← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

ကျုံးရှန်သည်လည်း လက်အုပ်ချီလိုက်ကာ ပြန်နှုတ်ဆက်၏။ ရယ်မောနေသူကို ရိုက်နှက်လေ့ မရှိဟူသော ဆိုရိုးအတိုင်းပင် ယခုသူရှေ့မှောက်ရှိ ပုဂ္ဂိုလ်ကို တိုက်ခိုက်ခြင်းဖြင့် ပြဿနာကို ဖြေရှင်း၍ မရနိုင်ကြောင်း ကျုံးရှန် နားလည်ထားသည်။

"ဂျင်ရှန်ဘုရားကျောင်းက ဖာဟိုင်ဆရာတော်ရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ..."

ကျုံးရှန်က ပြုံးလျက် ပြောလိုက်သည်။

ဤအဖြူရောင်ဝတ် ကိုရင်လေးသည် တကယ်ပင် ဖာဟိုင် ဖြစ်နေသည်။ သူ အသုံးပြုသော စွမ်းအားများနှင့် စည်းမျဉ်းနိယာမများမှာ ကျုံးရှန်တို့နှင့် လုံးဝ ကွဲပြားခြားနားလှသည်။ ထို့ကြောင့် မင်ကျွေ့နှင့် ကျုံးရှန်တို့သည် သူ့ထံမှ စွမ်းအားအငွေ့အသက်ကို မခံစားရခြင်း ဖြစ်သည်။ သို့သော် ဖာဟိုင် ထုတ်ဖော်သော တိုက်ကွက်များမှာမူ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်လောက်အောင် အစွမ်းထက်လှသည်။

ကျုံးရှန်၏ စကားကို ကြားလိုက်ရသောအခါ ဖာဟိုင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"ဒကာကြီးက ဂျင်ရှန်ဘုရားကျောင်းကို သိနေတာလား..."

ကျုံးရှန်က လိမ္မာပါးနပ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"ဂျင်ရှန်ဘုရားကျောင်းတင် သိတာ မဟုတ်ပါဘူး... မြွေစိမ်း၊ မြွေဖြူ၊ ရှုရှန်းနဲ့ လူနဲ့မိစ္ဆာကြားက တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းကိုလည်း သိပါသေးတယ်..."

ဤစကား ထွက်လာသည်နှင့် နက်နဲသိမ်မွေ့လှသော ဖာဟိုင်ပင် မျက်နှာပျက်သွားရသည်။

"ဒကာကြီးကလည်း သံသရာကူးပြောင်းလာသူ တစ်ယောက်များလား..."

"ကိုယ်တော်ရဲ့ မူလခန္ဓာဟာ မဟာကမ္ဘာကြီးများစွာကို လှည့်လည်သွားလာရင်း...သံသရာနယ်မြေ ကနေတစ်ဆင့် မရေမတွက်နိုင်တဲ့ကောင်းကင်ဘုံတွေကိုပါ... ဖြတ်သန်းသွားလာနိုင်တယ်လေ..."

'ဒီဆရာတော် နောက်ဆုံးတော့ သူ့အကြောင်း တချို့ကို ထုတ်ပြောလာပြီပဲ'

'ဒါပေမဲ့ သံသရာနယ်မြေနဲ့ ကောင်းကင်ဘုံတွေကို ဖြတ်သန်းခြင်းဆိုတာ ဘာတွေလဲ'

ကျုံးရှန်သည် သူ၏ ယခင်ဘဝက ဖတ်ခဲ့ဖူးသော အဆုံးမဲ့ကူးပြောင်းခြင်း ဝတ္ထုများကို ပြန်လည် အမှတ်ရလိုက်မိသည်။

'ဒီဖာဟိုင်က ရုပ်ရှင်ဇာတ်လမ်းကမ္ဘာတွေကို ဖြတ်ကူးနိုင်တာများလား'

သူစိတ်ထဲတွင် တုန်လှုပ်နေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။

ထို့နောက် သူက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်သည်။

"ကျုပ်က ကူးပြောင်းလာသူ တစ်ယောက်ဆိုတာ မှန်ပါတယ်... ဒါပေမဲ့ သံသရာကူးပြောင်းသူတော့ မဟုတ်ပါဘူး..."

