု ယခင်က မျှော်လင့်ခဲ့ကြခြင်းမှာ ရယ်စရာပင် ကောင်းလှသည်။

‎

‎

‎ယင်းမှာ အစကတည်းက မဖြစ်နိုင်သည့် တန်ဖိုးကြီးလွန်းသော အိပ်မက်တစ်ခု ဖြစ်ကြောင်းကိုမူ သူတို့ မသိခဲ့ကြပေ။

‎

‎

‎" အရှင်သခင်... ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ "

‎

‎

‎ရွှမ်ချင်းအရှင်သည် မိုဟဲအရှင်ကို သတိထားကာ ကြည့်လိုက်သည်။ သူ၏ရင်ထဲတွင်မူ ထိန်းမနိုင်သိမ်းမရသော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။

‎

‎

‎ဟန်ယိုထျန်းကျွင်းကို သတ်သွားသောသူသည် ချီလျန်မျိုးနွယ်နှင့် ပတ်သက်နေလိမ့်မည်ဟု သူပင်လျှင် မထင်ထားခဲ့ပေ။

‎

‎

‎ရွှမ်ချင်းအရှင်သည် အပြင်ဘက်တွင် တိုက်ခိုက်နေခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ရွှမ်ယိုနန်းတော်သို့ ပြန်လာခဲသော်လည်း ရှီမိုကောင်းကင်အတွင်းရှိ နယ်မြေအသီးသီး၏ လှုပ်ရှားမှုများကိုမူ အမြဲတစေ စောင့်ကြည့် နားစွင့်နေခဲ့သူ ဖြစ်သည်။

‎

‎

‎ရှီမိုကောင်းကင်သည် ချီလျန်မျိုးနွယ်ကို ဖယ်ရှားရန် လျှို့ဝှက် ကြိုးစားနေခဲ့သော်လည်း ခိုင်လုံသော အကြောင်းပြချက် မရှိသဖြင့် ဗြောင်ကျကျ မလှုပ်ရှားနိုင်ခဲ့သည်ကို သူ သဘာဝကျကျ သိထားသည်။

‎

‎

‎ယခုမူ မိတ်ဆွေ ဟန်ယို၏ သေဆုံးမှုမှာ ရှီမိုကောင်းကင်အတွက် အကောင်းဆုံးသော အကြောင်းပြချက်တစ်ခု ဖြစ်လာခဲ့ချေပြီ။ ဤအခွင့်အရေးကို အသုံးချကာ ချီလျန်မျိုးနွယ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ပေလိမ့်မည်။

‎

‎

‎ဤအခွင့်အရေးမှာ တစ်နည်းအားဖြင့် ရွှမ်ယိုနန်းတော်ကြောင့် ရရှိလာခြင်း ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ချီလျန်မျိုးနွယ်ကို ချေမှုန်းပြီးနောက် ရှီမိုကောင်းကင်၏ လူကြီးမင်းများသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကာ သူ့ကို ဆုလာဘ်အချို့ပင် ချီးမြှင့်နိုင်ပေသည်။

‎

‎

‎" မိတ်ဆွေ ဟန်ယို... မင်းရဲ့ သေဆုံးမှုက တကယ်ကို တန်ဖိုးရှိပါတယ် "

‎

‎

‎ရွှမ်ချင်းအရှင်သည် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။

‎

‎

‎" ငါက ရှီမိုကောင်းကင်ဆီကို စိတ်အာရုံတစ်ခု စေလွှတ်ထားပြီးပြီ... သတင်းက မကြာခင် ရောက်သွားလိမ့်မယ်... အခုတော့ မင်း ငါနဲ့အတူ ချီလျန်မျိုးနွယ်ကို သွားပြီး ရင်ဆိုင်ရမယ် "

‎

‎

‎မိုဟဲအရှင်မှ အေးစက်စွာ ပြောဆိုလိုက်သည်။

‎

‎

‎" ဟုတ်ကဲ့ပါ "

‎

‎

‎ရွှမ်ချင်းအရှင်သည် ရိုရိုသေသေဖြင့် ခေါင်းညိတ်ကာ လိုက်နာလိုက်တော့သည်။

‎

‎

‎.........

