အခန်း (၂၈၇-၂၈၈)
Vol. 21 Ch. 287-288
အခန်း ( ၂၈၇ ) - သေရန်အသင့်ဖြစ်နေခြင်း၊ ထိတ်လန့်စရာမလို၊ ပုရွက်ဆိတ်တစ်ကောင်မျှသာ
တတိယအကြီးအကဲသည် မူလက ချီလျန်မျိုးနွယ်ဘက်မှ ပြတ်သားသော သဘောထားကို ပြသလိုက်လျှင် မိုဟဲအရှင်အနေဖြင့် အနည်းငယ် တွန့်ဆုတ်သွားနိုင်ပြီး ချီလျန်မျိုးနွယ်အတွက် ပြောင်းရွှေ့ရန် အချိန်အနည်းငယ် ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
မိုဟဲအရှင် မဆုတ်ခွာသွားလျှင်တောင် သူ့အနေဖြင့် မိုဟဲအရှင်ကို ခဏမျှ တားထားနိုင်မည်ဆိုပါက ချီမုန်၏ အရှင်သခင်နှင့် ချီလျန်မျိုးနွယ်၏ လူငယ်မျိုးဆက်များကို တိတ်တဆိတ် ရွှေ့ပြောင်းပေးနိုင်မည် ဖြစ်သည်။
သို့သော် မိုဟဲအရှင်သည် ဤမျှအထိ ကိုင်တွယ်ရခက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သူသည် စကားအများကြီး မပြောတော့ဘဲ သူ၏ နတ်ဆိုးစေတီတော်ကို ချက်ချင်း ထုတ်ဖော်ကာ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေ၏ ဘိုးဘေးပိုင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံပိတ်ဆို့လိုက်သည်။
ယင်းက ချီလျန်မျိုးနွယ်အတွက် တိတ်တဆိတ် လှုပ်ရှားနိုင်မည့် အခွင့်အရေးအားလုံးကို ဖြတ်တောက်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
နတ်ဆိုးစေတီတော်၏ အတားအဆီးအတွင်းမှ ထွက်ခွာနိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ အတင်းအကျပ် တိုက်ခိုက်ထွက်ပြေးရန်သာ ရှိတော့သည်။
အတင်းအကျပ် တိုက်ခိုက်ထွက်ပြေးရန်.....
တတိယအကြီးအကဲ၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေသည်။
ယခုအခါ ချီလျန်မျိုးနွယ်၏ တစ်ဦးတည်းသော အရှင်သခင်အဆင့် ဘိုးဘေး ကျဆုံးသွားပြီဖြစ်ရာ မိုဟဲအရှင်၏ ခုခံမှုကို အတင်းအကျပ် ဖောက်ထွက်ပြီး လမ်းကြောင်းတစ်ခု ဖွင့်ရန်အတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ မှန်းဆ၍ပင် မရနိုင်ပေ။
သို့သော် ဖောက်ထွက်ရန် အကောင်းဆုံးအချိန်မှာ ယခုပင်ဖြစ်ကြောင်း တတိယအကြီးအကဲ သိထားသည်။
အကယ်၍ ရှီမိုကောင်းကင်မှ အင်အားစုများ တကယ်ရောက်လာသည်အထိ စောင့်နေမည်ဆိုပါက ဖောက်ထွက်ရန် မဆိုထားနှင့်၊ ချီလျန်မျိုးနွယ်တစ်ခုလုံးမှ တစ်ဦးတစ်ယောက်မျှ အသက်ရှင်ရန်ပင် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။
ဤသို့ တွေးမိသည်နှင့် တတိယအကြီးအကဲ၏ မျက်နှာတွင် သေခြင်းတရားကို ရင်ဆိုင်ရန် ပြတ်သားသော အမူအရာများ ပေါ်လာတော့သည်။
အခြားသော ချီလျန်မျိုးနွယ် အကြီးအကဲများ၏ မျက်လုံးထဲတွင်လည်း ထိုကဲ့သို့သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
တတိယအကြီးအကဲ တွေးမိသည်ကို သူတို့လည်း တွေးမိကြသည်။
ချီလျန်မျိုးနွယ်အတွက် ကျန်ရှိနေသော အခွင့်အရေးမှာ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း အကြီးအကဲအားလုံး သိထားကြသည်။
…
ချီလျန်မျိုးနွယ်၏ အနက်ရှိုင်းဆုံးနေရာ၊ ကုချန် ကျင့်ကြံနေသည့် နေရာတွင်.....
