← Chapters

အခန်း (၁၂၁)

Vol. 13 Ch. 121

အခန်း (၁၂၁)

Vol. 13 Ch. 121

လုယွီသည် ဆေးရုံ၌ ကျန်းနျန်ကို ပထမဆုံးအကြိမ် မြင်လိုက်ကတည်းက သူမကို ပွေ့ဖက်နမ်းရှိုက်ချင်ခဲ့သော်လည်း ဘေးတွင် လူများရှိနေသဖြင့် စိတ်ကို အစွမ်းကုန် အောင့်အီးထားခဲ့ရသည်။

လုယွီသည် လွန်ခဲ့သော ခြောက်လစာ လွမ်းဆွတ်မှုများကို တစ်ထိုင်တည်း အစားထိုးပစ်ချင်နေသကဲ့သို့ ရှိသည်။ သူသည် ကျန်းနျန်ကို တစ်ပတ်လှည့်လိုက်ပြီး သွယ်လျသော သူမ၏ ခါးလေးကို လက်ဝါးကြီးဖြင့် သိမ်းဖက်ကာ လက်ချောင်းများက ဆံပင်များကြား တိုးဝင်၍ ခေါင်းနောက်စေ့ကို ထိန်းကိုင်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူမကို နောက်တစ်ကြိမ် နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်ပြန်သည်။

သူ့၏ အနမ်းများအောက်တွင် ကျန်းနျန်သည် လုံးဝ ခုခံနိုင်စွမ်း ကင်းမဲ့သွားရရှာသည်။ သူ့နှုတ်ခမ်းပေါ်မှ မုတ်ဆိတ်စများက သူမကို စူးရှစေပြီး နာကျင်သလိုလိုနှင့် ဖော်ပြရခက်သော ခံစားချက်တစ်ရပ်ကို ပေးစွမ်းနေသည်။

"ကျန်းနျန်..." လုယွီက နောက်ဆုံးတွင် သူမကို လွှတ်ပေးလိုက်ပြီး သူမ၏ လည်ပင်းသားလေးများဆီသို့ ခေါင်းအပ်လိုက်သည်။ သူ့၏ အသက်ရှူသံများက ပြင်းထန်ကာ ပိုင်စိုးလိုစိတ်များ ပြည့်နှက်နေပြီး ထပ်မံ၍ တောင့်တနေပုံရသည်။

"လုယွီ..." ကျန်းနျန်၏ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့၏ လက်မောင်းများကို တင်းတင်းဆုပ်ကိုင်ထားကာ သူ၏ အရိုင်းဆန်သော စိတ်အာသီသများကို ထိန်းချုပ်ရန် အတင်းတိုက်တွန်းနေရသည်။ ထိုလူက မတ်မတ်ရပ်လိုက်ပြီး ရွှန်းလဲ့နေသော သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ ဩရှရှအသံဖြင့် ပြောလိုက်သည်။ "ကိုယ် မင်းကို ဖက်ထားချင်ရုံတင်ပါ။"

ပြီးနောက် သူက သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြန်သည်။

ကျန်းနျန်သည် သူ့၏ ရင်ခွင်ကျယ်ကြီးထဲတွင် မြုပ်ဝင်သွားရုံသာ ရှိတော့သည်။ သူမသည် လက်ချောင်းလေးများကို ကွေးလိုက်ပြီး သူ့၏ သွယ်လျသော ခါးထက်သို့ လက်မောင်းလေးများဖြင့် ဖြည်းညှင်းစွာ ပြန်လည်ဖက်တွယ်လိုက်မိသည်။ ရုတ်တရက် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသဖြင့် ကျန်းနျန် ထိတ်လန့်တကြား လူချင်းခွာရန် ကြိုးပမ်းသော်လည်း လုယွီ၏ ပွေ့ဖက်မှုက ပို၍ပင် တင်းကြပ်လာခဲ့သည်။ သူက အသံနိမ့်နိမ့်ဖြင့် ရယ်မောရင်း ပြောလိုက်သည်။ "သူတို့ အိမ်သာသွားကြတာပါ။"

ကျန်းနျန် စိတ်သက်ရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

သူမက လုယွီ၏ အင်္ကျီကို ဆွဲလိုက်သည်။ "ကျွန်မကို လွှတ်ပါဦး။ ရှင် ကုတင်ပေါ် ပြန်သွားသင့်ပြီ။"