‎

‎

‎" ချီလျန်မျိုးနွယ်ရဲ့ ခေါင်းဆောင်တွေ ဘယ်မှာလဲ... ချက်ချင်း ထွက်လာပြီး ဂါရဝပြုစမ်း "

‎

‎

‎ချီလျန်မျိုးနွယ် ဆွေးနွေးပွဲခန်းမ၏ အနက်ရှိုင်းဆုံးနေရာရှိ ချီလျို၏ပုံရိပ်မှာ မည်သည့်အချိန်ကတည်းက ပျောက်ကွယ်သွားခဲ့သည် မသိရပေ။

‎

‎

‎တတိယအကြီးအကဲ၊ အကြီးအကဲ ချီချင်းနှင့် အခြားသူများသာ ကျန်ရှိနေခဲ့ပြီး ချီလျန်မျိုးနွယ်၏ နောက်ဆက်တွဲ အစီအစဉ်များကို စိုးရိမ်တကြီးဖြင့် အပြီးသတ် ဆွေးနွေးနေကြသည်။

‎

‎

‎သို့သော် လူတိုင်း ဆွေးနွေး၍ မပြီးသေးခင်မှာပင် အေးစက်၍ ခမ်းနားထည်ဝါသော အသံတစ်သံသည် ချီလျန်မျိုးနွယ်တစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့သည်။ ယင်းကြောင့် ဆွေးနွေးပွဲခန်းမအတွင်းရှိ ချီလျန်မျိုးနွယ် အကြီးအကဲများ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

‎

‎

‎" ဒီအသံက... ရှီမိုကောင်းကင်ရဲ့ မိုဟဲအရှင် ဖြစ်ပုံပဲ "

‎

‎

‎" ရှီမိုကောင်းကင်ရဲ့ အရှင်သခင် ရောက်လာတာလား... ဟင်း... ကိစ္စက ပေါက်ကြားသွားပြီ ထင်တယ် "

‎

‎

‎" ဒါမဟုတ်ရင် တခြား ဘာရှိဦးမှာလဲ... ရှီမိုကောင်းကင်ရဲ့ လှုပ်ရှားမှုက တကယ်ကို မြန်လွန်းတယ် "

‎

‎

‎မိုဟဲအရှင်၏အသံကြောင့် ချီလျန်မျိုးနွယ် အကြီးအကဲများသည် ဖော်ပြမရနိုင်သော ဖိအားများကို ခံစားလိုက်ကြရသည်။

‎

‎

‎သူတို့သည် ချီလျို၏ အကြံပြုချက်ကို သဘောတူထားကြသော်လည်း ချီလျန်မျိုးနွယ်မှာ အဆင်သင့် မဖြစ်သေးပေ။ ပြောင်းရွှေ့ရမည့် မျိုးနွယ်စုဝင်များကိုလည်း မရွှေ့ရသေးပေ။

‎

‎

‎ရှီမိုကောင်းကင်၏ အရှင်သခင်သည် ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မည်သူ သိပါမည်နည်း။ ယင်းမှာ ချီလျန်မျိုးနွယ်ကို အိုးထဲမှ လိပ်ကဲ့သို့ ဖြစ်သွားစေသည် မဟုတ်ပါလော။

‎

‎

‎သူတို့ ဘာဆက်လုပ်ကြမလဲ။

‎

‎

‎ခဏတာအတွင်းမှာပင် ချီလျန်မျိုးနွယ် အကြီးအကဲ အများအပြားမှာ ထိတ်လန့်သွားကြ၏။

‎

‎

‎" ကျွန်မ အမေ့ကို ချက်ချင်း သတင်းပို့လိုက်မယ် "

‎

‎

‎ယင်းကို မြင်သောအခါ ချီမုန်သည် ချီလျိုထံသို့ ရှီမိုကောင်းကင်အရှင် ရောက်လာကြောင်း အသိပေးရန် အမြန် ကြိုးစားလိုက်သည်။

‎

‎

‎သို့သော် ထိုလုပ်ရပ်ကို တတိယအကြီးအကဲမှ လက်ကာပြကာ တားမြစ်လိုက်ပြီး ခေါင်းခါလျက် ပြောလိုက်သည်။

