← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 24 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 24 Ch. 333-334

‎အခန်း ( ၃၃၃ ) - မြွေကို တွင်းထဲကနေ မျှားခေါ်ခြင်း၊ ဟွမ်သွမ့်ထဲသို့ ပြန်လည်ဝင်ရောက်ခြင်း၊ အရှင်သခင်အဆင့် ဝေလငါးကြီး

‎

‎

‎

‎ဟွမ်သွမ့်တံဆိပ်သည် သူ၏ တတိယမြောက်ကိုယ်ပွား၏ လက်ဖဝါးထက်သို့ ကူးပြောင်းသွားသည်ကို ကြည့်ရှုရင်း ကုချန်၏နှုတ်ခမ်းထက်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

‎

‎

‎သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေသည်။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်၏ တံဆိပ်သည် ကုချန်၏ အငွေ့အသက်ကိုသာ သော့ခတ်ထားနိုင်သော်လည်း သူ၏ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများအကြား ကွဲပြားခြားနားမှုကိုမူ ခွဲခြားနိုင်စွမ်း မရှိချေ။

‎

‎

‎ထို့ကြောင့် ဤဟွမ်သွမ့်တံဆိပ်ကို ကုချန် ဆန္ဒရှိသည့်အတိုင်း မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများအကြား လွတ်လပ်စွာ ပြောင်းလဲနိုင်ပေသည်။

‎

‎

‎" ငါ့ရဲ့ တတိယကိုယ်ပွားကို ဒီဟွမ်သွမ့်တံဆိပ် ယူသွားခိုင်းပြီး ဟွမ်သွမ့်ပင်လယ်ထဲ ဝင်ခိုင်းလိုက်မယ် "

‎

‎

‎ကုချန်မှ တီးတိုးရေရွတ်လိုက်၏။

‎

‎

‎ဟွမ်သွမ့်အင်မော်တယ်ဘုရင်သည် မည်သည့်အချိန်တွင် ဆင်းသက်လာမည်ကို မသိရချေ။ ကုချန်အနေဖြင့် ကြောက်ရွံ့ခြင်းမရှိသော်လည်း ဤနေရာသည် သူ၏နေအိမ် ဖြစ်နေသည်။

‎

‎

‎အကယ်၍ ဟွမ်သွမ့်အင်မော်တယ်ဘုရင် ရောက်ရှိလာ၍ သူနှင့် အမှန်တကယ် တိုက်ခိုက်ရပါက မမျှော်လင့်ထားသော ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ကာ အထက်ကောင်းကင်ဘုံရှိ ကုမိသားစုဝင်များကို ကာကွယ်ရန် ခက်ခဲသွားစေနိုင်သည်။

‎

‎

‎ထို့ကြောင့် သူ၏ တတိယကိုယ်ပွားအား ဟွမ်သွမ့်တံဆိပ်ကို ယူဆောင်စေလျက် ဟွမ်သွမ့်ပင်လယ်အတွင်းပိုင်းထိ သွားရောက်စေခြင်းက ပို၍ကောင်းမွန်ပေသည်။ ဤနည်းအားဖြင့် ဟွမ်သွမ့်အင်မော်တယ်ဘုရင်ကို မျှားခေါ်နိုင်ခဲ့လျှင်ပင် ကုချန်သည် မည်သည့် အနှောင်အဖွဲ့မှ မရှိဘဲ စိတ်အေးလက်အေး တိုက်ခိုက်နိုင်မည် ဖြစ်သည်။

‎

‎

‎" ပြီးတော့ ရှောင်ယောက်ထျန်းကျွင်းကရော... ဘာလို့ အခုထိ လှုပ်ရှားမှုမရှိသေးတာလဲ "

‎

‎

‎ကုချန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။

‎

‎

‎သူသည် ယခင်က သက်တမ်းရှည်နန်းတော်ကို ဖျက်ဆီးခဲ့ကာ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ကို စစ်နိုင်ပစ္စည်းအဖြစ် ပြန်လည်ယူဆောင်လာခဲ့သည်။

‎

‎

‎တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ထဲတွင် ရှောင်ယောက်ထျန်းကျွင်း ချန်ထားခဲ့သော အမှတ်အသားတစ်ခု ရှိနေသည်။ ထိုအချိန်က ကုချန်သည် ဤအမှတ်အသားကို တွေ့ရှိခဲ့သော်လည်း ဖယ်ရှားခြင်းမပြုခဲ့ဘဲ ရှောင်ယောက်ထျန်းကျွင်းကို ထောင်ချောက်အတွင်းသို့ 'မျှားခေါ်' ရန်အတွက် ငါးစာအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ကျန်ရှိနေသေးသော ဤနောက်ဆုံးဖုံးကွယ်နေသည့် အန္တရာယ်လေးကို အပြီးတိုင် ဖြေရှင်းပစ်ရန်ဖြစ်သည်။

‎

‎

‎သို့သော် အချိန်အတော်ကြာ ကုန်ဆုံးခဲ့ပြီဖြစ်ကာ သူ၏ဒုတိယကိုယ်ပွားသည် နတ်ဆိုးနယ်မြေတွင် ရှိနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ရှောင်ယောက်ထျန်းကျွင်းထံမှ လှုပ်ရှားမှု အရိပ်အယောင်တစ်ခုမျှပင် မရှိသေးချေ။ ဤအချက်က ကုချန်အား စိတ်မရှည်ဖြစ်လာစေသည်။