" အရှင်သခင်... ချီမုန် တွေ့ခွင့်တောင်းပါတယ် "
ကျင့်ကြံဆောင်၏ အပြင်ဘက်တွင် ချီမုန်သည် အကြိမ်ကြိမ် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ရိုသေသေဖြင့် ခေါင်းငုံ့ကာ တိုးညင်းစွာ ပြောလိုက်သည်။
ချီမုန်သည် သူ၏အရှင်သခင် ချီလျန်မျိုးနွယ်သို့ ရောက်လာပြီး မကြာသေးခင်မှာပင် အမြန်ထွက်ခွာသွားရန် တောင်းဆိုရခြင်းမှာ ချီလျန်မျိုးနွယ်ကို အသုံးမကျသကဲ့သို့ ဖြစ်သွားစေသည်ဟု ခံစားနေရသည်။
သို့သော် လက်ရှိအခြေအနေမှာ အလွန်ပင် စိုးရိမ်ရလှသဖြင့် အခြားအရာများကို ထည့်တွက်မနေနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ချီလျန်မျိုးနွယ်မှ အမြန်ဆုံး ထွက်ခွာသွားရန်နှင့် သူ၏အရှင်သခင် ဘေးကင်းရန်ကသာ အရေးကြီးဆုံး ဖြစ်သည်။
" ဝင်ခဲ့ပါ "
ကျင့်ကြံဆောင်အတွင်းမှ တည်ငြိမ်အေးဆေးသော အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံကို ကြားသောအခါ ချီမုန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ကျင့်ကြံဆောင်အတွင်းသို့ ဝင်သွားတော့သည်။
တင်ပျဉ်ခွေထိုင်နေသော ကုချန်ကို မြင်သောအခါ ချီမုန်သည် အလျင်အမြန်ပင် ခေါင်းငုံ့ကာ ဂါရဝပြုလိုက်သည်။
" ချီမုန် အရှင်သခင်ကို ဂါရဝပြုပါတယ် "
" ဘာကိစ္စရှိလို့လဲ "
ကုချန်သည် ခေါင်းကို အသာအယာ မော့လိုက်၏။ သူ၏အကြည့်မှာ ပင်လယ်ကြမ်းပြင်ကဲ့သို့ နက်ရှိုင်းလှကာ အဆုံးအစကို မခန့်မှန်းနိုင်ပေ။
ချီမုန်၏မျက်နှာပေါ်မှ နေရခက်နေသော အမူအရာများကို သူ မြင်နေရသလို ချီလျန်မျိုးနွယ်အတွင်း ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငြင်းခုံမှုများကိုလည်း သူ သိထားသည်။ ထို့အပြင် ဤအချိန်၌ ချီမုန် သူ့ထံ ရောက်လာရသည့် အကြောင်းရင်းကိုပါ သိသော်လည်း ကုချန်ကမူ ဘာမျှ မသိသကဲ့သို့ပင် နေလိုက်သည်။
" အရှင်သခင်... အခြေအနေက ဒီလိုပါ..... "
ချီမုန်သည် စကားလုံးများကို သေချာ ရွေးချယ်ပြောဆိုပြီးနောက် နှုတ်ခမ်းကို အသာဖိကာ ပြောလိုက်သည်။
" အရှင်သခင်က အရင်က ဟန်ယိုကို သတ်ခဲ့တဲ့အတွက်..... "
ချီမုန်သည် ဖြစ်ပျက်သမျှကို ကုချန်အား အကျဉ်းချုံး ပြောပြလိုက်သည်။
ထို့နောက် ကုချန် နားလည်မှုလွဲသွားမည်ကို စိုးရိမ်သဖြင့် ချီမုန်သည် အလျင်အမြန်ပင် ထပ်ပြောလိုက်သည်။
" ကျွန်မတို့ ချီလျန်မျိုးနွယ်တစ်ခုလုံးက အရှင်သခင်ရဲ့ ဘေးကင်းရေးအတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ... တကယ်လို့ ရှီမိုကောင်းကင်က အစွမ်းထက်သူတွေ ဆင်းသက်လာရင်လည်း အရှင်သခင်အတွက် ကျွန်မတို့က ခဏလောက် တားထားပေးပါ့မယ်... အရှင်သခင်အနေနဲ့ အမြန်ဆုံး ထွက်ခွာသွားပြီး ဘေးကင်းအောင် နေစေချင်ပါတယ် "
ရှီမိုကောင်းကင်က အစွမ်းထက်သူတွေ ဆင်းသက်လာမယ် ဟုတ်လား.....
