အခန်း (၁၇၉)
Vol. 18 Ch. 179
“ဓာတ်ကြီးငါးပါး ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်က အကန့်အသတ်ကို ရောက်နေတဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကိုတောင် ထပ်ပြီး မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး”
ဤအချိန်တွင် ဟင်းလင်းပြင်၊ ကမ္ဘာများ၊ စကြဝဠာနှင့် စကြဝဠာအတွင်းရှိ ပရမ်းပတာဖြစ်ခြင်း ဆိုင်ရာ နားလည်သဘောပေါက်မှု အမျိုးမျိုးတို့သည် သူ၏ ဝိညာဉ်အတွင်း၌ အစဉ်မပြတ် ပေါ်ပေါက်လာနေ၏။
ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော်များသည် သူတော်စင်ကမ္ဘာများ သို့မဟုတ် အသေးစားကမ္ဘာများနှင့် တူညီပေသည်။ယခုအချိန်၌ ကျုံးရှန်သည် မိမိကိုယ်ပိုင် သူတော်စင်ကမ္ဘာကို မဖန်တီးရသေးသော်လည်း ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော်များကို အမှီပြု၍ သူတော်စင်အဆင့် သို့ လှမ်းတက်လိုက်ခြင်း ဖြစ်သည်။
“ဟူး...”
သူ၏ ခန္ဓာကိုယ်အတွင်းရှိ များပြားလှသော ဝိညာဉ်စွမ်းအားများသည်လည်း သူတော်စင်စွမ်းအားများအဖြစ်သို့ စတင် ပြောင်းလဲလာ၏။
“နှစ်ပေါင်း တစ်သိန်းကြာခဲ့ပြီ... နောက်ဆုံးတော့ ငါ သူတော်စင်အဆင့်ရဲ့ စွမ်းအားကို ခံစားနိုင်ခဲ့ပြီ... ဒီခံစားချက်က တကယ်ကို ကောင်းမွန်လွန်းတာပဲ..."
ကျုံးရှန်သည် မျက်လုံးများကို မှေးစင်းထားလိုက်ပြီး ခန္ဓာကိုယ်အတွင်း၌ လှိုင်းထန်နေသည့် သူတော်စင်စွမ်းအားများကို ခံစားနေသည်။
ထို့ပြင် ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော်အတွင်းမှ ထွက်ပေါ်လာသော အနှိုင်းမဲ့ ပြင်းထန်လှသည့် သူတော်စင်ကမ္ဘာစွမ်းအား ၅ မျိုးကြောင့် သူ၏ စိတ်ထဲ၌ တိတ်တဆိတ် အံ့ဩသွားရ၏။
'သူတော်စင်ကမ္ဘာက သေးငယ်တယ် ဆိုပေမဲ့ ဒါဟာ ကမ္ဘာတစ်ခုရဲ့ အခြေခံပုံစံပါ့လား'
'ဒီလို အစွမ်းထက်တဲ့ စွမ်းအားတွေသာ စစ်မှန်တဲ့ သူတော်စင်ခန္ဓာကိုယ်ပေါ်မှာ ရှိနေမယ်ဆိုရင် သူတော်စင်အဆင့်အောက်က လူတွေ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ ဒဏ်ရာရမှာ မဟုတ်ဘူး'
'နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရုံနဲ့တင် နိယာမနယ်ပယ် အဆင့်ရှိတဲ့သူတွေကို ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလို သတ်ပစ်နိုင်တယ်...'
'ဒါပေမဲ့ ငါကတော့ ကောင်းကင်နိယာမတွေကို ဆန့်ကျင်ပြီး သာမန်စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့တာပဲ...'
