← Chapters

အခန်း (၃၁၁-၃၁၂)

Vol. 23 Ch. 311-312

အခန်း (၃၁၁-၃၁၂)

Vol. 23 Ch. 311-312

‎အခန်း ( ၃၁၁ ) - အန္တရာယ်ကြုံနေရသော ချီလျို၊ သွေးဖြင့် သန့်စင်ခြင်းနှင့် ထောင်ချောက်ထဲသို့ သက်ဆင်းခြင်း

‎

‎

‎

‎အင်မော်တယ်နတ်ဆိုးအရှင်များသည် အချင်းချင်း တိုးဝှေ့ကာ အလုအယက် ထွက်ခွာသွားကြလေသည်။ ချီလျန်မျိုးနွယ်ဝင်များကို ပြန်လည်စေလွှတ်ရန် နှောင့်နှေးကြန့်ကြာသွားပါက ကုချန် စိတ်ဆိုးကာ ဒဏ်ခတ်ခြင်းခံရမည်ကို သူတို့ အလွန်စိုးရိမ်နေကြသည်။

‎

‎

‎သူတို့၏အမြင်တွင် ဤသည်မှာ အမှန်တကယ် ဖြစ်လာနိုင်သည့် အခြေအနေပင်။ ယခုအခါ ရှီမိုကောင်းကင်အရှင်သခင်ကို ရှာမတွေ့တော့သဖြင့် ရှီမိုကောင်းကင်တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ်မှာ ချီလျန်မျိုးနွယ်၏ ဘိုးဘေးမြေ၌ ရှိနေသော ဤကြောက်မက်ဖွယ်ကောင်းသူပင် ဖြစ်တော့သည်။

‎

‎

‎အကယ်၍ ထိုသူက သူ၏အာဏာကို ပြလိုလျှင် မည်သူ့ကို အရင်ဆုံး ပစ်မှတ်ထားမည်နည်း။ အမြင်အာရုံ မရှိဘဲ 'ကန်း' နေသူများကိုသာ အရင်ဆုံး ရှင်းပစ်မည်မှာ အသေအချာပင်။

‎

‎

‎နယ်မြေအသီးသီးမှ နတ်ဆိုးအရှင်များနှင့် ကုချန်ကြားတွင် ရန်ငြိုးရန်စ မရှိသော်လည်း ချီလျန်မျိုးနွယ်နှင့်မူ အနည်းငယ် ရှိနေခဲ့သည်။ ထို့ကြောင့် ချီလျန်မျိုးနွယ်နှင့် ရှိနေသော ပြဿနာများကို အမြန်ရှင်းလင်းနိုင်လျှင် ထိုအစွမ်းထက်လှသော ပုဂ္ဂိုလ်သည် သူတို့ကဲ့သို့ နယ်မြေအသေးလေးများကို လာရောက်ဒုက္ခပေးတော့မည် မဟုတ်ဟု သူတို့ ယူဆထားကြသည်။

‎

‎

‎နတ်ဆိုးအရှင်များ ထွက်ခွာသွားပြီးနောက် ရှီမိုကောင်းကင်အရှင်သခင်၏ လျှို့ဝှက်ဆန်းပြားစွာ ပျောက်ကွယ်သွားမှုနှင့်အတူ ဤပြဿနာမှာ အဆုံးသတ်သွားခဲ့လေသည်။

‎

‎

‎တတိယအကြီးအကဲနှင့် အခြားအကြီးအကဲများသည် ဤသတင်းကောင်းကို မျိုးနွယ်စုဝင်များထံ ဝေမျှရန် အစည်းအဝေးခန်းမမှ ချက်ချင်း ထွက်သွားကြ၏။ ခဏအတွင်းမှာပင် ချီလျန်မျိုးနွယ် ဘိုးဘေးမြေတစ်ခုလုံး၌ အံ့ဩဝမ်းသာမှုများ ပျံ့နှံ့သွားကာ ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

‎

‎

‎ကုချန်၏ခွင့်ပြုချက်ကို ရရှိပြီးနောက် ချီမုန်သည်လည်း သူ၏မိခင်ဖြစ်သူ ချီလျိုထံသို့ သတင်းပို့ရန် ကြိုးစားလိုက်သည်။ ရှီမိုကောင်းကင်အရှင်သခင်ကို ကုချန် မောင်းထုတ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းကို ပြောပြချင်နေခြင်းပင်။

