အခန်း (၁၇၁)
Vol. 18 Ch. 171
ကျုံးရှန်၏ အမြင်အာရုံနှင့် အသိပညာ ကျယ်ပြန့်မှုတို့ကြောင့် နွားမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားသော အရာများကို ချက်ချင်း သတိပြုမိလိုက်သည်။
နွားမိစ္ဆာငရဲအတွင်းရှိ စနစ်တကျ တည်ရှိနေသော မြို့ကြီးများအပါအဝင် နွားမိစ္ဆာ၏ ခန္ဓာကိုယ်ထက်ရှိ သံချပ်ကာနှင့် လက်ထဲရှိ ထူးဆန်းသော ပုဆိန်ကြီးအဆုံး အရာအားလုံးသည် ငရဲကမ္ဘာမှ ထွက်ရှိသော ပစ္စည်းများ မဟုတ်ကြသလို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ထွက်ကုန်များပင် မဟုတ်ချေ။
ဤအချက်သည် စူးစမ်းလေ့လာသင့်သော သံသယဖြစ်ဖွယ် အချက်အလက်ဖြစ်သဖြင့် ကျုံးရှန်သည် ဆက်လက်၍ ရပ်ကြည့်လိုစိတ် မရှိတော့ပေ။ သူသည် ချက်ချင်းပင် မတ်တတ်ထရပ်ကာ အသင့်ပြင်ထားလိုက်သည်။ မင်ကျွေ့သာ အရေးနိမ့်သွားပါက သူကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်တော့မည် ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ နေရာ၌ မိမိ၏မူလအစသံကြိုး ဖြတ်တောက်ခံလိုက်ရခြင်းမှာ မင်ကျွေ့ ကိုယ်တိုင်ပင် ထင်မှတ်မထားသော အခြေအနေ ဖြစ်၏။ ထိုပုဆိန်ကြီးသည် အဘယ်သို့သော နောက်ခံမျိုး ရှိသည်ကို သူ မသိရှိပေ။
သူ၏ မူလအစသံကြိုးမှာ ပြစ်ဒဏ်ခတ်နှောင်ကြိုးမှ အသွင်ပြောင်းလဲလာခြင်း ဖြစ်သလို ထိပ်တန်း ဖန်ဆင်းခြင်းအဆင့်ရှိသည့် နတ်ဘုရားလက်နက် တစ်ခုလည်း ဖြစ်သည်။ ယခင်တိုက်ပွဲအတွင်း၌ သခင်ဖြစ်သူ ကျုံးရှန်က ၃၃ ဘုံ၏ စစ်မှန်သောမီးတောက် ဖြင့် လောင်ကျွမ်းစေခဲ့သဖြင့် စွမ်းအားတစ်စိတ်တစ်ပိုင်း လျော့နည်းသွားခဲ့ရသည်။ သို့သော်လည်း မူလအစကမ္ဘာ၏ ပြုပြင်ပြောင်းလဲမှုများနှင့် စွမ်းအားသစ်များ ဖြည့်တင်းပေးလိုက်ပြီးနောက်တွင် မူလအတိုင်း မတိမ်းမယိမ်း စွမ်းအားကို ပြန်လည် ရရှိထားပြီးဖြစ်သည်။ ထို့အပြင် ယွမ်ရှီချီစွမ်းအားတွင် စွမ်းအားအမျိုးမျိုးကို ပြောင်းလဲနိုင်သော အံ့ဖွယ်အစွမ်းသတ္တိများလည်း ရှိနေသေး၏။
သို့သော်လည်း သူရှေ့ရှိနွားမိစ္ဆာဘုရင်ကိုင်ဆောင်ထားသောပုဆိန်ကြီးမှာ ပိုမို ဆန်းကြယ်လှသည်။ ယွမ်ရှီချီစွမ်းအားကို လျစ်လျူရှုနိုင်ရုံသာမက နတ်ဘုရားစွမ်းရည်ဖြင့် ဖန်တီးထားသော အသွင်သဏ္ဌာန် ပြောင်းလဲမှုအားလုံးကိုလည်း ကျော်ဖြတ်နိုင်စွမ်း ရှိနေလေသည်။ ထိုပုဆိန်သည် သံကြိုး၏ ကိုယ်ထည်ကို တိုက်ရိုက် ပိုင်းဖြတ်လိုက်ခြင်း ဖြစ်၏။
မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ပြီး မိစ္ဆာလက်နက်၊ နတ်ဘုရားလက်နက် အမြောက်အမြားနှင့် ထိတွေ့ခဲ့ကာ အနာအဆာတစ်ခုမျှပင် မရှိခဲ့သည့် သံကြိုးမှာ ယခုတွင်မူ ပြတ်လုနီးပါး ဖြစ်သွားရချေသည်။ ဤမျှအထိ စွမ်းဆောင်နိုင်သည်မှာ အနည်းဆုံး မဟာတာအိုအဆင့်သို့ ခြေတစ်လှမ်းလှမ်းနေသော နတ်ဘုရားလက်နက် ဖြစ်မှသာ ရပေလိမ့်မည်။
သို့သော် အဆန်းကြယ်ဆုံး အချက်မှာ ဤနက်မှောင်သော ပုဆိန်ကြီးပေါ်၌ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ်မနေခြင်း ဖြစ်သည်။ ပြုလုပ်ထားသော ပစ္စည်းမှာလည်း သာမန်ရိုးကျသာ ဖြစ်ပုံရ၏။ သို့သော် ပုဆိန်သွားပေါ်တွင် သေးငယ်သော တုန်ခါမှုအချို့ ရှိနေကို မင်ကျွေ့တွေ့လိုက်ရပြီး ထိုအချက်က သူ့ကို အလွန်ပင် အံ့အားသင့်သွားစေသည်။
ယခုတွင် သူသည် မိမိ၏ သခင်ရှေ့၌ အရှက်ရသွားခဲ့ရသဖြင့် အခြားအရာများကို ထည့်သွင်းစဉ်းစားမနေတော့ပေ။ သံကြိုးကို မိမိ၏ ခန္ဓာကိုယ်၌ပြန်လည်ရစ်ပတ်လိုက်၏။ ထို့နောက်လျှို့ဝှက်သော သင်္ကေတ အမှတ်အသားများ ပေါ်ထွက်လာလျှင် သူ၏ လက်ချောင်းထိပ်များနှင့် နဖူးအကြားတွင် စွမ်းအားလမ်းကြောင်းသစ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားအမြုတေသည် လမ်းကြောင်းသစ်အတိုင်း ဖြည်းညှင်းစွာ လည်ပတ်လာပြီး စွမ်းအားပင်လယ်တစ်ခုကို တည်ဆောက်လိုက်ရာ နားထင်နှစ်ဖက်ကို ဗဟိုပြု၍ အလွန်အားကောင်းသော စွမ်းအားစက်ကွင်း နှစ်ခု ပေါ်ပေါက်လာသည်။
ထိုစွမ်းအားစက်ကွင်းနှစ်ခုသည် စိတ်ဝိညာဥ်စွမ်းအားဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိပြီး သူတော်စင်၏ ရွတ်ဖတ်သံများ ပါဝင်သော သွန်သင်ဆုံးမခြင်း စွမ်းအား နှင့် သတ္တဝါအပေါင်းတို့၏ လွတ်မြောက်လိုသော ဆန္ဒများပါဝင်နေသည်။ စွမ်းအားစက်ကွင်းနှစ်ခုသည် ဒြပ်ထည်ရှိသော အရာများကဲ့သို့ နွားမိစ္ဆာဘုရင်ထံ ပျံသန်းသွားသည်။ ဤကဲ့သို့သော စိတ်ဝိညာဥ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးမှာ ယခင်က ကျုံးရှန်ပင်လျှင် သတိမမူမိပါက ထိမှန်နိုင်သော အရာမျိုး ဖြစ်သည်။
နွားမိစ္ဆာဘုရင်မှာ သာမန် ငရဲမိစ္ဆာများထက် ပိုမို ထက်မြက်ပြီး ဆန်းကြယ်သော ကိုရင်လေး၏ လမ်းညွှန်မှုကို ရရှိခဲ့ဖူးသော်လည်း သူ၏ စိတ်ဝိညာဥ်ပိုင်းဆိုင်ရာမှာ အားနည်းချက်များစွာ ရှိနေဆဲ ဖြစ်သည်။ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသည် အခြားသော စွမ်းအားများနှင့် မတူပေ။ ယင်းသည် စိတ်ဝိညာဥ်၏နှလုံးသားကို တိုက်ရိုက် ထိမှန်စေခြင်း ဖြစ်သည်။
