← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 24 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 24 Ch. 323-324

‎အခန်း ( ၃၂၃ ) - ငြိမ်သက်စွာ ခုခံခြင်းမှာ အံ့အားသင့်ဖွယ်ကောင်းလှ၏

‎

‎

‎

‎အရှင်သခင်အဆင့် လျှပ်စီးကပ်ဘေးအား ကုဝူရှန့် ကြုံတွေ့နေရခြင်းမှာ အမှန်တကယ်ပင် ယုတ္တိမရှိလှပေ။

‎

‎

‎ဧကရာဇ်ဖြစ်တည်မှုကပ်ဘေးသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ယခုမျှအထိ အစွမ်းထက်ရန် မသင့်ပေ။ အကယ်၍ ဧကရာဇ်တစ်ပိုင်းအဆင့်တိုင်းသာ ဤကဲ့သို့ ကြုံရမည်ဆိုပါက မည်သူကများ အောင်မြင်နိုင်ပါမည်နည်း။ အားလုံးမှာ ထိုနေရာ၌ပင် နောင်တများစွာဖြင့် အသက်ပျောက်ကြမည်သာ ဖြစ်သည်။

‎

‎

‎ကုချန်သည် တစ်ခုခုလွဲချော်နေသည်ကို သတိပြုမိသော်လည်း ဝင်ရောက် ကူညီပေးရန် စိတ်ကူးမရှိပေ။ အဘယ်ကြောင့်ဆိုသော် ကုဝူရှန့်၏ အစွမ်းအစမှာ အကန့်အသတ်သို့ မရောက်သေးကြောင်း သူ သိ‌နေသောကြောင့်ပင်။

‎

‎

‎ယခုအချိန်တွင် ဝင်ရောက်ကူညီလိုက်ပါက ကုဝူရှန့်အတွက် လိုအပ်သော လေ့ကျင့်မှုများ ဆုံးရှုံးသွားပေလိမ့်မည်။ ထိုသို့သာဖြစ်ခဲ့ပါက ဧကရာဇ်အဆင့်သို့ ရောက်လျှင်ပင် အခြားသူများထက် အားနည်းနေပေလိမ့်မည်။ ထိုသို့ဖြစ်လာမည်ကို ကုချန် မလိုလားပေ။

‎

‎

‎ဘေးဒုက္ခနှင့် ကံကောင်းခြင်းမှာ ဒွန်တွဲနေတတ်သည်။ ဤပုံမှန်မဟုတ်သော ကပ်ဘေးမှာ ကုဝူရှန့်အတွက် အန္တရာယ်ဖြစ်သလို အလွန်ကြီးမားသော အခွင့်အရေးလည်း ဖြစ်နေသည်။

‎

‎

‎အချိန်ကြာလာသည်နှင့်အမျှ လျှပ်စီးကပ်ဘေးမှာ ပိုမိုကြီးမားလာ၏။ ကောင်းကင်ယံတစ်ခုလုံး ဖြူဖွေးသွားကာ ခရမ်းရောင်လျှပ်စီးများမှာလည်း လေထုထဲ၌ ကခုန်နေကြလျက် လျှပ်စီးမြစ်ကြီး တစ်စင်းအလား အရှိန်အဟုန် အထွတ်အထိပ်သို့ ရောက်ရှိလာ၏။

‎

‎

‎ကုဝူရှန့်မှာ လျှပ်စီးပင်လယ်ထဲတွင် အသည်းအသန် တောင့်ခံနေရလေသည်။ နဂါးတစ်ကောင်ကဲ့သို့သော လျှပ်စီးတန်းများမှာ ကုဝူရှန့်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွား၍ အရေပြားများကို လောင်ကျွမ်းစေသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ခန္ဓာကိုယ်ပင်လျှင် ဤဒဏ်ကို ခုခံရန် ခက်ခဲနေလျက် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ ကြည့်မကောင်းလောက်အောင် ဖြစ်နေရသည်။