‎

‎

‎သို့သော် ချီမုန်နှင့် ချီလျိုတို့၏ ဆက်သွယ်မှုမှာ မစတင်နိုင်ခင်မှာပင် ပြတ်တောက်သွားခဲ့၏။ တစ်စုံတစ်ခုသော အတားအဆီးမှ သူတို့ကြားရှိ ဆက်သွယ်မှုကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေ၏။

‎

‎

‎" ဆရာ... အမေ... တစ်ခုခု ဖြစ်နေတာလားဟင် "

‎

‎

‎ချီမုန်၏မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာ၏။ သူ၏မိခင် ဘေးကင်းပါ့မလားဟူသော အတွေးသည် သူ့အား ဂနာမငြိမ် ဖြစ်စေ၏။ အဘယ်ကြောင့်ဆိုသော် ယခင် နတ်ဆိုးအရှင်များ လာရောက်တိုက်ခိုက်စဉ်ကပင် သူသည် ချီလျိုကို ဆက်သွယ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ဖြစ်၏။

‎

‎

‎သူ၏မိခင်သည် ချီလျန်မျိုးနွယ် ကြုံတွေ့ရမည့် အန္တရာယ်ကို ကြိုတင်သိရှိထားသူ ဖြစ်သည်။ အကယ်၍ သူ၏မိခင်တွင် အန္တရာယ်တစ်စုံတစ်ရာ မရှိပါက မျိုးနွယ်စု၏အခြေအနေကို စိုးရိမ်ကာ အမြဲတစေ စောင့်ကြည့်နေမည်မှာ အမှန်ပင်။ ယခုကဲ့သို့ အစအဆုံး ပေါ်မလာခြင်းမှာ တစ်ခုခု ထူးခြားနေပြီ ဖြစ်သည်။

‎

‎

‎မိခင်ဖြစ်သူ အန္တရာယ်တစ်ခုခုနှင့် ကြုံနေရပြီဆိုသည်မှာ တစ်ခုတည်းသော အဖြေပင်။ ချီမုန်သည် သူ၏မိခင် နောက်ဆုံးပြောခဲ့သော စကားကို သတိရသွား၏။ သူ၏မိခင်သည် ယမမြစ်မြင့်မြတ် နတ်ဆိုးနယ်မြေမှ ယမမြစ်ဘိုးဘေးနှင့် လေဟာနယ် ကောင်းကင်သတ္တုကို လုယူရန် တိုက်ခိုက်နေရကာ ထိုတိုက်ပွဲမှာလည်း အရှိန်အဟုန် အပြင်းဆုံး အခြေအနေသို့ ရောက်နေသည်ဟု ဆိုခဲ့သည်။

‎

‎

‎အမေက ယမမြစ်ဘိုးဘေးကို မယှဉ်နိုင်ဘဲ အရေးနိမ့်နေတာလား.....

‎

‎

‎ဤသို့ တွေးမိသည်နှင့် ချီမုန်၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားတော့သည်။ သူ၏စိုးရိမ်မှုကို ကြည့်ကာ ကုချန်သည် တည်ငြိမ်စွာပင် ပြောဆိုလိုက်၏။

‎

‎

‎" ချီလျိုက အခုလောလောဆယ် အသက်အန္တရာယ် မရှိပါဘူး... သိပ်ပြီး စိတ်မပူနဲ့ "

‎

‎

‎ချီလျိုသည် ယခင်ကတည်းက ကုချန်ထံ၌ သစ္စာခံထား၍ ဝိညာဉ်အမှတ်အသားကို ပေးထားသူဖြစ်ရာ ကုချန်အနေဖြင့် သူ၏အခြေအနေကို အမြဲ အာရုံခံနိုင်၏။ ယခုအချိန်တွင် ချီလျို၏ ဝိညာဉ်အမှတ်အသားမှာ တည်ငြိမ်နေသဖြင့် သူ၏အသက်အန္တရာယ်မှာ မစိုးရိမ်ရသေးကြောင်း ကုချန် သိလိုက်ခြင်းပင်။

