အခန်း (၁၇၆)
Vol. 18 Ch. 176
ကျုံးရှန်သည် အတန်ကြာအောင် နက်နက်နဲနဲ စဉ်းစားပြီးနောက်မှ သတိပြန်ဝင်လာလေသည်။ သူ၏ စွမ်းအားကြီးမားသော နတ်ဘုရားအာရုံကြောင့် ထိုခဏတာအတွင်းမှာပင် အစီအစဉ်ပေါင်း ထောင်သောင်းချီ၍ စဉ်းစားတွေးခေါ်နိုင်ခဲ့သည်။ သို့သော် မည်သည့် အစီအစဉ်မဆို အကောင်အထည်ဖော်ရန် အချိန်လိုအပ်သည်။
"ဆရာတော်... ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာတွေရဲ့ စွမ်းအားက ဘယ်လောက်တောင် ရှိပါသလဲ..."
"ဆရာတော်ရဲ့ မူလခန္ဓာကိုယ်အနေနဲ့ သူတို့ကို ရင်ဆိုင်နိုင်ပါ့မလား..."
ကျုံးရှန်က မေးမြန်းလိုက်၏။ သူ၏ လေသံထဲတွင် ရှားရှားပါးပါးပင် စိုးရိမ်ပူပန်မှုအချို့ ပါဝင်နေချေသည်။
ကျုံးရှန်၏ အမူအရာကို မြင်လိုက်ရသောအခါ ဖာဟိုင်ဆရာတော်သည်လည်း ပေါ့ပေါ့တန်တန် သဘောမထားတော့ပေ။ သူသည် မိမိကိုယ်ပိုင် အတွေးများ ရှိသော်လည်း အခြေခံအားဖြင့် တရားမျှတမှုကို မြတ်နိုးသော ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်၏။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် ကျုံးရှန်ကို လှည့်စားရန် ဆန္ဒမရှိပေ။ သူသည် အမှန်အတိုင်းပင် စတင် ပြောပြလေသည်။
"အဲဒီ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာတွေထဲက အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေဟာ ကိုယ်တော်နဲ့လက်ရည်တူလောက် ရှိတယ်..."
"ဒါပေမဲ့ အဲဒီကမ္ဘာဟာ အလွန်ပဲ ကျယ်ပြောလှသလို အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေဟာလည်း မရေမတွက်နိုင်အောင် များပြားလှတယ်..."
"ကိုယ်တော် ငယ်စဉ်အခါက ကံကောင်းထောက်မစွာနဲ့ သံသရာနယ်မြေ လို့ ခေါ်တဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့ဖူးတယ်..."
"အဲ့ဒီ သံသရာနယ်မြေက တစ်လတစ်ခါ ကမ္ဘာအသစ်တစ်ခုကို အတင်းအကျပ် ပို့ဆောင်ပြီး တာဝန်ထမ်းဆောင်ခိုင်းတယ်..."
"ကမ္ဘာတိုင်းဟာ အလွန်ပဲ ဆန်းကြယ်လှသလို အမြင်သစ်တွေ ရစေခဲ့တယ်..."
"ဒါ့အပြင် ကမ္ဘာတစ်ခုချင်းစီမှာ ပေးထားတဲ့ တာဝန်တွေကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ရတယ်... မဟုတ်ရင်တော့ အဲဒီနေရာမှာတင် အသတ်ခံရမှာပဲ..."
"သံသရာကမ္ဘာတွေမှာ တာဝန်ပြီးမြောက်သွားရင် ရလာတဲ့ အမှတ်တွေနဲ့ လိုချင်တဲ့ ပစ္စည်းအမျိုးမျိုးကို လဲလှယ်ယူလို့ ရတယ်..."
"ကိုယ်တော်ဟာ ကမ္ဘာပေါင်း ရာနဲ့ချီပြီး ဖြတ်သန်းခဲ့မှသာ...ကြီးမားတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေကြောင့်...နောက်ဆုံး..အဲဒီ သံသရာနယ်မြေကနေ လွတ်မြောက်နိုင်ခဲ့တာ..."
"အဲဒီနောက်ပိုင်း ဟင်းလင်းပြင် လမ်းကြောင်းတွေအတိုင်း မဟာကမ္ဘာကြီးများစွာကို လှည့်လည် သွားလာခဲ့တာပေါ့..."
