အခန်း (၃၀၁-၃၀၂)
Vol. 22 Ch. 301-302
အခန်း ( ၃၀၁ ) - လူအများ၏ အာရုံစိုက်မှု၊ မှော်ဆန်သော စွမ်းအားနှင့် ကုချန်၏ ဝမ်းမြောက်မှု
မြင့်မားလှသော ကောင်းကင်ယံထက်တွင် မည်သည့်အချိန်က ဖြစ်ပေါ်လာသည်မသိသော ဧရာမဟွမ်သွမ့် လက်ညှိုးကြီးတစ်ခုသည် ကောင်းကင်ယံကို ထိုးခွဲကာ တားဆီး၍မရသော အရှိန်အဝါဖြင့် ရှီမိုကောင်းကင်အရှင်သခင် ဖိနှိပ်လိုက်သော လက်ဝါးကြီးဆီသို့ ပြင်းထန်စွာ ထိုးစိုက်ချလိုက်တော့သည်။
" ငါဘုရင်ရဲ့ ရှေ့မှာ မင်းက ရဲတင်းလှချည်လား! "
လေဟာနယ်အတွင်း ဖြစ်တည်လာသော ဧရာမဟွမ်သွမ့်လက်ညှိုးကြီးကို ကြည့်ကာ ရှီမိုကောင်းကင်အရှင်သခင်သည် အေးစက်စွာ ရယ်မောလိုက်၏။ သူ၏ပတ်ဝန်းကျင်၌ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပျံ့နှံ့လာကာ ကျယ်ပြောလှသော ကောင်းကင်ယံကြီးမှာ လုံးဝ ပေါက်ကွဲထွက်တော့မည့်အလား တုန်ခါနေ၏။
ဤသည်မှာ ကုချန်၏ ခုခံမှုဖြစ်ကြောင်း သူ သိသော်လည်း အင်မော်တယ်ဘုရင်တစ်ပါး၏ ဂုဏ်ဒြပ်ကို မည်သူမျှ ဆန့်ကျင်၍ မရနိုင်သည်မှာ ကံကြမ္မာပင် ဖြစ်သည်။
" ဟွန်း! "
ခမ်းနားထည်ဝါလှသော အသံကြီးတစ်သံ ပဲ့တင်ထပ်သွားကာ ကမ္ဘာမြေကို တုန်လှုပ်စေသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပျံ့နှံ့သွားပြီးနောက် ရှီမိုကောင်းကင်အရှင်သခင်၏ ခမ်းနားလှသော ဓမ္မရုပ်သွင်အထက်ရှိ မရေမတွက်နိုင်သော ကြယ်စင်များမှာ တစ်ခဏချင်း အက်ကွဲပျက်စီးသွားကြ၏။ ၎င်းမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသော မြင်ကွင်းပင်။
သို့သော် နောက်တစ်ခဏ၌ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသော ထိုကြယ်စင်များမှာ ချက်ချင်းပင် အရည်ပျော်ကာ တစ်သားတည်း ဖြစ်သွားလျက် ပြည့်စုံ ချောမွေ့သော ကြယ်စင်များအဖြစ် ပြန်လည် စုဖွဲ့သွားကြပြန်သည်။
ဤအခိုက်အတန့်တွင် ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်း စွမ်းအားတို့မှာ သူ၏ စိတ်ကူးတစ်ခုတည်းဖြင့်ပင် အပြန်အလှန် ဒွန်တွဲဖြစ်ပေါ်နေ၏။ သူ၏ အတုမဲ့လှသော စွမ်းအားမှာ နတ်ဆိုးအရှင်သခင် အင်မော်တယ်များပင် မော့ကြည့်ရင်း တုန်လှုပ်ရသည့် အခြေအနေဖြစ်သည်။
အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည်နှင့်အညီ သူ၏တာအိုမှာ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရားနားလည်ခြင်း "အတွင်းသို့ ပျံ့နှံ့ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ဖျက်ဆီးခြင်း တာအိုတစ်ခုတည်းလောက်နှင့် ရိုးရှင်းနေမည် မဟုတ်ပေ။ လောကရှိ အဆုံးမဲ့သော တာအိုများအားလုံးမှာ သူ၏အသုံးတော်ခံများသာ ဖြစ်ကြသည်။
" သေပေတော့! "
ရှီမိုကောင်းကင်အရှင်သခင်သည် ကောင်းကင်ဘုံ၏ အထွတ်အထိပ် အုပ်ချုပ်သူတစ်ဦးကဲ့သို့ သက်ရှိအားလုံးကို ငုံ့ကြည့်လျက် အေးစက်စွာ ပြောဆိုလိုက်သည်။
သူ ဖိနှိပ်လိုက်သော လက်ဝါးကြီးအတွင်းမှ အဆုံးမဲ့သော တာအိုများ စုစည်းလာကာ ကြယ်စင်များ လည်ပတ်နေလျက် စကြဝဠာကြီးသည် ကမ္ဘာဦးအစ ဖရိုဖရဲအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု အံ့ဖွယ် ပေါ်ထွက်လာ၏။