ပြိုင်ဘက်ထက် အစွမ်းထက်လွန်းနေသူ သို့မဟုတ် စိတ်ဝိညာဥ်နှလုံးသားသည် အညစ်အကြေးကင်းစင်ပြီး မည်သည့် ကံတရားအကျိုးဆက်နှင့်မျှ ပတ်သက်မှုမရှိသည့် သူမှလွဲ၍ လူတိုင်း ထိုတိုက်ခိုက်မှုကို ခံရပေလိမ့်မည်။
နွားမိစ္ဆာဘုရင် ဝတ်ဆင်ထားသော ရွှေသံကွင်းချပ်ဝတ်နှင့် ဟေးထောင် ပုဆိန်ကြီးမှာ စိတ်ဝိညာဉ် တိုက်ခိုက်မှုကို မကာကွယ်နိုင်ကြပေ။ မင်ကျွေ့၏ ကျင့်ကြံခြင်းအဆင့်မှာ ပြင်ပကမ္ဘာရှိ ဒုတိယအဆင့် စစ်မှန်သော နတ်ဘုရားထက် အနည်းငယ် နိမ့်သော်လည်း နတ်ဘုရားအမြုတေ မရှိသော နတ်ဘုရားနယ်ပယ် တတိယအဆင့်ရှိ နွားမိစ္ဆာဘုရင်ထက် သာလွန်သေးသည်။ သို့ဖြစ်ရာစွမ်းအားစက်ကွင်းများ နွားမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလျှင် သူ၏စိတ်ဝိညာဉ်အတွင်းသို့ လျင်မြန်စွာ ကျူးကျော်ဝင်ရောက်သွားလေသည်။
နွားမိစ္ဆာဘုရင်၏ ဝိညာဉ်မှာ လွင့်မျောသွားပြီး မွေးဖွားစဉ် အတိတ်မှတ်ဉာဏ်များထဲတွင် နစ်မြုပ်သွား၏။
အဆုံးမရှိသော သတ်ဖြတ်မှုများ။
တစ်ဖက်တွင် လွတ်မြောက်မှုကို ရှာဖွေနေသော်လည်း အခြားတစ်ဖက်တွင် သူတော်စင်၏ ရွတ်ဖတ်သံများက နားထဲ၌ ပဲ့တင်ထပ်နေသည်။ နွားမိစ္ဆာဘုရင်သည်ရှုပ်ထွေးနောက်ကျိနေသော ခံစားချက်များအကြား နစ်မြုပ်သွားပြီး ရုန်းမထွက်နိုင်တော့ဘဲ ခဏချင်းအတွင်းပင် ပြန်လည်ခုခံနိုင်စွမ်း ကင်းမဲ့သွားရတော့၏။
ဤကဲ့သို့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးသည် ဗုဒ္ဓဂိုဏ်းဝင် အကြီးအကဲများနှင့် မဟာငရဲအရှင်သခင်များသာ အသုံးပြုနိုင်သည့် နည်းစနစ်များ ဖြစ်သည်။ သို့သော် လည်း မင်ကျွေ့သည် မူလအစကမ္ဘာ၏အရင်းအမြစ်စွမ်းအင်ဖြစ်သည့် ယွမ်ရှီချီစွမ်းအား၏ ထူးခြားချက်ကို အသုံးချကာ သူ၏နတ်ဘုရားစွမ်းရည်ကိုနိုးဆွလိုက်ခြင်းဖြစ်သည်။
နတ်ဘုရားအမြုတေကို ဗဟိုပြုပြီး စိတ်ဝိညာဉ်စွမ်းအားစက်ကွင်းတည်ဆောက်၍ ရန်သူ၏ ဝိညာဉ်အတွင်းသို့ ကျူးကျော်ခြင်း။
ဤဆန်းကြယ်သော နည်းလမ်းမှာ အမှန်တကယ်ပင် ထိရောက်လှသဖြင့် အစွမ်းထက်သော နွားမိစ္ဆာအိုကြီးမှာ မျက်တောင်တစ်ခတ်အတွင်း၌ပင် ရှုံးနိမ့်သွားရ၏။ မင်ကျွေ့သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ ကြီးမားသော နွားမိစ္ဆာဘုရင်ကို ဖမ်းဆီးလိုက်ပြီး နောက်လှည့်မကြည့်ဘဲ တိမ်တိုက်များပေါ်ရှိ ကျုံးရှန်ထံသို့ ပြန်လည်ပျံသန်းလာခဲ့သည်။
