အခန်း (၂၉၅-၂၉၆)
Vol. 22 Ch. 295-296
အခန်း ( ၂၉၅ ) - အားလုံးက အတုအယောင်တွေ၊ ငါလည်း အထိခံလိုက်ရပြီ၊ ငါးယောက်စလုံး အသတ်ခံလိုက်ရခြင်း
သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့သည် ဆွံ့အလျက် မှင်သက်သွားကြလေသည်။
သူတို့သည် မူလက တစ်ယောက်ကို စတေးကာ ကျန်တစ်ယောက်မှာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးရန် ပြင်ဆင်ထားကြခြင်းဖြစ်သည်။ ထိုထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားဓားသည် မည်သူ့နောက်သို့ လိုက်မည်ဆိုသည်မှာ ကံတရားအပေါ်၌သာ မူတည်ပေသည်။
ဓား၏လိုက်ခြင်း မခံရသူမှာ ထိုအချိန်အတွင်း ထွက်ပြေးလွတ်မြောက်ကာ အသက်ချမ်းသာရာ ရနိုင်ကောင်း၏။
ဤသည်မှာ အင်မော်တယ်နတ်ဆိုးအရှင် အထွတ်အထိပ်အဆင့် နှစ်ဦး၏ ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ လက်နက်နှင့် နှိုင်းယှဉ်နိုင်သော ထိုထိတ်လန့်ဖွယ် နတ်ဘုရားလက်နက်ကို ရင်ဆိုင်ရာတွင် နှစ်ယောက်လုံး ဆုတ်ခွာနိုင်ရန်မှာ မဖြစ်နိုင်မှန်း သူတို့သိကြသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်ဖြစ်စေ အသက်ရှင်လျက် ထွက်ပြေးနိုင်ရန်အတွက် ဤနောက်ဆုံးနည်းလမ်းကိုသာ အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ဖြစ်ရပ်များ၏ တိုးတက်ပြောင်းလဲမှုမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။
ထိုထိတ်လန့်ဖွယ် နတ်ဘုရားဓားသည် အမှန်တကယ်ပင် ကိုယ်ပွားဖန်တီးနိုင်စွမ်း ရှိနေပြီး ကွဲထွက်သွားသော ဓားနှစ်လက်မှာလည်း အစစ်နှင့် အတုအယောင်ဟူ၍ ခွဲခြား၍မရနိုင်ချေ။ ၎င်းတို့သည် လေဟာနယ်ထဲတွင် ဆိုင်းငံ့ထားသော အင်မော်တယ်ဘုရင်လက်နက် နှစ်လက်ကဲ့သို့ပင် ဖြစ်နေရာ ဤသည်မှာ မည်သို့မျှ နားမလည်နိုင်စရာပင်။
သူတို့အရှင်သခင်၏ အင်မော်တယ်ဘုရင်လက်နက်မှာပင် ဤမျှထိတ်လန့်ဖွယ် စွမ်းဆောင်ရည်မျိုး မရှိနိုင်သည် မဟုတ်ပါလော။
ဤသည်မှာ လက်နက်တစ်ခုနှင့် မတူတော့ဘဲ သက်ရှိသတ္တဝါတစ်ဦးနှင့်ပင် တူနေတော့သည်။
ချီလျန်မျိုးနွယ်၏ ဘိုးဘေးနယ်မြေအတွင်းရှိ အစည်းအဝေးခန်းမထဲတွင်မူ.....
