အခန်း (၃၀၅-၃၀၆)
Vol. 22 Ch. 305-306
အခန်း ( ၃၀၅ ) - အတိတ်သို့ရောက်ရှိခြင်းနှင့် သမိုင်းကို ပြောင်းလဲခြင်း
အချိန်မြစ်သည် အတိုင်းအဆမရှိ ကျယ်ပြောလှ၍ ၎င်း၏အစနှင့်အဆုံးကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
အချိန်မြစ်၏ လှိုင်းလုံးတိုင်းသည် ခေတ်တစ်ခေတ်၊ အချိန်ကာလတစ်ခုကို ကိုယ်စားပြုနေပြီး ရှေးယခင်မှ ယခုအထိ ကာလအားလုံးကို လွှမ်းခြုံထားသည်။ ရှီမိုထျန်းကျွင်းပင်လျှင် အချိန်မြစ်၏ လှိုင်းလုံးတိုင်းကို မစူးစမ်းနိုင်ပေ။ သူသည် ကုချန် အင်မော်တယ်ဘုရင်အဆင့် မရရှိသေးသည့် အချိန်ကာလကိုသာ ရွေးချယ်၍ သူ၏ နတ်ဘုရားအာရုံဖြင့် စူးစမ်းရှာဖွေခဲ့သည်။
အမှန်စင်စစ် ပို၍ဝေးကွာလှသော အတိတ်ကာလသို့ ပြန်သွားကာ အားနည်းနေသည့် ကုချန်ကို သတ်ဖြတ်ခြင်းမှာ ပို၍လွယ်ကူသော ရွေးချယ်မှုဖြစ်သော်လည်း ရှီမိုထျန်းကျွင်းမှာ ထိုသို့မလုပ်ရဲပေ။
အင်မော်တယ်ဘုရင်အဆင့် ရှိသူတစ်ဦးအနေဖြင့် အချိန်မြစ်ကို ဖြတ်ကျော်နိုင်ကာ သမိုင်းကို ပြောင်းလဲနိုင်သည့် ပြိုင်ဘက်ကင်းစွမ်းအား ရှိသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ.....
မည်သည့် အင်မော်တယ်ဘုရင်မျှ သမိုင်းကို အလွန်အမင်း ပြောင်းလဲ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သမိုင်းကြောင်းတစ်ခုကို ပြောင်းလဲလိုက်ပါက ၎င်း၏ နောက်ဆက်တွဲ သမိုင်းကြောင်းများအားလုံး လိုက်ပါပြောင်းလဲသွားမည် ဖြစ်သည်။ ၎င်းမှာ အချိန်မြစ်၏ အထက်ပိုင်းတွင် လိပ်ပြာတစ်ကောင်မှ တောင်ပံခတ်လိုက်ရုံမျှဖြင့် မြစ်အောက်ပိုင်းတွင် မခန့်မှန်းနိုင်သော မုန်တိုင်းကြီးများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အလားသဏ္ဌာန်တူသည်။
ထိုသို့ အချိန်မြစ်ကို ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုမှာ အင်မော်တယ်ဘုရင်တစ်ပါးပင် ခံနိုင်ရည်မရှိသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ရှီမိုထျန်းကျွင်းသည် အခုနှင့် အနီးစပ်ဆုံး အချိန်ကာလကိုသာ ရွေးချယ်ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သမိုင်းပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်နှင့် သူခံနိုင်ရည်ရှိရန်အတွက် ဖြစ်သည်။
အမှန်တကယ်တော့ ဤနည်းလမ်းမှာ အင်မော်တယ်ဘုရင်အချင်းချင်း တိုက်ခိုက်ရာတွင် သိပ်မသုံးဝင်ပေ။ အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ဘုရင်များမှာ ကျင့်ကြံမှုသက်တမ်း ကြာမြင့်လှသူများ ဖြစ်ကြရာ အတိတ်သို့ပြန်သွားပြီး အားနည်းချက်ရှာရန်မှာ ခက်ခဲလှသည်။ ထို့အပြင် သမိုင်းကြောင်းအရှည်ကြီးကို ပြောင်းလဲရန် ကြိုးစားပါက မည်သည့်အင်မော်တယ်ဘုရင်မျှ မခံနိုင်သော ထိတ်လန့်ဖွယ် တုံ့ပြန်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
