အခန်း (၃၂၁-၃၂၂)
Vol. 23 Ch. 321-322
အခန်း ( ၃၂၁ ) - ဧကရာဇ်မျိုးနွယ်စုတို့၏ စိတ်ပျက်အားငယ်မှုနှင့် ကမ္ဘာမြေပေါ်သို့ ကျရောက်လာသော မိုးကြိုးကပ်ဘေး
အဆုံးမဲ့ကမ္ဘာ၏ နယ်မြေငါးခုရှိ ရေတွက်မရနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များသည် အထက်ကောင်းကင်တားမြစ်နယ်မြေသို့ လှမ်းကြည့်နေကြကာ သူတို့၏အကြည့်များမှာလည်း ကောင်းကင်ယံကို ဖုံးလွှမ်းထားသော မှောင်မိုက်လေးလံသည့် မိုးကြိုးတိမ်တိုက်များပေါ်၌ အာရုံစိုက်လျက် ရှိနေကြသည်။ သူတို့၏ စိတ်နှလုံးထဲတွင်လည်း ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေလေ၏။
ထိတ်လန့်တုန်လှုပ်မှု အနည်းငယ် ရှိသော်လည်း ပို၍သိသာသည်မှာ စိတ်လှုပ်ရှားမှုပင် ဖြစ်သည်။
ကောင်းကင်ဘုံအရှင်သခင်၏ ‘မကောင်းမှုများ’ မှာ နောက်ဆုံးတွင် အကျိုးပေးတော့မည်ဖြစ်၍ အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်ယံမှ အပြစ်ပေးသည့်အနေဖြင့် သတိပေးမိုးကြိုးကပ်ဘေးကို စေလွှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့ ယုံကြည်နေကြသည်။
အကယ်၍ ဤကပ်ဘေးသည် အထက်ကောင်းကင်တားမြစ်နယ်မြေကိုသာ အမြစ်ပြတ်ချေမှုန်းနိုင်မည်ဆိုလျှင် အလွန်ပင် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုအစွမ်းထက်ပုဂ္ဂိုလ်များ၏ စိတ်လှုပ်ရှားဝမ်းသာမှုများနှင့် မတူဘဲ နယ်မြေငါးခုတွင် ကျန်ရှိနေသေးသော ဧကရာဇ်မျိုးနွယ်စု အနည်းငယ်မှာမူ တစ်လုံးတစ်ပါဒမျှ မဟဘဲ တိတ်ဆိတ်နေကြ၏။
ကောင်းကင်ဘုံအရှင်သခင်ကို အပြစ်ပေးဖို့ ကျရောက်လာတဲ့ ကောင်းကင်ဘုံကပ်ဘေး ဟုတ်လား။
ရယ်စရာပင်။
ယခု နှစ်ပေါင်းကိုးသောင်းအကြာတွင် ကောင်းကင်ဘုံအရှင်သခင်၏ အစွမ်းမှာ အတိုင်းအဆမရှိ နက်ရှိုင်းလှကာ ဧကရာဇ်အဆင့် ကျင့်ကြံသူများကို ကြက်ကလေး ငှက်ကလေးများကို သတ်ဖြတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။
ဤအချိန်တွင် ကျရောက်လာသော မိုးကြိုးကပ်ဘေးသည် ကောင်းကင်ဘုံအရှင်သခင်၏ အဝတ်အစားကိုပင် တွန့်ကြေအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ဘိုးဘေးများမှာ ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့ဖူးသည့် ဧကရာဇ်မျိုးနွယ်စုများဖြစ်သည့်အလျောက် ကြွင်းကျန်ရစ်သော ထိုမျိုးနွယ်စုများမှာ ဤမိုးကြိုးကပ်ဘေးသည် ကောင်းကင်ဘုံအရှင်သခင်ကို ဦးတည်နေခြင်းမဟုတ်ဘဲ ဒဏ္ဍာရီလာ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးနှင့် ဆင်တူနေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် အထက်ကောင်းကင်တားမြစ်နယ်မြေ၌ မည်သူက ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ရင်ဆိုင်နေသနည်း။