‎

‎

‎တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်၏ တည်နေရာသည် အဆုံးမဲ့ကမ္ဘာတွင် ငြိမ်သက်နေသည်ကို မြင်တွေ့ရသဖြင့် အရာအားလုံးက ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ခံစားရကာ အလျင်လိုစရာမလိုဟု ယူဆ၍ ငြိမ်သက်နေခြင်းများလော။

‎

‎

‎ကုချန်သည် စဉ်းစားတွေးတောပြီးနောက် ရှောင်ယောက်ထျန်းကျွင်းအပေါ် ဖိအားအနည်းငယ်ပေးရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎သူ၏တတိယကိုယ်ပွားကို တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်အား ယူဆောင်စေပြီး ဟွမ်သွမ့်ပင်လယ်သို့ သွားရောက်ကာ ရှောင်ယောက်ထျန်းကျွင်း ငါးစာဟပ်မဟပ် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎သူ၏မူလခန္ဓာကိုယ်မှာမူ မတော်တဆမှုများကို ကာကွယ်ရန်အတွက် အထက်ကောင်းကင်ဘုံတွင် ဆက်လက်ရှိနေမည် ဖြစ်သည်။

‎

‎

‎ဤသို့ တွေးတောမိသည်နှင့် ကုချန်၏ စိတ်အာရုံမှာ လှုပ်ရှားသွားကာ သူ၏နတ်ဘုရားဝိညာဉ်တစ်မျှင်သည် တတိယကိုယ်ပွား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေ၏။

‎

‎

‎သူ၏တတိယကိုယ်ပွားသည် မူလခန္ဓာကိုယ်အား ခေါင်းအနည်းငယ်ညိတ်ပြပြီးနောက် အထက်ကောင်းကင် ပင်မခန်းမဆောင်မှ ထွက်ခွာသွားတော့သည်။

‎

‎

‎" ဘိုးဘေးကြီး အပြင်ထွက်မလို့လား "

‎

‎

‎တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်အတွင်း၌ ကျင့်ကြံအားထုတ်နေရာမှ နိုးထလာသော ကုဝူရှန့်သည် သူ၏ရှေ့တွင် ရုတ်တရက်ပေါ်လာသော ကုချန်ကိုကြည့်ကာ ဇဝေဇဝါဖြင့် မေးမြနလိုက်၏။

‎

‎

‎ကုဝူရှန့် အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။ ဘိုးဘေးကြီးသည် အမြဲတမ်း အဖြူရောင်ဝတ်ဆင်လေ့ ရှိသော်လည်း ယခု အဘယ်ကြောင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားရသနည်း။

‎

‎

‎" အင်း "

‎

‎

‎ကုချန်၏တတိယကိုယ်ပွားမှာ ခေါင်းအနည်းငယ်ညိတ်လိုက်ပြီးနောက် လက်ဖဝါးကို ဆန့်ထုတ်၍ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်အတွင်းမှ လျှပ်စီးကပ်ဘေး စွမ်းအားတစ်စိတ်တစ်ပိုင်းကို ဆွဲယူလိုက်ကာ လက်ဖဝါးပေါ်တွင် မိုးကြိုးတိမ်တိုက်အသေးစားလေးအဖြစ် စုစည်းလိုက်၏။

‎

‎

‎" ဒီ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ကို မကြာခင် ငါကိုယ်တော် ယူသွားတော့မယ်... ဒါပေမယ့် မင်းအတွက် လျှပ်စီးကပ်ဘေးစွမ်းအား တစ်စိတ်တစ်ပိုင်းကို ငါဖြတ်ယူပေးထားတယ်... မင်းအနေနဲ့ ဒီထဲမှာ ဝင်နေလိုက်ရုံနဲ့ ကျင့်ကြံခြင်းနဲ့ ပြန်လည်သက်သာလာအောင် ကုသခြင်းတွေကို ဒီလျှပ်စီးကပ်ဘေးစွမ်းအားသုံးပြီး ဆက်လုပ်နိုင်မှာပါ "

‎

‎

‎ကုဝူရှန့်အား မှာကြားမှုအချို့ ပြုလုပ်ပြီးနောက် ကုချန်သည် လက်ဝှေ့ယမ်း၍ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်တစ်ခုလုံးကို ဖမ်းယူလိုက်ပြီးနောက် အထက်ကောင်းကင်မှ ယူဆောင်ထွက်ခွာသွားလေသည်။

‎

‎

‎ကုချန်သည် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်အတွင်း စိုက်ပျိုးထားသော မသေဆေးပင်များနှင့် အခြားပစ္စည်းများကို မထိတွေ့ခဲ့ပေ။

‎

‎

‎သို့မဟုတ် ထိုအရာများကို ရွှေ့ပြောင်းရန် မလိုအပ်ဟု ခံစားမိ၍ ဖြစ်မည်။

‎

‎

‎ယခုအခါ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် သူ၏ပိုင်ဆိုင်မှု ဖြစ်နေပြီဖြစ်ရာ အတွင်း၌ ရတနာများနှင့် နတ်ဘုရားပစ္စည်းများ မည်မျှပင် စိုက်ပျိုးထားပါစေ ရှောင်ယောက်ထျန်းကျွင်းအနေဖြင့် အမှန်တကယ် လုယူနိုင်ပါမည်လော။