အဆုံးမဲ့ဓားမှာ ရုတ်တရက် နှစ်ခြမ်းကွဲသွားလျက် သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့နောက်သို့ တစ်ပြိုင်နက်တည်း လိုက်လံဖမ်းဆီးသည်ကို မြင်သောအခါ ကုချန်သည် အနည်းငယ်မျှပင် အံ့ဩခြင်းမရှိဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ အရာအားလုံးမှာ သူ၏ တွက်ချက်မှုအတွင်း၌သာ ရှိနေသကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့ဓားအား သွန်းလုပ်စဉ်က ‘ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း’ မှ သူ၏ တာအိုအမြင်အချို့ကို ဓားထဲသို့ ထည့်သွင်းပေးခဲ့သောကြောင့်ပင် ဖြစ်သည်။
အကယ်၍သာ သာမန်ကိုယ်ပွားနည်းလမ်းကို နတ်ဘုရားလက်နက်အတွင်း ထည့်သွင်းခဲ့မည်ဆိုလျှင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လက်နက်ဆိုသည်မှာ သက်မဲ့အရာဝတ္ထုဖြစ်၍ ထိုကဲ့သို့သော နည်းလမ်းများကို သင်ယူနိုင်စွမ်း မရှိသောကြောင့်တည်း။
သို့သော် ‘ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း’ ပညာရပ်မှာမူ ကွဲပြားခြားနားလှသည်။
ကုချန်သည် သူ၏အမြင်အမျိုးမျိုးကို အဆုံးမဲ့ဓားထဲသို့ ထည့်သွင်းလိုက်သောအခါ အဆုံးမဲ့ဓားသည်လည်း ထိုနည်းလမ်းကို သင်ယူလိုက်နိုင်ကြောင်း အံ့ဩဖွယ် တွေ့ရှိခဲ့ရသည်။
သို့သော်လည်း ကုချန် တတ်မြောက်ထားသော ‘ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း’ ပညာရပ် အပြည့်အစုံနှင့် မတူဘဲ အဆုံးမဲ့ဓား၏ နည်းလမ်းမှာ တိုက်ပွဲအတွင်း ခေတ္တခဏသာ တူညီသော စွမ်းအားရှိသည့် ဓားခန္ဓာကိုယ်နှစ်ခုအဖြစ် ခွဲထွက်နိုင်ခြင်းဖြစ်ပြီး အချိန်အနည်းငယ်ကြာလျှင် ပြန်လည်ပျောက်ကွယ်သွားမည်ဖြစ်သည်။
သို့သော် ကုချန်အတွက်မူ ဤသည်မှာ လုံလောက်နေပြီ ဖြစ်သည်။
“ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်းကင်ကျောက်စာတိုင်ပေါ်မှာ မှတ်တမ်းတင်ထားတဲ့ နည်းလမ်းတွေက တကယ်ကို နက်နဲလွန်းလှတယ်... အဲဒီထဲက တစ်ခုခုကို အပြင်ထုတ်လိုက်ရုံနဲ့တင် ကောင်းကင်ဘုံအလုံးစုံမှာရှိတဲ့ သက်ရှိတွေဟာ အရိပ်အယောင်တောင် မြင်နိုင်မှာ မဟုတ်ဘူး ”
ကုချန်သည် အသာအယာ ရေရွတ်လိုက်မိ၏။
ထိုအချိန်တွင် ကောင်းကင်ထက်၌ နှစ်ခြမ်းကွဲသွားသော အဆုံးမဲ့ဓားမှာ မျက်တောင်တစ်ခတ်အတွင်း၌ပင် သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့အား အလွယ်တကူ မှီသွားလေတော့သည်။
" ဝီ... ဝီ! "
အဆုံးမဲ့ဓားသည် တုန်ခါသွားကာ ၎င်း၏ဓားဖျားများမှာ မျက်နှာဖြူဖျော့လျက်ရှိနေသော သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့အား ချိန်ရွယ်ထားကာ “ ပြေးစမ်းပါဦး... ဘာလို့ ဆက်မပြေးတော့တာလဲ ” ဟု လှောင်ပြောင်နေသကဲ့သို့ပင်။
“ ငါမယုံဘူး! ဒါက လှည့်စားမှုပဲ ဖြစ်ရမယ် ဒီဓားတွေထဲက တစ်လက်က အတုဖြစ်ရမယ်! ”
အရေးကြုံလာသောအခါ ရွှမ်းရှနတ်ဆိုးအရှင်သခင်သည် ကျယ်လောင်စွာပင် ဟိန်းဟောက်လိုက်၏။ သူသည် နီးကပ်လာသော အဆုံးမဲ့ဓားကို စိုက်ကြည့်လျက် သွားကိုတင်းတင်းကြိတ်ကာ ရှေ့သို့ ဆက်လက်ထွက်ပြေးနေခဲ့သည်။ ဓားကို ရင်ဆိုင်ခုခံရန် စိတ်ကူးပင် မရှိချေ။
ရွှမ်းရှနတ်ဆိုးအရှင်သခင်၏ စကားကို ကြားသောအခါ ရပ်တန့်၍ ခုခံရန် ပြင်နေသော သွေးငရဲနတ်ဆိုးအရှင်သည်လည်း အားတက်သွားကာ နောက်သို့လှည့်၍ ဆက်လက်ထွက်ပြေးတော့သည်။
