← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 24 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 24 Ch. 329-330

‎အခန်း ( ၃၂၉ ) - အင်မော်တယ်သန္ဓေသား ပေါက်ဖွားခြင်း၊ ဟွမ်သွမ့်အင်မော်တယ်ဘုရင်? စိတ်ဝင်စားဖို့ကောင်းသားပဲ

‎

‎

‎

‎ကုချန်၏ လက်ဖဝါးအတွင်း၌ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် မနားတမ်း တုန်ခါနေ၏။ ၎င်း၏မျက်နှာပြင်ပေါ်ရှိ ဟွမ်သွမ့်အင်မော်တယ်တံဆိပ်များမှာ အဆုံးမရှိ ပြန့်ကားလာကာ ကုချန်၏လက်မှ ရုန်းထွက်၍ ထွက်ပြေးရန် ကြိုးစားနေ၏။

‎

‎

‎သို့သော် ကုချန်၏လက်ချောင်းများမှာ သံမဏိကဲ့သို့ မာကျောလှကာ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို လုံးဝမလှုပ်နိုင်အောင် လက်ဖဝါးထဲ၌ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

‎

‎

‎" ဘာ...! "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ တုန်ခါသွားလျက် မယုံကြည်နိုင်သော အတွေးတစ်ခု ဖြစ်ပေါ်လာ၏။

‎

‎

‎၎င်းသည် ယခင်ကဲ့သို့ အထွက်အထိပ်အဆင့်သို့ ပြန်မရောက်သေးသော်လည်း ဤအောက်ဘုံ၌မူ အနှိုင်းမဲ့ တည်ရှိမှုမျိုး ဖြစ်သင့်ပေသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာဟု ခေါ်တွင်သော ဤနေရာတွင် မွေးဖွားလာသည့် အစွမ်းထက်ဆုံးသူများသည်ပင် အရှင်သခင်အဆင့်သာ ရှိကြသည်။ ၎င်းမှာမူ စစ်မှန်သောအင်မော်တယ်အဆင့်တစ်ဝက်အထိ ခွန်အားများ ရှိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် အလွယ်တကူ နှိမ်နင်းနိုင်ရမည် မဟုတ်ပါလော။

‎

‎

‎ယခုမူ ကုချန်မှာ သူ့အား အားစိုက်စရာမလိုဘဲ ချုပ်ကိုင်ထားလေပြီ။ ဒါဟာဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို မယုံကြည်နိုင်အောင် ဖြစ်စေရုံသာမက ဘာလုပ်ရမှန်းမသိအောင်ပါ ဖြစ်သွားစေသည်။

‎

‎

‎ဤလူသည် စစ်မှန်သောအင်မော်တယ်တစ်ယောက် ဖြစ်နေလေသလား။ ဤကဲ့သို့သော အောက်ဘုံငယ်လေးတွင် စစ်မှန်သောအင်မော်တယ်တစ်ယောက် မည်သို့ မွေးဖွားလာနိုင်မည်နည်း။

‎

‎

‎" မင်းက တကယ်ပဲ ဘယ်သူလဲ "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် တုန်ခါလျက် ကုချန်၏နောက်ကြောင်းကို မေးမြန်းရန် ကြိုးစားလေသည်။

‎

‎

‎သို့သော် ကုချန်မှာ အဖြေပေးရန် စိတ်မဝင်စားပေ။ သူသည် သန္ဓေသားကို ချေမွကာ ၎င်း၏ မြင့်မြတ်သောဝိညာဉ်ကို ထုတ်ယူ၍ လျှို့ဝှက်ချက်များကို စစ်ဆေးရန်သာ ရည်ရွယ်ထားသည်။

‎

‎

‎ကုချန်မှ စကားပြောရန် စိတ်မဝင်စားသည်ကို မြင်သောအခါ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ ပျာယာခတ်သွားပုံရကာ ရုတ်တရက် တုန်ခါသွားလျက် မျက်နှာပြင်ရှိ ဟွမ်သွမ့်အင်မော်တယ်တံဆိပ်များမှာ နေမင်း၏ အလင်းထက်ပင် ပိုမိုတောက်ပလာ၏။

‎

‎

‎" ငါ့ကို လျစ်လျူရှုပြီး အချိန်မတိုင်ခင် ထွက်လာအောင် လုပ်တဲ့အတွက် မင်း ကြီးလေးတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ် "

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားဆီမှ အံကြိတ်သံတစ်သံ ထွက်ပေါ်လာ၏။