ဖာဟိုင်သည် တစ်စုံတစ်ခုကို စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ကိုယ်တော် နားလည်ပါပြီ... ဒကာကြီးနဲ့ ကိုယ်တော်တို့ဟာ ကိုယ့်ရဲ့မူလကမ္ဘာမှာကြီးမားတဲ့ ကံကြမ္မာအလှည့်အပြောင်းတွေ ရှိခဲ့ကြသူတွေပဲ..."

"ဒါက တကယ့်ကို ရေစက်ပါ့လား... ကိုယ်တော့်မှာလည်း ဒီကူးပြောင်းခြင်း ကိစ္စတွေနဲ့ ပတ်သက်လို့ သိချင်တာတချို့ ရှိနေတာနဲ့အတော်ပဲ... တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ အေးဆေး စကားပြောကြရင် ဘယ်လိုလဲ..."

ကျုံးရှန်သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

"ဆရာတော် ပြောတာ မှန်ပါတယ်... ဒီနွားလေးကိုလည်း သတ်ဖို့ ဆန္ဒမရှိပါဘူး... သူ ကျုပ်ဆီမှာ အညံ့ခံဖို့ပဲ လိုချင်တာပါ..."

ဖာဟိုင်က ကျုံးရှန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"ဒကာကြီးရဲ့ သတ်ဖြတ်ခြင်းကံကြွေးတွေက မနည်းလှဘူး..."

"ဒါပေမဲ့ ဒကာကြီး သတ်ခဲ့တဲ့သူတွေက ယုတ်မာတဲ့သူတွေဆိုတာကိုတော့ ငါ မြင်နိုင်ပါတယ်..."

"နွားလေး ကိစ္စကို စိတ်ပူနေတယ်ဆိုရင်... သူ့ကို ဒီခေါ်ပြီး သူ့သဘောဆန္ဒကို မေးကြည့်ကြတာပေါ့... ဘယ်လိုလဲ..."

ဖာဟိုင်က ထိုသို့ ပြောလာသဖြင့် ကျုံးရှန်လည်း လက်ခံလိုက်ရတော့သည်။ ထို့နောက် ဖာဟိုင်၏ နှုတ်ခမ်းများမှာ အသာအယာ လှုပ်ရှားသွားသည်။ အဝေးမှ စောင့်ကြည့်နေသော နွားမိစ္ဆာဘုရင်သည် တစ်စုံတစ်ရာသော သတင်းစကားကို ရရှိသွားပုံရသည်။သူသည် ကာလီယာကို အမှာစကားအချို့ ပြောကြားပြီးနောက် ကျုံးရှန်တို့ရှိရာသို့ ပျံသန်းလာ၏။

ထို့နောက် ဖာဟိုင်၏ အနောက်တွင် ရိုသေစွာ ရပ်လိုက်ပြီး ဂါရဝပြုလိုက်သည်။

"နွားငယ်လေးက ဆရာတော်ကို ဂါရဝပြုပါတယ်ဘုရား..."

သူသည် မော့ကြည့်လိုက်ပြီး ကျုံးရှန်ကို တစ်ချက်ကြည့်ကာ တွန့်ဆုတ်နေပြီးမှ ကိုယ်ကိုလှည့်၍ ကျုံးရှန်ကိုပါ ဦးညွှတ်လိုက်သည်။

"စီနီယာကို ဂါရဝပြုပါတယ်..."

ယခုအချိန်တွင် ကျုံးရှန်သည် ကြင်နာသော အပြုံးဖြင့် နွားမိစ္ဆာဘုရင်ကို ကြည့်နေသည်။ ထိုအပြုံးမှာ စွန်းဝူခုန်းထဲမှ ဝံပုလွေအဘွားကြီးက မြေးမလေးကို ကြည့်နေသည့် အကြည့်နှင့်ပင် တူနေချေသည်။

"ယဉ်ကျေးနေစရာ မလိုပါဘူး..."

"ဒီတစ်ခေါက် နွားမိစ္ဆာငရဲကို လာတာ တိုက်ခိုက်ဖို့ မဟုတ်ပါဘူး..."

"ကိစ္စကောင်းတစ်ခု လာဆွေးနွေးတာပါ..."

နွားမိစ္ဆာဘုရင် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

"စီနီယာ ပြောတဲ့ ကိစ္စကောင်းဆိုတာ ဘာများပါလဲ..."

"နွားလေးက အစွမ်းအစ နည်းပါးပါတယ်... နွားမိစ္ဆာငရဲဆိုတာလည်း သာမန် ကမ္ဘာငယ်လေးတစ်ခုပါပဲ... ကောင်းကျိုးတွေကို မမျှော်လင့်ရဲပါဘူး..."