အင်မော်တယ်ဘုရင်လက်နက်၏ လိုက်လံဖမ်းဆီးမှုအတွင်း သူတို့ လုံးဝမလွတ်မြောက်နိုင်ကြောင်း သူတို့ကိုယ်တိုင် ကောင်းစွာသိကြသည်။
ရင်ဆိုင်ခုခံခြင်းဆိုသည်မှာ ရေငတ်ပြေရန် အဆိပ်သောက်သကဲ့သို့ ခေတ္တမျှသာ ဆိုင်းငံ့ထားနိုင်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ယခုရှိနေသော တစ်ခုတည်းသော နည်းလမ်းမှာ လောင်းကြေးထပ်ရန်သာ ဖြစ်သည်။
ခွဲထွက်သွားသော ဓားနှစ်လက်ထဲမှ တစ်လက်မှာ အတုသာဖြစ်မည်ဟု လောင်းကြေးထပ်လိုက်ခြင်းပင်။
အကယ်၍သာ မှန်ကန်ခဲ့လျှင် တစ်ဦးတစ်ယောက်မှာ အသက်ရှင်နိုင်ပေမည်။
“ ငါမယုံဘူး! ငါတို့အရှင်သခင်ရဲ့ အင်မော်တယ်ဘုရင်လက်နက်မှာတောင် ဒီလိုစွမ်းရည်မျိုး မရှိဘူး... တခြားအင်မော်တယ်ဘုရင်တွေရဲ့ လက်နက်တွေမှာလည်း ဒီလိုထူးဆန်းတဲ့ အပြောင်းအလဲမျိုး မကြားဖူးပါဘူး... အတုပဲ... အတုဖြစ်ရမယ်! ”
ရွှမ်းရှနတ်ဆိုးအရှင်သခင်သည် ရူးသွပ်နေသော မျက်နှာဖြင့် တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
၎င်းမှာ တာအိုဓား၏ အရိပ်အယောင်မျှသာဖြစ်၍ သူ၏ တာအိုနှလုံးသားကို မနှောင့်ယှက်နိုင်ဟု သူယုံကြည်နေမိသည်။
“ အတုတွေ... အားလုံးက အတုတွေပဲ! ”
ဆန့်ကျင်ဘက်အရပ်တွင် သွေးငရဲနတ်ဆိုးအရှင်သည်လည်း ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။
သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့မှာ အသက်လုထွက်ပြေးနေ၍ ပြန်လည်ခုခံရန် စိတ်မကူးသည်ကို မြင်သောအခါ အဆုံးမဲ့ဓားမှာ ပျင်းရိသွားပုံရကာ ဒေါသတကြီး အသံမြည်ဟည်းလိုက်ပြီးနောက် ကမ္ဘာကြီးကို တုန်ခါစေမည့် လက်တံရှည်ကြီးတစ်ခုကဲ့သို့ သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့၏ ခန္ဓာကိုယ်ကို တစ်ခဏချင်းအတွင်း ထိုးဖောက်သွားလေတော့သည်။
" ဝှစ်! "
လျင်မြန်စွာ ထိုးဖောက်လိုက်ပြီးနောက် အဆုံးမဲ့ဓားသည် ပြန်လည်ရောက်ရှိလာကာ လေဟာနယ်အတွင်း၌ တစ်လက်တည်းအဖြစ် ပြန်လည်ပေါင်းစည်းသွား၍ ချီလျန်မျိုးနွယ်၏ ဘိုးဘေးနယ်မြေအတွင်းသို့ ပြန်လည်ကျဆင်းသွားလေသည်။ ၎င်းသည် သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့အား ငဲ့ပင် မကြည့်တော့ချေ။
“ ဒါက... အစစ်ပဲ ”
သွေးငရဲနတ်ဆိုးအရှင်၏ ခန္ဓာကိုယ်မှာ လေဟာနယ်ထဲတွင် တောင့်တင်းသွားလေသည်။ သူသည် မိမိ၏ ရင်ဘတ်ကို ငုံ့ကြည့်လိုက်ရာ ကြီးမားသော အပေါက်အပြဲကြီးတစ်ခုကိုသာ မြင်လိုက်ရတော့သည်။ အပေါက်ဝရှိ အသားစများထဲတွင် ထက်ရှသော ဓားချီများ လှည့်ပတ်စီးဆင်းနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသွေးအသား အားလုံးကို ဖျက်ဆီးပစ်နေတော့သည်။
သူ့နောက်သို့ လိုက်လာသော နတ်ဘုရားဓားမှာ အစစ်အမှန် ဖြစ်နေပေသည်။
သွေးငရဲနတ်ဆိုးအရှင်၏ နှလုံးသားမှာ မှောင်မိုက်သွားကာ သူ ဆက်လက်အသက်ရှင်ရန် မဖြစ်နိုင်တော့မှန်း သိလိုက်ရသည်။
ဓားကိုယ်ထည် သူ၏အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားစဉ်ကပင် အဆုံးမဲ့ထက်ရှလှသော ဓားချီများသည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဆွဲဖြဲပစ်လိုက်ပြီဖြစ်ရာ အသက်ရှင်သန်ရန် အစအနပင် မကျန်တော့ပေ။
သူ့နောက်ကို လိုက်လာတဲ့ဓားက အစစ်ဆိုရင်... ရွှမ်းရှနောက်ကို လိုက်သွားတဲ့ဓားကတော့ အတုဖြစ်မှာပါ... ဟုတ်တယ်မလား?
