← Chapters

အခန်း (၁၂၅)

Vol. 13 Ch. 125

အခန်း (၁၂၅)

Vol. 13 Ch. 125

နှစ်သစ်ကူး အကြိုည၏ ဤဖြစ်ရပ်ကြောင့် သူတို့သုံးဦးလုံး ဒဏ်ရာကိုယ်စီ ရခဲ့ကြသည်။

လုယွီနှင့် စုန့်ပိုင်တို့သည် ခြံထဲတွင် နာရီဝက်ခန့် အပြင်းအထန် ချကြသည်။ ရှု့ယန်သည် ဆူညံသံကြောင့် ခြံစည်းရိုးပေါ်မှ ချောင်းကြည့်ကာ အလန့်တကြား မေးခဲ့သည်။ "ဘာလို့ ရန်ဖြစ်နေကြတာလဲ။"

ကျူးကျွင်းက အမြန် လိမ်ညာဖြေဆိုလိုက်ရသည်။ "သူတို့ မူးပြီး လေ့ကျင့်ခန်း လုပ်နေကြတာပါ။"

ရှု့ယန် - ....

ကျန်းရှောင် - ....

ကျန်းရှောင်သည် ကျူးကျွင်းပြောပြလေ့ရှိသော လက်ထောက်တပ်ရင်းမှူးစုန့်နှင့် လက်ထောက်တပ်ရင်းမှူးလုတို့ အဆောင်နောက်ကွယ်တွင် မကြာခဏဆိုသလို အပြန်အလှန် လေ့ကျင့်တိုက်ခိုက်ကြသည် ဟူသော စကားကို ကြားဖူးသော်လည်း မည်သို့မည်ပုံ လေ့ကျင့်သည်ကိုမူ သူမ တစ်ခါမှ မသိခဲ့ဖူးပေ။ ယနေ့တွင်မူ သူမကိုယ်တိုင် မြင်တွေ့လိုက်ရလေပြီ၊ ၎င်းမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။

နှင်းများ ပိုသည်းထန်စွာ ကျလာသည်နှင့်အမျှ ဖြူလွှလွှနှင်းပြင်ပေါ်တွင် ခြေရာများမှာလည်း ဟိုတစ်ကွက် ဒီတစ်ကွက်နှင့် ပြန့်ကျဲနေတော့သည်။

လုယွီသည် နံရံကိုမှီကာ လက်မဖြင့် နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ပြီး သူ၏လက်တစ်ဖက်ကမူ တင်ပါးဆုံရိုးပေါ်သို့ ဖိထားခဲ့သည်။ နှင်းပွင့်အချို့မှာ သူ၏တိုတုတ်ထက်မြက်သော ဆံပင်များပေါ်သို့ ကြွေကျနေပြီး အလွန်အေးမြလှသော ဆောင်းရာသီဖြစ်သော်လည်း သူ၏နဖူးတွင် ချွေးစများ စို့နေသည်။ စုန့်ပိုင်မှာမူ မီးဖိုခန်းတံခါးဘောင်ကို မှီရပ်ကာ လက်ချောင်းများဖြင့် သူ၏ညာဘက်ပါးရိုးကို ခပ်ဖွဖွပွတ်သပ်ရင်း သူ၏တင်ပါးဆုံရိုးကို ဖိထားသော လုယွီကို တစ်ချက်လှမ်းကြည့်လိုက်သည်။

စုန့်ပိုင်သည် အားအပြင်းအထန် သုံးခဲ့သော်လည်း တိုက်ခိုက်သည့်အကွက်တိုင်းတွင် လုယွီကို ထပ်မံဒဏ်ရာမရစေရန် ရှောင်ရှားခဲ့သည်။ သူသည် ထိုသို့သော ယုတ်မာညစ်ပတ်သည့် လုပ်ရပ်မျိုးကို လုပ်မည့်သူမဟုတ်ပေ။

