အခန်း (၂၈၉-၂၉၀)
Vol. 21 Ch. 289-290
အခန်း ( ၂၈၉ ) - တုန်လှုပ်ဖွယ်ရာ၊ အရှင်သခင်၏ မြင့်မြတ်သောတန်ခိုးနှင့် နတ်ဘုရားငါးပါး ထွက်ခွာခြင်း
“ အား..... ”
ဟွမ်သွမ့်ဧရာမလက်ဝါးကြီးမှ သူ့အား လွယ်လင့်တကူ ဖမ်းဆုပ်လိုက်သည့်အခါ မိုဟဲနတ်ဆိုးအရှင်သည် တုန်လှုပ်ချောက်ချားသွားလေ၏။ သူသည် နတ်ဆိုးစေတီတော်ကို ဆင်းသက်လာရန် အလျင်အမြန် အမိန့်ပေးလိုက်ရာ သူ၏ဦးခေါင်းပေါ်မှ နတ်ဆိုးချီ ကုဋေပေါင်းများစွာ စီးကျလာကာ စုကပ်လာသော လက်ဝါးကြီးကို ခုခံရန် ကြိုးပမ်းလေသည်။
သို့သော် ဟွမ်သွမ့်ချီများဖြင့်သာ ဖွဲ့စည်းထားသော ထိုဧရာမလက်ဝါးကြီးသည် အဆုံးမဲ့နတ်ဆိုးနယ်မြေ၏ အလိုဆန္ဒကို ဆောင်ကြဉ်းလာပုံရကာ သူ လုံးဝမခုခံနိုင်ခဲ့ပေ။
လက်ဝါးကို အနည်းငယ်မျှ စုစည်းလိုက်ရုံဖြင့် နတ်ဆိုးစေတီတော်မှ ကျဆင်းနေသော နတ်ဆိုးချီ ကုဋေပေါင်းများစွာမှာ ပြိုကွဲပျက်စီးသွားခဲ့ပြီး နတ်ဆိုးစေတီတော်ပင်လျှင် ချက်ချင်းပင် အပိုင်းအစပေါင်းများစွာအဖြစ် ကြေမွသွားတော့သည်။
“ ငါက ရှီမိုကောင်းကင်အရှင်သခင်ရဲ့ လက်အောက်ခံပဲ မင်း ငါ့ကို သတ်လို့မရဘူး! ”
အရေးကြုံလာသည့်အချိန်တွင် မိုဟဲနတ်ဆိုးအရှင်သည် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ သူသည် ရှီမိုကောင်းကင်အရှင်သခင်၏ အမည်ကို အသုံးပြု၍ ချီလျန်မျိုးနွယ်အတွင်း ပုန်းအောင်းနေသော အမည်မသိ တန်ခိုးရှင်ကို ခြိမ်းခြောက်နိုင်ရန် မျှော်လင့်နေခြင်းပင်။
သို့သော် ကုချန်သည် မိုဟဲနတ်ဆိုးအရှင်ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။
ချီလျန်မျိုးနွယ်စုဝင်များ၏ တုန်လှုပ်အံ့သြနေသော အကြည့်များအောက်တွင် ဟွမ်သွမ့်ဧရာမလက်ဝါးကြီးသည် သနားညှာတာမှုကင်းမဲ့စွာ စေ့ပိတ်သွားပြီး မိုဟဲနတ်ဆိုးအရှင်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ကြိတ်ခြေဖျက်ဆီးပစ်လိုက်ကာ ဝိညာဉ်အစအနလေးပင် မကျန်အောင် တစ်ခဏအတွင်း ချေမှုန်းပစ်လိုက်လေသည်။
မိုဟဲနတ်ဆိုးအရှင် သေဆုံးသွားလေပြီ။
လေဟာနယ်သည် တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားကာ ဟွမ်သွမ့်ဧရာမလက်ဝါးကြီးမှာလည်း ဘာမှမဖြစ်ခဲ့သလိုမျိုး ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော် တတိယအကြီးအကဲ အပါအဝင် ချီလျန်မျိုးနွယ်စု၏ အကြီးအကဲအားလုံးမှာမူ ခုနက မြင်တွေ့လိုက်ရသော မြင်ကွင်းကို စိတ်ထဲ၌ ထပ်တလဲလဲ ပြန်လည်မြင်ယောင်နေကြ၏။
ကောင်းကင်ယံမှ ဆင်းသက်လာသော ထို ဟွမ်သွမ့်ဧရာမလက်ဝါးကြီးသည် နတ်ဆိုးအရှင်တစ်ပါးကို အရှင်လတ်လတ် ကြိတ်ခြေပစ်ခဲ့သည် မဟုတ်ပါလော။
