အခန်း (၂၉၁-၂၉၂)
Vol. 21 Ch. 291-292
အခန်း ( ၂၉၁ ) - မပြီးဆုံးသေးခြင်း၊ နတ်ဆိုးနယ်မြေကို သစ္စာဖောက်ခြင်းသည် သေလမ်းပင်
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် တတိယအကြီးအကဲသည် နောက်ဆုံးတွင် သတ္တိမွေးကာ ကုချန်ကို မော့ကြည့်ပြီး ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
" အရှင်က ကျွန်မတို့ ချီလျန်မျိုးနွယ်အတွက် ရန်သူကို နှိမ်နင်းပေးခဲ့ပါတယ်... ချီလျန်မျိုးနွယ်တစ်ခုလုံးက အရှင့်ရဲ့ ကျေးဇူးကို ထာဝရ အောက်မေ့နေမှာပါ! "
မိုဟဲအရှင် ရောက်လာခြင်းမှာ အတိအကျ ပြောရလျှင် ကုချန်ကြောင့် ဖြစ်သော်လည်း နောက်ဆုံးတွင် ကုချန်ကိုယ်တိုင်ပင် မိုဟဲအရှင်ကို သတ်ဖြတ်ကာ ချီလျန်မျိုးနွယ်ကို ဘေးဒုက္ခမှ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် တတိယအကြီးအကဲ၏ ကျေးဇူးတင်စကားမှာ ဟန်ဆောင်မှုမပါဘဲ စစ်မှန်လှပေသည်။
တတိယအကြီးအကဲ စကားပြောသည်ကို မြင်သောအခါ အကြီးအကဲ ချီချင်း အပါအဝင် အခြားသော ချီလျန်မျိုးနွယ် အကြီးအကဲများသည်လည်း အိပ်မက်မှ နိုးလာကြသကဲ့သို့ ကုချန်ကို ကျေးဇူးတင်စကားများ ဆိုကြတော့သည်။
" ဒါက ဘာမှမဟုတ်ပါဘူး "
ချီလျန်မျိုးနွယ် အကြီးအကဲများ၏ ကျေးဇူးတင်စကားကို ကုချန်သည် အရေးမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
" ချီလျိုနဲ့ ချီမုန်တို့က ငါ့အပေါ် သစ္စာခံထားကြတာပဲ... ချီလျန်မျိုးနွယ် အခက်အခဲနဲ့ ကြုံလာရင် ငါကိုယ်တိုင် ကာကွယ်ပေးမှာပေါ့ "
" ဟုတ်ကဲ့ပါ..... "
တတိယအကြီးအကဲနှင့် အခြားသူများသည် ရိုသေလေးစားစွာဖြင့် အလျင်အမြန် ပြန်ထူးကြ၏။
ချီလျန်မျိုးနွယ် အကြီးအကဲများ၏ ရိုသေပြီး သတိကြီးစွာ ထားနေကြသော အမူအရာများကို ကြည့်ကာ ကုချန်က အသာအယာ ပြုံးလိုက်သည်။
သူ ချီလျန်မျိုးနွယ်သို့ လာခဲ့သည့် ရည်ရွယ်ချက်မှာ အခြေခံအားဖြင့် အပြည့်အဝ အောင်မြင်သွားပြီ ဖြစ်သည်။
ရှီမိုကောင်းကင်၏ ခြိမ်းခြောက်မှုကို အသုံးပြုကာ ချီလျန်မျိုးနွယ်၏ သစ္စာရှိမှုကို စမ်းသပ်နိုင်ခဲ့ရုံသာမက၊ သူ၏ စွမ်းအားကို ထုတ်ပြလိုက်ခြင်းဖြင့် ချီလျန်မျိုးနွယ်တစ်ခုလုံးကို အကြွင်းမဲ့ အံ့သြတုန်လှုပ်သွားစေကာ အနာဂတ်တွင် သူတို့ဘက်မှ အခြားစိတ်ကူးများ မရှိလာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဟုပင် ဆိုရပေလိမ့်မည်။
" ချီလျို ပြန်မရောက်သေးဘူးလား "
ခန်းမအတွင်းရှိ အကြီးအကဲများကို တစ်ချက်ကြည့်ပြီးနောက် ကုချန်သည် ချီမုန်ကို လှည့်၍ မေးမြန်းလိုက်သည်။
" အရှင်သခင်ကို တင်ပြပါရစေ... ကျွန်မ အမေနဲ့ ဆက်သွယ်ကြည့်ပေမဲ့ သူ ပြန်မဖြေပါဘူး... သူက အခု နတ်ဘုရားသတ္တုကို လုယူဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေလို့ ဖြစ်ပါလိမ့်မယ်... မကြာခင် ပြန်လာမှာပါ "
ချီမုန်သည် အလျင်အမြန် ပြန်ဖြေ၏။
မိုဟဲအရှင် ရောက်လာစဉ်က ချီမုန်သည် ချီလျိုနှင့် ထပ်မံဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဘာတုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
ထိုစဉ်က အခြေအနေမှာ အလွန်ပင် အရေးကြီးနေသဖြင့် ချီမုန်လည်း ထပ်မံမဆက်သွယ်ဖြစ်တော့ပေ။
ထိုအချိန်တွင် ချီလျိုဘက်မှ တုံ့ပြန်မှု မရှိခြင်းမှာ ချီမုန်ကို အနည်းငယ် စိုးရိမ်စေခဲ့သော်လည်း မျိုးနွယ်စုတစ်ခုလုံး ပျက်စီးတော့မည့် ဘေးဒုက္ခနှင့် ရင်ဆိုင်နေရချိန်တွင် ထိုစိုးရိမ်စိတ်မှာ ပျောက်ကွယ်သွားခဲ့ရသည်။
အမေ တစ်ခုခုများ ဖြစ်နေတာလား.....
