← Chapters

အခန်း (၁၇၈)

Vol. 18 Ch. 178

အခန်း (၁၇၈)

Vol. 18 Ch. 178

[တင် စနစ်ရှင်သည်... နတ်ဘုရားတစ်‌သောင်းဖြစ်ရပ်မှတ်တမ်း တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားသည့်အတွက် ဂုဏ်ယူပါတယ်။ ဆုလာဘ်အဖြစ် သက်တမ်း နှစ် ၃၀၀၀ နှင့် မဟာတာအိုအဆင့် ကံစမ်းမဲ တစ်ကြိမ် ရရှိပါသည်။]

တာဝန်က ချောချောမွေ့မွေ့ ပြီးမြောက်သွားပြီ ဖြစ်သည်။ စနစ်က တစ်နှစ်အချိန် ပေးထားသော်လည်း လက်တွေ့တွင် တစ်ပတ်ပင် မကြာလိုက်ပေ။ ပိုအရေးကြီးသည်မှာ နွားမိစ္ဆာဘုရင်ကြောင့် ဖာဟိုင်နှင့် မိတ်ဆွေဖွဲ့ခွင့် ရရှိလိုက်ခြင်း ဖြစ်သည်။

ကျုံးရှန်သည် ဟင်းလင်းပြင်ထဲ၌ မတ်တတ်ရပ်နေသည်။ ယခင်က ငရဲကမ္ဘာငယ် သုံးခုမှာ ပုံစံပြောင်းလဲသွားပြီး မူလအစကမ္ဘာ၏ စည်းမျဉ်းနိယာမများဖြင့် အစားထိုးဝင်ရောက်သွားကာ အရာအားလုံးမှာ အသစ်တစ်ဖန် ပြန်လည် လည်ပတ်နေကြပြီဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလအစကမ္ဘာ၏ နတ်ဘုရားသန္ဓေသားမှတစ်ဆင့် စီးဝင်လာသော စွမ်းအားများသည်လည်း သိသိသာသာ ပိုမို အားကောင်းလာသည်။

မူလအစကမ္ဘာမှတစ်ဆင့် ကျုံးရှန်သည် ငရဲကမ္ဘာကြီးရှိ ကမ္ဘာများကို တဖြည်းဖြည်း ဝါးမြိုနိုင်မည်ဖြစ်ပြီး မိမိ၏ အင်အားစုများအဖြစ်သို့ ပြောင်းလဲနိုင်ပေလိမ့်မည်။ ငရဲကမ္ဘာကြီး၌ သူ ကိုယ်တိုင် ရှိနေပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှာ ဖာဟိုင်ဆရာတော်၏ ကိုယ်ပွားက စောင့်ရှောက်ပေးထားပေမည်ဖြစ်သည်။ ထို့ပြင် ဟင်းလင်းပြင် နတ်ဘုရားမိစ္ဆာများ၏ အန္တရာယ်အတွက်လည်း နှစ်ပေါင်း ငါးရာ အချိန်ရထားသဖြင့် ကျုံးရှန်အနေဖြင့် စိတ်ပူစရာ မရှိတော့ပေ။

သူသည် ကမ္ဘာသစ်များ ဖြစ်ပေါ်လာပုံကို စိတ်အေးလက်အေး ကြည့်နေရင်း မဟာတာအိုအဆင့် ကံစမ်းမဲ တစ်ကြိမ် ကျန်ရှိနေသေးကြောင်း သတိရလိုက်၏။

"ကံစမ်းမယ်"

သူ့ရှေ့၌ ကြီးမားလှသော ကံစမ်းမဲဘီးကြီး ပေါ်ထွက်လာ၏။ ယင်းပေါ်ရှိ ဆုလာဘ် အရေအတွက်မှာသူတော်စင် အဆင့် သို့မဟုတ် နတ်ဘုရားအဆင့် ကံစမ်းမဲများထက် များစွာ နည်းပါးလှသည်။ သို့သော် ဆုလာဘ်တစ်ခုချင်းစီမှာမူ ကမ္ဘာတစ်ခု၏ အဖိုးတန်ရတနာများဟု ခေါ်ဆိုနိုင်သောအရာများ ဖြစ်ကြ၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကဲ့သို့သော မဟာကမ္ဘာကြီးများတွင်ပင် နှစ်ပေါင်းများစွာအတွင်း တစ်ခုပေါ်ထွက်လာရန် ခက်ခဲလှသော အရာများ ဖြစ်သည်။

