← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 22 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 22 Ch. 299-300

‎အခန်း ( ၂၉၉ ) - ပထမဆုံးနတ်ဆိုး ဆင်းသက်လာခြင်း၊ အထွတ်အထိပ် ဓမ္မရုပ်သွင်နှင့် ရယ်စရာတစ်ခုသာ ဖြစ်ခြင်း

‎

‎

‎

‎" အင်မော်တယ်ဘုရင်..... "

‎

‎

‎ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေအတွင်း၌ အဆုံးမဲ့သော နတ်ဆိုးချီများ ရုတ်တရက် ကျဆင်းလာချိန်တွင် တတိယအကြီးအကဲနှင့် ချီချင်း အပါအဝင် ချီလျန်မျိုးနွယ်စုဝင် အားလုံး၏ စိတ်နှလုံးထဲ၌ လေးလံသော အရိပ်မည်းကြီးတစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရကာ အသက်ရှူရန်ပင် အလွန်ခက်ခဲလာတော့၏။

‎

‎

‎ဤအရာမှာ ရှီမိုကောင်းကင်အရှင်သခင်၏ ဂုဏ်သတင်းကို ကြောက်ရွံ့ခြင်းကြောင့်သာမက သူတို့၏ ဝိညာဉ်အတွင်းပိုင်းမှ မြစ်ဖျားခံလာသည့် တုန်လှုပ်မှုလည်း ဖြစ်သည်။ ထိုအရာကို သူတို့ လုံးဝ မထိန်းချုပ်နိုင်ကြပေ။

‎

‎

‎အဆုံးစွန်ဆိုသော် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိခြင်းဟူသည်မှာ ကျယ်ပြောလှသော ကောင်းကင်ဘုံများ၏ အထွတ်အထိပ်သို့ ရောက်ရန် လက်တစ်ကမ်းအလို အခြေအနေပင် ဖြစ်သည်။

‎

‎

‎သူတို့၏ အသက်အနှစ်သာရမှာ အကြိမ်ကြိမ် အဆင့်တက်လှမ်းခဲ့ပြီးဖြစ်ရာ အင်မော်တယ်ဘုရင်အောက်ရှိ မည်သည့်သက်ရှိနှင့်မျှ တူညီခြင်း မရှိတော့ပေ။ နဂါးစစ်စစ်ကို မမြင်ဖူးသော ပုရွက်ဆိတ်တစ်ကောင်သည်ပင် နဂါးနှင့် ထိပ်တိုက်တွေ့ပါက မသိစိတ်ဖြင့် မော့ကြည့်မိမည်မှာ ဓမ္မတာပင် ဖြစ်သည်။

‎

‎

‎" သခင်က သူ့ကို တားဆီးနိုင်ပါ့မလား "

‎

‎

‎" ရှီမိုကောင်းကင်အရှင်သခင် တကယ် ရောက်လာပြီပဲ... မြန်လိုက်တာ "

‎

‎

‎အစည်းအဝေးခန်းမအတွင်း၌ ချီလျန်မျိုးနွယ်စု အကြီးအကဲများသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြကာ သူတို့၏ စိတ်နှလုံးများမှာ လှုပ်ခတ်နေ၏။ ကုချန်မှ ရှီမိုကောင်းကင်အရှင်သခင် ကိုယ်တိုင်ရောက်လာသည်အထိ စောင့်ရန်နှင့် သူ့ကို ဖြေရှင်းပြီးပါက ချီလျန်မျိုးနွယ်စုသည် နတ်ဆိုးနယ်မြေတွင် အခိုင်အမာ ခြေကုပ်ယူနိုင်လိမ့်မည်ဟု ပြောခဲ့သော်လည်း ထိုနေ့ရက် အမှန်တကယ် ရောက်ရှိလာချိန်တွင်မူ သူတို့မှာ အလွန်အမင်း စိုးရိမ်ပူပန်ခြင်းကို မတားဆီးနိုင်ကြပေ။

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်သည် စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်၏။ သူသည် သွေးငရဲနတ်ဆိုးအရှင်သခင်၊ ရွှမ်းရှနတ်ဆိုးအရှင်သခင်တို့နှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ အင်မော်တယ်နတ်ဆိုးအရှင်သခင် အထွတ်အထိပ်အဆင့်နှင့် အင်မော်တယ်ဘုရင်အဆင့်မှာ စာရွက်တစ်လွှာစာမျှသာ ကွာခြားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုကွာခြားချက်မှာ နယ်မြေနှစ်ခုကြားရှိ ချောက်နက်ကြီးထက်ပင် ပိုမိုကျယ်ပြောလှသည်။

