အခန်း (၃၃၁-၃၃၂)
Vol. 24 Ch. 331-332
အခန်း ( ၃၃၁ ) - ဆေးဖိုကိုးဖိုကို သိမ်းပိုက်ခြင်း၊ အမှန်တရားက ဒီလိုကိုး၊ လုံးဝ ကြောက်ရွံ့ခြင်းမရှိ
ကုချန်၏စိတ်အာရုံဖြင့် စစ်ဆေးခြင်းကို ခံလိုက်ရသောအခါ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် တစ်စုံတစ်ရာသော လှုံ့ဆော်မှုကို ခံလိုက်ရသည့်နှယ် ဖြစ်သွားလျက် သူ၏ဝိညာဉ်မှာ တွန့်လိမ်ကာ ဝေဝါးစပြုလာသည်။
" ဟွမ်သွမ့်အင်မော်တယ်ဘုရင် မဟုတ်ဘူးလား "
တဖက်လူ၏အသံကို နားထောင်ရင်း ကုချန်မှာ မျက်ခုံးပင့်လိုက်သော်လည်း ဘာစကားမှ ထပ်မဆိုပေ။ သူသည် တစ်ဖက်လူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာသို့ စိတ်အာရုံကို ဆက်လက်စေလွှတ်၍ အတိတ်က မှတ်ဉာဏ်များကို ရှာဖွေရန် ကြိုးစားလိုက်သည်။
" မင်း ငါ့ကို ဒီလောက်ထိ စော်ကားရဲတယ်ပေါ့... မင်း ကြီးမားတဲ့ ဝဋ်ကြွေး ပေးဆပ်ရလိမ့်မယ်... အနာဂတ်မှာ မင်းအသက်ကို ငါ မုချ လာယူမယ် "
ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ အသံမှာ နိမ့်ကျပြီး အေးစက်နေကာ ယမဘုံကိုးထပ်မှ တိုက်ခတ်လာသော လေရိုင်းတစ်ချက်ကဲ့သို့ အငြိုးအတေးများနှင့် မနာလိုဝန်တိုမှုများ ပြည့်နှက်နေ၏။
သို့သော် ကုချန်သည် သူ၏စကားကို လုံးဝ လျစ်လျူရှုလိုက်ကာ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ အတိတ်မှတ်ဉာဏ်များကို စတင် ဖတ်ရှုလိုက်သည်။
အချိန်များသည် တစ်ချက်ကလေးအတွင်း ကုန်ဆုံးသွားသကဲ့သို့ပင်။
ကုချန် အရင်ဆုံး မြင်လိုက်ရသည်မှာ ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသားသည် အသိစိတ်ကင်းမဲ့စွာဖြင့် နှစ်ပေါင်းများစွာကြာအောင် တစ်ကိုယ်တည်း မျောပါနေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် နဂါးတစ်သောင်းဝတ်ရုံကို ဝတ်ဆင်ထားသော လူသားမျိုးနွယ် ဧကရာဇ်တစ်ပါး ရောက်ရှိလာ၍ ဤသန္ဓေသားကို တွေ့ရှိကာ အဆုံးမဲ့ကမ္ဘာသို့ ယူဆောင်သွားခဲ့သည်။
ဤလူသားမျိုးနွယ် ဧကရာဇ်မှာ ယခင်က ဆေးဖိုကိုးဖိုမဟာဧကရာဇ်ပင် ဖြစ်သည်။
ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် ဤအင်မော်တယ်သန္ဓေသားကို ပြန်လည်ယူဆောင်လာပြီးနောက် နဂါးကိုးကောင်အင်မော်တယ်ဆေးဖို အတွင်း၌ အမြဲတစေ ပြုစုပျိုးထောင်ခဲ့သည်။
နောက်ပိုင်းတွင် ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ အသိစိတ် ပြန်လည်ရရှိလာပုံရကာ ဆေးဖိုကိုးဖိုမဟာဧကရာဇ်ကို ကျင့်ကြံခြင်းအတွက် လမ်းညွှန်မှုများပင် စတင်ပြုလုပ်ပေးခဲ့သည်။
ဆေးဖိုကိုးဖိုမဟာဧကရာဇ်ကို အပျော်လွန်စေသည်မှာ ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသားတွင် ကြီးမားသော ကျင့်ကြံခြင်းနည်းလမ်းများ ပိုင်ဆိုင်ထားပုံ ရနေခြင်းဖြစ်သည်။ သူသည် ဧကရာဇ်တစ်ပါး ဖြစ်နေပြီ ဖြစ်သော်လည်း သန္ဓေသား၏ လမ်းညွှန်မှုအောက်တွင် သူ၏ခွန်အားမှာ လွယ်ကူလျင်မြန်စွာ တိုးတက်လာခဲ့သည်။
ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် ဤသန္ဓေသားကို ရတနာတစ်ပါးအဖြစ် သတ်မှတ်ကာ တစ်ချိန်လုံး သယ်ဆောင်ထား၍ သန္ဓေသားဆီမှ ထွက်ပေါ်လာသော အထွတ်အထိပ် တာအိုတရားသံများကို နားထောင်လေ့ရှိသည်။