‎

‎

‎နောက်တစ်ခဏတွင် သန္ဓေသား၏ မျက်နှာပြင်နှင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ သွေးစက်များစွာ ရုတ်တရက် ပေါ်ပေါက်လာကာ အရပ်မျက်နှာအနှံ့မှ သန္ဓေသားပေါ်သို့ စီးဆင်းလောင်းချလိုက်လေ၏။ ထိုအခါ နဂိုက မြင့်မြတ်စွာ ပျံသန်းနေသည့် အင်မော်တယ်ပုံရိပ်များမှာ အလွန်ပင် ဆွဲဆောင်မှုရှိသော အဆင်းသို့ ပြောင်းလဲသွားလေတော့သည်။

‎

‎

‎ထိုသွေးစက်များအတွင်းရှိ တုန်ခါမှုများမှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အချို့သော သွေးများမှာ မြင့်မြတ်သော ရွှေရောင်ရင့်ရင့်နှင့် ခရမ်းရောင်ဖျော့ဖျော့တို့ပင် ဖြစ်နေသည်။ထိုသွေးအားလုံးမှာ သာမန်သွေးများ မဟုတ်ကြဘဲ ထူးခြားသော ပါရမီရှင်များ၏ သွေးများ ဖြစ်ကြကာ ယဲ့ယင်းယင်း၏ မြင့်မြတ်သောသွေးနှင့် မနှိုင်းယှဉ်နိုင်လျှင်ပင် သိပ်ပြီး မကွာခြားလှပေ။

‎

‎

‎" ဒါက ဒီဟွမ်သွမ့်အင်မော်တယ်သန္ဓေသား နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ပါရမီရှင်သွေးတွေလား "

‎

‎

‎ပါရမီရှင်သွေးများစွာဖြင့် လောင်းချခြင်းခံနေရသော သန္ဓေသားကိုကြည့်ကာ ကုချန်မှာ တွေးတောနေမိသည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် ကုချန်၏ ဖိအားပေးမှုကို အမှန်တကယ် ခံစားနေရပုံရသည်။ ၎င်းသည် လိုအပ်သော ပါရမီရှင်သွေးအားလုံးကို မရရှိသေးသော်လည်း ယခုအခါ ကုချန်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသဖြင့် ကုချန်ကို ပြန်လည်ခုခံရန် ဤသွေးများကို အချိန်မတိုင်မီ အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

‎

‎

‎ကုချန်သည် ထိုအဖြစ်အပျက်အားလုံးကို စိတ်ဝင်တစား ကြည့်ရှုနေကာ တားဆီးရန် အစီအစဉ်ရှိပုံမရပေ။

‎

‎

‎ဤသန္ဓေသားသည် ယခုအချိန်တွင် စစ်မှန်သောအင်မော်တယ်ပင် မဟုတ်သေးရာ ပါရမီရှင်သွေးများစွာဖြင့် လောင်းချလိုက်လျှင်ပင် ဘာတတ်နိုင်မည်နည်း။

‎

‎

‎ကုချန်၏ အမှန်တကယ် တိုက်ခိုက်ရေးစွမ်းရည်မှာ အင်မော်တယ်အရှင်သခင်ကိုပင် နှိမ်နင်းနိုင်၏။

‎

‎

‎သူ၏ ဒုတိယကိုယ်ပွားနှင့် ပေါင်းစပ်လိုက်လျှင်မူ အင်မော်တယ်ဘုရင် နှင့် ယှဉ်နိုင်သော ထိတ်လန့်ဖွယ် စွမ်းအားကို ချက်ချင်း ပိုင်ဆိုင်နိုင်သည်။

‎

‎

‎ဤသန္ဓေသား၏ နောက်ကြောင်းမှာ မည်မျှပင် လျှို့ဝှက်ဆန်းပြားနေပါစေ စစ်မှန်သောအင်မော်တယ်တစ်ပိုင်းအဆင့်မှ အင်မော်တယ်ဘုရင်အဆင့်သို့ ခုန်တက်သွားနိုင်မည်ဟု ထင်နေသလော။

‎

‎

‎ဤသို့သော နည်းလမ်းမျိုးမှာ အဆင့်တူသူချင်း တိုက်ခိုက်ရာတွင်သာ အသုံးဝင်ပေလိမ့်မည်။

‎

‎

‎သို့သော် ခွန်အားချင်း အလွန်အမင်း ကွာခြားနေသည့် သူတစ်ဉီး၏ ရှေ့မှောက်တွင်မူ ဤနည်းလမ်းများမှာ ပြက်လုံးတစ်ခုသာ ဖြစ်သည်။

‎

‎

‎" ဂျွတ်... ဂျွတ်... "