မရေမတွက်နိုင်သော ကြယ်စင်များမှာ သူ၏လက်ဝါးထဲတွင် မြေမှုန့်ကလေးများကဲ့သို့ သေးငယ်နေ၏။ သူ၏လက်ဝါးကြီး ကျဆင်းလာချိန်တွင် စကြဝဠာတစ်ခုလုံး ဖိနှိပ်ခံလိုက်ရသကဲ့သို့ ဖြစ်ကာ ၎င်း၏ အရှိန်အဝါကို မည်သူမျှ တားဆီးနိုင်စွမ်း မရှိတော့ပေ။
အကယ်၍ ဤလက်ဝါးသာ မြေပြင်သို့ ကျရောက်ခဲ့ပါက ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ တစ်ခုလုံးသည်ပင် ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။
" ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်ဖို့ ကြိုးစားနေတာပဲ... ဒီလူက အင်မော်တယ်ဘုရင်ကို တိုက်ရိုက် ရင်ဆိုင်ရဲတယ်ပေါ့ သူက 'သေခြင်းတရား' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလဲ တကယ် မသိတာပဲ! "
" အင်မော်တယ်ဘုရင် ရောက်လာပြီဆိုရင် ဒူးထောက် အပြစ်ဝန်ခံတာကပဲ မှန်ကန်တဲ့ လမ်းစဉ်ပဲ... အခုလို ရမ်းကားပြီး အင်မော်တယ်ဘုရင်ကို ဒေါသထွက်အောင် လုပ်တာက သေတွင်းတူးတာပဲ ဖြစ်လိမ့်မယ်! "
" တောက်! ပုစဉ်းရင်ကွဲက ရထားလုံးကို တားဖို့ ကြိုးစားနေသလိုပဲ ကိုယ့်အားကိုယ် မသိလိုက်လေခြင်း! "
ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ အပြင်ဘက်မှ ဤမြင်ကွင်းကို စောင့်ကြည့်နေကြသော ရှီမိုကောင်းကင်မှ နတ်ဆိုးအရှင်သခင် အင်မော်တယ်များစွာမှာ မထီမဲ့မြင်ပြုသော အသံများဖြင့် ပြောဆိုနေကြ၏။ ချီလျန်မျိုးနွယ်စုအတွင်း ပုန်းအောင်းနေသော ထိုသူမှာ ရူးသွပ်နေပြီဟု သူတို့ ထင်မှတ်နေကြသည်။
အင်မော်တယ်ဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် တိုက်ရိုက် ခုခံဝံ့သည်တဲ့လော။ အင်မော်တယ်ဘုရင်တစ်ပါး၏ အမျက်ဒေါသသည် ကောင်းကင်ဘုံအားလုံးရှိ မရေမတွက်နိုင်သော စကြဝဠာများကို ပြာအဖြစ်သို့ လောင်ကျွမ်းစေနိုင်သည်ကို လူတိုင်း သိထားကြသည်။
" သူ တားနိုင်ပါ့မလား "
ချီလျန်မျိုးနွယ်စု ဘိုးဘေးနယ်မြေရှိ အစည်းအဝေးခန်းမအတွင်း၌လည်း အကြီးအကဲများမှာ စိုးရိမ်တုန်လှုပ်နေကြ၏။ ရှီမိုကောင်းကင်အရှင်သခင် ဆင်းသက်လာလျှင်ပင် မကြောက်ဟု ကုချန်မှ ပြောခဲ့သော်လည်း ဤမြင်ကွင်းကို အမှန်တကယ် ရင်ဆိုင်ရချိန်တွင် တတိယအကြီးအကဲနှင့် အခြားသူများမှာ မထိတ်လန့်ဘဲ မနေနိုင်ကြပေ။
ထို့ပြင် ရှီမိုကောင်းကင်အရှင်သခင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ကုချန်သည် လက်ညှိုးတစ်ချောင်းကိုသာ သာမန်ကာလျှံကာ အသုံးပြုနေကာ အစွမ်းကုန် ထုတ်သုံးပုံမရသဖြင့် သူတို့မှာ ပို၍ စိတ်မအေး ဖြစ်နေရသည်။ ထိုသူမှာ အင်မော်တယ်ဘုရင် ဖြစ်သည်။ ဤကဲ့သို့ လျစ်လျူရှုသော အမူအရာမျိုးမှာ အမှန်တကယ်ပင် သင့်တော်ပါ၏လော။
အကယ်၍ ဤလက်ဝါးကို မတားဆီးနိုင်ပါက ချီလျန်မျိုးနွယ်စု တစ်ခုလုံးမှာ ဤလောကမှ ပျောက်ကွယ်သွားပေလိမ့်မည်။ တတိယအကြီးအကဲနှင့် အခြားသူများမှာ ရင်တထိတ်ထိတ် ဖြစ်နေကြလျက် လက်ညှိုးနှင့် လက်ဝါး ထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်ကိုပင် ကြည့်ရန် ကြောက်ရွံ့နေကြသည်။