ထိုသူကား နတ်ဆိုးအရှင်တစ်ပါး ဖြစ်သည်။ အင်မော်တယ်ဘုရင်အဆင့်ပြီးလျှင် ဒုတိယအမြင့်ဆုံး တည်ရှိမှုပင်။
နယ်မြေရာပေါင်းများစွာကို အုပ်ချုပ်ထားသည့် ဤကျယ်ပြောလှသော ရှီမိုကောင်းကင်အတွင်း၌ပင် နတ်ဆိုးအရှင်အဆင့်သို့ ရောက်ရှိသူဟူသည် ဖီးနစ်ငှက်၏ အမွေးအတောင်နှင့် ကိတ္တုရာသားရဲ၏ ဦးချိုကဲ့သို့ပင် အလွန်တရာ ရှားပါးလှပေသည်။ လက်ချောင်းဖြင့် ရေတွက်၍ရသည်အထိ မနည်းပါးသော်လည်း များပြားလှသည်တော့ မဟုတ်ပေ။
သို့သော် ယခုမူ နတ်ဆိုးနယ်မြေတစ်ခုလုံးကို စိုးမိုးနိုင်စွမ်းရှိသည့် ခမ်းနားထည်ဝါသော နတ်ဆိုးအရှင်တစ်ပါးမှာ ပုရွက်ဆိတ်တစ်ကောင် နင်းခြေခံလိုက်ရသကဲ့သို့ အနည်းငယ်မျှပင် ပြန်လည်မခုခံနိုင်ဘဲ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
တုန်လှုပ်ဖွယ်ရာပင်။ ယုံကြည်နိုင်စရာလည်း မရှိချေ။
ချီမုန်နှင့် အခြားသူများ အနားမလည်နိုင်ဆုံးသော အချက်မှာ ထိုတိုက်ခိုက်သူသည် ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးမြေအတွင်း၌ အမှန်တကယ် ရှိနေခြင်းပင် ဖြစ်သည်။
ချီလျန်မျိုးနွယ်စုထဲတွင် ဤမျှ အင်အားကြီးမားသော ပညာရှင်တစ်ယောက် မည်သည့်အချိန်က ပေါ်လာခဲ့ပါသနည်း။
ဘိုးဘေး ချီရှောင်း သေဆုံးသွားခဲ့သည်မှာ သေချာလှသည်။ ဘိုးဘေး ချီရှောင်းသာ အသက်ရှင်နေဦးမည်ဆိုလျှင်တောင်မှ နတ်ဆိုးအရှင်အဆင့်ရှိသူတစ်ဦးကို ဤမျှလွယ်လင့်တကူ ခြေမှုန်းနိုင်သည့် ကြီးမားသော စွမ်းအားမျိုး ရှိနိုင်မည် မဟုတ်ပေ။
မိုဟဲနတ်ဆိုးအရှင် မသေဆုံးမီ နောက်ဆုံးအော်ဟစ်သွားခဲ့သည့် စကားကို ပြန်လည်ကြားယောင်ရင်း ချီမုန်၊ တတိယအကြီးအကဲနှင့် အခြားသူများမှာ ကြက်သီးမွေးညင်းများထသွားကြ၏။
ကုချန်က အထွတ်အထိပ် အင်မော်တယ်ဘုရင် ဖြစ်နေနိုင်မလား။
အင်မော်တယ်ဘုရင်တစ်ပါးက ချီလျန်မျိုးနွယ်စုထဲမှာ ပုန်းအောင်းနေတာလား။
ချီလျန်မျိုးနွယ်စု အကြီးအကဲများအားလုံး မှင်တက်သွားကြ၏။
တစ်ချိန်တည်းမှာပင် မိုဟဲနတ်ဆိုးအရှင်နှင့်အတူ လိုက်ပါလာခဲ့သော ရွှမ်ချင်းမှာ အသက်ရှူရန်ပင် မေ့လျော့နေရလောက်အောင် ကြောက်လန့်နေလေပြီ။
သူတို့သည် ချီလျန်မျိုးနွယ်စုထံမှ ရှင်းပြချက်တောင်းရန် အတူတကွ လာခဲ့ကြခြင်း ဖြစ်သော်လည်း ယခုမူ မိုဟဲနတ်ဆိုးအရှင် ဘယ်ရောက်သွားပြီနည်း။
ထင်ရှားကျော်ကြားလှသော မိုဟဲနတ်ဆိုးအရှင်မှာ အဘယ်မှာနည်း။
