အခန်း (၃၂၅-၃၂၆)
Vol. 24 Ch. 325-326
အခန်း ( ၃၂၅ ) - ကောင်းကင်ကပ်ဘေးကို တားဆီးခြင်း၊ အကန့်အသတ်သို့ ရောက်ရှိခြင်းနှင့် ကောင်းကင်၏ ရန်သူဖြစ်လာခြင်း
၎င်းသည် အလွန်တရာ ရုတ်တရက်ဆန်၍ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သည်။
အထက်ကောင်းကင်ယံတွင် လျှပ်စီးကပ်ဘေး တိမ်တိုက်များမှာ မိုင်သန်းချီ ဖုံးလွှမ်းနေကာ ကောင်းကင်ဘုံ၏ အလိုဆန္ဒအလား အရာအားလုံးကို ဝါးမြိုတော့မည့်အတိုင်း ရှိနေ၏။
ထိုအချိန်တွင် အထက်ကောင်းကင် တားမြစ်နယ်မြေအတွင်းမှ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာကာ ထိုထိတ်လန့်ဖွယ် လျှပ်စီးတိမ်တိုက်ကြီးကို လှမ်း၍ ဖမ်းဆုပ်လိုက်လေတော့သည်။
ထိုလက်သည် လေထဲတွင်ပင် ကြီးထွားလာသည်ဖြစ်ရာ တားမြစ်နယ်မြေမှ ထွက်လာသည်နှင့် တိမ်တိုက်တစ်ခုလုံးကို လက်ဝါးဖြင့် အုပ်မိုးနိုင်သည်အထိ အတိုင်းအဆမရှိ ကြီးမားသွားလေ၏။
ဤမြင်ကွင်းကြောင့် နယ်မြေငါးခုမှ ပညာရှင်များအားလုံး အံ့အားသင့်သွားကြ၏။ ဤသည်မှာ ကောင်းကင်ဘုံအရှင်သခင်၏ လှုပ်ရှားမှုဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
သို့သော် လျှပ်စီးကပ်ဘေးကို ဝင်ရောက်နှောင့်ယှက်ခြင်းမှာ ဘေးဒုက္ခအား ကိုယ်တိုင် ဖိတ်ခေါ်ခြင်းသာ ဖြစ်သည်ဟု သူတို့ ယူဆကြ၏။
" ကောင်းကင်ဘုံအရှင်သခင်က အဆုံးမဲ့ကောင်းကင်ရဲ့ အစွမ်းကို ရင်ဆိုင်တော့မလို့လား "
" သူ ရူးနေပြီ... ဘယ်လောက်ပဲ သန်မာပါစေ... ကောင်းကင်ကို ဘယ်လိုယှဉ်နိုင်မှာလဲ "
" မှန်တယ်... ကောင်းကင်ကပ်ဘေးဆိုတာ တာအိုရဲ့ အလိုဆန္ဒပဲ... ဒါကို တားဆီးဖို့ ကြိုးစားတယ်ဆိုမှတော့ ကောင်းကင်တာအိုရဲ့ အပြစ်ပေးတာကို ခံရဖို့ပဲ ရှိတယ် "
လူအများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။
သမိုင်းတစ်လျှောက်တွင် ကပ်ဘေးကို ရင်ဆိုင်ကျော်ဖြတ်သူသာ ရှိခဲ့ပြီး ကောင်းကင်ကပ်ဘေးကို ဝင်ရောက်တားဆီးရဲသူ တစ်ဦးမျှ မရှိခဲ့ဖူးချေ။ ကပ်ဘေးကို ပိတ်ဆို့ခြင်းသည် ကောင်းကင်တာအိုကို မထေမဲ့မြင်ပြုခြင်းနှင့် ကောင်းကင်၏ ရန်သူဖြစ်လာခြင်းပင် ဖြစ်ပေသည်။
နယ်မြေငါးခုရှိ သက်ရှိများအားလုံးမှာ ကုချန်ကို ရူးသွပ်သွားပြီဟု ထင်မြင်နေကြသလို ဧကရာဇ်မျိုးနွယ်စုများမှာလည်း ဝမ်းသာအားရ ဖြစ်နေကြ၏။
" ကောင်းကင်က တစ်စုံတစ်ယောက်ကို ဖျက်ဆီးချင်ရင် အရင်ဆုံး ရူးသွပ်အောင် လုပ်တတ်တယ်... ဒီလူက ကောင်းကင်ကို ယှဉ်ပြိုင်ချင်နေတာဆိုတော့ သေချင်ဇောနဲ့ လမ်းဆုံးနေပြီပဲ "