ကုချန် တစ်ဦးတည်းသာလျှင် မည်သည့် စိတ်လှုပ်ရှားမှု အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်နေ၏။ အကြောင်းမှာ သူ သာမန်ကာလျှံကာ ညွှန်ပြလိုက်သော လက်ညှိုးတွင် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရားနားလည်ခြင်း "၏ ကြီးမားလှသော စွမ်းအားများ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။
သူသည် ထိုသိမြင်မှု၏ တစ်ရာခိုင်နှုန်းကိုသာ နားလည်ထားသော်လည်း ထိုတစ်ရာခိုင်နှုန်းသော စွမ်းအားသည်ပင်လျှင် အရာအားလုံးကို လွှမ်းခြုံထားနိုင်ကာ သာမန်တာအိုများနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားလှသည်။
ရှီမိုကောင်းကင်အရှင်သခင်၏ လက်ဝါးသည် စွမ်းအားကြီးသည်မှာ မှန်သော်လည်း အဆုံးမဲ့ ကျယ်ပြောလှသော "စစ်မှန်သော သိမြင်နားလည်မှု" နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
" ဝုန်း! "
တစ်ခဏအတွင်းမှာပင် ကောင်းကင်ကို ဖုံးလွှမ်းထားသော ဧရာမ လက်ဝါးကြီးနှင့် ကုချန် ညွှန်ပြလိုက်သော ဟွမ်သွမ့်လက်ညှိုးကြီးတို့သည် ထိပ်တိုက်တွေ့ဆုံသွားကာ ကမ္ဘာပျက်မတတ် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့သည်။
အတိုင်းအဆမရှိသော လေဟာနယ်မှာ ပျက်စီးပြိုကွဲသွား၍ မြေ၊ ရေ၊ လေ၊ မီး ဒြပ်စင်များမှာလည်း အစီအစဉ်မကျ ထွက်ပေါ်လာရာ လောကကြီး တစ်ခုလုံး ပျက်သုဉ်းတော့မည့် ထိတ်လန့်ဖွယ် အခိုက်အတန့် ရောက်ရှိလာသကဲ့သို့ပင်ထင်ရ၏။
အဝေးမှ စောင့်ကြည့်နေကြသော နတ်ဆိုးအရှင်သခင် အင်မော်တယ်များပင်လျှင် ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ စွမ်းအားများကြောင့် သူတို့၏ သွေးနှင့် အသက်ရှူနှုန်းများမှာ ကမောက်ကမ ဖြစ်သွားကာ ကောင်းကင်ယံမှ လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့ရသည်။ ဤသည်မှာ အလွန်ဝေးကွာသော နေရာမှ ပျံ့နှံ့လာသည့် အစအနလေးမျှသာ ရှိသေးသော်လည်း ထိုနတ်ဆိုးအရှင်သခင်များကိုပင် ဒဏ်ရာရလုနီးပါး ဖြစ်စေခဲ့သည်။
အကယ်၍ သူတို့သာ အနီးကပ် ရှိနေခဲ့လျှင် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိတော့ပေ။ တစ်ချက်မျှ ထိမိရုံနှင့်ပင် ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းသို့ ရောက်ရှိသွားပေလိမ့်မည်။
နတ်ဆိုးအရှင်သခင် အင်မော်တယ်များ၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ သို့သော် သူတို့ကို ပို၍ပင် တုန်လှုပ်သွားစေသည်မှာ ထိုတိုက်ခိုက်မှု၏ ရလဒ်ပင် ဖြစ်သည်။
ထာဝရ မသေနိုင်သော အလင်းတန်းတစ်ခုကဲ့သို့ ဟွမ်သွမ့်လက်ညှိုးကြီးမှာ လက်ဝါးကြီးအတွင်းရှိ မရေမတွက်နိုင်သော ကြယ်စင်များကို တိုက်ရိုက် ထိုးဖောက်ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် အရှိန်မပျက်ဘဲ ဧရာမ လက်ဝါးကြီးကိုပါ အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဆွဲဖြဲပစ်လိုက်တော့သည်။
" ဟမ်! "