၎င်းမှာ ကောင်းကင်ဘုံအရှင်သခင် မဟုတ်သည်မှာတော့ သေချာ၏။
ဖြစ်နိုင်သည်မှာ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြောင်းရွှေ့သွားသော ကုမိသားစုမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။
ကုမိသားစုထဲမှ တစ်စုံတစ်ယောက်သည် ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ရင်ဆိုင်နိုင်စွမ်း ရှိနေပြီလော။
ဤဖြစ်နိုင်ခြေကို တွေးမိသည်နှင့် နယ်မြေငါးခုရှိ ကျန်ရှိနေသော ဧကရာဇ်မျိုးနွယ်စုများမှာ ဝမ်းနည်းပူဆွေးမှုကို မအောင့်အီးနိုင် ဖြစ်ကြရသည်။
ကုချန်သည် အဆုံးမဲ့ကမ္ဘာသို့ ပြန်လာသည်မှာ မည်မျှကြာသေးသနည်း။
တစ်ချိန်က အားနည်းခဲ့သော ကုမိသားစုတွင် ယခုအခါ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကိုပင် ရင်ဆိုင်နိုင်သူ ရှိနေပြီဖြစ်သည်။ ဤအချက်သည် ဧကရာဇ်မျိုးနွယ်စုများကို အသက်ရှူကျပ်သွားစေ၏။
ယခုကဲ့သို့ တိုတောင်းလှသော အချိန်အတွင်းမှာပင် ကောင်းကင်ဘုံအရှင်သခင် ကုမိသားစု မဟာဧကရာဇ်သည် မျိုးနွယ်စုဝင်တစ်ဦးကို ဧကရာဇ်အဆင့်တက်လှမ်းနိုင်သည်အထိ လေ့ကျင့်ပေးနိုင်ခဲ့သည်။ ဤအရာမှာ ဘာကို ဆိုလိုသနည်း။
၎င်းမှာ အနာဂတ်တွင် ကုမိသားစုမှ မဟာဧကရာဇ်အသစ်များ အစဉ်တစိုက် ပေါ်ထွက်လာနိုင်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။
အကယ်၍ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့လျှင် နယ်မြေငါးခုရှိ ဤဧကရာဇ်မျိုးနွယ်စုများမှာ တစ်ဖန်ပြန်၍ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။
ယခင်က ကုချန်၏ အရှိန်အဝါသည် နယ်မြေငါးခုလုံးကို ဖိနှိပ်ထားသောကြောင့် ဧကရာဇ်မျိုးနွယ်စုများ ခေါင်းမဖော်နိုင်ခဲ့သော်လည်း သူတို့၌ မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။
သူတို့သည် မည်သည့်နည်းနှင့်မဆို သည်းခံကာ အသက်ရှင်ကျန်ရစ်၍ ကောင်းကင်ဘုံအရှင်သခင် ကွယ်လွန်သွားသည်အထိ စောင့်ဆိုင်းနိုင်လျှင် အဆုံးမဲ့ကမ္ဘာသည် ဧကရာဇ်မျိုးနွယ်စုများ၏ ကမ္ဘာ ပြန်ဖြစ်လာလိမ့်မည်ဟု ယူဆခဲ့ကြသည်။
သို့သော် ယခုအခါ ကုဝူရှန့်သည် ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ရင်ဆိုင်တော့မည်ဖြစ်ရာ သူတို့၏ ခါးသီးသော သည်းခံမှုများမှာ အဓိပ္ပာယ်မရှိတော့ကြောင်း ဧကရာဇ်မျိုးနွယ်စုများ သိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် ကောင်းကင်ဘုံအရှင်သခင် မရှိတော့သည့်တိုင် ထိုအချိန်၌ ကုမိသားစုတွင် ဧကရာဇ်အဆင့် ကျင့်ကြံသူ မည်မျှရှိနေမည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်သည်။