ထို့နောက် ဆက်လက်မြင်တွေ့ရသော မြင်ကွင်းက ကုချန်၏နှလုံးခုန်သံကို ရပ်တန့်သွားစေမတတ် ဖြစ်စေသည်။
တစ်နေ့သော အချိန်တွင် ဆေးဖိုကိုးဖိုမဟာဧကရာဇ် တံခါးပိတ်ကျင့်ကြံနေစဉ် ဤသန္ဓေသားအတွင်းမှ ဟွမ်သွမ့်ချီတစ်မျှင် လျှံကျလာကာ ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ မျက်ခုံးနှစ်ခုကြားကို ရုတ်တရက် ရိုက်ခတ်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ မျက်နှာထားမှာ တုန်လှုပ်ချောက်ချား၍ ပုံပျက်ပန်းပျက် ဖြစ်သွားလေတော့သည်။
" မင်း... မင်းက ငါဧကရာဇ်ရဲ့ ကိုယ်ခန္ဓာကို သိမ်းပိုက်ဖို့ ကြံရွယ်နေတာလား "
" မလုပ်နဲ့... မလုပ်နဲ့... ငါဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်သွား မြန်မြန် ထွက်သွားစမ်း... အား..... "
ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် နာကျင်စွာ ရုန်းကန်နေကာ ထိုဟွမ်သွမ့်ချီ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးစားနေ၏။
သို့သော် ဤသန္ဓေသား သင်ပေးခဲ့သော အထွတ်အထိပ် နည်းလမ်းများထဲတွင် တစ်စုံတစ်ရာသော စွမ်းအားများ ပါဝင်နေခဲ့ပုံရကာ သူ့အား ခုခံရန် ခက်ခဲစေခဲ့သည်။
ထိုအချိန်ကျမှသာ ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် သူ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ ထောင်ချောက်ထဲသို့ ကျရောက်သွား၍ ၎င်းပြန်လည်နိုးထရန်အတွက် 'ခန္ဓာကိုယ်' နှင့် 'ပူဇော်သက္ကာ' ဖြစ်သွားရမှန်း သိလိုက်ရသည်။
ဤရလဒ်ကို ဆေးဖိုကိုးဖိုမဟာဧကရာဇ်မှာ လက်မခံနိုင်ပေ။ သို့သော် မည်မျှပင် ရုန်းကန်ပါစေ အချည်းနှီးသာ ဖြစ်ကာ နောက်ဆုံးတွင် ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ အရှိန်အဝါမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
လုံးဝကွဲပြားခြားနားသော ဝိညာဉ်စွမ်းအားတစ်ခုမှာ ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ ရုပ်ခန္ဓာကို မြေဆီလွှာအဖြစ် အသုံးပြုကာ တဖြည်းဖြည်း ကြီးထွားလာ၏။
" ငါက ဟွမ်သွမ့်အင်မော်တယ်ဘုရင်ပဲ..... "
ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ နှုတ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ သူသည် ပြန်လည်ငြိမ်သက်သွားသော ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို တစ်ချက်ကြည့်လိုက်ကာ နဂါးကိုးကောင်အင်မော်တယ်ဆေးဖိုထဲသို့ ပေါ့ပေါ့ပါးပါး ပြန်ထည့်လိုက်လေသည်။
ထို့နောက် ကောင်းကင်ချောက်နက် အက်ကွဲကြောင်းကို ဆွဲဖြဲလိုက်ကာ အဆုံးမဲ့ကမ္ဘာရှိ မရေမတွက်နိုင်သော သတ္တဝါများ၏ တုန်လှုပ်နေသော မျက်လုံးများအောက်တွင် ကောင်းကင်ချောက်နက်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်ပျောက်ကွယ် သွားလေတော့သည်။
ထို့ကြောင့် အင်မော်တယ်တက်လှမ်းခြင်း ဒဏ္ဍာရီမှာ အဆုံးမဲ့ကမ္ဘာ၌ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် တိတ်ဆိတ်သွားသော ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှာ နဂါးကိုးကောင်အင်မော်တယ်ဆေးဖိုထဲတွင် ဆက်လက်ရှိနေခဲ့သည်။
