← Chapters

အခန်း (၃၁၇-၃၁၈)

Vol. 23 Ch. 317-318

အခန်း (၃၁၇-၃၁၈)

Vol. 23 Ch. 317-318

‎အခန်း ( ၃၁၇ ) - တုန်လှုပ်ခြင်း၊ ခေါင်းငုံ့အညံ့ခံခြင်းနှင့် အမိန့်တော်ကို နာခံခြင်း

‎

‎

‎

‎ချီလျန်မျိုးနွယ် ဘိုးဘေးမြေအပြင်ဘက်၌ ရိုသေစွာ ခေါင်းငုံ့စောင့်ဆိုင်းနေကြသော အင်မော်တယ်နတ်ဆိုးအရှင်များကို ကြည့်ကာ ချီလျိုတစ်ယောက် အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်လိုက်မိသည်။

‎

‎

‎ဤနတ်ဆိုးအရှင်များသည် တစ်ချိန်က သူနှင့် အဆင့်တူ သို့မဟုတ် သူထက်ပင် မြင့်မားခဲ့ဖူးသော နယ်မြေအရှင်သခင်များ ဖြစ်ကြသည်။ ချီလျန်မျိုးနွယ်၏ ထူးခြားသော အခြေအနေကြောင့် ယခင်ကဆိုလျှင် ထိုသူတို့သည် ချီလျန်မျိုးနွယ်ကို မျက်လုံးထောင့်ကပ်၍ပင် ကြည့်လေ့မရှိသူများ ဖြစ်သည်။

‎

‎

‎သို့သော် ယခုမူ သူတို့သည် သူ၏အရှင်သခင်ဖြစ်သည့် ကုချန်၏ခွင့်ပြုချက်ကို ရိုသေစွာ စောင့်ဆိုင်းနေကြ၏။ အရှင်သခင်သည် ဘာလုပ်လိုက်သနည်း။ ဤနတ်ဆိုးအရှင်များသည် ရှီမိုကောင်းကင်အရှင်သခင်၏ ဒေါသကို မကြောက်ကြတော့ဘူးလော။ ချီလျိုမှာ အလွန်အံ့အားသင့်ကာ ဝေခွဲမရ ဖြစ်နေ၏။

‎

‎

‎သူ၏မိခင်ဖြစ်သူမှ ဖြစ်ပျက်နေသည်များကို နားမလည်ဖြစ်နေသည်ကို မြင်သောအခါ ချီမုန်သည် သူ၏နားနားသို့ ကပ်၍ တိုးတိုးတိတ်တိတ် ရှင်းပြလိုက်ပြန်သည်။

‎

‎

‎" အမေ မရှိတဲ့အချိန်မှာ ရှီမိုကောင်းကင်နန်းတော်က လာရန်ရှာတယ်... အရင်ဆုံး မိုဟဲနတ်ဆိုးအရှင် ရောက်လာပြီး အရှင့်လက်ချက်နဲ့ သေဆုံးသွားတယ်...နောက်တော့ သွေးငရဲနတ်ဆိုးအရှင် အပါအဝင် နတ်ဆိုးအရှင်ငါးပါး ရောက်လာပြီး အဆုံးမဲ့ဓားရဲ့ လက်ချက်နဲ့ တစ်ချက်တည်း အသတ်ခံလိုက်ရတာပါ "

‎

‎

‎ချီမုန်သည် သူ့မိခင်မရှိခိုက် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည် ပြောပြလိုက်၏။ ဤသတင်းကို ကြားလိုက်ရသောအခါ ချီလျို၏ရင်ထဲ၌ လှိုင်းထန်သွားလေသည်။ သူသည် ယမမြစ်ဘိုးဘေးကို အဆုံးမဲ့ဓားမှ သတ်ဖြတ်ခဲ့သည်အား မြင်တွေ့ခဲ့ရသော်လည်း သွေးငရဲနတ်ဆိုးအရှင်ကဲ့သို့ ထိပ်တန်းနတ်ဆိုးအရှင်များကိုပါ တစ်ချက်တည်း သတ်ဖြတ်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

‎

‎

‎အဆုံးမဲ့ဓားသည် အင်မော်တယ်ဘုရင်လက်နက် အစစ်အမှန် ဖြစ်သွားပြီလော။ ထို့သို့ဆိုလျှင် သူ၏အရှင်သခင် ကုချန်သည်လည်း အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းလော။