ဧကရာဇ်အဆင့် ကျင့်ကြံသူ အများအပြား ရှိနေခြင်းဖြင့် ကုမိသားစုသည် မြင့်မားသော ရာထူးနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကာ ဧကရာဇ်မျိုးနွယ်စုများအားလုံးကို ခေါင်းမဖော်နိုင်အောင် ဆက်လက်ဖိနှိပ်ထားမည်သာ ဖြစ်သည်။
" ကောင်းကင်ဘုံအရှင်သခင်... ကောင်းကင်ဘုံအရှင်သခင်..... "
" ငါတို့မျိုးနွယ်စုရဲ့ ရှေ့ဆက်ရမယ့်လမ်းက သေလမ်းပဲ ကျန်တော့တာလား "
" ဘိုးဘေးတွေလည်း ကွယ်လွန်ကုန်ပြီ... ဧကရာဇ်မဟာမိတ်အဖွဲ့လည်း ပြိုကွဲခဲ့ပြီ... ငါတို့မျိုးနွယ်စုရဲ့ ရှေ့ဆက်ရမယ့်လမ်းက ဘယ်မှာလဲ "
ဧကရာဇ်မျိုးနွယ်စု အများအပြားတွင် မိဘသေဆုံးသကဲ့သို့ စိတ်ပျက်အားငယ်မှု အရှိန်အဝါများ လွှမ်းမိုးနေ၏။
သို့သော်လည်း အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ ကုမိသားစုဝင်အားလုံးမှာမူ စိတ်လှုပ်ရှားနေကြကာ ကောင်းကင်ယံသို့ ကြည့်နေသည့် သူတို့၏ အကြည့်များတွင်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။
အဘယ်ကြောင့်ဆိုသော် ကုဝူရှန့် ဘိုးဘေးသည် ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ရင်ဆိုင်တော့မည်ဖြစ်၍ စိုးရိမ်ရန်မလိုကြောင်း မိသားစုခေါင်းဆောင်မှ သူတို့အား ယခုလေးတင် ပြောကြားခဲ့သောကြောင့် ဖြစ်သည်။
ကုမိသားစုတွင် ဘိုးဘေးကြီးအပြင် ဒုတိယမြောက် တာအိုပေါက်မြောက်ပြီး ဧကရာဇ်ဖြစ်လာမည့်သူ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ဤသတင်းကို ကြားလိုက်ရသည့်အခါ ကုမိသားစုဝင်များ မည်သို့လျှင် အတိုင်းထက်အလွန် ဝမ်းမသာဘဲ နေပါမည်နည်း။
ထို့အပြင် ကုဝူရှန့် ကပ်ဘေးရင်ဆိုင်နေသည့် နေရာမှာ အထက်ကောင်းကင်တားမြစ်နယ်မြေ၏ အထက်တွင် ဖြစ်သော်လည်း ကုမိသားစုဝင်များ၏ စိတ်ထဲတွင် စိုးရိမ်မှု အနည်းငယ်မျှ မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် ကုမိသားစု၏ အစစ်အမှန် ကျောက်တိုင်ဖြစ်သော ဘိုးဘေးကြီးသည် ဤနေရာကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း သူတို့ သိထားသောကြောင့်ပင်။
ကောင်းကင်ယံရှိ မိုးကြိုးကပ်ဘေးမှာ မည်မျှပင် ထိတ်လန့်ဖွယ် ကောင်းပါစေ အထက်ကောင်းကင်တားမြစ်နယ်မြေအတွင်းရှိ သူတို့အား အနည်းငယ်မျှပင် ထိခိုက်စေနိုင်မည် မဟုတ်ပေ။
" ဝုန်း! "
ကုမိသားစုဝင်များ၏ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည့် အကြည့်များအကြားမှာပင်.....
ကောင်းကင်ဘုံကိုးခု၏ အထက်ရှိ မိုးကြိုးတိမ်တိုက်များမှာ ပိုမိုကြီးမားလာကာ ၎င်းအတွင်းမှ မိုးကြိုးအရှိန်အဝါများမှာ ဒီရေတက်လာသကဲ့သို့ ပြင်းထန်စွာ ထွက်ပေါ်လာ၏။
ကုဝူရှန့်သည် ကပ်ဘေးတိမ်တိုက်များ၏ အောက်တွင် ရှိနေကာ ကောင်းကင်ကပ်ဘေး မကျရောက်သေးသော်ငြား သူ၏အရေပြားပေါ်တွင် တုန်ခါမှု အနည်းငယ်ကို ခံစားနေရပြီဖြစ်သည်။