ရွှမ်ချင်းမှာ စိတ်ဓာတ်များ ပြိုလဲသွားလေ၏။ မိုဟဲနတ်ဆိုးအရှင်နှင့်အတူ လိုက်ပါလာခြင်းမှာ သိုးအုပ်ထဲ၌ ကျားတစ်ကောင် ကစားနေသကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဤသိုးအုပ်ထဲတွင် ဝက်အယောင်ဆောင်၍ ကျားကိုစားမည့် တည်ရှိမှုမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ထိုသူမှာ မိုဟဲနတ်ဆိုးအရှင်ကို အရိုးပင်မကျန်အောင် တစ်ကိုယ်လုံး ဝါးမျိုပစ်လိုက်ခြင်းပင်။
ပြေးမှဖြစ်မယ်၊ အမြန်ပြေးမှဖြစ်မယ်။
အဆုံးစွန်သော ထိတ်လန့်မှုကို ခံစားရပြီးနောက် ရွှမ်ချင်း၏ စိတ်ထဲတွင် ဤအတွေးတစ်ခုသာ ကျန်ရှိတော့သည်။
ယခုအချိန်တွင် မပြေးလျှင် နောက်ထပ်အခွင့်အရေး ရတော့မည်မဟုတ်ပေ။
ဤသို့တွေးလိုက်သည်နှင့် ရွှမ်ချင်းမှာ ထပ်မံမစဉ်းစားရဲတော့ဘဲ သူ၏ တစ်သက်တာ ကျင့်ကြံမှုကို ထုတ်ဖော်ကာ သက်တမ်းကိုပင် လောင်မြိုက်စေပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုနေရာမှ လွတ်မြောက်ရန် ကြိုးပမ်းလေတော့သည်။
ရွှမ်ချင်း၏ ထွက်ပြေးမှုကိုမူ တတိယအကြီးအကဲ အပါအဝင် ချီလျန်မျိုးနွယ်စု အကြီးအကဲများက မည်သို့မျှ တုံ့ပြန်ခြင်းမရှိကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့မှာ မိုဟဲနတ်ဆိုးအရှင် သေဆုံးသွားသည့် တုန်လှုပ်မှုဒဏ်ကို ခံစားနေရဆဲဖြစ်ရာ ရွှမ်ချင်း၏ လှုပ်ရှားမှုကိုပင် သတိမထားမိကြခြင်း ဖြစ်သည်။
သို့သော် တတိယအကြီးအကဲတို့ သတိမထားမိသော်လည်း ကုချန်ကမူ သတိထားမိလေသည်။
ဤရွှမ်ချင်းသည် မိုဟဲနတ်ဆိုးအရှင်နှင့်အတူ လာခဲ့သူဖြစ်ရာ ကုချန်အနေဖြင့် သူ့အား ဤမျှလွယ်လင့်တကူ ထွက်သွားခွင့်ပေးမည် မဟုတ်ပေ။
သို့သော် ကျင့်ကြံမှုအဆင့် ထျန်းကျွင်းအဆင့်သာရှိသော ရွှမ်ချင်းအား ရင်ဆိုင်ရန် ကုချန်မှာ ကိုယ်တိုင်လှုပ်ရှားနေစရာပင် မလိုချေ။ သူသည် အတုမရှိ မြင့်မြတ်သော စိတ်အာရုံတစ်ခုကိုသာ ထုတ်လွှတ်လိုက်ရာ နောက်တစ်ခဏ၌ပင် ရွှမ်ချင်း၏ ခန္ဓာကိုယ်မှာ ဝေဟင်အလယ်တွင် တောင့်တင်းသွားပြီး အသက်ဝိညာဉ် ကင်းမဲ့သွားကာ အတောင်ပံကျိုးသွားသော ငှက်တစ်ကောင်ကဲ့သို့ ကောင်းကင်ယံမှ ပြုတ်ကျသွားလေတော့သည်။
သူ မသေဆုံးမီ ခံစားခဲ့ရသော ကြောက်လန့်တုန်လှုပ်မှုများမှာမူ သူ၏မျက်နှာပေါ်တွင် အေးခဲလျက် ကျန်ရစ်နေခဲ့သည်။
ဤသို့ဖြစ်မည်ကိုသာ ကြိုသိခဲ့လျှင် သေအောင်ရိုက်သော်လည်း သူသည် မိုဟဲနတ်ဆိုးအရှင်နှင့်အတူ ဤခရီးကို လိုက်ပါလာမည်မဟုတ်ပေ။
သူသည် ထာဝရယမ သေဆုံးရခြင်း၏ အကြောင်းရင်းကို စုံစမ်းရန် လာခဲ့ခြင်းသာဖြစ်သော်လည်း နောက်ဆုံးတွင် သူ၏အသက်ကိုပင် ပေးလိုက်ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
…………
မိုဟဲနတ်ဆိုးအရှင် သေဆုံးပြီးနောက် မကြာမီ....