အကယ်၍သာ ကျိန်စာဖြေရှင်းနိုင်မည့် ပစ္စည်းမျိုးကို ကံစမ်းမဲ ပေါက်ခဲ့မည်ဆိုပါက ကျုံးရှန်သည် ကျိန်စာကို သတ်မှတ်ချိန်ထက် စော၍ ဖြေနိုင်ပေလိမ့်မည်။ ကံစမ်းမဲဘီးကြီးမှာ သူ၏ စိတ်အာရုံထဲ၌ အရှိန်အဟုန်ဖြင့် လည်ပတ်နေ၏။ ထို့နောက်တစ်ခဏအကြာတွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။

[ကျင့်စဉ်- ဓာတ်ကြီးငါးပါး ဝိညာဉ်သန့်စင်ခြင်း နည်းစနစ် ]

'နှမြောစရာပဲ... ကျိန်စာဖြေတဲ့ ပစ္စည်းတော့ မဟုတ်ဘူး... ဒါပေမဲ့ မဟာတာအိုအဆင့် ကျင့်စဉ်ဆိုတာ တစ်ကမ္ဘာလုံးမှာ အမြင့်ဆုံးအဆင့်ပဲလေ... အရင်ဆုံး ယူကြည့်လိုက်တာပေါ့'

ကျုံးရှန်သည် ကျိန်စာဖြေရန် စိတ်အားထက်သန်လွန်းသဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။ အပြင်လောကမှ သက်တမ်းရင့် မိစ္ဆာအိုကြီးများသာ ကျုံးရှန်က မဟာတာအိုအဆင့် ဆုလာဘ်ကို မဲနှိုက်ရရှိပြီး မကျေမနပ် ဖြစ်နေသည်ကို သိလျှင် ပါးစပ်အဟောင်းသား ဖြစ်သွားကြပေလိမ့်မည်။

သူ၏ ဦးခေါင်းထက်ရှိ နက်ရှိုင်းသော ဟင်းလင်းပြင်မှ တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော အရာတစ်ခုမှာ ဖြည်းညှင်းစွာ ကျဆင်းလာ၏။ ကျုံးရှန်သည် လက်လှမ်း၍ ထိုရွှေရောင်အလင်းတန်းကို ဖမ်းဆီးလိုက်သည်။

သူ၏ လက်ထဲသို့ ရောက်သည်နှင့် ရေခဲကဲ့သို့ အေးစက်လှသော အငွေ့အသက်များ ခံစားလိုက်ရပြီး ရွှေရောင်အလင်းတန်းမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေဓာတ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားပြီး လက်မောင်းမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

သူ၏ တစ်ကိုယ်လုံး အေးခဲသွားမတတ် ခံစားလိုက်ရပြီး တစ်ခဏအကြာတွင် အေးစက်လှသော ရေဓာတ်စွမ်းအားများမှာ မီးတောက်ကဲ့သို့ ပူပြင်းလှသော မီးဓာတ်စွမ်းအား အဖြစ်သို့ ပြောင်းလဲသွားပြန်ရာ ကျုံးရှန်၏ ခန္ဓာကိုယ်ကို အလွန်ပင် ပူပြင်းသွားစေ၏။ ကျုံးရှန်၏ ခန္ဓာကိုယ်သည် အလွန်အမင်း ပူပြင်းလာပြီး အချိန်မရွေး မီးလောင်ကျွမ်းတော့မည့်အလား ခံစားလိုက်ရသည်။

သို့သော် ဤမျှနှင့် မပြီးသေးပေ။ ပူပြင်းလှသော မီးဓာတ်စွမ်းအားများ ပေါ်ထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်း၌ ထပ်မံ၍ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြန်ကာ အဖျက်စွမ်းအားပြင်းထန်သော သတ္တုဓာတ်စွမ်းအား အဖြစ်သို့ ပြောင်းလဲသွား၏။