လုယွီကမူ မလွှတ်ပေးသေးဘဲ သူမ၏ လည်ပင်းသားလေးများဆီမှ ရနံ့ကို ရှူရှိုက်ရင်း ပြောလိုက်သည်။ "နှစ်သစ်ကူးပြီးရင် ကိုယ် နေရာပြောင်းရတော့မယ်။ နေရာအသစ် ရောက်တာနဲ့ လက်ထပ်ဖို့ လျှောက်လွှာတင်မယ်။ ကိုယ်တို့ လက်ထပ်ကြရအောင်။ ဟုတ်ပြီလား။"

သူ တကယ်ပင် နေရာပြောင်းရတော့မည် ဖြစ်သည်။

ကျန်းနျန်က နှုတ်ခမ်းလေးကို တင်းတင်းစေ့လျက် ခေါင်းညိတ်ပြလိုက်သည်။ "ရှင် ဘယ်ကို ပြောင်းရမှာလဲ။"

"ယွမ်မြို့ကို။"

ယွမ်မြို့လား။ ထိုမြို့သည် ကောမိန်ရှိသည့် နေရာပင်။ ထိုသို့ဆိုလျှင် သူမ ကောမိန်နှင့် အတူတူ အလုပ်လုပ်နိုင်တော့မည်ဖြစ်သည်။

ကျန်းနျန်၏ တွဲကူမှုဖြင့် လုယွီသည် လူနာဆောင်ထဲသို့ ပြန်လာခဲ့သည်။

"ရှင် ဘယ်လိုနေသေးလဲ" ကျန်းနျန်က သူ့၏ ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာကို ကြည့်ကာ ခုနက ရေချိုးခန်းထဲ၌ စိတ်မထိန်းနိုင်ခဲ့သော သူ့အပြုအမူကို ပြန်တွေးမိရင်း မျက်နှာလေး နီမြန်းသွားရသည်။

လုယွီ၏ မျက်ဝန်းများက အပြုံးနှင့်အတူ နူးညံ့သွားပြီး ပြောလိုက်သည်။ "ကိုယ် အဆင်ပြေပါတယ်။"

"မရီး ဘာလို့ ဒီကို ရောက်နေတာလဲ" ကျိုးကျီက မေးလိုက်ပြီး ချန်ယောင်ကလည်း ထပ်တူပင် လိုက်မေးသည်။

လုယွီက မီးမဖွင့်ထားသဖြင့် ကျန်းနျန် ဝမ်းသာသွားမိသည်။ စင်္ကြံလမ်းမှ မီးရောင်သာ ရှိသဖြင့် သူမ၏ ဖူးယောင်နေသော နှုတ်ခမ်းများကို သူတို့ မမြင်နိုင်တော့ပေ။ သူမက စွင်းယွမ်ကို ဆေးရုံသို့ ပို့ပေးခဲ့သည့် အကြောင်းကို ပြန်ပြောပြလိုက်ရာ ချန်ယောင်၏ မျက်နှာ ချက်ချင်း မှောင်ကျသွားခဲ့သည်။ "သူ့ယောကျ်ားက တကယ့်ကို အမှိုက်ပဲ"

လက်ထပ်ထားပြီး ဇနီးသည်ကို ကောင်းကောင်းမဆက်ဆံဘဲ ဤကဲ့သို့ အခြေအနေမျိုးအထိ တွန်းပို့ခဲ့သည်ကို မခံမရပ်နိုင် ဖြစ်နေကြခြင်းပင်။

လုယွီ ပြောလိုက်သည်။ "မရီး။"

ကျန်းနျန်က သူ့ကို ငုံ့ကြည့်လိုက်သောအခါ သူက ဆက်ပြောခဲ့သည်။ "သူတို့မိသားစု ကိစ္စတွေထဲ ဝင်မပါပါနဲ့။ အမျိုးသမီးအဖွဲ့ချုပ်က သူ့မိသားစုဆီ အကြောင်းကြားလိမ့်မယ်။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။"

သူမလည်း ဝင်မရှုပ်ချင်ပါ။ ထိုကျောက်လင်သည် တကယ့်ကို အစွန်းရောက်သူ ဖြစ်သည်။ အပြင်လူများ အများအပြား ဝင်ပါက သူ ရူးသွပ်သွားနိုင်သည်။