နောက်ပိုင်းတွင်မှ ထိုသန္ဓေသားသည် အသိစိတ်တစ်မျှင် ပေါ်ပေါက်လာကာ ဆေးဖိုကိုးဖိုအင်မော်တယ်မင်းဆက်၏ အရှင်သခင်ကို မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်သွေးများ ရှာဖွေစေကာ သူ့ခန္ဓာကိုယ်ကို လောင်းချ၍ ပြန်လည်နိုးထရန် ကြိုးစားစေခဲ့ခြင်း ဖြစ်သည်။
မှတ်ဉာဏ်အားလုံးကို ဖတ်ရှုပြီးနောက် ကုချန်သည် ဖြစ်ပျက်ခဲ့သမျှကို နောက်ဆုံးတွင် နားလည်သွား၏။
ယခု ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားအတွင်း ရှိနေသော တည်ရှိမှုမှာ ဟွမ်သွမ့်အင်မော်တယ်ဘုရင် လုံးဝ မဟုတ်ပေ။ ဟွမ်သွမ့်အင်မော်တယ်ဘုရင် ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သော 'အခွံဟောင်း' ကို အချိန်ကြာမြင့်စွာ ပြုစုပျိုးထောင်ပြီးနောက် မွေးဖွားလာသော အသိစိတ်အသစ်တစ်ခုသာ ဖြစ်သည်။
လက်ရှိ သန္ဓေသားဝိညာဉ်သည် ယခင် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ စွမ်းအားနှင့် မှတ်ဉာဏ်အချို့ကို ဆက်ခံရရှိထားသဖြင့် မိမိကိုယ်ကို ဟွမ်သွမ့်အင်မော်တယ်ဘုရင်ဟု မှားယွင်းစွာ ယုံကြည်နေခြင်း ဖြစ်သည်။
အမှန်တကယ်တွင်မူ ၎င်းသည် စစ်မှန်သော ဟွမ်သွမ့်အင်မော်တယ်ဘုရင် ထွက်ခွာသွားပြီးနောက် ကျန်ရစ်ခဲ့သော အခွံဟောင်းမှ အသိစိတ်ဝင်လာခြင်းသာဖြစ်ပြီး စစ်မှန်သော ဟွမ်သွမ့်အင်မော်တယ်ဘုရင်နှင့် လုံးဝ မသက်ဆိုင်ပေ။
စစ်မှန်သော ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာမူ ဤသန္ဓေသားမှ ထွက်ခွာသွားကာ ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ ကိုယ်ခန္ဓာကို ဝင်ရောက်စီးနင်းသွားခဲ့ပြီ ဖြစ်သည်။
အံ့ဩစရာ မရှိတော့ဘူး.....
ကုချန်၏မျက်နှာတွင် ရုတ်တရက် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။
ဆေးဖိုကိုးဖိုမဟာဧကရာဇ် အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အင်မော်တယ်ဘုံသို့ တက်လှမ်းသွားသူမှာ ဆေးဖိုကိုးဖိုမဟာဧကရာဇ် မဟုတ်ဘဲ ယခင် ဟွမ်သွမ့်အင်မော်တယ်ဘုရင် ဖြစ်နေသောကြောင့်ပင်။
ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် အင်မော်တယ်ဘုံသို့ တက်လှမ်းချိန်တွင် သူ၏ ကိုယ်ပိုင်လက်နက်ဖြစ်သော နဂါးကိုးကောင်အင်မော်တယ်ဆေးဖိုကို မယူဆောင်သွားခဲ့သည့် အချက်မှာလည်း ရှင်းလင်းသွားပြီ ဖြစ်သည်။
ကုချန်သည် ယခင်က ဤအချက်ကို သံသယဖြစ်ခဲ့ဖူးသည်။
ဆေးဖိုကိုးဖိုမဟာဧကရာဇ်သည် အဘယ်ကြောင့် သူ၏ အသက်ဝိညာဉ်လက်နက်ကို မယူဘဲ အင်မော်တယ်ဘုံသို့ တက်လှမ်းသွားရသနည်း။ ဤသည်မှာ မည်သည့် စွမ်းအားကြီးကျင့်ကြံသူအတွက်မဆို နားလည်ရခက်သော ကိစ္စဖြစ်သည်။
ယခု သူ နားလည်သွားပြီဖြစ်သည်။ အင်မော်တယ်ဘုံသို့ တက်လှမ်းသွားသူမှာ ဆေးဖိုကိုးဖိုမဟာဧကရာဇ် မဟုတ်ဘဲ ဟွမ်သွမ့်အင်မော်တယ်ဘုရင် ဖြစ်နေသောကြောင့်ပင်။
ဟွမ်သွမ့်အင်မော်တယ်ဘုရင် အင်မော်တယ်ဘုံသို့ ပြန်သွားချိန်တွင် ဆေးဖိုကိုးဖိုမဟာဧကရာဇ်၏ လက်နက်ကို ယူဆောင်သွားစရာ အကြောင်းမရှိပေ။
ဤဆေးဖိုကိုးဖိုမဟာဧကရာဇ်မှာလည်း သနားစရာကောင်းသော လူတစ်ယောက် ဖြစ်သည်။