သူ သေဆုံးရတော့မည်ဖြစ်သော်လည်း ရွှမ်းရှသာ ရှီမိုကောင်းကင်သို့ ပြန်လည်ရောက်ရှိပြီး အရှင်သခင်အား ဤအကြောင်းများကို တင်ပြနိုင်လျှင် အရှင်သခင်ကိုယ်တိုင်လာရောက်၍ သူ့အတွက် ကူစားပေးပေလိမ့်မည်။
ထိုသို့တွေးရင်း သွေးငရဲနတ်ဆိုးအရှင်သည် ရွှမ်းရှနတ်ဆိုးအရှင်သခင်ရှိရာဘက်သို့ ခက်ခဲစွာ လှည့်ကြည့်လိုက်မိသည်။
သို့သော် သူမြင်လိုက်ရသော မြင်ကွင်းမှာ သူ၏ မျှော်လင့်ချက်များကို လုံးဝ ပျောက်ဆုံးသွားစေခဲ့၏။
“ ငါ... ငါလည်း ခံလိုက်ရပြီ..... ”
ရွှမ်းရှနတ်ဆိုးအရှင်သခင်သည်လည်း သူ့ကဲ့သို့ပင် လေဟာနယ်ထဲတွင် တောင့်တင်းနေလျက် ရင်ဘတ်တွင်လည်း ထိုးဖောက်ခြင်းခံထားရသော အပေါက်ကြီးတစ်ခုနှင့် ဖြစ်နေလေ၏။ ထက်ရှသော ဓားချီများသည် ရွှမ်းရှ၏ အသားစများအတွင်း ရွေ့လျားနေကာ သူ၏ ဇီဝအသက်ဓာတ်အားလုံးကို ချေမှုန်းနေသည်မှာ အထင်အရှားပင်။
ရွှမ်းရှနတ်ဆိုးအရှင်သခင်နောက်သို့ လိုက်လာသော နတ်ဘုရားဓားမှာလည်း အစစ်အမှန်ပင် ဖြစ်နေခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သွေးငရဲနတ်ဆိုးအရှင်၏ နှလုံးသားမှာ အောက်ခြေသို့ လုံးလုံးလျားလျား ကျဆင်းသွားကာ အတိုင်းအဆမဲ့သော စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
အားလုံး ပြီးဆုံးသွားလေပြီ!
သူသည် ရှီမိုကောင်းကင်မှ အပြေးအလွှားလာခဲ့ခြင်းမှာ ချီလျန်နယ်မြေကို ခွဲဝေယူရာတွင် အသာစီးရရန် မျှော်လင့်ချက်ဖြင့် ဖြစ်သည်။ သို့သော် ထိုအကျိုးအမြတ်ဆိုသည်မှာ အမှန်တကယ်တွင် ပျားရည်သုတ်ထားသော အဆိပ်ပင် ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် သူ၏ အသက်ကိုပါ နှုတ်ယူသွားခဲ့လေပြီ။
“ ငါ တကယ်ကို မကျေနပ်ဘူး!!! ”
သွေးငရဲနတ်ဆိုးအရှင်၏ အသံမှာ နောင်တများဖြင့် ပြည့်နှက်နေလေသည်။
သို့သော် ဤအချိန်တွင် နောင်တရနေသော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
" ဝူး..... "
လေပြင်းတစ်ချက် တိုက်ခတ်သွားကာ သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်တို့၏ ခန္ဓာကိုယ်များသည် မီးလောင်ထားသော စက္ကူများကဲ့သို့ပင် ပြာအဖြစ် ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားလေတော့သည်။
နတ်ဆိုးအရှင် ငါးဦးစလုံး ကျဆုံးသွားလေပြီ!
ကောင်းကင်နှင့် မြေကြီးကြားတွင် ပြန်လည်အေးချမ်းသွားတော့၏။
ချီလျန်မျိုးနွယ်၏ ဘိုးဘေးနယ်မြေအတွင်းရှိ အစည်းအဝေးခန်းမထဲတွင် ကုချန်သည် အေးအေးလူလူပင် ထိုင်နေခဲ့သည်။
သို့သော် အကြီးအကဲ သုံးဦးနှင့် တခြားသူများမှာမူ ဆွံ့အလျက် မှင်သက်နေကြတော့သည်။
အစောပိုင်းတွင် အဆုံးမဲ့ဓားမှ ထုတ်လွှတ်လိုက်သော အတိုင်းအဆမဲ့သည့် ဓားချီများမှ သူတို့အား ဝန်းရံထားသောကြောင့် အပြင်ဘက်တွင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိရှိနိုင်ခဲ့သော်လည်း.....