သူ၏ ဓမ္မရုပ်သွင် လက်ဝါးကြီး ပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ ရှီမိုကောင်းကင်အရှင်သခင်မှာ တစ်ခဏချင်း ထိတ်လန့်သွားတော့၏။ ဤသူသည် သူ၏လက်ဝါးကို တားဆီးနိုင်ရုံသာမက မည်သည့် အားစိုက်မှုမျှ လုပ်စရာမလိုဘဲ အနိုင်ယူသွား၏။ သူသည် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် မအောင်မြင်ခဲ့သူ တစ်ဦး အမှန်တကယ် ဟုတ်ပါ၏လော။
ရှီမိုကောင်းကင်အရှင်သခင်၏ စိတ်ထဲတွင် အတွေးများစွာ လှုပ်ခတ်နေသော်လည်း ဓမ္မရုပ်သွင်၏ လက်ဝါးကို ထိုးဖောက်လာသော ဟွမ်သွမ့်လက်ညှိုးမှာမူ အရှိန်မပျက်ဘဲ သူရှိရာသို့ တိုက်ရိုက် ဦးတည်လာနေသဖြင့် ရှီမိုကောင်းကင်အရှင်သခင်မှာ စဉ်းစားနေရန် အချိန်မရှိတော့ပေ။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှီမိုကောင်းကင်အရှင်သခင်၏ စိတ်ထဲရှိ အံ့အားသင့်မှုမှာ အဆုံးမဲ့သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
" ရဲတင်းလှချည်လား! "
ရှီမိုကောင်းကင်အရှင်သခင်သည် ဟိန်းဟောက်လိုက်ရာ သူ၏ရွှေရောင်ဆံပင်များမှာ လွင့်ပျံသွား၍ သူ၏မျက်လုံးထဲမှ အမျက်ဒေါသများမှာလည ကမ္ဘာကြီးကို ဝါးမြိုပစ်နိုင်သည့် သမုဒ္ဒရာကြီးအလား ဖြစ်နေ၏။
ဤအခိုက်အတန့်တွင် သူ ကိုယ်တိုင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် ရှီမိုကောင်းကင်အရှင်သခင်သည် လက်ဟန်ပေါင်း တစ်သိန်း ရှစ်ထောင်ကို ပြုလုပ်လိုက်၏။ ရှေးဟောင်း လက်ဟန်များ ဖြစ်ပေါ်လာသည်နှင့်အမျှ အဆုံးမဲ့သော တာအိုအလင်းတန်းများမှာ သူ၏ဓမ္မရုပ်သွင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလျက် ကမ္ဘာပျက်ကပ်ထက်ပင် ပိုမို ထိတ်လန့်ဖွယ် ကောင်းသော မြင်ကွင်းကို ဖန်တီးလိုက်လေတော့သည်။
ယခုအခါ ရှီမိုကောင်းကင်အရှင်သခင်၏ ဓမ္မရုပ်သွင် တစ်ခုလုံးမှာ သူနှင့်အတူ လှုပ်ရှားနေလေသည်။ လက်ထဲတွင် လက်ဟန်ပေါင်း တစ်သိန်း ရှစ်ထောင်ကို ကိုင်စွဲထားလျက် သူသည် အတုမဲ့ နတ်ဆိုးအရှင်တစ်ပါးကဲ့သို့ နတ်ဆိုးနေမင်းကြီးတစ်ခုကို တွန်းထုတ်ကာ ကောင်းကင်ဘုံအားလုံးကို မထီမဲ့မြင်ပြုရင်း လျှောက်လှမ်းလာနေတော့သည်။
" ဝုန်း! "
နတ်ဆိုးနေမင်းကြီး ကျဆင်းလာကာ ဟွမ်သွမ့်လက်ညှိုးကြီးကို ဝါးမြိုပစ်လိုက်ရာ မရေမတွက်နိုင်သော တာအိုသင်္ကေတများ ပေါ်ထွက်လာ၍ လက်ညှိုးအတွင်းရှိ စွမ်းအားများကို လျော့ပါး ပျောက်ကွယ်သွားစေကာ နောက်ဆုံးတွင် ဟွမ်သွမ့်လက်ညှိုးအတွင်းရှိ စွမ်းအားအားလုံးကို အကြွင်းအကျန်မရှိ ချေဖျက်ပစ်လိုက်တော့သည်။
လက်ညှိုး၏ စွမ်းအားကို ချေဖျက်ပြီးနောက်တွင်လည်း ရှီမိုကောင်းကင်အရှင်သခင်၏ အရှိန်အဝါမှာ လျော့ကျမသွားပေ။ သူသည် သူ၏ ကြီးမားလှသော ဓမ္မရုပ်သွင်ကြီးကို တွန်းပို့ကာ စကြဝဠာနှင့် ကောင်းကင်ဘုံအားလုံးကို တုန်လှုပ်စေလျက် ဆက်လက် ဖိနှိပ်လာခဲ့သည်။ သူသည် ဤတားဆီး၍မရသော အရှိန်အဝါဖြင့် သူ၏ရန်သူကို လုံးဝ ချေမှုန်းပစ်လိုနေခြင်း ဖြစ်သည်။
သို့သော် ရှီမိုကောင်းကင်အရှင်သခင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ကုချန်သည် အံ့အားသင့်ခြင်း မရှိဘဲ ဝမ်းမြောက်သွားဟန်ပင် ရှိသည်။ သူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ကာ.....