ကုချန်၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာ၏။ သူ စကားမပြောရသေးခင်မှာပင် ချီလျန်မျိုးနွယ်၏ အထက်ကောင်းကင်ယံမှ ခမ်းနား၍ အေးစက်သော အသံကြီး ဟိန်းထွက်လာလေသည်။
" ချီလျန်မျိုးနွယ်ရဲ့ ခေါင်းဆောင်တွေ ဘယ်မှာလဲ..... "
မိုဟဲအရှင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထို့နောက် မိုဟဲအရှင်သည် သူ၏ နတ်ဆိုးစေတီတော်ဖြင့် ဘိုးဘေးပိုင်နယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်သည်ကို ကုချန် အာရုံခံမိလိုက်သည်။
" အို..... "
ဘိုးဘေးပိုင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ခံစားလိုက်ရသောအခါ ချီမုန်၏မျက်နှာမှာ အနည်းငယ် ဖြူလျော်သွား၏။
ချီလျန်မျိုးနွယ်အတွက် ယခုအချိန်မှာ သေခြင်းနှင့် ရှင်ခြင်း အဆုံးအဖြတ်ပေးရမည့် အချိန်ဖြစ်ကြောင်း သူ သိထားသည်။
အကယ်၍ အမြန်ဆုံး ဖောက်မထွက်နိုင်ပါက ရှီမိုကောင်းကင်မှ အစွမ်းထက်သူများ တစ်ဦးပြီးတစ်ဦး ရောက်လာသောအခါ ချီလျန်မျိုးနွယ်တစ်ခုလုံးမှာ အိုးထဲမှ ငါးကဲ့သို့ ဖြစ်သွားကာ မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
" ချီမုန်... ခဏနေရင် ငါတို့က အရှင်သခင် လွတ်မြောက်ဖို့အတွက် မိုဟဲအရှင်ကို အသက်နဲ့လဲပြီး တားထားမယ်... တိုက်ပွဲစတာနဲ့ နတ်ဆိုးစေတီတော်ရဲ့ အတားအဆီးမှာ အပေါက်တစ်ခု ဖြစ်လာတာကို မြင်ရင် တခြားဘာကိုမှ ဂရုမစိုက်နဲ့တော့... အဲဒီနေရာကနေ အမြန်ဆုံး ဖောက်ထွက်သွား!
ဖောက်ထွက်ပြီးတာနဲ့ ချောက်နက် နတ်ဆိုးနယ်မြေကို အမြန်သွားပါ... အဲဒီမှာရှိတဲ့ နယ်မြေနှစ်ခုကြားက ချောက်နက်ကြီးကနေတစ်ဆင့် ဟွမ်သွမ့်ပင်လယ်ထဲကို ဝင်သွားတော့... ဘယ်တော့မှ ပြန်မလာနဲ့တော့! "
ချီမုန်၏စိတ်ထဲတွင် အလွန်အမင်း စိုးရိမ်ထိတ်လန့်နေစဉ်မှာပင် အကြီးအကဲ ချီချင်း၏ လေးနက်သော အသံသည် သူ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
ယင်းမှာ တိုက်ပွဲမစတင်မီ ချီလျန်မျိုးနွယ် အကြီးအကဲများ၏ နောက်ဆုံး မှာကြားချက်ပင် ဖြစ်သည်။
" ဒေါ်လေးချင်း..... "
ချီမုန်၏မျက်လုံးများမှာ နည်းနည်း နီရဲလာသည်။ ခုနက ပြောလိုက်သော စကားများသည် သူ့အတွက် ချီချင်း၏ နောက်ဆုံး မှာကြားချက် သေတမ်းစာကဲ့သို့ပင် ဖြစ်ကြောင်း သူ သိ၏။
ယခု ချီလျန်မျိုးနွယ်တွင် ကာကွယ်ပေးမည့် အရှင်သခင်အဆင့် ဘိုးဘေး မရှိတော့ပေ။
အင်မော်တယ်အဆင့်နှင့် ထျန်းကျွင်းအဆင့်ရှိသော အကြီးအကဲ အနည်းငယ်မျှက မိုဟဲအရှင်ကို ရင်ဆိုင်ရလျှင် မည်သို့ဖြစ်မည်ကို ချီမုန် ခန့်မှန်းနိုင်သည်။
ယင်းမှာ မီးတောက်ထဲသို့ တိုးဝင်သွားသည့် ပိုးဖလံလေးများကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
ချီလျန်မျိုးနွယ် အကြီးအကဲများသည်လည်း ဤရလဒ်ကို သိထားကြသော်လည်း သူတို့၏ အရှင်သခင် လွတ်မြောက်ရန်အတွက် ခဏတာမျှ အချိန်ဆွဲပေးကြရန် ဝန်မလေးကြပေ။