ကျန်းရှောင်သည် တံခါးဝတွင်ရပ်ကာ ဘယ်ညာကြည့်နေခဲ့သည်။ ဆောင်းလယ်ခေါင်ဖြစ်သော်လည်း ထိုအမျိုးသားနှစ်ဦးထံမှ ထွက်ပေါ်လာသော အငွေ့အသက်များမှာ သိသာထင်ရှားလှသည်။ ကျန်းရှောင် မျက်တောင်တဖျတ်ဖျတ်ခတ်နေစဉ်မှာပင် ကျူးကျွင်းက သူမကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ သူတို့နှစ်ဦးမှာ မီးဖိုခန်းထဲတွင် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရင်း တိုးတိုးလေး စကားပြောနေကြသည်။

"သူတို့ အဆင်ပြေရဲ့လား။"

ကျူးကျွင်းက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ "ဒီတစ်ခါတော့ အရင်ခေါက်တွေထက် ပိုကြမ်းတယ်၊ အရက်ရှိန်ကြောင့် နေမှာပါ။"

၎င်းမှာ တကယ်ကို ပြင်းထန်လှပြီး သူတို့နှစ်ဦးလုံး အစွမ်းကုန် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ခြံထဲတွင် လုယွီသည် အမောတကော အသက်ရှူရင်း ပြောလိုက်သည်။ "နှစ်သစ်ကူး ဒုတိယနေ့ကြရင် ငါ တုန်းရှီမြို့က တပ်ရင်းမှူးစုန့်ဆီ သွားမလို့၊ ကြေးနန်းလည်း ရိုက်ထားပြီးပြီ၊ မင်း လိုက်မလား။"

စုန့်ပိုင်လည်း အသက်ရှူနှုန်းကို ထိန်းရင်း ပြောလိုက်သည်။ "လိုက်မယ်။"

မီးဖိုခန်းထဲမှ ကြားသွားသော ကျူးကျွင်းကလည်း အပြင်သို့ လှမ်းအော်ခဲ့သည်။ "လက်ထောက်တပ်ရင်းမှူးလု၊ ကျွန်တော်လည်း တပ်ရင်းမှူးစုန့်ဆီ လိုက်မယ်၊ ကျွန်တော်လည်း နားရက် ၁၀ ရက် ရထားတယ်။"

ထိုညတွင် ကျန်းရှောင်သည် ကျန်းနျန်နှင့်အတူ မိသားစုဝင်းထဲတွင် အိပ်စက်ပြီး လုယွီနှင့် ကျန်သူများမှာမူ အဆောင်သို့ ပြန်အိပ်ကြသည်။

ကျန်းနျန်သည် နောက်နေ့ နေ့လယ်အထိ အိပ်ပျော်နေခဲ့သည်။ နိုးလာသောအခါ အပြင်ဘက်မှ ရေခပ်သံများကို ကြားလိုက်ရသည်။ သူမသည် မျက်လုံးများကို မနည်းဖွင့်ကာ အပေါ်မှ ထုပ်တန်းများကို ခဏမျှ ငေးကြည့်နေပြီးမှ မနေ့က နှစ်သစ်ကူးအကြိုည ဖြစ်သည်ကို သတိရသွားသည်။

သူမသည် အရက်တစ်ငုံနှင့်တင် မှောက်သွားခဲ့ခြင်း ဖြစ်သည်။

ကိုယ်ကိုတစ်ဖက်သို့ လှည့်လိုက်သောအခါ သူမ၏ အဝတ်အစားများမှာ သေသပ်စွာ ခေါက်ထားသည်ကို တွေ့လိုက်ရသည်။ သူမ၏ ဖိနပ်နှင့် ခြေအိတ်များကို မည်သူချွတ်ပေးခဲ့သည်ကို သူမ မသိသော်လည်း ကျန်းရှောင် သို့မဟုတ် လုယွီ တစ်ယောက်ယောက်သာ ဖြစ်ပေလိမ့်မည်။ သူမသည် ဖိနပ်နှင့် ခြေအိတ်များကို ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့ရာ လုယွီသည် ရေပုံးနှစ်ပုံးကို မီးဖိုခန်းဘက်သို့ သယ်ဆောင်လာသည်ကို မြင်လိုက်ရသည်။ ကျန်းနျန် ထွက်လာသည်ကို မြင်သောအခါ လုယွီ လှည့်ထွက်သွားခဲ့သည်။

ကျန်းနျန် - ???