‎

‎

‎ပါရမီရှင်သွေးများ လောင်းချလိုက်သည်နှင့်အမျှ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ မျက်နှာပြင်မှာ တစ်ခုပြီးတစ်ခု အက်ကွဲလာကာ အတွင်းမှ သက်ရှိတစ်ဉီး မွေးဖွား ထွက်ပေါ်လာတော့မည့်အတိုင်း ဖြစ်နေသည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်တံဆိပ်များမှာလည်း ကြက်သွေးရောင်သို့ ပြောင်းလဲသွားလျက် အချိန်နှင့်အမျှ ပျက်စီးသွားကာ သန့်စင်သော စွမ်းအင်များအဖြစ် သန္ဓေသား၏ အတွင်းပိုင်းသို့ နစ်မြုပ်သွားလေသည်။

‎

‎

‎ဝေဝါးသော အင်မော်တယ်အလင်းတန်းများမှာ အရာအားလုံးကို ဖုံးလွှမ်းသွား၏။

‎

‎

‎ဝေဝါးစွာဖြင့် မြင်ရသည်မှာ သန္ဓေသားအတွင်း၌ အကောင်တစ်ခုသည် အမှန်တကယ် ကြီးထွားလာကာ အခွံကို ဖောက်ထွက်၍ လောကထဲသို့ ဆင်းသက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

‎

‎

‎" ဂျွတ်... ဂျွတ်... ဂျွတ်... ဂျွတ်... "

‎

‎

‎နောက်ဆုံးတွင် သန္ဓေသား၏ မျက်နှာပြင်အနှံ့ အက်ကြောင်းများဖြင့် ပြည့်နှက်သွားပြီး အလှပဆုံးသော ကြွေအိုးတစ်လုံး အပိုင်းပိုင်းကွဲအက်သွားသည့်နှယ် ဖြစ်သွား၏။

‎

‎

‎သန္ဓေသားအတွင်းမှ ပြင်းထန်သော မကောင်းဆိုးဝါးအငွေ့အသက်များ ထွက်ပေါ်လာသည်နှင့်အတူ ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ ဟိန်းဟောက်သံနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်သွားလေတော့သည်။

‎

‎

‎ထိုသန္ဓေသားအတွင်းမှ ပုံရိပ်တစ်ခုမှာ ပေါက်ကွဲမှု၏အရှိန်ကို အသုံးပြု၍ ကုချန်၏ လက်ဖဝါးအတွင်းမှ လွတ်မြောက်သွားတော့သည်။

‎

‎

‎သေချာကြည့်လိုက်သောအခါ ကုချန်၏ လက်ဖဝါးအတွင်းမှ လွတ်မြောက်သွားသည်မှာ အမှန်တကယ်ပင် သက်ရှိသတ္တဝါတစ်ဦး ဖြစ်နေ၏။

‎

‎

‎သူ၏ရုပ်သွင်မှာ လူသားနှင့်တူကာ ကြံ့ခိုင်သော ကိုယ်လုံးကိုယ်ပေါက် ရှိ၏။ သို့သော် သူ၏ အသားအရေနှင့် ဆံပင်မှာ အနက်ရောင် ရောယှက်နေသော ရွှေရောင်ရင့်ရင့် ဖြစ်ကာ မျက်လုံးများမှာ မျက်ဖြူမရှိဘဲ ဟွမ်သွမ့်အရောင်သာ ရှိနေ၏။

‎

‎

‎" အချိန်တွေ စီးဆင်းနေတာ ဂင်္ဂါမြစ်ထဲက သဲပွင့်တွေလိုပဲ... ငါက ဟွမ်သွမ့်အင်မော်တယ်ဘုရင်... ငါက ပထမဆုံးသော အင်မော်တယ်ဘုရင်ပဲ "

‎

‎

‎ထိုရွှေရောင်အသားအရေနှင့် ပုဂ္ဂိုလ်၏ အသံမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားလှကာ ကုချန်ကို အထက်စီးမှ ငုံ့ကြည့်လျက် ဆိုနေ၏။

‎

‎

‎သူ စကားပြောလိုက်သည်နှင့်အမျှ သူ၏ ဘေးပတ်ပတ်လည်ရှိ စကြဝဠာ ကြယ်တာရာကောင်းကင်တွင် စစ်မှန်သောအင်မော်တယ်များ၏ ပုံရိပ်ယောင်များ ပေါ်လာကာ သူ့အား အရိုအသေပေးလျက် မနားတမ်း ဝတ်ပြုနေကြသည်။

‎

‎

‎ထိုရွှေရောင်အသားအရေနှင့် ပုဂ္ဂိုလ်သည် စကြဝဠာအရပ်ရပ်မှ စစ်မှန်သောအင်မော်တယ်များ၏ ကိုးကွယ်မှုကိုခံရသည့် အင်မော်တယ်ဘုံ၏ မြင့်မြတ်သော အင်မော်တယ်ဘုရင်တစ်ပါး အမှန်တကယ် ဖြစ်နေသည့်နှယ်ပင်။