သို့သော် ဤနည်းလမ်းမှာ ကုချန်ကဲ့သို့ အင်မော်တယ်ဘုရင်အဆင့်ကို အခုမှ တက်လှမ်းထားသူအတွက်မူ အသင့်တော်ဆုံးပင် ဖြစ်၏။ အနီးစပ်ဆုံး အတိတ်ကာလသို့ ပြန်သွားကာ ကုချန်အား အရင်းအနှီးအနည်းဆုံးဖြင့် အမြစ်ပြတ် ရှင်းလင်းနိုင်သောကြောင့် ဖြစ်သည်။
“ ဟင်း... မင်းက အင်မော်တယ်ဘုရင်အဆင့်ကို ရောက်ခါစပဲ ရှိသေးတယ်... ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး တည်ငြိမ်အောင် မလုပ်ဘဲ ငါ့နယ်မြေထဲမှာ လာရမ်းကားတယ်ပေါ့... ဒီနေ့တော့ မင်းကို နောင်တရအောင် လုပ်ပေးမယ် ”
ရှီမိုထျန်းကျွင်းမှ လှောင်ပြောင်လိုက်၏။ သူ၏ အာရုံခံစားမှုအရ သူနင်းလျှောက်နေသော အချိန်ရေလှိုင်းများအတွင်းရှိ ကုချန်မှာ အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်သေးကြောင်း သိလိုက်ရသဖြင့် ယုံကြည်မှုအပြည့်ဖြင့် ထိုအချိန်ကာလထဲသို့ ဆင်းသက်သွားလေတော့သည်။
အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်သေးသရွေ့ ရှီမိုထျန်းကျွင်း၏ အမြင်တွင် ကုချန်မှာ အားနည်းသော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ ‘ဘုရင်အဆင့်အောက်ရှိ သက်ရှိအားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်’ ဟူသော စကားမှာ အပိုပြောခြင်း မဟုတ်ပေ။
ရှီမိုထျန်းကျွင်းမှ ယုံကြည်မှုအပြည့်ဖြင့် ဆင်းသက်သွားသည်ကို ကြည့်ကာ ကုချန်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် ရှီမိုထျန်းကျွင်း ဆင်းသက်သွားသော အချိန်ကာလမှာ ကုချန် အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းပြီးစ အချိန်ဖြစ်သောကြောင့်တည်း။
အတိအကျ ပြောရလျှင် ကုချန်သည် အစမှအဆုံး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းခဲ့ဖူးခြင်း မရှိပေ။ သို့သော် ရှီမိုထျန်းကျွင်းကမူ ကုချန်ကို အင်မော်တယ်ဘုရင်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် ထိုအချိန်ကာလမှ ကုချန်၏အရှိန်အဝါမှာ အင်မော်တယ်ဘုရင်အဆင့် မဟုတ်သည်ကို သိလိုက်ရသောအခါ သူ အောင်ပွဲခံရန် ချက်ချင်းပင် ဆင်းသက်သွားခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်ကာလမှ ကုချန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခုကုချန်နှင့် အတူတူပင်ဖြစ်ကြောင်းကိုမူ ရှီမိုထျန်းကျွင်း မသိရှာပေ။
“ ဟက်ဟက်... မင်းကို ရှာတွေ့ပြီ! ပါရမီရှင်တစ်ယောက်ကို ငါကိုယ်တိုင် ဘယ်လိုသတ်ပစ်မလဲဆိုတာ ကြည့်လိုက်စမ်း ”