ကျုံးရှန်သည် ဖာဟိုင်ဆရာတော်၏အကြောင်းကို နားထောင်ရင်း စိတ်ထဲတွင် အံ့သြသွားသည်။ ယခုတွင် ဤဖာဟိုင်၏ လက်ဆောင်မှာ အကန့်အသတ်မဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်းဖြစ်သည်ကို သူ သဘောပေါက်သွား၏။
စီယိုကျိ ဇာတ်လမ်းထဲမှ ရွှေသံကွင်းသံချပ်ကာနှင့် ဟေးထောင် ပုဆိန်တို့မှာ ဖာဟိုင်ဆရာတော်တစ်ယောက် သံသရာနယ်မြေအတွင်း၌ ကမ္ဘာများကိုဖြတ်သန်းခဲ့စဉ်က ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ဤသည်မှာ သူ၏ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် ထက်ပင် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသေး၏။
သို့သော် သံသရာနယ်မြေဆိုသည်မှာ အခွင့်အလမ်းနှင့် အန္တရာယ် ဒွန်တွဲနေလေ့ ရှိသည်။ ဖာဟိုင်ဆရာတော်သည် နတ်ဘုရား တစ်ဦး၏ ညွှန်ကြားချက်အောက်တွင် ကမ္ဘာများကို ဖြတ်ကျော်ခဲ့ရခြင်း ဖြစ်သဖြင့် ကမ္ဘာများ၏အပြင်လူဖြစ်နေ၏။ ထို့ပြင် သူသည် မြွေစိမ်းကမ္ဘာမှ လာသူ ဖြစ်သဖြင့် ထိုကဲ့သို့ကမ္ဘာများအကြောင်းကို ကြိုတင် သိရှိထားမည် မဟုတ်ချေ။ ယင်းခရီးစဉ်အတွင်း၌ သေလုမတတ် အခြေအနေများစွာကို ကြုံတွေ့ခဲ့ရပေလိမ့်မည်။
ကျုံးရှန် စိတ်ဝင်တစား နားထောင်နေသည်ကို မြင်သောအခါ ဖာဟိုင်က ခေတ္တရပ်ပြီး နောက် ဆက်ပြောလိုက်ပြန်သည်။
"ဒီငရဲကမ္ဘာဟာ ကိုယ်တော် လွတ်မြောက်လာပြီးနောက်ပိုင်း လှည့်လည်ခဲ့တဲ့ ခြောက်ဆယ့်ခုနစ်ခုမြောက် မဟာကမ္ဘာပဲ..."
"ဒါပေမဲ့ ဒီကမ္ဘာနဲ့ ဆက်စပ်နေတဲ့ တစ်ဖက်ခြမ်းက ကမ္ဘာကိုတော့ မရောက်ဖူးသေးဘူး..."
"အရင်က ဒီကမ္ဘာမှာ နှစ်ပေါင်း တစ်သောင်းလောက် လှည့်လည်ရင်း မတော်တဆ အလွန် ဆိုးရွားတဲ့ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ရှာတွေ့ပြီးဝင်သွားခဲ့ရာကနေ... ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာတွေရဲ့ ကမ္ဘာကို ရောက်သွားခဲ့တာပဲ..."
"အဲဒီ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာတွေဟာ တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်..."
"သူတို့မှာ ဘယ်လို စည်းကမ်း နိယာမမှ မရှိဘဲ..."
"သူတို့အတွက် လိုအပ်တဲ့ စွမ်းအင်အားလုံးကို အခြားကမ္ဘာတွေကို ကျူးကျော်ပြီးရယူ နေကြတာ..."
"ကိုယ်တော်ဟာ မဟာကမ္ဘာကြီးများစွာကို မြင်ဖူးခဲ့ပေမဲ့ အဲ့လောက်အထိ ရူးသွပ်ပြီး ကြောက်စရာကောင်းတဲ့ ကမ္ဘာမျိုးကို တစ်ခါမှ မမြင်ဖူးဘူး... သူတို့ဟာ ဖျက်ဆီးဖို့နဲ့ ဝါးမြိုဖို့အတွက်တင် မွေးဖွားလာကြသလိုပဲ..."
ကျုံးရှန်သည် ထိုဟင်းလင်းပြင်မိစ္ဆာများ၏ အန္တရာယ်ကို ကောင်းစွာ သိရှိထားသဖြင့် ခေါင်းညိတ်လိုက်၏။
"ကျုပ် အခု နေထိုင်နေတဲ့ ကမ္ဘာဟာ အဲဒီ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာတွေနဲ့ ကပ်လျက် ရှိနေတဲ့ မဟာကမ္ဘာကြီးပါပဲ..."
"အဲ့ဒီမိစ္ဆာတွေက နှစ်ပေါင်း သန်းချီတိုင်း တစ်ကြိမ် ကျူးကျော်တိုက်ခိုက်လေ့ ရှိကြပါတယ်..."