ဤသတ္တုဓာတ်စွမ်းအားများမှာ ကြမ်းတမ်းလှပြီး အနှိုင်းမဲ့ နတ်ဘုရားဓားတစ်လက်ကဲ့သို့ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ လှည့်လည် ပိုင်းဖြတ်နေ၏။ သူ၏ ကိုယ်တွင်းကလီစာများကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်တော့မည့်အလား ထင်ရသည်။

သို့သော် ယင်း၏ အစွမ်းကို အသေးစိတ်မပြသနိုင်ခင်မှာပင် ထပ်မံ၍ ပြောင်းလဲသွားပြီး တောင်ကြီးတစ်လုံးကဲ့သို့ လေးလံသော မြေဓာတ်စွမ်းအား များ ပေါ်ထွက်လာသည်။ ကိုယ်တွင်းကလီစာများ အားလုံးမှာ တစ်စုတစ်စည်းတည်း ဖြစ်သွားပြီး ကမ္ဘာမြေပြင်ကဲ့သို့ မာကြောသွားသည်ဟု ခံစားလိုက်ရလေသည်။

ကျုံးရှန်အနေဖြင့် ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ခံစားကြည့်ဖို့ အချိန်မရလိုက်သေးခင်မှာပင် မြေဓာတ်စွမ်းအားများမှာ ထပ်မံ၍ ပြောင်းလဲသွားပြီး အသက်ဓာတ်ပြည့်ဝသော သစ်သားဓာတ်စွမ်းအားများ ပေါ်ထွက်လာသည်။

စွမ်းအား ၅ မျိုးသည် ဓာတ်ကြီး ၅ ပါးစွမ်းအင် အဖြစ် ပြောင်းလဲကာ ကိုယ်တွင်းကလီစာ ၅ မျိုး ဖြစ်သည့် နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ သရက်ရွက်များအကြားတွင် မရပ်မနား လည်ပတ် စီးဆင်းနေကြသည်။ ထူးဆန်းစွာဖြင့် ကိုယ်တွင်းကလီစာများထဲမှ တရားစာ ရွတ်ဖတ်သံများ ထွက်ပေါ်လာ၏။

ကျုံးရှန်သည် စိတ်အာရုံကို စုစည်းလိုက်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းကို အာရုံခံကြည့်လိုက်သောအခါ အံ့ဩသင့်သွားရ၏။ အဘယ် ကြောင့်ဆိုသော် နှလုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်နှင့် သရက်ရွက် ဆိုသည့် အင်္ဂါ၅ခုအတွင်း၌ နတ်ဘုရားနန်းတော်တစ်ခုစီ ပေါ်ပေါက်နေသည်ကို သူ တွေ့လိုက်ရ‌ သောကြောင့်ပင် ဖြစ်သည်။

နတ်ဘုရားနန်းတော်များအတွင်း၌ မြူများဆိုင်းနေသဖြင့် သေချာစွာ မမြင်ရသော်လည်း မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများကြား၌ တာအိုဆရာသခင် တစ်ပါးစီ တင်ပျဉ်ခွေ ထိုင်နေသည်ကို ဝေဝါးစွာ မြင်တွေ့နေရသည်။

တရားတော် ရွတ်ဖတ်သံများမှာ ထိုပုဂ္ဂိုလ်ငါးဦး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခြင်းပင် ဖြစ်တော့သည်။

'ကိုယ်တွင်းကလီစာ ၅ ခုထဲမှာ နတ်ဘုရားနန်းတော် ၅ ခုနဲ့ နတ်ဘုရား ၅ ပါး ကိန်းဝပ်နေတယ်တဲ့လား...'