‎

‎

‎သို့သော် မိမိကိုယ်ကို ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုသော ထိုသူ၏ အသွင်ပြောင်းမှုကို ရင်ဆိုင်ရရာတွင် ကုချန်သည် နှုတ်ခမ်းကို အနည်းငယ် တွန့်ကွေးရုံသာ ပြုံးလိုက်ကာ မှတ်ချက်ပေးလိုက်၏။

‎

‎

‎" နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းသားပဲ "

‎

‎

‎မှန်ပေသည်။ အနည်းငယ်မျှသာ စိတ်ဝင်စားဖို့ ကောင်းခြင်း ဖြစ်သည်။

‎

‎

‎မိမိကိုယ်ကို ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုသော ထိုသူ ထွက်ပေါ်လာပြီးနောက် သူ၏ခွန်အားမှာ အမှန်တကယ်ပင် တဟုန်ထိုး တက်လာခဲ့သည်။ စစ်မှန်သောအင်မော်တယ်တစ်ပိုင်းအဆင့်မှ အင်မော်တယ်အရှင်သခင်အဆင့်သို့ ခုန်တက်သွားခြင်း ဖြစ်သည်။

‎

‎

‎ဤထိတ်လန့်ဖွယ်ရာ အသွင်ပြောင်းမှုမှာ ဧကရာဇ်အဆင့်ခန္ဓာကိုယ်ဖြင့် အင်မော်တယ်အရှင်သခင်ကို ပြန်လည်နှိမ်နင်းနိုင်သော ကုချန်နှင့် ယှဉ်လျှင် အလှမ်းဝေးနေသေးသော်လည်း သာမန်သတ္တဝါများ၏ မျက်လုံးထဲတွင်မူ အံ့ဖွယ်တစ်ပါးကဲ့သို့ပင်။

‎

‎

‎ဤဟွမ့်သွမ့်အင်မော်တယ်သန္ဓေသားအတွင်းမှ ပုဂ္ဂိုလ်သည် တစ်ချိန်က အင်မော်တယ်ဘုရင်အဆင့်တွင် အမှန်တကယ် တည်ရှိခဲ့ပုံရသည်။

‎

‎

‎သို့မဟုတ်ပါက သူသည် ဤမျှလောက်ကြီးမားသော ခွန်အားကို ခုန်ပျံကျော်လွှားလျက် မည်သို့ ရရှိနိုင်မည်နည်း။

‎

‎

‎ထိုအဆင့်တွင် တစ်ချိန်က နေထိုင်ခဲ့ဖူးမှသာ ယခုအခါ အချို့သော နည်းလမ်းများကို အသုံးပြု၍ သူ၏ယခင်ခွန်အားကို လျင်မြန်စွာ ပြန်လည်ရရှိနိုင်ခြင်း ဖြစ်ပေမည်။

‎

‎

‎ယခင်က အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ခဲ့သူသည် ယခု ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသားငယ်လေးအတွင်း၌ ရှိနေသည်လော။

‎

‎

‎ကုချန်၏ စိတ်ဝင်စားမှုမှာ ပိုမိုပြင်းထန်လာ၏။ သူသည် ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ နောက်ကြောင်းကို ပို၍ စူးစမ်းချင်နေမိသည်။

‎

‎

‎ထို့ထက် ပိုအရေးကြီးသည်မှာ သူသည် ဤသန္ဓေသားမှတစ်ဆင့် ထိုအင်မော်တယ်တံခါးကို အမှန်တကယ် ဖြတ်ကျော်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေလိမ့်မည်။

‎

‎

‎ကုချန်သည် သူ၏စကားများအပေါ် မည်သို့မျှ တုန်လှုပ်ခြင်းမရှိသည့်အပြင် မုဆိုးတစ်ယောက်၏ ထူးခြားသော ကြည့်နည်းမျိုးဖြင့် သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူ့ကိုယ်သူ ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုသော ထိုသူ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။

‎

‎

‎ဤလူသည် အလွန်အမင်း မောက်မာလွန်းလှသည်။ သိက္ခာရှိလှသော ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဖြစ်သည့် သူ့ကို သားကောင်တစ်ကောင်ကဲ့သို့ မည်သို့ဝံ့ဝံ့ ဆက်ဆံရဲသနည်း။ ဤသည်က သေတွင်းရှာနေခြင်းပင်။