‎

‎

‎သွေးငရဲအရှင်နှင့် ရွှမ်းရှအရှင်ကဲ့သို့သော သူများသည် သူတို့၏တစ်သက်တာတွင် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေး အလင်းတန်းလေးတစ်ခုကိုပင် တွေ့ရှိနိုင်မည် မဟုတ်ပေ။ အင်မော်တယ်ဘုရင် ရှီမိုကောင်းကင်အရှင်သခင်၏ ရှေ့တွင် သူတို့၏ စွမ်းအားမှာ ပုရွက်ဆိတ်နှစ်ကောင်နှင့် မခြားနားလှပေ။

‎

‎

‎ယခုမူ ထိုအရှင်သခင်သည် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေသို့ ကိုယ်တိုင် ဆင်းသက်လာတော့မည် ဖြစ်သည်။ အမှားအယွင်း အနည်းငယ် ရှိရုံဖြင့် ချီလျန်မျိုးနွယ်စုမှာ ဤလောကမှ လုံးဝ ပျောက်ကွယ်သွားနိုင်သည်။

‎

‎

‎ဤအချက်ကို သိထားကြသဖြင့် တတိယအကြီးအကဲနှင့် ချီချင်းအပါအဝင် အခြားသူများမှာ အလွန်အမင်း ထိတ်လန့်နေကြခြင်း ဖြစ်သည်။ ယခုမှစ၍ မိနစ်တိုင်း စက္ကန့်တိုင်းမှာ သူတို့မျိုးနွယ်စုအတွက် အသက်နှင့်သေခြင်းတရား ယှဉ်နေသည့် အချိန်ပင် ဖြစ်သည်။

‎

‎

‎" ဝုန်း! "

‎

‎

‎ချီလျန်မျိုးနွယ်စုဝင်များ စိုးရိမ်ထိတ်လန့်နေကြစဉ်မှာပင် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ ဝေးကွာသော ကောင်းကင်ယံ၌ အဆုံးမဲ့သော နတ်ဆိုးချီများ ရုတ်တရက် ပေါက်ကွဲထွက်လာကာ ဖော်ပြ၍မရလောက်အောင် ကြီးမားခမ်းနားလှသော ဓမ္မရုပ်သွင် တစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎၎င်းမှာ အဆုံးမဲ့သော နတ်ဆိုးချီများ လွှမ်းခြုံထားသည့် မြင့်မားလှသော ဓမ္မရုပ်သွင်ကြီး ဖြစ်သည်။ ကျယ်ပြောလှသော ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေသည်ပင် ထိုရုပ်သွင်ကြီး၏ ဆယ်ပုံတစ်ပုံစာသာ ရှိပေသည်။ ဓမ္မရုပ်သွင်ကြီးသည် နယ်မြေ၏ အပြင်ဘက်အထိ မြင့်တက်နေကာ စကြဝဠာ၏ ကြယ်တာရာအလင်းတန်းများမှာ ထိုရုပ်သွင်ကြီး၏ ရှေ့တွင် မြေမှုန့်ကလေးများကဲ့သို့ သေးငယ်သွားတော့သည်။ သူ၏ ရွှေရောင်ဆံပင်များကြား၌ ရစ်ပတ်နေသော ကြယ်တာရာအလင်းတန်းများမှာ အမှုန်အမွှားမျှသာ ရှိတော့၏။

‎

‎

‎ဤအရာမှာ ရှီမိုကောင်းကင်အရှင်သခင်၏ ဓမ္မရုပ်သွင်ဖြစ်ပြီး သူ၏ အင်မော်တယ်ဘုရင်တာအို၏ သဘာဝအတိုင်း ထွက်ပေါ်လာသော အရှိန်အဝါလည်း ဖြစ်သည်။ ဓမ္မရုပ်သွင် ပေါ်ထွက်လာခြင်းမှာ ရှီမိုကောင်းကင်အရှင်သခင် ဆင်းသက်လာပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

‎

‎

‎ဧရာမ ဓမ္မရုပ်သွင်ကြီး ကမ္ဘာပေါ်သို့ ရောက်ရှိလာချိန်တွင် လောကကြီးသည် ထိုဖိအားကို လုံးဝ မခံနိုင်တော့ပုံရကာ ကောင်းကင်ယံမှာ တုန်ခါနေလျက် မြေပြင်မှာ အက်ကွဲလာကာ လေဟာနယ် အတွင်း၌ အက်ကြောင်းများစွာ ဖြစ်ပေါ်လာ၏။ ဓမ္မရုပ်သွင်၏ ပတ်ဝန်းကျင်ရှိ တောင်တန်းများ ပြိုကျကာ မြစ်ရေများ ပြောင်းပြန်စီးဆင်း၍ မြေဆီလွှာများ ပျက်စီးသွားကြသည်။ ၎င်းမှာ ကမ္ဘာပျက်ကပ်တစ်ခုကဲ့သို့ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