ယခုအခါ ကောင်းကင်နှင့် မြေကြီး၏ ပြန်လည်အေးချမ်းသွားမှုနှင့် နတ်ဆိုးအရှင် ငါးဦး၏ ပျောက်ကွယ်သွားမှုတို့က အရာအားလုံးကို သက်သေပြနေသကဲ့သို့ ရှိတော့သည်။
အခန်း ( ၂၉၆ ) - ချီလျန်မျိုးနွယ်၏ သစ္စာခံမှု၊ ငြိမ်သက်စွာ စောင့်ဆိုင်းခြင်းနှင့် အပြည့်အဝ ယုံကြည်မှု
အစောပိုင်း၌ နတ်ဆိုးအရှင် ငါးဦး တစ်ပြိုင်နက်တည်း ရောက်ရှိလာစဉ်တွင် သူတို့၏ နတ်ဆိုးချီများသည် ကောင်းကင်ယံသို့ ထိုးတက်နေခဲ့သည်။ ၎င်းတို့သည် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားကာ ချီလျန်မျိုးနွယ်ဝင်အားလုံး၏ နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခုကဲ့သို့ လွှမ်းမိုးထားခဲ့သည်။
သို့သော် ယခုအခါ ချီလျန်မျိုးနွယ်၏ ဘိုးဘေးနယ်မြေမှ ထိုးတက်သွားသော ဓားအလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့်အမျှ ကမ္ဘာလောကကြီးသည် ပြန်လည်ငြိမ်သက်သွားခဲ့၏။ နတ်ဆိုးချီ၏ အရိပ်အယောင်မျှပင် အစအန မကျန်တော့ချေ။
ဤသည်မှာ ဘာကို ဆိုလိုသနည်း။
ထိုနတ်ဆိုးအရှင် ငါးဦးသည် အကြောင်းမဲ့သက်သက် အစွမ်းပြရန် ရောက်လာပြီးနောက် အသာတကြည် ပြန်သွားကြသည်ဟူသည်မှာ မဖြစ်နိုင်မှန်း လူတိုင်း သိကြသည်။
အဖြစ်အပျက်အားလုံးကို ပြန်လည်သုံးသပ်ကြည့်လျှင် အဖြေမှာ တစ်ခုတည်းသာ ရှိပေတော့သည်။
ထိုအဖြစ်နိုင်ဆုံး အခြေအနေကို တွေးမိသည်နှင့် တတိယအကြီးအကဲသည် ကုချန်အား မော့ကြည့်လိုက်မိသည်။
ဖြစ်နိုင်ခြေမှာ တစ်ခုတည်းသာ ရှိ၏။ ချီမုန်၏ ဆရာဖြစ်သူသည် ဓားတစ်ချက်တည်းဖြင့် ထိုနတ်ဆိုးအရှင် ငါးဦးကို မောင်းထုတ်လိုက်ခြင်းပင် ဖြစ်ရမည်။
ဓားတစ်ချက်တည်းဖြင့် နတ်ဆိုးအရှင် ငါးဦးကို ဆုတ်ခွာစေခဲ့သည်လော။
ဤမျှ စွမ်းအားကြီးမားလှသဖြင့် ဤပုဂ္ဂိုလ်သည် အေးဆေးတည်ငြိမ်ကာ ယုံကြည်မှု အပြည့်ရှိနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကုချန်မှ ဓားတစ်ချက်ဖြင့် နတ်ဆိုးအရှင် ငါးဦးကို မောင်းထုတ်လိုက်သည်ဟူသော အချက်မှာ တတိယအကြီးအကဲနှင့် တခြားအကြီးအကဲများ စိတ်ကူးနိုင်သည့် အမြင့်ဆုံး အတိုင်းအဆပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနတ်ဆိုးအရှင် ငါးဦးထဲတွင် သွေးငရဲနတ်ဆိုးအရှင်နှင့် ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့ ပါဝင်နေသောကြောင့်ပင်။ ထိုနှစ်ဦးမှာ ချီလျန်မျိုးနွယ်၏ ဘိုးဘေးဟောင်းဖြစ်သူ ချီရှောင်းနှင့်ပင် အဆင့်တူညီသော အထွတ်အထိပ် နတ်ဆိုးအရှင်များ မဟုတ်ပါလော။