သို့သော် စွင်းယွမ်ကို ပြောပြချင်သည့် စကားအချို့တော့ ရှိပါသေးသည်။ စာအုပ်ထဲတွင် စွင်းယင်၏ မိခင်က စွင်းယွမ်အပေါ် မည်မျှရက်စက်ခဲ့သည်ကို ပြန်တွေးမိပြီး စွင်းယွမ်အတွက် မခံမရပ်နိုင် ဖြစ်မိသည်။ အေးစက်စက် စာမျက်နှာပေါ်မှ ပုံရိပ်လေးသည် ယခုအခါ သူမရှေ့တွင် အသက်ရှိသော လူသားတစ်ယောက် ဖြစ်နေပြီဖြစ်၍ ကျန်းနျန် လက်ပိုက်ကြည့်မနေနိုင်ပေ။ သို့သော် သူမသည် တိုက်ရိုက်ဝင်ပါလောက်အောင်တော့ မိုက်မဲမည်မဟုတ်ပါ။

စွင်းယွမ်သည် ယခုအချိန်တွင် စွင်းယင်၏ မိခင်ကို ရှောင်ဖယ်နေသော်လည်း သူမ ရှောင်လေလေ တစ်ဖက်က ပို၍ အခွင့်ကောင်းယူလေလေ ဖြစ်မည်ကို သူမ မသိသေးပေ။

"ကျွန်မ စွင်းယွမ်ကို သွားကြည့်လိုက်ဦးမယ်။"

လုယွီ ပြောလိုက်သည်။ "တံခါးကို ဖွင့်ထားခဲ့ပါ။ မင်း ကြောက်ရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်။"

ကျန်းနျန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့။"

သူမသည် မှောင်မိုက်အေးစက်နေသော စင်္ကြံလမ်းကို တစ်ချက်ကြည့်ကာ ဟိုဘက်အခန်းသို့ အမြန်ပြေးကူးသွားတော့သည်။

ချန်ယောင်က ရယ်မောရင်း ပြောလိုက်သည်။ "လုယွီ မင်းရဲ့ မရီးက ကြောင်လေးတစ်ကောင်လိုပဲ သိပ်ကြောက်တတ်တာပဲ။ တောင်ပေါ်က ယုန်တွေတောင် သူမထက် ပိုသတ္တိရှိဦးမယ်။"

လုယွီက အသာအယာ ရယ်မောလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။

ကျန်းနျန်သည် စွင်းယွမ်၏ အခန်းသို့ ရောက်ရှိသွားသည်။ စွင်းယွမ်မှာ သတိမရသေးဘဲ အခန်းထဲရှိ အခြားလူနာ နှစ်ဦးမှာလည်း ဆူညံသံများကို ဂရုမစိုက်ဘဲ အိပ်ပျော်နေကြသည်။ ကျန်းနျန်မှာမူ အိပ်မပျော်နိုင်ပါ။ သူမ ကုတင်ဘေး၌ ထိုင်စောင့်နေရင်း မိုးလင်းခါနီးမှ စွင်းယွမ် သတိရလာခဲ့သည်။

"ကျေးဇူးတင်ပါတယ်။"

စွင်းယွမ်၏ အသံက အားနည်းနေသည်။

ကျန်းနျန်မှာ ခဏတာ မှေးခနဲ ဖြစ်သွားသော်လည်း သူမ၏ အသံကို ကြားသည်နှင့် လေးလံနေသော မျက်ခွံများကို အတင်းဖွင့်ကြည့်လိုက်ရာ စွင်းယွမ်၏ ဖြူရော်နေဆဲ မျက်နှာကို မြင်လိုက်ရသည်။

"ကျေးဇူးတင်ပါတယ်။"

စွင်းယွမ်က ထပ်ပြောခဲ့သည်။

ကျန်းနျန် စိတ်ကြည်သွားပြီး မတ်မတ်ထိုင်ကာ မေးလိုက်သည်။ "မင်း ဘယ်လိုနေသေးလဲ။"

စွင်းယွမ်သည် သူမ၏ ဝမ်းဗိုက်ကို ကိုင်လိုက်ပြီး ခြောက်ကပ်နေသော မျက်ဝန်းများထဲမှ မျက်ရည်များ စီးကျလာသည်။ "ကျွန်မကလေး မရှိတော့ဘူးလား။"

ကျန်းနျန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး ခဏအကြာမှ ပြန်ဖြေလိုက်သည်။ "အင်း။"