‎

‎

‎ကုချန်သည် မည်သူ့ကိုမျှ အသိပေးခြင်းမရှိဘဲ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ကို တိတ်တဆိတ် ယူဆောင်ထွက်ခွာသွားခဲ့သည်။

‎

‎

‎အချိန်အနည်းငယ်မျှ ကုန်ဆုံးပြီးနောက် သူသည် အဆုံးမဲ့ကမ္ဘာ၏ ကမ္ဘာ့အတားအဆီးကို ဖြတ်ကျော်ကာ ဟွမ်သွမ့်ပင်လယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

‎

‎

‎" လူသားဧကရာဇ် ချန်ထားခဲ့တဲ့ သံလိုက်အိမ်မြှောင်က သုံးမရတော့တာ နှမြောစရာပဲ... အဲ့လိုသာမဟုတ်ရင် ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင် ရှိတဲ့နေရာကို ရှာတွေ့နိုင်ပြီး ငါကိုယ်တော်ရဲ့ စွမ်းအားက နောက်တစ်ဆင့် တက်လှမ်းနိုင်မှာ "

‎

‎

‎ကုချန်သည် နှမြောတသဖြစ်သော လေသံဖြင့် ပြောဆိုလိုက်၏။

‎

‎

‎ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်သည် ဧကန်မုချပင် စိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ၎င်းပေါ်ရှိ အကြောင်းအရာအားလုံးကို အပြည့်အဝ နားလည်သဘောပေါက်နိုင်ပါက ကုချန်၏ခန့်မှန်းချက်အရ အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် ထိုသူ၏ရှေ့၌ ချက်ချင်း အသတ်ခံရနိုင်ပေသည်။

‎

‎

‎ကောင်းကင်ကျောက်တိုင်သည် ဆန်းကြယ်သော်လည်း ၎င်း၏ခြေရာများကို ရှာဖွေရန် ခက်ခဲနေခြင်းမှာ ဝမ်းနည်းစရာပင်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်သည် ကျယ်ပြော၍ အဆုံးအစမဲ့၏။ အတွင်း၌ အဆက်မပြတ် ရွေ့လျားနေသော ကောင်းကင်ကျောက်တိုင်ကို ရှာဖွေရန် ကြိုးပမ်းခြင်းသည် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသကဲ့သို့ပင် ဖြစ်နေလေသည်။

‎

‎

‎သို့သော် ကောင်းကင်ကျောက်တိုင် ရှိရာနေရာကို ရှာမတွေ့နိုင်လျှင်ပင် ကုချန်သည် ကံစမ်းရန်အတွက် ဟွမ်သွမ့်ပင်လယ်အတွင်းပိုင်းထိ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

‎

‎

‎သူ ဧကရာဇ်ဖြစ်လာချိန်ကတည်းက ဟွမ်သွမ့်ပင်လယ်ကို နှံ့နှံ့စပ်စပ် စူးစမ်းလေ့လာချင်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎သို့သော် အစပိုင်းတွင် သူသည် သက်တမ်းရှည်နန်းတော်၏ ပူးပေါင်းကြံစည်မှုတွင် ပိတ်မိနေခဲ့ကာ နတ်ဆိုးနယ်မြေ၏ နယ်စပ်ကို နှစ်ပေါင်းကိုးသောင်းတိုင်တိုင် စောင့်ကြပ်ခဲ့ရသည်။

‎

‎

‎နောက်ပိုင်းတွင် အဆုံးမဲ့ကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် ကုမိသားစု၏လုံခြုံရေးကို ကာကွယ်ရန်အတွက် သူသည် အထက်ကောင်းကင်တွင်သာ အမြဲနေထိုင်ခဲ့ကာ မည်သည့်အခါမျှ ထွက်ခွာခြင်း မရှိခဲ့ပေ။

‎

‎

‎ယခုအခါ ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်းနည်းစနစ် ရှိနေပြီဖြစ်သဖြင့် သူသည် နောက်ဆုံးတွင် ဟွမ်သွမ့်ပင်လယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အတားအဆီးမရှိ လေ့လာစူးစမ်းနိုင်ပြီ ဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်သည် ၎င်း၏ အမည်ကဲ့သို့ပင် အဆုံးမဲ့ဟွမ်သွမ့်ချီများ စုစည်းနေသော နေရာတစ်ခုဖြစ်ကာ သမုဒ္ဒရာကြီးတစ်ခုနှင့် တူလေသည်။

‎

‎

‎သို့သော် ဤသမုဒ္ဒရာထဲတွင် အဆုံးမဲ့ကမ္ဘာကဲ့သို့သော မရေမတွက်နိုင်သည့် ကမ္ဘာများ မျောပါနေကြသည်။

‎

‎

‎ထိုကမ္ဘာများအပြင် ဟွမ်သွမ့်ပင်လယ်ထဲတွင် ပျက်စီးနေသော ရှေးဟောင်းအပျက်အစီးများ သို့မဟုတ် သဘာဝအလျောက် ဖြစ်ပေါ်နေသော သေမင်းတမန်နယ်မြေများကဲ့သို့သော အန္တရာယ်များသည့် နေရာများစွာလည်း ရှိနေ၏။ အဆုံးမဲ့ကမ္ဘာ၏ အမြင့်ဆုံးကျင့်ကြံမှုအဆင့်ဖြစ်သော အရှင်သခင်အဆင့် ရှိသူများပင်လျှင် ထိုနေရာများသို့ မှားယွင်းဝင်ရောက်မိပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။