သူသည် မည်မျှပင် သန်မာပါစေ သူ၏အစွမ်းအစများမှာ ကောင်းကင်တာအိုထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အစွမ်းပေးသနားထားသူကို ပြန်လည်ဆန့်ကျင်ခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ မဟုတ်ပါလော။
အတိုင်းအဆမရှိသော လျှပ်စီးကပ်ဘေးအောက်တွင် ရှိနေသည့် ကုဝူရှန့်ပင်လျှင် ကုချန်၏ လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားကာ အလျင်အမြန်ပင် တားမြစ်လိုက်၏။
" ဘိုးဘေးကြီး... ကျွန်တော် တောင့်ခံနိုင်ပါသေးတယ်... မကူညီပါနဲ့ဦး "
သူသည် မိမိကြောင့် ဘိုးဘေးကြီး ဘေးတွေ့မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သို့သော် ကုချန်သည် အေးစက်စွာပင် တုံ့ပြန်လိုက်၏။
" မင်း ဆက်တောင့်ခံနေရင် ပြာဖြစ်သွားလိမ့်မယ် "
ကုဝူရှန့်သည် သူ၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း ကုချန် မြင်နေရသည်။ အကယ်၍ ဤကပ်ဘေးသည် ပုံမှန် ဧကရာဇ်ဖြစ်တည်ခြင်းကပ်ဘေးသာ ဆိုပါက ကုချန် ဝင်ပါမည်မဟုတ်သော်လည်း ယခုကပ်ဘေးမှာမူ ကောင်းကင်မှ ကုဝူရှန့်အား တမင်ဖျက်ဆီးလိုသည့်အလား ပြင်းထန်လွန်းနေ၏။
" စိတ်မပူနဲ့... ငါ ဒီလျှပ်စီးတိမ်တိုက်ကို ရှင်းလိုက်တာနဲ့ မင်း ချက်ချင်း အဆင့်တက်သွားလိမ့်မယ် "
ကုချန်မှ အေးဆေးစွာ ပြောဆိုလိုက်သည်။
ကုဝူရှန့် ယခုရင်ဆိုင်နေရသော လျှပ်စီးကပ်ဘေး၏ ပြင်းအားမှာ သာမန်ထက် များစွာ ကျော်လွန်နေပြီဖြစ်သည်။ လျှပ်စီးကပ်ဘေး မပြီးဆုံးသေး၍သာ သူ ဧကရာဇ်အဆင့်သို့ မရောက်သေးခြင်း ဖြစ်သည်။
ကုချန်မှ ဤကပ်ဘေးကို ရှင်းလင်းလိုက်သည်နှင့် ကုဝူရှန့်သည် အရှင်သခင်အဆင့်သို့ ချက်ချင်း တက်လှမ်းသွားမည်ဖြစ်သည်။
" ကျွန်တော်..... "
ကုဝူရှန့်၏ စကားမှာ မဆုံးလိုက်ချေ။
ထိုအချိန်တွင် ကုချန်၏လက်ဝါးကြီးသည် ကောင်းကင်ကို အုပ်မိုးကာ ကျဆင်းလာသော ဘီလီယံနှင့်ချီသည့် လျှပ်စီးတိုင်များကို ပိတ်ဆို့လိုက်၏။ လျှပ်စီးပေါင်းများစွာ ကျရောက်လာသော်လည်း ကုချန်၏လက်ဝါးပြင်ပေါ်တွင် အစွန်းအထင်းလေးတစ်ခုမျှပင် မကျန်ရစ်စေနိုင်ချေ။
တစ်ခဏချင်းအတွင်းမှာပင် ကုဝူရှန့်အပေါ် ကျရောက်နေသည့် ဖိအားများမှာ လုံးဝ ပျောက်ကွယ်သွား၏။ သူသည် အသက်ကို ဝဝရှူလိုက်ရသည်ကြောင့် ဘိုးဘေးကြီးကို ကျေးဇူးတင်စွာ ကြည့်နေမိတော့သည်။
သို့သော် ထိုကျေးဇူးတင်မှုသည် စိုးရိမ်စိတ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြန်သည်။
ဘိုးဘေးကြီး၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ကောင်းကင်ကပ်ဘေးသည် ပိုမို ဒေါသထွက်လာကာ လျှပ်စီးပြင်းအားမှာလည်း အဆပေါင်း ရာနှင့်ချီ၍ တိုးပွားလာတော့၏။
ဝုန်း...! ဝုန်း...! ဝုန်း...!