စွင်းယွမ်က သက်ပြင်းချရင်း ကျန်းနျန်ဘက် လှည့်လိုက်သည်။ "ကျွန်မကို နှလုံးသား မရှိတဲ့သူလို့ မင်း ထင်လား။"

စွင်းယွမ် ဤစကားပြောလိုက်သည်နှင့် ကျန်းနျန် ရိပ်မိလိုက်သည်။ စွင်းယွမ်သည် ဤကလေးကို ဆေးရုံ၌ ဖျက်ချခြင်း မဟုတ်သလို ဆေးသောက်ခြင်းလည်း မဟုတ်ဘဲ သူမကိုယ်တိုင် ပြတ်သားရက်စက်စွာ ဖျက်ချခဲ့ခြင်းပင် ဖြစ်သည်။ အမျိုးသမီးတစ်ဦးသည် သူမ၏ ကိုယ်ပိုင်ရင်သွေးကို ဤမျှနာကျင်သော နည်းလမ်းဖြင့် အဆုံးသတ်ရန် မည်သို့ ဆုံးဖြတ်နိုင်ခဲ့သည်ကို ကျန်းနျန် စဉ်းစား၍ပင် မရနိုင်တော့ပေ။

"မင်း နာမည် ဘယ်လိုခေါ်လဲ" စွင်းယွမ်၏ မျက်နှာက အလွန်ဖြူရော်နေပြီး အသံကလည်း အားနည်းနေသည်။

ကျန်းနျန် ပြုံးပြလိုက်သည်။ "ကျွန်မနာမည် ကျန်းနျန်ပါ။"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "မင်း ဘာလို့ ဒီကလေးကို ဖျက်ချခဲ့လဲဆိုတာ ကျွန်မ မသိပေမဲ့ မင်းကို စကားနည်းနည်း ပြောပြချင်တယ်။"

စွင်းယွမ်က အားနည်းစွာဖြင့် သူမကို ကြည့်လိုက်သည်။ "ပြောပါ။"

ကျန်းနျန် ပြောလိုက်သည်။ "ကျွန်မတို့ ဘဝမှာ ပျော်ရွှင်တာပဲဖြစ်ဖြစ်၊ ဆင်းရဲဒုက္ခ ခံရတာပဲဖြစ်ဖြစ် အားလုံးက ဆယ်စုနှစ် အနည်းငယ်ပဲ ကြာတာပါ။ ကျွန်မတို့ မွေးဖွားခြင်းကို ရွေးချယ်လို့ မရပေမယ့် ဘဝကိုတော့ ရွေးချယ်လို့ ရပါတယ်။ ဆင်းရဲဒုက္ခတွေကို သည်းခံပြီး ဒေါသတွေကို မြိုသိပ်နေတာဟာလည်း နေထိုင်နည်း တစ်မျိုးပါပဲ။ ဒါပေမဲ့ စိတ်သက်သာရာရမှုကို ရှာဖွေပြီး တခြားလူတွေ ဘာတွေးမလဲဆိုတာ ဂရုမစိုက်တာကလည်း နေထိုင်နည်း တစ်မျိုးပါပဲ။ ဒါဆိုရင် ဘာလို့ နောက်ဆုံးတစ်ခုကို မရွေးချယ်ရမှာလဲ။"

ကျန်းနျန်၏ စကားကို နားထောင်ရင်း စွင်းယွမ်၏ မျက်ဝန်းများ လင်းလက်လာသည်။ သူမ၏ သွေးမရှိသော နှုတ်ခမ်းများ လှုပ်ရှားသွားပြီး အတော်ကြာမှ စကားတစ်ခွန်း ပြောထွက်လာသည်။ "တကယ်လို့ တစ်ယောက်ယောက်က မင်းရဲ့ တည်ရှိမှုဟာ သူတို့အတွက် အဟန့်အတား ဖြစ်နေတယ်လို့ ထင်နေရင်... မင်းသာ သူတို့နေရာမှာဆို ဘာလုပ်မလဲ။"

ကျန်းနျန် ပြန်ဖြေလိုက်သည်။ "သူတို့ မင်းအပေါ် ဆက်ဆံသလိုပဲ မင်းဘက်က ပြန်ဆက်ဆံလိုက်ပါ။"