‎

‎

‎ဤအကြောင်းကြောင့်ပင် အင်မော်တယ်ဘုရင်များသည် နတ်ဆိုးနယ်မြေ၏ နေရာအသီးသီးသို့ အလွယ်တကူ မသွားလာကြခြင်း ဖြစ်သည်။ သူတို့၏ ခမ်းနားလှသော တာအိုအရှိန်အဝါမှာ သာမန်နတ်ဆိုးနယ်မြေများ ခံနိုင်ရည်ရှိသည်ထက် ပိုမိုလွန်ကဲနေသဖြင့် သူတို့သွားလေရာတွင် ကောင်းကင်နှင့် မြေကြီး ပျက်စီးမှုများ ဖြစ်ပေါ်တတ်သည်။ သူတို့သည် မိမိတို့၏ သက်ဆိုင်ရာ ကောင်းကင်ဘုံများ၌ နေထိုင်ခြင်းကသာ အဆင်ပြေဆုံး ဖြစ်သည်။

‎

‎

‎အကယ်၍ သွားလာလိုလျှင် အင်မော်တယ်ဘုရင်များသည် သူတို့၏ အရှိန်အဝါများကို ဖိနှိပ်ထားမှသာ နတ်ဆိုးနယ်မြေအတွင်း ပုံမှန် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ ဖိနှိပ်ထားခြင်းမှာ သူတို့အတွက် အသက်ရှူရ ကြပ်နေသကဲ့သို့ အကန့်အသတ်တစ်ခု ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ကောင်းကင်ဘုံများ၌သာ နေထိုင်လေ့ရှိကြပြီး လက်အောက်ခံနယ်မြေများသို့ ဆင်းသက်လေ့ မရှိကြပေ။

‎

‎

‎ယခုမူ ရှီမိုကောင်းကင်အရှင်သခင်သည် သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ခြင်းမရှိဘဲ ရဲတင်းစွာ ဆင်းသက်လာခဲ့သည်။ ထို့ကြောင့် သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေမှာ ကမောက်ကမ ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားကို မခံနိုင်ဘဲ ပျက်စီးစပြုလာတော့သည်။

‎

‎

‎သို့သော် ရှီမိုကောင်းကင်အရှင်သခင်သည် ဤအရာများကို လုံးဝ ဂရုမစိုက်ပေ။ အင်မော်တယ်ဘုရင်တစ်ပါး ဆင်းသက်လာချိန်တွင် နတ်ဆိုးနယ်မြေငယ်လေးတစ်ခုရှိ သက်ရှိများ၏ ခံစားချက်ကို သူသည် အဘယ်ကြောင့် ထည့်တွက်နေရမည်နည်း။

‎

‎

‎" အင်မော်တယ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ မအောင်မြင်တဲ့ကောင်ကို အားကိုးပြီး ဒီအရှင်ရဲ့ အရှိန်အဝါကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား မင်းတို့က တုံးအလွန်းတယ် "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်သည် လှောင်ပြောင်လိုက်၏။ ရှီမိုကောင်းကင်မှ မထွက်ခွာမီ မိုဟဲနတ်ဆိုးအရှင်သခင် ပေးပို့ခဲ့သော သတင်းများကို သူ သိရှိပြီးဖြစ်သည်။ ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၌ အဆင့်တက်ရန် မအောင်မြင်ဘဲ ဟန်ယိုထျန်းကျွင်းကို သတ်ခဲ့သည့် ထိုသူသည် ယခုအခါ ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေတွင် ပုန်းအောင်းနေပုံရသည်။

‎

‎

‎ချီလျန်မျိုးနွယ်စုဝင်များမှာ ထိုသူကို ကာကွယ်ပေးနေကြပုံရပြီး အတင်းအကျပ် အခိုင်းခံရခြင်းမျိုး မဟုတ်ဘဲ သူနှင့် သဘောတူညီချက် ရယူကာ 'အားကောင်းသော နောက်ခံ' တစ်ခုကို ရှာဖွေတွေ့ရှိသွားကြဟန် တူသည်။

‎

‎

‎သို့သော် ချီလျန်မျိုးနွယ်စု၏ ဆုံးဖြတ်ချက်ကို ရှီမိုကောင်းကင်အရှင်သခင်မှာ ရယ်စရာတစ်ခုအဖြစ်သာ မြင်၏။ အင်မော်တယ်ဘုရင်အဆင့်ကို မရောက်နိုင်သည့်သူ တစ်ယောက်အတွက်နှင့် ချီလျန်မျိုးနွယ်စုသည် အရာအားလုံးကို အမြော်အမြင်မရှိ ရင်းဝံ့သလော။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့်နှင့် ထိုအောက်ရှိ အဆင့်များမှာ လုံးဝ ကွာခြားသော အယူအဆများ ဖြစ်သည်။ အင်မော်တယ်ဘုရင်ဖြစ်ရန် မအောင်မြင်ခဲ့ပါက အင်မော်တယ်ဘုရင်အဆင့် တာအို၏ အစအနအချို့ကို မြင်တွေ့ခဲ့ရလျှင်ပင် ထိုနယ်ပယ်အတွင်းသို့ အမှန်တကယ် မဝင်ရောက်နိုင်သရွေ့ ထိုသူမှာ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ ကောင်းကင်ယံမှ နဂါးတစ်ကောင်အဖြစ် မည်သည့်အခါမျှ အသွင်မပြောင်းနိုင်ပေ။