ဤအရာမှာ အဆုံးမဲ့ကမ္ဘာအတွင်း ကျရောက်နိုင်သော အပြင်းထန်ဆုံး မိုးကြိုးကပ်ဘေးဖြစ်ပြီး ကျင့်ကြံသူတစ်ဦးအတွက် ငါးဘဝမှ နဂါးဘဝသို့ ကူးပြောင်းနိုင်သည့် အရေးကြီးသော ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
အကယ်၍ ဤခြေလှမ်းကို မကျော်ဖြတ်နိုင်ပါက လူအများကြားတွင် ပျောက်ကွယ်သွားရမည့် ဝမ်းနည်းဖွယ် အဆုံးသတ်သို့သာ ရောက်ရှိသွားပေလိမ့်မည်။
လုံးဝ မလှုပ်ရှားဟု ဆိုလျှင် လိမ်ရာကျပေမည်။
အဆုံးမဲ့ကမ္ဘာ၏ ရှေးဦးကာလမှ ယနေ့အထိ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ရင်ဆိုင်သူ ဆယ်ဦးတွင် နှစ်ဦး သို့မဟုတ် သုံးဦးခန့်သာ အောင်မြင်စွာ ကျော်ဖြတ်၍ ဧကရာဇ်ဖြစ်လာနိုင်ကြောင်း ကုဝူရှန့် သိထားပြီး ဖြစ်သည်။
ထက်ဝက်ကျော်သော ကျင့်ကြံသူများမှာမူ နောက်ဆုံးတွင် ကျရှုံးမှုနှင့်သာ ရင်ဆိုင်ခဲ့ကြရသည်။
ကျရှုံးခဲ့သူများထဲမှ အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ပြင်းထန်သော တာအိုဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့ဘဲ နောက်ဆုံးတွင် စိတ်မကောင်းဖွယ် အဆုံးသတ်ခဲ့ရသည်။
ယခုအခါ သူကိုယ်တိုင်လည်း ဤဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ပြင်ဆင်မှုများစွာ ပြုလုပ်ထားသော်လည်း ကုဝူရှန့်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေဆဲပင်။
" တည်ငြိမ်စမ်းပါ ဘိုးဘေးကြီးက ဒီမှာ စောင့်ကြည့်နေတာ ငါ မျက်နှာပျက်လို့ မဖြစ်ဘူး "
ကုဝူရှန့်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် အားတင်းလိုက်သည်။
ဘိုးဘေးကြီး၏ အကြည့်မှာ သူ့အပေါ်တွင် ရှိနေနိုင်ကြောင်း သူသိ၏။ အကယ်၍ သူသာ ညံ့ဖျင်းစွာ လုပ်ဆောင်မိပါက ဘိုးဘေးကြီး၏ အထင်အမြင်မှာ ကျဆင်းသွားပေလိမ့်မည်။ ၎င်းမှာ သူ လုံးဝလက်မခံနိုင်သော အရာဖြစ်သည်။
ထို့ပြင် ၎င်းမှာ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးတစ်ခုသာ ဖြစ်ရာ ကြောက်စရာ ဘာရှိသနည်း။
ဘိုးဘေးကြီး ဤကပ်ဘေးကို ရင်ဆိုင်ခဲ့စဉ်က စားသောက်နေရသကဲ့သို့ပင် ရိုးရှင်းလွယ်ကူခဲ့ပေလိမ့်မည်။
သူသည် ဘိုးဘေးကြီးနှင့် မနှိုင်းယှဉ်နိုင်သည့်တိုင် အားနည်းနေ၍တော့ မဖြစ်ပေ။
ဤသို့ တွေးလိုက်မိသည့်အခါ ကုဝူရှန့်၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်သွားလေသည်။
သူသည် ကျင့်စဉ်ကို တိတ်တဆိတ် လည်ပတ်စေလိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများ အဆုံးမရှိ စီးဆင်းလာပြီးနောက် တာအိုချိန်းကြိုးများအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်မှ နွယ်ပင်များကဲ့သို့ ထွက်ပေါ်လာလျက် ဖျက်ဆီး၍မရသော အကာအကွယ်တစ်ခုကို တည်ဆောက်လိုက်လေတော့သည်။