မိုဟဲနတ်ဆိုးအရှင်နှင့် ပတ်သက်သော သတင်းသည် ရှီမိုကောင်းကင်သို့ ရောက်ရှိသွားသည့်အခါ တည်ငြိမ်နေသော ရှီမိုကောင်းကင်ကြီးမှာ ချက်ချင်းပင် ဆူပူအုံကြွသွားတော့သည်။
“ ကောင်းတယ် အရမ်းကောင်းတာပဲ... သေးငယ်တဲ့ ချီလျန်မျိုးနွယ်က လူသတ်သမားကို လက်ခံထားရဲတယ်ပေါ့... သူတို့က သေတွင်းကို ကိုယ်တိုင်တူးနေကြတာပဲ! ”
“ ချီလျန်မျိုးနွယ်က သေချင်နေမှတော့ သူတို့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့! ”
“ ဒီချီလျန်မျိုးနွယ်က အသက်ဆက်နေနိုင်တာ တော်တော်ကြာနေပြီ... အခုတော့ စာရင်းရှင်းရမယ့်အချိန်ပဲ ”
ချီလျန်မျိုးနွယ်စုကို အချိန်အတော်ကြာကတည်းက အကွက်ချနေခဲ့သော ရှီမိုကောင်းကင်သည် မိုဟဲနတ်ဆိုးအရှင်၏ သတင်းကို ရရှိပြီးနောက်တွင် ဆက်လက်၍ ထိန်းချုပ်မထားနိုင်တော့ပေ။
ထိုခဏ၌ပင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော စိတ်ဆန္ဒများကို ဆောင်ကြဉ်းလျက် အင်မော်တယ်နတ်ဆိုးအရှင် ငါးပါးတို့သည် အတူတကွ ခရီးနှင်လာကြပြီး ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေသို့ ဆင်းသက်လာကြလေတော့သည်။
အခန်း ( ၂၉၀ ) - အကျိုးအမြတ်များသော အလုပ်၊ အခွင့်ကောင်းယူခြင်းနှင့် သံသယများစွာ
မိုဟဲအရှင် ကျဆုံးသွားသည့် သတင်းသည် ရှီမိုကောင်းကင်သို့ ရောက်ရှိသွားပြီးနောက် မကြာမီမှာပင် နတ်ဆိုးအရှင်သခင် ငါးဦးသည် အခြေအနေကို ရှင်းလင်းရန်အတွက် ချီလျန်မျိုးနွယ်ဆီသို့ အားတက်သရော အတူတကွ ထွက်ခွာလာကြတော့သည်။
" ဟားဟား... ချီလျန်မျိုးနွယ်က တောင့်ခံထားတာ ကြာလှပြီ... အခုတော့ သူတို့လည်း မတောင့်ခံနိုင်လောက်တော့ဘူး "
" ဟွန်းဟွန်း... ငါတို့ မျက်လုံးတွေက ချီလျန်မျိုးနွယ်အပေါ်မှာ အမြဲရှိနေတာ... သူတို့ အခု အမှားမလုပ်ရင်တောင် နောက်ကျရင် လုပ်မှာပဲ... သူတို့ ပျက်စီးဖို့က အချိန်တစ်ခုပဲ လိုတာပါ "
" ကောင်းတာပေါ့... ဒီအခွင့်အရေးကို သုံးပြီး ချီလျန်မျိုးနွယ်ကို မြေလှန်ပစ်လိုက်ရင် ငါတို့ရဲ့ စိတ်ထဲက အဖုအထစ်တစ်ခုကို အပြီးတိုင် ရှင်းပစ်နိုင်လိမ့်မယ် "
လမ်းခရီးတွင် ထိုနတ်ဆိုးအရှင်သခင် ငါးဦးစလုံးသည် ပေါ့ပါးပျော်ရွှင်သော အမူအရာများ ရှိနေကြသည်။
အတိအကျ ပြောရလျှင် ချီလျန်မျိုးနွယ်ဆီသို့ သွားရောက် စစ်ဆေးရမည့် ဤအလုပ်မှာ သူတို့ လက်မနှေးခဲ့သဖြင့် 'လုယူ' နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုကိစ္စကြောင့် နတ်ဆိုးသခင်များစွာ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသော်လည်း သူတို့ ငါးဦးသာလျှင် လက်ဦးမှုယူကာ ဤတာဝန်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူတို့ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေဆီသို့ အပြေးအလွှား သွားနေကြရခြင်းမှာ အကျိုးအမြတ် အလွန်များသော တာဝန်တစ်ခု ဖြစ်နေသောကြောင့်ပင်!