လွန်ခဲ့သည့် ရက်အနည်းငယ်က ရွှမ်ယွမ်နတ်ဆိုးနယ်မြေရှိ ကောင်းကင်ကြီးမှာ ရုတ်တရက် အက်ကွဲသွားကာ ရှီမိုထျန်းကျွင်း၏ ဧရာမကြီးမားလှသော ဓမ္မရုပ်သွင်ကြီး ပေါ်ပေါက်လာ၏။ သူ၏အကြည့်များမှာ မီးရှူးတိုင်ကဲ့သို့ တောက်လောင်နေကာ အောက်ဘက်ရှိ ကုချန်၏ တည်နေရာကို ချက်ချင်း ရှာတွေ့သွားလျက် လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
ထိုအချိန်မှာပင် ရွှမ်ယွမ်နတ်ဆိုးနယ်မြေအတွင်းရှိ သက်ရှိအားလုံးမှာ သူတို့၏ မှတ်ဉာဏ်ထဲ၌ အကြောင်းအရာတစ်ခု ရုတ်တရက် ပေါ်လာသည်ကို အံ့ဩစွာ သတိထားမိလိုက်ကြသည်။ ၎င်းမှာ လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ရပ်တစ်ခုဖြစ်ပြီး ယခင်က ထိုအဖြစ်အပျက်ကို လုံးဝမေ့နေခဲ့ကာ ယခုမှ ပြန်လည်သတိရလာသကဲ့သို့ပင်။
“ ရှီမိုထျန်းကျွင်း! ကြီးမြတ်လှတဲ့ ရှီမိုထျန်းကျွင်း ကြွရောက်လာတာပဲ! ”
“ ဘုရားရေ! ရှီမိုထျန်းကျွင်းက ရွှမ်ယွမ်နတ်ဆိုးနယ်မြေကို တကယ်ပဲ ကြွလာခဲ့တာလား... ဒါကို ငါ ဘာလို့ အခုမှ မှတ်မိတာလဲ ”
ရွှမ်ယွမ်နတ်ဆိုးနယ်မြေမှ သက်ရှိများမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။ ရှီမိုထျန်းကျွင်း ဘာကြောင့် ရောက်လာသည်၊ ဘာကြောင့် ရုတ်တရက် တိုက်ခိုက်သည်ကို မည်သူမျှ မသိကြပေ။
သို့သော် ထိုအချိန်ကာလတွင် ရှိနေသော ကုချန်ကမူ အရာအားလုံးကို ချက်ချင်း နားလည်လိုက်သည်။ ကောင်းကင်မှ ကျဆင်းလာသော ဧရာမလက်ဝါးကြီးကို ကြည့်ကာ ကုချန်သည် ပြုံးလျက် ပြောဆိုလိုက်သည်။
“ ငါ့ကို သတ်ချင်တာလား? မင်း အရမ်း ရိုးအလွန်းတယ် ”
ကုချန်သည် ပထမအကြိမ် ထိပ်တိုက်တွေ့စဉ်ကကဲ့သို့ပင် သူ၏လက်ညှိုးကို အေးအေးဆေးဆေး မြှောက်ကာ ညွှန်ပြလိုက်သည်။ ချက်ချင်းပင် ဧရာမ ဟွမ်သွမ့်စွမ်းအား လက်ညှိုးကြီးတစ်ခုသည် ကောင်းကင်ကို ခွင်းလျက် ရှီမိုထျန်းကျွင်း၏ လက်ဝါးဆီသို့ ဦးတည်သွားလေတော့သည်။ ဤမြင်ကွင်းမှာ ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၌ သူတို့ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်ကနှင့် ထပ်တူပင် ဖြစ်သည်။
" ဝုန်း! "
ဧရာမ လက်ညှိုးကြီးသည် ရှီမိုထျန်းကျွင်း၏ လက်ဝါးကို နောက်တစ်ကြိမ် ပြိုကွဲသွားစေပြန်သည်။ ပြင်းထန်လှသော စွမ်းအားကြောင့် ရှီမိုထျန်းကျွင်းမှာ နောက်သို့ ဆုတ်ခွာသွားရကာ အချိန်မြစ်ထဲသို့ ပြန်လည်ကျဆင်းသွားရလေသည်။
“ ဒါ မဖြစ်နိုင်ဘူး!! ”
ကုချန်၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် အရေးနိမ့်သွားသော ရှီမိုထျန်းကျွင်း၏ မျက်နှာတွင် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာ၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီအချိန်ကာလမှာ ဒီလူက အင်မော်တယ်ဘုရင်အဆင့် မရောက်သေးတာ သေချာပါလျက်နဲ့ ဘာလို့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အခုလက်ရှိ ကုချန်နဲ့ အတူတူပဲ ဖြစ်နေရတာလဲ။
ဒါဆိုရင်... ဒါဆိုရင်.....