" နောက်ဆုံးတော့... တကယ့်ပြိုင်ဘက်ကောင်းတစ်ယောက် တွေ့ပြီပဲ "
သူ၏ တိုးညင်းစွာ ရေရွတ်လိုက်သံထဲတွင် ထိန်းချုပ်၍မရသော ဝမ်းသာမှုများ ပါဝင်နေလေ၏။
အခန်း ( ၃၀၂ ) - ပြင်းထန်သောတိုက်ပွဲ၊ နတ်ဆိုးအရှင်၏ သံသယ၊ ဓားအလင်းနတ်ဆိုးနေမင်း
ရှီမိုကောင်းကင်အရှင်သခင်၏ စွမ်းအားပြမှုကို ရင်ဆိုင်ရာတွင် ကုချန်မှာ အံ့သြခြင်းမရှိဘဲ ဝမ်းမြောက်မှုကိုသာ ပြသခဲ့သည်။ သူသည် မြင့်မြတ်လှသော အင်မော်တယ်ဘုရင်တစ်ပါး၊ နတ်ဆိုးကောင်းကင်ဘုံတစ်ခု၏ အရှင်သခင်ဖြစ်ရာ ဤမျှလောက်ပင် မစွမ်းဆောင်နိုင်ပါက အမှန်တကယ်ပင် စိတ်ပျက်စရာကောင်းပေလိမ့်မည်။
ကုချန်၏ဝမ်းမြောက်မှုမှာ အချိန်အတော်ကြာပြီးမှသာ သူနှင့် ထိုက်တန်သော ပြိုင်ဘက်ကောင်းတစ်ဦးကို တွေ့ရှိရခြင်းကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းကိုးသောင်းလုံးလုံး ကုချန်သည် နတ်ဆိုးနယ်မြေ၏ နယ်စပ်ကို စောင့်ကြပ်ခဲ့၏။ ထိုကာလတွင် ခက်ခဲခဲ့ရခြင်းမှာ နတ်ဆိုးနယ်မြေမှ အထွတ်အထိပ်ပညာရှင်များစွာကို ဆက်တိုက်ရင်ဆိုင်ခဲ့ရခြင်းကြောင့်သာ ဖြစ်ပြီး စွမ်းအားကြီးမားသော ရန်သူစစ်စစ်ကိုမူ သူ မတွေ့ခဲ့ရပေ။
နောက်ပိုင်းတွင် ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးချိန်၌မူ ကုချန်သည် အရာအားလုံးကို ဖယ်ရှားနိုင်ခဲ့ကာ မည်သည့်ပြိုင်ဘက်ကောင်းကိုမျှ ထပ်မံမတွေ့ရတော့ပေ။ သူ၏မျက်လုံးထဲတွင် 'ကျယ်ပြောလှသော ဧကရာဇ်အဆင့်' ဆိုသည်မှာပင် ကြက်၊ ခွေးများနှင့် မခြားနားလှပေ။
ဧကရာဇ်နန်းတော်ကို ဖျက်ဆီးခြင်း၊ တားမြစ်နယ်မြေများကို ငြိမ်ဝပ်ပိပြားစေခြင်း၊ အင်မော်တယ်အရှင်သခင်များကို နှိမ်နင်းခြင်းနှင့် အသက်ရှည်ခြင်းနန်းတော်ကို ချေမှုန်းခြင်း။ ဤခရီးတစ်လျှောက်လုံးတွင် ခံနိုင်ရည်ရှိသည့် မင်ကူအင်မော်တယ်မှလွဲ၍ ကျန်သူများမှာ ကုချန်အတွက် စိန်ခေါ်မှု မဖြစ်ခဲ့ကြပေ။ မင်ကူအင်မော်တယ်ကိုယ်တိုင်ပင် ကုချန်၏တိုက်ကွက်အနည်းငယ်ကိုသာ ခံနိုင်ရည်ရှိကာ ရက်ရက်စက်စက် နှိမ်နင်းခြင်း ခံခဲ့ရသည်။
အတုမဲ့ဖြစ်ရခြင်းမှာ ကောင်းမွန်သော်ငြား အထီးကျန်ဆန်မှုနှင့် ဝမ်းနည်းစရာ တစ်မျိုးလည်း ဖြစ်၏။ ကုချန်ကဲ့သို့သော အဆင့်အတန်းရှိသည့် ကျင့်ကြံသူတစ်ဦးအဖို့ ပြိုင်ဘက်မရှိမှာကို မကြောက်ပေ။ ထိုက်တန်သော ပြိုင်ဘက်တစ်ဦးနှင့် တွေ့ဆုံခြင်းကသာ သူ၏ တိုက်ခိုက်လိုစိတ်ကို နှိုးဆွပေးနိုင်ပြီး သူ၏ တာအိုကို သက်သေပြကာ ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုမိုချောမွေ့စေမည် ဖြစ်သည်။ ပြိုင်ဘက် ကင်းမဲ့နေခြင်းကသာ သူ၏တာအိုကို သွေးပေးရန် အခွင့်အရေး မရှိတော့ဘဲ လမ်းပျောက်စေနိုင်၏။