ဧကရာဇ်အဆင့်သို့ ခက်ခက်ခဲခဲ ကျင့်ကြံရောက်ရှိပြီးနောက် ဟွမ်သွမ့်ပင်လယ်နက်ထဲတွင် ကျင့်ကြံခြင်းကို လမ်းပြပေးနိုင်သော အံ့ဖွယ်သန္ဓေသားကို တွေ့ရှိခဲ့သည်။ ဤသန္ဓေသားနှင့်အတူ ဧကရာဇ်လမ်းစဉ်တွင် လျင်မြန်စွာ တိုးတက်၍ အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် နောက်ဆုံးတွင် သူတစ်ပါးအတွက် မင်္ဂလာဆောင်ဝတ်စုံကို ချုပ်ပေးရသလို ဖြစ်သွားကာ သူကိုယ်တိုင်မှာမူ သနားစရာကောင်းသော ဇာတ်သိမ်းနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် ကုချန် နားမလည်နိုင်သည်မှာ ဤဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ မှတ်ဉာဏ်များသည် ဟွမ်သွမ့်ပင်လယ်အတွင်းရှိ ကာလအထိသာ ရှိနေခြင်းဖြစ်သည်။
ဤသန္ဓေသား၏ မူလဇာစ်မြစ်နှင့် ဟွမ်သွမ့်ပင်လယ်နက်ထဲသို့ မည်သို့ ရောက်ရှိလာသည်ကိုမူ မှတ်ဉာဏ်ထဲတွင် မတွေ့ရပေ။
၎င်းကြုံတွေ့ခဲ့ရသော အတိတ်က မှတ်ဉာဏ်အားလုံးကို တစ်စုံတစ်ရာသော စွမ်းအားဖြင့် အတင်းအကျပ် ဖျက်ဆီးခံလိုက်ရသည့်နှယ် ဖြစ်နေသည်။
" မင်း ငါ့မှတ်ဉာဏ်တွေကို သိသွားပြီဆိုတော့ ငါ့ကို ဘာလို့ မလွှတ်ပေးသေးတာလဲ... ငါက ဟွမ်သွမ့်အင်မော်တယ်ဘုရင်ရဲ့ အခွံဟောင်းကနေ မွေးဖွားလာတာ အင်မော်တယ်ဘုရင်ရဲ့ ချစ်မြတ်နိုးခြင်းကို ခံရသူကွ.....
မင်းသာ ငါ့ကို သတ်လိုက်ရင် အင်မော်တယ်ဘုရင်က သေချာပေါက် အာရုံခံမိမှာပဲ... အဲဒီကျရင် သူ့ရဲ့ စိတ်အာရုံတစ်မျှင် ဆင်းသက်လာတာနဲ့တင် မင်းကို ဖုန်မှုန့်ဖြစ်သွားအောင် ချေမွပစ်ဖို့ လုံလောက်တယ် "
ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
" အလိုက်ကမ်းဆိုး သိပြီး ငါ့ကို မြန်မြန် လွှတ်ပေးစမ်း... နောက်ဆို မင်းကို ဒုက္ခမပေးတော့ဘူးလို့ အာမခံတယ် "
" ဟွမ်သွမ့်အင်မော်တယ်ဘုရင် ဟုတ်လား..... "
ကုချန်သည် မနားတမ်း အော်ဟစ်နေသော သန္ဓေသားကို ကြည့်ကာ မျက်နှာပေါ်တွင် ကစားလိုသော အပြုံးတစ်ခု ပေါ်လာ၏။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အခွံဟောင်းမှ ဖြစ်ပေါ်လာသော အသိစိတ်တစ်ခုကို မဆိုထားနှင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်ပင် ယခုကိစ္စကို အာရုံခံမိ၍ စိတ်အာရုံတစ်ခု စေလွှတ်လိုက်လျှင်ပင် သူ အရေးစိုက်မည်မဟုတ်ပေ။
ရှီမိုကောင်းကင်အရှင်သခင်ပင်လျှင် သူ့လက်ချက်ဖြင့် ရှုံးနိမ့်ကာ သေလားရှင်လားမသိ ပျောက်ဆုံးနေပြီ ဖြစ်သည်။
ဤဟွမ်သွမ့်အင်မော်တယ်ဘုရင် ဆင်းသက်လာလျှင်လည်း အဆိုးဆုံးအနေဖြင့် ဒုတိယကိုယ်ပွားနှင့် ခေတ္တပေါင်းစပ်၍ အင်မော်တယ်ဘုရင်၏ စွမ်းအားကို ရယူကာ တိုက်ခိုက်လိုက်ရုံသာ ရှိသည်။
ထိုသို့ တွေးလိုက်ပြီးနောက် ကုချန်သည် တွေဝေခြင်း မရှိတော့ပေ။ သူသည် ရက်စက်စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ကာ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား၏ ဝိညာဉ်အကြွင်းအကျန်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ညှစ်ချလိုက်၍ ချေမွပစ်လိုက်လေတော့သည်။
အခန်း ( ၃၃၂ ) - ဟွမ်သွမ့်အဆောင်၊ အင်မော်တယ်ဘုရင်၏ မကောင်းသော အတွေးများနှင့် တတိယမြောက် ကိုယ်ပွား