‎

‎

‎သို့သော်လည်း ချီလျိုသည် ခက်ခဲသော ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်နေရသည်မှာမူ အသေအချာပင်။ ထို့ကြောင့်လည်း မျိုးနွယ်စုနှင့် အဆက်အသွယ် ပြတ်တောက်နေခြင်း ဖြစ်သည်။

‎

‎

‎ကုချန်သည် လေဟာနယ်ကို တစ်ချက်ကြည့်လိုက်ကာ အေးဆေးတည်ငြိမ်စွာ အမိန့်ပေးလိုက်၏။

‎

‎

‎" ဘာတွေဖြစ်နေလဲ သွားကြည့်လိုက်ဦး "

‎

‎

‎လေဟာနယ်မှာ တစ်ချက်အက်ကွဲသွားလေကာ ထက်ရှသော ဓားအလင်းတစ်ခု ဖျတ်ခနဲ ပေါ်လာ၍ ပြန်လည် တိတ်ဆိတ်သွားပြန်၏။ ထိုအခြင်းအရာကို မြင်သောအခါ ချီမုန်သည် ကုချန်ကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေတော့သည်။

‎

‎

‎သူ၏ဆရာသည် သူ၏ လက်နက်ဖြစ်သော အဆုံးမဲ့ဓားကို သူ၏မိခင်အား ကူညီရန် စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သူ သိလိုက်သည်။ အဆုံးမဲ့ဓား ရှိနေလျှင် ယမမြစ်ဘိုးဘေးမှာ ဘာမျှ မတတ်နိုင်တော့ပေ။

‎

‎

‎ယခင်က နတ်ဆိုးအရှင် ငါးပါးလုံး ဆင်းသက်လာစဉ်ကပင် အဆုံးမဲ့ဓားသည် ဟင်းသီးဟင်းရွက် လှီးသကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလော။ ယမမြစ်ဘိုးဘေးသည် မည်မျှပင် ရက်စက်စေကာမူ အဆုံးမဲ့ဓား၏ ထက်ရှမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

‎

‎

‎ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေ၏ အပြင်ဘက်၊ ယမမြစ်မြင့်မြတ်နယ်မြေ၏ နယ်စပ်၌.....

‎

‎

‎ကြက်သွေးရောင် သွေးပင်လယ်ကြီးသည် ကျယ်ပြောလှသော မြေပြင်နှင့် တောင်တန်းများကို လွှမ်းမိုးထား၏။ ကောင်းကင်ယံတစ်ခုလုံးမှာလည်း ထူးဆန်းသော အနီရောင်များ ဖုံးလွှမ်းနေကာ လေထုထဲ၌ သွေးညှီနံ့များဖြင့် ပြည့်နှက်နေ၏။

‎

‎

‎မီးလျှံရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချီလျိုသည် လေဟာနယ်ထဲတွင် တည်ငြိမ်စွာ ရပ်နေသော်ငြား သူ၏မျက်ဝန်းထဲ၌မူ စိုးရိမ်ရိပ်များ ပုန်းကွယ်နေလေ၏။

‎

‎

‎" ဟားဟားဟား... ချီလျိုမျိုးနွယ်ခေါင်းဆောင်... ငါ့ရဲ့ ယမမြစ်သွေးသန့်စင်ခြင်း အစီအရင်က အရသာရှိရဲ့လား "

‎

‎

‎ကောင်းကင်ယံထက်မှ ခပ်ယဲ့ယဲ့ ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုရယ်သံနှင့်အတူ သွေးရောင်လွှမ်းနေသော နယ်မြေတစ်ခုလုံးတွင် ဝေဝါးသော အရိပ်များ ပေါ်လာလေသည်။

‎

‎

‎၎င်းမှာ သွေးရောင်ဝတ်စုံနှင့် သွေးရောင်ဆံပင်များ ရှိသော အဘိုးအိုတစ်ဦး၏ ပုံရိပ်ပင် ဖြစ်သည်။ ထိုအဘိုးအို၏ ပုံရိပ်မှာ သွေးပင်လယ်ကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်ကာ သူ၏ ကိုယ်ပွားနှင့် ကိုယ်အစစ်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။