‎

‎

‎ထိုအချိန်တွင် ဖီးနစ်ဧကရာဇ်နှင့် ကျန်းထျန်းရှေးဟောင်းဧကရာဇ်တို့သည်လည်း အခြေအနေမှာ ပုံမှန်မဟုတ်တော့ကြောင်း သတိထားမိလာကြသည်။ ၎င်းတို့ ဧကရာဇ်ဖြစ်စဉ်က ကြုံခဲ့ရသော ကပ်ဘေးမှာ ဤမျှအထိ မပြင်းထန်ခဲ့ပေ။ ယခုလျှပ်စီးမျိုးကို ၎င်းတို့ကိုယ်တိုင် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အစွမ်းကုန် ဂရုစိုက်ရမည် ဖြစ်သည်။ သို့သော် ကုဝူရှန့်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်သာ ရှိပါသေးသည်။

‎

‎

‎" တစ်ခုခု မှားနေတာလား "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် မနေနိုင်စွာ ထုတ်ပြောလိုက်၏။

‎

‎

‎" ဒီလောက်အထိ ပြင်းထန်တဲ့ ဧကရာဇ်ဖြစ်တည်မှုကပ်ဘေးမျိုး တစ်ခါမှ မကြားဖူးဘူး "

‎

‎

‎ဖီးနစ်ဧကရာဇ်မှာ နှစ်ပေါင်းသန်းချီ တည်ရှိခဲ့သူဖြစ်သည်။ မူလရှေးဟောင်းတွင်းနက်ထဲ၌ အိပ်စက်ခဲ့သော်လည်း နောက်မျိုးဆက်များ ဧကရာဇ်ဖြစ်လာပုံကို သူ ကောင်းစွာ သိရှိသည်။ သို့သော် မည်သည့်မျိုးဆက်တွင်မှ ဤမျှအစွမ်းထက်သော ကပ်ဘေးမျိုး မရှိခဲ့ဖူးပေ။

‎

‎

‎ယခု လျှပ်စီးကပ်ဘေးမှာ တစ်ဝက်ခန့်သာ ရှိသေးသော်လည်း အရှင်သခင်အဆင့်နှင့် တူညီနေပြီဖြစ်သည်။ ဆက်သွားနေပါက သူ မည်သို့ဖြစ်သွားမည်နည်း။

‎

‎

‎" ငါ ကပ်ဘေးရင်ဆိုင်တုန်းက အခုပြင်းထန်မှုမျိုးဟာ နောက်ဆုံးအဆင့်မှာပဲ ရှိခဲ့တာ "

‎

‎

‎ကျန်းထျန်းရှေးဟောင်းဧကရာဇ်မှ လေးနက်စွာ ပြောဆိုလိုက်သည်။

‎

‎

‎" စောင့်ကြည့်ကြတာပေါ့... ကောင်းကင်ဘုံကပ်ဘေးမှာ တစ်ခုခုမှားနေရင်တောင် ကောင်းကင်ဘုံအရှင်သခင်က ဝင်ကူမှာပါ "

‎

‎

‎ဖီးနစ်ဧကရာဇ်သည် ကောင်းကင်ယံမှ လျှပ်စီးများကို ကြည့်ကာ ပြောဆိုလိုက်၏။

‎

‎

‎ထိုစဉ် ကောင်းကင်အထက်မှ အဆုံးမဲ့လျှပ်စီးများသည် ရုတ်တရက် စုစည်းသွားကာ ခရမ်းရောင် ခေါင်းလောင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ခေါင်းလောင်းကြီး၏ အသံမှာ ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေလျက် ကုဝူရှန့်ထံသို့ တောင်တစ်လုံး ပြိုကျလာသည့်အလား တဟုန်ထိုး ကျဆင်းလာခဲ့ကာ ကုဝူရှန့်အား အတွင်း၌ ပိတ်လှောင်ပစ်လိုက်၏။ ခေါင်းလောင်းအတွင်းရှိ ကုဝူရှန့်မှာ အသည်းအသန် ခုခံနေရသည်ကို မှိန်ဖျဖျသာ မြင်နေရလေသည်။