စွင်းယွမ်၏ အသက်ရှူသံ ပိုပြင်းလာသည်ကို မြင်သောအခါ ကျန်းနျန် ဆက်ပြောလိုက်သည်။ "တစ်ခါတလေမှာ ကိုယ့်မာနကို မြိုသိပ်ထားတာက တခြားလူတွေကို အခွင့်ကောင်းပေးသလို ဖြစ်နေတတ်တယ်။ တချို့လူတွေက မင်းရဲ့ ယုတ္တိရှိမှုနဲ့ ကြင်နာမှုကို တန်ဖိုးထားမှာ မဟုတ်ဘူး။ မင်းကို အနိုင်ကျင့်လို့ရတဲ့သူလို့ပဲ မြင်ကြမှာ။"

စကားအဆုံးတွင် သူမ ပြုံးလိုက်သည်။ "ဒါတွေက ကျွန်မအဖွား သင်ပေးခဲ့တဲ့ အမှန်တရားတွေပါ။ မင်းအတွက် အသုံးဝင်မလားတော့ မသိဘူး။"

စွင်းယွမ်၏ မျက်ဝန်းများ နီမြန်းသွားပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်မ နားလည်ပါပြီ။"

မိုးလင်းသောအခါ အမျိုးသမီးအဖွဲ့ချုပ်က စွင်းယွမ်၏ ဖခင်ဖြစ်သူ အထည်စက်ရုံ ဒါရိုက်တာ စွင်းချောင်ကို ရှာဖွေတွေ့ရှိသွားသည်။ ကျန်းနျန် ထွက်လာသောအချိန်တွင် စွင်းချောင်ကို တွေ့လိုက်ရသည်။ သူသည် စာအုပ်ထဲ၌ ဖော်ပြထားသည့်အတိုင်းပင် အရပ်အလယ်အလတ်၊ ဆံပင်ဖြူအနည်းငယ်နှင့် မျက်နှာ၌ အရေးအကြောင်းများ ရှိနေသော လူလတ်ပိုင်း တစ်ဦးဖြစ်သည်။ သူ့၏ ဘယ်ဘက် ပါးရိုးပေါ်တွင် စာအုပ်ထဲ၌ ပါသည့်အတိုင်းပင် ငယ်စဉ်က အပူလောင်ထားသော အမာရွတ်လေးတစ်ခု ရှိသည်။

စွင်းချောင်က ကျန်းနျန်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူမသည် စွင်းမိသားစုအပေါ် အကြည်ညိုမရှိသဖြင့် မျက်နှာသေဖြင့်ပင် ထွက်ခွာလာခဲ့သည်။

.

စွင်းယွမ်ကို ပြောပြစရာ ရှိသည်များကို သူမ အကုန်ပြောခဲ့ပြီဖြစ်သည်။ စွင်းယွမ် ရှေ့ဆက် မည်သို့လုပ်မည်မှာ သူမ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပေလိမ့်မည်။

နေ့အလင်းရောင် ရောက်လာသည်နှင့်အမျှ စင်္ကြံလမ်းတွင် လူများ စည်ကားလာပြီး ညက ခြောက်ခြားစရာ အငွေ့အသက်များ အကုန် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းနျန်သည် လုယွီ၏ အခန်းသို့ သွားလိုက်သည်။ ချန်ယောင်တို့လည်း နိုးနေကြပြီဖြစ်ရာ ကျန်းနျန် အနားရောက်သွားသောအခါ အားလုံးက နှုတ်ဆက်ခဲ့ကြသည်။ "မရီး။"

လုယွီ - "ဒီမှာ ထိုင်။"

ကျန်းနျန် ခေါင်းငုံ့လိုက်ပြီး ကုတင်ပေါ် တင်ထားသည့် လုယွီ၏ လက်ကို ကြည့်နေမိသည်။ သူ့လက်များက သွယ်လျပြီး တကယ့်ကို ကြည့်ကောင်းလှသည်။ မနေ့ညက ရေချိုးခန်းထဲမှ ကိစ္စကို ပြန်တွေးမိပြီး ကျန်းနျန် မျက်နှာလေး နီသွားရပြန်သည်။ သူမ ကုတင်ဘေး၌ အနေရခက်စွာ ထိုင်နေစဉ် လုယွီက သူမလက်ကို စောင်အောက်ထဲ ဆွဲသွင်းပြီး လက်ချောင်းလေးများကို တင်းတင်းဆုပ်ကိုင်ကာ မေးလိုက်သည်။ "မနေ့ညက အိပ်ရော အိပ်ခဲ့ရဲ့လား။"

ကျန်းနျန် ပြောလိုက်သည်။ "ကျွန်မ သိပ်မအိပ်ရသေးဘူး။"