‎

‎

‎" မင်းအမေကို အသိပေးဖို့ အချိန်မရှိတော့ဘူး "

‎

‎

‎ထို့နောက် သူသည် အခြားသော ချီလျန်မျိုးနွယ် အကြီးအကဲများကို ကြည့်ကာ အော်ပြောလိုက်သည်။

‎

‎

‎" ဘာလို့ ထိတ်လန့်နေကြတာလဲ... ရှီမိုကောင်းကင်ရဲ့ အရှင်သခင် ရောက်လာတာနဲ့တင် မင်းတို့က ဒီလောက်အထိ ကြောက်နေကြတာလား.....

‎

‎ချီယွမ်အာ၊ ချီရွှယ်၊ ချီပင်းယွမ်... မင်းတို့ အမြန်သွားပြီး ပါရမီရှိတဲ့ မျိုးနွယ်ဝင်တွေနဲ့ သွေးရင်းတွေကို စုစည်းလိုက်... တကယ်လို့များ ခဏနေလို့ မိုဟဲအရှင်နဲ့ တိုက်ပွဲဖြစ်လာရင် တခြားအရာတွေကို ဂရုမစိုက်နဲ့တော့... မျိုးနွယ်ဝင်တွေကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးကြ... ဘယ်တော့မှ ပြန်မလာနဲ့တော့.....

‎

‎ကျန်တဲ့ အကြီးအကဲတွေက ငါနဲ့အတူ မိုဟဲအရှင်ကို သွားရင်ဆိုင်မယ်... တကယ်လို့ တိုက်ပွဲဖြစ်လာရင် မင်းတို့ရဲ့ အသက်တွေကို အသုံးချပြီးတော့တောင် မိုဟဲအရှင်ကို ခဏလောက် တားထားပေးရမယ်.....

‎

‎ချီမုန်... မင်း အမြန်သွားပြီး မင်းရဲ့ အရှင်သခင်ကို တွေ့လိုက်... အခြေအနေက မကောင်းဘူးလို့ သူ့ကို ပြောပြလိုက်ပါ... တကယ်လို့ တိုက်ပွဲဖြစ်လာရင် သူက အခြေအနေအရ မင်းကို ခေါ်ပြီး ချက်ချင်း ထွက်သွားဖို့ ငါတို့ မျှော်လင့်ပါတယ်... ငါတို့ ချီလျန်မျိုးနွယ်က သူတို့ ထွက်ပြေးဖို့အတွက် အချိန်ရအောင် အသက်နဲ့ လဲပြီး တားထားပေးပါ့မယ် "

‎

‎

‎တတိယအကြီးအကဲသည် စိတ်ကို တည်ငြိမ်စွာထားလျက် အမိန့်များကို ချက်ချင်း ထုတ်ပြန်လိုက်သည်။

‎

‎

‎တတိယအကြီးအကဲ၏ အမိန့်များကို ရရှိပြီးနောက် ထိတ်လန့်နေကြသော အကြီးအကဲများသည် တဖြည်းဖြည်း တည်ငြိမ်သွားကြ၏။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ လည်ပင်းကို ဆန့်ပေးသည်ဖြစ်စေ၊ ပြန်သိမ်းထားသည်ဖြစ်စေ ဓားကတော့ ကျလာမှာပင် ဖြစ်သည်။

‎

‎

‎ချီလျန်မျိုးနွယ်သည် အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ရပြီး ဖြစ်သည်။ ယခုအချိန်မှာ တကယ့်ကို ပြန်လည် တိုက်ခိုက်ရမည့် အချိန်ပင် ဖြစ်သည်။

‎

‎

‎ခဏတာအတွင်းမှာပင် ချီလျန်မျိုးနွယ် အကြီးအကဲ အားလုံး၏ အကြည့်မှာ ပြတ်သားသွားတော့သည်။

‎

‎

‎" ကောင်းပြီ... အမြန် လှုပ်ရှားကြတော့ "

‎

‎

‎တတိယအကြီးအကဲ စကားအဆုံးတွင် သူသည် ချီလျန်မျိုးနွယ် အကြီးအကဲတစ်စုကို ဦးဆောင်ကာ ကောင်းကင်သို့ ပျံတက်လျက် မိုဟဲအရှင်ကို သွားရောက် ရင်ဆိုင်လိုက်တော့သည်။