‎

‎

‎" ယမမြစ်ဘိုးဘေး... ဒါတွေအားလုံးက ရှင့်ရဲ့ ထောင်ချောက်ပဲပေါ့ "

‎

‎

‎ချီလျိုသည် အဘိုးအို၏ပုံရိပ်ကို ကြည့်လျက် လေးနက်သော အသံဖြင့် မေးမြန်းလိုက်၏။

‎

‎

‎သူ ဤနေရာသို့ ရောက်လာခြင်းမှာ ယမမြစ်နယ်စပ်တွင် လေဟာနယ် ကောင်းကင်သတ္တု ပေါ်ထွက်နေသည်ဟု ကြားသိရသဖြင့် ကုချန်အတွက် သွားရောက်ယူပေးရန် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေရာသို့ ရောက်သောအခါ ယမမြစ်ဘိုးဘေးနှင့် ဆုံခဲ့ရ၏။

‎

‎

‎ချီလျိုသည် ယမမြစ်ဘိုးဘေးသည်လည်း ထိုသတ္တုသတင်းကြောင့် ရောက်လာခြင်းဟုသာ ယူဆခဲ့၍ သူ့ကို တိုက်ခိုက်ကာ သတ္တုကို လုယူရန်သာ စဉ်းစားခဲ့သည်။

‎

‎

‎သို့သော် အရာအားလုံးမှာ သူ ထင်ထားသည်နှင့် လွဲချော်နေခဲ့သည်။ ယမမြစ်ဘိုးဘေးသည် သူ့ကို မြင်သည်နှင့် ယမမြစ်သွေးသန့်စင်ခြင်း အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်၍ သူ့အား ပိတ်ဆို့ထားကာ အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

‎

‎

‎ဤအစီအရင်ထဲတွင် ပိတ်မိသွားသောအခါမှ ချီလျိုသည် တစ်စုံတစ်ခု မှားယွင်းနေပြီကို သတိပြုမိခဲ့ခြင်း ဖြစ်၏။ ဤအစီအရင်မှာ ယမမြစ်ဘိုးဘေး၏ နာမည်ကျော် အစီအရင်ဖြစ်ကာ နတ်ဆိုးအရှင်တစ်ပါးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ သို့သော် ဤအစီအရင်ကို တည်ဆောက်ရန်အတွက် အဖိုးတန်ပစ္စည်းများစွာနှင့် အချိန်ယူ ပြင်ဆင်မှုများ လိုအပ်၏။

‎

‎

‎ယခုကဲ့သို့ လက်တစ်ဖက် ဝှေ့ယမ်းရုံနှင့် အစီအရင် ပေါ်လာခြင်းမှာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ယမမြစ်ဘိုးဘေးသည် ဤနေရာတွင် အစီအရင်ကို ကြိုတင် ပြင်ဆင်ထားပြီး သူ ရောက်လာသည်နှင့် အသက်သွင်းလိုက်ခြင်းပင် ဖြစ်တော့သည်။

‎

‎

‎" ဟားဟားဟား... ချီလျန်မျိုးနွယ်ခေါင်းဆောင်က တကယ်ကို ဉာဏ်ကောင်းတာပဲ... အဲ့ဒီ လေဟာနယ် ကောင်းကင်သတ္တုဆိုတာ မင်းကို မျှားခေါ်ဖို့ ငါအထူး ပြင်ဆင်ထားတဲ့ အစာပဲ.....

‎

‎မင်းကို စောင့်ရဦးမယ် ထင်နေတာ... အခုတော့ မင်းက အစာကို ချက်ချင်း ဟပ်လိုက်တာပဲ... ဟားဟားဟား! "

‎

‎

‎လေဟာနယ်ထဲတွင် ယမမြစ်ဘိုးဘေး၏ မာန်တက်နေသော ရယ်သံများသာ ဟိန်းထွက်နေလေတော့သည်။

‎အခန်း ( ၃၁၂ ) - အဖြစ်မှန်၊ မမျှော်လင့်သော အခြေအနေနှင့် ကောင်းကင်သတ္တုဖြင့် မျှားခေါ်ခြင်း

‎

‎

‎

‎ယမမြစ်ဘိုးဘေး၏ ရူးသွပ်သော ရယ်သံကို ကြားလိုက်ရချိန်တွင် ချီလျို၏စိတ်မှာ အောက်ဆုံးသို့ ထိုးဆင်းသွားတော့သည်။