" မင်း ငါ့ကို သတ်ရဲတယ်လား... ဟွမ်သွမ့်အင်မော်တယ်ဘုရင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး!!! "
ကုချန်မှ သနားညှာတာမှုမရှိဘဲ တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ အင်မော်တယ်သန္ဓေသား၏ ဝိညာဉ်ကြွင်းသည် ချက်ချင်းပင် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။ သို့သော် ၎င်းမှာ မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ခဲ့ကာ သူ၏ နတ်ဝိညာဉ် ပေါက်ကွဲသွားကာ ထာဝရ တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်သွားသည်ကိုသာ အကူအညီမဲ့စွာ စောင့်ကြည့်နေခဲ့ရသည်။
အင်မော်တယ်သန္ဓေသား၏ ဝိညာဉ်ကြွင်းကို ကုချန်မှ ချေမှုန်းလိုက်သည်နှင့် သူ၏ဘေးနားရှိ လေဟာနယ်သည် ရုတ်တရက် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာကာ တက်လှမ်းလာသော နေမင်းကြီးကဲ့သို့ အရပ်မျက်နှာအနှံ့ကို လင်းထိန်သွားစေ၏။ ပျက်စီးသွားသော ဝိညာဉ်ကြွင်းသည် ရုတ်တရက် ပြန်လည်စုစည်းသွား၍ ဟွမ်သွမ့်တံဆိပ်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲကာ ကုချန်ဆီသို့ ဦးတည်ပြေးဝင်သွားတော့သည်။
ယင်းကို မြင်သောအခါ ကုချန်သည် ကာကွယ်ရန်အတွက် လက်ကို အလိုအလျောက် မြှောက်လိုက်မိ၏။ သို့သော် ဟွမ်သွမ့်တံဆိပ်သည် သူ၏ခုခံမှုကို လျစ်လျူရှုလျက် လက်ဖဝါးအတွင်းရှိ အသွေးအသားများအတွင်းသို့ တိုက်ရိုက် ပေါင်းစပ်ဝင်ရောက်သွားတော့သည်။ ထို့နောက် တောက်ပသော အလင်းတန်းများ ကွယ်ပျောက်သွားကာ ဘာမှမဖြစ်ခဲ့သလိုပင် အရာအားလုံး ပြန်လည်ငြိမ်သက်သွားခဲ့လေသည်။
ကုချန်သည် သူ၏လက်ဖဝါးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။ သူ၏ ဘယ်ဘက်လက်ဖဝါးထဲ၌ ဟွမ်သွမ့်တံဆိပ်တစ်ခုသည် ပုန်းကွယ်နေသကဲ့သို့ အထင်အရှား ခပ်နှိပ်ထားခြင်း ခံလိုက်ရကာ အသေးစိတ်အချက်အလက်အားလုံးကိုပင် မြင်တွေ့နေရသည်။
ထိုဟွမ်သွမ့်တံဆိပ်ကို တစ်ချက်ကြည့်ရုံဖြင့် ကုချန်သည် ၎င်း၏ရည်ရွယ်ချက်ကို သိရှိလိုက်သည်။ ဤသည်မှာ ယခင်က ဟွမ်သွမ့်အင်မော်တယ်ဘုရင် ချန်ထားခဲ့သော ခြေရာခံသည့် နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုတံဆိပ်ကို ချန်ထားရသည့် ရည်ရွယ်ချက်မှာလည်း ပြောနေစရာပင် မလိုတော့ချေ။
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် သူ၏ ယခင်ရုပ်ကြွင်းအပေါ်တွင် သံယောဇဉ် အနည်းငယ် ရှိနေပုံရသည်။ ကုချန်သည် တံဆိပ်ကို ဖယ်ရှားရန် ကြိုးစားကြည့်သော်လည်း တံဆိပ်၏စွမ်းအားကို ဖယ်ထုတ်၍မရကြောင်း တွေ့ရှိလိုက်ရသည်။
သို့သော် ထိုသို့ ကြိုးစားကြည့်ပြီးနောက်တွင် သူသည် သူ၏ဒုတိယမြောက်ကိုယ်ပွားကို ဆင့်ခေါ်ကာ ကိုယ်ခန္ဓာနှစ်ခု ပေါင်းစည်းလိုက်ပါက ဤတံဆိပ်၏စွမ်းအားကို အလွယ်တကူ ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိသွားတော့သည်။ ဤဟွမ်သွမ့်တံဆိပ်သည် အင်မော်တယ်ဘုရင်၏ နည်းလမ်းတစ်ခု ဖြစ်သော်လည်း အင်မော်တယ်ဘုရင်ကိုယ်တိုင် တိုက်ရိုက် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ကုချန်အတွက် ယင်းကို ဖယ်ရှားရန် နည်းလမ်းများစွာ ရှိသောကြောင့် အခက်အခဲကြီးကြီးမားမား မရှိလှပေ။
သို့သော်လည်း.....