လုယွီ၏ မျက်နှာပေါ်တွင် အညိုအမည်းစွဲနေသည်ကို သူမ မြင်လိုက်ရသလိုပင်။

ကျန်းနျန်သည် သူမ အကြည့်မှားသည်လား သိစေရန် မီးဖိုခန်းထဲသို့ အပြေးအလွှား သွားကြည့်လိုက်သည်။

"အစ်မကျန်း၊ အစ်မ နိုးပြီလား။"

ကျန်းရှောင် မီးဖိုခန်းထဲမှ ထွက်လာခဲ့သည်။ ကျန်းနျန်မှာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ သူမ၏ အသိစိတ်မှာ ဝေဝါးနေတုန်းမှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ၎င်းမှာ ငါးနှစ်ကောင်ကို ကိုင်ဆောင်လာသော ကျူးကျွင်းနှင့် စုန့်ပိုင်တို့ ဖြစ်သည်။ ကျူးကျွင်း ပြောလိုက်သည်။ "တံတားနားက မြစ်ထဲမှာ ဖမ်းလာတာ။" ထိုသို့ဆိုကာ ငါးများကို ကျန်းရှောင်ထံ ကမ်းပေးလိုက်သည်။

ကျန်းနျန်၏ အကြည့်မှာ စုန့်ပိုင်၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး သူ၏နှုတ်ခမ်းနှင့် မျက်ခုံးနားတွင် အညိုအမည်းစွဲနေသည်ကို သတိပြုမိလိုက်သည်။ စုန့်ပိုင်သည် သူမ၏အကြည့်ကို အနေရခက်စွာ ရှောင်ရှားလိုက်ပြီး ငါးများကို ကျန်းရှောင်ထံ ပေးကာ ပြောလိုက်သည်။ "ကျွန်တော် အဆောင်ပြန်ပြီး အဝတ်အစားလဲလိုက်ဦးမယ်။"

သူသည် ထိုသို့ဆိုကာ ကမန်းကတန်း ထွက်သွားတော့သည်။

ကျန်းနျန် - .....

သူမ မီးဖိုခန်းထဲသို့ ဝင်သွားသောအခါ လုယွီသည် စဉ်းတီတုံးပေါ်တွင် ဟင်းသီးဟင်းရွက်များ လှီးနေသည်ကို တွေ့ရသည်။ လုယွီ၏ လက်ဆစ်များမှာလည်း ပွန်းပဲ့နေသည်ကို သူမ ချက်ချင်း မြင်လိုက်ရသည်။ သူမသည် လုယွီ၏ အနားသို့ တိုးသွားကာ သူမ၏မျက်နှာလေးကို မော့ကြည့်လိုက်သည်။ လုယွီသည် ထိုအကြည့်အောက်တွင် အနေရခက်သလို ဖြစ်သွားပြီး ဘေးသို့ တစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။ "ရေနွေးအိုးထဲမှာ ရေနွေးရှိတယ်၊ သွားမျက်နှာသစ်လိုက်ဦး။"

ကျန်းနျန် မျက်ခုံးလေးပင့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ "မနေ့ညက ကျွန်မ အိပ်ပျော်သွားပြီးနောက် ရှင်နဲ့ စုန့်ပိုင် ထပ်ပြီး လေ့ကျင့်ကြပြန်ပြီလား။"

လုယွီ - …

အသားများကို လှီးဖြတ်ပြီးနောက် လုယွီသည် အာလူးများကို ယူလိုက်ပြီး တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။ "အင်း။"

ကျန်းနျန် - ....

သူမ ထပ်မေးလိုက်သည်။ "ဘာလို့ ထပ်ပြီး လေ့ကျင့်ကြတာလဲ၊ မနေ့ညက နှစ်ယောက်လုံး အမူးလွန်သွားကြလို့လား။"

လုယွီက ခပ်တိုတိုသာ ပြန်ဖြေလိုက်သည်။ "အင်း။"

ကျန်းနျန် - .....