လုယွီ ပြန်ပြောလိုက်သည်။ "အဆောင်ပြန်ပြီး တရေးလောက် ပြန်အိပ်လိုက်ဦး။ ကောင်းကောင်းအနားယူပြီးမှ ပြန်လာခဲ့။"

ကျန်းနျန်လည်း ဆက်၍ အောင့်မထားနိုင်တော့ပါ။ သူမသည် လုယွီတို့အတွက် မနက်စာ ဝယ်ပေးရန် ရည်ရွယ်ထားသော်လည်း တစ်ယောက်ယောက်က ဝယ်ပြီးသား ဖြစ်နေသည်။ ချန်ယောင်၏ ရဲဘော်တစ်ဦးက အသားပေါက်စီများနှင့် ပဲနို့များစွာ ဝယ်လာခြင်းဖြစ်သည်။ သူက ကျန်းနျန်ကို မစားဘဲ မပြန်ရန် အတင်းတိုက်တွန်းသဖြင့် စားပြီးမှ အဆောင်သို့ ပြန်ခဲ့သည်။

အဆောင်ရောက်သောအခါ ကျိုက်ဖေးဖေးနှင့် အခြားသူများလည်း အပြင်ထွက်ရန် ပြင်ဆင်နေကြသည်။ သူတို့က စွင်းယွမ်၏ အခြေအနေကို မေးမြန်းကြပြီး အဆင်ပြေသည်ဟု သိရသောအခါမှ သက်ပြင်းချနိုင်ကြတော့သည်။

လုရှောင်ချင်း ပြောလိုက်သည်။ "အဲဒီ လူယုတ်မာ ကျောက်လင်ကတော့ တစ်ညလုံး ပြန်မလာဘူး။ ကြောက်ပြီး ထွက်ပြေးသွားတာ ထင်တယ်။"

ကျိုက်ဖေးဖေးကလည်း ထပ်ပြောခဲ့သည်။ "သူ ဘယ်မှ မပြေးနိုင်ပါဘူး။ ထောက်ခံစာမပါဘဲ ဒီမြို့ကနေတောင် ထွက်လို့ရမှာ မဟုတ်ဘူး။"

ကျန်းနျန်သည် စွင်းယွမ်က ကိုယ်တိုင်ကိုယ်ကျ ကလေးဖျက်ချခဲ့သည့် အကြောင်းကိုမူ ထုတ်မပြောခဲ့ပါ။ စွင်းယွမ်၏ စိတ်ချမ်းသာမှုကို ငဲ့ကွက်သောကြောင့် ဖြစ်သည်။ သူမတွင် ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားဖြစ်ပြီး စွင်းယွမ်ဘက်က ကာကွယ်ပေးထားလျှင် လုံလောက်ပြီဟု ယူဆထားသည်။ ရှေ့ဆက်ဘာဖြစ်မည်ကိုမူ စွင်းယွမ်၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရပေမည်။

အဆောင်ပြန်ရောက်သောအခါ ကျန်းနျန် ကောင်းကောင်း အိပ်ပျော်သွားခဲ့သည်။ ညနေစောင်းအထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် လုရှောင်ချင်းတို့ နေ့လယ်စာ ပြန်စားသည်ကိုပင် သူမ မသိလိုက်ပါ။

နိုးလာသောအခါ အဝတ်အစားသစ် လဲလှယ်ပြီး သွေးစွန်းနေသော အဝတ်များကို လျှော်ဖွပ်လိုက်သည်။ တံခါးဝရှိ သွေးကွက်များကိုမူ အစ်မကျိုက်က သန့်ရှင်းရေး လုပ်ပေးထားပြီးသား ဖြစ်သည်။ လုရှောင်ချင်း ချန်ထားပေးသော နေ့လယ်စာကို အနည်းငယ် စားပြီးနောက် ကုန်တိုက်သို့ သွားကာ ဟင်းသီးဟင်းရွက်နှင့် ဂျုံမှုန့်များ ဝယ်ခဲ့သည်။ ဟင်းချက်ပြီးသောအခါ လုရှောင်ချင်းနှင့်အတူ ဆေးရုံသို့ ထွက်လာခဲ့ကြသည်။