‎

‎

‎မြင့်မားလှသော ဓမ္မရုပ်သွင်ကြီးသည် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေပေါ်သို့ ဆင်းသက်လာခဲ့၏။ နောက်မှ လိုက်ပါလာကြသော နတ်ဆိုးအရှင်သခင်များနှင့် အင်မော်တယ်အဆင့် ပညာရှင်များသည်လည်း ချီလျန်နယ်မြေအနီးသို့ ရောက်ရှိလာကြသည်။

‎

‎

‎သို့သော် ရှီမိုကောင်းကင်မှ လိုက်ပါလာသူများသည် ချီလျန်နယ်မြေအတွင်းသို့ တကယ်တမ်း မဝင်ရဲကြဘဲ အဝေးမှသာ စောင့်ကြည့်နေကြသည်။ ဘေးထွက်ဆိုးကျိုးများကပင် နတ်ဆိုးအရှင်သခင်တစ်ဦးအား သေဆုံးစေနိုင်သည် မဟုတ်ပါလော။

‎

‎

‎တစ်ချိန်တည်းမှာပင် မိုးကြိုးပေါင်း တစ်သောင်း တစ်ပြိုင်နက် ပေါက်ကွဲလိုက်သကဲ့သို့ ခမ်းနား အေးစက်လှသော အသံကြီးသည် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ နေရာတိုင်း၌ ပဲ့တင်ထပ်သွားတော့သည်။

‎

‎

‎" ငါ့ရဲ့ ရှီမိုကောင်းကင်လက်အောက်က နတ်ဆိုးအရှင်သခင်တွေကို သတ်ရဲတာက ငါကိုယ်တိုင် မလှုပ်ရှားတာ ကြာပြီဖြစ်လို့ မင်းတို့လို ပုရွက်ဆိတ်တွေက ဘုရင်တစ်ပါးအပေါ် ထားရမယ့် ရိုသေမှုကို မေ့သွားကြတာလား "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်၏ စကားသံ ထွက်ပေါ်လာသည်နှင့်အမျှ ကျယ်ပြောလှသော လောကအတွင်းရှိ လေဟာနယ်များမှာ ပေါက်ကွဲပျက်စီးသွားကာ နတ်ဆိုးနတ်ဘုရား ဓမ္မရုပ်သွင်ပေါင်း သောင်းနှင့်ချီ၍ ဖြစ်ပေါ်လာ၏။ သူတို့အားလုံးမှာ မျက်နှာပျက်ယွင်းနေကြကာ ရှီမိုကောင်းကင်အရှင်သခင်၏ စကားနှင့်အတူ ချီလျန်မျိုးနွယ်စုရှိရာဘက်သို့ တစ်ပြိုင်နက်တည်း ကြိမ်းမောင်းလိုက်ကြတော့သည်။

‎

‎အခန်း ( ၃၀၀ ) - ကုချန်၏ ရည်မှန်းချက်၊ ဘုရင်အဆင့်၏ လှုပ်ရှားမှု၊ ကွာခြားချက်က ကြီးမားလွန်းခြင်း

‎

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်၏ ကြိမ်းမောင်းသံကြောင့် ချီလျန်မျိုးနွယ်စုဝင် အများအပြားမှာ စိတ်မသက်မသာ ဖြစ်သွားကြရသည်။ မည်သည်အရာများ ဖြစ်ပျက်နေသည်နှင့် မြင့်မြတ်လှသော အင်မော်တယ်ဘုရင်တစ်ပါး အဘယ်ကြောင့် ဆင်းသက်လာသည်ကို သူတို့ မသိရှိကြပေ။

‎

‎

‎သို့သော် အဖြစ်မှန်ကို သိရှိကြသော ချီလျန်မျိုးနွယ်စု အကြီးအကဲများမှာမူ သူတို့၏အကြည့်များကို ကုချန်ထံသို့ မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိကြသည်။ ရှီမိုကောင်းကင်အရှင်သခင်မှာ ကတိအတိုင်း ရောက်ရှိလာခဲ့ပြီဖြစ်ရာ ယခုအခါ အခြေအနေကို မည်သို့ကိုင်တွယ်မည်မှာ သူတို့သခင်၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်တော့သည်။