နှစ်သစ်ကူးနေ့တွင် သူတို့နှစ်ဦးလုံး မျက်နှာပေါ်၌ အညိုအမည်းကွက်များဖြင့် ရှိနေသည်မှာ ကြည့်မကောင်းလှပေ။

ကျန်းနျန် မျက်နှာသစ်ရန် ပြင်နေစဉ် ဘေးတွင်လာထိုင်သော ကျန်းရှောင်ကို မေးလိုက်သည်။ "မနေ့ညက သူတို့ ဘာလို့ ရန်ဖြစ်ကြတာလဲ။"

ကျန်းရှောင်က ရယ်မောလိုက်သည်။ "နှစ်ယောက်လုံး အမူးလွန်ပြီး ချကြတာလေ။"

ကျန်းနျန် - ....

သူတို့ တကယ်ပဲ အမူးလွန်ခဲ့ကြတာပဲ။

ကျန်းရှောင် ထပ်၍ရယ်မောလိုက်သည်။ "အစ်မကျန်း၊ အစ်မက အရက်သိပ်မသောက်နိုင်ဘူးပဲ၊ ဘယ်လိုဖြစ်လို့ တစ်ငုံတည်းနဲ့ မှောက်သွားရတာလဲ။"

ကျန်းနျန် - .....

သူမ မျက်နှာသုတ်ပဝါကို လိမ်ကာ မျက်နှာသုတ်ရင်း ဣန္ဒြေရရ ပြောလိုက်သည်။ "ငါက အရက်နဲ့ မတည့်လို့ပါ။"

ငါးအကြေးခွံများ ခွာနေသော ကျူးကျွင်းသည် ကျန်းရှောင်၏ ရယ်သံကိုကြား၍ မော့ကြည့်ကာ မေးလိုက်သည်။ "ဘာတွေ ရယ်နေတာလဲ။"

ကျန်းရှောင်က ပြန်ဖြေလိုက်သည်။ "ဘာမှမဟုတ်ပါဘူး။"

ငါးအကြေးခွံများ ခွာပြီးနောက် ကျူးကျွင်းသည် ငါးများကို စင်ကြယ်အောင် ဆေးကြောလိုက်သည်။ ခြံထဲရှိ နှင်းများကိုမူ မနက်စောစောကတည်းက လှည်းကျင်းပြီးသား ဖြစ်သည်။ ကျန်းနျန်က မီးဖိုခန်းထဲသို့ ဟင်းချက်ရန် ဝင်သွားပြီး ကျန်းရှောင်က မီးမွှေးပေးရန် တာဝန်ယူသည်။ မကြာမီမှာပင် စုန့်ပိုင်လည်း ရောက်လာခဲ့သည်။

သူတို့သည် နေ့လယ်စာအတွက် ငါးစပ်ဟင်း၊ ငါးဆီပြန်ဟင်း၊ ကြက်သားအိုးကြီးကြော်၊ ရှာလကာရည်ဆမ်း ဂေါ်ဖီထုပ်၊ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပေါက်စီအမြောက်အမြား ပြင်ဆင်လိုက်ကြသည်။ ငါးကို မြစ်ထဲမှ ဖမ်းလာခြင်းဖြစ်ပြီး ကြက်သားကိုမူ စုန့်ပိုင်က မနေ့က ဝယ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့တစ်စု ထမင်းစားပွဲတွင် တိတ်ဆိတ်စွာ စားသောက်နေကြသည်။

ကျန်းနျန် မော့ကြည့်လိုက်သောအခါ လုယွီနှင့် စုန့်ပိုင်တို့နှစ်ဦးလုံး ခေါင်းငုံ့ကာ ထမင်းစားနေကြသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်လုံးမှာ ခေါင်းမဖော်ကြပေ။

ကျူးကျွင်းနှင့် ကျန်းရှောင်တို့ကသာ စကားစမြည်ပြောနေကြပြီး ကျန်းနျန်က ကြားထဲမှ ရံဖန်ရံခါ ဝင်ပြောပေးသဖြင့် တိတ်ဆိတ်နေသော အခန်းထဲတွင် အသက်ဝင်လာသည်။ ထမင်းစားနေစဉ်မှာပင် ကျန်းရှောင်က နှစ်သစ်ကူး ဒုတိယနေ့၌ တုန်းရှီမြို့ရှိ တပ်ရင်းမှူးစုန့်ဆီသို့ အားလုံးသွားကြမည်ဖြစ်ကြောင်း ပြောပြသည်။