မဖြစ်နိုင်ပါဘူး။ မင်ဟဲဘိုးဘေးက အစွမ်းထက်တယ် ဆိုပေမဲ့ အမေကလည်း အင်မော်တယ်အဆင့် တစ်ဦးပဲလေ။ ပြီးတော့ ဘိုးဘေးချီရှောင်းရဲ့ လမ်းညွှန်မှုတွေကိုလည်း အကြိမ်ကြိမ် ရထားတာဆိုတော့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မင်ဟဲဘိုးဘေးကို ကြောက်နေစရာ မလိုပါဘူး။
အမေက နတ်ဘုရားသတ္တု လုယူနေတဲ့ တိုက်ပွဲအရှိန် ပြင်းထန်နေလို့ ပြန်မဖြေနိုင်တာပဲ ဖြစ်မှာပါ။
ချီမုန်သည် သူ၏စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်နေမိသည်။
" အင်း "
ကုချန်သည် ခေါင်းကို အသာအယာ ညိတ်လိုက်ကာ ထိုကိစ္စကို စိတ်ထဲ သိပ်မထားတော့ပေ။
ထိုစဉ်မှာပင် အောက်ဘက်ရှိ အကြီးအကဲ ချီချင်းသည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးနောက် သတိကြီးစွာဖြင့် စကားစလာသည်။
" အရှင်က မိုဟဲအရှင်ကို သတ်ပြီး ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ လတ်တလော အန္တရာယ်ကို ဖြေရှင်းပေးခဲ့ပါတယ်... ဒါပေမဲ့ မိုဟဲအရှင်က ရှီမိုကောင်းကင်နဲ့ ရှီမိုကောင်းကင်အရှင်ရဲ့ လက်အောက်ခံ မဟုတ်လား... သူ သေသွားတဲ့ သတင်း ရှီမိုကောင်းကင်ကို ရောက်သွားရင် ရှီမိုကောင်းကင်က ဒီအတိုင်း မလွှတ်ထားမှာကို စိုးရိမ်မိပါတယ်..... "
ဤစကားကို ကြားလိုက်ရသည်နှင့် စိတ်သက်သာရာ ရနေကြသော ချီလျန်မျိုးနွယ် အကြီးအကဲများ၏ စိတ်ထဲတွင် ပြန်လည် တင်းမာသွားကြပြန်သည်။
မှန်ပေသည်။ မိုဟဲအရှင် သေဆုံးသွားပြီ ဖြစ်သော်လည်း သူ၏ နောက်ကွယ်တွင် ရှီမိုကောင်းကင် ရှိနေသေး၏။
ကုချန်မှ မိုဟဲအရှင်ကို အလွယ်တကူ သတ်ဖြတ်လိုက်ခြင်းမှာ ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်ခဲ့သော်လည်း.....