"အချိန်တိုင်းမှာလည်း ကမ္ဘာတစ်ခုလုံးရဲ့ အင်အားကို အသုံးချပြီးမှသာ တားဆီးနိုင်ခဲ့တာဖြစ်လို့... ပါရမီရှင်နဲ့ အစွမ်းထက်သူတွေ မ ရေမတွက်နိုင်အောင် သေဆုံးခဲ့ရတာပေါ့..."
"ဆရာတော် အနေနဲ့ အဲဒီကမ္ဘာမှာ ရှိနေမယ်ဆိုရင်တော့ ပိုပြီး သတိထားဖို့လိုပါလိမ့်မယ်..."
ဖာဟိုင်သည် ယခုမှ ဤဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာကိစ္စသည် မဟာကမ္ဘာကြီးတစ်ခုလုံး၏ အသက်ရှင်ရပ်တည်ရေးနှင့် သက်ဆိုင်နေကြောင်း နားလည်သွားသည်။
"ဒါကြောင့်လည်း အဲဒီဟင်းလင်းပြင်မိစ္ဆာကမ္ဘာရဲ့ ဟင်းလင်းပြင်တွေဟာ အလွန်ပဲ မတည်မငြိမ် ဖြစ်နေပြီး... အစွန်အဖျားဒေသမှာ လမ်းကြောင်းတွေ အများကြီး ပေါ်နေတာကိုး..."
"အဲ့ဒီအထဲက ကပ်လျက်လမ်းကြောင်း နှစ်ခုက ဒီငရဲကမ္ဘာနဲ့ တစ်ဖက်က မဟာကမ္ဘာကြီးကို ဆက်သွယ်ထားတာပဲ..."
"လမ်းကြောင်းတွေက မတည်မငြိမ် ဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာက လမ်းကြောင်း ပွင့်တော့မယ့် နိမိတ်လက္ခဏာပဲ..."
"အခုဆိုရင် အဲ့ဒီမိစ္ဆာတွေက လမ်းကြောင်းနှစ်ခုရဲ့ အပြင်ဘက်မှာ စုရုံးနေကြပြီ..."
"ကိုယ်တော်ကအဲဒီ ငရဲလမ်းကြောင်းကနေတစ်ဆင့် ဟင်းလင်းပြင်မိစ္ဆာကမ္ဘာကို ရောက်သွားခဲ့တာ..."
"အပြင်ရောက်တာနဲ့ အဝိုင်းခံလိုက်ရတာပဲ..."
"ဒါပေမဲ့ ကိုယ်တော်ကဗုဒ္ဓအရှင်အဆင့်ကို ရောက်ရှိထားပြီး မိစ္ဆာနှိမ်နင်းတာ ကျွမ်းကျင်လို့ ခဏလောက်တော့ တောင့်ခံထားနိုင်သေးတယ်..."
ကျုံးရှန်သည် ထိုစကားကို ကြားသောအခါ လက်အုပ်ချီ၍ ဦးညွှတ်လိုက်၏။
"ဒါဟာ ကမ္ဘာတစ်ခုလုံးရဲ့ ပျက်စီးခြင်းနဲ့ ရှင်သန်ခြင်း ကိစ္စဖြစ်လို့ ဆရာတော်အနေနဲ့ အစွမ်းကုန် ခုခံကာကွယ်ပြီး အချိန်ဆွဲထားပေးဖို့ မေတ္တာရပ်ခံပါတယ်..."
"ကျုပ် ဒီကမ္ဘာကို ကူးပြောင်းလာတာ နှစ်ပေါင်း တစ်သိန်းကျော်ပဲ ရှိသေးသလို ကောင်းကင်တာအိုရဲ့ ကျိန်စာကြောင့် ကျင့်ကြံခြင်းလည်း ပိတ်ဆို့ခံထားရပါတယ်..."
"အခုမှ ကျိန်စာဖြေနိုင်မယ့် မျှော်လင့်ချက် ရလာတာပါ... ကျိန်စာပြယ်သွားတာနဲ့ ကျုပ် ကမ္ဘာကြီးတစ်ခုလုံးရဲ့ အင်အားကို စုစည်းမယ်..."
"ကမ္ဘာ့အစွမ်းထက်သူတွေကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာတွေကို ခုခံတိုက်ခိုက်ပါ့မယ်..."
ဖာဟိုင်၏ မျက်လုံးများမှာ တည်ကြည်လေးနက်သွားပြီး ခေတ္တမျှ စဉ်းစားလိုက်၏။
"လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခြင်းဟာ ဘုရားစေတီ ခုနစ်ဆူ တည်ထားကိုးကွယ်တာထက် ပိုပြီး မြင့်မြတ်ပါပေတယ်... ဗုဒ္ဓမြတ်စွာဘုရား တရားတော်နဲ့လည်းအညီပါပဲ..."