သူသည် နွားမိစ္ဆာကို ကျုံးရှန်၏ ရှေ့မှောက်တွင် ချထားလိုက်ပြီးနောက် ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။
"သခင်... မင်ကျွေ့ ...နွားမိစ္ဆာငရဲရဲ့ အရှင်သခင် နွားမိစ္ဆာဘုရင်ကို အရှင်ဖမ်းပြီး ခေါ်လာခဲ့ပါပြီ..."
"သခင် ကြိုက်သလို စီရင်ဆုံးဖြတ်နိုင်ပါတယ်..."
ကျုံးရှန်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ အကြည့်မှာ နွားမိစ္ဆာဘုရင်၏ ခန္ဓာကိုယ်ထက်၌သာ ရှိနေသည်။
မင်ကျွေ့က ထိုနွားမိစ္ဆာဘုရင်ကို နှိမ်နင်းနိုင်သွားသည်မှာ အံ့ဩသင့်စရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မင်ကျွေ့သည် အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ၏စွမ်းအားမှာအပြတ်အသတ် သာလွန်နေသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ ထိုနွားအိုကြီးသည် ကံကောင်းခြင်းများနှင့် ကြုံတွေ့ခဲ့ရသော်လည်း မင်ကျွေ့ကို ပြန်လည်တိုက်ခိုက် သတ်ဖြတ်နိုင်ရန်မှာ ခက်ခဲပေလိမ့်မည်။
ဤလောကကြီးအတွင်း၌ ကံတရား၏ ရွေးချယ်ခံရသူများမှာ ခြင်များကဲ့သို့ များပြားလှပြီး ရှေးဟောင်း သူတော်စင်များနှင့် နတ်ဘုရားများစွာ ရှိနေသည်။ သို့သော် ကျုံးရှန်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်၍ သတ်ဖြတ်နိုင်သူမှာမူ အလွန်ပင် ရှားပါးလှသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ပင်လျှင် ကျုံးရှန်ကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ပေ။
သူ၏ အထွတ်အထိပ် ကျင့်စဉ်များနှင့် အစွမ်းထက် နတ်ဘုရားစွမ်းရည် အများစုမှာ ကျင့်ကြံခြင်းအဆင့် ပြည့်ဝပြီး သံသရာမှ လွတ်မြောက်ချိန်ကျမှသာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျုံးရှန်ကဲ့သို့ ရှေ့လူကြီးများ၏ ပခုံးပေါ်တွင် ရပ်တည်ကာ ပါရမီရှင်များကြားတွင် နေမင်း လမင်းသဖွယ် တောက်ပနေခြင်းမျိုး မဟုတ်ချေ။ ကျုံးရှန်သည် နှစ်ပေါင်း တစ်သိန်းခန့်သာ ရှိသော ကျင့်ကြံခြင်း သက်တမ်းဖြင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သော မိစ္ဆာအိုကြီးများကို စိန်ခေါ်ရဲသူ ဖြစ်သည်။
"မင်းရဲ့လုပ်ဆောင်မှုက ကောင်းတယ်... ကဲ...မင်းရဲ့ သံကြိုးကိုပေးဦး..."