ရှီမိုထျန်းကျွင်းမှာ အလွန်ဉာဏ်ကောင်းသူဖြစ်ရာ တစ်စုံတစ်ခုကို ရုတ်တရက် ရိပ်မိသွားတော့သည်။
ဤလူသည် လက်ရှိအချိန်၌ပင် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်သေးသော်လည်း အင်မော်တယ်ဘုရင်ဖြစ်သူ သူ့ကို အသာစီးရအောင် တိုက်ခိုက်နိုင်နေခြင်းလော။ ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ရှီမိုထျန်းကျွင်းမှာ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ အကယ်၍ သူသာ အင်မော်တယ်ဘုရင် မဟုတ်ခဲ့လျှင် အင်မော်တယ်ဘုရင်ဖြစ်သူ သူ့ကို မည်သို့ ယှဉ်နိုင်မည်နည်း။
သို့သော် အမှန်တကယ်သာ သူသည် အင်မော်တယ်ဘုရင် မဟုတ်ခဲ့လျှင် နောက်ဆက်တွဲ ရလဒ်များမှာ ပို၍ ထိတ်လန့်စရာ ကောင်းလှသည်။ အင်မော်တယ်ဘုရင် မဟုတ်ဘဲနှင့် အင်မော်တယ်ဘုရင်ကို ယှဉ်နိုင်နေပါက သူသာ အင်မော်တယ်ဘုရင်အဆင့်သို့ အမှန်တကယ် တက်လှမ်းသွားလျှင် မည်မျှအထိ စွမ်းအားကြီးမားသွားမည်နည်း။ ရှီမိုထျန်းကျွင်း၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားရ၏။
သို့သော် ထိုအချိန်ကာလရှိ ကုချန်ကမူ ရှီမိုထျန်းကျွင်းကို လွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။ ရှီမိုထျန်းကျွင်းသည် အချိန်ကာလကို ဖြတ်ကျော်လာရသဖြင့် သူ၏စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ဘဲ အချိန်မြစ်၏ တားမြစ်ချက်များကြောင့် အကျပ်ရိုက်နေရသည်။
ကုချန်မှာမူ ထိုသို့မဟုတ်ပေ။ သူသည် အချိန်ကို ဖြတ်ကျော်တိုက်ခိုက်နေရသော်လည်း သူသည် အချိန်မြစ်၏ စည်းမျဉ်းများ၏ အကာအကွယ်ကို ရရှိထားသည်။ သူ စွမ်းအားအပြည့် ထုတ်သုံးလျှင်ပင် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုအားလုံးကို သမိုင်းကို ပြောင်းလဲရန် ကြိုးစားသည့် ရှီမိုထျန်းကျွင်းကသာ ခံစားရမည် ဖြစ်သည်။
အခန်း ( ၃၀၆ ) - အကျပ်ရိုက်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းနှင့် ထိုကဲ့သို့သောလူ မရှိခြင်း
ဤသည်မှာ အချိန်မြစ်ကို ဖြတ်ကျော်တိုက်ခိုက်ရာတွင် ရှိသော တားမြစ်ချက်များထဲမှ တစ်ခုဖြစ်သည်။ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်တိုက်ခိုက်လိုသူ မည်သူမဆို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရပေမည်။ ကြန့်ကြာလေလေ မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ခြေ ပိုများလေလေပင်။