ပထမအချက်မှာ ချီလျန်မျိုးနွယ်သည် မြင့်မြတ်လှသော ရှီမိုကောင်းကင်အရှင်၏ မျက်စိထဲတွင် ဆူးတစ်ချောင်း ဖြစ်နေခြင်း ဖြစ်ပြီး နှစ်ပေါင်းများစွာအတွင်း ရှီမိုကောင်းကင်အရှင်သည် အထက်တွင် မြင့်မြတ်စွာ တည်ရှိနေကာ အပြင်ပန်းတွင် မည်သည့်အရာမျှ ထုတ်မပြခဲ့သော်လည်း.....
ရှီမိုကောင်းကင်ရှိ နတ်ဆိုးအရှင်သခင် အားလုံးကမူ ရှီမိုကောင်းကင်အရှင်သည် ချီလျန်မျိုးနွယ်ကို အထူးတလည် သဘောမကျကြောင်း သိထားကြသည်။
မည်သို့ပင်ဆိုစေကာမူ ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေသို့ ခိုလှုံလာစဉ်က သူတို့၏ တောင်းဆိုမှုကြောင့်သာ ရှီမိုကောင်းကင်အတွင်းသို့ သတ်မှတ်ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပြီး ရှီမိုကောင်းကင်အရှင် ကိုယ်တိုင် အလိုရှိ၍ ခေါ်ယူခဲ့ခြင်း မဟုတ်ပေ။
အထက်လူကြီးဘက်မှပင် သဘောမကျသည်ဖြစ်ရာ သူ၏ လက်အောက်ခံများကလည်း နှစ်ပေါင်းများစွာအတွင်း ချီလျန်မျိုးနွယ်ကို သိသိသာသာရော၊ မသိမသာပါ အမျိုးမျိုး နှိပ်ကွပ်ခဲ့ကြသည်။
ယခုအခါ သူတို့သည် ချီလျန်မျိုးနွယ်ကို ရှင်းထုတ်လိုက်ကာ ရှီမိုကောင်းကင်အရှင်၏ မျက်စိထဲမှ ဆူးတစ်ချောင်းကို ဖယ်ရှားပေးနိုင်မည်ဆိုလျှင် အနာဂတ်တွင် ရှီမိုကောင်းကင်အရှင်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဖြစ်ကာ အကျိုးကျေးဇူးများမှာလည်း အဆုံးရှိမည် မဟုတ်ပေ။
ဒုတိယအချက်မှာ ချီလျန်မျိုးနွယ်သည် မူလက နတ်ဆိုးအရှင်သခင်အဆင့်ရှိသော အင်အားစုတစ်ခု ဖြစ်သည်။ သူတို့၏ ဘိုးဘေး ချီရှောင်း ကျဆုံးသွားပြီ ဆိုသော်လည်း သူတို့၌ နတ်ဆိုးအရှင်သခင်အဆင့် အမွေအနှစ်အချို့ ကျန်ရှိနေသေးသည်။
အကယ်၍ ဤခရီးတွင် ချီလျန်မျိုးနွယ်ကို ဖျက်ဆီးပစ်နိုင်မည်ဆိုလျှင် သူတို့ကို နှိမ်နင်းခဲ့သော နတ်ဆိုးအရှင်သခင်များအနေဖြင့် ချီလျန်မျိုးနွယ်ထံမှ 'အကျိုးအမြတ်' များကို ဦးဦးဖျားဖျား ရရှိနိုင်မည် ဖြစ်သည်။
