အခန်း (၁၇၇)
Vol. 18 Ch. 177
"ဆရာတော်ကလည်း အမွှန်းတင်လွန်းနေပါပြီ..."
"ကျုပ်ရဲ့ အစွမ်းက အနှိုင်းမဲ့တယ်လို့တော့ မဆိုနိုင်ပါဘူး..."
"ကျင့်ကြံခြင်းအဆင့် ဘယ်လောက်မြင့်မြင့်... အမြဲတမ်း ရိုသေလေးစားတတ်တဲ့ နှလုံးသား ထားရှိဖို့ လိုအပ်ကြောင်းကိုပဲ နားလည်ထားတာပါ..."
ဤစကားများသည် ကျုံးရှန်၏ စိတ်ရင်းအမှန်ပင် ဖြစ်သည်။ ဖာဟိုင်ဆရာတော်သည်လည်း ထိုအချက်ကို နားလည်သဘောပေါက်လေသည်။
ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ၏ ကိစ္စမှာ ခဏချင်းနှင့် ဖြေရှင်းနိုင်မည့် အရာမဟုတ်ပေ။ ယခုအခါတွင် သူတို့နှစ်ဦးကြား၌ ကတိကဝတ်တစ်ခု ပြုလုပ်ပြီးသား ဖြစ်သွားပြီ ဖြစ်သည်။ ဤရုယီကိုယ်ပွား၏ စွမ်းအားမှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ တတိယအဆင့် စစ်မှန်သောနတ်ဘုရားများနှင့် လက်ရည်တူရှိ၏။
ထို့ပြင် ဆန်းကြယ်သော တန်ခိုးစွမ်းရည်များကို အသုံးချလိုက်ပါက နတ်ဘုရားနယ်ပယ်တတိယ အထွတ်အထိပ် အဆင့်ရှိသူများကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။
ဤသည်မှာ ဖာဟိုင်ဆရာတော်၏ မူလခန္ဓာကိုယ်က ပုတီးစေ့အတွင်း၌ ထားရစ်ခဲ့သော ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သည်ကို သတိပြုရမည်။ သူ၏ မူလခန္ဓာကိုယ်မှာမူ မြင့်မားသောကျင့်ကြံခြင်းအဆင့်ကိုရောက်ရှိနေပြီး ကမ္ဘာအများအပြားကို ဖြတ်သန်းသွားလာရာတွင်ပင် ကောင်းကင်တာအို၏ ချုပ်ချယ်မှုကို မခံရတော့ပေ။
ထို့အပြင် ဗုဒ္ဓလမ်းစဉ်တွင် အောင်မြင်မှု ရရှိထားပြီး ဗုဒ္ဓအရှင်အဆင့် ကို ရရှိထားသဖြင့် နှစ်ပေါင်း ၅၀၀ တိတိ ဟင်းလင်းပြင်လမ်းကြောင်းကို တစ်ပါးတည်း ပိတ်ဆို့ထားပေးမည်ဟုသော ကတိပင်ပေးရဲလေသည်။
ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများကို နှိမ်နင်းခြင်းသည် ဖာဟိုင်၏ ကျင့်ကြံအားထုတ်မှုအတွက်လည်း အကျိုးရှိစေသည်။ ဗုဒ္ဓအသိဉာဏ်ကို တိုးပွားစေပြီး ရဟန္တာစိတ်နှလုံးကို ပိုမို ခိုင်မာစေသည်။ ယခုအချိန်တွင် ဤကိုယ်ပွားသည်လည်း အားမနေတော့ဘဲ ကျုံးရှန်၏ အစီအစဉ်များကို စတင် မေးမြန်းလာသည်။
"ဒကာကြီးအနေနဲ့ နောက်ထပ် ဘာတွေ ပြင်ဆင်ထားသလဲ... ကိုယ်တော် ကူညီပေးရမယ့် ကိစ္စရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောပါ..."