‎

‎

‎သူသည် ဒေါသတကြီးဖြင့် ကုချန်ကို လက်ဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်လေတော့သည်။

‎

‎အခန်း ( ၃၃၀ ) - အသာစီးဖြင့် ဖိနှိပ်ခြင်း၊ ရက်စက်စွာ ချေမွခြင်း၊ ငါက သူမဟုတ်ဘူး

‎

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မောက်မာရုံသာမက သူ့ကိုယ်သူလည်း အလွန်ယုံကြည်မှု ရှိနေသည်။

‎

‎

‎သူသည် အထက်စီးမှ ငုံ့ကြည့်လျက် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော သူ၏လက်ကြီးဖြင့် ကုချန်ကို ယခင်အတိုင်း ပြန်လည်ဖမ်းဆီးရန် ကြံရွယ်လိုက်သည်။ ဤသည်မှာ ယခင်က အစော်ကားခံရမှုကို လက်စားချေရန်ပင် ဖြစ်၏။

‎

‎

‎“ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး... သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ... ငါ့ကို ဒေါသထွက်အောင် လုပ်တဲ့သူက သွေးစွန်းတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ် ”

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ အေးစက်စွာ ပြောလိုက်၏။ သူသည် ကုချန်အား သူ၏လက်ဖဝါးထဲမှ ကစားစရာတစ်ခုကဲ့သို့ မြင်နေကာ ကုချန်၏အသက်ရှင်ခြင်း သေခြင်းကို သူ၏စကားတစ်ခွန်းဖြင့် ဆုံးဖြတ်နိုင်သည်ဟု ထင်နေလေသည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ လက်ဖဝါးသည် ကြယ်တာရာကောင်းကင်ကို ဖြတ်ကျော်သွားရာ ကြယ်များအားလုံး အရောင်မှိန်သွား၍ အရေးမပါသော အလှဆင်ပစ္စည်းများကဲ့သို့ ဖြစ်သွား၏။

‎

‎

‎ထိုလက်ဖဝါးမှာ စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး၏ လက်ကဲ့သို့ပင် စကြဝဠာတစ်ခုလုံးကို သူ၏လက်ထဲ၌ ချေမွပစ်တော့မည့်အတိုင်းပင်။

‎

‎

‎သို့သော် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ လက်ကြီး ရောက်လာသော်လည်း ကုချန်၏ မျက်နှာတွင်မူ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင်တစ်ခုမျှ မရှိပေ။

‎

‎

‎ယခုအချိန်တွင် စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး ကိုယ်တိုင် ရောက်လာလျှင်ပင် သူ့ကို အနည်းငယ်မျှပင် တုန်လှုပ်စေနိုင်မည် မဟုတ်ပေ။အင်မော်တယ်အရှင်သခင် အဆင့်လေးက ဘာများ တတ်နိုင်မည်နည်း။

‎

‎

‎နတ်ဆိုးနယ်မြေ၌ သူ သတ်ဖြတ်ခဲ့သော အင်မော်တယ်အရှင်သခင် အရေအတွက်မှာ လက်တစ်ဖက်စာထက် ကျော်လွန်နေပြီ ဖြစ်သည်။ ထို့ပြင် သူတို့ထဲမှ အများစုမှာ အင်မော်တယ်အရှင်သခင်အဆင့်၏ ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြပြီး အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူများ ဖြစ်ကြသည်။

‎

‎

‎“ မင်းရဲ့ အခြေအနေကို မင်း ခုထိ သဘောမပေါက်သေးဘူးပဲ ”

‎

‎

‎ကုချန်မှ အေးစက်စွာ ပြောဆိုလိုက်ကာ သူ ဆန့်ထုတ်ထားသော လက်ကို ပြန်မရုပ်ဘဲ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ လက်ကြီးဆီသို့ တိုးဝင်ကာ ရိုက်ချလိုက်တော့သည်။

‎

‎

‎ကောင်းကင်ကို ဖုံးလွှမ်းကာ နေမင်းကို ကွယ်နိုင်စွမ်းရှိသော ဧရာမ လက်ဖဝါးနှစ်ခုမှာ ကြယ်တာရာကောင်းကင်၌ ထိပ်တိုက်တွေ့ဆုံသွားကြ၍ ထိုနေရာရှိ အရာခပ်သိမ်းကို ဖုန်မှုန့်နှင့် လေဟာနယ်အဖြစ်သို့ ချက်ချင်း ပြောင်းလဲပစ်လိုက်သည်။