" ထွက်ပြေးဖို့ အခွင့်အရေးက ခဏလေးပဲ ရမှာပါ... အရှင်သခင် အဆင်သင့် ဖြစ်နေဖို့ ကျွန်မ မျှော်လင့်ပါတယ် "
ချီမုန်သည် မျက်ရည်များကို ထိန်းကာ စိတ်ကို ပြတ်သားစွာ ထားလိုက်သည်။ အကယ်၍ အကြီးအကဲများ မတောင့်ခံနိုင်တော့လျှင် သူလည်း ဝင်ရောက် တိုက်ခိုက်မည် ဖြစ်သည်။ သူ၏ အရှင်သခင်အတွက် အချိန်အနည်းငယ်မျှပင် ဖြစ်စေကာမူ ဆွဲထားပေးနိုင်လျှင် တန်ဖိုးရှိလှသည်။
" အဆင့်နိမ့် နတ်ဆိုးအရှင်သခင်လေး တစ်ယောက်တည်းပါ... ထိတ်လန့်နေစရာ မလိုပါဘူး "
ထိုစဉ်မှာပင် ကုချန်၏ နူးညံ့သိမ်မွေ့သော အသံသည် ချီမုန်ကို နှစ်သိမ့်ပေးသကဲ့သို့ ထွက်ပေါ်လာ၏။
" တကယ်လို့ နတ်ဆိုးနယ်မြေရဲ့ အပြင်ဘက်မှာသာဆိုရင် အရှင်သခင်ရဲ့ စွမ်းအားနဲ့ အရှင်သခင်အဆင့်တွေကို သတ်နိုင်တာကို ကျွန်မ ယုံကြည်ပါတယ်... ဒါပေမဲ့ ဒါက နတ်ဆိုးနယ်မြေလေ... အရှင်သခင်ရဲ့ စွမ်းအားတွေ အများကြီး ဖိနှိပ်ခံထားရမှာ..... "
ချီမုန်၏လေသံမှာ အားနာဟန် ရှိနေသည်။
သူသည် ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို အကြွင်းမဲ့ ယုံကြည်၏။
သို့သော် ဤနေရာမှာ နတ်ဆိုးနယ်မြေ ဖြစ်သည်။
သူ၏အရှင်သခင်သည် နတ်ဆိုးနယ်မြေထဲသို့ မည်သို့ ဝင်ရောက်လာသည်ကို မသိသော်လည်း ဤနေရာတွင် နတ်ဆိုးမဟုတ်သူ အားလုံးအတွက် သဘာဝအလျောက် ဖိနှိပ်မှုများ ရှိနေသည်။
ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေသို့ စတင်ရောက်ရှိလာစဉ်ကပင် မျိုးဆက်ပေါင်းများစွာ ကျင့်ကြံပြီးမှသာ နတ်ဆိုးနယ်မြေ၏ ကောင်းကင်နှင့် မြေကြီး၏ အလိုတော်ကို အပြည့်အဝ ခံယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ သူ၏အရှင်သခင် ရောက်လာသည်မှာ မကြာသေးပေ။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ဖိနှိပ်မှုအောက်တွင် သူသည် အကောင်းဆုံးရှိလှလျှင် ထျန်းကျွင်းအဆင့် စွမ်းအားလောက်သာ ထုတ်ဖော်နိုင်ပေလိမ့်မည်။ ထိုမျှနှင့် အရှင်သခင်အဆင့် တစ်ဦးကို မည်သို့ သတ်နိုင်ပါမည်နည်း။
သို့သော် ချီမုန် စကားမဆုံးခင်မှာပင် ကုချန်သည် လက်ဝှေ့ယမ်းကာ သူ့ကို တားဆီးလိုက်၏။
" အဆင့်နိမ့် နတ်ဆိုးအရှင်သခင်လေး တစ်ယောက်ကို ကြောက်စရာ မလိုပါဘူး "
ကုချန်သည် အသာအယာ ရယ်လိုက်၏။ သူ၏အကြည့်တွင် မိုဟဲအရှင်မှာ ဘာမျှ မဟုတ်သကဲ့သို့ပင်။
အမှန်တကယ်တွင် မိုဟဲအရှင်သည် ကုချန်၏ မျက်လုံးထဲတွင် တကယ်ပင် ဘာမျှမဟုတ်ပေ။
သူ အင်မော်တယ်အဆင့်သို့ မရောက်ခင်ကပင် အရှင်သခင်အဆင့် တစ်ဦးကို နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့သည်။