ကျုံးရှန်သည်လည်း အားနာမနေဘဲ မူလအစကမ္ဘာ၏ အကြောင်းများကို ဖာဟိုင်ဆရာတော်အား ပြောပြလိုက်၏။ သူသည် ငရဲကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး နှစ်ခုလုံးတွင် မိမိ၏ အင်အားစုများကို ပျိုးထောင်ရန် ပြင်ဆင်နေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်တက်လှမ်းမျှော်စင် သို့ သွားရောက်ကာ ခန္ဓာကိုယ်ကို လေ့ကျင့်မည်။ ထို့နောက်တွင် ရှေးဟောင်းကောင်းကင်ဘုံသို့ သွားရာ လမ်းစကို ရှာဖွေရပေမည်။
ရှေးဟောင်းကောင်းကင်နန်းတော်အတွင်း၌ တိုက်ပွဲနတ်ဘုရား ထုံရှန်၏ အမွေအနှစ်ကို ရှာဖွေမည်။ တစ်ဖန် ထိုအမွေအနှစ်ကိုသူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး ဒဏ္ဍာရီလာကျီကျိုက်အနှိုင်းမဲ့ခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ ကျိန်စာကို တစ်ချက်တည်းဖြင့် ဖြိုခွင်းပစ်ရမည် ဖြစ်သည်။
ထိုကိစ္စများပြီးဆုံးလျှင် ရှေးဟောင်းကောင်းကင်ဘုံမှတစ်ဆင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ပြန်လည်ဝင်ရောက်ကာ ကမ္ဘာနှစ်ခုလုံး၏ အင်အားကို စုစည်းပြီး တစ်လောကလုံးကို စည်းလုံးစေမည်။ ထို့နောက်မှ ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများကို ခုခံရန် အစီအစဉ် ချမှတ်ထားလေသည်။
ကျုံးရှန်၏ အစီအစဉ်များမှာ အချက်အလက် သေချာစီမံထားပြီးဖြစ်သဖြင့် ဖာဟိုင်ဆရာတော်မှာ နားထောင်ရင်း ခေါင်းညိတ်နေမိ၏။
"ဒကာကြီးက ထုတ်မပြောပေမဲ့ ဒကာကြီး ကျင့်ကြံထားတဲ့ ကျင့်စဉ်ဟာ အလွန်ပဲ နက်နဲသိမ်မွေ့တယ်ဆိုတာကို ကိုယ်တော် ရိပ်မိပါတယ်..."
"အဲဒီကျင့်စဉ်ဟာ ထူးခြားဆန်းကြယ်လှပြီး သတ္တဝါအပေါင်းရဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒတွေ ကိန်းအောင်းနေတာပဲ..."
"ဒါဟာ တစ်လောကလုံးအတွက် ကျင့်စဉ်... သက်ရှိအားလုံးအတွက် ကျင့်စဉ်ပဲ..."
"သူ့ရဲ့ နက်နဲမှုက မဟာယာန ဗုဒ္ဓကျမ်းစာတွေနဲ့ ယှဉ်နိုင်တယ်..."
ဖာဟိုင်ဆရာတော်သည် နက်နဲသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ သူသည် ကျုံးရှန်၏ နဂါးမဲ့နှလုံးသားကျင့်စဉ် ကို ရိပ်မိနေပြီး ယင်းကို အလွန် မြင့်မားစွာ အကဲဖြတ်လိုက်ခြင်း ဖြစ်၏။ ထိုအချက်က ကျုံးရှန်ကို အံ့အားသင့်စေကာ ဖာဟိုင်ဆရာတော်အပေါ် ပို၍ပင် လေးစားသွားစေသည်။
သူသည် ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အနှစ်သာရအချို့ကို ရှင်းပြလိုက်လျှင် ဖာဟိုင်ဆရာတော်သည် စိတ်ဝင်တစား နားထောင်နေမိ၏။ အတန်ကြာသောအခါ ဖာဟိုင်ဆရာတော်သည် သတိပြန်ဝင်လာပြီး သူ၏ မျက်နှာတွင် နဂါးမဲ့နှလုံးသားကျင့်စဉ်အပေါ် တောင့်တလိုလားသည့် အမူအရာအချို့ ပေါ်ပေါက်လာသည်။ သို့သော်လည်း သိက္ခာအရ သူသည် မည်သည့်စကားမျှ ထုတ်မပြောဘဲ တိတ်ဆိတ်နေ၏။
ကျုံးရှန်သည် ထိုအမူအရာကိုရိပ်စားမိလျှင် လက်တစ်ချက် ဝှေ့ယမ်းကာ ကျောက်စိမ်းပေလွှာ တစ်ခုကို ထုတ်ယူလိုက်ပြီး ဖာဟိုင်ဆရာတော်ထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။
"ဆရာတော် စိတ်ဝင်စားတယ်ဆိုရင် ဒီ နဂါးမဲ့နှလုံးသားကျင့်စဉ် ကို ဆရာတော်အတွက် လက်ဆောင်ပေးပါတယ်..."