‎

‎

‎သမုဒ္ဒရာကဲ့သို့ ကျယ်ပြောလှသော စွမ်းအင်ဂယက်များမှာ အဆုံးမဲ့ကမ္ဘာတစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားရာ သတ္တဝါအပေါင်းမှာ ထိတ်လန့်တကြားဖြင့် ထိုနေရာသို့ လှမ်းကြည့်မိလိုက်ကြသည်။

‎

‎

‎ကြယ်တာရာကောင်းကင်၏ အနက်ရှိုင်းဆုံးနေရာတွင် ဘာဖြစ်နေသည်ကို သူတို့ မမြင်နိုင်သော်လည်း ပေါ်ထွက်လာသော မဟာစွမ်းအင်ဂယက်ကိုမူ ခံစားသိရှိနေကြသည်။

‎

‎

‎“ ဒါ ဘိုးဘေးနဲ့ ဆက်စပ်နေတာလား ”

‎

‎

‎အထက်ကောင်းကင်တားမြစ်နယ်မြေ၌ ကုချင်းရွဲ့သည် အဝေးသို့ လှမ်းကြည့်လျက် သူ၏မျက်ခုံးအစုံမှာ အံ့ဩမှုကြောင့် တွန့်ချိုးသွားရ၏။

‎

‎

‎ဘိုးဘေး တားမြစ်နယ်မြေမှ ထွက်ခွာသွားသည်ကို သူ မြင်လိုက်ရပြီး မကြာမီမှာပင် ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများ စကြဝဠာအတွင်းမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

‎

‎

‎“ ဟုတ်တယ် ”

‎

‎

‎ဘေးနားတွင် ရပ်နေသော ကောင်းကင်နတ်သမီး ရှောင်းယွဲ့မှ ခေါင်းအသာအယာ ခေါင်းညိတ်ပြ၏။သူ၏ လက်ရှိကျင့်စဉ်အဆင့်ဖြင့်မူ စကြဝဠာအတွင်းတွင် ဖြစ်ပျက်နေသည့်အရာများကို သဘာဝကျစွာ မြင်နိုင်လေသည်။

‎

‎

‎သို့သော် ထိုသို့သော ကောင်းကင်နတ်သမီး ရှောင်းယွဲ့ပင် အံ့ဩမှုကို မဖုံးဖိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကုချန်နှင့် ရင်ဆိုင်နေရသူ၏ ခွန်အားမှာ အဆုံးမဲ့ကမ္ဘာမှလူတစ်ဉီးနှင့် မတူဘဲ ယခင်က မင်ကူအင်မော်တယ်နှင့် ဆင်တူနေသောကြောင့် ဖြစ်သည်။

‎

‎

‎ဤအောက်ဘုံတွင် အင်မော်တယ်အရှင်သခင်အဆင့်ရှိသူများ မည်သည့်အချိန်က ဤမျှများပြားသွားရသနည်း။ ရှောင်းယွဲ့မှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

‎

‎

‎ယခင်က သူ အင်မော်တယ်ဘုံ၌ ရှိစဉ်ကပင် အင်မော်တယ်အရှင်သခင်ဆိုသည်မှာ အလွန်မြင့်မြတ်သူများ ဖြစ်ကြကာ လူကိုယ်တိုင် တွေ့ရခဲလှသည်။ သို့သော် ယခု အဆုံးမဲ့ကမ္ဘာတွင်မူ လအနည်းငယ်အတွင်းမှာပင် သူ နှစ်ယောက် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

‎

‎

‎တစ်ယောက်မှာ မင်ကူအင်မော်တယ်ဖြစ်၍ ကုချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီ။ ဤဒုတိယမြောက် အမည်မသိ အင်မော်တယ်အရှင်သခင်၏ ကံကြမ္မာမှာလည်း ထူးခြားလိမ့်မည် မဟုတ်ပေ။

‎

‎

‎… … … …

‎

‎

‎စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာ၌.....

‎

‎

‎ကုချန်၏ လက်ဖဝါးနှင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ လက်ဖဝါးတို့မှာ ပြင်းထန်စွာ တိုက်မိကြလေသည်။ ထိုအခိုက်တွင်ပင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာပေါ်ရှိ အောင်နိုင်သူအသွင်နှင့် မောက်မာမှုများမှာ ချက်ချင်း အေးခဲသွား၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် တိုက်မိသည့်နေရာမှ ခုခံ၍မရသော ထိတ်လန့်ဖွယ် စွမ်းအားတစ်ခု စီးဆင်းလာသည်ကို သူ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သူ၏ကိုယ်လုံးမှာ အနောက်သို့ လွင့်ထွက်သွားကာ လမ်းတစ်လျှောက်ရှိ ကြယ်များစွာကို ကြေမွစေ၏။