အဘယ်ကြောင့်ဆိုသော် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်တိုက်ခိုက်ရာတွင် ထိုနေရာ၌ မည်သို့သော အပြောင်းအလဲများပင် ဖြစ်ပေါ်ပါစေ ထိုအပြောင်းအလဲများကို အချိန်မြစ်ကို ဖြတ်ကျော်လာသူ၏ ပြိုင်ဘက်မှ ဖန်တီးခဲ့လျှင်ပင် အချိန်မြစ် လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုအားလုံးကို အချိန်မြစ်ကို ဖြတ်ကျော်လာသူကသာ အကုန်အစင် ခံစားရမည် ဖြစ်သောကြောင့်တည်း။
တစ်နည်းအားဖြင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်က ရွှမ်ယွမ်နတ်ဆိုးနယ်မြေ၏ အချိန်ကာလတွင် ကုချန် မည်မျှပင် ဖျက်ဆီးမှုများ ပြုလုပ်ပါစေ ထိုဖျက်ဆီးမှုအားလုံး၏ တုံ့ပြန်မှုကို ရှီမိုထျန်းကျွင်းကသာ ခံစားရမည် ဖြစ်သည်။
ထိုသို့သောအခြေအနေတွင် ကုချန်သည် ရှီမိုထျန်းကျွင်းကို အလွယ်တကူ ထွက်ခွာခွင့် ပေးပါမည်လော။ သူ၏အမြင်တွင် ဤသည်မှာ အကျပ်ရိုက်နေသော ရန်သူကို အပြတ်ရှင်းရန် အကောင်းဆုံး အခွင့်အရေးပင်။
“ အပေးအယူဆိုတာ ရှိရမှာပေါ့! ”
ကုချန်သည် အသာအယာ ရယ်မောလိုက်၏။ သူ၏လက်ချောင်းများကို ဓားသဖွယ် အသုံးပြုကာ ကမ္ဘာလောကကို တုန်ဟိန်းစေမည့် ထက်ရှလှသော ဓားအလင်းတန်း သိန်းပေါင်းများစွာကို ဖန်တီးလိုက်၍ ရှီမိုထျန်းကျွင်းဆီသို့ ပစ်လွှတ်လိုက်လေသည်။
ဤအချိန်ကာလတွင် ကုချန်၏ ‘အဆုံးမဲ့ဓား’ မှာ သန့်စင်နေဆဲဖြစ်သဖြင့် တိုက်ပွဲတွင် အသုံးမပြုနိုင်သေးသော်လည်း သူ၏ ဓားတာအို နတ်ဘုရားစွမ်းရည်များမှာမူ လျော့ပါးသွားခြင်း မရှိပေ။ သူ၏အဆင့်တွင် လက်နက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ချေ။ သစ်ရွက်တစ်ရွက်၊ ပန်းတစ်ပွင့်ပင်လျှင် ဓားဖြစ်နိုင်သကဲ့သို့ လက်ညှိုးတစ်ချောင်း၊ လက်သီးတစ်ချက်သည်လည်း ဓား ဖြစ်နိုင်သည်။
အဆုံးမဲ့ဓား မပါဘဲနှင့်ပင် ကမ္ဘာကို တုန်လှုပ်စေမည့် ဓားအလင်းတန်းများကို ထုတ်လွှတ်ရန်မှာ သူ၏အတွက် လက်ဝါးစောင်းတီးရသကဲ့သို့ လွယ်ကူလှသည်။ အမှန်စင်စစ် အဆုံးမဲ့ဓားအတွင်းရှိ ဓားတာအိုမှာ ကုချန်ကိုယ်တိုင် ထည့်သွင်းထားခြင်း ဖြစ်ရာ ဓားမပါဘဲ အသုံးပြုရာတွင်လည်း လိုသလို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။