‎

‎

‎" နောက်ဆုံးတော့ သူ ရောက်လာပြီပဲ... ငါ စောင့်ရကျိုးနပ်ပါတယ် "

‎

‎

‎ကုချန်သည် တိုးညင်းစွာ ရေရွတ်လိုက်၏။ သူ၏အသံထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပါဝင်နေ၏။ အမှန်စင်စစ် သူသည် မိုဟဲကို သတ်လိုက်ကတည်းက ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။ သူ ချီလျန်မျိုးနွယ်စု၌ ကျန်ရှိနေရခြင်းမှာ သူတို့အတွက် အရှိန်အဝါ တည်ဆောက်ပေးရန်နှင့် ဤနတ်ဆိုးနယ်မြေတွင် အခိုင်အမာ ခြေကုပ်ယူနိုင်စေရန်သာ မဟုတ်ပေ။

‎

‎

‎ထို့ထက်ပို၍ အရေးကြီးသော အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ ၎င်းမှာ ကုချန်သည် အင်မော်တယ်ဘုရင် ရှီမိုကောင်းကင်အရှင်သခင် ရောက်လာမည်ကို တမင်တကာ စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။ သူသည် ရှီမိုကောင်းကင်အရှင်သခင်၏ လက်ကို အသုံးချကာ သူ၏ လက်ရှိ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်လိုနေခြင်း ဖြစ်သည်။

‎

‎

‎သူသည် လက်ရှိတွင် အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်၌သာ ရှိနေသေးသော်လည်း အထွတ်အထိပ် နည်းဗျူဟာများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထို့ကြောင့် ကုချန်၏ ခန့်မှန်းချက်အရ သူ ထုတ်ဖော်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအားမှာ သာမန်အင်မော်တယ်ဘုရင်အချို့နှင့် နှိုင်းယှဉ်နိုင်ရမည် ဖြစ်သည်။ သို့သော် ဤအရာအားလုံးမှာ ကုချန်၏ ကိုယ်ပိုင်တွေးဆချက်သာ ဖြစ်သည်။

‎

‎

‎သူ၏အစစ်အမှန် စွမ်းရည်ကို တိုက်ပွဲအစစ်အမှန်မှတစ်ဆင့်သာ တိုင်းတာနိုင်မည် ဖြစ်သည်။ သို့သော် သူနှင့် ယှဉ်ပြိုင်ရန် အင်မော်တယ်ဘုရင်တစ်ပါးကို ရှာဖွေရန်မှာ မည်မျှ ခက်ခဲလိုက်မည်နည်း။ နတ်ဆိုးနယ်မြေမှာ အဆုံးမဲ့ကျယ်ပြောလှသည်ဖြစ်ရာ ထိုအင်မော်တယ်ဘုရင်များ မည်သည့်နေရာ၌ ပုန်းအောင်းနေကြသည်ကို မည်သူမျှ မသိနိုင်ပေ။ အမှားအယွင်း အနည်းငယ် ရှိရုံဖြင့် အင်မော်တယ်ဘုရင် တစ်ပါးတည်းသာမက နှစ်ပါး သုံးပါးအထိပါ ထွက်ပေါ်လာနိုင်သည့် မရေရာသော အချက်များလည်း ရှိနေ၏။

‎

‎

‎ဤအကြောင်းကြောင့်ပင် ကုချန်သည် ရှီမိုကောင်းကင်အရှင်သခင်ကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၏ ကိစ္စရပ်များမှတစ်ဆင့် သူသည် ရှီမိုကောင်းကင်မှ လူများကို ယုတ္တိရှိရှိ ဆွဲဆောင်နိုင်ခဲ့သည်။ ထို့နောက် ရှီမိုကောင်းကင် လက်အောက်ရှိ နတ်ဆိုးအရှင်သခင်များကို သတ်ဖြတ်ခြင်းဖြင့် ရှီမိုကောင်းကင်အရှင်သခင်ကို သူ၏ ထောင်ချောက်ထဲသို့ ဆွဲခေါ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုမူ အရာအားလုံးမှာ ကုချန်၏ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။ ရှီမိုကောင်းကင်အရှင်သခင်သည် အမှန်တကယ်ပင် ဆင်းသက်လာခဲ့ပြီ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မကြာမီ စမ်းသပ်နိုင်တော့မည်ကို သိရသဖြင့် ကုချန်၏ စိတ်ထဲတွင်ကျေနပ်နေမိသည်။