ကျုံးရှန်သည် သူတော်စင်အဆင့်၏ စွမ်းအားကို ခံစားမိပြီးနောက်မှ ယခင်က သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပို၍ နားလည်လာမိသည်။
သူသည် ကျင့်စဉ်အဆင့် ၂၈ ၌သာ ရှိသေးသော်လည်း စစ်မှန်သော နတ်ဘုရားတစ်ပါးကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့နိယာမများဖြင့်ပင် ရှင်းပြရန် မဖြစ်နိုင်သော အရာ ဖြစ်၏။
ကျုံးရှန်သည် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ပြန်လည် ထိန်းချုပ်လိုက်ပြီး အရာအားလုံးကို မူလအတိုင်း ပြန်ဖြစ်သွားစေသည်။ ထို့နောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နွားမိစ္ဆာငရဲသို့ ပြန်လာခဲ့လိုက်သည်။
ယခုအချိန်တွင် နွားမိစ္ဆာငရဲကမ္ဘာမှာ အကြီးအကျယ် ပြောင်းလဲသွားကာ ယခင်က ငရဲကမ္ဘာတွင် ရှိခဲ့သည့် မိစ္ဆာဓာတ်များနှင့် အမုန်းတရား စွမ်းအင်များ ပျောက်ကွယ်သွားလေသည်။
နွားမိစ္ဆာဘုရင်နှင့် ကျုံးယွမ်တို့သည် နွားရိုင်းမိစ္ဆာနန်းတော်သို့ ပြန်ရောက်လာကြပြီ ဖြစ်သည်။
ကျုံးရှန် မြေပေါ်သို့ ခြေချလိုက်သည်နှင့် ဤကမ္ဘာနှင့် သွေးသားရင်းနှီးမှု ရှိနေပြီဖြစ်သော ကျုံးယွမ်က ချက်ချင်း အာရုံခံမိလိုက်ပြီး သူတို့ကို ခေါ်ဆောင်၍ လာရောက် ကြိုဆိုလေသည်။
“သခင့်ကို ဂါရဝပြုပါတယ်”
“ခမည်းတော်ကို ဂါရဝပြုပါတယ်”
နွားမိစ္ဆာဘုရင်သည် နွားမိစ္ဆာငရဲ၏ အပြောင်းအလဲများကို ကြည့်ပြီး စိတ်လှုပ်ရှားနေမိသည်။ သူသည် ကျုံးရှန်ထံမှ ဆုလာဘ်များ ရရှိထားသဖြင့် ကျုံးရှန်အပေါ် အကြွင်းမဲ့ သစ္စာခံလိုစိတ် ရှိနေကာ ကျုံးရှန်၏ ထံ၌ သူ၏မျှော်လင့်ချက်အချို့ကို မြင်တွေ့လိုက်ရသည်။
ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော်များ တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ၏ဝိညာဉ်စွမ်းအားများသည်လည်း သူတော်စင်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ယင်းမှာ ယခင်နိယာမအဆင့်၌ ရှိစဉ်ကနှင့် များစွာ ကွာခြားလှပြီး သူ၏ လှုပ်ရှားမှု တိုင်းတွင် သူတော်စင်တစ်ပါး၏ အရှိန်အဝါများ ပြည့်နှက်နေ၏။ ဤအရှိန်အဝါမှာ နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့် မင်ကျွေ့နှင့် နွားမိစ္ဆာဘုရင်တို့ထက်ပင် သာလွန်နေသေးသည်။
အကယ်၍သာ ကျုံးရှန်သည် ကံတရားကျိန်စာကို ချိုးဖျက်နိုင်မည် ဆိုပါက သူ၏ စုဆောင်းထားသော စွမ်းအားများဖြင့် သူတော်စင်အဆင့် ၉ သို့ ချက်ချင်း ရောက်ရှိသွားနိုင်ပေသည်။ ထိုအချိန်ကျလျှင် သူ၏ အရှိန်အဝါသည် အဆပေါင်းများစွာ ပိုမို ကြီးမားလာမည် ဖြစ်ပြီး နတ်ဘုရားအဆင့် စွမ်းအားရှင်များကိုပင် စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးနိုင်ပေလိမ့်မည်။
ကျုံးယွမ်သည် ရှေ့သို့ တစ်လှမ်းတိုးကာ ဒူးထောက် အလေးပြုလိုက်၏။
“ခမည်းတော်... ဒီကမ္ဘာငယ် သုံးခုစလုံး မူလအစကမ္ဘာနဲ့ ပေါင်းစည်းတာ ပြီးမြောက်သွားပါပြီ”
"နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါဦး..."