နှစ်ပေါင်းသောင်းချီတိုင်အောင် ချီလျန်မျိုးနွယ်ကို စိုးရိမ်ထိတ်လန့်စေခဲ့သည်မှာ နတ်ဆိုးအရှင်သခင် တစ်ဦး၊ နှစ်ဦးမျှ မဟုတ်ဘဲ သူတို့၏ နောက်ကွယ်မှ ရှီမိုကောင်းကင်နှင့် အထက်တွင် မြင့်မြတ်စွာ တည်ရှိနေသော ရှီမိုကောင်းကင်အရှင် ဖြစ်ပေသည်။
အကယ်၍ အင်မော်တယ်ဘုရင်တစ်ပါး မဟုတ်လျှင် ချီလျန်မျိုးနွယ်အပေါ် ဤမျှ ကြီးမားသော ဖိအားမျိုးကို မည်သို့ ပေးနိုင်ပါမည်နည်း။
အမှန်တကယ်တော့ ရှီမိုကောင်းကင်အရှင်အနေဖြင့် သူ၏သိက္ခာနှင့် သြဇာလွှမ်းမိုးမှုကိုသာ ဂရုမစိုက်ခဲ့လျှင် ချီလျန်မျိုးနွယ်ကို လွန်ခဲ့သော အချိန်ကတည်းက အလွယ်တကူ ရှင်းထုတ်ပစ်နိုင်ခဲ့ပြီး ဖြစ်လိမ့်မည်။
ယခုအခါ မိုဟဲအရှင် သေဆုံးသွားပြီဖြစ်ရာ ချီလျန်မျိုးနွယ်နှင့် ရှီမိုကောင်းကင်ကြားတွင် ပြန်လည်စေ့စပ်ရန် လမ်းစ မရှိတော့ပေ။
ရှီမိုကောင်းကင်အရှင်သည် သြဇာလွှမ်းမိုးမှုကို ဂရုမစိုက်တော့ဘဲ ချီလျန်မျိုးနွယ်အပေါ် ရက်စက်စွာ အရေးယူလာနိုင်ပေသည်။
ချီမုန်၏ အရှင်သခင်သည် နတ်ဆိုးအရှင်သခင် တစ်ဦးကို အလွယ်တကူ သတ်နိုင်သည် ဆိုသော်လည်း သူ့၌ အင်မော်တယ်ဘုရင်အဆင့် စွမ်းအားမျိုး ရှိချင်မှ ရှိပေလိမ့်မည်။
နတ်ဆိုးအရှင်သခင် တစ်ဦးကို အလွယ်တကူ သတ်နိုင်ခြင်းနှင့် အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည် ရှိခြင်းမှာ လုံးဝ ကွဲပြားသော အယူအဆ နှစ်ခု ဖြစ်သည်။
နတ်ဆိုးအရှင်သခင်ကို သတ်နိုင်ခြင်းမှာ အထက်တန်းစား နတ်ဆိုးအရှင်သခင်အဆင့် အချို့သာ လုပ်ဆောင်နိုင်ကြသည်။
သို့သော် အင်မော်တယ်ဘုရင် ဆိုသည်မှာမူ နတ်ဆိုးလောကတစ်ခုလုံးကို အထက်မှ ငုံ့ကြည့်နိုင်သော အမြင့်ဆုံး တည်ရှိမှုမျိုး ဖြစ်သည်။
နတ်ဆိုးအရှင်သခင်ကို ရင်ဆိုင်ရာတွင် ကုချန်သည် အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။
သို့သော် ရှီမိုကောင်းကင်အရှင်နှင့်သာ ရင်ဆိုင်ရလျှင်ကော.....
ဤသို့ တွေးမိသည်နှင့် ချီလျန်မျိုးနွယ် အကြီးအကဲ အားလုံး၏ စိတ်ထဲတွင် ပြန်လည် စိုးရိမ်ပူပန်လာကြပြန်သည်။ ချီချင်း၏ သတိပေးချက်သည် ချီလျန်မျိုးနွယ်၏ ဘေးအန္တရာယ်မှာ မပြီးဆုံးသေးကြောင်း သူတို့ကို သတိဝင်သွားစေသည်။
" ကျွန်မရဲ့ အမြင်အရတော့ ရှီမိုကောင်းကင်ဘက်က ဘာမှ မလုပ်ရသေးခင်မှာပဲ ချီလျန်မျိုးနွယ်အနေနဲ့ ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးကြတာ ပိုကောင်းပါလိမ့်မယ်... ချောက်နက် နတ်ဆိုးနယ်မြေကို တိုက်ရိုက်သွားပြီး နယ်မြေနှစ်ခုကြားက ချောက်နက်ကြီးကို ဖြတ်ကျော်ပြီး နတ်ဆိုးနယ်မြေကနေ ထွက်ပြေးကြရအောင်! "
ကုချန် စကားမပြောရသေးမီမှာပင် တတိယအကြီးအကဲသည် ရုတ်တရက် ရှေ့ထွက်ကာ လူတိုင်းကို အံ့အားသင့်သွားစေမည့် စကားများကို ပြောဆိုလိုက်သည်။
နတ်ဆိုးနယ်မြေကို သစ္စာဖောက်ပြီး ထွက်ပြေးမလို့လား။
လူတိုင်း၏စိတ်ထဲတွင် ဤသို့ တွေးမိဖူးကြသည်မှာ အမှန်ပင်။ သို့သော် ယခုအခါ ချီလျန်မျိုးနွယ်၏ ဘေးအန္တရာယ်မှာ ခေတ္တ ငြိမ်သက်သွားပြီဖြစ်ရာ ရှီမိုကောင်းကင်ကို မည်မျှပင် သည်းမခံနိုင်တော့သည်ဖြစ်စေ နတ်ဆိုးနယ်မြေကို စွန့်ခွာပြီး သစ္စာဖောက် ထွက်ပြေးသည်အထိတော့ မဖြစ်သင့်သေး.....
လူတိုင်း၏ တွန့်ဆုတ်နေသော အမူအရာများကို မြင်သောအခါ တတိယအကြီးအကဲသည် ကုချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ကုချန်ဘက်မှ စကားပြောရန် အစီအစဉ် မရှိသည်ကို မြင်သောအခါ သူသည် သွားကို တင်းတင်းစေ့ကာ ဆက်ပြောလိုက်သည်။
" ရှင်တို့တွေက စိတ်ကူးယဉ်နေတုန်းပဲလား... ချီလျန်မျိုးနွယ်ဟာ အခု ရှီမိုကောင်းကင်ကို လုံးဝ အကြီးအကျယ် စော်ကားလိုက်ပြီ... ရှီမိုကောင်းကင်အရှင်က ကျွန်မတို့ ချီလျန်မျိုးနွယ်အပေါ် သူ့ရဲ့ ဒေါသတွေကို ပုံချလာဖို့က အချိန်တစ်ခုပဲ လိုတာ.....