ယခု သူသည် အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီး ဖြစ်ရာ သူ၏အဆင့်မှာ အရှင်သခင်အဆင့် အထွက်အထိပ်ထက်ပင် ကျော်လွန်ကာ အင်မော်တယ်ဘုရင်အဆင့်သို့ ခြေတစ်လှမ်း လှမ်းထားပြီး ဖြစ်သည်။ အဆင့်နိမ့် နတ်ဆိုးအရှင်သခင် တစ်ဦးကို သတ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို ချေပစ်ရသကဲ့သို့ပင် လွယ်ကူလှပေသည်။
အခန်း ( ၂၈၈ ) - အရှင်သခင် ထိတ်လန့်သွားခြင်း၊ ပုရွက်ဆိတ်တစ်ကောင်ကို ချေပစ်သကဲ့သို့
အခြေအနေသည် ဤသို့ ဖြစ်လာပြီဖြစ်ရာ ကုချန်အနေဖြင့် ဘေးကနေ ဆက်၍ ထိုင်ကြည့်နေရန် အစီအစဉ် မရှိတော့ပေ။
အမှန်အတိုင်း ပြောရလျှင် ချီလျန်မျိုးနွယ် ယခု ရင်ဆိုင်နေရသော ဘေးဒုက္ခမှာ သူ၏ လက်ချက်ကြောင့်ပင် ဖြစ်သည်။
ကုချန်၏လုပ်ရပ်မှာ ချီလျန်မျိုးနွယ်သည် ချီလျို ပြောခဲ့သကဲ့သို့ သူ့အပေါ် တကယ်ပဲ သစ္စာရှိမရှိ၊ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သစ္စာမဖောက်ဘဲ သူ့ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ခြင်း ရှိမရှိကို သိလိုခြင်းသာ ဖြစ်သည်။
ယခုအခါ ချီလျန်မျိုးနွယ်သည် သူတို့၏ လုပ်ရပ်များဖြင့် ယခင်က ပြုခဲ့သော ကတိသစ္စာကို ချိုးဖောက်မည် မဟုတ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ရာ ယင်းကပင် လုံလောက်လှပြီ ဖြစ်သည်။
ကုချန်သည် ချီလျန်မျိုးနွယ်ဝင် အများအပြား အသက်စတေးပြီးမှ ကယ်တင်ရှင်ကြီးအလား ဆင်းသက်လာရန် ရည်ရွယ်ချက် မရှိပေ။
သူသည် ချီလျန်မျိုးနွယ်၏ စိတ်ရင်းကိုသာ သိလိုခြင်းဖြစ်ပြီး သူတို့ကို ထိခိုက်နစ်နာမှုများ မဖြစ်စေလိုပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် အနာဂတ်တွင် သူ၏ လက်အောက်ခံများအဖြစ် အမှုထမ်းကြရမည် ဖြစ်ရာ အကြောင်းမဲ့ အထိအခိုက် ခံစရာ အကြောင်းမရှိပေ။
" အရှင်သခင်... မိုဟဲအရှင်က နတ်ဆိုးအရှင်သခင်တစ်ဦးပါ... သူက ရင်ဆိုင်ဖို့ တကယ်ကို ခက်ခဲပါတယ် "
ချီမုန်သည် အနည်းငယ် စိုးရိမ်နေဆဲဖြစ်ပြီး ကုချန်ကို ဇွတ်မတိုက်ရန်နှင့် ခဏနေ တိုက်ပွဲဖြစ်ချိန်တွင် အခွင့်အရေးရှာကာ ထွက်ပြေးရန် ဖျောင်းဖျနေဆဲ ဖြစ်သည်။
သို့သော် ကုချန်သည် အသာအယာ ပြုံးကာ လက်ဝှေ့ယမ်းလိုက်၏။
" နတ်ဆိုးအရှင်သခင်လား... လွယ်ပါတယ်... ငါကိုယ်တိုင် အရှင်သခင်အဆင့် ဖြစ်ပြရတာပေါ့ "
ပြောပြီးသည်နှင့် ကုချန်၏ ခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့ ချောက်ကမ်းပါးကြီးကဲ့သို့ နက်ရှိုင်းလှသော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးမီးလျှံများ ရူးသွပ်စွာ ထွက်ပေါ်လာကာ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာထိ ခဏချင်းမှာပင် မင်ရည်ကဲ့သို့ မည်းနက်သွားစေတော့သည်။
" ဒါ... အရှင်သခင်ရဲ့ စွမ်းအားက..... "