‎

‎

‎သို့သော် ကောင်းကင်နှင့် မြေကြီးအနှံ့ ပဲ့တင်ထပ်နေသော မေးခွန်းထုတ်သံများကို ရင်ဆိုင်ရာတွင်မူ ကုချန်၏အမူအရာမှာ တည်ငြိမ်မြဲ တည်ငြိမ်နေဆဲ ဖြစ်သည်။ နောက်တစ်ခဏတွင် ရှီမိုကောင်းကင်အရှင်သခင်၏ အသံနှင့် ကွဲပြားသော်ငြား ထပ်တူပင် ခမ်းနားထည်ဝါကာ အေးစက်လှသော အသံတစ်ခု ကမ္ဘာပေါ်၌ ပေါ်ထွက်လာ၏။

‎

‎

‎" လူတစ်ယောက်ကို သတ်ဖို့အတွက် မင်းရဲ့ ခွင့်ပြုချက် လိုလို့လား "

‎

‎

‎ဤသည်မှာ ရှီမိုကောင်းကင်အရှင်သခင်ကို ပြန်လည်တုံ့ပြန်လိုက်သော ကုချန်၏ စကားပင် ဖြစ်သည်။ ဤပြန်လည်ဖြေကြားမှုသည် ရှီမိုကောင်းကင်အရှင်သခင် နောက်မှ လိုက်ပါလာကြသော နတ်ဆိုးအရှင်သခင် အင်မော်တယ်များစွာကို ပို၍ပင် အံ့အားသင့်သွားစေ၏။ ဤသူမှာ မည်သူနည်း။

‎

‎

‎အင်မော်တယ်ဘုရင်ကိုယ်တိုင် ဆင်းသက်လာသည်ကို ရင်ဆိုင်ရလျှင်ပင် သူ၏စကားများမှာ ယုံကြည်မှုအပြည့်နှင့် ရဲတင်းလွန်းနေဆဲ ဖြစ်သည်။ ရှီမိုကောင်းကင်အရှင်သခင်ကို အမှန်တကယ် ဒေါသထွက်စေ၍ ကြောက်မက်ဖွယ် အဆုံးသတ်နှင့် ရင်ဆိုင်ရမည်ကို သူ မကြောက်လေသလား။

‎

‎

‎" ငါကိုယ်တော် "

‎

‎

‎ကုချန်၏တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ ရှီမိုကောင်းကင်အရှင်သခင်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို အကဲခတ်မိလိုက်သည်။ အကယ်၍ ဤသူမှာ အင်မော်တယ်ဘုရင် မဟုတ်ဘဲ နတ်ဆိုးအရှင်သခင် တစ်ဦးသာ ဖြစ်ပါက သူသည် မိမိကိုယ်ကိုယ် "ငါအရှင်" ဟုသာ ခေါ်ဆိုရမည် ဖြစ်သည်။ "ငါကိုယ်တော်" ဆိုသည်မှာ မည်သည့်နေရာမှနည်း။

‎

‎

‎သို့သော် ရှီမိုကောင်းကင်အရှင်သခင်သည် ထူးဆန်းသည်ဟု ထင်သော်လည်း ထိုအရာအား သိပ်အလေးမထားခဲ့ပေ။ နတ်ဆိုးနယ်မြေမှာ ကျယ်ပြောလှသဖြင့် လူများမှာ မိမိကိုယ်ကိုယ် ခေါ်ဆိုရာတွင် ပုံစံအမျိုးမျိုး အသုံးပြုတတ်ကြသည်။ မိမိကိုယ်ကိုယ် "ငါကိုယ်တော်" ဟု ခေါ်ဆိုခြင်းမှာ အတွေ့ရနည်းသော်လည်း လုံးဝ နားမလည်နိုင်စရာတော့ မဟုတ်ပေ။

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်ကို အမှန်တကယ် ဒေါသထွက်စေသည်မှာ ကုချန်၏ နောက်ဆက်တွဲ စကားများပင် ဖြစ်သည်။

‎

‎

‎" ငါကိုယ်တော် လူသတ်တာမှာ မင်းရဲ့ ခွင့်ပြုချက်ကို ဘာလို့ လိုအပ်ရမှာလဲ "

‎

‎

‎သွေးငရဲ နတ်ဆိုးအရှင်သခင်ကဲ့သို့သော သူများသည် သူ၏လက်အောက်ငယ်သားများ ဖြစ်ကြသော်လည်း အသတ်ခံလိုက်ရရုံသာမက ဤသူမှာ ခွင့်ပြုချက်ယူရန် မလိုဟုပင် ပြောဝံ့၏။ ဤသည်မှာ သူ့အား လုံးဝ လျစ်လျူရှုလိုက်ခြင်း မဟုတ်ပါလော။