‎

‎

‎" အရှင်သခင်... ကျွန်မတို့ရဲ့ ဘိုးဘေးပိုင် နယ်မြေကို ဘာကိစ္စနဲ့ ကြွမြန်းလာတာလဲဆိုတာ မေးပါရစေ "

‎

‎

‎ကြည်လင်ပြတ်သားသော်လည်း ရိုသေမှုရှိသည့် အသံတစ်သံသည် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

‎‎

‎အခန်း ( ၂၈၆ ) - အတုအယောင် သဘောတူညီချက်၊ ပါးနပ်သူနှင့် တိုက်ခိုက်ခြင်းမှလွဲ၍ အခြားမရှိ

‎

‎

‎

‎တတိယအကြီးအကဲ ဦးဆောင်သော ချီလျန်မျိုးနွယ် အကြီးအကဲများမှ သူ့အား လာရောက်နှုတ်ဆက်သည်ကို မြင်သောအခါ မိုဟဲအရှင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ ပြောဆိုလိုက်၏။

‎

‎

‎" ငါက ဟန်ယို သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ဒီကို လာခဲ့တာ... လွန်ခဲ့တဲ့ တစ်ရက်ကျော်လောက်မှာ ဟန်ယိုဟာ ရွှမ်ယိုနန်းတော်မှာ အသတ်ခံလိုက်ရတယ်... ဒါကြောင့် ရှီမိုကောင်းကင်က အင်မတန် ဒေါသထွက်ပြီး တကယ့် တရားခံကို ရှာဖွေဖို့ ငါ့ကို အမိန့်ပေးခဲ့တာပဲ.....

‎

‎စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတဲ့နောက်မှာ တရားခံဟာ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေထဲကို ဝင်သွားတယ်ဆိုတာ ငါ သိခဲ့ရတယ်... ချီလျန်မျိုးနွယ်အနေနဲ့ အဲဒီရူးသွပ်သူရဲ့ သဲလွန်စတစ်ခုခုများ တွေ့ခဲ့သလား "

‎

‎

‎စကားပြောနေစဉ်မှာပင် မိုဟဲအရှင်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏ၌ အစိမ်းရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခုသည် ချီလျန်မျိုးနွယ် အကြီးအကဲများ၏ ရှေ့တွင် ပေါ်လာတော့သည်။ ထိုပုံရိပ်မှာ အခြားသူမဟုတ် ကုချန်ပင် ဖြစ်သည်။

‎

‎

‎ကုချန်၏ပုံရိပ်ကို မြင်လိုက်ရသောအခါ ချီလျန်မျိုးနွယ် အကြီးအကဲများသည် ကြိုတင်ပြင်ဆင်ထားကြသော်လည်း သူတို့၏ ရင်ထဲတွင်မူ အနည်းငယ် လေးလံသွားကြသည်။

‎

‎

‎မိုဟဲအရှင် ရောက်လာခြင်းမှာ အခြားကိစ္စတစ်ခုခုကြောင့် ဖြစ်နိုင်ပါစေဟု သူတို့ မျှော်လင့်ချက် အနည်းငယ် ထားခဲ့ကြခြင်း ဖြစ်သည်။

‎

‎

‎သို့သော် ယခု ကုချန်၏ပုံရိပ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူသည် ကုချန်ကို ရှာရန် ရောက်လာခြင်းဖြစ်ကြောင်း ချီလျန်မျိုးနွယ် အကြီးအကဲများ ချက်ချင်း သိလိုက်ကြသည်။

‎

‎

‎တတိယအကြီးအကဲသည် ကုချန်၏ ပုံရိပ်ကို အသေအချာ ကြည့်လိုက်သော်လည်း သူ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ အေးစက်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။

‎

‎

‎" မိုဟဲအရှင် နောက်ပြောင်နေတာ ဖြစ်ရမယ်... ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေ ဒီလူကို မမြင်ဖူးပါဘူး... သူက ဒီ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကနေ ထွက်ခွာသွားတာ ကြာလောက်ပါပြီ... ဘယ်ကို ရောက်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး "

‎

‎

‎" အော်... ချီလျန်မျိုးနွယ်က တကယ်ပဲ ဘာမှ မသိဘူးပေါ့ "

‎

‎

‎တတိယအကြီးအကဲ၏ ငြင်းဆိုချက်ကို ကြားသော်လည်း မိုဟဲအရှင်သည် ဒေါသထွက်ခြင်း မရှိဘဲ တည်ငြိမ်စွာပင် ထပ်မံ အတည်ပြုလိုက်သည်။

‎

‎

‎" မင်းတို့ထဲက ဘယ်သူမဆို ဒီလူကို မြင်ဖူးတာ ရှိသလား "

‎

‎

‎တတိယအကြီးအကဲသည် ချီလျန်မျိုးနွယ် အကြီးအကဲများဘက်သို့ လှည့်ကာ ပြုံးလျက် မေးလိုက်သည်။

‎

‎

‎" တကယ်လို့ ဒီလူကို တွေ့ခဲ့ရင် မဖုံးကွယ်ထားကြနဲ့... မိုဟဲအရှင်ကို အချိန်မီ သတင်းပို့ရမယ် "

‎

‎

‎တတိယအကြီးအကဲမှ ထိုသို့မေးသောအခါ ချီလျန်မျိုးနွယ် အကြီးအကဲများအနေဖြင့် သူ ဘာကို ဆိုလိုသည်ကို မသိဘဲ ဘယ် နေပါမည်နည်း။

‎

‎

‎ဤအချိန်တွင် လူတိုင်း ကုချန်ကို မြင်ဖူးနေလျှင်ပင် အသိအမှတ်ပြု၍ လုံးဝ မဖြစ်ပေ။

‎

‎

‎ထို့ကြောင့် ခဏတာအတွင်းမှာပင် ချီလျန်မျိုးနွယ် အကြီးအကဲ အားလုံးက ခေါင်းခါပြကာ ကုချန်ကို တစ်ခါမျှ မမြင်ဖူးကြောင်း ပြသလိုက်ကြသည်။

‎

‎

‎" မိုဟဲအရှင် မြင်တဲ့အတိုင်းပါပဲ... ကျွန်မတို့ ချီလျန်မျိုးနွယ်ဝင်တွေ ဒီလူကို တကယ် မမြင်ဖူးပါဘူး "

‎

‎

‎လူတိုင်း ခေါင်းခါပြသည်ကို မြင်သောအခါ တတိယအကြီးအကဲသည် ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။

‎

‎

‎" အဓိပ္ပာယ်မရှိတာ! "

‎

‎

‎မိုဟဲအရှင် စကားမပြောရသေးခင်မှာပင် ဘေးနားရှိ ရွှမ်ချင်းအရှင်သည် မနေနိုင်စွာ ကြားဖြတ်ပြောလိုက်သည်။

‎

‎

‎" ခုနတင်ပဲ ဒီလူဟာ မင်းတို့ ချီလျန်မျိုးနွယ်က ချီမုန်နဲ့ အဆက်အသွယ်ရှိပြီး ဘိုးဘေးပိုင်နယ်မြေထဲကို ကိုယ်တိုင် ခေါ်သွားတာ ငါ မျက်မြင်ပဲ! တတိယအကြီးအကဲက ဗြောင်လိမ်နေတာပဲ မဟုတ်လား "

‎

‎

‎" ငါက အရှင်သခင်နဲ့ စကားပြောနေတာ... မင်း ဝင်ပြောရမယ့် အချိန်လား "

‎

‎

‎တတိယအကြီးအကဲသည် ရွှမ်ချင်းအရှင်ကို တစ်ချက် ကြည့်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏ လှပသော မျက်ဝန်းများမှာ အေးစက်မှုများနှင့် ပြည့်နှက်နေ၏။

‎

‎

‎နတ်ဆိုးနယ်မြေတွင် အဆင့်အတန်း ခွဲခြားမှုမှာ အလွန်ပင် တင်းကျပ်လှသည်။ အထူးသဖြင့် အင်မော်တယ်အဆင့်အောက် ရှိသူများသည် အင်မော်တယ်တစ်ဦးနှင့် ရင်ဆိုင်ရလျှင် ပို၍ပင် ရိုသေကြရသည်။