‎

‎

‎နယ်မြေငါးခုရှိ အင်အားကြီးပုဂ္ဂိုလ်များသည်လည်း တစ်ခုခုလွဲချော်နေကြောင်း သတိပြုမိသွားကြသည်။ အထက်ကောင်းကင်တားမြစ်နယ်မြေပေါ်ရှိ လျှပ်စီးကပ်ဘေးမှာ တစ်စုံတစ်ယောက် ဧကရာဇ်ဖြစ်ရန် ကြိုးစားနေခြင်းလော။

‎

‎

‎" ကောင်းကင်ဘုံက ကောင်းကင်ဘုံအရှင်သခင်ကို အပြစ်ပေးနေတာလို့ ထင်နေတာ... အခုတော့ တစ်ယောက်ယောက်က ဧကရာဇ်ဖြစ်ဖို့ ကြိုးစားနေတာကိုး "

‎

‎

‎" ဘယ်သူလဲ "

‎

‎

‎" အထက်ကောင်းကင်တားမြစ်နယ်မြေမှာဆိုရင်တော့ ကုမိသားစုဝင်ပဲ ဖြစ်ရမယ် "

‎

‎

‎" တောက်!... နောက်ထပ်တစ်ယောက်ကသာ ဧကရာဇ်ဖြစ်သွားရင် ငါတို့နယ်မြေငါးခုကို နှစ်

‎ပေါင်းထောင်ချီ ထပ်ပြီး ဖိနှိပ်ထားတော့မှာပဲ "

‎

‎

‎" ဒီကပ်ဘေးက မယုံနိုင်လောက်အောင် အစွမ်းထက်နေတာ... ငါ့အမြင်အရတော့ အဲဒီလူ အောင်မြင်မှာ မဟုတ်ဘူး "

‎

‎

‎ကုဝူရှန့်၏ အသည်းအသန် ရုန်းကန်နေရသည့် အခြေအနေကို မြင်သောအခါ အချို့သူများမှာ ဝမ်းသာအားရ ဖြစ်နေကြ၏။ လူအများ၏ အယူအဆအရ ကောင်းကင်ဘုံကပ်ဘေးကို ဝင်ရောက်စွက်ဖက်၍ မရပေ။ ဝင်ပါမိပါက လျှပ်စီးကပ်ဘေးမှာ ပိုမိုကြီးမားလာပေလိမ့်မည်။

‎

‎

‎ရှေးဒဏ္ဍာရီတစ်ခု ရှိ၏။ ဧကရာဇ်တစ်ပါး၏ အဖော်မှာ ဧကရာဇ်ဖြစ်ရန် ကပ်ဘေးရင်ဆိုင်ခဲ့သည်။ ထိုစဉ်က ဧကရာဇ်ဖြစ်နှင့်ပြီးသားဖြစ်သော သူ၏အဖော်မှာ ဘေးမှ ရပ်ကြည့်နေရုံမှလွဲ၍ ဘာမှမလုပ်နိုင်ခဲ့ပေ။ အကယ်၍ ဝင်ရောက်ပါဝင် နှောင့်ယှက်ပါက နှစ်ဦးလုံးမှာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် ထိုဧကရာဇ်၏ အဖော်မှာ နောက်ဆုံးတွင် ကပ်ဘေးအောက်၌ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်ကို ဧကရာဇ်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရလေသည်။

‎

‎

‎ယနေ့ အခြေအနေမှာလည်း ထိုသို့ပင် မဟုတ်ပါလော။ ကောင်းကင်ဘုံအရှင်သခင်သည် မည်မျှပင် စွမ်းရည်ရှိပါစေ သူ၏မျိုးဆက် ကပ်ဘေးရင်ဆိုင်နေသည်ကို ဝင်ရောက်စွက်ဖက်ရဲမည် မဟုတ်ပေ။ ထို့ကြောင့် ကပ်ဘေးရင်ဆိုင်နေသူမှာ သေဖို့သာ ရှိတော့သည်။

‎

‎

‎ဤအချိန်တွင် ကျန်ရှိနေသော ဧကရာဇ်မျိုးနွယ်စုများမှာလည်း ကုမိသားစု၏ ဆုံးရှုံးမှုကို မျှော်လင့်ကာ တိတ်တဆိတ် ဝမ်းသာနေကြသည်။

‎

‎

‎...