‎

‎

‎သို့သော် ကုချန်၏ လက်ရှိစွမ်းအားဖြင့် ထိုနေရာများကို ရှောင်ရှားရန် သို့မဟုတ် ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ။ သူသည် လွတ်လပ်စွာနှင့် အတားအဆီးမရှိ စူးစမ်းနိုင်ပြီဖြစ်သည်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်ရှိ အန္တရာယ်များသော နေရာအများစုသည် သူ့မျက်လုံးထဲတွင် အန္တရာယ်မရှိတော့ဘဲ မြေပြင်ညီပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ ဖြတ်သန်းသွားလာနိုင်ပေသည်။

‎

‎

‎" ဝေါင်း...! "

‎

‎

‎သူ ခရီးနှင်နေစဉ်တွင် နဂါးဟိန်းသံကဲ့သို့သော ရှေးဟောင်းအသံတစ်ခုမှာ ကုချန်၏အာရုံကို ဖမ်းစားလိုက်၏။

‎

‎

‎၎င်းမှာ ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသောအပိုင်းတွင် ကူးခတ်နေသည့် ဝေလငါးကြီးတစ်ကောင် ဖြစ်နေလေသည်။ ၎င်း၏ ဆူးတောင်များကို ခတ်လိုက်တိုင်း မိုင်ပေါင်းကုဋေချီ ခရီးရောက်ရှိသွား၍ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားသော လေပြင်းများအဖြစ် ပြောင်းလဲသွားသည့် ဟွမ်သွမ့်ရေစီးကြောင်းများကို လှုပ်ခတ်သွားစေသည်။

‎

‎

‎ဤဝေလငါးကြီး၏ ကျင့်ကြံမှုအဆင့်သည် အရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ဟွမ်သွမ့်ပင်လယ်၏ မူရင်းသတ္တဝါတစ်ကောင် ဖြစ်ဟန်တူသည်။

‎

‎

‎ဤဝေလငါးကြီးကို မြင်လိုက်ရသောအခါ ကုချန်၏ မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်လာခဲ့လေသည်။

‎

‎

‎ဤဝေလငါးကြီးသည် ဟွမ်သွမ့်ပင်လယ်ထဲတွင် ကူးခတ်နေခဲ့ခြင်းဖြစ်ရာ ဟွမ်သွမ့်ပင်လယ်ရှိ ဆန်းကြယ်သော နေရာအချို့၏ တည်နေရာများကို သိရှိနိုင်သည်။ အကယ်၍ ၎င်းမှ လမ်းပြပေးနိုင်မည်ဆိုပါက ခေါင်းပြတ်နေသော ယင်ကောင်ကဲ့သို့ ရည်ရွယ်ချက်မဲ့ လျှောက်သွားနေရခြင်းမှ သက်သာစေ၍ ဒုက္ခများစွာကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

‎

‎

‎" လာခဲ့စမ်း "

‎

‎

‎ကုချန်သည် ဝေလငါးကြီးကိုကြည့်လျက် ပေါ့ပါးစွာ အမိန့်ပေးလိုက်၏။

‎

‎

‎" ဝေါင်း! "

‎

‎

‎ဝေလငါးကြီးသည် ရှည်လျားစွာ အော်ဟစ်လိုက်၍ ကုချန်ကို ကြည့်နေသော ၎င်း၏ အကြည့်များထဲတွင် သတိထားမှုများ ပြည့်နှက်နေသည်။

‎

‎

‎သို့သော် နောက်တစ်ခဏတွင် ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ခု သက်ဆင်းလာခဲ့ရာ ၎င်း၏ရှေ့မှောက်ရှိ လူသားသည် လုံးဝ ရန်စ၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဝေလငါးကြီးအား သဘောပေါက်သွားစေခဲ့သည်။

‎

‎

‎ဟွမ်သွမ့်ပင်လယ်ထဲတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုမျိုး မည်သည့်အချိန်က ပေါ်လာရသနည်း။

‎

‎

‎ဝေလငါးကြီး၏ ကြီးမားသော မျက်လုံးများထဲတွင် လူသားဆန်သော လှုပ်ရှားမှုတစ်ခု ပေါ်လာခဲ့သည်။ ၎င်းသည် ပေါ့ဆရဲခြင်းမရှိဘဲ ကုချန်၏ ရှေ့မှောက်သို့ အလျင်အမြန် ရောက်လာကာ ၎င်း၏ ကြီးမားသော ခေါင်းကို နှိမ့်ချလိုက်လေသည်။

‎

‎

‎ဝေလငါးကြီး အလိုက်သိသည်ကို မြင်သောအခါ ကုချန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဝေလငါးကြီး၏ ခေါင်းပေါ်သို့ ဖွဖွလေး တက်လိုက်ကာ ညွှန်ကြားလိုက်လေသည်။

‎

‎

‎" ဟွမ်သွမ့်ပင်လယ်ထဲက မင်းသိထားတဲ့ အန္တရာယ်များတဲ့ နေရာတချို့ဆီ ငါကိုယ်တော်ကို ခေါ်သွားချေ "

‎

‎အခန်း ( ၃၃၄ ) - အလွယ်တကူ ခုခံနိုင်ခြင်း၊ အရှင်သခင်အဆင့် အင်မော်တယ်ပစ္စည်း၊ အန္တရာယ်အများဆုံးနေရာ

‎

‎

‎

‎" အန္တရာယ်များတဲ့ နေရာ ဟုတ်လား "