‎

‎

‎ရွှမ်ချင်းသည် ရွှမ်ယိုနန်းတော်၏ အရှင် ဖြစ်သော်လည်း သူ၏ကျင့်စဉ်မှာ ထျန်းကျွင်းအဆင့်သာ ရှိသေးကာ တတိယအကြီးအကဲမှာမူ အင်မော်တယ်အဆင့် ဖြစ်သဖြင့် တတိယအကြီးအကဲအနေဖြင့် ရွှမ်ချင်းကို မျက်စိထဲ ထည့်စရာ မလိုပေ။

‎

‎

‎" မင်း! "

‎

‎

‎တတိယအကြီးအကဲမှ သူ့အား လုံးဝ အရေးမစိုက်သည်ကို မြင်သောအခါ ရွှမ်ချင်းအရှင်မှာ စိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း အပြင်ပန်းတွင်မူ မပြရဲပေ။ သူသည် ဘေးနားရှိ မိုဟဲအရှင်ကိုသာ ကြည့်ကာ တစ်ဖက်လူမှ သူ့ဘက်တွင် ရပ်တည်ပေးရန် မျှော်လင့်နေတော့သည်။

‎

‎

‎" ဟဲဟဲ... ချီလျန်မျိုးနွယ်က တကယ်ပဲ ဒေါသကြီးတာပဲ "

‎

‎

‎မိုဟဲအရှင်သည် လက်ကာပြကာ ရွှမ်ချင်းအရှင်ကို ငြိမ်နေရန် အချက်ပြလိုက်ပြီးနောက် အေးစက်စွာ မေးလိုက်သည်။

‎

‎

‎" မင်းတို့ရဲ့ မိသားစုခေါင်းဆောင် ချီလျို ဘယ်မှာလဲ... သူက ဘာလို့ ငါ့ကို လာပြီး ဂါရဝမပြုတာလဲ "

‎

‎

‎" မိသားစုခေါင်းဆောင်က အလုပ်ကိစ္စနဲ့ အပြင်သွားနေပါတယ်... ဒါကြောင့် အရှင်သခင်ကို လာပြီး ဂါရဝမပြုနိုင်တာပါ "

‎

‎

‎တတိယအကြီးအကဲမှ ရိုသေသေဖြင့်ပင် ပြန်လည် ဖြေကြားလိုက်သည်။

‎

‎

‎" ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ "

‎

‎

‎မိုဟဲအရှင်သည် 'ကောင်းပြီ' ဟု သုံးကြိမ်တိုင်တိုင် ပြောလိုက်သော်လည်း သူ၏ မျက်လုံးထဲမှ အကြည့်များမှာ ပိုမို အေးစက်ခက်ထန်လာ၏။

‎

‎

‎သူသည် ခြေဖဝါးအောက်ရှိ ချီလျန်မျိုးနွယ်၏ ဘိုးဘေးပိုင်နယ်မြေကို ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

‎

‎

‎" အဲဒီလိုဆိုရင်လည်း မင်းတို့မျိုးနွယ်က ချီမုန်ကို ခေါ်ထုတ်ခဲ့ပြီးတော့ အစစ်ဆေးခံခိုင်းလိုက်... ငါ သူ့ကို မေးမြန်းရုံနဲ့တင် အမှန်တရားက ပေါ်လာလိမ့်မယ် "

‎

‎

‎" ချီမုန်လား... အော်... သူကလည်း မိသားစုခေါင်းဆောင်နဲ့အတူ အပြင်သွားနေပါတယ် "

‎

‎

‎တတိယအကြီးအကဲသည် တွန့်ဆုတ်မနေဘဲ ဗြောင်လိမ်လိုက်ပြန်သည်။

‎

‎

‎" ကောင်းပြီလေ... မင်းတို့ ချီလျန်မျိုးနွယ်က အဲဒီတရားခံကို ကာကွယ်ပေးဖို့ ဆုံးဖြတ်ထားပုံရတယ် "