‎

‎

‎" ငါတို့ရဲ့ ဘိုးဘေးက ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်ပါ့မလား "

‎

‎

‎ကုချင်းရွဲ့သည် ကုဝူရှန့်ကို စိုးရိမ်တကြီး ကြည့်နေမိလေ၏။ ဤကဲ့သို့သော ကပ်ဘေးစွမ်းအားကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။ အစပိုင်းတွင် နားလည်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယခုမူ စိုးရိမ်စိတ်များသာ ပြည့်နှက်နေတော့သည်။

‎

‎

‎" ခက်ခဲလိမ့်မယ် "

‎

‎

‎ဘေးနားရှိ ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ လေးနက်စွာ ပြောဆိုလိုက်သည်။ သူသည် ကုဝူရှန့်မှာ အင်အားကုန်ခမ်းနေပြီဖြစ်ကြောင်း ကောင်းစွာ မြင်နေရ၏။ သို့သော် လျှပ်စီးကပ်ဘေးမှာ ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ ပိုမိုပြင်းထန်လာနေလေသည်။ ဤအတိုင်းဆိုလျှင် အသက်ရှင်ရန်ပင် ခက်ခဲပေလိမ့်မည်။

‎

‎

‎" ဒီကမ္ဘာထဲက အရှင်သခင်အဆင့် ကပ်ဘေးက ဒီလောက်တော့ မပြင်းထန်သင့်ဘူး "

‎

‎

‎ရှောင်းယွဲ့မှ ဝေခွဲမရစွာ ပြောဆိုလိုက်၏။ ကုဝူရှန့်မှာ ဧကရာဇ်အဆင့်သို့ ရောက်ရန်သာ ကြိုးစားနေခြင်းဖြစ်သည်။ သို့ပါလျက် ဤမျှအထိ ပြင်းထန်နေရသည်မှာ အဘယ်ကြောင့်ပါနည်း။

‎

‎အခန်း ( ၃၂၄ ) - ကြီးမြတ်သော အင်မော်တယ်ကပ်ဘေး၊ စစ်မှန်သော အကြောင်းရင်းနှင့် အရာအားလုံးကို အဆုံးသတ်ရမည့်အချိန်

‎

‎

‎

‎ရှောင်းယွဲ့သည် ဇဝေဇဝါ ဖြစ်နေမိ၏။ သတင်းအချက်အလက် ကြွယ်ဝလှသော သူပင်လျှင် ယခုမြင်ကွင်းအတွက် သင့်တော်သော ရှင်းပြချက်ကို ရှာမတွေ့နိုင် ဖြစ်နေရသည်။

‎

‎

‎" ဒါက ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံခဲ့လို့များလား "

‎

‎

‎ကုချင်းရွဲ့သည်လည်း အတွေးနယ်ချဲ့ကာ ခန့်မှန်းကြည့်လိုက်မိ၏။ ကုဝူရှန့်သည် ကုမိသားစု၏ နှစ်ပေါင်းကိုးသောင်းအတွင်း ဘိုးဘေးကြီး ချန်ထားခဲ့သော ကောင်းကင်ဧကရာဇ်ကျမ်းစာကို ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ပထမဆုံး ကျင့်ကြံနိုင်ခဲ့သူ ဖြစ်သည်။

‎

‎

‎ထိုကျမ်းစာမှာ သာမန်ဧကရာဇ်ကျမ်းစာများထက် များစွာ သာလွန်ထူးကဲသော ကျမ်းစာတစ်စောင် ဖြစ်ပေသည်။ ဤသို့သော ရှေးဟောင်းကျမ်းစာကို ကျင့်ကြံခြင်းက ကမ္ဘာလောက၏ တာအိုများနှင့် ဆက်နွယ်နေသဖြင့် ကောင်းကင်တာအို လျှပ်စီးကပ်ဘေးကို ပြောင်းလဲစေခြင်း ဖြစ်နိုင်ပေသည်။