‎

‎

‎ကုချန်၏ စကားကို ကြားလိုက်ရသောအခါ ဝေလငါးကြီးမှာ ကြောင်အသွားလေ၏။ ၎င်းသည် ကုချန်မှ ထိုကဲ့သို့ ထူးဆန်းသော ‘တောင်းဆိုမှု’ ပြုလုပ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

‎

‎

‎၎င်းသည် ဤဟွမ်သွမ့်ပင်လယ်ထဲတွင် နေထိုင်လာခဲ့သည်မှာ မရေမတွက်နိုင်သော ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုအချိန်ကာလအတွင်း အလွန်အန္တရာယ်များသော ‘တားမြစ်နယ်မြေ’ အချို့နှင့် သဘာဝအလျောက် ကြုံတွေ့ခဲ့ဖူးပေသည်။ သို့သော် ၎င်းသည် သဘာဝအလျောက် ရရှိထားသော အာရုံခံနိုင်စွမ်းဖြင့် ထိုနေရာများကို အမြဲတမ်း ရှောင်ရှားခဲ့ကာ မည်သည့်အခါမျှ အနီးကပ် မသွားရဲခဲ့ပေ။

‎

‎

‎ယခုမူ ဤကြောက်မက်ဖွယ်ကောင်းသော လူသားမှ ထိုဆိုးရွားလှသည့် နေရာများသို့ သွားရောက်ရန် တိတိကျကျ တောင်းဆိုနေသဖြင့် ဝေလငါးကြီးမှာ ပြောစရာစကား မရှိ ဖြစ်နေတော့သည်။

‎

‎

‎" သွားကြစို့ "

‎

‎

‎ခြေအောက်ရှိ ဝေလငါးကြီး မရွေ့လျားသေးသည်ကို မြင်သောအခါ ကုချန်သည် တိုက်တွန်းလိုက်၏။

‎

‎

‎" အရှင်သခင်... ဒီဟွမ်သွမ့်ပင်လယ်ထဲက တားမြစ်နယ်မြေတွေက အလွန်ပဲ အန္တရာယ်များလှပါတယ်... အဲဒီထဲက တချို့နေရာတွေဆိုရင် အနားကပ်သွားရုံနဲ့တင် ချက်ချင်း သေဆုံးသွားစေနိုင်ပါတယ်... ကျွန်တော်မျိုး စိုးရိမ်တာက..... "

‎

‎

‎ဝေလငါးကြီးသည် လူစကားဖြင့် တုံ့ဆိုင်းစွာ လျှောက်တင်လိုက်၏။

‎

‎

‎ဝေလငါးအိုကြီး မည်သည့်အရာကို ကြောက်ရွံ့နေသည်ကို ကုချန် သဘာဝကျကျပင် သိရှိနေ၍ ဂရုမစိုက်သော လေသံဖြင့် ဆိုလိုက်၏။

‎

‎

‎" မင်းအနေနဲ့ ငါ့အမိန့်ကို နာခံပြီး လိုက်ရှာပေးဖို့ပဲ လိုတယ် "

‎

‎

‎အန္တရာယ်များတယ် ဟုတ်လား။

‎

‎

‎အကယ်၍ အန္တရာယ်မများလျှင် ကုချန်အနေဖြင့် သွားရောက်ရန် စိတ်ဝင်စားလိမ့်မည်ပင် မဟုတ်ချေ။

‎

‎

‎ကုချန် ဆုံးဖြတ်ချက်ချပြီးဖြစ်ပုံရသည်ကို မြင်လိုက်ရသဖြင့် ဝေလငါးကြီးသည် ထပ်မံ၍ စောဒကမတက်ရဲတော့ပေ။ မည်သို့ပင်ဆိုစေကာမူ အခြေအနေမှာ ၎င်းထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။

‎

‎

‎အကယ်၍ ထိုအန္တရာယ်များသော နေရာများကို သွားရောက်ရှာဖွေပါက သေဆုံးရနိုင်ခြေ ရှိသည်။

‎

‎

‎သို့သော် မသွားဘဲနေပါက ဤလူသားသည် ၎င်းကို ချက်ချင်း သတ်ပစ်လောက်ပေသည်။

‎

‎

‎ဝေလငါးအိုကြီးသည် တုံးအသူ မဟုတ်ပေ။ မည်သည့်ရွေးချယ်မှုကို ပြုလုပ်သင့်သည်ကို သဘာဝကျကျပင် သိရှိလေသည်။

‎

‎

‎" ဝေါင်း...! "

‎

‎

‎ရှည်လျားသော အော်ဟစ်သံနှင့်အတူ ဝေလငါးအိုကြီးသည် ရွေးချယ်စရာမရှိတော့ဘဲ ခရီးစတင်ရတော့သည်။ ယခင်က သူရှောင်ရှားခဲ့ဖူးသော ခြိမ်းခြောက်မှုကြီးမားသည့် နေရာများကို ရှာဖွေရန် ကုချန်အား ဦးဆောင်ခေါ်သွားရလေတော့သည်။

‎

‎

‎ရက်ဝက်ခန့် ကုန်ဆုံးသွားခဲ့လေ၏။

‎

‎

‎" ဒီနေရာပါပဲ "

‎

‎

‎ဝေလငါးအိုကြီးသည် ရပ်တန့်လိုက်ကာ ၎င်း၏ လက်မောင်းတောင်ပံကို ဝှေ့ယမ်း၍ ရှေ့သို့ ညွှန်ပြလိုက်၏။