မင်ကျွေ့သည် ကျုံးရှန်အမိန့်ပေးသံ ကြားသည်နှင့် ချက်ချင်းပင် ပျက်စီးနေသော မူလအစသံကြိုးကို ရိုသေစွာ ဆက်သလိုက်သည်။
ကျုံးရှန်သည် သံကြိုးကို ယူလိုက်ကာ လက်နှစ်ဖက်ဖြင့် သံကြိုး၏ အက်ကွဲကြောင်းကို ဆုပ်ကိုင်လိုက်လျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောအတ္တအမှုန်လေး လေးခုမှာ ရုတ်တရက် တောက်ပလာ၏။ ထို့နောက်နတ်ဘုရားလေးပါး၏ စွမ်းအားများထွက်ပေါ်လာကာ သူ၏ လက်နှစ်ဖက်ဆီသို့ စီးဝင်သွားပြီး အားစိုက်လိုက်သည်နှင့် မူလအစသံကြိုးမှာ တိခနဲ နှစ်ပိုင်း ပြတ်သွားလေသည်။
ဆက်လက်ပြီး ကျုံးရှန်သည် အက်ကွဲကြောင်း တစ်ခုပါသော စက်ဝိုင်းပုံ အဆောင်တံဆိပ် တစ်ခုကို ထုတ်ယူလိုက်ကာ အသာအယာ ချိုးလိုက်လျှင် နှစ်ပိုင်း ကွဲသွားလေသည်။ တံဆိပ်၏တစ်ဖက်တွင် ရှေးဟောင်းစာလုံးများဖြင့် ဂွေ့ဖူဟု ရေးထိုးထားပြီး အခြားတစ်ဖက်တွင် ထျန်းကုန်းဟု ရေးထိုးထားသည်။
ဂွေ့ဖူထျန်းကုန်း အဆောင်တံဆိပ်။
ထိုသည်က ရှေးခေတ်ကာလမှ ပန်းပဲနတ်ဘုရားကြီး နှစ်ပါးဖြစ်သော ဂွေ့ဖူ နှင့် ထျန်းကုန်း တို့ ချန်ထားရစ်ခဲ့သည့် ဆန်းကြယ်သော ရတနာများ ဖြစ်သည်။
ကျုံးရှန်သည် ထိုတံဆိပ်တော် နှစ်ခုကို ပြတ်တောက်နေသော သံကြိုးနှစ်ပိုင်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ ထိုအခါ ခွန်အားကြီးသော ဝိညာဉ်နတ်ဘုရားနှစ်ပါး၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာပြီး သံကြိုးများကို စတင် ထုလုပ်တော့သည်။
မင်ကျွေ့သည် မိမိရှေ့မှမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။ ပျက်စီးနေသော သံကြိုးများသည် အသစ်တစ်ဖန် ပြန်လည် ကောင်းမွန်လာကြသည်။ သံကြိုးတစ်ချောင်း၏ ထိပ်၌ စက်ဝိုင်းပုံစံ တူခေါင်း ပေါ်လာပြီး အခြားတစ်ချောင်းတွင်မူ ထက်မြက်သော မြှားခေါင်းပုံပေါ်လာသည်။