ရှီမိုထျန်းကျွင်းသည် နဂါးငွေ့တန်းကြီး တစ်ခုကဲ့သို့ အဟုန်ပြင်းစွာ ကျဆင်းလာသော ဓားအလင်းတန်း သိန်းပေါင်းများစွာကို ကြည့်ကာ မျက်နှာပျက်သွား၏။ သူသည် အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်ပါလျက် အင်မော်တယ်ဘုရင် မဟုတ်သူတစ်ဦး၏ ရန်စမှုကို ခံနေရခြင်းမှာ သူ၏သိက္ခာကို ညှိုးနွမ်းစေသည်။
သို့သော် ဤပြိုင်ဘက်မှာ အလွန်ပင် ထူးဆန်းလှကြောင်း ရှီမိုထျန်းကျွင်း ကောင်းစွာ သိ၏။ သူ၏အဆင့်မှာ အင်မော်တယ်ဘုရင် မဟုတ်သေးသော်လည်း စွမ်းအားမှာမူ အင်မော်တယ်ဘုရင်ကို ယှဉ်နိုင်နေပြီ မဟုတ်ပါလော။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်နှင့် ပါရမီမျိုးကို ရှီမိုထျန်းကျွင်း တစ်သက်တွင် တစ်ခါမျှ မကြားဖူးခဲ့ချေ။ အင်မော်တယ်ဘုရင် မဟုတ်ဘဲနှင့် အင်မော်တယ်ဘုရင်ကို အသာစီးရအောင် တိုက်ခိုက်နိုင်နေသည်။ အကယ်၍ သူသာ အင်မော်တယ်ဘုရင်အဆင့်သို့ အမှန်တကယ် တက်လှမ်းသွားပါက အင်မော်တယ်ဘုရင်အားလုံးကို ခြေမှုန်းနိုင်လိမ့်မည် မဟုတ်ပါလော။
ဤအတွေးကြောင့် ရှီမိုထျန်းကျွင်း၏ ရင်ထဲတွင် စိုးရိမ်စိတ်များ တိုးလာရသည်။ သူသည် ကုချန်နှင့် ရန်သူဖြစ်သွားပြီ ဖြစ်ရာ အနာဂတ်တွင် ထိုနေ့သို့ရောက်လာပါက သူ၏ကံကြမ္မာမှာ ကောင်းမည်မဟုတ်သည်မှာ သေချာ၏။ ထို့ကြောင့် အနာဂတ်အတွက်ဖြစ်စေ ယခုပင် ကုချန်ကို အမြစ်ပြတ် ရှင်းလင်းရပေမည်။
သို့သော် သူရောက်ရှိနေသော အချိန်ကာလ၌ပင် ကုချန်၏စွမ်းအားမှာ သူ့ထက် မနိမ့်ကျပေ။ လက်ရှိအချိန်ကာလတွင်ပင် သူသည် ကုချန်ကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပါလျှင် အချိန်မြစ်၏ တားမြစ်ချက်များကြောင့် အကျပ်ရိုက်နေသော ဤနေရာ၊ ဤကာလတွင် မည်သို့ ယှဉ်နိုင်မည်နည်း။
ဓားအလင်းတန်းများ ကျဆင်းလာသည်ကို မြင်သောအခါ ရှီမိုထျန်းကျွင်းသည် ထိပ်တိုက်မရင်ဆိုင်ဝံ့ဘဲ အချိန်မြစ်၏ ရေစီးကြောင်းအတိုင်း နောက်သို့ အလျှင်အမြန် ဆုတ်ခွာလိုက်သည်။ သူသည် ဤသမိုင်းအပိုင်းအစမှ ထွက်ခွာကာ အခြားစစ်မြေပြင်တစ်ခုကို ရွေးချယ်၍ အသာစီးရယူရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။
" ချွင်... ချွင်... "
အတိုင်းအဆမဲ့သော ဓားအလင်းတန်းများသည် ဓားနဂါးကြီးတစ်ကောင်ကဲ့သို့ အချိန်မြစ်ကို ဖြတ်ကျော်ကာ ရှီမိုထျန်းကျွင်းနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