ကျုံးရှန် အလွန် အံ့သြသွားသည်။ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများမှာ အံ့မခန်းပင် ဖြစ်သည်။

ဤကဲ့သို့သော ကျင့်စဉ်မျိုးကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။ ထိုအချိန်တွင် လက်ထဲရှိ ရွှေရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး ရွှေရောင် စာရွက်တစ်ရွက်သာ ကျန်ရစ်တော့သည်။

စာရွက်ပေါ်တွင်ဓာတ်ကြီးငါးပါး ဝိညာဉ်သန့်စင်ခြင်း နည်းစနစ် ဟူသော ရွှေရောင်စာလုံး ၅ လုံးကို ရေးထိုးထားသည်။ ကျုံးရှန် ဖတ်ရှုပြီးသည်နှင့် စာရွက်တစ်ရွက်လုံး သည် ရွှေရောင် အမှုန်အမွှားလေးများ အဖြစ် ပြောင်းလဲသွားကာ ကျုံးရှန်၏ စိတ်အာရုံအတွင်းသို့ ဝင်ရောက်သွားသည်။

ပြီးပြည့်စုံလှသော ကျင့်စဉ်နှင့် တန်ခိုးစွမ်းရည်များမှာ သူ၏ မှတ်ဉာဏ်ထဲ၌ စာလုံးတစ်လုံး မကျန် စွဲထင်သွားတော့၏။

ကျုံးရှန်သည် မျက်လုံးများကို မှိတ်လိုက်ပြီး ဟင်းလင်းပြင်ကြီးထဲ၌ ထိုင်လျက် ထိုကျင့်စဉ်ကို တိတ်တဆိတ် ဆင်ခြင်နေသည်။

“ဒီလိုကိုး...”

နာရီဝက်ခန့် ကြာပြီးနောက် ကျုံးရှန်၏ မျက်လုံးများ ပြန်ပွင့်လာကာ သူ၏ မျက်နှာထက်၌ အံ့ဩဝမ်းသာနေသည့် အမူအရာများ ပြည့်နှက်နေသည်။

“ကောင်းတယ်... ဒီကျင့်စဉ်က တကယ့်ကို ထူးခြားဆန်းကြယ်လွန်းတာပဲ...”

“ကျင့်စဉ်ရဲ့ အဆင့်အတန်းက နဂါးမဲ့နှလုံးသားကျင့်စဉ် လောက် မနက်နဲပေမဲ့လည်း သိပ်တော့ မကွာလှဘူး...”

ရွှေရောင်စာရွက်ပါ မှတ်တမ်းများအရ ဤနည်းစနစ်သည် လူ့ခန္ဓာကိုယ်ရှိ ကလီစာ ၅ ခုထဲတွင် နတ်ဘုရားအရှင်သခင် တစ်ပါးစီ မွေးမြူခြင်း ဖြစ်သည်။ နတ်ဘုရားအရှင်သခင် တစ်ပါးစီသည် နန်းတော်တစ်ခုစီတွင် နေထိုင်ကြသည်။ သူတို့ကိုယ်ပိုင် ဖွဲ့စည်းထားသော သူတော်စင်ကမ္ဘာ နှင့် ပေါင်းစပ်လိုက်ပါက လူတစ်ယောက်တည်းတွင် ဓာတ်ကြီးငါးပါး နတ်ဘုရားများ၏ စွမ်းအားကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ထို့အပြင် နတ်ဘုရားနန်းတော်များသည် သူတော်စင်ကမ္ဘာများ အဆင့်မြင့်လာသည်နှင့်အမျှ လိုက်ပါ မြင့်တက်လာမည် ဖြစ်ပြီး နောက်ပိုင်းတွင် အသေးစားကမ္ဘာ သို့မဟုတ် အလယ်အလတ်ကမ္ဘာ ၅ ခုအထိပင် ပြောင်းလဲလာနိုင်သည်။ ဤကျင့်စဉ်မျိုးသည် ကြားဖူးနားဝပင် မရှိသော အရာဖြစ်၏။ သို့သော် ဤကျင့်စဉ်ကို လေ့ကျင့်ရန်မှာ အလွန် ခက်ခဲလှပြီး မွေးရာပါ သူတော်စင်တစ်ဦးပင်လျှင် နတ်ဘုရားနန်းတော် တစ်ခု ဖွင့်လှစ်ရန် နှစ်ပေါင်း သောင်းချီ ကြာမြင့်နိုင်သည်။