အဲဒီအချိန်ကျရင် ကျွန်မတို့ ချီလျန်မျိုးနွယ်က ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေကနေ ထွက်သွားရင်တောင်... ရှီမိုကောင်းကင်ကနေ ထွက်သွားရင်တောင် ဘာထူးမှာလဲ.....
ဒီကျယ်ပြောလှတဲ့ နတ်ဆိုးနယ်မြေထဲမှာ ငါတို့ ချီလျန်မျိုးနွယ်အတွက် နေရာတစ်ခုတောင် ကျန်တော့လို့လား.....
တခြား နတ်ဆိုးကောင်းကင်တွေကို ထွက်ပြေးသွားရင်တောင် တခြား နတ်ဆိုးကောင်းကင်အရှင်တွေက ရှီမိုကောင်းကင်အရှင်ကို ဆန့်ကျင်ပြီး ကျွန်မတို့ ချီလျန်မျိုးနွယ်ကို ဘာလို့ ကာကွယ်ပေးမှာလဲ.....
ကျွန်မတို့ ချီလျန်မျိုးနွယ်မှာ တခြား နတ်ဆိုးကောင်းကင်အရှင်တွေ ကာကွယ်ပေးချင်လာအောင် ပေးစရာ ဘာမှ မကျန်တော့ဘူးဆိုတာ ရှင်တို့ သိကြပါတယ်.....
ဒီအခြေအနေမှာ ပြောစမ်းပါဦး... နတ်ဆိုးနယ်မြေကို သစ္စာဖောက်ပြီး ထွက်ပြေးတာကလွဲလို့... ကျွန်မတို့ ချီလျန်မျိုးနွယ်မှာ တခြား ဘာရွေးချယ်စရာ ရှိသေးလို့လဲ "
တတိယအကြီးအကဲ၏ စကားများသည် ခန်းမအတွင်းရှိ ချီလျန်မျိုးနွယ် အကြီးအကဲတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားကာ သူတို့၏ စိတ်ထဲတွင် ကျန်ရှိနေသေးသော နောက်ဆုံး တွန့်ဆုတ်မှုနှင့် စိတ်ကူးယဉ်မှုများကို ဆွဲခွာဖျက်ဆီးပစ်လိုက်တော့သည်။
မှန်ပေသည်။ ဤကျယ်ပြောလှသော နတ်ဆိုးနယ်မြေတွင် ချီလျန်မျိုးနွယ်အတွက် ခြေကုပ်ယူစရာ နေရာ မရှိတော့ပေ။
ရှီမိုကောင်းကင်အရှင်၏ ဒေါသနှင့် ရင်ဆိုင်ရပါက ချီလျန်မျိုးနွယ်သည် အခြားသော နတ်ဆိုးနယ်မြေသို့ ထွက်ပြေးလျှင်ပင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အခြားသော နတ်ဆိုးနယ်မြေအရှင်များသည် ဘာမျှမရှိတော့သော ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးရန်အတွက် ရှီမိုကောင်းကင်အရှင်နှင့် ရန်သူ မဖြစ်လိုကြမည်မှာ သေချာသောကြောင့်ပင်။
ထို့ကြောင့် ထိုအချိန်ကျလျှင် ချီလျန်မျိုးနွယ်အတွက် ပြေးစရာ မြေမရှိတော့ဘဲ ဤကျယ်ပြောလှသော နတ်ဆိုးနယ်မြေတစ်ခုလုံးမှာ သူတို့အတွက် သေတွင်းကြီးပမာ ဖြစ်နေပေလိမ့်မည်။
တစ်ခုတည်းသော ထွက်ပေါက်မှာ နတ်ဆိုးနယ်မြေကို သစ္စာဖောက်ကာ ဟွမ်သွမ့်ပင်လယ်ထဲသို့ ထွက်ပြေးရန်သာ ရှိသည်။ ထိုမှသာ ချီလျန်မျိုးနွယ်ကို ကာကွယ်နိုင်ကာ မျိုးနွယ်စုအတွက် မျှော်လင့်ချက် အလင်းရောင်တစ်ခုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
ခဏချင်းမှာပင် ခန်းမအတွင်းရှိ အနည်းငယ် ပေါ့ပါးနေသော အငွေ့အသက်မှာ ပြန်လည် လေးလံသွားပြန်၏။
ကုချန်သည် အကြီးအကဲနေရာတွင် မြင့်မြတ်စွာ ထိုင်နေလျက် တတိယအကြီးအကဲ၏ စကားများကို နားထောင်ပြီးနောက် မျက်နှာပေါ်တွင် နောက်ပြောင်ကျီစယ်သော အပြုံးတစ်ခု ပေါ်လာတော့၏။
တတိယအကြီးအကဲ၏ ဆိုလိုရင်းမှာ သူ့အနေဖြင့် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် ရှီမိုကောင်းကင်အရှင်ကို ယှဉ်၍ ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးနိုင်လောက်အောင် မလုံလောက်သေးဟု ယူဆနေသည်မှာ သိသာလှပေသည်။
