အခန်း (၃၂၇-၃၂၈)
Vol. 24 Ch. 327-328
အခန်း ( ၃၂၇ ) - ပညာသားပါသော ဆုံးဖြတ်ချက်၊ ဧကရာဇ်အဆင့်သို့ ကျင့်ကြံခြင်းနှင့် အင်မော်တယ်သန္ဓေသား ပြန်လည်ပေါ်ထွန်းလာခြင်း
အဆုံးမဲ့ကမ္ဘာ၏ အထက်ကောင်းကင်ယံတစ်ခွင်တွင် မိုင်ပေါင်းထောင်ချီတိုင်အောင် ကြည်လင်နေ၍ မိုးကြိုးတိမ်တိုက်များသည် အစကတည်းကပင် မရှိခဲ့ဖူးသကဲ့သို့ ကွဲပြယ်သွားကာ အရာအားလုံးမှာ စိတ်ကူးယဉ်အိပ်မက်ပမာ ထင်ယောင်ထင်မှား ဖြစ်နေတော့သည်။
အထက်ကောင်းကင် တားမြစ်နယ်မြေ ဝန်းကျင်ရှိ မိုင်ရာချီခန့် ကျယ်ဝန်းသော မြေပြင်၌ ဗုံးခိုကျင်းများပမာ ချိုင့်ခွက်ကြီးများနှင့် ပျက်စီးဆုံးရှုံးမှုများသာ မရှိခဲ့ပါက ယခုလေးတင် ဖြစ်ပျက်ခဲ့သော ကောင်းကင်ကပ်ဘေးသည် ထင်ယောင်ထင်မှားမျှသာ ဖြစ်သည်ဟု အချို့လူများ ထင်မှတ်သွားကြပေလိမ့်မည်။
ကောင်းကင်ကပ်ဘေး ပျောက်ကွယ်သွားသည့် အခိုက်အတန့်၌ ကုဝူရှန့်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဆန်းကြယ်သော စွမ်းအားတစ်ခု စီးဝင်လာသည်ဟု ခံစားလိုက်ရလေသည်။ ထိုစွမ်းအားသည် မီးကျွမ်းကာ ပျက်စီးနေသော သူ၏ရုပ်ခန္ဓာကို ဖြည်းညှင်းစွာ ပြန်လည် ကုစားပြုပြင်ပေးနေ၏။
မိုးကြိုးပစ်ချခံထားရသည့် သစ်ပင်အိုကြီးတစ်ပင်ကဲ့သို့ပင် အညွန့်အဖူးသစ်များ စတင်ထွက်ပေါ်လာကာ ရှင်သန်ခြင်းစွမ်းအားများဖြင့် ပြည့်လျှံနေတော့သည်။
တစ်ချိန်တည်းမှာပင် အရှင်သခင်အဆင့် အရှိန်အဝါများသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အရပ်လေးမျက်နှာနှင့် ရှစ်ဘက်ရှစ်တန်သို့ ပျံ့နှံ့သွားလျက် အဆုံးမဲ့ကမ္ဘာ နယ်မြေငါးခုရှိ သက်ရှိသတ္တဝါအားလုံး အာရုံခံမိသွားစေ၏။
ကုဝူရှန့်သည် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ဤအချိန်၌ နယ်မြေငါးခုလုံးသည် တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် ဖုံးလွှမ်းနေလေ၏။
အဆုံးမဲ့ကမ္ဘာဆီသို့ ဦးတည်ကြည့်ရှုနေကြသော အကြည့်များတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေ၏။
လွန်ခဲ့သော ခဏတာအချိန်ပိုင်းလေး၌ အဆုံးမဲ့ကမ္ဘာသည် ကြီးမားသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရကာ ကောင်းကင်တာအို၏ ကပ်ဘေးဒဏ်ခတ်ခြင်းကို ခံရတော့မည်ဟု လူအများက ယုံကြည်ထားခဲ့ကြသည်။
ကောင်းကင်ဘုံအရှင်သခင်သည် ကောင်းကင်ကပ်ဘေးကို ဝင်ရောက်စွက်ဖက်ရဲသည့်အတွက် မသေဆုံးလျှင်ပင် ကြီးစွာသော ဒုက္ခကို ခံစားရလိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။