ကုချန်၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ထူးဆန်းသည့် နတ်ဆိုးမီးလျှံများနှင့် အင်မော်တယ်အဆင့်ထက်ပင် အဆပေါင်းများစွာ သာလွန်ကာ တစ်စတစ်စ မြင့်တက်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ ချီမုန်မှာ မှင်တက်သွားရတော့သည်။
ငါက ဘယ်သူလဲ။ ငါ ဘယ်ရောက်နေတာလဲ။ ဒါက တကယ်ပဲ ငါ့ရဲ့ အရှင်သခင်လား။
ချီမုန်မှာ ဇဝေဇဝါ ဖြစ်သွား၏။
အရှင်သခင်က အင်ပါယာအဆင့်မှာပဲ ရှိနေတာ မဟုတ်ဘူးလား။ ဘယ်အချိန်က အင်မော်တယ်အဆင့်ထက် မြင့်တဲ့အဆင့်ကို တက်လှမ်းသွားတာလဲ။
ပြီးတော့ အရှင်သခင်က လူသားလောကက မဟုတ်ဘူးလား။ သူက ထျန်းကျွင်းအဆင့်ကို တက်လှမ်းခဲ့ရင်တောင် သူ့ခန္ဓာကိုယ်ထဲမှာ အင်မော်တယ်အငွေ့အသက်တွေပဲ ရှိရမှာလေ။ အခု ဒီလောက်အထိ ပြင်းထန်တဲ့ နတ်ဆိုးအငွေ့အသက်တွေက ဘယ်က ရောက်လာတာလဲ။
ဤနတ်ဆိုးအငွေ့အသက်များမှာ နတ်ဆိုးနယ်မြေမှ မွေးဖွားလာသည့် ထိပ်တန်း အစွမ်းထက်သူတစ်ဦး၏ အငွေ့အသက် မဟုတ်ဟု ဆိုလျှင် မည်သူမျှ ယုံကြမည် မဟုတ်ပေ။
သူ၏စိတ်ဝိညာဉ် ဆက်သွယ်မှုအရ သူ့ ရှေ့တွင် ရှိနေသူမှာ ကုချန် ဖြစ်ကြောင်း သိနေရသဖြင့်သာ တော်တော့သည်။
ထိုသို့သာ မဟုတ်လျှင် သူ၏အရှင်သခင်မှာ နတ်ဆိုးနယ်မြေမှ အစွမ်းထက်သူတစ်ဦး၏ ပူးကပ်ခြင်းကို ခံထားရပြီဟု သူ ထင်မိပေလိမ့်မည်။
… … … …
ချီလျန်မျိုးနွယ်၏ အထက် ကောင်းကင်ယံတွင်.....
မိုဟဲအရှင်၏ အကြည့်မှာ အေးစက်နေကာ တတိယအကြီးအကဲနှင့် အခြားသူများ၏ အမူအရာကို စောင့်ကြည့်နေ၏။
ဤချီလျန်မျိုးနွယ် အကြီးအကဲများသည် တစ်စုံတစ်ခုကို ကြံစည်နေကြကြောင်း သူ ရိပ်မိနေသည်။
သူတို့က တကယ်ပဲ လှုပ်ရှားချင်နေတာလား။
ဤအတွေး မိုဟဲအရှင်၏ စိတ်ထဲတွင် ပေါ်လာပြီးနောက် သူသည် လှောင်ပြုံး ပြုံးလိုက်၏။
သူသည် ဤချီလျန်မျိုးနွယ်ဝင်များကို အနည်းငယ် မျက်နှာသာ ပေးနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့သည် တကယ်ပင် အသိတရားမဲ့စွာဖြင့် လှုပ်ရှားလာမည်ဆိုလျှင် သူတို့သည် ရှီမိုကောင်းကင်ကို ဗြောင်ကျကျ သစ္စာဖောက်လိုက်ခြင်းပင် ဖြစ်သည်။
ထိုအချိန်ကျလျှင် မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်၏ ဒေါသသည် ချီလျန်မျိုးနွယ်တစ်ခုလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်ပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့် မိုဟဲအရှင်၏ စိတ်ထဲတွင် သတိထားရမည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
ဤချီလျန်မျိုးနွယ်ဝင်များ ဘာလုပ်ချင်သည်ဖြစ်စေ သူ၏လက်ရှိ တာဝန်မှာ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကို အသေအချာ ပိတ်ဆို့ထားရန်ဖြစ်ပြီး မည်သူမျှ ထွက်မသွားစေရန် ဖြစ်သည်။
မိုဟဲအရှင်နှင့် မျက်နှာချင်းဆိုင်တွင် ချီလျန်မျိုးနွယ် အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ငါတို့ လှုပ်ရှားကြမလား။
ချက်ချင်း လုပ်ကြစို့... အချိန်မဆွဲနဲ့တော့!