အခန်း ( ၂၉၂ ) - အားလုံးမှာ ပုရွက်ဆိတ်များသာ၊ အရှင်ငါးဦး ဆင်းသက်လာခြင်းနှင့် ဓားဖြင့် ယဇ်ပူဇော်မှု ပြီးဆုံးခြင်း
" အရှင်... လက်ရှိ အစီအစဉ်အရဆိုရင် အရှင်အနေနဲ့ ကျွန်မတို့ ချီလျန်မျိုးနွယ်နဲ့အတူ နတ်ဆိုးနယ်မြေကနေ ချက်ချင်းထွက်ခွာပြီး ဟွမ်သွမ့်ပင်လယ်ထဲကို ဝင်ရောက်တာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်... နောင်တစ်ချိန်မှာ အရှင် အင်မော်တယ်ဘုရင်အဆင့်ကို တကယ်ပဲ တက်လှမ်းနိုင်တဲ့အချိန်ကျမှ ကျွန်မတို့ ချီလျန်မျိုးနွယ် နတ်ဆိုးနယ်မြေကို ပြန်လာဖို့က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ် "
တတိယအကြီးအကဲသည် ကုချန်ကိုကြည့်ကာ ရိုသေစွာ ပြောဆိုလိုက်သည်။
သူ၏အမြင်အရ ကုချန်သည် လက်ရှိတွင် ရှီမိုကောင်းကင်အရှင်ကို ရင်ဆိုင်နိုင်စွမ်း မရှိသေးသော်လည်း ကုချန်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် အနာဂတ်တွင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ အချိန်တစ်ခုသာ လိုတော့သည်ဟု ယူဆထားခြင်း ဖြစ်သည်။
အသက်ရှင်နေမှသာ မျှော်လင့်ချက် ရှိပေလိမ့်မည်။
အနာဂတ်တွင် ကုချန် အင်မော်တယ်ဘုရင် ဖြစ်လာမှသာလျှင် ချီလျန်မျိုးနွယ်သည် ရှီမိုကောင်းကင်အရှင်၏ ခြိမ်းခြောက်မှုကို မကြောက်ရဘဲ နတ်ဆိုးနယ်မြေတွင် ဗြောင်ကျကျ ရှင်သန်နိုင်မည် ဖြစ်သည်။
သို့သော် ထိုအချိန်မတိုင်မီတွင်မူ အခြေအနေကို ခေတ္တရှောင်ရှားပြီး ဟွမ်သွမ့်ပင်လယ်ထဲသို့ ဆုတ်ခွာခြင်းက အမှန်ကန်ဆုံးသော ရွေးချယ်မှုပင် ဖြစ်သည်။
တတိယအကြီးအကဲ၏ တောင်းဆိုမှုကို ကုချန်သည် စိတ်လှုပ်ရှားခြင်းမရှိစွာ နားထောင်နေ၏။ သူသည် လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားရင်း အေးစက်စွာ ပြောကြားလိုက်သည်။
" တကယ်လို့ ရှီမိုကောင်းကင်အရှင် ကိုယ်တိုင်လာရင်တောင် ငါကိုယ်တော်က မကြောက်ဘူးလို့ ပြောရင်ကော "
ချီလျန်မျိုးနွယ်သို့ မလာမီကပင် ကုချန်သည် သူ၏စိတ်ထဲတွင် သေချာတွက်ချက်ထားပြီးသား ဖြစ်သည်။ သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်လိုက်မည်ဆိုလျှင် အင်မော်တယ်ဘုရင်တစ်ပါးနှင့် ယှဉ်နိုင်ပေသည်။
ထို့အပြင် ကုချန်၏ လက်ထဲတွင် 'ကံကြမ္မာပြောင်းပြန်လှန် ဖယောင်းတိုင်' ဟူသော ဝှက်ဖဲလည်း ရှိနေသေးသည် မဟုတ်ပါလော။
ဤသို့ဆိုလျှင် သူသည် ရှီမိုကောင်းကင်အရှင်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။
ထွက်ပြေးရမည်လော။
ကုချန်၏ အဘိဓာန်တွင် 'ထွက်ပြေးခြင်း' ဟူသော စကားလုံး လုံးဝ မရှိပေ။
ကုချန်၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏စကားများမှာ တိုင်ပင်ဆွေးနွေးရာခန်းမအတွင်း၌ အကြီးအကျယ် လှုပ်ခတ်သွားစေသည်။
ရှီမိုကောင်းကင်အရှင် ကိုယ်တိုင်လာရင်တောင် မကြောက်ဘူး ဟုတ်လား။
ဒါက.....