တတိယအချက်မှာ ချီလျန်မျိုးနွယ် ပျက်စီးသွားမည်ဆိုလျှင် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေသည်လည်း အရှင်မဲ့သွားသော အသားတစ်တုံးကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။ လက်ဦးသူက အခွင့်အရေး ရမည်ဖြစ်ရာ နောက်ပိုင်းတွင် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကို ခွဲဝေယူကြရာ၌ အသာစီး ရနိုင်ပေသည်။
နတ်ဆိုးနယ်မြေတစ်ခုလုံးဆိုသည်မှာ ဤနတ်ဆိုးအရှင်သခင်များ၏ မျက်လုံးထဲတွင်ပင် အလွန်ကောင်းမွန်လှသော 'အဆီတစ်တုံး' ဖြစ်ပေသည်။
ထိုအကြောင်းပြချက်များကြောင့်ပင် သွေးငရဲနတ်ဆိုးအရှင်သခင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင် အပါအဝင် ရှီမိုကောင်းကင်မှ နတ်ဆိုးအရှင်သခင် ငါးဦးသည် အခြားသူများထက် အရင်ဆုံး ရှေ့ထွက်ကာ ချီလျန်မျိုးနွယ်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်သည်။
လမ်းခရီးတွင် သွေးငရဲနတ်ဆိုးအရှင်သခင် အပါအဝင် ငါးဦးစလုံးသည် အောင်နိုင်သူများအလား ပြုံးရွှင်နေကြသည်။
ခြေတစ်လှမ်း မြန်သူက အရာရာ မြန်ဆန်သည်။
သူတို့ ငါးဦးအနေဖြင့် ဤတာဝန်ကို ရရှိခဲ့ခြင်းမှာ ကြီးမားသော အခွင့်အလမ်းတစ်ခုပင်!
သူတို့ ရောက်သွားသောအခါ ဘာမျှ စုံစမ်းစစ်ဆေးခြင်း မပြုကြရန် သူတို့ အချင်းချင်း တိုင်ပင်ထားပြီးသား ဖြစ်သည်။ မိုဟဲအရှင်နှင့် ဆွေးနွေးပြီးသည်နှင့် ချီလျန်မျိုးနွယ်တစ်ခုလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ကာ မြေလှန်ပစ်ကြမည် ဖြစ်သည်။
ချီလျန်မျိုးနွယ်ဘက်မှ တကယ်ပင် သစ္စာဖောက်သည်ဖြစ်စေ၊ အခြားလျှို့ဝှက်ချက် တစ်ခုခု ရှိနေသည်ဖြစ်စေ ဘာမျှ အရေးမကြီးတော့ပေ!
သူတို့သည် ဤအခွင့်အရေးကို အသုံးချကာ ချီလျန်မျိုးနွယ်ကို ဖျက်ဆီးပစ်ရန်နှင့် ယင်းကို မပြင်နိုင်သော အမှန်တရားတစ်ခု ဖြစ်စေရန်သာ လိုလားကြသည်။
ချီလျန်မျိုးနွယ်သည် ရွှမ်ယိုနန်းတော်၏ ဒုတိယနန်းတော်သခင်ကို သတ်သွားသော ထိုရူးသွပ်သူကို တကယ် ကာကွယ်ပေးထားသလားဆိုသည်မှာ အရေးမကြီးပေ။ သူတို့ ငါးဦး ဆင်းသက်လာပြီးသည်နှင့် ချီလျန်မျိုးနွယ်မှာ ဤအပြစ်ကို ခံယူရန် ကံပါလာပြီးသားပင် ဖြစ်သည်။
… … … …
ချီလျန်မျိုးနွယ်၏ ဘိုးဘေးပိုင်နယ်မြေ၊ တိုင်ပင်ဆွေးနွေးရာခန်းမအတွင်း၌.....