“ တောက်! အယုတ်တမာကောင်! ”
ရှီမိုထျန်းကျွင်းသည် အခြားရွေးချယ်စရာ မရှိတော့ဘဲ လက်ဝါးဖြင့် ပြန်လည်ကာကွယ်လိုက်သော်လည်း ထက်ရှလှသော ဓားအလင်းတန်းများမှာ သူ၏လက်ဝါးကို ဖြတ်တောက်သွားသဖြင့် သူသည် ဖရိုဖရဲ ဖြစ်သွားရပြန်၏။ ရှီမိုထျန်းကျွင်းသည် အချိန်မြစ်၏ တုံ့ပြန်မှုကို ကြောက်ရသဖြင့် စွမ်းအားအပြည့်ဖြင့် ပြန်လည်မတိုက်ခိုက်ရဲပေ။
သူ၏ မူလရည်ရွယ်ချက်မှာ အချိန်မြစ်ကို ဖြတ်ကျော်ကာ ရန်သူကို အမြန်ရှင်းရန် ဖြစ်သော်လည်း ယခုမူ သူကိုယ်တိုင်ပင် အချိန်မြစ်ထဲ၌ ပိတ်မိနေသည့် လှောင်အိမ်ထဲမှ ငှက်ကဲ့သို့ ဖြစ်နေရသည်။
ယခုရှိနေသည့် နည်းလမ်းမှာ ဓားအလင်းတန်းများ၏ တိုက်ခိုက်မှုကို အောင့်အီးသည်းခံကာ အချိန်မြစ်ထဲမှ အမြန်ဆုံးထွက်၍ လက်ရှိကုချန်နှင့် ပြန်လည်ရင်ဆိုင်ရန် ဖြစ်သည်။ သို့မဟုတ်လျှင်.....
ဒုတိယနည်းလမ်းကို စဉ်းစားမိသောအခါ ရှီမိုထျန်းကျွင်း၏ မျက်ဝန်းများမှာ အရူးအမူး ဖြစ်လာ၏။ သူ၏ နောက်မှ လိုက်လာသော ဓားနဂါးကြီးကို ကြည့်ကာ သူ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“ လူငယ်လေး... မင်းက ငါ့ကို အကျပ်ကိုင်တာပဲ! ”
ရှီမိုထျန်းကျွင်းသည် အချိန်မြစ်ထဲမှ ချက်ချင်းမထွက်ဘဲ လမ်းကြောင်းပြောင်းကာ အချိန်မြစ်၏ အထက်ပိုင်း၊ ပို၍ဝေးကွာလှသော ရှေးဟောင်းကာလဆီသို့ ရေစီးကြောင်းကို ဆန့်ကျင်၍ အရှိန်ကုန် ခရီးနှင်လေတော့သည်။
“ အကုန်ကို ရင်းတော့မှာပေါ့လေ? ”
ရှီမိုထျန်းကျွင်း၏ လုပ်ရပ်ကို ကြည့်ကာ ကုချန်သည် ထိုသူ၏ ရည်ရွယ်ချက်ကို ရိပ်မိလိုက်၏။ ဤရှီမိုထျန်းကျွင်းသည် ပို၍ဝေးကွာသော အတိတ်ကာလသို့ သွားကာ သူ အားအနည်းဆုံးဖြစ်နေမည့် အချိန်ကို ရှာဖွေ၍ သတ်ရန် ကြိုးစားနေခြင်းပင်။
သို့သော် ကုချန်၏ အကြည့်များမှာ ထူးဆန်းနေ၏။
ရှီမိုထျန်းကျွင်း အစောပိုင်းက ရောက်ခဲ့သော အချိန်ကာလမှာ ယခုနှင့် နီးကပ်လွန်းသော်လည်း ယခုသူ သွားနေသော အချိန်ကာလမှာမူ အလွန်ပင် ဝေးကွာလွန်းလှသည်။