တတိယအကြီးအကဲသည် ချီချင်းနှင့် အခြားသူများကို မယုံကြည်နိုင်သော အကြည့်များဖြင့် လှည့်ကြည့်လိုက်သည်။
ချီမုန်ရဲ့ အရှင်သခင်က တကယ်ပဲ ဒီလောက်အထိ ယုံကြည်မှု ရှိနေတာလား။
သူက ရှီမိုကောင်းကင်အရှင်ကို တကယ်ပဲ ယှဉ်နိုင်မယ်လို့ ထင်နေတာလား။
အဲဒါက မြင့်မြတ်လှတဲ့ အင်မော်တယ်ဘုရင် တစ်ပါးလေ!
" အရှင်... နတ်ဆိုးအရှင်သခင်အဆင့်နဲ့ အင်မော်တယ်ဘုရင်အဆင့်ဆိုတာ ကြည့်ရတာ တစ်ထပ်တည်းလိုလို ဖြစ်နေပေမဲ့ တကယ်တမ်းမှာတော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလှပါတယ်။
ကျွန်မတို့ ချီလျန်မျိုးနွယ်ရဲ့ ဘိုးဘေး ချီရှောင်းဟာ တစ်ချိန်က နတ်ဆိုးအရှင်သခင် အထွက်အထိပ်အဆင့်ကို ရောက်ခဲ့ဖူးပါတယ်... ဘိုးဘေးက ပြောခဲ့ဖူးတယ်... သူ့ရဲ့ စွမ်းအားနဲ့ သာမန် နတ်ဆိုးအရှင်သခင်တွေကို နှိမ်နင်းနိုင်ပေမဲ့ ရှီမိုကောင်းကင်အရှင်နဲ့ ရင်ဆိုင်ရရင်တော့ သူ့မှာ အခွင့်အရေး လုံးဝ မရှိဘူးလို့..... "
တတိယအကြီးအကဲသည် အနည်းငယ် လှည့်ပတ်ကာ ပြောဆိုနေသော်လည်း သူ၏ ဆိုလိုရင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။
ယင်းမှာ... အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိဘဲ ရှီမိုကောင်းကင်အရှင်ကို ရင်ဆိုင်ရန် မည်သို့မျှ မဖြစ်နိုင်ဟု ဆိုလိုခြင်းပင်!
ချီလျန်မျိုးနွယ်၏ ဘိုးဘေး ချီရှောင်းသည်ပင် အထွက်အထိပ် နတ်ဆိုးအရှင်သခင် ဖြစ်ခဲ့ပြီး အင်မော်တယ်ဘုရင်အဆင့်နှင့် လက်တစ်လုံးခြားသာ လိုတော့သူ ဖြစ်သည်။
သို့သော် ထိုလက်တစ်လုံးခြား အကွာအဝေးကပင် ချီရှောင်းကို နှစ်ပေါင်းသောင်းချီတိုင်အောင် အခက်တွေ့စေခဲ့ပြီး ချီလျန်မျိုးနွယ်ကိုလည်း ရှီမိုကောင်းကင်အရှင်၏ အရိပ်အောက်တွင် အရှက်တကွဲဖြင့် ရှင်သန်စေခဲ့ခြင်း ဖြစ်သည်။
ဘုရင်အဆင့်ရဲ့ အောက်မှာဆိုရင် အားလုံးဟာ ပုရွက်ဆိတ်တွေပါပဲ!
ဤစကားမှာ ချီရှောင်းမှ ချီလျန်မျိုးနွယ် အကြီးအကဲများကို စိတ်မကောင်းစွာဖြင့် ပြောပြခဲ့ဖူးသော စကားဖြစ်ပြီး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် မည်မျှ ခက်ခဲကြောင်း တတိယအကြီးအကဲနှင့် အခြားသူများကို သိရှိသွားစေခဲ့သည်။
ကုချန်သည် မိုဟဲအရှင်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ယင်းမှာ သူသည် အထွက်အထိပ် နတ်ဆိုးအရှင်သခင်အဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသည်ဟုသာ ဆို၍ရနိုင်ရသည်။ သို့သော် အင်မော်တယ်ဘုရင်နှင့် ယှဉ်ရန်မူ အထွက်အထိပ် နတ်ဆိုးအရှင်သခင် စွမ်းအားရုံဖြင့် မလုံလောက်ပေ!