ကုဝူရှန့်မှာ မျက်လုံးအပြူးသား ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိတ်လန့်ဖွယ် လျှပ်စီးကြောင်းကြီးများ ကောင်းကင်ထက်မှ ဒလဟော ကျဆင်းလာသောကြောင့်ပင်။ ထိုအရှိန်အဟုန်ဖြင့် ကျဆင်းလာသော လျှပ်စီးတစ်ခုချင်းစီသည် ထူးဆန်းသော ဟွမ်သွမ့်အရောင်ကို ဆောင်ထား၏။
ထိုလျှပ်စီးတစ်ခုချင်းစီတွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှမှုရှိသော လျှပ်စီးပေါင်း တစ်သောင်းတိတိ တစ်ပြိုင်နက် ကျရောက်လာခြင်း ဖြစ်သည်။
ဧကရာဇ်အဆင့် ပညာရှင်တစ်သောင်း တစ်ပြိုင်နက် တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်နိုင်သော ဟွမ်သွမ့်လျှပ်စီး တစ်သောင်း.....
ကုဝူရှန့်၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားတော့သည်။
ဘိုးဘေးကြီး၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုက ကောင်းကင်ကပ်ဘေးကို ဒေါသထွက်စေပြီး ပိုမိုပြင်းထန်သော အပြစ်ပေးမှုကို ကျရောက်စေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။ ဤသည်မှာ ကောင်းကင်ကို ဆန့်ကျင်ခြင်း၏ အကျိုးဆက်ပင်။
ဟွမ်သွမ့်လျှပ်စီး တစ်သောင်းအနက် တစ်ခုတည်းကိုပင် ကုဝူရှန့် ပိတ်ဆို့ရန် ခက်ခဲနေချိန်တွင် ဘိုးဘေးကြီး ရင်ဆိုင်နေရသည်မှာ လျှပ်စီးပေါင်း တစ်သောင်းတိတိ ဖြစ်နေလေသည်။
ဤသို့ဖြစ်မည်မှန်း သိခဲ့ပါက သူသည် ဤကပ်ဘေးကို ခံယူမိမည် မဟုတ်ပေ။ ယခုမှာတော့ ထိုအခြင်းအရာအတွက် သူ နောင်တကြီးစွာ ရမိနေတော့သည်။
အခန်း ( ၃၂၆ ) - ကောင်းကင်ကပ်ဘေးဆီမှ အမြတ်ထုတ်ခြင်း၊ အံ့အားသင့်ခြင်းနှင့် ငါသည်သာ ကောင်းကင်အလိုဆန္ဒ
သို့သော် ယခုအချိန်တွင် ကုဝူရှန့် မည်သို့တွေးနေသည်မှာ အရေးမကြီးတော့ပေ။
ကောင်းကင်ကပ်ဘေး ကျဆင်းမှုကို ဝင်ရောက်နှောင့်ယှက်လိုက်သည်နှင့် တစ်ပြိုင်နက် ပစ်မှတ်အဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်သည်။ နှောင့်ယှက်သူကို အပြီးတိုင် ချေမှုန်းနိုင်ခြင်း မရှိမချင်း ကပ်ဘေးသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်ချေ။
ဝုန်း...! ဝုန်း...! ဝုန်း...!