ကျန်းနျန်ကမူ လုယွီနှင့် သူမ နှစ်ယောက်တည်း သွားရမည်ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ လူများသဖြင့် ခရီးစဉ်မှာ ပို၍ မြိုင်မြိုင်ဆိုင်ဆိုင် ရှိမည်ဖြစ်ပြီး ကျန်းရှောင်လည်း အဖော်အဖြစ် ပါလာမည်ဖြစ်သဖြင့် ဝမ်းသာသွားသည်။

ဤနေရာမှ တုန်းရှီမြို့သို့ သွားရန် ရထားဖြင့် နှစ်ရက်ကြာသည်။ လမ်းခရီးတွင် အားလုံးစားသောက်နိုင်ရန်အတွက် ကျန်းနျန်နှင့် ကျန်းရှောင်တို့သည် ထမင်းစားပြီးနောက် မီးဖိုခန်းထဲတွင် စားစရာများ ပြင်ဆင်ကြသည်။ ကျန်းနျန်က မုန့်များနှင့် ပေါက်စီများကို ပိုမိုပြုလုပ်သည်။

ကျူးကျွင်းကမူ အထဲတွင် လုယွီ၏ ဒဏ်ရာများကို ဆေးထည့်ပေးနေပြီး စုန့်ပိုင်က မီးဖိုခန်းတံခါးဝတွင် ရပ်နေသည်။ ကျန်းနျန်က အင်္ကျီလက်ကို မတင်ကာ မုန့်နယ်နေသည်ကို မြင်သောအခါ သူက ရေတွင်းသို့သွား၍ လက်ဆေးကာ ကြွေဇလုံတစ်ခုကို ဆွဲယူပြီး ပြောလိုက်သည်။ "ပင်ပန်းတဲ့ အလုပ်တွေကို ကျွန်တော့်ကို ပေးလုပ်ပါ။"

ကျန်းနျန်သည် စုန့်ပိုင်၏ မျက်နှာပေါ်မှ အညိုအမည်းကွက်များကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ဒါဆိုလည်း ရှင်ပဲ လုပ်ပေးတော့။"

သူမ ပြုံးလိုက်သောအခါ ညကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ သူမ၏ မျက်ဝန်းများမှာ တောက်ပသွားသည်။ စုန့်ပိုင်မှာ ခဏမျှ ငေးမောသွားပြီးမှ ချောင်းတစ်ချက် ခပ်ဖွဖွဟန့်ကာ ပြောလိုက်သည်။ "ဒါက ဘာမှ မခက်ခဲပါဘူး။"

ကျန်းနျန်သည် ဟင်းသီးဟင်းရွက်ခန်းထဲသို့ ဟင်းသီးဟင်းရွက်တောင်း သွားယူစဉ် လုယွီ ထွက်လာသည်ကို တွေ့သဖြင့် မေးလိုက်သည်။ "ရှင့် ဒဏ်ရာရော ဘယ်လိုနေလဲ။"

"ဘာမှမဖြစ်ပါဘူး။"

လုယွီ၏ မျက်နှာထားမှာ ဘာမှမဖြစ်သယောင် ရှိသော်လည်း နှုတ်ခမ်းထောင့်မှ ဒဏ်ရာကမူ စုန့်ပိုင်၏ လက်သီးမှာ မသေးလှကြောင်း ပြသနေသည်။

ကျူးကျွင်းက အိမ်ထဲမှ ထွက်လာပြီး ပြောလိုက်သည်။ "မရီး၊ စိတ်မပူပါနဲ့ လက်ထောက်တပ်ရင်းမှူးလုရဲ့ ဒဏ်ရာက အဆင်ပြေပါတယ်။"

ကျန်းနျန်သည် တစ်နေ့လယ်ခင်းလုံး မီးဖိုခန်းထဲတွင် ပေါက်စီနှင့် မုန့်များ အမြောက်အမြား လုပ်နေခဲ့သည်။ သူမသည် ပေါက်စီနှင့် မုန့်အချို့ကို ထုပ်ပိုးကာ ရှု့ယန်၏ အိမ်သို့ သွားပေးခဲ့သည်။ ရှု့ယန်သည် အိမ်ထဲတွင် ညစာစားနေပြီး စားပွဲပေါ်တွင် မုန်လာဥကြော်တစ်ပွဲနှင့် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက် ပေါက်စီတစ်ပန်းကန် ရှိနေသည်။ သူတို့ သားအမိသုံးယောက်မှာ ပြောင်းဖူပန်ကိတ်များကို စားနေကြသည်။