သံကြိုးနှစ်ချောင်းလုံး၏ အရှိန်အဝါများမှာ ပြန်လည် ပြည့်စုံသွားရုံသာမက ပျက်စီးနေသော အစိတ်အပိုင်းများမှသည် အသစ်စက်စက် ဖန်ဆင်းခြင်းအဆင့် နတ်ဘုရားလက်နက် နှစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ အလွန်ပင် လေးနက်ဆန်းကြယ်လှသောမြင်ကွင်းဖြစ်၏။
ဤသည်မှာ ဂွေ့ဖူထျန်းကုန်း အဆောင်တံဆိပ်၏ စွမ်းအား ဖြစ်သည်။ ဂွေ့ဖူနှင့်ထျန်းကုန်းတို့၏နတ်ဘုရားပုံရိပ်ယောင်များကို အသုံးပြုကာ ဖန်ဆင်းခြင်းအဆင့် လက်နက်များကို ကိုယ်တိုင် ထုလုပ်ပေးလိုက်ခြင်းပင် ဖြစ်၏။ ထိုနတ်ဘုရားနှစ်ပါးမှာ ရှေးဟောင်း ကမ္ဘာဦးကာလအတွင်း၌ မဟာတာအို အဆင့်ရှိသော နတ်ဘုရားလက်နက်များကိုပင် ကိုယ်တိုင် ထုလုပ်ခဲ့ဖူးသူများ ဖြစ်ကြသည်။
"ဒါက မင်းအတွက် ဆုလာဘ်ပဲ..."
"ကဲ... အခု ဒီနွားမိစ္ဆာကို နှိုးလိုက်တော့..."
ကျုံးရှန်က လက်ညှိုးညွှန်လိုက်ရာ အသစ်စက်စက် သံကြိုးနှစ်ချောင်းမှာ မင်ကျွေ့၏ ရှေ့သို့ ပျံသန်းသွားသည်။ မင်ကျွေ့သည် လက်နက်အသစ်များကို သိမ်းဆည်းလိုက်၏။ တစ်ခုပျက်စီးသွားသော်လည်း နှစ်ခုပြန်ရသဖြင့် သူသည် အမြတ်ထွက်သွားခဲ့ရသည်။
သို့သော် ကျုံးရှန်က နွားမိစ္ဆာကို နှိုးခိုင်းလိုက်သောအခါ သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။
"သခင်... ဒီနွားမိစ္ဆာဘုရင်က သာမန် မဟုတ်ပါဘူး..."
"အထူးသဖြင့် အဲဒီ နက်မှောင်တဲ့ ပုဆိန်က ပိုပြီး ဆန်းကြယ်ပါတယ်..."
"သူ့ကို စိတ်စွမ်းအား နယ်ပယ်ထဲမှာ ဆက်ပြီး နစ်မြုပ်ထားပြီး သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်တွေကို ချေဖျက်ခိုင်းလိုက်တာ ပိုမကောင်းဘူးလား..."
"ပြီးမှ စစ်ဆေးမေးမြန်းလည်း နောက်မကျပါဘူး..."
ကျုံးရှန် လက်ကာပြလိုက်သည်။
"ကိစ္စမရှိဘူး... မင်း သူ့ကိုသာ နှိုးလိုက်ပါ..."
ထို့နောက် သူသည် လက်ကို ဆန့်တန်းလိုက်ပြီး နွားမိစ္ဆာဘုရင် ဝတ်ဆင်ထားသော ရွှေသံကွင်းသံချပ်ကာ၊ ဖီးနစ် ကိုးဆင့်သရဖူ၊ ကြာချည်မျှင် တိမ်ဖိနပ် နှင့်ပုဆိန်တို့ကို သူ့ရှေ့သို့ ဆွဲယူလိုက်ပြီး သေချာစွာ အကဲခတ် ကြည့်ရှုလိုက်တော့သည်။