‎

‎

‎ယမမြစ်သွေးသန့်စင်ခြင်း အစီအရင် စတင်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေပြီဟု သူ ခံစားမိသော်လည်း ယမမြစ်ဘိုးဘေးကိုယ်တိုင် ဝန်ခံလာသည့်အခါတွင်မူ အခြေအနေမှာ အလွန်ပင် ခက်ခဲတော့မည်ဖြစ်ကြောင်း အသေအချာ သိလိုက်ရလေသည်။

‎

‎

‎အထူးသဖြင့် ချီလျန်မျိုးနွယ်၏ လက်ရှိအခြေအနေကို တွေးမိသောအခါ သူ ပို၍ ပူပန်လာမိသည်။ သူ၏ဆရာသခင်သည် ချီလျန်မျိုးနွယ်စုသို့ ရောက်ရှိနေသဖြင့် ရှီမိုကောင်းကင်မှ မကြာမီ ခြေရာခံမိတော့မည် ဖြစ်ရာ ထိုအချိန်တွင် မျိုးနွယ်စုဝင်များ မည်သို့ ရင်ဆိုင်ကြမည်နည်း။

‎

‎

‎မျိုးနွယ်စုဝင်များ၏ အသက်မှာ သူ့အတွက် အလွန်တန်ဖိုးရှိလှရာ သူတို့ အလွယ်တကူ အသက်ပေးရမည်ကို သူ မလိုလားပေ။ သူသာ မျိုးနွယ်စုထဲ၌ ရှိနေလျှင် တစ်နည်းနည်းဖြင့် ဝင်ရောက်စေ့စပ်ပေးနိုင်မည် ဖြစ်သော်လည်း ယခုမူ ယမမြစ်ဘိုးဘေး၏ အစီအရင်ထဲတွင် ပိတ်မိနေခဲ့ပြီ.....

‎

‎

‎" ဟဲဟဲ... ချီလျန်မျိုးနွယ်ခေါင်းဆောင်... ဒီလို အန္တရာယ်ကြားမှာ အာရုံများနေရမယ့် အချိန်မဟုတ်ဘူးနော် "

‎

‎

‎လေဟာနယ်ထဲမှ ယမမြစ်ဘိုးဘေး၏ အေးစိမ့်သော ရယ်သံ ထွက်ပေါ်လာ၏။ ချီလျိုသည် ဤအခြေအနေတွင် အာရုံလွင့်နေသဖြင့် သူ သဘောမကျဖြစ်နေခြင်းပင်။

‎

‎

‎ကျယ်ပြောလှသော မြေပြင်ကို ဖုံးလွှမ်းထားသည့် သွေးပင်လယ်ကြီးမှာ အထက်သို့ ပြောင်းပြန်စီးဆင်းလာကာ ကောင်းကင်ယံမှ ကျဆင်းလာသော မြစ်ကြီးတစ်စင်းကဲ့သို့ ချီလျိုထံသို့ တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်လာတော့သည်။

‎

‎

‎" ဝုန်း! "

‎

‎

‎ပြင်းထန်လှသော သွေးလှိုင်းများမှာ သာမန်ပင်လယ်ရေကဲ့သို့ ထင်ရသော်လည်း အမှန်စင်စစ်တွင် ပြင်းထန်သော တိုက်စားနိုင်စွမ်းများ ရှိနေ၏။ အကယ်၍ ထိုရေနှင့် ထိမိပါက အင်မော်တယ်ခန္ဓာကိုယ်ပင် တိုက်စားခံရကာ ဝိညာဉ်ပါ ပျက်စီးသွားနိုင်ပေသည်။

‎

‎

‎ချီလျိုသည် မပေါ့ဆရဲဘဲ သူ၏အစွမ်းကို ထုတ်ဖော်ကာ အရံအတားတစ်ခု ပြုလုပ်လိုက်လေသည်။

‎

‎

‎" ရှဲ... "