‎

‎

‎" မဟုတ်ဘူး "

‎

‎

‎သို့သော် ကုချင်းရွဲ့၏ ခန့်မှန်းချက်ကို ရှောင်းယွဲ့မှ ချက်ချင်း ငြင်းပယ်လိုက်၏။ သူသည် ခေါင်းခါယမ်းကာ ပြတ်ပြတ်သားသားပင် ဆိုလိုက်၏။

‎

‎

‎" အဆင့်တိုင်းရဲ့ ကပ်ဘေးပြင်းအားက သတ်မှတ်ချက်ရှိပြီးသား... ကျင့်ကြံသူက ဘယ်လိုနည်းလမ်းနဲ့ ကျင့်ကြံတယ်ဆိုတာပေါ် မူတည်ပြီး ဘယ်လိုလုပ် ကွာခြားနိုင်မှာလဲ... ကပ်ဘေးဆိုတာ ကျင့်ကြံသူကို စမ်းသပ်ဖို့ သက်သက်ပဲ.....

‎

‎သန်မာသူက ကျော်ဖြတ်နိုင်ပြီး အားနည်းသူက ရှုံးနိမ့်မှာပဲ... ကျင့်ကြံသူရဲ့ ခွန်အားအလိုက် ကပ်ဘေးပြင်းအားက ပြောင်းလဲနေမယ်ဆိုရင် ကောင်းကင်တာအိုရဲ့ အဆုံးစွန်သော တရားမျှတမှုက ဘယ်မှာ ရှိတော့မလဲ "

‎

‎

‎အဆင့်တက်ရန် လိုအပ်သော လျှပ်စီးကပ်ဘေး၏ ပြင်းအားမှာ ကိန်းသေသာ ဖြစ်သည်။ ကျင့်ကြံသူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံခဲ့သည့် ကျမ်းစာများမှာ လျှပ်စီးကပ်ဘေးအပေါ် သက်ရောက်မှု မရှိနိုင်ပေ။

‎

‎

‎ယုတ္တိရှိရှိဆိုလျှင် ကုဝူရှန့်သည် ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံထားသဖြင့် အခြေခံနှင့် တိုက်ခိုက်နိုင်စွမ်းမှာ အခြားသော ဧကရာဇ်တစ်ပိုင်းအဆင့်များထက် သန်မာနေမည် ဖြစ်ရာ ဤဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးကို ပိုမိုလွယ်ကူစွာ ကျော်ဖြတ်နိုင်ရမည် ဖြစ်သည်။ သို့သော် အဘယ်ကြောင့် သူရင်ဆိုင်နေရသော ကပ်ဘေးမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေရသနည်း။

‎

‎

‎" ကောင်းကင်ဧကရာဇ်ကျမ်းစာကြောင့် မဟုတ်ရင် တခြားဘာကြောင့် ဖြစ်နိုင်ဦးမလဲ "

‎

‎

‎ကုချင်းရွဲ့ တစ်ယောက် လုံးဝ ဝေခွဲမရ ဖြစ်နေတော့သည်။ ဘိုးဘေးအနေဖြင့် ဤမျှ ကြောက်စရာကောင်းသော ကပ်ဘေးကို ဆွဲဆောင်မိရန် မည်သို့သော အဖြစ်အပျက်မျိုး ရှိခဲ့သနည်း။ ဤခံစားချက်မှာ ကမ္ဘာလောက၏တာအိုမှ ဘိုးဘေးအား တမင်တကာ ပစ်မှတ်ထားနေသကဲ့သို့ပင်။

‎

‎

‎" ဒါက တကယ်ကို အံ့ဩစရာပဲ... ဒီကပ်ဘေးထဲမှာ ငါ အင်မော်တယ်တာအို ကပ်ဘေးရဲ့ အငွေ့အသက်ကို ခပ်ဖျော့ဖျော့ ခံစားနေရတယ် "