ယခုအခါ ရှီမိုကောင်းကင်အရှင်သခင် ရှိနေခြင်းကြောင့် ကုချန်သည် သူ၏စွမ်းအားအားလုံးကို အကန့်အသတ်မရှိ ထုတ်ဖော်ကာ သူ၏တာအိုကို စမ်းသပ်နိုင်ပြီ ဖြစ်သည်။ ဤလောကတွင် ဤအရာထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသောအရာ ရှိပါဦးမည်လော။
" ဟားဟား... ကောင်းတယ်! "
ကုချန်သည် မတ်တတ်ရပ်လိုက်ရာ သူ၏ကိုယ်တွင်းမှ ချီများမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။ အဆုံးမဲ့သော နတ်ဆိုးချီများ ကောင်းကင်နှင့် မြေကြီးအနှံ့ ပျံ့နှံ့သွားလျက် ရှီမိုကောင်းကင်အရှင်သခင်၏ ဓမ္မရုပ်သွင်ထက် မနိမ့်ကျသော ခမ်းနားလှသည့် ဓမ္မရုပ်သွင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။
ထို့တင်မကသေးဘဲ ကုချန်သည် ဓမ္မရုပ်သွင်ကြီး ပေါ်ထွက်လာသည်နှင့် ကောင်းကင်သို့ ပျံတက်ကာ ရှီမိုကောင်းကင်အရှင်သခင်ကို ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။ ဤအခိုက်အတန့်တွင် ကြီးမားထည်ဝါသော ပုံရိပ်ကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုမှာ ဤကမ္ဘာမြေကို ဆွဲဖြဲပစ်တော့မည့်အလား ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
" ဝုန်း! "
ထိုပုံရိပ်ကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံးကို မပြတ်တမ်း တုန်ခါစေသည့် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ သူတို့၏ တိုက်ပွဲပတ်ဝန်းကျင်၌ အသက်ရှင်ခြင်း၊ သေခြင်းနှင့် သံသရာလည်ခြင်း ချီများ အပြန်အလှန် ပေါ်ထွက်လာကာ ကမ္ဘာများ ဖန်တီးခြင်းနှင့် ကောင်းကင်ဘုံများ ပျက်စီးခြင်းဟူသော ထူးဆန်းသည့် မြင်ကွင်းများမှာလည်း လေဟာနယ်အတွင်း၌ လက်ဖျစ်တစ်တွက်အတွင်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေ၏။
တိုက်ပွဲမြေပြင်အထက်တွင် စကြဝဠာ၏ နိယာမသံကြိုးကွင်းများစွာမှာ ရစ်ပတ်ရိုက်ခတ်နေကြကာ ကောင်းကင်ဘုံအားလုံးကို ချိတ်ဆက်ပေးနိုင်သည့် သိန်းနှင့်ချီသော အလင်းတန်းများ ထွက်ပေါ်နေ၏။ ဤသည်မှာ စစ်မှန်သော အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲပင် ဖြစ်သည်။
အတိုင်းအဆမရှိသော ဓမ္မရုပ်သွင်ကြီးနှစ်ခုမှာ တစ်ဦးနှင့်တစ်ဦး အရှုံးအနိုင်မရှိ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသောအခါ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ အပြင်ဘက်မှ စောင့်ကြည့်နေကြသော နတ်ဆိုးအရှင်သခင် အင်မော်တယ်များမှာ ဆွံ့အသွားကြ၍ ယခင်ကကဲ့သို့ လှောင်ပြောင်ခြင်း မပြုဝံ့ကြတော့ပေ။
ဤအဆင့်အထိ တိုက်ခိုက်နိုင်သည်ဆိုကတည်းက သူတို့ မည်မျှပင် ထုံထိုင်းပါစေ အခြေအနေကို သဘောပေါက်သွားကြပြီ ဖြစ်သည်။ ချီလျန်မျိုးနွယ်စုအတွင်း ပုန်းအောင်းနေသော ထိုသူမှာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်နိုင်စွမ်းရှိရုံသာမက သူကိုယ်တိုင်မှာလည်း မြင့်မြတ်လှသော အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နေခြင်းပင်။