‎

‎

‎သွေးပင်လယ်ကြီးမှာ အရပ်မျက်နှာအနှံ့မှ ရိုက်ခတ်လာကာ ချီလျို၏ အရံအတားကို တိုက်ခိုက်တော့သည်။ ပင်လယ်ပြင်အလယ်မှ လှေငယ်လေးတစ်စင်းကဲ့သို့ပင် ချီလျို၏ အရံအတားမှာလည်း အချိန်မရွေး ပျက်စီးသွားနိုင်သည့် အခြေအနေသို့ ရောက်နေလေသည်။

‎

‎

‎ချီလျို၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေကာ သွေးပင်လယ်၏ တိုက်စားမှုကို ခုခံရန် စွမ်းအင်များစွာ အသုံးပြုနေရသည်။

‎

‎

‎ဒီအတိုင်းသာ ဆက်သွားရင် အမွှေးတိုင်တစ်တိုင်စာတောင် ငါတောင့်ခံနိုင်မှာ မဟုတ်ဘူး.....

‎

‎

‎ချီလျိုသည် စိတ်ထဲမှ တွက်ချက်ရင်း မတတ်သာမှုကို ခံစားလိုက်ရသည်။ သူသည် လှောင်အိမ်ထဲမှ ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေကာ လွတ်မြောက်ရန် လမ်းစမရှိပေ။ ဤယမမြစ်သွေးသန့်စင်ခြင်း အစီအရင်မှာ မိုင်ပေါင်းသန်းချီ ကျယ်ပြန့်သဖြင့် အစီအရင်၏ ထွက်ပေါက်ကို မရှာနိုင်၍ လွတ်မြောက်ရန် မဖြစ်နိုင်ချေ။

‎

‎

‎ငါ ဘာလုပ်ရမလဲ.....

‎

‎

‎ချီလျိုသည် စိတ်ထဲမှ အဖြေရှာနေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာဖြင့် ယမမြစ်ဘိုးဘေးကို အော်ဟစ်မေးမြန်းလိုက်သည်။

‎

‎

‎" ယမမြစ်အရှင်... ရှင်နဲ့ကျွန်မကြားမှာ ဘာရန်ငြိုးမှ မရှိဘူး... ရှင့်ရဲ့ ယမမြစ်နတ်ဆိုးနယ်မြေနဲ့ ကျွန်မတို့နယ်မြေကြားမှာလည်း ဘာပြဿနာမှ မရှိခဲ့ဘူး... ဘာလို့ အခုလို ထောင်ချောက်ဆင်ပြီး သတ်ဖို့ ကြိုးစားနေရတာလဲ "

‎

‎

‎" ဟားဟားဟား... ရန်ငြိုးရန်စတွေက ငါတို့အဆင့်မှာ အရေးပါလို့လား "

‎

‎

‎ယမမြစ်ဘိုးဘေးသည် ထူးဆန်းစွာ ရယ်မောလိုက်ကာ.....

‎

‎

‎" မင်းကို ပြောပြလိုက်ပါ့မယ်... ရှီမိုကောင်းကင်က အရှင်တစ်ယောက်က မင်းတို့ ချီလျန်မျိုးနွယ်ကို သဘောမကျဘူး... ဒါပေမယ့် မင်းတို့က အမြဲတမ်း ဂရုတစိုက် နေတတ်တော့ သူတို့က အမှားရှာလို့ မရဖြစ်နေတယ်လေ.....

‎

‎မင်းကို သုတ်သင်လိုက်ဖို့ အဲ့ဒီအရှင်က ငါ့ကို တာဝန်ပေးထားတာ... မင်းမရှိရင် ချီလျန်မျိုးနွယ်က ခေါင်းဆောင်မဲ့သွားပြီး ပျာပျာသလဲနဲ့ အမှားတွေ လုပ်လာလိမ့်မယ်... အဲ့ဒီအခါကျရင် ရှီမိုကောင်းကင်က ချီလျန်မျိုးနွယ်ကို အမြစ်ပြတ်ရှင်းပစ်ပြီး ကြက်သွေးရောင်ငရဲနတ်ဆိုးနယ်မြေကို ပြန်သိမ်းပိုက်ဖို့ အကြောင်းပြချက် ရသွားမှာပေါ့ "