" အရှင်သခင်က ရှီမိုကောင်းကင်အရှင်ကို ယှဉ်နိုင်တယ်လို့ ပြောရင် သူ တကယ် ယှဉ်နိုင်လို့ပဲ နေမှာပါ "
ထိုစဉ်မှာပင် ချီမုန်သည် ရုတ်တရက် ဝင်ပြောလိုက်၏။ သူ၏အသံမှာ ခိုင်မာနေကာ တတိယအကြီးအကဲ၏ စကားကို ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။
" အကြီးအကဲတို့ အမေ အရင်က မှာခဲ့တာတွေကို မေ့ကုန်ကြပြီလား... အရှင်သခင်က ကျွန်မနဲ့ အမေရဲ့ အရှင်သခင် ဖြစ်ရုံတင်မကဘဲ ကျွန်မတို့ ချီလျန်မျိုးနွယ်တစ်ခုလုံးရဲ့ အရှင်သခင်လည်း ဖြစ်ပါတယ်... ကျွန်မတို့အနေနဲ့ အရှင်သခင်ရဲ့ အမိန့်ကို နာခံရုံပါပဲ... အကြီးအကဲတို့က သူ့ကို သံသယဝင်နေတုန်းလား "
" ဒါပေမဲ့..... "
တတိယအကြီးအကဲသည် တစ်စုံတစ်ခုကို ပြောချင်သေးသော်လည်း ခဏမျှ တွန့်ဆုတ်သွားကာ ဘာမျှ ဆက်မပြောတော့ပေ။
ချီမုန်ပြောသည်မှာ မှန်ကြောင်း သူ သိ၏။ ချီလျန်မျိုးနွယ်သည် ယခုအခါ ကုချန်နှင့် လုံးဝ တစ်သားတည်း ဖြစ်သွားပြီဖြစ်ကာ ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့်ဆိုလျှင် ချီလျန်မျိုးနွယ်တစ်ခုလုံးကို အုပ်ချုပ်နိုင်စွမ်း အပြည့်အဝ ရှိသည်။
ယုတ္တိဗေဒအရ သူ့အနေဖြင့် ကုချန်ကို သံသယ မဝင်သင့်ပေ။
သို့သော် အင်မော်တယ်ဘုရင်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ တတိယအကြီးအကဲ၏ အသိစိတ်ထဲတွင် သံမှိုစွဲသကဲ့သို့ ခိုင်မြဲနေသဖြင့် အင်မော်တယ်ဘုရင်နှင့် ရန်သူဖြစ်ရမည်ဟု တွေးလိုက်တိုင်း သူ့အနေဖြင့် ထိန်းမနိုင်သိမ်းမရသော ထိတ်လန့်မှုကို ခံစားနေရခြင်း ဖြစ်သည်။
တတိယအကြီးအကဲ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဘိုးဘေးပိုင်နယ်မြေ၏ အပြင်ဘက် ဝေးလံသော ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအငွေ့အသက် အရှိန်အဝါ အများအပြား လွင့်ပျံလာသည်ကို သူ ရုတ်တရက် အာရုံခံမိလိုက်သည်။
ထိုအရှိန်အဝါများ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်နှင့်အမျှ အေးစက်ပြီး ရက်စက်လှသော အသံများသည် ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေတစ်ခုလုံးတွင် ဟိန်းထွက်လာတော့သည်။
" ချီလျန်မျိုးနွယ်ဟာ လူသတ်သမားကို လက်ခံထားပြီး ရှီမိုကောင်းကင်ကို သစ္စာဖောက်ခဲ့တယ်... ဒီအပြစ်အတွက် မျိုးဖြုတ်သတ်ရမှာပဲ! "
" ငါ သွေးငရဲနတ်ဆိုးအရှင်သခင်က ချီလျန်မျိုးနွယ်ရဲ့ အပြစ်ကို ကြေညာတယ်... မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ် သတ်စေ! "
" ငါ ရွှမ်းရှနတ်ဆိုးအရှင်သခင်က ချီလျန်မျိုးနွယ်ရဲ့ အပြစ်ကို ကြေညာတယ်... မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ် သတ်စေ! "
ထိုအေးစက်လှသော အသံများထဲတွင် အဆုံးမဲ့သော ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်နေသဖြင့် အဝေးမှ ကြားရသူများပင်လျှင် ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားရကာ သူတို့၏ စိတ်ဝိညာဉ်များပင် အေးခဲသွားကြရသည်။
သွေးငရဲနတ်ဆိုးအရှင်သခင်၊ ရွှမ်းရှနတ်ဆိုးအရှင်သခင်!
ထိုရှေးဟောင်း နတ်ဆိုးအရှင်သခင်များ၏ အမည်များကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ ချီလျန်မျိုးနွယ် အကြီးအကဲ အားလုံး၏ မျက်နှာများမှာ ဖြူလျော့သွားကြပြီး သူတို့၏ ခန္ဓာကိုယ်လေးများမှာလည်း မထိန်းနိုင်အောင် တုန်ယင်လာကြတော့သည်။
လူ၏ အသံထက် နာမည်က အရင်ရောက်သည်ဟု ဆိုရပေမည်။
အမည်ကို ကြေညာလိုက်သော ထိုနတ်ဆိုးအရှင်သခင်များသည် ရှီမိုကောင်းကင်ရှိ ထိပ်တန်း ရှေးဟောင်း နတ်ဆိုးအရှင်သခင်များ ဖြစ်ကြသည်။ သူတို့၏ စွမ်းအားမှာ ကြီးမားလှသဖြင့် ဘိုးဘေး ချီရှောင်း ပြန်လည် ရှင်သန်လာလျှင်ပင် သူတို့နှင့် အဆင့်တူလောက်သာ ရှိပေလိမ့်မည်။
သူတို့အားလုံးမှာ အထွက်အထိပ် နတ်ဆိုးအရှင်သခင်အဆင့်ရှိသူများ ဖြစ်ကြပြီး မိုဟဲအရှင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ!