သို့သော် လက်တွေ့တရားမှာ သူတို့အား ပြင်းထန်စွာ ရိုက်နှက်လိုက်သကဲ့သို့ ရှိလေသည်။
ကောင်းကင်ကပ်ဘေး ဟုတ်လား။
ကောင်းကင်ဘုံအရှင်သခင်၏ ရှေ့မှောက်တွင် ထိုကပ်ဘေးသည် အရုပ်တစ်ရုပ်ကဲ့သို့ စိတ်တိုင်းကျ ကစားခြင်းခံလိုက်ရကာ မည်သည့် ခုခံနိုင်စွမ်းမှ မရှိခဲ့ပေ။
ပို၍ မှန်ကန်စွာ ဆိုရလျှင် အဆုံးမဲ့ကမ္ဘာ၏ ကောင်းကင်တာအိုသည် ကောင်းကင်ဘုံအရှင်သခင်ကို တားဆီးနိုင်စွမ်း မရှိရုံသာမက ပြိုင်ဘက်ပင် မဟုတ်ခဲ့ချေ။
"ကောင်းကင်" ကိုယ်တိုင်ကပင် ကောင်းကင်ဘုံအရှင်သခင်၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင် ဤလောကတွင် သူ့အား မည်သူကများ ဒဏ်ခတ်နိုင်ပါတော့မည်နည်း။
ဤအချက်သည် သက်ရှိသတ္တဝါများအတွက် စိတ်ပျက်အားငယ်စရာ အကောင်းဆုံးသော အချက်ပင်တည်း။
ထိုအခြေအနေနှင့် ဆန့်ကျင်ဘက်အနေဖြင့် ဖီးနစ်နားခိုရာတောင်ကုန်းအတွင်း၌ ဖီးနစ်သခင် အပါအဝင် ဖီးနစ်မျိုးနွယ်ဝင် အားလုံးသည် ပျော်ရွှင်စွာ အော်ဟစ်ကြွေးကြော်နေကြကာ သူတို့၏မျက်နှာထက်တွင် ထိန်းချုပ်၍မရသော စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေလေ၏။
ဖီးနစ်ဧကရာဇ်သည် ကုချန်အား သစ္စာဆိုခဲ့ကတည်းက ဖီးနစ်မျိုးနွယ်စု၏ အနာဂတ်သည် အထက်ကောင်းကင် တားမြစ်နယ်မြေနှင့် နက်ရှိုင်းစွာ ဆက်နွယ်ယှက်နွယ်နေခဲ့ပြီ ဖြစ်သည်။
ယခုအခါ အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းသော အုတ်မြစ်နှင့် ကောင်းကင်ဘုံအရှင်သခင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်တွေ့လိုက်ရသည့်အခါ ဖီးနစ်မျိုးနွယ်ဝင်များအနေဖြင့် မည်သို့လုပ်၍ မပျော်ရွှင်ဘဲ နေနိုင်ပါမည်နည်း။
" အဲဒီတုန်းက ဖီးနစ်ဧကရာဇ် ချခဲ့တဲ့ ဆုံးဖြတ်ချက်က တကယ်ကို ပညာသားပါလွန်းတယ် "
ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် စိတ်လှုပ်ရှားမှုများဖြင့် ရေရွတ်လိုက်မိလေသည်။
ထိုအချိန်က ဖီးနစ်ဧကရာဇ်သည် ကြီးမားလှသော အရင်းအမြစ်များကို သယ်ဆောင်၍ အဆုံးမဲ့ကမ္ဘာရှိ ကောင်းကင်ဘုံအရှင်သခင်ထံ သွားရောက်ကာ အခစားဝင်ခဲ့စဉ်က ဖီးနစ်နားခိုရာတောင်ကုန်းသခင်သည် ဇဝေဇဝါဖြစ်ခဲ့ရပြီး လက်ခံရန် ခက်ခဲနေခဲ့သေးသည်။
သို့သော် ယခုအခါတွင်မူ သူတို့၏ ဘိုးဘေးဖြစ်သော ဖီးနစ်ဧကရာဇ်သည် တားမြစ်နယ်မြေအရှင်သခင်များအားလုံးအနက် ဉာဏ်အမြော်အမြင် အကြီးမားဆုံးသူ ဖြစ်ကြောင်း သံသယဖြစ်စရာပင် မလိုတော့ချေ။
......
ကောင်းကင်ဘုံ တားမြစ်နယ်မြေအတွင်း၌.....