သူ၏ဦးခေါင်းအထက်ရှိ မိုးကြိုးတိမ်တိုက်များမှာလည်း အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက် မည်းနက်သွားကာ လျှပ်စီးတန်းများမှာလည်း နဂါးကြီးများကဲ့သို့ လူးလာတုံ့ခေါက်နေကြ၍ အောက်ဘက်ရှိ ကုဝူရှန့်ကို ငုံ့ကြည့်နေကြသကဲ့သို့ပင်။
ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးမှာ ကျရောက်တော့မည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကုဝူရှန့်သည် ကပ်ဘေးမှာ ချက်ချင်းပင် ကျရောက်တော့မည်ကို သိရှိလိုက်၏။
သူသည် မပေါ့ဆရဲဘဲ စိတ်ကိုစုစည်းကာ အသင့်အနေအထားဖြင့် သတိကို အမြင့်ဆုံးသို့ မြှင့်တင်ထားလိုက်လေတော့သည်။
" ဝုန်း! "
နောက်ဆုံးတွင် ပေရာနှင့်ချီ ထူထဲသော ခရမ်းရောင် လျှပ်စီးတန်းကြီး တစ်ခုသည် ပြင်းထန်စွာ ကျရောက်လာကာ ကုဝူရှန့်၏ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးသည်လည်း တရားဝင် စတင်ခဲ့လေပြီ။
အခန်း ( ၃၂၂ ) - အတိုင်းအဆမဲ့ မိုးကြိုးပင်လယ်၊ သတ္တဝါအပေါင်း တုန်လှုပ်ချောက်ချားခြင်းနှင့် ထူးဆန်းသော မိုးကြိုးကပ်ဘေး
ကမ္ဘာပျက်ကပ် နဂါးကြီးများသဖွယ် အားကောင်းလှသော မိုးကြိုးတန်းကြီးများသည် ကောင်းကင်ဘုံကိုးခုထက်မှ ဟိန်းဟောက်၍ ကျဆင်းလာ၏။
မိုးကြိုးကပ်ဘေး ကျရောက်လာသည့် ထိုခဏ၌ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသယောင် ရှိနေ၏။ နယ်မြေငါးခုရှိ သက်ရှိသတ္တဝါအားလုံး၏ မျက်လုံးထဲတွင် ဤမိုးကြိုးတန်းကြီးမှတစ်ပါး အခြားဘာမျှ မရှိတော့ချေ။
" ဝုန်း! "
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးနဂါးကြီးသည် ကုဝူရှန့်၏ ဦးခေါင်းအထက်ရှိ တာအိုစည်းမျဉ်း အကာအကွယ်ကို ရိုက်ခတ်လိုက်ရာ တောက်ပသော အလင်းတန်းများနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
" တော်သေးတာပေါ့ "
သူ၏အကာအကွယ်မှာ အနည်းငယ် တုန်ခါသွားရုံမှအပ ထိခိုက်မှု အလွန်အမင်း မရှိသည်ကို တွေ့ရသဖြင့် ကုဝူရှန့်မှာ စိတ်သက်သာရာ ရသွား၏။
ဤဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေး၏ အစပိုင်းအရှိန်အဝါမှာ အလွန်အမင်း မပြင်းထန်လှဘဲ ခုခံနိုင်စွမ်းရှိသော အနေအထားတွင်သာ ရှိနေသေးသည်။
သို့သော် ကုဝူရှန့်တစ်ယောက် ဝမ်းမသာနိုင်သေးခင်မှာပင်.....
ပထမဆုံး မိုးကြိုးတန်းမှာ မအောင်မြင်သည်ကို တွေ့လိုက်ရသောအခါ ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များသည် ကောင်းကင်ဘုံ အမျက်ထွက်လာသကဲ့သို့ ပိုမိုပြင်းထန်စွာ မြည်ဟိန်းလာလေသည်။
ယခုတစ်ကြိမ်တွင်မူ မိုးကြိုးတန်း ကိုးခုသည် တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ကျဆင်းလာ၏။
ဝုန်း...! ဝုန်း...! ဝုန်း...!