‎

‎

‎ရှောင်းယွဲ့၏ မျက်နှာမှာ တည်ကြည်လေးနက်သွား၏။ တရိပ်ရိပ် တိုးလာနေသော လျှပ်စီးကပ်ဘေးများကြားတွင် သူသည် ဟိုးယခင် သူ အင်မော်တယ်အဆင့်သို့ တက်လှမ်းစဉ်က ကြုံတွေ့ခဲ့ရသော အငွေ့အသက်မျိုးကို ခဏတာမျှ ခံစားလိုက်ရခြင်း ဖြစ်သည်။

‎

‎

‎သူသည် အင်မော်တယ်အဆင့်ကို ရရှိပြီးသူ ဖြစ်သည်။ ယခု ကုဝူရှန့်မှာ အရှင်သခင်အဆင့် ကပ်ဘေးကိုသာ ရင်ဆိုင်နေရခြင်း ဖြစ်ပြီး ၎င်းတို့ကြားတွင် ထျန်းကျွင်းအဆင့် ဟူသော ခြားနားချက်တစ်ခု ကျန်ရှိနေသေးသည်။ သို့သော် သူသည် ယခု ၎င်းတို့နှစ်ခုကြားတွင် ဆင်တူယိုးမှား ဖြစ်မှုများကို ခံစားနေရခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။

‎

‎

‎" ဝုန်း! "

‎

‎

‎ကပ်ဘေး၏ ဗဟိုချက်တွင် ကုဝူရှန့်သည် တင်ပျဉ်ခွေ ထိုင်နေလျက်ရှိသည်။ စေတီငယ်များ၊ ခေါင်းလောင်းကြီးများနှင့် အိုးကြီးများကဲ့သို့သော ဆန်းကြယ်သော လျှပ်စီးလက်နက်များမှ သူ့အား စဉ်ဆက်မပြတ် တိုက်ခိုက်နေသဖြင့် သူ၏ ချီနှင့်သွေးများမှာ ဆူပွက်လာကာ ပါးစပ်မှ သွေးများ အကြိမ်ကြိမ် အန်ထွက်နေရသည်။

‎

‎

‎သူ့တွင် တည်ငြိမ်မှုဟူ၍ အစအနမျှ မကျန်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ နေရာအတော်များများတွင် အရေပြားများမှာ လျှပ်စီးဒဏ်ကြောင့် မီးလောင်ကျွမ်းထားသော သစ်သားတုံးအိုကဲ့သို့ အသက်ဓာတ် ကင်းမဲ့နေပြီ ဖြစ်သည်။

‎

‎

‎သူ ဆက်ပြီး တောင့်ခံနိုင်တော့မည် မဟုတ်ချေ.....

‎

‎

‎ကုဝူရှန့်သည် သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားနေရသည်။ ယခုအချိန်တွင် သူသည် လေပြင်းမုန်တိုင်းကြားမှ မြက်ပင်လေးတစ်ပင်ကဲ့သို့ မည်သည့်အချိန်တွင်မဆို လွင့်စင်သွားနိုင်သော အခြေအနေတွင် ရှိနေသည်။

‎

‎

‎ဧကရာဇ်အဆင့်တက်လှမ်းခြင်း ကပ်ဘေးက တကယ်ပဲ ဒီလောက်ထိ ကြောက်စရာကောင်းတာလား။

‎

‎

‎ကုဝူရှန့်သည် သွားကို တင်းတင်းစေ့ထားလျက် ရင်ထဲတွင် မျှော်လင့်ချက်မဲ့မှုကို ခံစားနေရသည်။

‎

‎

‎ယခုရှိနေသော ကပ်ဘေး၏ ပြင်းအားအရ ဆိုလျှင် သူ ကျော်ဖြတ်နိုင်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့ချေ။ သူ့အား နှစ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ ပြင်ဆင်ခွင့် ပေးခဲ့လျှင်တောင် ဤကြောက်မက်ဖွယ် ကပ်ဘေးကို ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ သူ့အတွက် ကျော်ဖြတ်၍မရသော သေလမ်းတစ်ခုအဖြစ် ကံကြမ္မာက သတ်မှတ်ထားသကဲ့သို့ပင်။