လျိုချမ့်သည် ရသမျှပိုက်ဆံအားလုံးကို သူ၏ နေရပ်ရှိ မိသားစုထံသို့ ပို့ပေးနေသဖြင့် ရှု့ယန်မှာ လွန်ခဲ့သော သုံးလလုံးလုံး ခက်ခဲစွာ ဖြတ်သန်းနေရသည်ကို သိလိုက်ရသောအခါ ကျန်းနျန် စိတ်မကောင်း ဖြစ်သွားရသည်။

သူမသည် ပေါက်စီနှင့် မုန့်များကို ချထားလိုက်ပြီး လျိုကျန့်ယဲ့ကို ပြောလိုက်သည်။ "မီးဖိုခန်းထဲက ပန်းကန်အလွတ်တစ်ခု သွားယူခဲ့၊ ဒေါ်လေးကျန်း စားစရာတွေ ထည့်ပေးမယ်။"

လျိုကျန့်ဝူ၏ မျက်လုံးလေးများမှာ တောက်ပသွားပြီး မုန့်ကို ယူချင်သော်လည်း တွန့်ဆုတ်နေသည်။ ကျန်းနျန်က မုန့်တစ်ခုကို ယူကာ ကမ်းပေးလိုက်သည်။ လျိုကျန့်ဝူသည် မုန့်ကို လက်ထဲတွင် ကိုင်ထားပြီး အားနာစွာဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း။"

ရှု့ယန်က လျိုကျန့်ဝူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး လျိုကျန့်ယဲ့က ပန်းကန်အလွတ်နှင့် ပြေးလာသည်။ ကျန်းနျန်သည် ပေါက်စီနှင့် မုန့်များကို ထည့်ပေးပြီး ရှု့ယန်ကို ပြောလိုက်သည်။ "မနက်ဖြန်ကြရင် တုန်းရှီမြို့က တပ်ရင်းမှူးစုန့်ဆီ သွားမလို့၊ အစ်မဖန့်ကို ပြောစရာရှိရင် ပြောလိုက်ပါ၊ ကျွန်မ ပြန်ပြောပေးပါ့မယ်။"

ရှု့ယန် ပြောလိုက်သည်။ "ဘာမှ ပြောစရာမရှိပါဘူး၊ အစ်မဖန့်ကိုပဲ သူ့မိသားစုကို ဂရုစိုက်ဖို့ ပြောပေးပါ။"

"ကောင်းပါပြီ။"

လျိုကျန့်ယဲ့က မုန့်တစ်ခုကို ရှု့ယန်အား အရင်ပေးသည်ကို ကျန်းနျန် ကြည့်နေမိသည်။ ရှု့ယန် ပြုံးလိုက်သည်။ "အမေ မစားတော့ဘူး၊ သားတို့ပဲ စားကြ။"

လျိုကျန့်ဝူက ခေါင်းခါကာ ငြင်းခဲ့သည်။ "အမေလည်း စားရမယ်။"

ကျန်းနျန်က ရှု့ယန်ကို ပြောလိုက်သည်။ "ကျန့်ယဲ့က တကယ့်ကို သူတစ်ပါးကို ငဲ့ညှာတတ်တဲ့ ကလေးပဲ။" သူမ လျိုကျန့်ယဲ့ကို ပြုံးပြလိုက်သည်။ "ကျန့်ယဲ့ ဒေါ်လေး မနက်ဖြန် သွားတော့မယ်၊ ပြန်လာရင် သားတို့အတွက် အရသာရှိတာတွေ ဝယ်လာခဲ့မယ်နော်။"

လျိုကျန့်ယဲ့က ခေါင်းခါလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါ်လေးကျန်း၊ ဒါပေမဲ့ မလိုပါဘူး။"

"ဒေါ်လေးကျန်း၊ သားတော့ အရသာရှိတာ စားချင်တယ်။"