လက်ဖဝါးပေါ်မှ အမှတ်အသားကို ကြည့်လျက် ကုချန်သည် ခေတ္တမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဖယ်ရှားခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။ အနာဂတ်တွင် ထိုဟွမ်သွမ့်အင်မော်တယ်ဘုရင် ဆင်းသက်လာခဲ့လျှင်လည်း ကိစ္စမရှိပေ။
သူသည် ထိုအင်မော်တယ်တံခါးမှတစ်ဆင့် အင်မော်တယ်နယ်မြေသို့ မည်သို့ဝင်ရောက်ရမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သာ ဆင်းသက်လာပါက သူ့ကို 'လမ်းပြ' ပေးနိုင်လိမ့်မည် မဟုတ်ပါလော။
......
အင်မော်တယ်တံခါး၏ အလွန်၊ ကျယ်ပြောလှသော အင်မော်တယ်နယ်မြေအတွင်း၌.....
ဟွမ်သွမ့်ချီများ လုံးဝဖုံးလွှမ်းနေသည့် နက်နဲသော နယ်မြေတစ်ခုတွင် ခန့်ညားထည်ဝါသော လူရိပ်တစ်ခု ရှိနေ၏။ ရွှေဝါရောင် ဆံပင်များရှိကာ ဟွမ်သွမ့်ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုသူသည် အဆုံးမဲ့ ဟွမ်သွမ့်ချီများအလယ်တွင် တရားမှတ်နေသကဲ့သို့ ငြိမ်သက်စွာ ထိုင်နေလေသည်။
သူ၏ နှာခေါင်းနှင့် ပါးစပ်မှ ဟွမ်သွမ့်ချီမျှင်တန်းများ ထွက်ပေါ်နေကာ ချီတစ်မျှင်စီသည် တန်ချိန်သန်းပေါင်းများစွာ လေးလံ၍ တောင်တန်းများနှင့် မြစ်ချောင်းပေါင်း ထောင်ချီကိုပင် ချေမှုန်းနိုင်စွမ်း ရှိပေသည်။ ဤသူသည်ကား အခြားသူမဟုတ်၊ ဟွမ်သွမ့်အင်မော်တယ်ဘုရင်ပင် ဖြစ်သည်။
ရုတ်တရက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် တစ်ခုခုကို ခံစားမိသွားပုံရကာ မှေးစက်နေသော မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ သူ၏ ရွှေဝါရောင် မျက်ဝန်းအစုံမှ အေးစက်သော အလင်းတန်းနှစ်ခု ထွက်ပေါ်လာကာ ရှေ့မှ အဆုံးမဲ့ ဟွမ်သွမ့်ချီများကိုပင် လွင့်စင်သွားစေလေသည်။
" ငါ့ရဲ့ အင်မော်တယ်သန္ဓေသားနဲ့ ချိတ်ဆက်မှု ပျောက်ကွယ်သွားပြီ "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် တီးတိုးရေရွတ်လိုက်၏။ သူ၏ စကားသံထဲတွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် မည်သည့် စိတ်ခံစားမှုမျှ ပါဝင်ခြင်း မရှိပေ။ သို့သော် ထိုတည်ငြိမ်မှုအတွင်း၌ပင် ဝိညာဉ်ကို တုန်လှုပ်စေနိုင်သည့် ထိတ်လန့်ဖွယ် ကောင်းသော ခံစားချက်တစ်ခု ကိန်းအောင်းနေလေသည်။
" ငါ ချန်ထားခဲ့တဲ့ ရုပ်ကြွင်းကို တစ်ယောက်ယောက်က ဖျက်ဆီးလိုက်တာလား? "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အေးစက်သော ရေရွတ်သံအတွင်း၌ ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ပါဝင်နေသည်။
အတိတ်ကာလတွင် သူ အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာလာခဲ့စဉ်က ထိုအောက်ဘုံအကြောင်းကို ကောင်းကောင်း နားလည်ထားသည်ဟု ယုံကြည်ခဲ့သည်။ ထိုနေရာသည် အရှင်အဆင့်လောက်သာ ထွက်ပေါ်နိုင်သော နယ်မြေငယ်လေးမျှသာ ဖြစ်သည်။ သူ ချန်ထားခဲ့သော ရုပ်ကြွင်းများ ပြန်လည် နိုးထလာသည်နှင့် စစ်မှန်သော အင်မော်တယ်နှင့်ပင် ရင်ဆိုင်နိုင်သည်။