ထိုသူနှစ်ဦးကိုပင် ဓားတစ်ချက်တည်းဖြင့် မောင်းထုတ်နိုင်သည်မှာ သူ၏စွမ်းအားသည် ပြိုင်ဘက်ကင်းကြောင်း သက်သေပြနေခြင်း ဖြစ်သည်။
သို့သော် ထိုနတ်ဆိုးအရှင် ငါးဦးစလုံးကို သတ်ဖြတ်ပစ်လိုက်သည်ဟုမူ မည်သူမျှ မတွေးရဲကြချေ။
ဓားတစ်ချက်တည်းဖြင့် နတ်ဆိုးအရှင် ငါးဦးစလုံးကို သတ်ဖြတ်နိုင်ရန်မှာ အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ညီမျှနေရမည် ဖြစ်သည်။
တတိယအကြီးအကဲတို့သည် ကုချန်၏ စွမ်းအားကို သံသယရှိနေခြင်းကြောင့် မဟုတ်ပေ။ ချီလျို ပြောခဲ့သည်မှာ သူ၏ဆရာသခင်သည် မကြာသေးမီကမှ ဧကရာဇ်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသည်ဟုပင် မဟုတ်ပါလော။
ထိုမျှတိုတောင်းလှသော အချိန်အတွင်း ဧကရာဇ်အဆင့်မှ အင်မော်တယ်ဘုရင်အဆင့်သို့ ခုန်ပျံတက်လှမ်းသွားသည်ဟူသော သတင်းကို မည်သူက ယုံကြည်ရဲမည်နည်း။
သို့သော်လည်း အကြီးအကဲများ မှင်သက်နေစဉ်မှာပင် ထပ်မံဖြစ်ပေါ်လာသော အခြေအနေကြောင့် သူတို့မှာ အသက်ရှူရန်ပင် မေ့လျော့သွားလောက်အောင် ထိတ်လန့်သွားကြရပြန်သည်။
“ ဆရာ... ဆရာ သူတို့အားလုံးကို ရှင်းပစ်လိုက်ပြီလား ”
ကုချန်၏ အနားတွင် ရပ်နေသော ချီမုန်သည် ကမ္ဘာလောကအတွင်းရှိ နတ်ဆိုးချီများ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်၏။ သူသည် သူ၏ လှပသော မျက်ဝန်းများဖြင့် ကုချန်အား ကြည့်ကာ မေးခွန်းကို မဆင်မခြင် လွှတ်ခနဲ မေးမြန်းလိုက်မိသည်။
ထိုသို့မေးမြန်းပြီးသည်နှင့် သူ အနည်းငယ် နောင်တရသွား၏။
အဘယ်ကြောင့်ဆိုသော် သူ၏ဆရာသည် နတ်ဆိုးအရှင် ငါးဦးကို မောင်းထုတ်နိုင်လောက်သော်လည်း ဓားတစ်ချက်တည်းဖြင့် အကုန်လုံးကို သတ်ဖြတ်ရန်မှာမူ ခက်ခဲလိမ့်မည်ဟု သူလည်း ထင်မြင်မိသောကြောင့်တည်း။
ထိုသို့သာဆိုလျှင် ဤမေးခွန်းသည် သူ၏ဆရာသခင်ကို အကျပ်ရိုက်စေမည် မဟုတ်ပါလော။
သို့သော်လည်း စကားမှာ ထွက်သွားပြီဖြစ်ရာ ချီမုန်မှာ ပြန်ရုပ်သိမ်း၍ မရတော့ပေ။
သူ မည်သို့ ပြန်လည်ပြုပြင်ရမည်ကို တွေးတောနေစဉ်မှာပင် ကုချန်၏ တည်ငြိမ်လှသော အသံကို ကြားလိုက်ရသည်။
“ ဟုတ်တယ် ”
ဟုတ်... ဟုတ်တယ်? ဘာကို ဆိုလိုတာလဲ?
ချီမုန်၏ နှုတ်ခမ်းလေးမှာ တဖြည်းဖြည်း ဟသွားရကာ သူ၏ လှပသော မျက်နှာထက်တွင်လည်း အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။
သူ့ရဲ့ဆရာက... နတ်ဆိုးအရှင် ငါးဦးစလုံးကို တကယ်ပဲ ရှင်းပစ်လိုက်တာလား။
ဓားတစ်ချက်တည်းနဲ့ နတ်ဆိုးအရှင် ငါးဦးကို သတ်ပစ်လိုက်တာပေါ့!
ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်မျိုးမှာ ဒဏ္ဍာရီလာ အင်မော်တယ်ဘုရင်တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။
ချီမုန်၏နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့သည်။
သူသည် ကုချန်ကို အပြည့်အဝ ယုံကြည်သူဖြစ်ရာ ကုချန်သည် သူ့အား မည်သည့်အခါမျှ လိမ်ညာလိမ့်မည်မဟုတ်ကြောင်း သိလေသည်။ ထို့ကြောင့် ထိုနတ်ဆိုးအရှင် ငါးဦးမှာ အမှန်တကယ်ပင် အသက်ပျောက်သွားခြင်းသာ ဖြစ်ရမည်။
သူသည် ကုချန်အား ဆရာသခင်အဖြစ် သစ္စာခံခဲ့စဉ်က မျှော်လင့်ချက်များကို ပြန်လည်တွေးတောမိသောအခါ ဤအရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ပင် ခံစားနေရသည်။
မူလကမူ သူ၏ဆရာသည် အနာဂတ်၏ တစ်နေ့နေ့တွင် အင်မော်တယ်ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိလာကာ ချီလျန်မျိုးနွယ်ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟုသာ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်သို့ ရောက်ရန်အတွက် အနည်းဆုံး နှစ်ပေါင်းသိန်းချီ မဟုတ်လျှင် သန်းချီ၍ ကြာမြင့်နိုင်သည်ဟု သူ ထင်မှတ်ခဲ့သည်။
အင်မော်တယ်ဘုရင်အဆင့်ဆိုသည်မှာ လွယ်ကူစွာ ရရှိနိုင်သောအရာ မဟုတ်ပေ။ ထိုအင်မော်တယ်နတ်ဆိုးအရှင်များပင်လျှင် နှစ်သန်းချီ အားထုတ်သော်လည်း အင်မော်တယ်ဘုရင် ဖြစ်လာရန် အိပ်မက်ပင် မမက်ရဲကြချေ။
သို့သော် ယခုအခါ လပိုင်းမျှအတွင်းမှာပင် သူ၏ဆရာသည် အင်မော်တယ်ဘုရင်နှင့် တန်းတူသော စွမ်းအားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
ဤသည်မှာ.....
ချီမုန်၏ အတွေးများမှာ ရှုပ်ထွေးသွားရသည်။
ဒါက ဧကရာဇ်အဆင့် အားကောင်းမောင်းသန်တစ်ဦးရဲ့ တကယ့်အလားအလာ အမှန်လား?
မဟုတ်ပေ။ သူ၏ဆရာသည် ဧကရာဇ်အဆင့်ထက်ပင် သာလွန်ကာ အင်မော်တယ်အထွတ်အထိပ် အဆင့်များကိုပင် သတ်ဖြတ်နိုင်သူ ဖြစ်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ယခုကဲ့သို့ အောင်မြင်မှုမျိုး ရရှိခြင်းမှာ အဓိပ္ပာယ်မဲ့သည်တော့ မဟုတ်ချေ။
ချီမုန်၏ရင်ထဲတွင် ကြည်နူးမှုများ လှိုင်းထသွားကာ ကုချန်အား ကြည့်သော သူ၏အကြည့်များမှာလည်း ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်သွားလေသည်။
ချီလျန်မျိုးနွယ်သည် ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အားကိုးထိုက်သော နောက်ခံကောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
ချီမုန်သာမက တတိယအကြီးအကဲနှင့် တခြားသူများမှာလည်း တစ်ခုခုကို သဘောပေါက်သွားကြသည်။
အမြဲတစေ တည်ငြိမ်အေးဆေးနေသော ဤအစိမ်းရောင်ဝတ်ရုံဝတ် ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်အတွင်း၌ မည်မျှထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ကိန်းအောင်းနေသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြပြီ ဖြစ်သည်။
တတိယအကြီးအကဲနှင့် တခြားသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ အချင်းချင်း၏ မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများကို တွေ့မြင်နေရသည်။
ထို့နောက်တွင်မူ သူတို့အားလုံးသည် ကုချန်၏ရှေ့၌ တပြိုင်နက်တည်း ဒူးထောက်လိုက်ကြကာ ညီညီညာညာ ဆိုလိုက်ကြလေတော့သည်။
“ ကျွန်မတို့... ဆရာသခင့်ကို ဂါရဝပြုပါတယ်! ”