ကျုံးရှန် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူ၏ နတ်ဘုရားအာရုံသည် ဒြပ်ရှိသောအရာအဖြစ် ပြောင်းလဲသွားပြီး ကျုံးယွမ်ကို ပွေ့ထူလိုက်သည်။
“ထတော့ ငါ့သား..."
"ဒီကမ္ဘာငယ်သုံးခုစလုံး အပြောင်းအလဲတွေ လုပ်ဆောင်နိုင်တာ ကောင်းပါတယ်..."
"လောလောဆယ် မင်းအတွက် တာဝန် မရှိသေးဘူး..."
"ငါ လေးနှစ်လောက် တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတယ်... ကောင်းကင်တက်လှမ်းမျှော်စင်မဖွင့်ခင် ပြန်ထွက်လာခဲ့မယ်... မင်းလည်း သေချာ ဂရုတစိုက် ကျင့်ကြံနေပါ... အချိန်မဖြုန်းနဲ့..."
ကျုံးယွမ်သည် ခေါင်းငုံ့၍ ရိုသေစွာပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ ခမည်းတော်... သားတော်ကြိုးစားပြီး ကျင့်ကြံပါ့မယ်”
ပြောပြီးသည်နှင့် သူသည် ထွက်ခွာသွားတော့သည်။ မူလအစကမ္ဘာသည် ကမ္ဘာငယ် ၃ ခုကို ဝါးမြိုလိုက်ရသဖြင့် စွမ်းအားများ အကြီးအကျယ် တိုးတက်လာခဲ့သည်။ ထို့ကြောင့် ကျုံးယွမ်အနေဖြင့် ချေဖျက်၍ ကျင့်ကြံရန် လိုအပ်နေသည်။
“မင်ကျွေ့... မင်းအတွက်ပေးစရာ တာဝန်တစ်ခု ရှိတယ်... ရှီးရွှယ်ငရဲဘုံကို သွားပြီး ရှီမင်(မင်ယွိ)ကို အကြောင်းကြားလိုက်ပါ... နောက် ၄ နှစ်ကြာရင် ငါ သူ့ဆီလာခဲ့မယ်... အဲ့ဒီအချိန်ကျရင် ငါနဲ့အတူ ငရဲကမ္ဘာကြီးဆီ လိုက်ခဲ့ရမယ်လို့ ပြောလိုက်”
“နွားမိစ္ဆာဘုရင်... မင်းကတော့ နတ်ဘုရားအမြုတေ ကို ရထားခါစဆိုတော့ တခြား တာဝန် မပေးတော့ဘူး... အဲ့ဒီ အမြုတေကို သေချာ ပေါင်းစပ်ဖို့ပဲ အာရုံစိုက်ပါ”
“နောင်တစ်ချိန်မှာ ဖာဟိုင်ဆရာတော်နဲ့အတူ တိုက်ပွဲဝင်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”
ကျုံးရှန်သည် မင်ကျွေနှင့် နွားမိစ္ဆာဘုရင်တို့ကိုပါ အသီးသီး မှာကြားလိုက်သည်။
မင်ကျွေ့သည် တာဝန် ရရှိသည်နှင့် မဆိုင်းမတွပင် နာခံလိုက်ကာ ကျုံးရှန်၏ ခွင့်ပြုချက် ရသည်နှင့် ဟင်းလင်းပြင်ကို ခွဲထွက်လိုက်ပြီး ရှီးရွှယ်ငရဲသို့ ဦးတည် ထွက်ခွာသွားသည်။ သူ၏ ဟင်းလင်းပြင် ပညာရပ်သည် ကျုံးရှန်လောက် မကောင်းမွန်သဖြင့် အသွားအပြန် ခရီးစဉ်သည် အနည်းဆုံး ၂ နှစ်၊ ၃ နှစ်ခန့် ကြာမြင့်နိုင်၏။
နွားမိစ္ဆာဘုရင်မှာလည်း နတ်ဘုရားအမြုတေကို အမြန်ဆုံး ပေါင်းစပ်လိုနေသဖြင့် ကျုံးရှန်၏ အမိန့်မှာ သူ၏ စိတ်တိုင်းကျပင် ဖြစ်တော့သည်။ ထို့ကြောင့် သူလည်း အရိုအသေပေးကာ ထွက်ခွာသွားလေသည်။