ကုဝူရှန့်သည် ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် အဆုံးမဲ့ကမ္ဘာအတွင်းသို့ ဆင်းသက်လာကာ ကုချန်၏ရှေ့မှောက်သို့ ရောက်ရှိလာလေသည်။
" ဘိုးဘေးသာ ဝင်မကူညီပေးခဲ့ရင် ဝူရှန့် ဒီကပ်ဘေးကနေ အသက်ရှင်လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး "
ကုဝူရှန့်သည် သူ၏ရင်ထဲမှလာသော စကားကို ဆိုလိုက်၏။
စောစောက ကောင်းကင်တာအို မိုးကြိုးကပ်ဘေး၏ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်မှုအောက်တွင် သူသည် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ကုချန်သာ ဝင်ရောက်ကူညီ၍ နောက်ဆက်တွဲ မိုးကြိုးကပ်ဘေးများကို ဖယ်ရှားပေးခြင်း မရှိခဲ့လျှင် ထိုအချိန်က သူ၏ အခြေအနေဖြင့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် မဆိုထားနှင့် အသက်ရှင်သန်ရန် ဆုတောင်းခြင်းကပင် ဇိမ်ခံပစ္စည်းတစ်ခုကို လိုချင်သကဲ့သို့ ဖြစ်နေပေလိမ့်မည်။
" ဒီမိုးကြိုးကပ်ဘေးက အစကတည်းက မင်းအတွက် ရည်ရွယ်ထားတာမှ မဟုတ်တာ... မင်း မကျော်ဖြတ်နိုင်တာက ပုံမှန်ပါပဲ "
ကုချန်မှ ဂရုမစိုက်သကဲ့သို့ ပြောဆိုလိုက်၏။
လွန်ခဲ့သော နှစ်ငါးသောင်းမှ ကုဝူရှန့်သည် ကံကောင်းထောက်မစွာဖြင့် အင်မော်တယ်အနှစ်သာရ တစ်စွန်းတစ်စကို ရရှိခဲ့၍ ဧကရာဇ်တစ်ပိုင်း ခန္ဓာကိုယ်ဖြင့် နှစ်ပေါင်းငါးသောင်းတိုင် မသေဆုံးဘဲ နေနိုင်ခဲ့ခြင်းသည် ကြီးမားသော ကံကောင်းမှုတစ်ခုဟု ထင်ရပေသည်။
သို့သော် ကံကောင်းခြင်းနှင့်အတူ ကံဆိုးခြင်းများ ဒွန်တွဲပါလာတတ်ကြောင်း သူ မသိခဲ့ပေ။
သူ့အား သက်တမ်းနှစ်ငါးသောင်း ပေးစွမ်းခဲ့သော ထိုအင်မော်တယ်အနှစ်သာရ တစ်စွန်းတစ်စသည် နှစ်ငါးသောင်း ပြည့်သည့်အခါ ဧကရာဇ်ဖြစ်ခြင်းကပ်ဘေးထက် များစွာသာလွန်သော ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်လာခဲ့သည်။
ကုချန်၏အကူအညီသာ မပါခဲ့လျှင် ကုဝူရှန့်၏ ကံကြမ္မာသည် လွတ်မြောက်လမ်း ရှိမည် မဟုတ်ချေ။
သို့သော် ကံကောင်းသည်မှာ ယခုအခါ သူသည် အရှင်သခင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ထိုအင်မော်တယ်အနှစ်သာရ အများစုကိုလည်း စုပ်ယူပြီးဖြစ်လေသည်။ နောင်အနာဂတ်တွင် သူ နောက်ထပ်အဆင့်တက်လှမ်းသည့်အခါ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးကပ်ဘေးမျိုး ထပ်မံကျရောက်လာတော့မည် မဟုတ်ပေ။
" အရှင်... ကျွန်တော်တို့ကရော..... "
ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့သည် ကုချန်၏ ရှေ့မှောက်သို့ ရောက်လာကာ တွန့်ဆုတ်စွာ ပြောဆိုလိုက်၏။
" ငါ မင်းတို့ကို ပေးသနားထားတဲ့ အင်မော်တယ်အနှစ်သာရက နှစ်ပေါင်းသုံးသောင်းပဲ ခံမှာ... နှစ်သုံးသောင်း ကြာရင် အဲဒီအင်မော်တယ်အနှစ်သာရကို မင်းတို့ စုပ်ယူပြီးလောက်ပြီ... အဲဒီအချိန်ကျရင် မင်းတို့ ကပ်ဘေးခံယူရင်တောင် ပိုပြင်းထန်တဲ့ ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်လာမှာ မဟုတ်တော့ဘူး "
ကုချန်သည် ဖီးနစ်ဧကရာဇ်ကို တစ်ချက်ကြည့်လိုက်ကာ သူ၏ လက်အောက်ငယ်သား ဘာတွေးနေသည်ကို သိမြင်နေသကဲ့သို့ လျစ်လျူရှုကာ ပြောကြားလိုက်သည်။
" ဒါပေမယ့် ဒီနှစ်သုံးသောင်းအတွင်း မင်းတို့ ထျန်းကျွင်းအဆင့်ကို ရောက်နိုင်ရင်တော့... အင်မော်တယ်အနှစ်သာရက ပိုပြင်းထန်တဲ့ ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်ရင်တောင် ဒီဧကရာဇ် ကိုယ်တိုင် ဝင်ရှင်းပေးမယ် "
" ကျေးဇူးတင်ပါတယ် အရှင် "
ကုချန်၏ကတိစကားကို ကြားရသောအခါ ဖီးနစ်ဧကရာဇ်နှင့် ရှေးဟောင်းဧကရာဇ် ကျန်းထျန်းတို့၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ခြင်းများ မထိန်းချုပ်နိုင်အောင် ပေါ်လာတော့သည်။