"ဒကာကြီးရဲ့ စိတ်ရင်းစေတနာ မှန်ကန်တာကြောင့်...ကိုယ်တော် မင်းအတွက် နှစ်ပေါင်း ငါးရာ တောင့်ခံပေးပါ့မယ်"
"ဒီ ရုယီကိုယ်ပွားကိုလည်း ဒကာကြီးနဲ့အတူ ထားခဲ့ပြီး အစီအစဉ်တွေ ရေးဆွဲရာမှာ ကူညီပေးမယ်..."
ဖာဟိုင်၏ စကားများမှာ ရိုးသားမှန်ကန်လှသဖြင့် ကျုံးရှန် လေးစားသွားမိသည်။ သူ၏ စိတ်ထားနှင့် အမြော်အမြင်သည် စစ်မှန်သော ကရုဏာရှင် ဗုဒ္ဓအရှင်တစ်ပါး ပီသလှပေသည်။
ကျုံးရှန်သည် ဖာဟိုင်ကို လက်ဆောင်အချို့ ပေးရန် စဉ်းစားလိုက်သော်လည်း နောက်ဆုံးတွင် ထိုအတွေးကို ဖျက်လိုက်၏။ ဖာဟိုင်၏ မူလခန္ဓာသည် ဝေးကွာလှသော ကမ္ဘာ့သစ်ပင်အပြင်ဘက် ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာကမ္ဘာတွင် ရှိနေသည် မဟုတ်ပါလော။
ထို့ပြင် သူသည် ကမ္ဘာပေါင်းစုံကို ဖြတ်ကျော်နိုင်သူ ဖြစ်ရာ ရတနာများမှာ သူ့ထက်ပို၍ များပြားနိုင်ပြီး တာအို အဆင့်ရှိသော ရတနာများပင် သူ၏ မျက်စိထဲ ဝင်ချင်မှ ဝင်ပေလိမ့်မည်။ ထိုသို့ ပေးလိုက်ခြင်းက ဗုဒ္ဓအရှင်၏ ကောင်းမြတ်သော စိတ်ထားကို ညှိုးနွမ်းစေနိုင်ပေသည်။
"ဒါဆိုရင်တော့ ကျုပ်အနေနဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့သတ္တဝါအပေါင်းကိုယ်စား...ဆရာတော်ကို ကျေးဇူးတင်ပါတယ်ဗျာ"
"နှစ်ပေါင်း ငါးရာဆိုရင် ကျုပ်အတွက် ပြင်ဆင်ဖို့ လုံလောက်ပါတယ်..."
ဖာဟိုင်က လက်ဝှေ့ယမ်းလိုက်သည်။
"အော်မီထောဖော"
"ဒကာကြီး အားနာမနေပါနဲ့... ဗုဒ္ဓဆိုတာ လူအများကို ကယ်တင်ဖို့ပါ... ကောင်းမှုပြုမှသာ ကုသိုလ်ရမှာ မဟုတ်လား..."
"ဒါဟာ ကိုယ်တော်အတွက်လည်း ကျင့်ကြံခြင်း တစ်ခုပဲမို့ သေချာပေါက် အကောင်းဆုံး လုပ်ဆောင်သွားမှာပါ..."
"ကိုယ်တော်ရဲ့ အကြောင်းတွေကိုတော့ ဒကာကြီးကို အကုန်ပြောပြပြီးပြီ..."
"ဒကာကြီးရဲ့ အကြောင်းကိုတော့ မပြောရသေးဘူးနော်..."