အရာအားလုံး စီစဉ်ပြီးသည်နှင့် ကျုံးရှန်သည် ကောင်းကင်သို့ ပျံတက်သွားကာ နွားမိစ္ဆာငရဲကမ္ဘာအတွင်းရှိ လူသူကင်းဝေးသော တောအုပ်တစ်ခုကို ရှာတွေ့လိုက်သည်။
ထိုနေရာ၏ ပတ်ဝန်းကျင်မိုင်ပေါင်း တစ်သိန်း ပတ်လည်တွင် မည်သူမျှ နေထိုင်ခြင်း မရှိပေ။ သူသည် တောင်ကုန်းတစ်ခုပေါ်တွင် ဆင်းသက်လိုက်ပြီး နေရာလွတ်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူ၏ လက်ဝါးကို အောက်သို့ ဖိချလိုက်ရာ သာမန် မြက်တဲလေး တစ်လုံးသည် တောင်ကုန်းပေါ်သို့ ကျဆင်းလာ၏။
ဤမြက်တဲလေးမှာ သာမန်ဟု ထင်ရသော်လည်း မြေပြင်ပေါ်သို့ ရောက်သည်နှင့် တောင်ကုန်းတစ်ခုလုံးနှင့် တစ်သားတည်း ဖြစ်သွားပြီး ခန့်ညားထည်ဝါသော အရှိန်အဝါများ ပေါ်ထွက်လာသည်။ မိုင်ပေါင်း တစ်သိန်းအတွင်း ရှိသမျှအရာအားလုံးသည် ထိုအရှိန်အဝါ၏ သက်ရောက်မှုကို ခံလိုက်ရပြီး မင်္ဂလာရှိသော အငွေ့အသက်များ လေထုအတွင်းသို့ ပျံ့လွင့်သွားကာ အမျိုးမျိုးသော စွမ်းအားများကို စုစည်းပေးလိုက်သည်။
ထိုစွမ်းအင်များသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ပေးထားရုံသာမက ကံတရားနှင့် ကံကြမ္မာ အလုံးစုံကိုလည်း ဖြတ်တောက်ပေးနိုင်၏။
ဤနေရာတွင် ကျင့်ကြံနေထိုင်မည်ဆိုပါက ကံကြမ္မာကို တွက်ချက်နိုင်သော သူတော်စင်ကြီးများ သို့မဟုတ် စစ်မှန်သော နတ်ဘုရားများပင်လျှင် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။
စုစည်းလာသော စွမ်းအားများသည် မြေအောက်၌ ရွှေရောင်နဂါးကြီးတစ်ကောင်အသွင်ပြောင်းလဲသွားသည်။
မြက်တဲလေးမှာ နဂါးကြီး၏ ဦးခေါင်းပေါ်တည့်တည့် တည်ရှိနေ၏။ ထိုသည်က ဤနေရာကို ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကျင့်ကြံရာ နေရာတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။
"ဒီ ရှန်လုံမြက်ခင်းတဲက တကယ်ပဲ ဆန်းကြယ်တာပဲ..."
"ဒီမှာ ကျင့်ကြံနေရင် ငရဲကမ္ဘာက မိစ္ဆာအိုကြီးတွေတောင် ငါ့ကို ရှာတွေ့မှာ မဟုတ်ဘူး..."
"အေးအေးဆေးဆေး တံခါးပိတ် ကျင့်ကြံလို့ ရပြီ..."
"ရှန်လုံမြက်ခင်းတဲရဲ့ ဖိနှိပ်မှုကြောင့် မူလအစကမ္ဘာနဲ့ ပေါင်းစည်းထားတဲ့ ကမ္ဘာငယ်သုံးခုစလုံးလည်း အကာအကွယ် ရသွားလိမ့်မယ်..."