‎

‎

‎သူ ဆန့်ထုတ်ခဲ့သော လက်မှာလည်း ကုချန်၏ လက်ဖဝါးအောက်တွင် ရက်စက်စွာ ချေမွခြင်း ခံလိုက်ရ၍ နေရာအနှံ့ သွေးများ စင်ထွက်သွားလေတော့သည်။

‎

‎

‎“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မဖြစ်နိုင်တာ ”

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် သွေးထွက်နေသော သူ၏လက်ဖဝါးကို ငုံ့ကြည့်လျက် ထိတ်လန့်မှုကို မထိန်းချုပ်နိုင်တော့ပေ။

‎

‎

‎သူသည် ပြင်ဆင်မှု မပြည့်စုံဘဲ အချိန်မတိုင်မီ ထွက်လာခဲ့ရသော်လည်း သိက္ခာရှိသော အင်မော်တယ်အရှင်သခင်တစ်ပါး ဖြစ်သည်။

‎

‎

‎အင်မော်တယ်အရှင်သခင်။

‎

‎

‎ဤအောက်ဘုံတွင် သူသည် အနှိုင်းမဲ့ ဖြစ်သင့်သည် မဟုတ်ပါလော။

‎

‎

‎သူ့ရှေ့မှ လူသည် အင်မော်တယ်တက်လှမ်းခြင်းပင် မရှိသေးသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း သူ့ကို မည်သို့ ယှဉ်နိုင်သနည်း။

‎

‎

‎ထိတ်လန့်မှုအပြင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ ပို၍ပင် ဝေခွဲမရ ဖြစ်နေ၏။ ကုချန်မှ ဤအရာကို မည်သို့လုပ်ဆောင်သည်ကို သူ အမှန်တကယ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။

‎

‎

‎အင်မော်တယ်တက်လှမ်းခြင်း မရှိသေးသော ခန္ဓာကိုယ်ဖြင့် အင်မော်တယ်အရှင်သခင်ကို ချေမွနိုင်သည်လော။

‎

‎

‎ဤသည်မှာ ကြားဖူးနားဝပင် မရှိသော အရာပင်။

‎

‎

‎သို့သော် ဟွမ်သွမ့်အင်မော်တယ်ဘုရင် ထိတ်လန့်မှုမှ မရုန်းထွက်နိုင်သေးမီမှာပင် ကုချန်၏ လက်ဖဝါးမှာ သူ၏လက်ကို ချေမွပြီးနောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဆီသို့ ဆက်လက်တိုးဝင်လာသည်ကို မြင်လိုက်ရသည်။

‎

‎

‎ဘာဒဏ်ရာမျှ မရှိသော ထိုဧရာမလက်ကြီး တိုးဝင်လာသည်ကို မြင်သောအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ နှလုံးသားထဲတွင် ထိတ်လန့်မှုတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

‎

‎

‎ဤလူ၏ ခွန်အားမှာ သူ့ထက် သာလွန်နေသည်ကို သူ အသိအမှတ်ပြုလိုက်ရပြီ ဖြစ်သည်။ဆက်လက် တိုက်ခိုက်နေပါက သူ ဤနေရာ၌ သေဆုံးသွားနိုင်သည်။ မဖြစ်သေးပေ။ သူသည် အထွက်အထိပ်အဆင့်သို့ပင် မရောက်သေးရာ ဤနေရာ၌ အလွယ်တကူ အကျဆုံးမခံနိုင်ပေ။

‎

‎

‎ဟွမ်သွမ့်ပင်လယ်ထဲသို့ အရင်ထွက်ပြေး၍ ခွန်အားများ ပြန်လည်စုဆောင်းကာ နောက်တစ်ချိန်မှ လက်စားချေလျှင်လည်း အချိန်မနှောင်းသေးပေ။ ထွက်ပြေးရန် စိတ်ကူးပေါ်လာသည်နှင့် ထိုစိတ်မှာ ထိန်းမရအောင် ပြင်းထန်လာ၏။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကုချန်၏ မျက်နှာနှင့် အငွေ့အသက်ကို မှတ်မိစေရန် အသေအချာ ကြည့်လိုက်ပြီးနောက် လမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲကာ အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်သို့ ပျံသန်းထွက်ပြေးတော့သည်။

‎

‎

‎သို့သော် သူ လှည့်ထွက်ပြေးချိန်တွင် ကုချန်၏ မျက်လုံးထဲ၌ စိတ်မဝင်စားတော့သည့် အရိပ်အယောင် ပေါ်လာသည်ကို သူ မမြင်လိုက်ပေ။