အမှန်စင်စစ် သူတို့သည် ကုဝူရှန့်၏ ကြောက်မက်ဖွယ် ကပ်ဘေးခံယူခြင်းကို မြင်တွေ့ခဲ့ရသည့်အတွက် နောင်တစ်ချိန် သူတို့ ကပ်ဘေးခံယူသည့်အခါ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးမျိုး ကျရောက်လာမည်ကို စိုးရိမ်ပူပန်နေခဲ့ကြခြင်း ဖြစ်သည်။
ယခု ကုချန်၏အာမခံချက်ကို ရရှိလိုက်သဖြင့် သူတို့နှစ်ဦးလုံး စိတ်သက်သာရာ ရသွားကြလေသည်။
" ကဲ... မင်း အခု ဧကရာဇ်အဆင့်ကို ရောက်သွားပြီဆိုတော့ အရင်ဆုံး တံခါးပိတ်ကျင့်ကြံပြီး အခြေအနေကို ပြန်ဆန်းစစ်လိုက်ဦး... ပြီးရင် အဆုံးမဲ့ကမ္ဘာရဲ့ ဘဏ္ဍာတိုက်ထဲက မင်းလိုချင်တဲ့ အဆုံးစွန်မြင့်မြတ်ပစ္စည်းကို ယူပြီး ကိုယ်ပိုင် အဆုံးစွန်ဧကရာဇ်လက်နက်ကို သွားသွန်းလုပ်ချေ "
ကုချန်သည် ကုဝူရှန့်ကို ကြည့်ကာ ကျေနပ်အားရစွာ ပြောဆိုလိုက်၏။
လက်ရှိအချိန်တွင် အဆုံးမဲ့ကမ္ဘာ၏ ဘဏ္ဍာတိုက်၌ မရေမတွက်နိုင်သော မြင့်မြတ်ဘဏ္ဍာများနှင့် ထူးဆန်းသော ပစ္စည်းများ စုဆောင်းထားရှိ၏။ တားမြစ်နယ်မြေအသီးသီးကို ရှာဖွေသိမ်းပိုက်ပြီးနောက် ရရှိထားသော အဆုံးစွန်မြင့်မြတ်ပစ္စည်း အရေအတွက်သည် ဆယ်ခုထက် မနည်းပေ။ အဆုံးစွန်ဧကရာဇ်လက်နက် အနည်းငယ်ကို သွန်းလုပ်ခြင်းသည် အလွယ်ကူဆုံး ကိစ္စရပ်သာ ဖြစ်သည်။
ကုဝူရှန့်သည် လက်ရှိတွင် စွမ်းအားပိုင်းဆိုင်ရာ၌ ကုချန်၏ အထူးချွန်ဆုံး မျိုးဆက်သစ်ဖြစ်သည့်အတွက် ကုချန်သည် ဆုချီးမြှင့်ရန် ဝန်မလေးဘဲ ကိုယ်ပိုင် အဆုံးစွန်ဧကရာဇ်လက်နက် သွန်းလုပ်ရန်အတွက် အဆုံးစွန်မြင့်မြတ်ပစ္စည်းကို စိတ်ကြိုက်ရွေးချယ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
" ဪ... ပြီးတော့ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ထဲမှာ ဝင်ပြီး တံခါးပိတ်ကျင့်ကြံလို့ရတယ်... ငါ မိုးကြိုးကပ်ဘေးစွမ်းအား တော်တော်များများကို စုဆောင်းထားပြီး ကပ်ဘေးထဲက မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖယ်ရှားပေးထားတယ်.....
အဲဒါတွေက မင်းရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်လိမ့်မယ်... တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ထဲမှာ အင်မော်တယ်ဆေးပင်တွေ အများကြီး ရှိတယ်... အဲဒါတွေကို မင်း စားစရာမလိုဘူး... အဲဒီဆေးပင်တွေက ထုတ်လွှတ်တဲ့ ချီစွမ်းအင်ကတင် မင်းရဲ့ ရုပ်ခန္ဓာဒဏ်ရာတွေကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေမှာ "
ကုချန်သည် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ဆက်လက် ပြောကြားလိုက်သည်။
ကုချန်၏ စီစဉ်ပေးမှုကို ကုဝူရှန့်အနေဖြင့် ငြင်းဆန်စရာ အကြောင်းမရှိပေ။ ကုချန်ကို ရိုသေစွာ ဦးညွှတ်အရိုအသေပေးပြီးနောက် ထွက်ခွာသွားလေ၏။
ထိုမြင်ကွင်းသည် ဘေးနားရှိ ဖီးနစ်ဧကရာဇ်ကို အလွန်အမင်း မနာလိုဖြစ်သွားစေသည်။
သူသည်လည်း မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်ဖြစ်ပြီး မျိုးနွယ်စုအတွင်းရှိ မျိုးဆက်သစ်များကို မြှင့်တင်ပျိုးထောင်ပေးခဲ့ဖူးသူ ဖြစ်သည်။
သို့သော် သူသည် ကုချန်ကဲ့သို့ ရက်ရောနိုင်စွမ်း မရှိခဲ့ပေ။
အရှင်သခင်အဆင့် ကျင့်ကြံရာနေရာကို စိတ်ကြိုက်သုံးခွင့်ပေးခြင်း။
အဆုံးစွန်မြင့်မြတ်ပစ္စည်းများကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးခြင်း။
အင်မော်တယ်ဆေးပင်များဖြင့် စိတ်ကြိုက် ကုသခွင့်ပေးခြင်း။
သူ့အနေဖြင့် အများဆုံး လုပ်ပေးနိုင်သည်မှာ သူတော်စင် မဖြစ်သေးသူများ သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့်အောက် ကျင့်ကြံသူများကို ပျိုးထောင်ပေးခြင်းသာ ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားလျှင် သူ့တွင် ပျိုးထောင်ပေးရန် အထူးကောင်းမွန်သော နည်းလမ်း မရှိတော့ဘဲ ထိုသူတို့၏ ကံတရားအပေါ်တွင်သာ မူတည်ရတော့သည်။
သို့သော် အရှင်ကရော.....