"အခြားသူရဲ့ အသိပညာကို လေ့လာခြင်းက ကိုယ့်ရဲ့ ကျင့်ကြံခြင်းကို ပိုပြီး တိုးတက်စေနိုင်တာပဲ မဟုတ်လား..."
"ဒါဟာ ဆရာတော်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်..."
ကျုံးရှန်၏ ရက်ရောမှုကြောင့် ဖာဟိုင်ဆရာတော်မှာ အံ့ဩသွားရ၏။
သူသည်လည်း အားနာမနေဘဲ ကျောက်စိမ်းပေလွှာကို လက်ခံလိုက်သည်။
"အယူ ရှိရင် အပေးရှိရမှာပေါ့ ဒကာကြီး..."
"ဒီကျင့်စဉ်ရဲ့ တန်ဖိုးက မဟာယာန ဗုဒ္ဓကျမ်းစာတွေနဲ့ ယှဉ်နိုင်တဲ့အထိတန်ဖိုးကြီးလှပါတယ်..."
"ဒါတောင် မဟာယာန ဗုဒ္ဓကျမ်းစာတွေကို ကျင့်ကြံဖို့ဆိုရင်...ဗုဒ္ဓဓာတ်ခံနဲ့ ဉာဏ်ပညာပါရမီ လိုအပ်ပြီး...ဒီ နဂါးမဲ့နှလုံးသားကျင့်စဉ်လောက် ကျယ်ပြန့်မှု မရှိပါဘူး..."
"အနှစ်ချုပ်ရရင်... ကိုယ်တော်လည်း ဒကာကြီးကို နတ်ဘုရားစွမ်းရည်တစ်ခု လက်ဆောင်ပြန်ပေးချင်ပါတယ်..."
ဖာဟိုင်ဆရာတော်သည် ပြောပြီးသည်နှင့် သူ၏ အဖြူရောင် ဝတ်ရုံကို ချွတ်လိုက်ရာ ကျောဘက်မှ နဂါးတက်တူးမှာ ပေါ်ထွက်လာ၏။ ထို့နောက် မျက်လုံးကို မှိတ်ကာ ပုတီးကုံးတစ်ခုကို ကိုင်လျက် နက်နဲသော ကျမ်းစာများကို ရွတ်ဖတ်လိုက်သည်။
သူ၏ ကျောဘက်မှ နဂါးတက်တူးသည် အလင်းများ ဖြာထွက်လာပြီး ရွှေနဂါးငယ် တစ်ကောင် ပျံသန်း ထွက်ပေါ်လာကာ ပုတီးကုံးအတွင်းသို့ ဝင်သွားလေသည်။ အတန်ကြာအောင် ရွတ်ဖတ်ပြီးသောအခါ ဖာဟိုင်ဆရာတော်သည် လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်များကို ပုတီးကုံးထဲသို့ ထည့်သွင်းမှတ်တမ်းတင်ခြင်းပြီးဆုံးသွားကာ ကျုံးရှန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒကာကြီးက နဂါးမဲ့နှလုံးသားကျင့်စဉ် ကို ပေးတဲ့အတွက်... ကိုယ်တော်ကလည်း ဒကာကြီးကို တာ့ဝေထျန်းလုံကျင့်စဉ် ကို ပြန်ပေးမယ်..."
"ဒီကျင့်စဥ်က ကောင်းကင်နဂါး ဗုဒ္ဓစွမ်းအားကို ခေါ်ယူပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သလို... ခန္ဓာကိုယ်ကိုလည်း ပိုမို သန်မာလာစေတယ်..."
"ကျင့်ကြံခြင်းအဆင့်ရဲ့ ပိတ်ဆို့မှုတွေကို လျစ်လျူရှုပြီး ခန္ဓာကိုယ်အစွမ်းကို အမြဲတမ်း တိုးတက်အောင်လည်းဆက်တိုက်ကျင့်ကြံလို့ရတယ်..."