‎

‎

‎" ဟက်... ငါ့ရဲ့ သက်တမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းကတည်းက ကုန်ဆုံးခဲ့ရမှာမို့ အခု ကောင်းကင်က အဲဒီအမှားကို သိသွားပြီး ငါ့ကို လာသိမ်းတာများလား "

‎

‎

‎ကုဝူရှန့်သည် လှောင်ပြောင်သည့်သဘောဖြင့် တွေးမိလိုက်သည်။ ဤကပ်ဘေးမှာ ကျော်ဖြတ်နိုင်စရာ မျှော်လင့်ချက် အစအနမျှ မရှိလောက်အောင်ပင် ပြင်းထန်လွန်းလှသည်။

‎

‎

‎သို့သော် မျှော်လင့်ချက်မဲ့နေသည့်တိုင် ကုဝူရှန့်မှာ လက်မလျှော့ခဲ့ပေ။ ဘိုးဘေးကြီးမှ ဤနေရာအား တိတ်တဆိတ် ကြည့်ရှုနေသည်ကို သူ သိ၏။ သူ ကျရှုံးသွားလျှင်တောင် ဘိုးဘေးကြီးနှင့် ကုမိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် လူဖျင်းလူအတစ်ယောက်ကဲ့သို့ အသေမခံဘဲ တိုက်ပွဲဝင်ရင်းသာ အဆုံးသတ်မည်ဟု ဆုံးဖြတ်ထားသည်။

‎

‎

‎" သူ့ရဲ့ အကန့်အသတ်ကို ရောက်တော့မှာလား "

‎

‎

‎အထက်ကောင်းကင် တားမြစ်နယ်မြေတွင် ကုချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကပ်ဘေးပင်လယ်အတွင်းရှိ ကုဝူရှန့်ကို တိတ်တဆိတ် ကြည့်နေ၏။ ကုဝူရှန့်သည် တကယ်ပင် အဆုံးစွန်သို့ ရောက်နေပြီဖြစ်ကြောင်း သူ မြင်နေရသည်။ အချိန်မရွေး ပြတ်တောက်သွားနိုင်သော လေးကြိုးတစ်မျှင်ကဲ့သို့ပင်။

‎

‎

‎" ဒါဟာ ကောင်းကင်ဧကရာဇ်ကျမ်းစာကြောင့်လည်း မဟုတ်သလို တခြားအကြောင်းကြောင့်လည်း မဟုတ်ဘူး... ဝူရှန့် လွန်ခဲ့တဲ့အချိန်က ရခဲ့တဲ့ ထာဝရအသက်ဓာတ် အနည်းငယ်ကြောင့်ပဲ.....

‎

‎အဲဒီအချိန်က သူ့အသက်ကို ကယ်ခဲ့ပေမဲ့ 'အင်မော်တယ်' တွေမှာပဲ ရှိရမယ့် အငွေ့အသက်တွေ စွန်းထင်းသွားစေခဲ့တာ.....

‎

‎အခု ဧကရာဇ်အဆင့်တက်တဲ့အခါ အဲဒီဓာတ်ရှိနေလို့ ကပ်ဘေးက ပိုပြင်းထန်သွားရတာပဲ "

‎

‎

‎ကုချန်သည် အရာအားလုံးကို ထိုးထွင်းသိမြင်ထားသည့်အလား တီးတိုး ရေရွတ်လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းက သက်တမ်းရှည်နန်းတော်မှ ရရှိခဲ့သော ထာဝရအသက်ဓာတ်ကြောင့် ဤမျှ ပြင်းထန်သော ကပ်ဘေးကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သူ သိရှိထားသည်။

‎

‎

‎ထာဝရအသက်ဓာတ်ဆိုသည်မှာ စစ်မှန်သော အင်မော်တယ်များ၏ ခန္ဓာကိုယ်အတွင်း၌သာ သဘာဝအလျောက် ဖြစ်ပေါ်နိုင်သော အရာဖြစ်သည်။ အောက်ကမ္ဘာတွင် ကုချန်ကဲ့သို့သော အဆင့်ရှိသူကသာ ၎င်းကို ထုတ်ယူနိုင်၏။