အင်မော်တယ်ဘုရင် မဟုတ်ပါက ရှီမိုကောင်းကင်အရှင်သခင်ကို မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ အင်မော်တယ်ဘုရင်ကို အင်မော်တယ်ဘုရင်ချင်းသာ ယှဉ်နိုင်ပေသည်။
သူတို့မှာ အင်မော်တယ်ဘုရင်တစ်ပါးကို လှောင်ပြောင်ခဲ့မိလေခြင်း.....
ဤသို့ တွေးမိလိုက်သည်နှင့် နတ်ဆိုးအရှင်သခင် အုပ်စုမှာ ချွေးစေးများ ထွက်လာတော့သည်။ နတ်ဆိုးနယ်မြေအတွင်း၌ အဆင့်အတန်းခွဲခြားမှုမှာ အလွန်ပင် တင်းကျပ်လှသည်။ ဤလျှို့ဝှက်ဆန်းပြားသော အင်မော်တယ်ဘုရင်နှင့် ရှီမိုကောင်းကင်အရှင်သခင်တို့ကြား မည်သည့်ရန်ငြိုးပင် ရှိပါစေ အင်မော်တယ်ဘုရင်အောက်ရှိ သူတို့ကဲ့သို့သော သူများမှာ ဝေဖန်ခြင်း၊ ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခြင်းမျိုး မပြုလုပ်သင့်ပေ။
အထက်လူကြီးကို စော်ကားခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်သည်။ အကယ်၍ ထိုအရှင်သာ သူတို့ကို သတ်ပစ်လျှင်ပင် မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။
" အင်မော်တယ်ဘုရင်... ငါတို့သခင်က တကယ်ပဲ အင်မော်တယ်ဘုရင်တစ်ပါးပဲ "
ချီလျန်ဘိုးဘေးနယ်မြေအတွင်း၌ တတိယအကြီးအကဲနှင့် အခြားအကြီးအကဲများမှာ ကောင်းကင်ယံမှ တိုက်ပွဲကို မော့ကြည့်ရင်း သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။ ကုချန်ကိုယ်တိုင် ယခင်က ဝန်ခံခဲ့ဖူးသော်လည်း ယခုကဲ့သို့ မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းမှာ ခံစားချက် လုံးဝ ကွဲပြားခြားနားလှသည်။
အားလုံးထဲတွင် ချီမုန်၏အံ့အားသင့်မှုမှာ အကြီးမားဆုံး ဖြစ်သည်။ ကုချန်ထံသို့ ပထမဆုံး သစ္စာခံခဲ့သူဖြစ်ရာ ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူ အတော်အတန် သိထားသည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမြင်ကွင်းမှာ သူ၏ နားလည်မှုကို ကျော်လွန်နေ၏။
သခင်သည် ဧကရာဇ်းဂိတ်ပေါက်မှ ထွက်ခွာလာသည်မှာ မည်မျှ ကြာခဲ့ပြီနည်း။ အလွန်ဆုံးရှိလှ နှစ်အနည်းငယ်သာ ရှိသေးသည်။ ဤမျှတိုတောင်းလှသော ကာလအတွင်း၌ သခင်၏ စွမ်းအားမှာ အင်မော်တယ်ဘုရင်အဆင့်သို့ ခုန်တက်သွားသည်တဲ့လော။ ဤသတင်းသာ ပျံ့နှံ့သွားပါက မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။
ချီလျန်မျိုးနွယ်စုနှင့် အပြင်ဘက်မှ နတ်ဆိုးအရှင်သခင်များ အံ့အားသင့်နေကြစဉ်မှာပင် တိုက်ပွဲမြေပြင်ရှိ ကုချန်နှင့် ရှီမိုကောင်းကင်အရှင်သခင်တို့၏တိုက်ပွဲမှာ ပြင်းထန်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှေးဟောင်းအင်မော်တယ်ဘုရင်တစ်ပါး ဖြစ်သည့်အတိုင်း ရှီမိုကောင်းကင်အရှင်သခင်သည် နောက်မှ တက်လာသူအားလုံးကို ငုံ့ကြည့်နိုင်သည်ဟု ယုံကြည်ထားသော်လည်း ယခုအခါ ကုချန်၏ တားဆီးခြင်းကို ခံနေရကာ အသာစီး မရနိုင်ဘဲ ဖြစ်နေ၏။