ပထမဆုံး မိုးကြိုးတန်း၏ အရှိန်မသေသေးမီမှာပင် ဒုတိယ၊ တတိယနှင့် စတုတ္ထ မိုးကြိုးတန်းများက ကုဝူရှန့်၏ တာအိုအကာအကွယ်ပေါ်သို့ ထပ်ဆင့်ရိုက်ခတ်လာသည်။
မိုးကြိုး ကိုးတန်းစလုံးမှာ တစ်ချက်မျှပင် မရပ်နားဘဲ တပြိုင်နက်တည်း ကျဆင်းလာခြင်း ဖြစ်သည်။
ထို့ပြင် နောက်မှကျလာသော မိုးကြိုးများ၏ အစွမ်းမှာ တစ်ခုထက်တစ်ခု ပို၍ ပြင်းထန်လာ၏။ နောက်ဆုံးတစ်ကြိမ်၏ အစွမ်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
" ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးက ဒီလောက်အထိ အားကောင်းတာလား "
ကုဝူရှန့်၏ စိတ်ထဲတွင် ထိတ်လန့်သွားမိ၏။
ဤကပ်ဘေးမှာ စတင်ရုံသာ ရှိသေးသော်လည်း ဤမျှအထိ ပြင်းထန်နေပြီဖြစ်ရာ နောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်နည်း။ သူ ရင်ဆိုင်နေရသော ဤဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးသည် အခြားသူများ ရင်ဆိုင်ရလေ့ရှိသော ကပ်ဘေးနှင့် ကွဲပြားနေသည်ဟု သူ ခံစားလိုက်ရသည်။
တစ်ခုခု မှားယွင်းနေသည်ဟု သူ ခံစားရသော်လည်း အတိအကျ မပြောနိုင်သေးသဖြင့် ပိုမိုသတိထားကာ နောက်ထပ်ကျရောက်လာမည့် မိုးကြိုးများကိုသာ စောင့်ကြည့်နေလိုက်သည်။
တစ်ချိန်တည်းမှာပင် အထက်ကောင်းကင်တားမြစ်နယ်မြေ၌ ရပ်နေသော ကုချန်သည် ကုဝူရှန့်၏ ကပ်ဘေးရင်ဆိုင်နေပုံကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
မိုးကြိုး ကိုးတန်း ဆက်တိုက်ကျဆင်းလာသည်ကို မြင်သောအခါ ကုချန်၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွား၏။
သူ ဧကရာဇ်အဆင့် တက်လှမ်းစဉ်က ဤမျှအထိ မပြင်းထန်ခဲ့ကြောင်း သူ မသဲမကွဲ မှတ်မိနေသည်။
နှစ်ပေါင်းကိုးသောင်းအကြာတွင် အဆုံးမဲ့ကမ္ဘာ၏ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးမှာ ပို၍ ပြင်းထန်လာသည်လော။ ကုချန်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိ၏။
သို့သော် အရာအားလုံးမှာ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသဖြင့် သူသည် လောလောဆယ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသေးဘဲ အခြေအနေကိုသာ စောင့်ကြည့်နေလိုက်သည်။
မိုးကြိုးကပ်ဘေး၏ အလယ်တွင် ရှိနေသော ကုဝူရှန့်မှာ မိုးကြိုးကိုးတန်း၏ တိုက်ခိုက်မှုကို ခုခံပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ နတ်ဘုရားသားရဲပုံရိပ်များ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
သေချာကြည့်လိုက်သောအခါ ထိုနတ်ဘုရားသားရဲများမှာ ဖျက်ဆီးခြင်း အရှိန်အဝါများ ပြည့်နှက်နေသော မိုးကြိုးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အတိုင်းအဆမဲ့သော မိုးကြိုးစွမ်းအားများသည် နဂါးပြာ၊ ကျားဖြူ၊ ငှက်နီ နှင့် လိပ်နက် ဟူသော ပုံသဏ္ဌာန်အမျိုးမျိုးသို့ ပြောင်းလဲကာ ကုဝူရှန့်ထံသို့ ဟိန်းဟောက်၍ ကျဆင်းလာကြသည်။
ဤမြင်ကွင်းကို ရင်ဆိုင်ရသည့်အခါ ကုဝူရှန့်သည်လည်း မပေါ့ဆရဲတော့ဘဲ အစွမ်းကုန် ခုခံလေတော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုနတ်ဘုရားသားရဲ ပုံရိပ်များသည် မိုးကြိုးများသက်သက် မဟုတ်ဘဲ နတ်ဘုရားသားရဲတို့၏ တာအိုခြေရာများ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။ ဖျက်ဆီးခြင်း တာအိုစည်းမျဉ်းများနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းတို့၏ အစွမ်းမှာ သာမန်မိုးကြိုးကပ်ဘေးထက် များစွာ သာလွန်သွားပေသည်။