ကုချန်သည် အကြီးအကဲနေရာတွင် အေးအေးလူလူ ထိုင်နေကာ အောက်ဘက်တွင် ငြိမ်သက်စွာ ရပ်နေကြသော ချီလျန်မျိုးနွယ် အကြီးအကဲများကို တည်ငြိမ်စွာ ကြည့်နေ၏။
အမှန်အတိုင်း ပြောရလျှင် ချီလျန်မျိုးနွယ်ဝင်များ၏ ရုပ်ရည်မှာ တကယ်ပင် လှပကြသည်။ ခန်းမအတွင်းရှိ အကြီးအကဲ အားလုံးမှာ တစ်ယောက်တစ်မျိုးစီ လှပနေကြကာ ပန်းပေါင်းတစ်ရာ ပွင့်လန်းနေသကဲ့သို့ပင် ရှိသည်။
သို့သော် ကုချန်၏ အာရုံစိုက်မှုမှာ ထိုအကြီးအကဲများ၏ ရုပ်ရည်ပေါ်တွင် မဟုတ်ဘဲ သူတို့၏ စွမ်းအားပေါ်တွင်သာ ရှိသည်။
ခန်းမတစ်ခုလုံးရှိ ချီလျန်မျိုးနွယ် အကြီးအကဲများထဲတွင် အင်မော်တယ်စစ်စစ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသူ သုံးဦး၊ ထျန်းကျွင်းအဆင့် ရှစ်ဦးနှင့် ချီမုန်ကဲ့သို့သော အထွက်အထိပ်အဆင့်ရှိသူများ ရှိနေသည်။
အင်မော်တယ်စစ်စစ် သုံးဦးရှိပြီး ယခုနေရာတွင် မရှိသေးသော ချီလျိုကိုပါ ထည့်တွက်မည်ဆိုလျှင် ချီလျန်မျိုးနွယ်တွင် စုစုပေါင်း အင်မော်တယ်စစ်စစ် လေးဦး ရှိသည်။
ကုချန်သည် စိတ်ထဲတွင် အနည်းငယ် ခံစားလိုက်ရသည်။
အင်မော်တယ်စစ်စစ် လေးဦးနှင့် ထျန်းကျွင်း ရှစ်ဦး ရှိသော အင်အားစုတစ်ခုသည် သက်တမ်းရှည်နန်းတော် ထက်ပင် အဆပေါင်းများစွာ သာလွန်လှသည်။ အကယ်၍ အဆုံးမဲ့လောကတွင်သာ ဆိုလျှင် ဤအင်အားစုမှာ သမိုင်းတစ်လျှောက် အင်အားအကြီးဆုံးဖြစ်ပြီး လောကကြီး၏ အနိမ့်အမြင့်ကို မျိုးဆက်ပေါင်းများစွာအထိ စိုးမိုးထားနိုင်မည် ဖြစ်သည်။
သို့သော် ဤမျှ အစွမ်းထက်သော အင်အားစုပင် ဤနတ်ဆိုးနယ်မြေထဲတွင်မူ ရှင်သန်ရပ်တည်ရေးအတွက် အစွမ်းကုန် ရုန်းကန်နေကြရသည်။
ကံကြမ္မာသည် ဆန်းကြယ်လွန်းလှကာ လူကိုပင် သက်ပြင်းမောချမိစေသည်။
ကုချန်မှ ချီလျန်မျိုးနွယ် အကြီးအကဲများကို ကြည့်နေသကဲ့သို့ တတိယအကြီးအကဲနှင့် ချီချင်း အပါအဝင် အကြီးအကဲ အားလုံးကလည်း ကုချန်ကို သတိကြီးစွာဖြင့် စူးစမ်းနေကြသည်။
မိုဟဲအရှင်ကို သတ်လိုက်သူမှာ ချီမုန်၏ အရှင်သခင် ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
အရင်က ချီလျိုထံမှ ကုချန်သည် အင်မော်တယ်အရှင်သခင် တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည့် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှု ရှိခဲ့ကြောင်း ကြားခဲ့ရသော်လည်း ယင်းမှာ နတ်ဆိုးနယ်မြေထဲတွင် မဟုတ်ခဲ့ပေ။
ထို့အပြင် အရှင်သခင်အဆင့် တစ်ဦးကို သတ်ဖြတ်နိုင်ခြင်းမှာလည်း ဖြစ်နိုင်ခြေ အမျိုးမျိုး ရှိနိုင်သည်။
ဒဏ်ရာ အပြင်းအထန် ရနေသော အရှင်သခင်တစ်ဦးကို သတ်လိုက်ခြင်းလည်း ဖြစ်နိုင်၏။
သို့မဟုတ် ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် ခက်ခက်ခဲခဲ အနိုင်ရခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် ချီချင်းနှင့် အခြားသူများအနေဖြင့် ထူးဆန်းသော်လည်း အနည်းငယ် လက်ခံနိုင်ပေလိမ့်မည်။
သို့သော် စောစောက ကုချန် လှုပ်ရှားလိုက်ချိန်တွင်မူ လမ်းဘေးမှ ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေပစ်သကဲ့သို့ အလွန်လွယ်ကူသော အနေအထားဖြင့် မိုဟဲအရှင်ကို အသေချေပစ်လိုက်ခြင်း ဖြစ်သည်။