‎

‎

‎" ကောင်းပြီ... ငါဘုရင် ဆင်းသက်မလာတာ ကြာပြီဖြစ်လို့ စစ်မှန်တဲ့ အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ရှေ့မှာ ထားရှိရမယ့် ရိုသေမှုကို လောကကြီးက မေ့သွားပုံပဲ "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင်၏ မျက်လုံးများမှာ ပို၍ အေးစက်လာ၏။ ယခုတစ်ကြိမ်တွင်မူ သူသည် ကုချန်နှင့် စကားများကာ အချိန်ဖြုန်းရန် စိတ်မဝင်စားတော့ပေ။ ထိုအစား သူသည် သူ၏ကြီးမားလှသော ဓမ္မရုပ်သွင်အား လှုပ်ရှားစေကာ ရုတ်တရက် တိုက်ခိုက်လိုက်တော့သည်။

‎

‎

‎" ဝူး... "

‎

‎

‎ဓမ္မရုပ်သွင်မှာ အတိုင်းအဆမရှိ ကြီးမားသော်လည်း လှုပ်ရှားမှုမှာမူ အလွန်ပင် လျင်မြန်လှသည်။ ကြီးမားလှသော လက်မောင်းတစ်ဖက်သည် နယ်မြေ၏အပြင်ဘက်မှ ဆန့်ထွက်လာကာ ကြက်သွေးရောင် ငရဲနတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်လာ၍ အဆုံးမဲ့သော ကောင်းကင်ယံကို တစ်ခဏချင်း ဖုံးလွှမ်းသွားကာ ချီလျန်မျိုးနွယ်စု၏ ဘိုးဘေးနယ်မြေရှိရာသို့ ဖမ်းဆုပ်လိုက်တော့သည်။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါး လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

‎

‎

‎ဤအခိုက်အတန့်တွင် ရှီမိုကောင်းကင်မှ လိုက်ပါလာကြသော နတ်ဆိုးအရှင်သခင် အင်မော်တယ်များစွာမှာ စိတ်နှလုံးများ တုန်လှုပ်နေကြလျက် နယ်မြေအပြင်ဘက်မှ ဆင်းသက်လာသော ဧရာမလက်ဝါးကြီးကို မျက်တောင်မခတ်တမ်း ကြည့်နေကြ၏။ သူတို့သည် ထိုလှုပ်ရှားမှုမှတစ်ဆင့် တစ်စုံတစ်ခုကို သိမြင်နားလည်နိုင်ရန်နှင့် ဘုရင်အဆင့်၏ တာအိုအစအနလေးပင်ဖြစ်စေ ရရှိနိုင်ရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါး လှုပ်ရှားလိုက်ချိန်တွင် ဖြစ်ပေါ်လာသော အရှိန်အဝါမှာ မည်မျှ ထိတ်လန့်ဖွယ် ကောင်းမည်နည်း။ ဧရာမ လက်ကြီးမှာ အတိုင်းအဆမရှိသော လေဟာပြင်ကို ဖြတ်ကျော်ကာ ချီလျန်ဘိုးဘေးနယ်မြေသို့ ဦးတည်လာ၏။

‎

‎

‎၎င်း၏လက်ချောင်းများကြားတွင် ကြယ်တာရာအလင်းတန်းများ ဝဲလည်နေလျက်ရှိ၏။ ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ မရေတွက်နိုင်သော ကြယ်တာရာများမှာ ထိုအရှိန်အဝါကို မခံနိုင်စွာ လက်ဝါးကြီး အနီးသို့ မရောက်မီမှာပင် ဖုန်မှုန့်နှင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

‎

‎

‎လက်ဝါးတစ်ချက်ဖြင့် လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ချေမှုန်းလိုက်ခြင်းပင်။ ဤအရာမှာ အဆုံးစွန်သော ဖျက်ဆီးခြင်း စွမ်းအား၏ ပြယုဂ်ဖြစ်ကာ လောကီအဆင့်အတန်းထက် ကျော်လွန်နေသော အလွန်အမင်း ရဲတင်းလှသည့် စွမ်းအားကို ပြသလိုက်ခြင်း ဖြစ်သည်။ အင်မော်တယ်ဘုရင် တစ်ပါးအနေဖြင့် ရှီမိုကောင်းကင်အရှင်သခင်သည် ကုချန်နှင့် ဆက်လက် ငြင်းခုံနေရန်မလိုဟု ယူဆကာ ကုချန်၏အသက်ကို နုတ်ယူရန် ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎အကယ်၍ ဤလက်ဝါး ကျဆင်းလာချိန်တွင် ကုချန် မတားဆီးနိုင်ပါက သူသာမက ချီလျန်မျိုးနွယ်စု တစ်ခုလုံးမှာလည်း ဤလက်ဝါး၏ နောက်ဆက်တွဲဒဏ်ကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲကာ ပျက်စီးသွားပေလိမ့်မည်။ ဤသည်မှာ ရှီမိုကောင်းကင်အရှင်သခင်၏ ရည်ရွယ်ချက် ဖြစ်နိုင်၏။ ထိုသို့မဟုတ်လျှင် သူသည် ဤအချက်ကို လုံးဝ ဂရုမစိုက်ခြင်းလည်း ဖြစ်နိုင်သည်။