" ဝုန်း! "
မိုးကြိုးကျားဖြူကြီးမှ ဟိန်းဟောက်ကာ လက်သည်းဖြင့် ကုတ်ခြစ်လိုက်ရာ ကုဝူရှန့်၏ ဦးခေါင်းအထက်ရှိ တာအိုအကာအကွယ်မှာ ကွဲအက်လုနီးပါး ဖြစ်သွား၏။
ငှက်နီပုံသဏ္ဌာန် မိုးကြိုးကလည်း တောင်ပံများကို ဖြန့်ကာ ကောင်းကင်ယံကို ခွဲခြမ်း၍ နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာသည်။
နတ်ဘုရားသားရဲ မိုးကြိုးရိပ် လေးခုမှာ တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ တိုက်ခိုက်နေကြသဖြင့် ကုဝူရှန့်မှာ တုန်လှုပ်ချောက်ချားစွာဖြင့် အာရုံစိုက် ခုခံနေရတော့သည်။ ထို့ကြောင့် မိုးကြိုးကပ်ဘေး၏ အရှိန်အဝါများ ဘေးသို့ လွင့်စင်သွားခြင်းကို သူ မတားဆီးနိုင်တော့ချေ။
မိုးကြိုးကပ်ဘေး၏ ကြွင်းကျန်သော အရှိန်အဝါများသည် ကုဝူရှန့်၏ ပတ်ဝန်းကျင်မှတစ်ဆင့် အထက်ကောင်းကင်တားမြစ်နယ်မြေဆီသို့ ဦးတည်ကာ ပြင်းထန်စွာ စီးဆင်းသွားလေတော့သည်။
သို့သော် ထိုစွမ်းအားများ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ မရောက်မီမှာပင် မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် တိုးမိသကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
၎င်းကို မြင်လိုက်ရမှ ကုဝူရှန့်သည် စိတ်အေးသွားရ၏။
ဘိုးဘေးကြီးမှ မိုးကြိုးကပ်ဘေး၏ အရှိန်အဝါများကို ပိတ်ဆို့ပေးထားကြောင်း သူ သိလိုက်ရ၏။ အထက်ကောင်းကင်တားမြစ်နယ်မြေ ဘေးကင်းသည်ကို မြင်လိုက်ရသဖြင့် သူသည် ဘာကိုမျှ ထပ်မစဉ်းစားတော့ဘဲ ကပ်ဘေးကိုသာ အာရုံစိုက် ခုခံလေတော့သည်။
" ဝုန်း! ဂွမ်း! "
အချိန်ကြာလာသည်နှင့်အမျှ မိုးကြိုးတိမ်တိုက်များသည် ပို၍ ပြင်းထန်စွာ စုစည်းလာလေသည်။
ကျဆင်းလာသော မိုးကြိုးများမှာလည်း တစ်တန်းနှစ်တန်း မဟုတ်တော့ဘဲ အစစ်အမှန် မိုးကြိုးပင်လယ်ကြီးအသွင် ပြောင်းလဲသွား၏။
မိုးကြိုးပင်လယ်ကြီးသည် ကုဝူရှန့်ကို ဝါးမြိုပစ်တော့မည့်အလား လောင်းချနေ၏။ ကျယ်ပြောလှသော လေဟာနယ်ပင်လျှင် ထိုမိုးကြိုးပင်လယ်၏ အစွမ်းကို မခံနိုင်ဘဲ အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားရသည်။
ဤမိုးကြိုးပင်လယ်၏ တိုက်ခိုက်မှုအောက်တွင် ကုဝူရှန့်မှာ အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် လှေငယ်လေးတစ်စင်းသဖွယ် ဖြစ်နေ၏။
ထို့ပြင် ယခုအချိန်တွင် ကျဆင်းလာသော မိုးကြိုးတစ်တန်းချင်းစီမှာ ဧကရာဇ်အဆင့်သို့ ခြေတစ်လှမ်းအလို အစွမ်းမျိုး ရှိနေသဖြင့် ကုဝူရှန့်မှာ ခက်ခဲစွာ ရုန်းကန်နေရကာ သူ၏ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအမျိုးမျိုး ရရှိနေပြီ ဖြစ်သည်။
ဘေးသို့ လွင့်စင်လာ၍ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ဦးတည်သမျှ မိုးကြိုးအရှိန်အဝါများကို ကုချန်မှ အလွယ်တကူပင် ဖယ်ရှားပေးလိုက်၏။
သို့သော် အခြားမိုးကြိုးများ လွင့်စင်ကျရောက်သွားသော နယ်မြေများမှာမူ ထိုသို့ ကံမကောင်းကြပေ။