ဟွမ်သွမ့်လျှပ်စီးကြောင်းပေါင်း သောင်းချီ ကျဆင်းလာသည်ကို ကြည့်ရင်း တားမြစ်နယ်မြေအတွင်းရှိ ကုချန်၏ မျက်လုံးများထဲတွင် အထင်သေးမှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
အရှင်သခင်အဆင့် တိုက်ခိုက်မှုနှင့် ညီမျှသော ဤလျှပ်စီးကြောင်းများသည် သူ့ကို တစ်စုံတစ်ရာ ထိခိုက်အောင် လုပ်နိုင်မည်ဟု ကောင်းကင်က ထင်မှတ်နေသလော။
အလွန် အသိဉာဏ် နည်းပါးလိုက်လေခြင်း။
ပုရွက်ဆိတ်ဟူသည် ပုရွက်ဆိတ်သာ ဖြစ်သည်။ ပုရွက်ဆိတ်ကောင်ရေ သောင်းချီ စုစည်းလိုက်လျှင်လည်း ပုရွက်ဆိတ်သာ ဖြစ်နေဦးမည်သာ။
" ငါ လက်မပါတာ ကြာလို့ အဆုံးမဲ့ကောင်းကင်ကြီးက ငါ့ရှေ့မှာ ထားရှိရမယ့် ရိုသေမှုကို မေ့လျော့နေပါရောလား "
ကုချန်သည် လက်တစ်ဖက်ကို နောက်ပစ်လျက် ကျန်လက်ဝါးတစ်ဖက်တည်းကို ဆန့်ထုတ်ကာ အေးဆေးစွာ ပြောလိုက်သည်။
အစောပိုင်းက ကောင်းကင်ကို ရွယ်ထားရုံသာ ရှိသော ထိုလက်ဝါးသည် ရုတ်တရက် ဆုပ်လိုက်သည်နှင့် ဟွမ်သွမ့်လျှပ်စီးကြောင်းပေါင်း တစ်သောင်းလုံး ၎င်း၏ လက်ဆုပ်အတွင်းသို့ ရောက်ရှိသွားတော့သည်။
ကုချန် လက်ကို ဆုပ်လိုက်ချိန်တွင် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။
အတိုင်းအဆမရှိသော အစွမ်းများ သယ်ဆောင်လာသည့် လျှပ်စီးကြောင်း တစ်သောင်းသည် ချီအငွေ့အသက်ပင် မကျန်ရစ်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ကုချန် လက်ဝါးကို ပြန်ဖြန့်လိုက်ချိန်တွင် မည်သည့် လျှပ်စီးစအစအနကိုမျှ မတွေ့ရတော့ချေ။
သူ၏လက်ဝါးပြင်ပေါ်တွင် အစွန်းအထင်းလေး တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။ စောစောက ကျဆင်းလာခဲ့သော လျှပ်စီးကြောင်းများသည် အိမ်မက်ယောင်တစ်ခုအလား ထင်မှတ်ရသည်။
ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာလဲ။
ဤမြင်ကွင်းကို မြင်လိုက်ရသော နယ်မြေငါးခုမှ သက်ရှိများအားလုံး ကြက်သေသေကာ ထိတ်လန့်သွားကြသည်။ သာမန် ဧကရာဇ်အဆင့်များကိုပင် ချက်ချင်း ဖျက်ဆီးပစ်နိုင်သော လျှပ်စီးကပ်ဘေး တစ်သောင်းသည် ကုချန်၏ လက်ဝါးထဲတွင် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။
" နွေရာသီပိုးကောင်က ရေခဲအကြောင်း ဘယ်နားလည်နိုင်မှာလဲ "
တားမြစ်နယ်မြေအတွင်းမှ ကောင်းကင်နတ်သမီး ရှောင်းယွဲ့က နယ်မြေငါးခုရှိ သက်ရှိများ၏ အတွေးကို ရိပ်မိနေသကဲ့သို့ ခေါင်းခါကာ အထင်သေးစွာ ပြောလိုက်သည်။
အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်တာအိုသည် မည်မျှပင် သန်မာပါစေ ၎င်းသည် အောက်ဘုံတစ်ခု၏ ကောင်းကင်တာအိုသာ ဖြစ်သည်။ ကုချန်၏ အစွမ်းမှာမူ ဤကမ္ဘာ၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အင်မော်တယ်အရှင်တစ်ပါးကိုပင် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်သော ဖြစ်တည်မှုမျိုးသည် အဆုံးမဲ့ကမ္ဘာငယ်လေး၏ ကောင်းကင်တာအိုကို ဂရုစိုက်စရာ မလိုပေ။ ကောင်းကင်တာအိုမှ သူ့ကို ယှဉ်နိုင်မည်ဟု ထင်နေခြင်းမှာ မိုက်မဲသော အိမ်မက်တစ်ခုသာ ဖြစ်သည်။
အုန်း.....