ဖာဟိုင်ဆရာတော်သည် အမှန်တကယ်ပင် ပွင့်လင်းရိုးသားသူ ဖြစ်၏။ သူ၏ အစွမ်းအထက်ဆုံး နည်းစနစ်ကိုပင် တွန့်ဆုတ်ခြင်းမရှိဘဲ ကျုံးရှန်အား ပေးအပ်လိုက်သည်။
ကျုံးရှန်သည် အံ့သြဝမ်းသာစွာဖြင့် ပုတီးကုံးကို လက်ခံယူလိုက်သည်။ အမှန်တကယ်တွင် နဂါးမဲ့နှလုံးသားကျင့်စဉ်သည် တန်ဖိုးရှိသော်လည်း ကျုံးရှန်အတွက်မူ အစားထိုးမရနိုင်သော အရာမဟုတ်ပေ။ မူလကပင် နဂါးမဲ့ နတ်ဘုရားဘုရင်ဝူလုံသည် ထိုကျင့်စဉ်ကို လူတိုင်း လွတ်မြောက်မှု ရရှိစေရန် ရည်ရွယ်၍ ဖန်တီးခဲ့ခြင်း ဖြစ်၏။
အနာဂတ်တွင် ကျုံးရှန်သည် မိမိကိုယ်ပိုင် လမ်းစဉ် ကို ရှာဖွေရဦးမည် ဖြစ်ပြီး နဂါးမဲ့နှလုံးသားကျင့်စဉ်မှာ သူ့အတွက်အခြေခံမျှသာ ဖြစ်သည်။ ယခုအခါ တာ့ဝေထျန်းလုံကျင့်စဉ်ကို ရရှိလိုက်သဖြင့် ပိတ်ဆို့မှုများကို ကျော်ဖြတ်ပြီး ခန္ဓာကိုယ်ကြံခိုင်မှုကို မြှင့်တင်နိုင်မည်။ ထိုအခါမှသာ ကမ္ဘာဦးအမြုတေများကို ပိုမို ပေါင်းစပ်နိုင်ပေလိမ့်မည်။
အသေးစိတ်ကျသောသူ၏ပြင်ဆင်မှုများဖြင့် ကောင်းကင်တက်လှမ်းမျှော်စင် ထိပ်ဆုံးသို့ ရောက်ရှိရန် ပိုမို သေချာသွားပြီ ဖြစ်သည်။ ဤဖလှယ်မှုသည် ကျုံးရှန်အတွက် လုံးဝ တန်ဖိုးရှိလှ၏။
စွမ်းအားရှင် နှစ်ဦးသည် စိတ်သဘောထား တိုက်ဆိုင်ပါက မိတ်ဆွေဖွဲ့ရန် လွယ်ကူသည်။ နှစ်ဦးစလုံးသည် ဉာဏ်ကောင်းသူများ ဖြစ်သဖြင့် သေးဖွဲသော ကိစ္စများကို တွက်ကပ်နေလေ့ မရှိကြပေ။ ကျင့်စဉ်များ အပြန်အလှန် ဖလှယ်ပြီးနောက် သူတို့နှစ်ဦး၏ ဆက်ဆံရေး ပိုမို ရင်းနှီးလာခဲ့သည်။ ထို့ကြောင့် ကျုံးရှန်က ဖာဟိုင်ဆရာတော်အား တာဝန်အချို့ လုပ်ဆောင်ပေးရန်စတင်တောင်းဆိုလိုက်၏။
"ငရဲကမ္ဘာကြီးမှာတော့ လောလောဆယ် ကိစ္စမရှိသေးပါဘူး... ဒါပေမဲ့ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာတော့ အပြောင်းအလဲတွေ ဖြစ်နေပါပြီ... ဆရာတော်အနေနဲ့ ကမ္ဘာနှစ်ခုကြားက အက်ကွဲကြောင်းကနေတစ်ဆင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေကို ကြွလှမ်းပြီး... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ ကို ကူညီစောင့်ရှောက်ပေးစေချင်ပါတယ်..."
ထို့နောက် ကျုံးရှန်သည် နတ်ဘုရားအာရုံမှတစ်ဆင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေ၏ တည်နေရာများနှင့် အခြေအနေများကို ဖာဟိုင်ဆရာတော်အား ပို့ဆောင်ပေးလိုက်လေသည်။
"အဲ့ဒါတွေကလိုအပ်တဲ့ အချက်အလက်တွေပါ ဆရာတော်..."