သူသည် ဧကရာဇ်အဆင့် ရှိသူများကိုပင် ပေါ့ပေါ့ပါးပါး လမ်းညွှန်ပျိုးထောင်ပေးနိုင်နေသည်။
ကွာခြားချက်... ဤသည်မှာ ကွာခြားချက်ပင်တည်း။
ကိစ္စအဝဝကို စီစဉ်ပြီးနောက် ကုချန်သည် နန်းဆောင်သို့ ပြန်ကာ တံခါးပိတ်ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ထား၏။
သို့သော် ထိုအချိန်၌ သူသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ ဖြစ်သွား၏။ သူ၏အကြည့်များမှာ အနည်းငယ် လှုပ်ခတ်သွားကာ ကျယ်ပြောလှသော ကြယ်တာရာများ၏ အနက်ရှိုင်းဆုံးနေရာသို့ မော့ကြည့်လိုက်၏။ သူ၏အကြည့်သည် တောက်ပသော ကြယ်တာရာများကို ဖောက်ထွင်း၍ တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
ဟွမ်သွမ့်အင်မော်တယ် သင်္ကေတများဖြင့် တန်ဆာဆင်ထားသော ကျောက်သန္ဓေသားတစ်ခုသည် ကျယ်ပြောလှသော ကြယ်ပင်လယ်များကြားတွင် ဖြတ်သန်းသွားလာနေသည်ကို သူ မြင်လိုက်ရသည်။
" ဒီလောက်ကြာအောင် စောင့်နေခဲ့ပြီး နောက်ဆုံးတော့ မင်း ပေါ်လာခဲ့ပြီပဲ "
တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် ကုချန်၏ပုံရိပ်သည် ဝေဝါးသွားကာ မူလနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
အခန်း ( ၃၂၈ ) - အငြိုးအတေးများကို ဖြေရှင်းခြင်းနှင့် သေလမ်းရှာခြင်းက ပုရွက်ဆိတ်ကို ဖိသတ်လိုက်သကဲ့သို့ ဖြစ်နေခြင်း
အရင်က လော့ထျန်းနန်းတော်သည် လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်၍ သူ၏ပထမဆုံးတပည့်ဖြစ်သူ ယဲ့ယင်းယင်းအား လုပ်ကြံစေခဲ့ဖူးသည်။
ကုချန်သည် လော့ထျန်းနန်းတော်ကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီးနောက် လော့ထျန်းနန်းတော်သခင်၏ မှတ်ဉာဏ်များကို စစ်ဆေးကြည့်ရှုခဲ့ရာမှ ယဲ့ယင်းယင်းကို လုပ်ကြံရန် အဆက်မပြတ် ကြိုးပမ်းနေရခြင်း၏ အကြောင်းရင်းမှန်ကို သိရှိခဲ့ရသည်။ ၎င်းမှာ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ စေခိုင်းချက်ကြောင့်ပင် ဖြစ်သည်။
ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်သည် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ အမိန့်အရ လောကအနှံ့မှ ပါရမီရှင်များ၏သွေးကို စုဆောင်းရန်အတွက် ယဲ့ယင်းယင်းကို လုပ်ကြံလိုခြင်းဖြစ်သည်။
မြင့်မြတ်ခန္ဓာပိုင်ရှင် ယဲ့ယင်းယင်း၏ သွေးသည် ထိုစုဆောင်းမှုတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။
သို့သော် လော့ထျန်းနန်းတော်၏ ပထမအကြိမ် လုပ်ကြံမှုသည် ကုမိသားစု၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ပျက်ပြားခဲ့ရသည်။
နှစ်အနည်းငယ် ငြိမ်သက်နေပြီးနောက် ဒုတိယအကြိမ် လုပ်ကြံမှုသည်လည်း ကောင်းကင်နတ်သမီး ရှောင်းယွဲ့ကြောင့် ကျရှုံးခဲ့ရပြန်သည်။
မိမိ၏တပည့်ကို လုပ်ကြံရန် ကြိုးပမ်းလာသူ ရှိနေမှတော့ ကုချန်သည် လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် လော့ထျန်းနန်းတော်နှင့် ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက် နှစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက် ပျက်စီးသွားခဲ့သော်လည်း ပါရမီရှင်သွေးများကို စုဆောင်းရန် စေခိုင်းခဲ့သည့် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာမူ ဟွမ်သွမ့်ပင်လယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ကုချန်သည် ၎င်းရှိရာနေရာကို မသိရှိရသဖြင့် လတ်တလောတွင် လက်လွှတ်ထားခဲ့ရသည်။
သို့သော် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား တစ်နေ့ ပြန်လာမည်ကို ကုချန် သိနေခဲ့သည်။
ထို့ကြောင့် သူသည် ပျက်စီးသွားပြီဖြစ်သော ဆေးဖိုကိုးဖိုရှေးဟောင်းကြယ် အနီးတစ်ဝိုက်တွင် မြင့်မြတ်စိတ်အာရုံတစ်စွန်းတစ်စကို ချန်ထားရစ်ခဲ့၏။
၎င်းမှာ အနာဂတ်တွင် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား ပြန်လာသည့်အခါ ချက်ချင်း သိရှိနိုင်ရန်နှင့် အမြစ်ပြတ်ချေမှုန်း၍ နောင်ရေးစိတ်အေးရစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ယခုလေးတင် ကုချန်၏ မြင့်မြတ်စိတ်အာရုံသည် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား ပြန်လည်ရောက်ရှိလာသည်ကို အာရုံခံမိလိုက်သည်။
ထို့ကြောင့် သူသည် ဟိုယခင်က ကျန်ရှိနေသော အငြိုးအတေးများကို အပြီးတိုင် ရှင်းလင်းရန် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
...