ဝေးကွာလွန်းလှသဖြင့် သူ၏ ဤခန္ဓာကိုယ်ခွဲပင် မမွေးဖွားသေးသည့် အချိန်ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ခွဲပင် မရှိသေးသော အချိန်တွင် ရှီမိုထျန်းကျွင်းသည် မည်သူ့ကို သွားသတ်မည်နည်း။ သူသည် ထိုနေရာ၌ ယောင်လည်လည်နှင့်သာ ကျန်ရစ်ပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ ကုချန်သည် အလျင်စလို မတိုက်ခိုက်တော့ဘဲ ပြဇာတ်ကြည့်ရန် ပြင်ဆင်လိုက်၏။ ရှီမိုထျန်းကျွင်း ရှာတွေ့မည့်အရာများကို သူ သိချင်နေသည်။
“ မရှိဘူး! ဘာလို့ တစ်ယောက်မှ မရှိတာလဲ?! ”
ရှီမိုထျန်းကျွင်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က အချိန်ကာလကို ရောက်ရှိသွားသော်လည်း ကုချန်၏ အရှိန်အဝါ အစအနမျှပင် ရှာမတွေ့သဖြင့် ဇဝေဇဝါ ဖြစ်သွားရသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ရှီမိုထျန်းကျွင်းမှာ လုံးဝ နားမလည်နိုင်ပေ။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အချိန်မြစ်ထဲတွင် ဤလူ၏ အရှိန်အဝါ ဘာကြောင့် မရှိရသနည်း။
သူ မယုံကြည်နိုင်ဘဲ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်၊ ငါးထောင်နှင့် သုံးထောင် အချိန်ကာလများကိုပါ ဆက်လက် ရှာဖွေခဲ့သော်လည်း ရလဒ်မှာ အတူတူပင်။ ထိုအချိန်ကာလများတွင် ကုချန်၏ အရှိန်အဝါ လုံးဝ မရှိပေ။
“ လောကမှာရှိတဲ့ သက်ရှိမှန်သမျှ အချိန်မြစ်ထဲမှာ အစအန ချန်ထားခဲ့ရစမြဲပဲ... ဘယ်လိုလုပ်ပြီး ဒီလူရဲ့ အရှိန်အဝါက မရှိရတာလဲ?! ”
ရှီမိုထျန်းကျွင်းမှာ နားမလည်နိုင်သလို မယုံကြည်နိုင်လည်း ဖြစ်နေ၏။
အမှန်စင်စစ်မှာမူ ကုချန်၏ကြီးထွားနှုန်းမှာ ရှီမိုထျန်းကျွင်း စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် မြန်ဆန်လွန်းသောကြောင့် ဖြစ်သည်။ ကုချန်၏ ဤခန္ဓာကိုယ်ခွဲ မွေးဖွားလာချိန်မှ အင်မော်တယ်ဘုရင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိလာချိန်အထိမှာ လပိုင်းမျှသာ ကြာမြင့်ခဲ့ခြင်း မဟုတ်ပါလော။
မွေးဖွားချိန်မှ အင်မော်တယ်ဘုရင်နှင့် ယှဉ်နိုင်သော အဆင့်အထိ လပိုင်းမျှသာ ကြာမြင့်ခဲ့သည်ဟု ပြောလျှင် မည်သူက ယုံကြည်ပါမည်နည်း။
ထိုအချက်ကို ရှီမိုထျန်းကျွင်းမှာ မယုံကြည်နိုင်သောကြောင့်သာ နှစ်ပေါင်းသောင်းချီသော အတိတ်သို့ ပြန်လည် ရှာဖွေနေခြင်း ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကုချန်၏ခန္ဓာကိုယ်ခွဲမှာ မတည်ရှိသေးသဖြင့် မည်သည့် အစအနမျှ ရှာမတွေ့ခြင်းမှာ မဆန်းလှပေ။