‎

‎

‎ဤအဆင့်တွင် မိုဟဲအရှင်အနေဖြင့် အရာအားလုံးကို အကုန်အစင် မသိရသေးသော်လည်း အခြေအနေအချို့ကိုမူ သူ သဘောပေါက်သွားပြီ ဖြစ်သည်။

‎

‎

‎ဟန်ယိုကို သတ်သွားသော ထိုရူးသွပ်သူသည် ယခုအချိန်တွင် ဤချီလျန်မျိုးနွယ်အတွင်း ပုန်းအောင်းနေသည်မှာ သေချာသည်။

‎

‎

‎ထိုသို့မဟုတ်လျှင် ချီလျန်မျိုးနွယ်တစ်ခုလုံးသည် ဤမျှအထိ ရှောင်လွှဲနေကြမည် မဟုတ်ပေ။

‎

‎

‎သို့သော် မိုဟဲအရှင် နားမလည်နိုင်သည်မှာ ဤချီလျန်မျိုးနွယ်တစ်ခုလုံး ရူးသွားကြသလားဟူ၍ပင်။ သူတို့သည် ဘာကြောင့် ထိုရူးသွပ်သူကို ကာကွယ်ပေးနေကြသနည်း။

‎

‎

‎ယင်းမှာ ရှီမိုကောင်းကင်တစ်ခုလုံးကို အန်တုခြင်းဖြစ်ပြီး ရှီမိုကောင်းကင်၏ ဒေါသအောက်တွင် ချီလျန်မျိုးနွယ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်ကို သူတို့ မသိကြသလော။

‎

‎

‎" မိုဟဲအရှင် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ နားမလည်ပါဘူး "

‎

‎

‎တတိယအကြီးအကဲသည် ဆက်လက် ငြင်းဆိုနေသော်လည်း မိုဟဲအရှင်ကမူ သူ ပြောနေသည်များကို ဂရုမစိုက်တော့ပေ။

‎

‎

‎ခြေဖဝါးအောက်ရှိ ဘိုးဘေးပိုင်နယ်မြေကို ကြည့်ကာ မိုဟဲအရှင်သည် အေးစက်သော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

‎

‎

‎နောက်တစ်ခဏတွင် ရွှေရောင်ရှိသော အင်မော်တယ်စေတီတော်တစ်ဆူသည် လေဟာနယ်ထဲတွင် ရုတ်တရက် ပေါ်လာ၍ အောက်ဘက်ရှိ ချီလျန်မျိုးနွယ်ဝင်များ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များကြားတွင် နတ်ဆိုးအငွေ့အသက် ပေါင်းများစွာကို ထုတ်လွှတ်လိုက်ကာ ချီလျန်မျိုးနွယ်၏ ဘိုးဘေးပိုင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံပိတ်ဆို့လိုက်တော့သည်။

‎

‎

‎ယင်းမှာ အရာအားလုံးကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည့် အတားအဆီးတစ်ခုကဲ့သို့ပင်။

‎

‎

‎" မိုဟဲအရှင်... ဒါက ဘာသဘောလဲ "

‎

‎

‎မိုဟဲအရှင်သည် စကားတစ်ခွန်းမျှ မပြောဘဲ အင်မော်တယ်လက်နက်ကို ထုတ်ယူကာ ဘိုးဘေးပိုင်နယ်မြေတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့လိုက်သည်ကို မြင်သောအခါ တတိယအကြီးအကဲသည် ချက်ချင်းပင် အော်ဟစ်မေးမြန်းလိုက်၏။

‎

‎

‎" ဘာသဘောမှ မဟုတ်ပါဘူး... ချီလျန်မျိုးနွယ်က အဲဒီရူးသွပ်သူကို မမြင်ဘူးလို့ ဇွတ်ငြင်းနေမှတော့ ငါလည်း အတင်းအကျပ် မလုပ်တော့ပါဘူး... ဒါပေမဲ့ ငါက ဒီကိစ္စကို ရှီမိုကောင်းကင်ဆီ သတင်းပို့ထားပြီးပြီ... မကြာခင်မှာ ရှီမိုကောင်းကင်က အရှင်သခင် အများအပြားကို စေလွှတ်ပြီး ဒီကိစ္စကို စေ့စေ့စပ်စပ် စုံစမ်းပါလိမ့်မယ်.....