" ချွမ်... "
စူးရှသော ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွား၏။ ၎င်းမှာ လေဟာနယ်အတွင်းမှ မည်သည့်အချိန်က ထွက်ပေါ်လာမှန်းမသိသော အဆုံးမဲ့ဓားပင် ဖြစ်သည်။ ၎င်းသည် သိန်းနှင့်ချီသော ကောင်းကင်ယံကို ဖျက်ဆီးကာ ရှီမိုကောင်းကင်အရှင်သခင်၏ လက်ဝါးပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ အင်မော်တယ်ဘုရင်၏ သွေးများမှာ ထိုဒဏ်ရာမှ စီးကျလာကာ နယ်မြေအမြောက်အမြားကို သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်လေ၏။
" မင်းက တကယ်ပဲ ဘယ်သူလဲ "
သူ၏လက်ဝါးပေါ်မှ ဒဏ်ရာကို ကြည့်ရင်း ရှီမိုကောင်းကင်အရှင်သခင်မှာ တုန်လှုပ်ကာ ဇဝေဇဝါ ဖြစ်သွား၏။ ကုချန်သည် ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၌ အဆင့်တက်ရန် ကြိုးပမ်းရင်း မအောင်မြင်ခဲ့သူ တစ်ဦးဟုသာ သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ရှိတိုက်ပွဲကမူ သူ၏ပြိုင်ဘက်မှာ အင်မော်တယ်ဘုရင်အဆင့်နှင့် တန်းတူရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဖော်ပြနေသည်။
သို့သော် ဤသူမှာ အင်မော်တယ်ဘုရင်အဆင့်သို့ ယခုလေးတင် တက်လှမ်းထားသူ အမှန်တကယ် ဟုတ်ပါ၏လော။ အဆင့်တက်ပြီးချင်းမှာပင် သူ့ကဲ့သို့သော သူကို ရင်ဆိုင်နိုင်သည်တဲ့လော။ သူသည် ဤနတ်ဆိုးနယ်မြေရှိ အင်မော်တယ်ဘုရင် အများစုကို သိသော်လည်း ဤသူ့အကြောင်းကိုမူ တစ်ခါမျှ မကြားဖူးပေ။
ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ.....
ရှီမိုကောင်းကင်အရှင်သခင်မှာ သံသယများ ပြည့်နှက်နေ၏။ ရွှမ်ယွမ်နတ်ဆိုးနယ်မြေမှ ခဏတာ ထွက်ပေါ်လာသော အင်မော်တယ်ဘုရင်အရှိန်အဝါမှသည် ယခု ကုချန်နှင့် တိုက်ခိုက်နေရသည်အထိ အရာအားလုံးမှာ သူ့အား မရေရာသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
သို့သော် ရှီမိုကောင်းကင်အရှင်သခင်၏ အံ့အားသင့်မှုနှင့် သံသယများကို ကုချန်က အခွင့်အရေး ပေးရန် ရည်ရွယ်ချက် မရှိပေ။
" ချွမ်! "
ကုချန်သည် လက်ထဲရှိ အဆုံးမဲ့ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ သိန်းနှင့်ချီသော တောက်ပသည့် ဓားအလင်းတန်းများ ပွင့်ထွက်လာ၏။ ၎င်းတို့မှာ မရေမတွက်နိုင်သော နတ်ဆိုးမီးတောက်များကဲ့သို့ စုစည်းသွားကာ နောက်ဆုံးတွင် အဆုံးမဲ့ အေးစက်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ကိန်းအောင်းနေသည့် အနက်ရောင် နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလျက် ဝေဟင်ရှိ ရှီမိုကောင်းကင်အရှင်သခင်ထံသို့ ပြင်းထန်စွာ ပြေးဝင်သွားတော့သည်။