‎

‎

‎ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် အင်မော်တယ်အရှင်သခင်အဆင့် ကျင့်ကြံသူဖြစ်ပြီး သူ့ကိုယ်သူ အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုသော်လည်း သူ၏ စွမ်းဆောင်ရည်မှာ အဘယ်ကြောင့် ဤမျှ သနားစရာကောင်းနေရသနည်း။ ယခင်က မင်ကူအင်မော်တယ်ကိုပင် မမီပေ။

‎

‎

‎ဤလူမှာ အမှန်တကယ်ပင် အင်မော်တယ်ဘုရင်တစ်ပါး၏ ပြန်လည်ဝင်စားခြင်း ဟုတ်ပါလေစ။

‎

‎

‎ကုချန်မှာ သံသယ မဖြစ်ဘဲ မနေနိုင်ပေ။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်နိုင်သော တည်ရှိမှုမျိုးမှာ ရှုံးနိမ့်လျှင်ပင် ဤမျှအထိ သနားစရာ မကောင်းသင့်ပေ။

‎

‎

‎ဤဟွမ်သွမ့်အင်မော်တယ်ဘုရင်ဟု ခေါ်ဆိုသော သူ၏ လုပ်ရပ်များမှာ အင်မော်တယ်ဘုရင်တစ်ပါးနှင့် လုံးဝ မတူပေ။

‎

‎

‎“ ပျင်းစရာကောင်းလိုက်တာ ”

‎

‎

‎ကုချန်သည် ခေါင်းယမ်းလိုက်ကာ ဤပျင်းစရာကောင်းသော ပြဇာတ်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎သူ ဆန့်ထုတ်ထားသော လက်ဖဝါးမှာ ရုတ်တရက် အရှိန်မြင့်လာကာ ခဏချင်းမှာပင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်နောက်သို့ လိုက်မှီသွား၏။ ထို့နောက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မယုံကြည်နိုင်သော မျက်လုံးများရှေ့မှာပင် ယခင်အတိုင်း သူ့အား လက်ဖဝါးထဲသို့ ပြန်လည်ဆုပ်ကိုင်လိုက်ပြန်၏။

‎

‎

‎ယခုတစ်ကြိမ်တွင် ကုချန်မှာ ဆက်လက်စမ်းသပ်ရန် ရည်ရွယ်ချက် မရှိတော့ဘဲ လက်ဖဝါးကို ရုတ်တရက် ဆုပ်လိုက်လေတော့သည်။

‎

‎

‎" ဖျောက်...! "

‎

‎

‎အသားနှင့် အရိုးများ ကြေမွသွားသံ ထွက်ပေါ်လာ၏။ ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ ခုခံနိုင်စွမ်းမရှိဘဲ ကုချန်၏ လက်ထဲတွင် ချေမွခြင်း ခံလိုက်ရသည်။ သူ၏ရုပ်ခန္ဓာမှာ ပေါက်ကွဲသွားကာ ကုချန်၏ လက်ဖဝါးထဲတွင် မနားတမ်း ရုန်းကန်နေသော ဝိညာဉ်တစ်ခုသာ ကျန်ရှိတော့သည်။

‎

‎

‎“ အား... ငါက အင်မော်တယ်ဘုရင်... မြင့်မြတ်တဲ့ အင်မော်တယ်ဘုရင်ကွ... မင်းလို ပုရွက်ဆိတ်က ငါ့ကို ဒီလိုလုပ်ရဲတယ်လား ”

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေကာ အသံမှာလည်း စူးရှနေ၏။

‎

‎

‎ကုချန်သည် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အော်ဟစ်သံများကို လုံးဝ လျစ်လျူရှုလိုက်၏။ သူသည် လက်ဖဝါးကို ဆက်လက်ဆုပ်ထားလျက် စိတ်အာရုံစွမ်းအားကို ထည့်သွင်းလိုက်ကာ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ မှတ်ဉာဏ်များကို စတင် စစ်ဆေးလေတော့သည်။

‎

‎

‎ဤလူသည် အမှန်တကယ် မည်သူဖြစ်သည်ကို သူ သိလို၏။

‎

‎

‎ကုချန်၏စိတ်အာရုံ ဝင်လာသောအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ ဝိညာဉ်မှာ လှုံ့ဆော်မှု ခံလိုက်ရပုံရကာ ရုတ်တရက် တုန်ခါသွားလေသည်။

‎

‎

‎ထို့နောက် သူသည် နာကျင်စွာဖြင့် တီးတိုး ရေရွတ်လိုက်လေ၏။

‎

‎

‎“ ဟွမ်သွမ့်... ဟွမ်သွမ့်... ဟုတ်တယ် ငါက သူ မဟုတ်ဘူး ငါက သူ မဟုတ်ဘူး ”

All Chapters