လျှပ်စီးကြောင်းတစ်သောင်း အရာမထင် ဖြစ်သွားပြီးနောက် ကောင်းကင်ထက်မှ ကပ်ဘေးတိမ်တိုက်သည် ရလဒ်ကို အံ့အားသင့်သွားသကဲ့သို့ ခေတ္တမျှ ငြိမ်သက်သွားသည်။
သို့သော် မိမိ၏ကျရှုံးမှုကို လက်မခံနိုင်သည့်အလား ပိုမိုပြင်းထန်သော ကပ်ဘေးကို ဖန်တီးရန် တိမ်တိုက်ကြီး ဖောင်းပွလာချိန်တွင်.....
ကုချန်၏လက်ဝါးသည် တိတ်တဆိတ် ရောက်ရှိလာပြီး အဆုံးမဲ့ လျှပ်စီးတိမ်တိုက်ကြီးကို ဖမ်းဆုပ်ကာ ဘောလုံးတစ်လုံးကဲ့သို့ လုံးချေပြီးနောက် တားမြစ်နယ်မြေအတွင်းရှိ 'တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်' အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်တော့သည်။
တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် လျှပ်စီးကပ်ဘေးများကို အာဟာရအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။ ယခု ကုချန် ပစ်ထည့်လိုက်သော ကပ်ဘေးတိမ်တိုက်သည် ရေကန်အတွင်းရှိ မသေမျိုးဆေးပင်များနှင့် နတ်လိပ်မဲကြီးအတွက် အကောင်းဆုံး အားဖြည့်စာ ဖြစ်လာတော့သည်။
ကောင်းကင်ယံရှိ ဖိနှိပ်ထားသော အမည်းရောင် တိမ်တိုက်ကြီး ပျောက်ကွယ်သွားပြီး ကြည်လင်သော ကောင်းကင်ပြာကြီး ပြန်လည် ပေါ်ပေါက်လာသည်။ ကောင်းကင်ကပ်ဘေး ဆိုသည်မှာ လုံးဝ မရှိခဲ့ဖူးသည့် အတိုင်းပင်။
ဤကမ္ဘာ၏ ကောင်းကင်တာအို ကိုယ်တိုင်ပင် ကြောင်အသွားပုံရသည်။ ငါ ဖန်တီးလိုက်တဲ့ ကပ်ဘေးကြီး ဘယ်ရောက်သွားပါလိမ့် ဟူ၍ တွေးနေဟန်တူသည်။
သို့သော် ခဏအကြာတွင် ကောင်းကင်တာအိုသည် သတိပြန်ဝင်လာပြီး စည်းမျဉ်းများအတိုင်း လျှပ်စီးတိမ်တိုက်အသစ်များကို ချက်ချင်း ပြန်လည် ဖန်တီးလေသည်။ ပထမအသုတ်ကို ကုချန် သိမ်းယူသွားလျှင် နောက်တစ်သုတ် ထပ်လွှတ်မည်သာ။
ကုချန်ကမူ တိတ်ဆိတ်စွာပင် စောင့်ဆိုင်းနေသည်။ ရေကန်ထဲတွင် နေရာလွတ် ကျန်သေးသည်ဖြစ်ရာ ဤသည်မှာ အဆုံးမဲ့ကောင်းကင်ကြီးဆီမှ 'သိုးမွေးညှပ်' ၍ အမြတ်ထုတ်ရန် အခွင့်ကောင်းပင် ဖြစ်သည်။
ဝုန်း...! ဂျိမ်း...!