လျိုကျန့်ဝူသည် မုန့်စားရင်း အပြစ်ကင်းသော မျက်လုံးလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ ကျန်းနျန်သည် လျိုကျန့်ဝူ၏ ဖာထေးထားသော အဝတ်အစားများကို ကြည့်ကာ သူ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ "ဒေါလေး ပြန်လာရင် အရသာရှိတာတွေ ယူလာခဲ့မယ်။"

ရှု့ယန်က ကျန်းနျန်ကို လိုက်ပို့ခဲ့သည်။ ကျန်းနျန်သည် လရောင်အောက်တွင် ရပ်နေသော ရှု့ယန်ကို လှည့်ကြည့်မိသည်။

ရှု့ယန်ကို မည်သို့ကူညီရမည်ကို သူမ မသိပေ။

သို့သော်လည်း ရှု့ယန်၏ ဇာတ်သိမ်းမှာ မူရင်းစာအုပ်ထဲကထက် ပိုကောင်းမွန်ခဲ့သည်။ အနည်းဆုံးတော့ သူမသည် ကလေးများနှင့် မကွဲကွာရတော့ဘဲ ရွာထဲက လူပျိုကြီးနှင့် လက်ထပ်ရမည့် ဘေးမှ ကင်းဝေးသွားခဲ့ပြီ။

ကျန်းနျန် ပြန်ရောက်သောအခါ လုယွီနှင့် အခြားသူများ ထွက်သွားကြပြီဖြစ်သည်။ ကျန်းရှောင်သည် အစာကြေရန် ခြံထဲတွင် လမ်းလျှောက်နေရင်း ကျန်းနျန်ကို မြင်သောအခါ ပြုံးကာ ပြောသည်။ "အစ်မကျန်း၊ လက်ထောက်တပ်ရင်းမှူးလုက မရီး မျက်နှာသစ်ဖို့ ရေနွေးတည်ပေးသွားတယ်၊ သူတို့ အဆောင်ကို အရင်ပြန်သွားကြပြီ။"

ကျန်းနျန် ပြုံးလိုက်သည်။ "ဟုတ်ပါပြီ... မင်းလည်း မြန်မြန်အိပ်တော့၊ ကျွန်မတို့ မနက်ဖြန် စောစောထွက်ရမယ်။"

သူမသည် အခန်းထဲပြန်ဝင်၊ ကိုယ်လက်သန့်စင်ကာ အိပ်ရာပေါ် လဲလျောင်းလိုက်သည်။ အမှောင်ထဲမှ ထုပ်တန်းများကို ကြည့်ရင်း သူမ အိပ်မပျော်နိုင် ဖြစ်နေမိသည်။ မနက်ဖြန်ကျလျှင် တပ်ရင်းမှူးစုန့်ဆီ သွားရတော့မည်။ တပ်ရင်းမှူးစုန့်သည် နှစ်ဦးပိုင်း ဆောင်းရာသီတွင် သေဆုံးခဲ့ခြင်းလား သို့မဟုတ် နှစ်ကုန်ပိုင်း ဆောင်းရာသီတွင်လား ဆိုသည်ကို ကျန်းနျန် မသိပေ။ သူမ သွားပြီးနောက်တွင်လည်း ဘာမှ ပြောင်းလဲမသွားဘဲ သူတို့ ပြန်လာပြီးမှ တပ်ရင်းမှူးစုန့် တစ်ခုခု ဖြစ်သွားမည်ကို ကြောက်နေမိသည်။

ထိုညက ကျန်းနျန် ကောင်းကောင်း မအိပ်ရသဖြင့် နောက်နေ့တွင် ကြောင်တောင်တောင် ဖြစ်နေမိသည်။ ခြံထဲမှ ခြေသံများကို ကြားရမှ သူမ အိပ်ရာမှ ထသည်။ အဝတ်အစားဝတ်ကာ မှန်တင်ခုံသို့ သွားပြီး နံရံက မှန်ထဲတွင် မိမိကိုယ်ကိုယ် ကြည့်လိုက်ရာ သူမ၏ မျက်နှာမှာ အနည်းငယ် နွမ်းနယ်နေသည်။ ကျန်းနျန်သည် မျက်နှာကို ပွတ်သပ်ပြီးနောက် တံခါးဖွင့်ကာ ထွက်လာခဲ့သည်။