အကယ်၍ ပြန်လည် နာလန်ထူရန် အချိန်အနည်းငယ် ရခဲ့ပါက အင်မော်တယ်အရှင်သခင် နှင့်ပင် ယှဉ်ပြိုင်နိုင်၏။ ထိုသို့သော အင်မော်တယ်သန္ဓေသားသည် အောက်ဘုံတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သင့်သည်။ သို့ဖြစ်ပါက အင်မော်တယ်သန္ဓေသား၏ ရုပ်ကြွင်းသည် မည်သို့သောသူ၏ လက်ချက်ဖြင့် ပျက်စီးသွားရသနည်း။ ဤသည်မှာ လုံးဝ ယုတ္တိမရှိပေ။
သို့သော် ယခုအချိန်မှာ ထိုကိစ္စများကို စဉ်းစားနေရမည့် အချိန်မဟုတ်တော့ချေ။
သူသည် ထိုရုပ်ကြွင်းများကို အောက်ဘုံတွင် မွေးမြူထားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သန်မာလာသောအခါ အင်မော်တယ်ဘုရင် လက်နက်တစ်ခုအဖြစ် သွန်းလုပ်ရန် ဖြစ်သည်။
အကယ်၍ ထိုရုပ်ကြွင်းအတွင်း၌ အသိစိတ်တစ်ခု ပေါက်ဖွားလာခဲ့ပါက ပို၍ပင် ကောင်းပေဦးမည်။ ၎င်းကို အင်မော်တယ်လက်နက်၏ ဝိညာဉ်အဖြစ် အသုံးပြုနိုင်သောကြောင့်ပင်။ ဤစကြဝဠာထဲတွင် သူ၏ရုပ်ကြွင်းဖြင့် သွန်းလုပ်ထားသော တာအိုလက်နက်ထက် ပို၍ အသုံးတည့်မည့်အရာ ရှိပါဦးမည်လော။
ယခုမူ ဟွမ်သွမ့်အင်မော်တယ်သန္ဓေသား ပျက်စီးသွားပြီ ဖြစ်သဖြင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ အတိတ်က အစီအစဉ်များမှာ အချည်းနှီး ဖြစ်သွားရသည့်အပြင် အင်မော်တယ်ဘုရင် လက်နက်တစ်ခုလည်း ဆုံးရှုံးသွားရပြီ ဖြစ်သည်။ ယင်းကိစ္စအတွက် ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
" ကံကောင်းတာက ငါ့ရဲ့ ရုပ်ကြွင်းထဲမှာ ဟွမ်သွမ့်တာအိုရဲ့ အမှတ်အသား နည်းနည်း ထည့်သွင်းထားခဲ့တာပဲ... အဲဒါက ဟွမ်သွမ့်တံဆိပ်အဖြစ် ပြောင်းလဲသွားပြီး သတ်တဲ့လူရဲ့ အသားထဲမှာ ခပ်နှိပ်ထားခဲ့မှာပဲ "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် တီးတိုးရေရွတ်လိုက်ကာ အာရုံခံကြည့်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကျေနပ်သော အရိပ်အယောင်များ ပေါ်လာ၏။
အဝေးရှိ အောက်ဘုံတွင် ဟွမ်သွမ့်တံဆိပ်တစ်ခု တည်ရှိနေကြောင်း သူ ဝေဝေဝါးဝါး အာရုံခံမိလိုက်သည်။ ထိုသူမှာ သူ၏ရုပ်ကြွင်းကို သတ်ဖြတ်ခဲ့သူဖြစ်ပြီး ယခုအခါ ဟွမ်သွမ့်တံဆိပ်ဖြင့် အမှတ်အသား ပြုလုပ်ခြင်း ခံထားရပြီ ဖြစ်သည်။
" ဟွမ်သွမ့်တံဆိပ်ရဲ့ အမှတ်အသားကို ခံထားရပြီး ဖယ်ရှားလို့မရတဲ့အတွက် မင်း အခု တော်တော်လေး အံ့သြပြီး ကြောက်လန့်နေမှာပဲ မဟုတ်လား? "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်မှာ လှောင်ပြုံးပြုံးလိုက်၏။
" မလောပါနဲ့ဦး... မင်းကို ရက်အနည်းငယ်လောက် ကြောက်လန့်ခွင့် ပေးထားပါဦးမယ်... ငါ တရားမှတ်ရာကနေ ထွက်လာတဲ့အခါကျရင် မင်းရဲ့ ဒုက္ခတွေကို အဆုံးသတ်ပေးမှာပါ "
ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကုချန်ကို ဒုက္ခပေးရန် အလျင်မလိုခဲ့ပေ။ အကြောင်းမှာ ကုချန်သည် ဟွမ်သွမ့်တံဆိပ်၏ 'ပိတ်လှောင်ခြင်း' ကို ခံထားရသောကြောင့် ဖြစ်သည်။ သူ၏ ရုပ်ကြွင်းကို သတ်ရဲသော ထိုသူသည် သူ၏အမြင်တွင် အချိန်မရွေး စားသုံးနိုင်သော သားကောင်မျှသာ ဖြစ်သည်။
ယခုအခါ ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် ကြောင်မှ ကြွက်ကို ကစားသကဲ့သို့ စိတ်ဓာတ်မျိုး ရှိနေကာ ကုချန်အား သူ၏လက်ဖဝါးပေါ်ရှိ အရုပ်တစ်ခုကဲ့သို့ မှတ်ယူထား၏။ သူ အလိုရှိသည့် အချိန်မရွေး သတ်ဖြတ်နိုင်သောကြောင့် ယခုအချိန်တွင် အလျင်စလို ပြုလုပ်ရန် မလိုအပ်ပေ။
၎င်းအပြင် သူသည် ယခုအခါ တရားမှတ်ခြင်း၏ အရေးကြီးသော အလှည့်အပြောင်းတွင် ရှိနေသောကြောင့် ထိုကဲ့သို့သော ကိစ္စအသေးအမွှားအတွက် သူ၏ အစီအစဉ်များကို ဖျက်ဆီးမည် မဟုတ်ပေ။ သူ တရားမှတ်ရာမှ ထွက်လာပြီးနောက်တွင်မူ သူ၏ရုပ်ကြွင်းကို သတ်ရဲသော ထိုသူအား ရှာဖွေကာ အကြွေးဟောင်းများကို အပြတ်ရှင်းပေတော့မည်။
......
အဆုံးမဲ့ကမ္ဘာ အတွင်း၌.....
ဟွမ်သွမ့်အင်မော်တယ်သန္ဓေသားကို အလွယ်တကူ ဖျက်ဆီးပြီးနောက် ကုချန်သည် စကြဝဠာ၏ အနက်ရှိုင်းဆုံးနေရာမှ အထက်ကောင်းကင်တားမြစ်နယ်မြေသို့ ပြန်လာခဲ့သည်။
လမ်းတွင် သူသည် မမြင်ရသော နေရာတစ်ခုမှ ဝေဝေဝါးဝါး 'မုန်းတီးမှု' တစ်ခုကို ခံစားလိုက်ရသည်။ ထိုမုန်းတီးမှုသည် မြန်မြန်ဆန်ဆန် ပေါ်လာကာ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွား၏။ ထို့ထက် ပို၍ အရေးကြီးသည်မှာ ကုချန်သည် ထိုမုန်းတီးမှု၏ အရင်းအမြစ်ကို အတိအကျ ရှာမတွေ့ခြင်းပင် ဖြစ်သည်။
သို့သော် သူ၏လက်ဖဝါးပေါ်တွင် ရှိနေဆဲဖြစ်သော ဟွမ်သွမ့်တံဆိပ်ကို ကြည့်ရုံဖြင့် ကုချန်သည် အကြမ်းဖျင်း သိရှိလိုက်သည်။ ထိုမုန်းတီးမှု၏ အရင်းအမြစ်မှာ စစ်မှန်သော ဟွမ်သွမ့်အင်မော်တယ်ဘုရင် ဖြစ်ပေလိမ့်မည်။
" ကံကောင်းထောက်မစွာပဲ ဒီဧကရာဇ်က ကြိုတင်ပြင်ဆင်ထားပြီးသားပါ "
ကုချန်သည် ခပ်တိုးတိုး ရယ်မောလိုက်၏။ သူ၏ခန္ဓာကိုယ်သည်လည်း သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ မူလကိုယ်ခန္ဓာနှင့် ထပ်တူကျသော်လည်း ကြက်သွေးရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူရိပ်တစ်ခုသည် ကုချန်၏ရှေ့တွင် ပေါ်လာ၏။
ပို၍ ထူးခြားသောအချက်မှာ ကုချန်၏ မူလကိုယ်ခန္ဓာနှင့် လုံးဝထပ်တူကျသော ထိုလူရိပ် ခွဲထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏ ဘယ်ဘက်လက်ဖဝါးပေါ်ရှိ ဟွမ်သွမ့်တံဆိပ်သည်လည်း ထိုကြက်သွေးရောင်ဝတ်စုံနှင့် လူရိပ်ဆီသို့ ပြောင်းရွှေ့သွားခြင်းပင် ဖြစ်သည်။
ထိုကြက်သွေးရောင်ဝတ်စုံနှင့် လူရိပ်သည် ကုချန်နှင့် ရုပ်ရည်ရော၊ အရှိန်အဝါပါ လုံးဝ ထပ်တူကျနေသည်။ ဤသည်မှာ ကုချန်မှ 'ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း' နည်းလမ်းဖြင့် ဖန်တီးထားသော သူ၏ တတိယမြောက် ကိုယ်ပွားပင် ဖြစ်ပေတော့သည်။