‎

‎

‎သို့သော် ချီမုန်၏ ထပ်မံ‌ပြောဆိုလိုက်သော စကားမှာ သူ့အား ပို၍ တုန်လှုပ်စေခဲ့လေသည်။

‎

‎

‎" နတ်ဆိုးအရှင်ငါးပါး သေဆုံးပြီးနောက်မှာ ရှီမိုကောင်းကင်အရှင်သခင် ကိုယ်တိုင် ဆင်းသက်လာတယ်... ဒါပေမယ့် အရှင့်ကို မယှဉ်နိုင်ဘဲ အရေးနိမ့်ပြီး အချိန်မြစ်ထဲ ပြုတ်ကျသွားတာ... အခုထိ အသက်ရှင်သလား သေလား မသိရတော့ဘူး "

‎

‎

‎ရှီမိုကောင်းကင်အရှင်သခင် ကိုယ်တိုင် ဆင်းသက်လာသော်လည်း အရေးနိမ့်၍ ပျောက်ဆုံးသွားသည်လော။

‎

‎

‎ပြောပြသူမှာ သူ၏သမီးအရင်း မဟုတ်ပါက ချီလျိုသည် ယုံကြည်မည်ပင် မဟုတ်ပေ။ ဤအဖြစ်အပျက်များမှာ ယုံကြည်ရန်ခက်ခဲလွန်းလှ၏။ ရှီမိုကောင်းကင်တစ်ခုလုံးကို အုပ်ချုပ်သော အင်မော်တယ်ဘုရင်တစ်ပါးမှာ အရေးနိမ့်၍ ထွက်ပြေးရသည်အထိ ဖြစ်သွားခဲ့သည်။

‎

‎

‎ထို့ကြောင့်လည်း နတ်ဆိုးအရှင်များသည် ဤမျှ ရိုကျိုးနေကြခြင်း ဖြစ်ကြောင်း သူ သဘောပေါက်သွား၏။ သူ၏ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီ။ ချီလျန်မျိုးနွယ်သည် အန္တရာယ်တွင်းမှ လွတ်မြောက်ရုံသာမက နယ်မြေအသီးသီးမှ လေးစားရသော နေရာတစ်ခု ဖြစ်လာခဲ့ပြီ။

‎

‎

‎ချီလျိုသည် စိတ်လှုပ်ရှားနေသော်လည်း ကုချန်ကမူ အေးဆေးတည်ငြိမ်နေဆဲပင်။ သူ၏ လက်ရှိအဆင့်အတန်းအရ နတ်ဆိုးအရှင်အချို့ လာရောက်ဂါရဝပြုခြင်းမှာ စိတ်လှုပ်ရှားစရာ ကိစ္စမဟုတ်ပေ။ နောင်တစ်ချိန် အင်မော်တယ်ဘုရင်များ လာရောက်ဂါရဝပြုမှသာ ပြောရကျိုးနပ်ပေလိမ့်မည်။

‎

‎

‎ဘိုးဘေးနယ်မြေအပြင်ဘက်၌ စောင့်ဆိုင်းနေသော နတ်ဆိုးအရှင်များမှာ အထဲမှ တုံ့ပြန်သံ မကြားရသဖြင့် စိုးရိမ်လာကြ၏။ နောက်ဆုံးတွင် သူတို့အားလုံး၏ အကြည့်မှာ မိုခယ့်နတ်ဆိုးအရှင်ထံသို့ ရောက်ရှိသွားကြ၏။ သူသည် ထိုအဖွဲ့ထဲတွင် အစွမ်းအထက်ဆုံးနှင့် ဝါအရင့်ဆုံး ဖြစ်သည်။

‎

‎

‎မိုခယ့်နတ်ဆိုးအရှင်သည် မတတ်သာသည့်အဆုံး ရှေ့ထွက်ကာ လေးလေးနက်နက် လျှောက်တင်လိုက်၏။

‎

‎

‎" အင်မော်တယ်ဘုရင်... ကျွန်တော်တို့ နယ်မြေအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ချီလျန်မျိုးနွယ်ဝင်အားလုံးကို ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်.....