အကြည့်ချင်း ဆုံလိုက်သည်နှင့် ချီလျန်မျိုးနွယ် အကြီးအကဲများသည် ဆုံးဖြတ်ချက် ချလိုက်ကြသည်။
" သတ်! "
ရုတ်တရက် တတိယအကြီးအကဲသည် ပါးစပ်ကို ဟကာ အားလုံး အတူတူ လှုပ်ရှားကြရန် အော်ဟစ်လိုက်တော့သည်။
သို့သော် ထိုစဉ်မှာပင် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ ပြင်းထန်လှသည့် နတ်ဆိုးမီးလျှံများမှာ ခဏချင်းမှာပင် ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ အရာအားလုံးကို ဝါးမြိုသွားကာ လူတိုင်း၏ အကြည့်ကို ချက်ချင်း ဆွဲဆောင်သွားတော့သည်။
ယင်းကြောင့် တတိယအကြီးအကဲ၏ စစ်မြေပြင် ဟိန်းသံမှာလည်း လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားတော့သည်။
ဒါက.....
ဘိုးဘေးပိုင်နယ်မြေအတွင်းမှ ပေါက်ကွဲထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအငွေ့အသက်ကို ခံစားလိုက်ရသောအခါ ချီလျန်မျိုးနွယ် အကြီးအကဲများ၏ မျက်နှာမှာ ပျက်သွားတော့သည်။
ထိုအငွေ့အသက်၏ ပြင်းထန်မှုမှာ သူတို့၏ အာရုံခံစားမှုအရ ဘိုးဘေး ချီရှောင်းထက်ပင် ပိုမို အစွမ်းထက်နေသည်။
ယင်းမှာ သာမန် နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်လွန်သွားသည့် အရှိန်အဝါမျိုးပင် ဖြစ်သည်။
သို့သော် ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှုမျိုးမှာ ချီလျန်မျိုးနွယ်အတွင်း ဘယ်အချိန်က ရောက်နေသနည်း။
သို့မဟုတ် ဤသည်မှာ ချီလျန်မျိုးနွယ်၏ လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး အရေးကြုံချိန်မှ အလိုလို ပွင့်လာခြင်းလော။ မိသားစုခေါင်းဆောင်သည် သူတို့ကို ကြိုမပြောထားခဲ့ခြင်းလော။
ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ချီလျန်မျိုးနွယ် အကြီးအကဲများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး လှုပ်ရှားရန်ပင် မေ့သွားကြတော့သည်။
သို့သော် ချီလျန်မျိုးနွယ် အကြီးအကဲများထက် မိုဟဲအရှင်၏ ခံစားချက်မှာ ပို၍ပင် ပြင်းထန်လှသည်။
သူကိုယ်တိုင်မှာ အင်မော်တယ်အရှင်သခင်အဆင့် ဖြစ်သဖြင့် ယင်းကို ပို၍ ရှင်းလင်းစွာ ခံစားနိုင်သည်။
ဘိုးဘေးပိုင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော နတ်ဆိုးအငွေ့အသက်မှာ နတ်ဆိုးအရှင်သခင်အဆင့်ထက်ပင် သာလွန်နေပြီး သူ တစ်ခါက တွေ့ဖူးခဲ့သည့် မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်၏ အငွေ့အသက်မျိုးနှင့်ပင် ဆင်တူနေသည်။
အင်မော်တယ်ဘုရင်ရဲ့ အရှိန်အဝါ! ဒါက အင်မော်တယ်ဘုရင်ရဲ့ အရှိန်အဝါပဲ!