ဖာဟိုင်ဆရာတော်သည် သတင်းအချက်အလက်များကို လက်ခံလိုက်ပြီးနောက် မျက်လုံးထဲ၌ အလင်းများ လက်သွားသည်။ ထို့နောက် သူသည် အချိန်ဆွဲမနေဘဲ လက်အုပ်ချီကာနှုတ်ဆက်လိုက်သည်။ ဆရာတော် ထွက်ခွာရန် ပြင်ဆင်လိုက်လျှင် ရွှေနဂါးတစ်ကောင် ပေါ်ထွက်လာပြီး သူ့ကို တင်ဆောင်လျက် နွားရိုင်းမိစ္ဆာနန်းတော်ထဲမှ ပျံထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း၌ပင် နွားမိစ္ဆာငရဲမှ ပျောက်ကွယ်သွားတော့သည်။
ကျုံးရှန်သည် စိတ်ပူနေခြင်း မရှိပေ။ ဖာဟိုင်ဆရာတော်၏ မူလခန္ဓာကိုယ်မှာ ကမ္ဘာပေါင်းစုံကို ဖြတ်ကျော်နိုင်သူ ဖြစ်ရာ သူ၏ ဟင်းလင်းပြင် ပညာရပ်သည် ကျုံးရှန်ထက် သာလွန်ပေလိမ့်မည်။ ဖာဟိုင်ဆရာတော်၏ ကိုယ်ပွားရှိနေခြင်းက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွက် ပင်လယ်ရေငြိမ်စေသော နတ်ဘုရားအပ်ရှိသကဲ့သို့ ဖြစ်လာပေလိမ့်မည်။ လူသားမျိုးနွယ်စု ပါရမီရှင်များ ဘေးကင်းစွာ ကြီးပြင်းလာနိုင်မည် ဖြစ်ပြီး မျိုးနွယ်ခြား ကပ်ဘေးကာလတွင်
အင်အားကြီးထွားလာမည့် အခွင့်အရေး ရရှိပေမည်။
ကောင်းကင်တက်လှမ်းမျှော်စင် ဖွင့်လှစ်ရန် လေးနှစ်ခန့်သာ လိုတော့သည်။ ကျုံးရှန်သည် ဤအချိန်အတွင်း နွားမိစ္ဆာငရဲကို အပြည့်အဝ စီမံခန့်ခွဲပြီး တာ့ဝေထျန်းလုံ ကျင့်စဉ်ကို လေ့ကျင့်ကာ စွမ်းအားမြှင့်တင်ရမည်။
ကျုံးရှန်၏ အတွေးများ ရှင်းလင်းသွားသည်နှင့် နွားမိစ္ဆာငရဲ တစ်ခုလုံးတွင် အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာကာ ကမ္ဘာ့စည်းမျဉ်း နိယာမများ သိသိသာသာ ပြောင်းလဲလာ၏။ မိစ္ဆာစွမ်းအားများနှင့် ငရဲစွမ်းအင်များသည် ယွမ်ရှီချီစွမ်းအား အဖြစ်သို့ စတင် ကူးပြောင်းလာကြသည်။
ထို့ပြင်လငရဲအတွင်းရှိ မိစ္ဆာများမှာလည်း တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ ဤသည်မှာ မူလအစနယ်ပယ်နှင့် နွားမိစ္ဆာငရဲတို့ ပေါင်းစပ်ခြင်း အောင်မြင်သွားသည့် နိမိတ်လက္ခဏာပင် ဖြစ်သည်။
ကျုံးရှန်သည် ကောင်းကင်သို့ ပျံတက်သွားပြီး နွားမိစ္ဆာငရဲမှ ထွက်ခွာကာ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိလာသည်။ ဟင်းလင်းပြင်တံတားဖြင့် ဆက်သွယ်ထားသော အခြားကမ္ဘာငယ် နှစ်ခုမှာလည်း ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။
ဤတစ်ကြိမ်တွင် နွားမိစ္ဆာငရဲကို သိမ်းပိုက်လိုက်ခြင်းဖြင့် နွားမိစ္ဆာဘုရင် သိမ်းပိုက်ထားသော အခြားသော ငရဲကမ္ဘာငယ် နှစ်ခုကိုပါ တစ်ပါတည်း ရရှိသွားခြင်း ဖြစ်ရာ ကျုံးရှန်အတွက် အလုပ်ရှုပ် သက်သာသွားစေသည်။
အတန်ကြာသောအခါငရဲငယ် သုံးခုစလုံးသည် မူလအစကမ္ဘာ၏ အစိတ်အပိုင်းများအဖြစ် ကူးပြောင်းမှုပြီးဆုံးသွား၏။ ကျုံးရှန်၏ စိတ်ထဲတွင် ကြည်လင်ပြတ်သားလှသော အသိပေးသံ တစ်ခု ပေါ်ထွက်လာတော့သည်။