‎

‎နှစ်ပေါင်းများစွာ ကျွန်တော်တို့ဆီမှာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လျော်ကြေးတွေလည်း ဆက်သပါ့မယ်... အင်မော်တယ်ဘုရင်ကြီးမှာ တစ်ခြားအမိန့်တော်များ ရှိခဲ့ရင်လည်း မိန့်ကြားတော်မူပါ... ကျွန်တော်တို့ အစွမ်းကုန် ဆောင်ရွက်ပေးပါ့မယ် "

‎

‎

‎မိုခယ့်နတ်ဆိုးအရှင်၏ စကားမှာ အလွန်ပင် နှိမ့်ချသော စကားများ ဖြစ်သည်။ ချီလျန်မျိုးနွယ်ဝင်များကို ပြန်ပို့ပေးရုံသာမက လျော်ကြေးပါ ပေးမည်ဟု ဆိုခြင်းဖြစ်သည်။

‎

‎

‎ထိုစကားကို ကြားသောအခါ ချီလျန်မျိုးနွယ်ဝင်များ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာကြ၏။ နှစ်ပေါင်းများစွာ မျိုးနွယ်စု ဘေးကင်းရေးအတွက် အရှက်တရားကို မြိုသိပ်ကာ ကွဲကွာနေခဲ့ရသော မိသားစုဝင်များ၊ ညီအစ်မများ ပြန်လည်ဆုံစည်းရတော့မည် ဖြစ်သည်။

‎

‎

‎တချို့မှာ သေကွဲကွဲသွားခဲ့ကြသော်လည်း အသက်ရှင်ကျန်ရစ်သူများ ပြန်လာနိုင်ခြင်းအတွက် ချီလျန်မျိုးနွယ်ဝင်များမှာ ဝမ်းသာမျက်ရည်များ ကျဆင်းကာ စိတ်လှုပ်ရှားနေကြတော့သည်။

‎

‎အခန်း ( ၃၁၈ ) - အံ့အားသင့်စရာ အမိန့်တော်၊ ကောင်းကင်ဘုံ၏ အမှန်တရားကို ပြောင်းပြန်လေ့ကျင့်ခြင်း

‎

‎

‎

‎မိုခယ့်နတ်ဆိုးအရှင်၏ ရိုကျိုးသောစကားကို ကြားသောအခါ ကုချန်သည် ပြုံးနေသော်ငြား ဘာမျှ ပြန်ပြောခြင်း မရှိပေ။ ဤနတ်ဆိုးအရှင်သခင်များ ဤမျှအညံ့ခံနေခြင်းမှာ သူ၏ အစွမ်းထက်မှုကို ကြောက်ရွံ့၍ ဖြစ်ကြောင်း သူကောင်းစွာသိသည်။

‎

‎

‎ကုချန်သည် ဤအခွင့်အရေးကို လက်လွတ်မခံဘဲ သူတို့ထံမှ အဖိုးတန်ရတနာများ ညှစ်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် ချီလျန်မျိုးနွယ်၏ အင်အားကို မြှင့်တင်ပေးနိုင်သလို သူလိုအပ်သည့် ရတနာများကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ သူသည် ချီလျိုအား အချက်ပြလိုက်၏။

‎

‎

‎ချီလျိုသည် ကုချန်၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားလျက် ရှေ့သို့တက်ကာ ကြေညာလိုက်လေသည်။

‎

‎

‎" ငါတို့ မျိုးနွယ်စုဝင်တွေကို ပြန်ပို့ပေးဖို့ ကိစ္စကို နင်တို့လက်ထဲ အပ်လိုက်မယ်... လျော်ကြေးကိစ္စကိုတော့ နင်တို့ဘာသာ ဆုံးဖြတ်ကြပေါ့... ပြီးတော့ ငါ့ရဲ့အရှင်သခင်က လက်နက်သွန်းလုပ်ဖို့အတွက် နတ်ဘုရားသတ္တု လိုအပ်နေတယ်... ရှိတဲ့သူတွေက ချက်ချင်း လာပို့ကြပါ "

‎

‎

‎ချီလျို၏ပါးစပ်မှ ' အရှင်သခင် ' ဟူသော စကားကို ကြားလိုက်ရသောအခါ နတ်ဆိုးအရှင်များမှာ ထိတ်လန့်သွားကြ၏။ ချီလျန်မျိုးနွယ်သည် ဤအင်မော်တယ်ဘုရင်၏ တိုက်ရိုက်လူယုံများ ဖြစ်နေသည်ကို သူတို့ သဘောပေါက်သွားကြခြင်း ဖြစ်လေသည်။ နတ်ဆိုးလောကတွင် အင်မော်တယ်ဘုရင်တစ်ပါး၏ နောက်လိုက်ဖြစ်ခွင့်ရခြင်းမှာ အလွန်ဂုဏ်ယူစရာ ကိစ္စဖြစ်သည်။