‎

‎အဲဒီအချိန် မရောက်ခင်အထိ ချီလျန်မျိုးနွယ်ဝင်တွေအနေနဲ့ ဘိုးဘေးပိုင်နယ်မြေထဲမှာပဲ ငြိမ်ငြိမ်လေး နေနေကြတာ ကောင်းလိမ့်မယ် "

‎

‎

‎မိုဟဲအရှင်သည် မျက်လွှာကို အသာအယာ ချလိုက်ကာ အေးစက်စွာ ပြောလိုက်သည်။

‎

‎

‎ချီလျန်မျိုးနွယ်ဝင်များသည် ဟန်ယိုကို သတ်သွားသော ထိုရူးသွပ်သူကို အဘယ်ကြောင့် အသေအလဲ ကာကွယ်ပေးနေကြသနည်းဟူသည်ကို သူ မသိသော်လည်း သူ၏ လက်ရှိတာဝန်မှာ ထိုသူကို ဆွဲထုတ်ရန် မဟုတ်ဘဲ ချီလျန်မျိုးနွယ်ဝင် တစ်ဦးတစ်ယောက်မျှ ဘိုးဘေးပိုင်နယ်မြေမှ ထွက်မသွားနိုင်အောင် တားဆီးရန်သာ ဖြစ်ကြောင်း သူ သိထားသည်။

‎

‎

‎ရှီမိုကောင်းကင်မှ အရှင်သခင်များ ရောက်ရှိလာသောအခါ ချီလျန်မျိုးနွယ်ကို မြေလှန်ရှာဖွေကြမည်ဖြစ်ရာ သူ ကိုယ်တိုင် ဘာမျှ လုပ်နေစရာ မလိုတော့ပေ။

‎

‎

‎အကယ်၍ ချီလျန်မျိုးနွယ်တွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်အချို့ ရှိနေခဲ့လျှင် အတင်းအကျပ် လုပ်ဆောင်ခြင်းက သူ့အတွက် အန္တရာယ် ရှိနိုင်သည် မဟုတ်ပါလော။

‎

‎

‎ထို့ကြောင့် ဤသို့ ဝိုင်းရံထားခြင်းက အကောင်းဆုံးပင်။ ယင်းက ချီလျန်မျိုးနွယ်ကို အသည်းအသန် ပြန်လည် မတိုက်ခိုက်နိုင်အောင် တားဆီးနိုင်သလို ထိုရူးသွပ်သူကိုလည်း ရှီမိုကောင်းကင်မှ အင်အားစုများ မရောက်မချင်း ဤနေရာမှ လွတ်မသွားအောင် အာမခံနိုင်ပေသည်။

‎

‎

‎ဤသည်မှာ စင်စစ် ပြီးပြည့်စုံသော အစီအစဉ်ပင် ဖြစ်သည်။

‎

‎

‎မိုဟဲအရှင်၏ အေးစက်၍ ခံစားချက်ကင်းမဲ့သော အမူအရာကို ကြည့်ကာ တတိယအကြီးအကဲ၏ နှလုံးသားမှာ အောက်ဆုံးသို့ ကျဆင်းသွားတော့သည်။ မိုဟဲအရှင်သည် ဤမျှအထိ ပါးနပ်စွာ လုပ်ဆောင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် ချီလျန်မျိုးနွယ်ကို မည်သည့် အခွင့်အရေးမျှ မပေးခဲ့ပေ။

‎

‎

‎အကယ်၍ ရှီမိုကောင်းကင်မှ အစွမ်းထက်သူများ ရောက်လာသည်အထိ စောင့်နေမည်ဆိုလျှင် ချီလျန်မျိုးနွယ်တစ်ခုလုံးမှာ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။

‎

‎

‎ဤသို့ တွေးမိသည်နှင့် တတိယအကြီးအကဲသည် သူ၏နောက်ကွယ်မှ အကြီးအကဲများကို ပြတ်သားစွာ လှည့်ကြည့်လိုက်၏။

‎

‎

‎အခြေအနေက ဒီလို ဖြစ်လာမှတော့ ချီလျန်မျိုးနွယ်အနေနဲ့ တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်။

All Chapters