လမ်းတွင် လုရှောင်ချင်းက သူမ၏ လက်မောင်းကို နှိပ်ရင်း ပြောလိုက်သည်။ "မနေ့ညက စွင်းယွမ်ကို ပိုးပြီး လမ်းလျှောက်ခဲ့ရတာ လက်တွေ ခြေထောက်တွေ အကုန် နာနေတာပဲ။"

ကျန်းနျန် ပြုံးလိုက်သည်။ "နင်နဲ့ အစ်မကျိုက်တို့ တကယ် ပင်ပန်းသွားကြတာပါ။"

လုရှောင်ချင်းက သူမကို မျက်စောင်းထိုးလိုက်သည်။ "ငါ့ကို ကျေးဇူးတင်ချင်ရင် တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးလေ။"

ကျန်းနျန် - …

ကျေးဇူးပဲ ငါ ပြောခဲ့တဲ့ စကားကို ပြန်ရုပ်သိမ်းတယ်။

ဆေးရုံဝင်ပေါက်သို့ ရောက်သောအခါ စုန့်ပိုင်နှင့် ထန်ဇီတို့ အတူတူ လာနေသည်ကို တွေ့လိုက်ရသည်။ ထန်ဇီကို စိုက်ကြည့်နေသော လုရှောင်ချင်းကို မြင်တော့ ကျန်းနျန်က သတိပေးလိုက်ရသည်။ "မတွေးနဲ့တော့၊ သူက အိမ်ထောင်ရှိပြီးသား။"

လုရှောင်ချင်း - …

"မရီး။"

"ညီမလေး။"

စုန့်ပိုင်နှင့် ထန်ဇီတို့က သူတို့ကို နှုတ်ဆက်ခဲ့ကြသည်။

ကျန်းနျန် ပြုံးလိုက်သည်။ "ရှင်တို့ ဘာလို့ ဒီကို ရောက်နေတာလဲ။"

စုန့်ပိုင် ပြောလိုက်သည်။ "ကျွန်တော်တို့ လုယွီကို လာတွေ့ကြတာပါ။"

သူသည် ကျန်းနျန်လက်ထဲမှ ထမင်းချိုင့်ကို လှမ်းယူလိုက်သည်။ ထိုစဉ် ကျန်းနျန်၏ လက်ချောင်းလေးများမှာ ထမင်းချိုင့်ဆွဲထားရသဖြင့် အနည်းငယ် နီမြန်းနေသည်ကို သူ သတိထားမိသွားပြီး မေးလိုက်သည်။ "မရီး စားပြီးပြီလား။"

ကျန်းနျန် ပြုံး၍ ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ စားပြီးပါပြီ။"

ဆေးရုံထဲတွင် မီးများ လင်းထိန်နေပြီး ထမင်းစားချိန်ဖြစ်သဖြင့် လူအတော်များသည်။ လုယွီသည် ကုတင်ဘေးတွင် ထိုင်လျက် ချန်ယောင်၊ ကျိုးကျီနှင့်အတူ အခြားသူများနှင့် စကားပြောနေသည်။ ကျန်းနျန် ဝင်လာသည်ကို မြင်သောအခါ သူ၏ အေးစက်ခက်ထန်သော မျက်နှာက အပြုံးတစ်ခုအဖြစ် နူးညံ့ပြောင်းလဲသွားခဲ့သည်။ "မရီး။"

ယခုအခါ လုယွီက သူမကို မရီး ဟု ခေါ်တိုင်း ကျန်းနျန် နေရခက်လာရသည်။

စုန့်ပိုင်နှင့် ထန်ဇီတို့ ဝင်လာပြီး အလူမီနီယံ ထမင်းချိုင့် သုံးလုံးကို သူတို့အား ပေးခဲ့ကြသည်။ လုရှောင်ချင်းက ကျန်းနျန်၏ လက်ကိုဆွဲကာ ပြောလိုက်သည်။"စွင်းယွမ်ကို သွားကြည့်ရအောင်။"

"ကောင်းပါပြီ။"

ကျန်းနျန် ခေါင်းညိတ်လိုက်သည်။ သူမ ထွက်ခါနီးတွင် ထန်ဇီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်းတို့ ခုနက စွင်းယွမ်အကြောင်း ပြောလိုက်တာလား။"

ကျန်းနျန် - …

ကျန်းနျန် သတိရသွားသည်။ စွင်းယွမ်သည် ထန်ဇီ၏ မရီးတစ်ဝက်လည်း ဖြစ်နေသည်မဟုတ်ပါလား။

သူမ ဖြေလိုက်သည်။ "ဟုတ်တယ်၊ စွင်းယွမ်ပါ။"