ထိုစကားသည် မေးခွန်းပုံစံ ဖြစ်သော်လည်း လက်တွေ့တွင် ငြင်းပယ်ခြင်းနှင့် တူညီနေသည်။

သို့သော် ကျုံးရှန်သည် စိတ်မဆိုးဘဲ အေးဆေးစွာပင် ပြောလိုက်သည်။

"မင်းကို ငါ့ဆီမှာ အညံ့ခံစေချင်တယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ငရဲကမ္ဘာမှာ မင်း လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်တယ်... ငါ ဝင်မစွက်ဖက်ဘူး..."

နွားမိစ္ဆာဘုရင်၏ မျက်မှောင်များ တွန့်ချိုးသွားသည်။ ချက်ချင်း ငြင်းပယ်ချင်စိတ် ပေါက်သွားသော်လည်း ဖာဟိုင်ဆရာတော်ပင် ဤလူကို မသတ်ဖြတ်နိုင်သည်ကို တွေးမိပြီး စိတ်ထဲတွင် ဝေခွဲမရ ဖြစ်သွားသည်။ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။ သူ စိတ်ထဲတွင် အလေးအနက် စဉ်းစားနေသည်။

ဖာဟိုင်နှင့် ကျုံးရှန်တို့သည်လည်း မလောဘဲ ပတ်ဝန်းကျင် ရှုခင်းများကို ကြည့်ရှုနေကြသည်။ မြေခွေးအိုကြီး နှစ်ကောင်၏ စိတ်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။

'ဒီလူက တကယ်ပဲ ရည်ရွယ်ချက်ဆိုးနဲ့ လာတာပဲ...'

'ငါ့ကို လက်အောက်ခံ လုပ်ချင်နေတယ်လား... ဒါဆိုရင် ငါ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သမျှတွေက အလဟဿ ဖြစ်ကုန်တော့မှာပေါ့...'

'ဒါပေမဲ့ ဆရာတော်ရဲ့ အမူအရာကို ကြည့်ရတာ ဒီလူနဲ့ ရန်သူမဖြစ်ချင်ဘူး ထင်တယ်... ဒါကတော့ တကယ် ခက်တာပဲ...'

ဖာဟိုင်၏ စွမ်းရည်ကို နွားအိုကြီး အသိဆုံး ဖြစ်သည်။ ယခင်က သူသည် ဖာဟိုင်နောက်သို့ လိုက်ပါကာ ငရဲကမ္ဘာကြီးတွင် နှစ်ပေါင်း တစ်သောင်းမျှ လှည့်လည်ခဲ့ဖူး၏။

ရှေးဟောင်း ငရဲ ၁၈ ဘုံထဲတွင် ကျောက်ကြိတ်ငရဲဟု ခေါ်သော ငရဲတစ်ခု ရှိသည်။ ထိုငရဲ၏ အရှင်သခင်ဖြစ်သော ကျောက်ကြိတ်မိစ္ဆာ မှာ နတ်ဘုရားနယ်ပယ် တတိယအဆင့် အထွတ်အထိပ်၌ ရှိပြီး ငရဲကမ္ဘာကြီး၌ ထိပ်တန်းအဆင့်အတန်းရှိသူတစ်ယောက် ဖြစ်၏။ သို့သော် ဖာဟိုင်ဆရာတော်နှင့် တိုက်ခိုက်ရာတွင် ထိုသူသည်ဆယ်နှစ်မျှသာ ခံနိုင်ခဲ့သည်။

ဆရာတော်က သူ၏ ရွှေခေါင်းလောင်းကို ထုတ်ယူလိုက်သည်နှင့် ထိုမဟာမိစ္ဆာကြီးမှာ အတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီး ချက်ချင်းပင် နှိမ်နင်းခြင်း ခံခဲ့ရသည်။ထိပ်တန်း နတ်ဘုရားအဆင့် ကျင့်ကြံသူများ တိုက်ခိုက်လျှင် နှစ်ပေါင်း သန်းချီ၍ အရှုံးအနိုင် မပေါ်ဘဲ ရှိနေတတ်သည်မှာ သဘာဝ ဖြစ်သည်။ သို့သော် ဖာဟိုင်ဆရာ‌ တော်မှာမူ ဆယ်နှစ်အတွင်းပင် အောင်နိုင်ခဲ့ခြင်း ဖြစ်၏။