မိုဟဲအရှင်၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွား၏။
ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှုမျိုး ချီလျန်မျိုးနွယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မထူးဆန်းတော့ပါဘူး... သူ ဒီနေ့ ရောက်လာကတည်းက ချီလျန်မျိုးနွယ်တစ်ခုလုံးရဲ့ အခြေအနေက ထူးဆန်းနေတာ မထူးဆန်းတော့ဘူး။
အရင်က ရှီမိုကောင်းကင်အပေါ် ရိုသေခဲ့တဲ့ ချီလျန်မျိုးနွယ်ဟာ အခုတော့ ပြန်လည် တိုက်ခိုက်ဖို့ ပြင်နေကြတာပဲ။
ချီလျန်မျိုးနွယ်က ဘာလို့ ဒီလောက်အထိ သတ္တိရှိနေတာလဲလို့ မိုဟဲအရှင် တွေးနေခဲ့တာ၊ သူတို့မှာ ဒီလို အစွမ်းထက်တဲ့ နောက်ခံရှိနေလို့ကိုး။
ချီရှောင်းက မသေတဲ့အပြင် အင်မော်တယ်ဘုရင်အဆင့်ကိုပါ အောင်အောင်မြင်မြင် တက်လှမ်းသွားနိုင်တာလား။
မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး! ချီရှောင်း ကျဆုံးသွားတဲ့ သတင်းကို မြင့်မြတ်လှတဲ့ ရှီမိုကောင်းကင်အရှင် ကိုယ်တိုင် ပြောပြခဲ့တာပဲ!
ခဏတာအတွင်းမှာပင် မိုဟဲအရှင်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်လာတော့သည်။
သို့သော် ယခုအချိန်မှာ ထိုအရာများကို တွေးနေရမည့် အချိန်မဟုတ်ကြောင်း သူ သိလိုက်သည်။
သူ၏ရင်ထဲတွင် စိုးရိမ်စိတ်များ မြင့်တက်လာကာ အလျင်အမြန် နောက်ဆုတ်ရင်း အော်ပြောဆိုလိုက်သည်။
" ဒီနေရာမှာ ဘုရင်တစ်ပါး ရှိနေတာကို ကျွန်တော်မျိုး မသိခဲ့ပါဘူး... ကျွန်တော်မျိုးရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအတွက် ခွင့်လွှတ်ပေးပါ အရှင်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ! "
ပြောနေစဉ်မှာပင် မိုဟဲအရှင်သည် သူ၏ နတ်ဆိုးစေတီတော်ကို အလျင်အမြန် ပြန်သိမ်းလိုက်ကာ ချီလျန်မျိုးနွယ်ကို ပိတ်ဆို့ထားရန် မဝံ့ရဲတော့ပေ။
သူ၏ ခုနက လုပ်ရပ်များအတွက် ထိုကြောက်စရာကောင်းသော တည်ရှိမှုကြီး ဒေါသ မထွက်ပါစေနှင့်ဟုသာ သူ ဆုတောင်းနေမိသည်။
တစ်ချိန်တည်းမှာပင် မိုဟဲအရှင်မှာ ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ခုနက သူသာ ချီလျန်မျိုးနွယ်ထဲကို ဇွတ်ဝင်ပြီး ရှာဖွေခဲ့မယ်ဆိုရင် သူ ဘယ်လို သေသွားမလဲဆိုတာတောင် သိမှာ မဟုတ်တော့ဘူး။
သို့သော် မိုဟဲအရှင်၏ စိတ်သက်သာရာရမှုမှာ ကြာရှည်မခံခဲ့ပေ။
သူ နတ်ဆိုးစေတီတော်ကို သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဘိုးဘေးပိုင်နယ်မြေအတွင်းမှ ထွက်ပေါ်လာသော အေးစက်သော အသံတစ်သံကြောင့် သူ၏နှလုံးသားမှာ အေးစက်သွားကာ ခန္ဓာကိုယ်မှာလည်း ထိုနေရာမှာတင် တောင့်တင်းသွားတော့သည်။
" မင်းကို ထွက်သွားလို့ ငါ ပြောလို့လား "
ထိုအေးစက်သော အသံမှာ တည်ငြိမ်နေသော်လည်း မိုဟဲအရှင်၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားတော့သည်။
နောက်တစ်ခဏတွင် ဟွမ်သွမ့် အငွေ့အသက်များ ပါဝင်သော လက်ဝါးကြီးတစ်ဖက်သည် ဘိုးဘေးပိုင်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှ ရုတ်တရက် မြင့်တက်လာပြီး တတိယအကြီးအကဲနှင့် ချီလျန်မျိုးနွယ် အကြီးအကဲများ၏ မယုံကြည်နိုင်သော အကြည့်များကြားတွင် မိုဟဲအရှင်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူပင် ဖမ်းဆုပ်ကာ ချေမွပစ်လိုက်တော့သည်။