မိုးကြိုးအစွမ်း အများစုကို ကုဝူရှန့်မှ ခုခံထားကာ အထက်ကောင်းကင်ဘုံသို့ ကျရောက်လာသမျှကို ကုချန်မှ ဖယ်ရှားပေးနေသော်လည်း လွင့်စင်သွားသော မိုးကြိုးအကြွင်းအကျန် အနည်းငယ်မှာတော့ အရှေ့ဘက်လွင်ပြင်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လုနီးပါး ဖြစ်သွားစေ၏။
မြေပြင်များ အက်ကွဲကာ ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား ဖြစ်နေ၏။
အရှေ့ဘက်လွင်ပြင်ရှိ ရေတွက်မရနိုင်သော သက်ရှိများမှာ ထိတ်လန့်တုန်လှုပ်နေကြ၏။ ထိုကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးအောက်တွင် အရှေ့ဘက်လွင်ပြင်၏ တာအိုနယ်ပယ်တစ်ခုလုံး ပြိုလဲသွားတော့မည်ဟုပင် သူတို့ ထင်မှတ်နေကြသည်။
" ဒီအထက်ကောင်းကင်ဘုံက အကုသိုလ်တွေပဲ! သူတို့ ကပ်ဘေးရင်ဆိုင်တာကို ငါတို့ကို ဘာလို့ ဒုက္ခပေးရတာလဲ "
" ကျိန်စာသင့်ပါစေ အထက်ကောင်းကင်ဘုံ... ကျိန်စာသင့်ပါစေ ကောင်းကင်ဘုံအရှင်သခင်! "
" မဖြစ်ဘူး... မဖြစ်ရဘူး! ငါ မသေချင်သေးဘူး! "
ဤအချိန်၌ အရှေ့ဘက်လွင်ပြင်ရှိ လူအများအပြားမှာ မိုးကြိုးကပ်ဘေး၏ အရှိန်အဝါကြောင့် သေဆုံးရမည်ကို ကြောက်လန့်တကြား
အော်ဟစ်နေကြသည်။
သို့သော် ကုချန်ကမူ ဤအရာများကို လုံးဝ ဂရုမစိုက်ပေ။
သူသည် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ဘေးကင်းရေးကိုသာ ကာကွယ်ပေးမည်ဖြစ်သည်။ အပြင်ဘက်မှ လူများ၏ အသက်မှာ သူနှင့် ဘာမျှမသက်ဆိုင်ပေ။
အကယ်၍ သူတို့သည် မိုးကြိုးကပ်ဘေး၏ အရှိန်အဝါကြောင့် မတော်တဆ သေဆုံးသွားခဲ့လျှင် ၎င်းမှာ သူတို့၏ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။ ကုချန်အနေဖြင့် ဂရုစိုက်ရန် အချိန်မရှိချေ။
သို့သော် အထက်ကောင်းကင်တားမြစ်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်ကျော်ကြားမှုကြောင့် ထိုနယ်မြေတစ်ဝိုက်တွင် မည်သည့်သက်ရှိမျှ နေထိုင်ရဲကြခြင်း မရှိပေ။ ထို့ကြောင့် မိုးကြိုးကပ်ဘေး၏ အရှိန်အဝါများ ပြန့်နှံ့သွားသော်လည်း သက်ရှိများစွာကို ထိခိုက်ခြင်း မရှိခဲ့ပေ။
" ဒီမိုးကြိုးကပ်ဘေးရဲ့ အစွမ်းက တစ်ခုခုတော့ မှားနေပြီ "
ကုချန်သည် ကုဝူရှန့်၏ ဦးခေါင်းအထက်ရှိ မိုးကြိုးတိမ်တိုက်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ယခင်က မသေချာခဲ့သော်လည်း ယခုအခါ ကုဝူရှန့် ရင်ဆိုင်နေရသော ဤဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးမှာ ပုံမှန်မဟုတ်ကြောင်း သူ အတည်ပြုနိုင်ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ မိုးကြိုးကပ်ဘေး၏ ပြင်းအားမှာ သာမန်လူတစ်ဦး ဧကရာဇ်ဖြစ်ခါနီး နောက်ဆုံးအချိန်တွင် ရင်ဆိုင်ရမည့် အရှိန်အဝါမျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ကုဝူရှန့်၏ကပ်ဘေးသည် ထက်ဝက်မျှပင် မကုန်ဆုံးသေးသည်မှာ ထင်ရှားလှသည်။
ထက်ဝက်မျှပင် မရှိသေးဘဲ ဤမျှအထိ ပြင်းထန်နေလျှင် နောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်နည်း။
ကုဝူရှန့်၏ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ဤမျှအထိ ထူးဆန်းသွားစေသော အကြောင်းအရင်းမှာ အဘယ်နည်း။
ဤအရာမှာ ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေး မဟုတ်တော့ဘဲ အစစ်အမှန် ‘အရှင်’ တစ်ဦးသာ ကျော်ဖြတ်နိုင်မည့် မိုးကြိုးကပ်ဘေးမျိုး ဖြစ်နေလေတော့သည်။