‎

‎

‎ရှေ့ဘက်ရှိ ကျယ်ပြောလှသော ဟွမ်သွမ့်နယ်မြေတွင် မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသည့် မြူခိုးများ ဖုံးလွှမ်းနေသော စက်ဝိုင်းပုံသဏ္ဍာန် နယ်မြေတစ်ခု ပေါ်လာလေသည်။

‎

‎

‎ထိုနယ်မြေအတွင်း၌ သမုဒ္ဒရာကဲ့သို့သော နက်ပြာရောင် အလင်းတန်းတစ်ခု တဖျပ်ဖျပ် လက်နေ‌၏။

‎

‎

‎" ဝင်သွားလိုက် "

‎

‎

‎ကုချန်သည် စကားပိုမဆိုဘဲ ဝေလငါးအိုကြီးအား ရှေ့ဆက်သွားရန်သာ အချက်ပြလိုက်သည်။

‎

‎

‎" ..... "

‎

‎

‎ဝေလငါးအိုကြီးသည် အလွန်တရာ မလိုလားသော်လည်း ကုချန်၏ အနိုင့်အထက် ဖိအားပေးမှုအောက်တွင် ရွေးချယ်စရာမရှိဘဲ သတိကြီးစွာထား၍ တိုးဝင်သွားရလေသည်။

‎

‎

‎ထိုနေရာသို့ ဝင်ရောက်လိုက်သည့် ခဏ၌ပင် စိတ်ကူး၍မရနိုင်သော လေးလံလှသည့် ဖိအားကြီးတစ်ခု ချက်ချင်း သက်ဆင်းလာရာ ဝေလငါးအိုကြီး၏ ခန္ဓာကိုယ်မှာ အဆုံးမဲ့ဟွမ်သွမ့်နယ်မြေထဲတွင် လုံးဝ နစ်မွန်းလုနီးပါး ဖြစ်သွားရသည်။

‎

‎

‎သို့သော် နောက်တစ်ခဏတွင် ကုချန်သည် တည်ငြိမ်စွာပင် လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော အကာအကွယ်အတားအဆီးတစ်ခု ဖြစ်ပေါ်လာလျက် သူနှင့် ဝေလငါးအိုကြီး နှစ်ဦးစလုံးကို လွှမ်းခြုံသွားကာ ပြင်ပမှ ကြီးမားသော ဖိအားများကို တစ်ပြိုင်နက်တည်း ဖယ်ရှားပစ်လိုက်လေသည်။

‎

‎

‎" သူ တကယ်ပဲ တားဆီးလိုက်နိုင်တာလား..... "

‎

‎

‎ဝေလငါးအိုကြီးမှာ ကြောင်အသွားရ၏။ ယခင်က ဤဆန်းကြယ်သော နယ်မြေနှင့် ကြုံတွေ့ရစဉ်က ဝင်ရောက်စူးစမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း ၎င်း၏ခန္ဓာကိုယ် ဝင်ရောက်သွားသည်နှင့် တားဆီးမရနိုင်သော ဖိအားတစ်ခုကို ခံစားခဲ့ရသည်။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် မဝင်ရောက်မီက ၎င်းသည် အလွန်သတိထားခဲ့သည်ဖြစ်ရာ တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသည်နှင့် ချက်ချင်းပင် ဤဧရိယာမှ လွတ်မြောက်ရန် ရုန်းကန်နိုင်ခဲ့လေသည်။ သို့မဟုတ်ပါက ဤနေရာတွင် ထာဝရပိတ်မိ၍ မည်သည့်အခါမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

‎

‎

‎ယခုတွင်မူ ဝေလငါးအိုကြီးသည် ဤနေရာသို့ သတိကြီးစွာဖြင့် ဝင်ရောက်လာခဲ့သော်လည်း ကြီးမားသော ဖိအား သက်ဆင်းလာသည့် ခဏ၌ပင် ချက်ချင်းဆိုသလို ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

‎

‎

‎ဒီလူရဲ့ စွမ်းအားက ငါထင်ထားတာထက်တောင် ပိုပြီး ကြီးမားနေပုံပဲ။

‎

‎

‎နက်ရှိုင်းသော ကြောက်ရွံ့လေးစားမှုတစ်ခုသည် ဝေလငါးအိုကြီး၏ စိတ်ထဲတွင် မြင့်တက်လာ၏။

‎

‎

‎သူ့ကို မလှုပ်ရှားနိုင်လုနီးပါး ဖြစ်စေခဲ့သော ဖိအားကို ကုချန်မှ အလွယ်တကူ တားဆီးနိုင်လိုက်ရာ ကုချန်၏ စစ်မှန်သော အစွမ်းအစမှာ သူထင်ထားသည်ထက် ပို၍ ကြီးမားပေလိမ့်မည်။

‎

‎

‎ဤသို့ တွေးတောမိသည်နှင့် ဝေလငါးအိုကြီး၏ အကြည့်များမှာ ပို၍ ရိုသေကိုင်းရှိုင်းလာသည်။ သူသည် အခြားမည်သည့် အတွေးကိုမျှ မတွေးရဲတော့ဘဲ ရိုးသားစွာ ခေါင်းငုံ့လျက် ကုချန်ကို သယ်ဆောင်ကာ ဤဆန်းကြယ်သော နယ်မြေ၏ အလယ်ဗဟိုသို့ ဦးတည်ကူးခတ်သွားလေတော့သည်။