ထန်ဇီသည် လုယွီကို စကားအနည်းငယ် ပြောပြီးနောက် သူတို့နောက်သို့ လိုက်လာခဲ့သည်။ အခန်းတံခါးဝ ရောက်သောအခါ အတွင်းမှ စွင်းယင်၏ အသံကို ကြားလိုက်ရသည်။ "ဒါ နင် ခံရမှာပဲ။ ဘယ်သူက နင့်ကို ကျောက်လင်နဲ့ လက်ထပ်ခိုင်းလို့လဲ။ နင် သေသွားရင်တောင် ငါ့အမေကို အပြစ်တင်လို့ မရဘူး။ နင်က နင့်အမေအတိုင်းပဲ၊ ဘယ်ယောကျ်ားဖြစ်ဖြစ် လက်ထပ်ချင်နေတာပဲ။"

"ဘမ်း" ကြွေခွက် မြေကြီးပေါ် ကျသွားသံ ကြားလိုက်ရသည်။

စွင်းယွမ်၏ မျက်နှာ အေးစက်သွားပြီး ကုတင်ဘေးတွင် မောက်မောက်မာမာ ရပ်နေသော စွင်းယင်နှင့် မိထွေးဖြစ်သူ တင်းဟွာကို ကြည့်လိုက်သည်။ သူမအဖေ တင်းဟွာနှင့် လက်ထပ်ပြီးကတည်းက ဤမိန်းမသည် အိမ်ကို တစ်ခါမျှ အေးချမ်းအောင် မထားခဲ့ပေ။ အထူးသဖြင့် ညီမဖြစ်သူမှာ အပြင်ပန်းတွင် ရိုကျိုးဟန်ဆောင်သော်လည်း နောက်ကွယ်တွင်မူ အဆိပ်ပြင်းလှသည်။

စွင်းယွမ် ပြောလိုက်သည်။ "စွင်းယင် နင်လုပ်ခဲ့တဲ့ အရှက်ရစရာကိစ္စတွေကို ငါမသိဘူးလို့ မထင်နဲ့။"

စွင်းယင်၏ မျက်နှာ ပျက်သွားပြီး တင်းဟွာက ပို၍ ရွဲ့စောင်းပြောဆိုလာသည်။ "ငါ့သမီးကို နင့်လို အညစ်အကြေးတွေနဲ့ မပက်နဲ့။ နင်ကမှ စိတ်ပုပ်စိတ်ယုတ်နဲ့ အကျင့်မကောင်းတာ။ နင့်ဗိုက်ထဲက ကလေးလိုပဲ နင်လည်း အဆုံးသတ်သွားသင့်တယ်။"

"ကျွန်မကလေးက သေသွားရင်တောင် ရှင့်သမီးဗိုက်ထဲက အဖေမပေါ်တဲ့ မျိုးမစစ်ကလေးထက်တော့ သာပါသေးတယ်။"

ဤစကားကြောင့် အခန်းထဲရှိ လူအားလုံး စွင်းယင်ကို ဝိုင်းကြည့်ကြတော့သည်။

စွင်းယင်က ဒေါသတကြီးဖြင့် စွင်းယွမ်ကို ပါးရိုက်လိုက်သည်။ စွင်းယွမ်မှာ ကလေးပျက်ကျထားကာ အားနည်းနေသဖြင့် လုံးဝ ပြန်မခုခံနိုင်ရှာပေ။

ကျန်းနျန်နှင့် လုရှောင်ချင်းတို့ ထိတ်လန့်သွားကြသည်။

ထိုစဉ် ကျန်းနျန်သည် သူမ မနေ့ညက မက်ခဲ့သော အိမ်မက်ကို သတိရသွားသည်။ ဝူယိုရှန်နှင့် စွင်းယင်တို့ မင်္ဂလာဦးညတွင် အတူရှိနေသည့် ပုံရိပ်များ ဖြစ်သည်။ ဇာတ်လမ်းက ပျက်ယွင်းသွားသော်လည်း လက်တွေ့မှာ ဖြစ်လာခဲ့သည်လား။ သူမ ထန်ဇီကို လှမ်းကြည့်လိုက်ရာ မျက်နှာပျက်နေသော ထန်ဇီက တံခါးကို တွန်းဖွင့်ကာ ဝင်သွားသည်ကို တွေ့လိုက်ရသည်။

All Chapters