အဆုံးမဲ့ကမ္ဘာ၏ နက်ရှိုင်းသော နေရာတစ်နေရာ၌.....
အေးစက်၍ တိတ်ဆိတ်ငြိမ်သက်နေသော လေဟာနယ်အတွင်း၌ လူခေါင်းအရွယ်အစားခန့်ရှိ၍ ဟွမ်သွမ့်အင်မော်တယ်သင်္ကေတများ ဖုံးလွှမ်းနေသော ကျောက်သန္ဓေသားတစ်ခုသည် မဟာစကြာဝဠာကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် ဆေးဖိုကိုးဖိုရှေးဟောင်းကြယ် တည်ရှိရာနေရာဆီသို့ ဦးတည်ပျံသန်းလာနေသည်။
" ဒုက္ခများလိုက်တာ တကယ်ကို ဒုက္ခများတာပဲ... ရုပ်ခန္ဓာကို ပြန်လည်ပုံဖော်ရတာ ဒီလောက် ခက်ခဲလိမ့်မယ်လို့ ထင်မထားဘူး "
" နှစ်တွေ အများကြီး ကြာသွားပြီဆိုတော့ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်က ငါကိုယ်တော်လိုချင်တာတွေကို စုဆောင်းပြီးလောက်ရောပေါ့ "
" သူတို့ စုဆောင်းထားမယ်လို့ မျှော်လင့်ရတာပဲ... မဟုတ်ရင် ငါ ကိုယ်တိုင် အားစိုက်ထုတ်ရဦးမယ်..... "
အင်မော်တယ်သန္ဓေသားသည် မဟာစကြာဝဠာကို ဖြတ်၍ပျံသန်းလာစဉ် ကိုယ်အတွင်းမှ ဝေဝါးသော စွမ်းအင်လှိုင်းများ ထွက်ပေါ်နေလေသည်မှာ စိတ်ကူး၍ပင် မရနိုင်သော မြင့်မြတ်ဝိညာဉ်တစ်ခု ဖြစ်တည်နေသကဲ့သို့ပင်။
မကြာမီ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် ဆေးဖိုကိုးဖိုရှေးဟောင်းကြယ် တည်ရှိခဲ့ရာ နေရာသို့ ရောက်ရှိလာခဲ့သည်။
သို့သော် မူလက ဆေးဖိုကိုးဖိုရှေးဟောင်းကြယ် တည်ရှိခဲ့သော နေရာတွင် ကြေမွနေသော ဥက္ကာခဲ အပိုင်းအစများသာ ကျန်ရှိတော့သည်ကို တွေ့ရှိလိုက်ရသောအခါ အင်မော်တယ်ကျောက်တုံး မျက်နှာပြင်ပေါ်ရှိ ဟွမ်သွမ့်အင်မော်တယ်သင်္ကေတများမှာ ရုတ်တရက် လင်းလက်တောက်ပလာတော့သည်။
ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား အတွင်းမှ ပြင်းထန်သော ဒေါသများ ပေါက်ကွဲထွက်ပေါ်လာ၏။
" ဘယ်သူလဲ... ဘယ်သူ လုပ်တာလဲ "
" သောက်ကျိုးနည်း... တကယ် သောက်ကျိုးနည်းပဲ "
ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားထံမှ နက်ရှိုင်းသော မုန်းတီးမှုနှင့် ဒေါသတရားများ ပေါက်ကွဲထွက်ပေါ်လာ၏။
ဆေးဖိုကိုးဖိုရှေးဟောင်းကြယ်သည် အမည်မသိ လူတစ်ယောက်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီ ဖြစ်ကြောင်း ၎င်း ချက်ချင်း နားလည်လိုက်သည်။ ထို့အပြင် ထိုကြယ်ပေါ်တွင် မှီတင်းနေထိုင်သော ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ ကံကြမ္မာမှာလည်း ရှင်းလင်းနေပြီ ဖြစ်သည်။ သူတို့သည် ရှေးဟောင်းကြယ်နှင့်အတူ ပျက်စီးသွားခဲ့ပြီမှာ သေချာ၏။
ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက် ပျက်သုဉ်းသွားခြင်းသည် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားအတွက် မည်သို့မျှ အရေးမပါသော်လည်း ၎င်း စေခိုင်းထားသော တာဝန်များ မပြီးမြောက်တော့ခြင်းကြောင့် အလွန်အမင်း ဒေါသထွက်နေလေသည်။
" ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးရဲတဲ့ကောင်... မင်း ပေးဆပ်ရမယ့် တန်ကြေးကို နားလည်စေရမယ် "
ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ တုန်ခါသွားလျက် ၎င်း၏ နက်ရှိုင်းသော မုန်းတီးမှုအရှိန်အဝါများသည် လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ဥက္ကာခဲများကိုပင် အမှုန့်ဖြစ်စေခဲ့သည်။
ထို့နောက် လေဟာနယ်အတွင်း၌ အဆုံးမဲ့တာအို ဥပဒေသများ စုစည်းလာကာ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သော အတိတ်မြင်ကွင်းကို ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းလာတော့သည်။
ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကို ချေမှုန်းခဲ့သည့် တရားခံကို ရှာဖွေကာ သူ့အား ပြစ်မှားခြင်း၏ တန်ကြေးကို နားလည်အောင် ပြရမည်။
သို့သော် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား အတိတ်ကို အပြည့်အဝ မမြင်တွေ့ရသေးမီမှာပင်.....
အာကာသ လေဟာနယ်အတွင်း၌ နှင်းဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာကာ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို အဝေးမှ ငုံ့ကြည့်နေလေသည်။
" မင်းပဲလား "
ကုချန်၏ပုံရိပ်ကို မြင်လိုက်ရသည့် ခဏ၌ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ တစ်စုံတစ်ခုကို နားလည်လိုက်၏။
ဤလူသည် ဆေးဖိုကိုးဖိုရှေးဟောင်းကြယ် တည်ရှိရာနေရာကို သိရှိ၍ သူပြန်ရောက်လာသည့် အခိုက်အတန့်၌ ချက်ချင်း ရောက်ရှိလာနိုင်သည်ကို ကြည့်ရသည်မှာ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကို ချေမှုန်းခဲ့သူပင် ဖြစ်ရပေမည်။
သို့သော် ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်ကို ဖျက်ဆီးပြီးတာတောင်မှ ပြန်လာရဲလောက်အောင် သတ္တိကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
" မင်းက ငါဘုရင်ကြီးရဲ့ လက်အောက်ငယ်သားကို သတ်ခဲ့တာပဲ မင်းရဲ့ အပြစ်ကို မင်းသိလား "
ကုချန် စကားမပြောရသေးမီ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှ မောက်မာသော လေသံဖြင့် ဦးအောင် ပြောဆိုလိုက်သည်။ ၎င်းသည် ကုချန်ကို အထင်သေးစွာဖြင့် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။
ငါဘုရင်ကြီး ဟုတ်လား။
တောက်ပနေသော ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို ကြည့်ကာ ကုချန် တွေးတောလိုက်မိ၏။
ယခင်က သူ စစ်ဆေးခဲ့ဖူးသော ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ မှတ်ဉာဏ်များအရ ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို မင်းဆက်တည်ထောင်သူ ဆေးဖိုကိုးဖိုမဟာဧကရာဇ်မှ ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းသော နေရာမှ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ထိုသန္ဓေသားကို သယ်ဆောင်လာပြီး မကြာမီမှာပင် ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကို အောင်မြင်ခဲ့သည်။
ယခု ဤသန္ဓေသားမှ ကိုယ့်ကိုယ်ကိုယ် "ငါဘုရင်ကြီး" ဟု သုံးနှုန်းနေကာ ၎င်း၏ခန္ဓာကိုယ်တွင်လည်း သေမျိုးအဆင့်ထက် ကျော်လွန်သော အင်မော်တယ်တာအို ချီစွမ်းအင်များ ပါဝင်နေသည်ကို ကြည့်ရသည်မှာ.....