‎

‎

‎" စိတ်ဝင်စားစရာပဲ "

‎

‎

‎ကုချန်သည် လေဟာနယ်ထဲတွင် တဖျပ်ဖျပ်လက်နေသော အပြာရောင်အလင်းတန်းကို ကြည့်လိုက်၏။ ထိုအရာသည် အလင်းမဟုတ်ဘဲ မရေမတွက်နိုင်သော သေးငယ်သည့် ရေစက်ကလေးများ ဖြစ်လေသည်။

‎

‎

‎ရေစက်ကလေးများ ဖြစ်သော်လည်း တစ်စက်ချင်းစီသည် တန်ချိန်တစ်သောင်းခန့် လေးလံပုံရ၏။ ထို့ကြောင့် ဤနေရာရှိ လေဟာနယ်ပင်လျှင် ခံနိုင်ရည်မရှိတော့သည့်အလား သေးငယ်သော ဟင်းလင်းပြင်အက်ကြောင်းများ ဖြစ်ပေါ်နေလေသည်။

‎

‎

‎ရေတစ်စက်တည်းကပင် ဤမျှ လေးလံနေပါက ဤနေရာတွင် ရှိနေသော သောင်းနှင့်ချီသည့် မြူမှုန်ရေစက်ပေါင်းများစွာသည် မည်မျှ လေးလံမည်နည်း။

‎

‎

‎ဝေလငါးအိုကြီးအနေဖြင့် ကြီးမားသော ဖိအားကို ခံစားရသည်မှာ အံ့သြစရာ မဟုတ်ပေ။ အကယ်၍ ဤရေစက်များသာ သူ့အပေါ် အမှန်တကယ် ဖိကျလာပါက အရှင်သခင်အဆင့် ခန္ဓာကိုယ်ပင်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ ညက်ညက်ကြေမွသွားပေလိမ့်မည်။

‎

‎

‎အစွန်အဖျားရှိ မြူမှုန်ရေစက်များကပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေပါက ဤနေရာ၏ အလယ်ဗဟိုဧရိယာတွင် မည်သည့်အရာများ ရှိနေမည်နည်း။

‎

‎

‎ကုချန်သည် ပို၍ပင် စိတ်အားထက်သန်လာမိသည်။

‎

‎

‎ဝေလငါးအိုကြီး ရှေ့ဆက်တိုးလာသည်နှင့်အမျှ လေထုထဲရှိ မြူမှုန်ရေငွေ့များသည် ပိုမိုပျစ်ခဲလာ၏။ အကယ်၍ ကုချန်ကသာ အဆက်မပြတ် ကာကွယ်မပေးခဲ့ပါက ဝေလငါးအိုကြီး၏ ကိုယ်ပိုင်အစွမ်းအစတစ်ခုတည်းဖြင့်ဆိုလျှင် သွေးမြူမှုန်များအဖြစ် ချက်ချင်း ဖိချေခံလိုက်ရလောက်ပေသည်။

‎

‎

‎မကြာမီအချိန်အတွင်းမှာပင် ဝေလငါးအိုကြီးသည် ကုချန်ကို အမြုတေနယ်မြေသို့ သယ်ဆောင်ရောက်ရှိလာခဲ့လေသည်။

‎

‎

‎ဤနေရာတွင် ရေငွေ့များ မဟုတ်တော့ဘဲ အပြာရောင် မိုးစက်များ ရွာသွန်းနေလေ၏။

‎

‎

‎သို့သော် ကုချန်သည် ဤမိုးစက်ကန့်လန့်ကာကို ဖြတ်ကျော်ကာ အပြာရောင်အလင်းတန်းမိုးရေများ၏ မြစ်ဖျားခံရာ နေရာကို ကြည့်လိုက်၏။

‎

‎

‎ထိုအရာသည် စက်ဝိုင်းပုံသဏ္ဍာန် ရေလုံးကြီးတစ်ခုဖြစ်နေကာ အတွင်း၌ မရေမတွက်နိုင်သော အပြာရောင်မိုးစက်များ ဝဲကတော့ထိုး လှုပ်ရှားနေကြသည်။ လေထုထဲရှိ သေးငယ်သော မြူမှုန်မိုးစက်များသည် ဤစက်ဝန်းကြီးဆီမှ စိမ့်ထွက်နေခြင်း ဖြစ်သည်။

‎

‎

‎" တကယ့် ရတနာပဲ "

‎

‎

‎ကုချန်၏ မျက်လုံးများ အရောင်တောက်သွားကာ တစ်ချိန်တည်းမှာပင် ဤရေလုံးကြီးကို ဖမ်းယူရန် လက်ဆန့်ထုတ်လိုက်လေ၏။

‎

‎

‎" တောက်...! တောက်...! "

‎

‎

‎လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော မိုးစက်များ ကုချန်၏လက်ဖဝါးပေါ်သို့ ကျရောက်လာသော်လည်း သတ္တုချင်းရိုက်ခတ်သံကဲ့သို့သော အသံများကိုသာ ထွက်ပေါ်စေကာ သူ၏လက်ဖဝါးကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

‎

‎

‎နောက်ဆုံးတွင် ကုချန်၏လက်ဖဝါးသည် အပြာရောင်အလင်းအစုအဝေးကြီးကို လုံးဝ လွှမ်းခြုံဖမ်းယူလိုက်နိုင်၏။