‎

‎

‎' လျော်ကြေးကို ကိုယ့်ဘာသာဆုံးဖြတ်ပါ ' ဟူသော စကားမှာ သူတို့အတွက် အခက်ခဲဆုံးပင်။ အကယ်၍ ပေးသည့်ပမာဏ နည်းသွားပါက အင်မော်တယ်ဘုရင် စိတ်ဆိုးမည်ကို စိုးရိမ်ရသဖြင့် သူတို့ပိုင်ဆိုင်သမျှ ရတနာများကို အကုန်အစင် ထုတ်ပေးရမည့် အခြေအနေမျိုး ဖြစ်နေသည်။ ထို့အပြင် နတ်ဘုရားသတ္တုမှာ အလွန်ရှားပါးသော်လည်း အင်မော်တယ်ဘုရင်၏ မျက်နှာသာရရန် သူတို့ မရရအောင် ရှာဖွေရတော့မည်ဖြစ်သည်။

‎

‎

‎ချီလျိုသည် ခဏမျှ ငြိမ်သက်ကာ ကုချန်၏ စိတ်ချင်းဆက်သွယ် အမိန့်ပေးမှုကို နားထောင်ပြီးနောက် ဆက်လက်ပြောဆို၏။

‎

‎

‎" နောက်ထပ် အမိန့်တစ်ခုကတော့... နယ်မြေအသီးသီးမှာရှိတဲ့ နတ်ဆိုးအရှင်အဆင့်ကနေ အောက်ခြေအဆင့်အထိ ရှိသမျှ လျှို့ဝှက်သိုင်းကျမ်းတွေ၊ တန်ခိုးစွမ်းအားကျမ်းတွေ အားလုံးကို ရှာဖွေပြီး လာပို့ကြပါ... ကောင်းကောင်း ဆောင်ရွက်နိုင်တဲ့သူကို ငါ့အရှင်က ဆုလာဘ် ပြန်ပေးလိမ့်မယ် "

‎

‎

‎ဤအမိန့်ကို ကြားသောအခါ မိုခယ့်နတ်ဆိုးအရှင်နှင့် အခြားအရှင်များမှာ ကြောင်အသွားကြ၏။ အင်မော်တယ်ဘုရင် တစ်ပါးအနေဖြင့် အောက်ခြေအဆင့် သိုင်းကျမ်းများကို အဘယ်ကြောင့် လိုချင်ရသနည်း။ သူတို့မှာ ဘယ်လိုမှ နားမလည်နိုင်ပေ။ သို့သော်လည်း ဆုလာဘ် ရနိုင်သည်ဟု ကြားသဖြင့် သူတို့ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြသည်။

‎

‎

‎အမှန်စင်စစ်တွင် မိုခယ့်နတ်ဆိုးအရှင်နှင့် အခြားသူများသာမက ချီလျိုကိုယ်တိုင်ပင်လျှင် သူ၏ အရှင်သခင်မှ အဘယ်ကြောင့် ဤသိုင်းကျမ်းများအား လိုချင်ရသည်ကို နားမလည်နိုင်ချေ။

‎

‎

‎အစည်းအဝေးခန်းမအတွင်း၌ ကုချန်သည် အေးဆေးစွာ ထိုင်နေလေ၏။ သူသည် သိုင်းကျမ်းများကို အကြောင်းမဲ့ ရှာခိုင်းခြင်း မဟုတ်ပေ။

‎

‎

‎သူ၏ ရည်ရွယ်ချက်မှာ " ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း " ပညာရပ်ကို ပြောင်းပြန်နည်းလမ်းဖြင့် လေ့ကျင့်ရန် ဖြစ်သည်။ လက်ရှိတွင် သူသည် ထိုပညာရပ်ကို ၁ ရာခိုင်နှုန်းသာ တတ်မြောက်ထားသေး၏။ ထိုပညာရပ်သည် အရာအားလုံးကို ခြုံငုံမိသော ပညာရပ်ဖြစ်လေသည်။

‎

‎

‎အကယ်၍ သူသာ လောကရှိ သိုင်းပညာပေါင်းစုံကို လေ့ကျင့်နိုင်မည်ဆိုပါက ထိုအတွေ့အကြုံများကို အခြေခံ၍ " ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း " ပညာရပ်ကို ပိုမိုမြင့်မားသော အဆင့်သို့ ပြောင်းပြန်နည်းလမ်းဖြင့် တွန်းတင်နိုင်လိမ့်မည်လော။ သူ အမှန်တကယ်ပင် စမ်းသပ်လို၏။

‎

All Chapters