ဖာဟိုင်သည်လည်း ကျုံးရှန်၏ နောက်ခံကို သိလိုစိတ် ပြင်းပြနေပုံရ၏။ ဤသည်မှာ ဖုံးကွယ်ထားစရာ ကိစ္စမဟုတ်သဖြင့် ကျုံးရှန်က အမှန်အတိုင်းပင် ပြောပြလိုက်လေသည်။
ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းလာပြီးနောက် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် ကို ရရှိခဲ့ပုံ၊ စနစ် ရရှိပြီးနောက် စွမ်းအားကြီးလာပုံ၊ ထို့နောက်ဝမ်ရှန့်ကုန်းမြေတိုက်၏ ကမ္ဘာ့အမြုတေ အတွင်းသို့ ဝင်ရောက်ခဲ့ရာ ကမ္ဘာ့အသိစိတ်က ကောင်းကင်ကံတရားစွမ်းအင်များကို အသုံးပြုပြီး နှစ်ပေါင်း တစ်သန်း ကျိန်စာတိုက်ခဲ့ပုံများကို ပြောပြလိုက်သည်။
သို့သော် စနစ်၏ အချို့သော စွမ်းရည်များနှင့် နဂါးမဲ့နှလုံးသားကျင့်စဉ် ကဲ့သို့သော အရေးကြီးသည့် လျှို့ဝှက်ချက်များကိုမူ ချန်လှပ်ထားခဲ့၏။ သူတို့နှစ်ဦးစလုံးမှာ ကူးပြောင်းလာသူများ ဖြစ်ကြသဖြင့် တစ်ဖက်နှင့်တစ်ဖက် ကိုယ်ချင်းစာစိတ် ရှိနေကြသည်။
ကျုံးရှန်သည် ဖာဟိုင်ဆရာတော်နှင့် ရင်းနှီးအောင် ကြိုးစားရခြင်းမှာ အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမတစ်ခုမှာ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများကို ခုခံရန် ဖြစ်ပြီး ဒုတိယတစ်ခုမှာ မတူညီသောကမ္ဘာများ၏ လျှို့ဝှက်ချက်ကို စူးစမ်းရန် ဖြစ်သည်။
ဖာဟိုင်ဆရာတော်သည် မြွေစိမ်းကမ္ဘာမှ လာသူ ဖြစ်ပြီး ထိုကမ္ဘာမှာ ကမ္ဘာမြေ၏ ရုပ်ရှင်ကမ္ဘာတစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထက်၌ ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိနိုင်ပေသည်။ ဤအချက်က ကျုံးရှန်ကို ကြီးမားသော မျှော်လင့်ချက်များ ပေးစွမ်းနေ၏။
ထို့ပြင်ဖာဟိုင်၏ ကျင့်ကြံခြင်းအဆင့်နှင့် စွမ်းအားသည် အာမန်ရာထက် များစွာ သာလွန်ပြီး ကမ္ဘာပေါင်းများစွာကို လှည့်လည်သွားလာနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးနှင့် မိတ်ဆွေဖွဲ့ထားခြင်းသည် အကျိုးကျေးဇူး များပြားလှသည်။
ဖာဟိုင်သည် ကျုံးရှန်၏ အတွေ့အကြုံများကို နားထောင်ပြီးနောက် သက်ပြင်းချလိုက်မိသည်။ ဤကဲ့သို့သော ထူးဆန်းသော အဖြစ်အပျက်များသည် ကမ္ဘာတစ်ခွင်ရှိ ပါရမီရှင်များ ရရှိသော အခွင့်အရေးများထက် အဆပေါင်းများစွာ ပိုမို အဖိုးတန်လှ၏။
သို့သော် ဖာဟိုင်သည် ဗဟုသုတ ပိုမို ကြွယ်ဝသူ ဖြစ်ရာ သူ ဆက်ပြောလိုက်သော စကားများသည် ကျုံးရှန်ကို ပိုမို ထိတ်လန့်သွားစေသည်။
"ကိုယ်တော်ဟာ ကမ္ဘာပေါင်းစုံကို လှည့်လည်ရင်း ဒကာကြီးပြောတဲ့ စနစ်ဆိုတာမျိုး ပိုင်ဆိုင်ထားသူတွေကို အနည်းဆုံး ဆယ်ယောက်လောက် တွေ့ခဲ့ဖူးတယ်..."
"ဒါပေမဲ့ အဲဒီ စနစ်တွေရဲ့ စွမ်းရည်ကတော့ ဒကာကြီးနဲ့ မတူညီကြဘူး..."
"အဲဒီလူတွေဟာ များသောအားဖြင့် ကမ္ဘာတစ်ခုရဲ့ ထိပ်တန်းအဆင့်တွေအထိ ရောက်နေကြပြီ..."
"ဒါပေမဲ့ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မာနထောင်လွှားကြတယ်... တစ်ကမ္ဘာလုံးမှာ သူတို့ပဲ အစွမ်းဆုံးလို့ ထင်ပြီး ဘယ်သူ့ကိုမှ အလေးမထားကြဘူး..."
"တကယ်တော့ သူတို့ဟာ ရရှိလာတဲ့ စွမ်းအားတွေကြောင့် အမြင်ကွယ်ကုန်တာပါ... ဒကာကြီးလို ကမ္ဘာကြီးတစ်ခုလုံးကို စာနာထောက်ထားတဲ့ စိတ်မျိုး သူတို့မှာ မရှိကြပါဘူး..."