ဆယ်နှစ်ဆိုသည်မှာ သူတို့ကဲ့သို့သော သူများအတွက် မျက်တောင်တစ်ခတ်မျှသာ ဖြစ်ရာ ထိုသည်ကပင် ဖာဟိုင်ဆရာတော် မည်မျှ နက်နဲကြောင်း ပြသနေချေသည်။ ယခုသူ၏အရှေ့တွင် ရှိနေသော ဖာဟိုင်ဆရာ‌တော်မှာ တန်ခိုးစွမ်းရည်ဖြင့် ဖန်တီးထားသော ကိုယ်ပွားမျှသာ ဖြစ်သော်လည်း သူ၏ စွမ်းအားမှာ နတ်ဘုရားနယ်ပယ် ဒုတိယအဆင့် အထွတ်အထိပ် သို့မဟုတ် တတိယအဆင့် မိစ္ဆာအရှင်သခင်များနှင့်ပင် ယှဉ်နိုင်လေသည်။

သို့ဖြစ်ရာ ဤကိုယ်ပွားဖာဟိုင်ဆရာ‌တော်ပင် ကျုံးရှန်ဖြင့်ရန်သူမဖြစ်ချင်သည့်အချက်က သူ၏ စွမ်းအားကိုသွယ်ဝိုက်၍ သက်သေပြနေသည်။ နွားအိုကြီး စဉ်းစားရင်း ခေါင်းကိုက်လာရသည်။

ကျုံးရှန်သည်လည်း တိတ်တဆိတ် တွေးတောနေသည်။ ဖာဟိုင်ဆရာတော် အသုံးပြုသော စွမ်းအားသည် အလွန် ဆန်းကြယ်ပြီး မဟာကမ္ဘာသစ်တစ်ခုမှ စွမ်းအားစနစ်အသစ် ဖြစ်သည်။ သူ၏ လျှို့ဝှက်ဝှက်ဖဲ များကို ထုတ်သုံးလိုက်ပါက ဤကိုယ်ပွားကို သတ်ဖြတ်နိုင်မည်မှာ သေချာသော်လည်း သူ သိချင်နေသော ရွှေသံကွင်းသံချပ်ကာ၊ ဟေးထောင် နှင့် သံသရာကူးပြောင်းခြင်း လျှို့ဝှက်ချက်များကို သိခွင့်ရတော့မည် မဟုတ်ပေ။

အရေးကြီးသော လျှို့ဝှက်ချက်များနှင့် နှိုင်းယှဉ်ပါက အခြားသော အပေးအယူများသည် အရေးမကြီးတော့ချေ။

နွားမိစ္ဆာဘုရင် တွေဝေနေသည်ကို မြင်သောအခါ ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရားအလင်းများ တောက်ပနေသော ပြီးပြည့်စုံသည့် နတ်ဘုရားအမြုတေ တစ်ခု ပေါ်ထွက်လာ၏။ ထိုအမြုတေအတွင်း၌ အဇူရာ ခွေတစ်ကောင်၏ပုံရိပ်ငယ်ပါရှိနေပြီး အဆုံးမဲ့သော မိုးကြိုးစွမ်းအားများ ကိန်းအောင်းနေကာ လူသားမျိုးနွယ်၏ မိုးကြိုးနတ်ဘုရား ထက် မလျော့နည်းပေ။

ရှေးဟောင်း လျှပ်စီးနတ်ဘုရား သားရဲ ခွေ၏ အမြုတေ။

ရှေးဟောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်မှာ ခွေသည် နွားနှင့် တူသော်လည်း ခန္ဓာကိုယ်မှာ အဇူရာအရောင် ရှိပြီး ဦးချို မပါချေ။ ခြေတစ်ချောင်းတည်းသာ ရှိပြီး ရေကိုထိန်းချုပ်နိုင်ကာ လေပြင်းနှင့် မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေ၏။ သူ၌ နေနှင့်လကဲ့သို့ တောက်ပနိုင်သော အလင်းရောင်ကိုပိုင်ဆိုင်ထားပြီး အသံမှာ မိုးကြိုးသံနှင့်တူလှသည်။