‎

‎

‎သို့သော် သက်တမ်းရှည်နန်းတော်သည် အင်မော်တယ်နယ်မြေမှ ပေးအပ်သော ထာဝရအသက်ဓာတ်ကို ရရှိထားကာ ထျန်းကျွင်းအဆင့်တွင် ရှိနေစဉ်ကပင် ခန္ဓာကိုယ်အတွင်းတွင် မွေးမြူထားခဲ့၏။ ဤသည်မှာ နိမ့်ပါးသော အဆင့်တွင် မြင့်မားသော အဆင့်၏ အငွေ့အသက်များ စွန်းထင်းနေခြင်းပင် ဖြစ်သည်။

‎

‎

‎ကုဝူရှန့်သည်လည်း ထိုနည်းအတိုင်းပင်။ လွန်ခဲ့သော နှစ်ပေါင်းငါးသောင်းတွင် သက်တမ်းရှည်နန်းတော်သို့ မှားယွင်းစွာ ရောက်ရှိသွား၍ ထာဝရအသက်ဓာတ် အချို့ကို ရရှိခဲ့ကာ ခန္ဓာကိုယ်အတွင်း မွေးမြူထားခဲ့သောကြောင့် နှစ်ပေါင်းငါးသောင်းတိုင် မသေဆုံးဘဲ လောကအလယ်တွင် လှည့်လည်နိုင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုယခု သူ ဧကရာဇ်အဆင့် တက်လှမ်းသောအခါ ကောင်းကင်တာအိုသည် ထိုအင်မော်တယ် အငွေ့အသက်များကြောင့် အဆင့်ကို မှားယွင်းတွက်ချက်ကာ ပုံမှန်ထက် များစွာ သာလွန်သော ကပ်ဘေးကို စေလွှတ်လိုက်ခြင်း ဖြစ်ပေသည်။

‎

‎

‎" သက်တမ်းရှည်နန်းတော်က ထျန်းကျွင်းတွေ ဘာလို့ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ထဲမှာပဲ နေပြီး အပြင်မထွက်ရဲကြတာလဲဆိုတာ မဆန်းတော့ဘူး... ကောင်းကင်ကပ်ဘေး ပစ်မှတ်ထားမှာကို ကြောက်နေကြတာကိုး "

‎

‎

‎ကုချန် တစ်ယောက် သက်တမ်းရှည်နန်းတော်မှ ထျန်းကျွင်းများ အပြင်မထွက်ရဲသည့် အကြောင်းရင်းကို ယခုမှ သဘောပေါက်သွားတော့သည်။ အကြောင်းမှာ ထိုရေကန်သည် အငွေ့အသက်များကို ဖုံးကွယ်ပေးနိုင်သည်ဖြစ်ရာ ကောင်းကင်တာအို၏ စစ်ဆေးမှုကို ရှောင်လွှဲပေးနိုင်သောကြောင့်ပင်။ သို့မဟုတ်ပါက ၎င်းတို့သာ အပြင်ထွက်ခဲ့လျှင် ကြုံတွေ့ရမည့် ကပ်ဘေးမှာ စစ်မှန်သော အင်မော်တယ်ကပ်ဘေးနှင့်ပင် နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

‎

‎

‎" အချိန်တန်ပြီ... အခု အဆုံးသတ်ရတော့မယ် "

‎

‎

‎ကုချန်သည် ပြင်းထန်လာသော ကပ်ဘေးကို တစ်ချက်ကြည့်ကာ ဆိုလိုက်၏။ နောက်တစ်ခဏတွင် သူသည် လက်ဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ကာ ကောင်းကင်ဘုံကိုးခု အထက်ရှိ ကပ်ဘေးတိမ်တိုက်များကို တိုက်ရိုက်ပင် ဖမ်းဆုပ်လိုက်လေတော့သည်။

All Chapters