" ရှီမိုကောင်းကင်က ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ..... "
တတိယအကြီးအကဲ၏ အသံမှာ တုန်ယင်နေ၏။ မိုဟဲအရှင်၏ သတင်းပေးပို့မှုကြောင့် ရှီမိုကောင်းကင်မှ ရှေးဟောင်း နတ်ဆိုးအရှင်သခင် အများအပြားကို တစ်ပြိုင်နက် လွှတ်လိုက်ခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။
သို့သော် ရှီမိုကောင်းကင်သည် ချီလျန်မျိုးနွယ်ကို ဖျက်ဆီးလိုသည့် ဆန္ဒ ဤမျှ ပြင်းထန်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
နတ်ဆိုးအရှင်သခင်များ ချက်ချင်း ဆင်းသက်လာရုံသာမက ရောက်လာသူများမှာလည်း အစွမ်းထက်လှသော ရှေးဟောင်းအရှင်သခင်များ ဖြစ်နေကြရာ ချီလျန်မျိုးနွယ်အတွက် လွတ်လမ်း လုံးဝ မပေးလိုကြသည်မှာ ထင်ရှားလှပေသည်။
တတိယအကြီးအကဲသည် အဓိကနေရာတွင် ထိုင်နေသော ကုချန်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်၏။
ကုချန်၏ အမူအရာမှာမူ လုံးဝ ပြောင်းလဲခြင်း မရှိဘဲ ထိုရှေးဟောင်း နတ်ဆိုးအရှင်သခင်များ ရောက်လာခြင်းမှာ သူ၏ မျက်လုံးထဲတွင် အရေးမပါသော ကိစ္စတစ်ခုကဲ့သို့ပင်။
ရောက်လာသူတွေက အထွက်အထိပ် နတ်ဆိုးအရှင်သခင်အဆင့်က ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေလေ!
အရှင်က ဘာလို့ အမူအရာ လုံးဝ မပျက်ရတာလဲ။ သူက တကယ်ပဲ အင်မော်တယ်ဘုရင်တစ်ပါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလို့လား။
တတိယအကြီးအကဲသည် ထိတ်လန့်တကြား တွေးမိလိုက်၏။
" ဆူညံလိုက်တာ..... "
ကုချန်သည် မျက်ခုံးကို အသာအယာ မြှင့်လိုက်၏။ သူ မိုဟဲအရှင်ကို သတ်ပြီးသည်နှင့် နောက်ထပ် နတ်ဆိုးအရှင်သခင် ငါးဦး ထပ်ရောက်လာပြန်သည်။ ယင်ကောင်များကဲ့သို့ပင် တဝဲဝဲလည်နှင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
ထိုနတ်ဆိုးအရှင်သခင် ငါးဦး၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သက်၍ ကုချန် လုံးဝ ဂရုမစိုက်ပေ။
အထွက်အထိပ် နတ်ဆိုးအရှင်သခင်တွေ ဖြစ်နေရင်ကော ဘာဖြစ်လဲ။ သူတို့က နတ်ဆိုးအရှင်သခင် အဆင့်မှာပဲ ရှိနေတုန်းပဲလေ။
ကုချန်၏ မျက်လုံးထဲတွင်မူ ထိုသွေးငရဲနတ်ဆိုးအရှင်သခင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့မှာ မိုဟဲအရှင်နှင့် ဘာမှ ခြားနားမှု မရှိပေ။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။
ကုချန်သည် ထိုစိတ်အနှောင့်အယှက်ပေးသော ယင်ကောင်များကို ရှင်းပစ်ရန် ပြင်လိုက်သည်။
သို့သော် သူ တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်၏။
ယင်းမှာ 'အဆုံးမဲ့ဓား' မှ နတ်ဘုရားသတ္တုများကို ဝါးမြိုသည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်၍ သူ့ထံသို့ အလွန် ဝမ်းမြောက် စိတ်လှုပ်ရှားဖွယ်ရာ စိတ်အာရုံများကို ပေးပို့နေခြင်း ဖြစ်သည်။
ကုချန် အာရုံခံကြည့်လိုက်သောအခါ အဆုံးမဲ့ဓား၏ လက်ရှိ အခြေအနေမှာ သာမန် နတ်ဘုရားလက်နက်များထက် များစွာ သာလွန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ အင်မော်တယ်ဘုရင်အဆင့် လက်နက်တစ်ခုနှင့် မယှဉ်နိုင်လျှင်တောင် သိပ်ပြီး ကွာခြားတော့မည် မဟုတ်ပေ။
ဤသို့ဆိုလျှင် ဤကောင်များကို အသစ်ပြုပြင်ထားသော အဆုံးမဲ့ဓား၏ ထက်မြက်မှုကို စမ်းသပ်ရန်အတွက် အသုံးပြုရပေတော့မည်။