ဤအခိုက်အတန့်တွင် ချီလျန်မျိုးနွယ်၏ အဆင့်မြင့်ပုဂ္ဂိုလ်အားလုံးသည် ကုချန်အား သူတို့၏ဆရာအဖြစ် စိတ်ရင်းမှန်ဖြင့် အသိအမှတ်ပြုလိုက်ကြပြီ ဖြစ်သည်။ သူတို့၏ နှလုံးသားထဲတွင် မည်သည့်သံသယနှင့် ငြင်းဆိုမှုမျှ မရှိတော့ချေ။
အစည်းအဝေးခန်းမအတွင်း ဒူးထောက်နေကြသော အမျိုးသမီးများကို ကြည့်နေသည့် ကုချန်၏ မျက်နှာမှာ မည်သည့်အရိပ်အယောင်မျှ မပြဘဲ တည်ငြိမ်နေဆဲပင်။
ဤသူများ အပြည့်အဝ သစ္စာခံလာခြင်းမှာ သူ၏ အရာအားလုံးကို ခြေမှုန်းနိုင်သော စွမ်းအားကို မြင်တွေ့သွားသောကြောင့်သာ ဖြစ်ကြောင်း သူသိ၏။
ချီလျန်မျိုးနွယ်သည် သူ၏ စမ်းသပ်မှုများကို အောင်မြင်ခဲ့သောကြောင့်သာ သူတို့၏သစ္စာခံမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက ချီလျန်မျိုးနွယ်ဝင် အားလုံး ဒူးထောက်နေလျှင်ပင် ကုချန်သည် လှည့်ကြည့်လိမ့်မည် မဟုတ်ပေ။
“ ဆရာ... နောက်ထပ် ဘာဆက်လုပ်ရမလဲ ”
ချီမုန်သည် ကုချန်အား ကြည့်ကာ မေးမြန်းလိုက်သည်။
သူ၏ မိခင်မရှိသော အခြေအနေတွင် သူသည် ကုချန်ကိုသာ မိမိနှင့် မျိုးနွယ်စုတစ်ခုလုံးအတွက် အဓိက အားကိုးရာအဖြစ် သတ်မှတ်ကာ ကုချန်၏အမိန့်တိုင်းကို နာခံရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ချီမုန် စကားပြောလိုက်သည်နှင့် ဒူးထောက်နေသော အကြီးအကဲများသည်လည်း ကုချန်၏ နောက်ထပ် ဆုံးဖြတ်ချက်ကို သိလိုစွာ စောင့်ဆိုင်းနေကြသည်။
လူတိုင်း၏ အကြည့်များအောက်တွင် ကုချန်သည် အေးဆေးတည်ငြိမ်စွာပင် ပြောကြားလိုက်၏။
“ ဘာမှ လုပ်စရာမလိုဘူး ငြိမ်ငြိမ်လေး စောင့်နေရုံပဲ ”
ငြိမ်ငြိမ်လေး စောင့်နေရုံပဲလား?
ချီမုန်၏ မျက်နှာတွင် ဇဝေဇဝါဖြစ်သွားသော အရိပ်အယောင်လေး ပေါ်လာ၏။ ထိုစဉ်မှာပင် ကုချန်သည် ဆက်လက် ပြောဆိုလိုက်၏။
“ ရှီမိုကောင်းကင်ရဲ့ နတ်ဆိုးအရှင် ငါးဦး ကျဆုံးသွားတာကို ရှီမိုထျန်းကျွင်း က သိမှာပဲ... သူက မျက်စိကန်းနေတာမျိုး နားပင်းနေတာမျိုးမှ မဟုတ်တာ... သူကိုယ်တိုင် ရောက်လာတဲ့အခါကျရင် အရာအားလုံးက သူ့အလိုလို ရှင်းလင်းသွားလိမ့်မယ် ”
ကုချန်သည် ရှီမိုကောင်းကင်၏ နတ်ဆိုးအရှင် ခြောက်ဦးကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ရှီမိုထျန်းကျွင်းသာ အသက်ရှင်နေသေးလျှင် ဤကိစ္စကို လျစ်လျူရှုထားမည်မဟုတ်ကြောင်း သူယုံကြည်သည်။
ရှီမိုထျန်းကျွင်း၏ ခြိမ်းခြောက်မှုကိုပါ ရှင်းလင်းပြီးပါက ‘ကလေးများ ရန်ဖြစ်ရာမှတစ်ဆင့် လူကြီးများ ပါဝင်လာသည့်’ ဤပြဇာတ်သည် အဆုံးသတ်သွားပေလိမ့်မည်။
ရှီမိုထျန်းကျွင်းထက် ပိုမိုအစွမ်းထက်သော ပုဂ္ဂိုလ်များ ထပ်မံရောက်ရှိလာတော့မည် မဟုတ်ဟု သူယူဆမိသည်။
အကယ်၍သာ ထပ်မံရောက်ရှိလာဦးမည်ဆိုလျှင် ကုချန်အနေဖြင့် ‘ကံကြမ္မာပြောင်းပြန်လှန် အမွှေးတိုင်’ ကို ထွန်းညှိကာ နတ်ဆိုးနယ်မြေတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားအောင် လုပ်ဆောင်ရန် ဝန်လေးနေမည် မဟုတ်ပေ။
ရှီမိုထျန်းကျွင်း ရောက်လာမှာကို... စောင့်ရမယ် ဟုတ်လား?
တတိယအကြီးအကဲနှင့် တခြားသူများမှာ ဆွံ့အသွားကြပြန်သည်။
ကုချန်၏ အလွန်အမင်း တည်ငြိမ်လှသော လေသံမှာ သာမန်ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင် ရှိနေပြီး ရှီမိုထျန်းကျွင်းကိုပင် အမှုထားပုံမရချေ။
ဤသည်မှာ အချက်တစ်ခုကိုသာ သက်သေပြနေ၏။
၎င်းမှာ သူ၏ဆရာသည် ရှီမိုထျန်းကျွင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု အပြည့်အဝ ယုံကြည်မှု ရှိနေခြင်းပင်။ ထိုသို့မဟုတ်လျှင် ဤမျှ တည်ငြိမ်နေနိုင်စရာ အကြောင်းမရှိပေ။