မကြာမီတွင် နောက်ထပ် အားကောင်းသော ကပ်ဘေးတိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် လျှပ်စီး မကျဆင်းမီမှာပင် ကုချန်၏ လက်ဝါး ရောက်ရှိလာကာ တိမ်တိုက်ကို လုံးချေပြီး ရေကန်ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
တစ်ခဏမျှ ကြည်လင်သွားသော ကောင်းကင်သည် မကျေမနပ်ဖြစ်နေသော ကောင်းကင်တာအိုကြောင့် ပြန်လည် မည်းမှောင်လာသော်လည်း ရလဒ်မှာ အတူတူပင်။ တိမ်တိုက် ဖြစ်ပေါ်လာတိုင်း ကုချန်၏ 'ခူးဆွတ်' ခြင်းကို ခံလိုက်ရသည်။
ဤအချိန်တွင် နယ်မြေငါးခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ကုချန် ခံရတော့မည်ဟု ထင်ကာ ပျော်ရွှင်နေခဲ့သူများ၏ မျက်နှာတွင် အပြုံးများ ခဲသွားကြသည်။
သူတို့ ကြားဖူးနားဝရှိသော ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးသည် ကုချန်၏ လက်ထဲတွင် အရုပ်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို မည်သို့ ရှင်းပြရမည်နည်း။
" ကောင်းကင်ကပ်ဘေးဆီကနေ အမြတ်ထုတ်နေတာလား... သမိုင်းတစ်လျှောက် တစ်ခါမှ မကြားဖူးဘူး "
ကြည့်ရှုနေသူများ ရူးသွပ်လုမတတ် ဖြစ်ကုန်ကြသည်။ ကောင်းကင်တာအို ဖန်တီးသော ကပ်ဘေးသည် ကုချန်၏ ရှေ့မှောက်တွင် ကလေးကစားစရာကဲ့သို့ ဖြစ်နေသည်။
လျှပ်စီးတိမ်တိုက်များ အကြိမ်ကြိမ် ဖြစ်ပေါ်လာလိုက်၊ ကုချန်က သိမ်းယူလိုက်နှင့် နောက်ဆုံးတွင် ကမ္ဘာမြေ၏ စွမ်းအင်များ ကုန်ခမ်းသွားသည့်အလား တိမ်တိုက်ဖြစ်ပေါ်မှု နှေးကွေးလာပြီး သေးကွေးလာတော့သည်။ ယခုအခါ ၎င်း၏ ပြင်းအားသည် သာမန် သူတော်စင်အဆင့် ကပ်ဘေးလောက်ပင် မရှိတော့ချေ။
တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည်လည်း ပြည့်သွားပြီ ဖြစ်သည်။
" ပြည့်ပြီပဲ "
ကုချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းမာစွာဖြင့် ဆက်လက် ဖြစ်ပေါ်နေသေးသော ကောင်းကင်ထက်မှ တိမ်တိုက်ပါးပါးလေးကို ကြည့်ကာ လက်ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
" ထွက်သွားတော့ "
ပြောလိုက်သည်နှင့် တပြိုင်နက် အရှင်သခင်အဆင့်ထက် သာလွန်သော ဖိအားတစ်ခုသည် အဆုံးမဲ့ကမ္ဘာ၏ တာအိုအပေါင်းကို လွှမ်းမိုးချုပ်ကိုင်လိုက်သည်။ ကောင်းကင်တာအိုကို ဖိနှိပ်ထားလိုက်ပြီဖြစ်ရာ အရာအားလုံးသည် ကုချန်၏ ဆန္ဒအတိုင်း ဖြစ်လာသည်။ သူ၏ စိတ်ဆန္ဒသည် ကောင်းကင်၏ အလိုဆန္ဒပင် ဖြစ်တော့သည်။
ထို့ကြောင့် လျှပ်စီးတိမ်တိုက်များ ဆက်လက် ဖြစ်ပေါ်မလာတော့ပေ။ ကောင်းကင်အထက်မှ သနားစရာကောင်းလောက်အောင် ပါးလွှာနေသော တိမ်တိုက်လေးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား ချက်ချင်း လူစုခွဲ ပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတွင်တော့ ဤကောင်းကင်ကပ်ဘေး ဟာသပြဇာတ်ကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။