‎

‎

‎အင်မော်တယ်ဘုရင်အဆင့် ပညာရှင်တစ်ဦး လှုပ်ရှားလိုက်ချိန်တွင် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဒဏ်မှာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်၏။ နှစ်ပေါင်း သန်းနှင့်ချီသော အမွေအနှစ်များ ရှိသည့် ချီလျန်မျိုးနွယ်စုသည်ပင် အင်မော်တယ်ဘုရင်၏ တိုက်ခိုက်မှုအောက်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နုနယ်လှပေသည်။

‎

‎

‎ချီလျန်မျိုးနွယ်စုအတွင်း၌.....

‎

‎

‎အကြီးအကဲ အားလုံးမှာ ကောင်းကင်ယံမှ ကျဆင်းလာသော ထိတ်လန့်ဖွယ် လက်ဝါးကြီးကို မော့ကြည့်နေကြ၏။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ပြည့်နှက်နေလေသည်။

‎

‎

‎ဤသည်မှာ စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး၏လှုပ်ရှားမှု ဖြစ်ကာ မည်သည့် နတ်ဆိုးအရှင်သခင်နှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤလက်ဝါး တစ်ချက်တည်းဖြင့် ချီလျန်မျိုးနွယ်စု မဆိုထားနှင့် ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ တစ်ခုလုံးပင် ပျက်စီးသွားနိုင်ပေသည်။

‎

‎

‎သို့သော် ချီလျန်မျိုးနွယ်စုဝင်များ ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင်.....

‎

‎

‎ကုချန်မှာမူ ရှီမိုကောင်းကင်အရှင်သခင် ဖိနှိပ်လိုက်သော လက်ဝါးကို အေးအေးလူလူပင် ကြည့်ရှုနေကာ သူ၏စိတ်ထဲတွင် ထိုလက်ဝါးအား လျှို့ဝှက်ဆန်းပြားသော ခေါင်းတလားအတွင်း၌ သူမြင်တွေ့ခဲ့ရသည့် လက်ဝါးနှင့် နှိုင်းယှဉ်နေမိသည်။

‎

‎

‎နှိုင်းယှဉ်မှု၏ ရလဒ်မှာမူ သိသာလှပေသည်။ ရှီမိုကောင်းကင်အရှင်သခင် ဖိနှိပ်လိုက်သော လက်ဝါးမှာ စွမ်းအားကြီးမားသော်လည်း ကုချန် ယခင်က မြင်တွေ့ခဲ့ရသော လျှို့ဝှက်ဆန်းပြားသည့် လက်ဝါး၏ အစအနလေးတစ်ခုကိုပင် မမီပေ။ ရှီမိုကောင်းကင်အရှင်သခင်၏ လက်ဝါးတွင် ဖျက်ဆီးခြင်း တာအို၏ အနှစ်သာရ အနည်းငယ်သာ ပါဝင်နေ၏။

‎

‎

‎သို့သော် ကုချန် မြင်တွေ့ခဲ့ရသည့် လက်ဝါးမှာမူ အဆုံးမဲ့ တာအိုများကို လွှမ်းခြုံထားကာ ဖျက်ဆီးခြင်း အနှစ်သာရ အပြည့်အဝ ပါဝင်နေ၏။ ထိုလက်ဝါးကို ကြည့်လိုက်ရုံဖြင့် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၏ ကောင်းကင်ဘုံများနှင့် နယ်ပယ်အသီးသီးကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်သည်။ ထိုနှစ်ခုမှာ လုံးဝ တူညီသော အဆင့်အတန်းတွင် ရှိမနေပေ။

‎

‎

‎" လိုပါသေးတယ် "

‎

‎

‎ကုချန်သည် တိုးညင်းစွာ ရေရွတ်ရင်း သူ၏လက်ညှိုးကို ဖြည်းညင်းစွာ ဆန့်ထုတ်ကာ ရှီမိုကောင်းကင်အရှင်သခင်၏ ဧရာမလက်ဝါးကြီးရှိရာသို့ တိတ်ဆိတ်စွာ ညွှန်ပြလိုက်သည်။

‎

‎

‎" ဝူး... "

‎

‎

‎ကုချန် လက်ညှိုးညွှန်လိုက်သည်နှင့် ချီချင်းနှင့် တတိယအကြီးအကဲတို့မှာ အသံတစ်ခုကို ကြားလိုက်ပုံရကာ ထိုဘက်သို့ မသိစိတ်အလျောက် လှည့်ကြည့်လိုက်ကြ၏။ နောက်တစ်ခဏတွင် သူတို့သည် သူတို့အား ဆွံ့အသွားစေမည့် မြင်ကွင်းတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတော့သည်။

‎

All Chapters