အစောပိုင်းမှ ရွှေရောင်အလင်းတန်းသည် ကျုံးရှန်၏ ကိုယ်တွင်းကလီစာ ၅ ခုစလုံးရှိ နတ်ဘုရားနန်းတော်များကို တိုက်ရိုက် ဖွင့်လှစ်ပေးခဲ့ပြီး နတ်ဘုရားအရှင်သခင် ၅ ပါးကို ပေါ်ထွက်စေခဲ့သည်။ ဆိုလိုသည်မှာ ကျုံးရှန်အနေဖြင့် နှစ်ပေါင်း သိန်းချီ ကြိုးစားရမည့် အချိန်ကို သက်သာသွားစေခြင်း ဖြစ်သည်။

ပို၍ ကြောက်စရာကောင်းသည်မှာ ထိုနတ်ဘုရားအရှင်သခင် ၅ ပါးသည် ကျုံးရှန်၏ ကိုယ်ပွားအစစ်များ နှင့် တူညီနေခြင်း ဖြစ်ပြီး တစ်ပါးစီတိုင်းသည် ကျုံးရှန်၏ မူလခန္ဓာကိုယ်နှင့် တန်းတူညီမျှသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

သို့ဖြစ်ရာ ယခုဆိုလျှင် ဖာဟိုင်ဆရာတော်၏ ကိုယ်ပွားကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ထပ်မံတွေ့ဆုံပါက ကျုံးရှန်အနေဖြင့် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် အလွယ်တကူ အောင်နိုင်မည်ဟု ယုံကြည်ချက် ရှိသွားလေသည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာပါက နတ်ဘုရားအရှင်သခင် ၅ ပါးစလုံးကို တစ်ပြိုင်နက် ထုတ်ဖော် အသုံးပြုနိုင်မည်ဖြစ်ပြီး ကျုံးရှန် ၆ ယောက် တစ်ပြိုင်နက် တိုက်ခိုက်ခြင်းနှင့် တူညီသွားပေမည်။

အကယ်၍သာ သူတို့အားလုံးကသုံးပါးပေါင်းစည်းခြင်း မဟာနည်းစနစ် ကို တစ်ပြိုင်နက် ထုတ်ဖော်လိုက်မည်ဆိုပါက ခဏချင်းအတွင်းမှာပင်ကျုံးရှန်၏ မူလခန္ဓာကိုယ် ၁၈ ခုအထိ ခွဲထွက်တိုက်ခိုက်နိုင်မည် ဖြစ်သည်။ တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထစရာ ကောင်းလှသည်။

“ဟူး...”

ကျုံးရှန် သက်ပြင်းတစ်ချက် ရှည်လျားစွာ ချလိုက်ရာ သူ၏ရှေ့မှောက်ရှိ ဟင်းလင်းပြင်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။

"တကယ့်ကို ကံကောင်းတာပဲ..."

“ဒီကျင့်စဉ်ကို ကံစမ်းမဲပေါက်လိုက်တာက ခဏလေးအတွင်းမှာ ငါ့ရဲ့ စွမ်းအားကို အဆပေါင်းများစွာ တိုးတက်လာစေတယ်...”

“ဒီမဟာတာအိုအဆင့် ဆုလာဘ်က ကျိန်စာဖြေတဲ့ ပစ္စည်းမဟုတ်ပေမဲ့လည်း အရင်က ရခဲ့တဲ့ ဆေးဝါးတွေထက် အဆပေါင်းများစွာ သာလွန်တယ်လို့ ပြောရမှာပဲ...”

သူသည် စိတ် လှုပ်ရှားပြီး ခြေလက်များကို အသာအယာ ဆန့်ထုတ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်အတွင်းမှ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ဟင်းလင်းပြင်ထဲတွင် လေထုပေါက်ကွဲသံများ ဖြစ်ပေါ်စေခြင်းက သူ၏ စွမ်းအားများ တစ်ဖန် မြင့်တက်လာကြောင်း သက်သေပြနေတော့သည်။

All Chapters