‎

‎

‎" လေးလိုက်တာ "

‎

‎

‎လက်ထဲသို့ ရောက်ရှိလာသည့် ခဏ၌ပင် ကုချန်သည် ဤအပြာရောင်အလင်းအစုအဝေး၏ ထူးကဲသော သဘာဝကို သတိပြုမိလိုက်သည်။

‎

‎

‎၎င်း၏ အလေးချိန်သည် တန်ချိန်သောင်းချီရုံမျှမက ပို၍ လေးလံနေပေသည်။

‎

‎

‎ကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးထဲတွင် ကိုင်ဆောင်ထားရသကဲ့သို့ပင်။ ထိုစဉ်က ချီမုန် ပြန်လည်ယူဆောင်လာခဲ့သော ကမ္ဘာပျက်ကပ်စကြဝဠာတောင်မှ ဤအပြာရောင်အလင်းအစုအဝေးလောက် မလေးလံခဲ့ပေ။

‎

‎

‎အရှင်သခင်အဆင့် ကောင်းကင်ပစ္စည်းပါတကား။

‎

‎

‎ဤအချက်ကို သိရှိလိုက်သည်နှင့် ကုချန်သည် ဤအပြာရောင်အလင်းအစုအဝေး၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွား၏။

‎

‎

‎ဤအရာသည် သာမန်ကောင်းကင်သတ္တုများထက် ပိုမိုတန်ဖိုးရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

‎

‎

‎စဉ်းစားကြည့်ပါ။ အကယ်၍ သူသာ ၎င်းကို အဆုံးမဲ့ဓားအတွင်းသို့ ပေါင်းစပ်ထည့်သွင်းနိုင်ပါက အဆုံးမဲ့ဓားသည် မည်သည့်အတိုင်းအတာအထိ ပြောင်းလဲတိုးတက်သွားမည်နည်း။

‎

‎

‎၎င်း၏ အလေးချိန်တစ်ခုတည်းဖြင့်ပင် ကောင်းကင်အဆင့်ရှိသူများကို ဖိချေပစ်နိုင်မည်ဖြစ်ကာ စစ်မှန်သော အင်မော်တယ်များကိုပင် ခေါင်းမမော့နိုင်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။

‎

‎

‎" တကယ်ကို ရတနာကောင်းပဲ "

‎

‎

‎ကုချန်သည် စိတ်ထဲတွင် နှစ်သက်သဘောကျသွား၍ ထိုရေလုံးကြီးကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ကာ နောင်တစ်ချိန် အခွင့်အရေးရပါက အဆုံးမဲ့ဓားအတွင်းသို့ ပေါင်းစပ်ထည့်သွင်းရန် ပြင်ဆင်လိုက်သည်။

‎

‎

‎ကုချန်မှ ရေလုံးကြီးကို သိမ်းဆည်းလိုက်သည်နှင့် ထိုနေရာတွင် ပျံ့နှံ့နေသော အပြာရောင်မိုးစက်များနှင့် မြူခိုးများသည် ကုချန်လက်ဖဝါးထဲရှိ ရေလုံးအတွင်းသို့ စီးဝင်သွားကြ၏။

‎

‎

‎ဤနေရာ၌ တည်ရှိနေသော သေမင်းတမန် တားမြစ်နယ်မြေသည်လည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

‎

‎

‎" ဆက်သွားမယ် "

‎

‎

‎ထိုကဲ့သို့ သိမ်းယူပြီးနောက် ကုချန်သည် နောက်ထပ် အန္တရာယ်များသော နေရာကို ရှာဖွေရန် ဝေလငါးကြီးအား ထပ်မံတိုက်တွန်းလိုက်၏။

‎

‎

‎ကုချန်မှ တားမြစ်နယ်မြေ၏ ကံကောင်းခြင်းများကို အလွယ်တကူ စုဆောင်းယူငင်လိုက်သည်ကို မြင်သောအခါ ဝေလငါးကြီး၏ မျက်လုံးများထဲတွင် ရုန်းကန်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား ၎င်းသည် ဦးတည်ချက်ပြောင်းကာ ကုချန်ကို ဦးဆောင်၍ နေရာတစ်နေရာသို့ ဦးတည်သွားလေတော့သည်။

‎

‎

‎သုံးရက်တိတိ ကုန်ဆုံးသွားခဲ့သည်။

‎

‎

‎ဝေလငါးကြီးသည် ဟွမ်သွမ့်နယ်မြေကို ဖြတ်သန်းကာ ကွေ့ပတ်သွားလာပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်၏။

‎

‎

‎" အရှင်သခင်... ဒါက ကျွန်တော်မျိုးသိသမျှထဲမှာ အန္တရာယ်အများဆုံး နေရာပါပဲ "

‎

‎

‎ဝေလငါးကြီး၏ တိုးညင်းသော အသံကို နားထောင်ရင်း ကုချန်သည် ရှေ့သို့ မျှော်ကြည့်လိုက်သည့်အခါ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကာ အလိုအလျောက်ပင် လေတစ်ချက် ရှူရှိုက်လိုက်မိတော့သည်။

‎

‎

‎သူ့မျက်စိရှေ့မှောက်ရှိ မြင်ကွင်းသည် ကုချန်၏ မျှော်လင့်ထားသည်ထက် အဆပေါင်းများ ကျော်လွန်နေလေ၏။

All Chapters