ဤနတ်ဘုရားအမြုတေ ထွက်ပေါ်လာသည်နှင့် နွားမိစ္ဆာငရဲတစ်ကမ္ဘာလုံး၏ အရောင်မှာ ပြောင်းလဲသွားသည်။ ငရဲကမ္ဘာတစ်ခုဖြစ်လင့်ကစား မိုးကြိုးစွမ်းအားများ စုစည်းလာပြီး ကောင်းကင်ယံ၌ မိုးကြိုးတိမ်တိုက်များလွှမ်းမိုးသွား၏။ တိမ်တိုက်များအတွင်း၌ လျှပ်စီးစွမ်းအားများသည် ခွေအသွင်ပြောင်းလဲကာ ခုန်ပေါက်နေကြသည်။

ထိုမြင်ကွင်းက နွားမိစ္ဆာဘုရင်၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားလေသည်။ ဖာဟိုင်ပင်လျှင် စိတ်ဝင်တစား ကြည့်ရှုလာသည်။

"ဒီ ဓာတ်တော်(နတ်ဘုရားအမြုတေ) က... မရိုးရှင်းဘူးပဲ..."

နွားမိစ္ဆာဘုရင်မှာ မျက်လုံးများ ပြူးထွက်မတတ် ကြည့်နေပြီး ရင်ထဲတွင်လည်း အလွန်ပင် လိုချင်တောင့်တနေပေသည်။

နွားအမျိုးအနွယ်ဝင် နတ်သားရဲများနှင့် သူသည် အလွန်ပင် လိုက်ဖက်လှ၏။ ပျက်သုဉ်းခြင်းနွားမိစ္ဆာမျိုးနွယ် ဆိုသည်မှာလည်း မိစ္ဆာအဖြစ် ပြောင်းလဲသွားသော နတ်ဘုရားသားရဲများ သာ ဖြစ်သည်။ အကယ်၍ ဤနတ်ဘုရားအမြုတေကိုသာ ပေါင်းစပ်နိုင်ပါက ခန္ဓာကိုယ်အတွင်းရှိ လျှပ်စီးစွမ်းအင်နှင့် မလိုက်ဖက်သော မိစ္ဆာစွမ်းအားများကို ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

ထို့နောက် အမြုတေ၌ ပါဝင်သော လျှပ်စီးတာအိုနိယာမများကို ပြန်လည် ကျင့်ကြံကာ နှစ်ပေါင်းသန်းချီ အားထုတ်စရာ မလိုဘဲ တတိယအဆင့် စစ်မှန်သော နတ်ဘုရားအဖြစ်သို့ အလွယ်တကူ ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ကြီးမားသော မက်လုံးတစ်ခုပင် ဖြစ်သည်။

တတိယအဆင့် စစ်မှန်သော နတ်ဘုရား သို့မဟုတ် မိစ္ဆာအရှင်သခင် ဆိုသည်မှာ မဟာကမ္ဘာကြီးများ၏ အထွတ်အထိပ် အဆင့်အတန်းတွင် ရှိသူများ ဖြစ်ကြသည်။ နွားမိစ္ဆာဘုရင် တစ်ဘဝလုံး ကြိုးစားအားထုတ်နေရသည်မှာလည်း ဤအဆင့်သို့ ရောက်ရန်ဖြစ်၏။ ယခုတွင် သူသည် အတော်ပင် စိတ်လှုပ်ရှားသွားပြီဖြစ်ရာ ကျုံးရှန်၏ မက်လုံးပေးမှုသည် တစ်ဝက်အောင်မြင်သွားပြီဟု ဆိုရပေမည်။

နွားမိစ္ဆာဘုရင်၏အခြေအနေကိုရိပ်စားမိ သောကျုံးရှန်သည် သံပူတုန်း ရိုက်နှက်သည့်အနေဖြင့် ဆက်ပြောလိုက်သည်။

"မင်းသာ သဘောတူမယ်ဆိုရင် ဒီနတ်ဘုရားအမြုတေက မင်းအတွက်ပဲ..."

"မင်း ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုစရာလည်း မလိုပါဘူး... ဒီကမ္ဘာရဲ့ မူလဦးဇစ်မြစ်တည်နေရာ ကို ငါ့အတွက် ဖွင့်ပေးရုံပဲ..."

"မင်းသာ သဘောတူရင် အနာဂတ်မှာဒီထပ်မလျော့တဲ့ ဆုလာဘ်တွေလည်း အများကြီး ရှိလာဦးမှာ... ငရဲကမ္ဘာမှာ မင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ငါ လုံးဝ ဝင်မစွက်ဖက်ဘူး..."

"ဘယ်လိုလဲ..."

All Chapters