ကျုံးရှန်သည် ချီးကျူးစကား အနည်းငယ် ပြောပြီးနောက် သူ၏ ပုံစံကို ပြောင်းလဲလိုက်ရန်အတွက် ရှန်လုံတာအိုဆရာသခင်၏ လွတ်မြောက်ခြင်းနှင့် ကယ်တင်ခြင်း ရတနာငါးပါးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ကျုံးရှန်သည် ဆင်းရဲသား တာအိုဆရာလေးတစ်ဦးအဖြစ် အသွင်ပြောင်းသွားပြီး မြက်တဲအတွင်းသို့ ဝင်သွားလိုက်သည်။
သူသည်အတွင်းရှိ စုတ်ပြတ်နေသော ဖျာကြမ်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ချက်ချင်းပင် ကျင့်စဉ်များနှင့် ပတ်သက်သော နားလည်သဘောပေါက်မှုများ အဆပေါင်းများစွာ တိုးတက်လာသည်။ တာအိုနိယာမ အားလုံးကို အလွယ်တကူ ဆုပ်ကိုင်နိုင်သကဲ့သို့ ခံစားလိုက်ရ၏။
ထိုသို့ဖြစ်ရခြင်းမှာ ရှန်လုံတာအိုဆရာသခင်၏ ရတနာများကြောင့်ပင် ဖြစ်သည်။
သူသည် ဦးစွာ ဝူးနတ်ဘုရားရုပ်တု ကို အသက်သွင်းလိုက်သည်။ ထို့နောက်ယုံကြည်ခြင်းနှင့် ယဇ်ပူဇော်ခြင်း လမ်းကြောင်းများ မှတစ်ဆင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အခြေအနေကို လှမ်းကြည့်လိုက်၏။
လက်ရှိ၌ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ကမ္ဘာ့အင်အားစုများအားလုံး လှုပ်ရှားနေပြီ ဖြစ်သည်။ မျိုးနွယ်ခြားများသည် မဟာမိတ်အဖွဲ့များ ဖွဲ့စည်းထားကြပြီး လူသားမျိုးနွယ်များမှာ ပြည်နယ်အလိုက် သီးခြားစီ တိုက်ခိုက်နေကြသည်။ နန်ယန်စီရင်စုရှိ လူသားအားလုံးမှာမူ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက စုစည်းထားပြီ ဖြစ်သည်။
ပုန်းအောင်းနေသော လူသားစွမ်းအားရှင်များနှင့် အင်အားစုများသည်လည်း အခြေအနေကြောင့် ပြန်လည် ထွက်ပေါ်လာ နေကြသည်။
အချုပ်အားဖြင့်ဆိုလျှင် လူသားမျိုးနွယ်သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အင်အား မစုစည်းနိုင်သေးသော်လည်း ရန်သူကို ပြန်လည် တိုက်ခိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုအချက်က ကျုံးရှန်ကို စိတ်အေးသွားစေခဲ့၏။ သူသည် ရရှိထားသော ယဇ်ပူဇော်မှု စွမ်းအားများကို ပြန်လည် ပေးပို့လိုက်ပြီး ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ နောက်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန် ဆေးဝါးများကိုလည်း ပေးပို့လိုက်သေးသည်။
ဖာဟိုင်၏ ကိုယ်ပွား ရောက်ရှိသွားပြီ ဆိုပါက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအတွက် စိတ်ပူစရာ မလိုတော့ပေ။
အရာအားလုံး စီစဉ်ပြီးနောက် ကျုံးရှန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။
ယခုအချိန်၌ သူ၏ ခန္ဓာကိုယ်အတွင်းတွင် ယုံကြည်မှု စွမ်းအားများစွာ စုဆောင်းမိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုစွမ်းအားများကို အသုံးပြုကာ တာ့ဝေထျန်းလုံကျင့်စင်ကို စတင်လေ့ကျင့်လိုက်သည်။