‎

‎

‎ယမမြစ်ဘိုးဘေး၏ စကားကို ကြားရသောအခါ ချီလျို၏စိတ်မှာ ပို၍ လေးလံသွားတော့သည်။ ဤသည်မှာ ရှီမိုကောင်းကင်၏ သဘောတူညီချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်နေသောကြောင့်ပင်။ ယမမြစ်ဘိုးဘေးကို အမိန့်ပေးနိုင်သူမှာ ရှီမိုကောင်းကင်မှ ထိပ်တန်းနတ်ဆိုးအရှင်များသာ ဖြစ်နိုင်သည်။

‎

‎

‎" ဟမ့်... ဘယ်နတ်ဆိုးအရှင်က ရှင့်ကို ဘယ်လို အကျိုးအမြတ်တွေ ပေးလို့ အခုလို ခွေးတစ်ကောင်လို နာခံနေရတာလဲ "

‎

‎

‎ချီလျိုသည် ယမမြစ်ဘိုးဘေး၏စိတ်ကို နှောင့်ယှက်ရန် ရည်ရွယ်၍ လှောင်ပြောင်လိုက်သည်။ သို့သော် ယမမြစ်ဘိုးဘေးသည် သူ၏အကြံကို ရိပ်မိပြီးသား ဖြစ်နေ၏။

‎

‎

‎" မင်း ငါ့ကို စကားလုံးတွေနဲ့ လာဆွမနေနဲ့... မင်းက အိုးထဲက လိပ်ဖြစ်နေပြီဆိုတော့ ငါပြောပြလိုက်ပါ့မယ်... သွေးငရဲနတ်ဆိုးအရှင်က ငါ့ကို ခိုင်းတာပဲ... မင်းကို သတ်နိုင်ရင် ငါ့ကို နတ်ဆိုးအရှင်အဆင့် တက်လှမ်းနိုင်ဖို့ ကံတရားတွေ ပေးမယ်လို့ သူ ကတိပေးထားတယ် "

‎

‎

‎ဒါကြောင့်ကိုး.....

‎

‎

‎ချီလျိုသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် ရှီမိုကောင်းကင်ရှိ သူများကို အထင်ကြီးလွန်းခဲ့သည်။ ချီလျန်မျိုးနွယ်မှ အမှားမလုပ်လျှင် သူတို့ ဘာမှမလုပ်ရဲ‌လောက်ဟု ထင်ထားခဲ့သော်လည်း ယခုမူ ယုတ်မာသော နည်းလမ်းများကို သုံးလာခဲ့ပြီ။

‎

‎

‎ဤသို့ကြည့်လျှင် သူ၏ဆရာသခင် ရောက်မလာခဲ့ပါကလည်း ချီလျန်မျိုးနွယ်၏ အန္တရာယ်မှာ မရှောင်လွှဲနိုင်သော ကိစ္စပင် ဖြစ်သည်။ ဆရာရောက်လာ‌၍ သူ့အား ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်အောင် ကူညီပေးခဲ့ခြင်းကသာ ကံကောင်းမှုတစ်ခု ဖြစ်နေတော့သည်။

‎

‎

‎" မင်းကို ဒီထောင်ချောက်ထဲ ဆွဲခေါ်ဖို့ ငါ တော်တော် ဦးနှောက်သုံးခဲ့ရတာ... မင်း မရိပ်မိအောင် အသာလေး မျှားခေါ်ခဲ့ရတယ်.....

‎

‎ကံကောင်းတာက မင်းက ကောင်းကင်သတ္တုတွေ ရှာနေတယ်ဆိုတာ ငါ သိလိုက်ရတာပဲ... အဲ့ဒါကြောင့် ကောင်းကင်သတ္တုကို အစာအဖြစ် သုံးပြီး မင်းကို မျှားလိုက်တာပေါ့.....

‎

‎ဟားဟားဟား... ချီလျို... မင်း သေသွားရင်တောင် စိတ်အေးလက်အေး သေနိုင်ပါတယ် "

‎

‎

‎ယမမြစ်ဘိုးဘေးသည် အားရပါးရ ရယ်မောရင်း သွေးပင်လယ်ကြီးကို အသုံးချကာ ချီလျိုကို ပြင်းပြင်းထန်ထန် ဆက်လက် တိုက်ခိုက်လေတော့သည်။

‎‎

All Chapters