လုယွီနှင့် အခြားသူများ ရောက်နေကြပြီဖြစ်ပြီး မီးဖိုခန်းထဲတွင် မနက်စာ ပြင်နေကြသည်။ ကျန်းရှောင်သည် ရေတွင်းနားတွင် ထိုင်ကာ ရေနွေးငွေ့များ ထွက်နေသော ဇလုံဖြင့် မျက်နှာသစ်နေသည်။ သူမ မျက်နှာသစ်ပြီးနောက် မျက်ကွင်းညိုနေသော ကျန်းနျန်အတွက် ရေထည့်ပေးသည်။ ကျန်းရှောင်သည် တစ်ချက်ရပ်ကာ မေးလိုက်သည်။ "အစ်မကျန်း... မနေ့ညက နွားသွားခိုးလာတာလား။"

ကျန်းနျန် - ....

ကျန်းရှောင်၏ စကားကြောင့် လုယွီနှင့် အခြားသူများက ကျန်းနျန်ကို လှည့်ကြည့်ခဲ့ကြသည်။ ကျန်းနျန်သည် ဘာမှမတတ်နိုင်ဘဲ ခေါင်းငုံ့ကာ မျက်နှာသစ်၊ သွားတိုက်လိုက်သည်။ ပြီးနောက် အခန်းထဲပြန်ဝင်ကာ ခရင်မ်အချို့ လိမ်းလိုက်သဖြင့် သူမ၏ မျက်နှာလေးမှာ အနည်းငယ် ပြန်လည် စိုပြည်လာခဲ့သည်။

မနက်စာမှာ ဖရုံသီးဆန်ပြုတ်နှင့် အာလူးဂေါ်ဖီထုပ်ကြော် ဖြစ်သည်။ စားသောက်ပြီးနောက် သူတို့သည် ဘတ်စ်ကားစီးရန် ခရိုင်မြို့သို့ ကမန်းကတန်း သွားကြသည်။ ကျန်းနျန်နှင့် လုယွီတို့သည် လုယွီ၏ စစ်စိမ်းရောင် အိတ်အကြီးကြီးထဲတွင် အဝတ်အစားများ ထည့်လာကြသည်။ ကျူးကျွင်းနှင့် စုန့်ပိုင်တို့လည်း အိတ်တစ်လုံးစီ သယ်လာကြသည်။ ယခုနှစ်တွင် သူတို့အားလုံးမှာ နှစ်သစ်ကူး ဒုတိယနေ့၌ ဆွေမျိုးများထံ သွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

ကားဂိတ်တွင် လူများပြည့်နှက်နေပြီး ကားပေါ်တက်သောအခါ ထိုင်ခုံတစ်ခုံသာ အလွတ်ရှိတော့သည်။ ကျန်းနျန်သည် ကျန်းရှောင်ကို ထိုင်ခိုင်းလိုက်ပြီး သူမကမူ ဘေးတွင် ရပ်နေလိုက်သည်။

ဘတ်စ်ကားပေါ်တွင် လူအလွန်ကြပ်လှသဖြင့် ကျန်းနျန်၏ သေးငယ်သော ကိုယ်လုံးလေးမှာ လူအုပ်ထဲတွင် နစ်မြုပ်လုနီးပါး ဖြစ်နေသည်။

လုယွီသည် လက်တစ်ဖက်ဖြင့် ကားအပေါ်တန်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ထိုင်ခုံလက်ရန်းကို ကိုင်ကာ ကျန်းနျန်ကို သူ၏ ရင်ခွင်ထဲတွင် ရှိနေစေရန် အကာအကွယ်ပေးထားသည်။ ကျန်းနျန်သည် ဘယ်ဘက်လက်ရန်းကို ကိုင်ကာ ကျန်းရှောင်နှင့် စကားပြောနေသည်။ စုန့်ပိုင်က မျက်လွှာချကာ ကျန်းနျန်ကို တစ်ချက်ကြည့်သည်။ သူမသည် လုယွီကို အလွန်ယုံကြည်ပုံရပြီး ဘေးပတ်ဝန်းကျင်က လူအုပ်ကြီးကို စိုးရိမ်ပုံမရပေ။

All Chapters