ဤသန္ဓေသား၏ မူလဇစ်မြစ်သည် အင်မော်တယ်နယ်မြေမှ ဖြစ်နေနိုင်သလော။
ထို့အပြင် ဆေးဖိုကိုးဖိုမဟာဧကရာဇ် အင်မော်တယ်နယ်မြေသို့ တက်လှမ်းနိုင်ခဲ့ခြင်းသည်လည်း ဤသန္ဓေသားနှင့် သက်ဆိုင်နေနိုင်သည်။
ကုချန်၏ စုံစမ်းသိရှိရမှုအရ ကောင်းကင်ချောက်နက်ကြီး၏ အဆုံးတွင် အင်မော်တယ်တံခါးပေါက်တစ်ခု ရှိနေကာ အင်မော်တယ်ဘုရင်အဆင့်အောက် မည်သူမျှ ဤဘက်မှ ဖွင့်၍ မရနိုင်ပေ။
ကောင်းကင်ဧကရာဇ်အဆင့်ကို ပိုင်ဆိုင်ထားသော ကုချန်ပင်လျှင် ထိုတံခါးကို ဖွင့်၍ အင်မော်တယ်နယ်မြေသို့ မသွားရောက်နိုင်ချေ။
သို့ပါလျက် ထိုအချိန်က အရှင်သခင်အဆင့်သာ ရှိသေးသော ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်း။
ဤကိစ္စမှာ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားနှင့် ပတ်သက်နေသည်မှာ သေချာသလောက် ရှိသည်။
ထိုအကြောင်းကို တွေးမိသောအခါ ကုချန်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာ၏။
သူသည် ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ စကားကို ပြန်လည်ဖြေကြားခြင်း မပြုဘဲ လက်ဝါးကို ဆန့်တန်း၍ သန္ဓေသားဆီသို့ ကြမ်းတမ်းစွာ လှမ်းဖမ်းလိုက်တော့သည်။
ဤသန္ဓေသားကို ဖမ်းဆီး၍ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လိုက်ပါက အမှန်တရားအားလုံး ပေါ်လာပေလိမ့်မည်။
" ဟမ်... မင်းက ငါဘုရင်ကြီးကို တိုက်ခိုက်ရဲတယ်ပေါ့ သေချင်နေတာပဲ "
ကုချန်မှ စကားတစ်ခွန်းမျှ မဆိုဘဲ တိုက်ခိုက်လာသည်ကို မြင်သောအခါ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ ဒေါသထွက်သွား၏။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ မရေမတွက်နိုင်သော ဟွမ်သွမ့်အင်မော်တယ်သင်္ကေတများမှာ လင်းလက်လာ၍ ဟွမ်သွမ့်တာအိုသင်္ကေတများဖြင့် ဖွဲ့စည်းထားသော ပိုက်ကွန်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံ၍ ကုချန်အပေါ်သို့ ကျဆင်းလာတော့သည်။
" အောက်ဘုံက ပုရွက်ဆိတ်လေးကများ ဒီဘုရင်ကြီးကို တိုက်ခိုက်ရဲတယ် မင်း သေလမ်းကို ရွေးလိုက်ပြီပဲ "
ကုချန်အား သူ ထုတ်လွှတ်လိုက်သော တာအိုဥပဒေသပိုက်ကွန်ကြားတွင် ပိတ်မိ၍ မလှုပ်ရှားနိုင်ဖြစ်နေမည်ကို ကြိုတင်မြင်ယောင်ကာ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် အောင်နိုင်သူအလား ပြောဆိုလိုက်၏။
၎င်း၏ မြင့်မြတ်သော ဂုဏ်ပုဒ်နှင့် ယှဉ်လျှင် အောက်ဘုံမှ ပုရွက်ဆိတ်များသည် အာရုံစိုက်စရာပင် မလိုပေ။ ဧကရာဇ်အဆင့် ကျင့်ကြံသူဆိုသည်များမှာလည်း ခြွင်းချက် မဟုတ်ချေ။
ဤလူသည် သူ့အား တိုက်ခိုက်ရဲသည်ဖြစ်ရာ ကောင်းကင်အထက်တွင် ကောင်းကင်ရှိ၍ လူစွမ်းလူစ ရှိသေးကြောင်း သိသွားစေရန် ပညာပေးရပေမည်ဟု ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှ တွေးလိုက်၏။
သို့သော် နောက်တစ်ခဏ၌ အင်မော်တယ်သန္ဓေသား၏ မျက်နှာပြင်ပေါ်ရှိ အလင်းရောင်များမှာ ရုတ်တရက် တောင့်တင်းသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် ကျဆင်းလာသော တာအိုဥပဒေသပိုက်ကွန်သည် ကုချန်၏ ဆန့်တန်းထားသော လက်ဝါးကို အနည်းငယ်မျှပင် ဟန့်တားနိုင်ခြင်း မရှိဘဲ အလွယ်တကူ စုတ်ဖြဲခံလိုက်ရသောကြောင့် ဖြစ်သည်။
ထို့နောက် ကုချန်၏လက်ဝါးကြီးသည် အရှိန်မသေဘဲ မဟာစကြာဝဠာကို ဖြတ်သန်းကာ ဆေးလုံးတစ်လုံးကို ကောက်ယူလိုက်သကဲ့သို့ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို မြဲမြံစွာ ဖမ်းဆုပ်လိုက်လေတော့သည်။