ဤအချက်မှ ပြသနေသော အဓိပ္ပာယ်မှာ လုံးဝ ကွဲပြားခြားနားလှသည်။
ချီချင်းနှင့် အခြားသူများ၏ သိရှိမှုအရ မိုဟဲအရှင်သည် အမြင့်ဆုံးအဆင့် နတ်ဆိုးအရှင်သခင် မဟုတ်လျှင်တောင် နတ်ဆိုးနယ်မြေထဲတွင် အသစ်တက်လာသည့် သူမျိုး မဟုတ်သည်မှာ သေချာသည်။
ထိုသို့သော တည်ရှိမှုမျိုးသည် တစ်ကွက်တည်းကိုပင် မခုခံနိုင်ဘဲ အလွယ်တကူ အသေချေပစ်ခြင်း ခံလိုက်ရသည်လော။
ချီချင်းနှင့် အခြားသူများ၏ စိတ်ထဲတွင်မူ မြင့်မြတ်လှသော အင်မော်တယ်ဘုရင်များသာလျှင် ဤကဲ့သို့သော တိုက်ပွဲရလဒ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ထင်နေကြသည်။
သို့သော် မိသားစုခေါင်းဆောင်နှင့် ချီမုန်တို့သည် သူတို့၏ အရှင်သခင်မှာ ဧကရာဇ်အဆင့်သာ ရှိသည်ဟု ပြောခဲ့ကြသည် မဟုတ်ပါလော။
ယခုကျ အဘယ်ကြောင့် အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်မျိုး ရှိနေရသနည်း။
ရက်ပိုင်းအတွင်းမှာတင် ထိုသူ၏စွမ်းအားမှာ ဧကရာဇ်အဆင့်မှ အင်မော်တယ်ဘုရင်အဆင့်အထိ ဤမျှ တဟုန်ထိုး မြင့်တက်သွားခဲ့ခြင်းလော.....
ချီချင်းနှင့် အခြားသူများအနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို ကြားဖူးနားဝ မရှိသည့်အပြင် စိတ်ကူးထဲမှာတောင် ထည့်မစဉ်းစားရဲကြပေ။
ထို့အပြင် မိသားစုခေါင်းဆောင်သည် သူ၏ အရှင်သခင်မှာ အင်မော်တယ်နယ်မြေအောက်ရှိ လောကတစ်ခုမှ ဖြစ်သည်ဟု ပြောခဲ့သည် မဟုတ်ပါလော။ သို့သော် ထိုသူ လှုပ်ရှားလိုက်ချိန်တွင် အဘယ်ကြောင့် ဤမျှ ကြောက်စရာကောင်းသော နတ်ဆိုးအငွေ့အသက်များ ရှိနေရသနည်း။
ဤသည်မှာ နတ်ဆိုးနယ်မြေမှ မွေးဖွားလာသည့် အစွမ်းထက်သူများသာ ပိုင်ဆိုင်နိုင်သည့် စစ်မှန်သော နတ်ဆိုးအငွေ့အသက်မျိုး ဖြစ်နေသည်မှာ သိသာလှသည်။
ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေပြီးမှ အင်မော်တယ်နယ်မြေမှ လာပါသည်ဟု ပြောနေခြင်းမှာတော့.....
နောက်ပြောင်နေခြင်းသာ ဖြစ်ရမည်!
ချီချင်းနှင့် အခြားသူများ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေ၏။
သို့သော် ကုချန်၏ အရှိန်အဝါကြောင့် သူတို့အနေဖြင့် မဆင်မခြင် မမေးရဲကြဘဲ ထိုသံသယများကို စိတ်ထဲတွင်သာ ခေတ္တ သိမ်းဆည်းထားကြရသည်။
ချီမုန်သည် ကုချန်၏ ဘေးတွင် ရပ်နေရင်း အောက်ဘက်တွင် ခေါင်းငုံ့ထားကြသော အကြီးအကဲများကို ကြည့်ကာ စိတ်ထဲတွင် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်နေမိသည်။
ယခင်က အဆုံးမဲ့ကမ္ဘာတွင် ရှိစဉ်က သူသည် အရှင်သခင်အပေါ် သစ္စာရှိရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က သူ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပါ့မလားဟု အနည်းငယ် စိုးရိမ်ခဲ့ဖူးသည်။
သို့သော် ယခုကြည့်ရသည်မှာ ကုချန်ကို အရှင်သခင်အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ သူ၏ ဘဝတွင် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက် ဖြစ်နေပါတော့သည်။