← Chapters

အခန်း (၁၂၆)

Vol. 13 Ch. 126

အခန်း (၁၂၆)

Vol. 13 Ch. 126

ကားရွေ့လျားလာသည်နှင့်အမျှ လမ်းပေါ်တွင် ဆောင့်လိုက်၊ ဘရိတ်အုပ်လိုက် ဖြစ်နေသဖြင့် ကျန်းနျန်၏ ကျောပြင်မှာ လုယွီ၏ သန်မာသော ရင်ခွင်နှင့် မကြာခဏ သွားဆောင့်မိသည်။ လုယွီသည် ကျန်းနျန်၏ ကော့ညွှတ်နေသော မျက်တောင်လေးများကို ငုံ့ကြည့်ရင်း သူမ၏ နဖူးလေးကို နမ်းချင်စိတ်အား မနည်းထိန်းထားရသည်။

လမ်းခရီးတွင် လူများ တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားခဲ့ကြသည်။

"မရီး။"

စုန့်ပိုင်သည် သူ၏ ခြေတံရှည်ကြီးများဖြင့် ထိုင်ခုံအလွတ်တစ်ခုကို လှမ်းပိတ်ထားပေးပြီး ကျန်းနျန်ကို ထိုင်ခိုင်းခဲ့သည်။

ကျန်းနျန်သည် မတ်တပ်ရပ်ရသဖြင့် ခြေထောက်များ ညောင်းနေပြီဖြစ်သော်လည်း လုယွီက သူမကို ဘေးစွန်းက ထိုင်ခုံတွင် ထိုင်စေသည်။ ထိုင်လိုက်ရသဖြင့် သူမ၏ ခြေထောက်များ သက်သာသွားသော်လည်း လုယွီ၏ ဒဏ်ရာကို သတိရသွားသည်။ သူမ ထရပ်ရန် ပြင်သော်လည်း လုယွီက ခိုင်မြဲစွာ ဖိထားခဲ့သည်။ ကျန်းနျန်က တွန့်ဆုတ်စွာဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။ "ရှင်ပဲ ထိုင်ပါ၊ ကျွန်မ မထိုင်တော့ဘူး။"

သူမ ထပ်၍ထရပ်ရန် ကြိုးစားခဲ့သော်လည်း လုယွီ၏ သန်မာသော လက်အောက်တွင် မလှုပ်နိုင်ပေ။ လုယွီ ပြောလိုက်သည်။ "ကိုယ် အဆင်ပြေပါတယ်။"

ကျန်းနျန်က စိုးရိမ်စိတ်ဖြင့် သူ၏ တင်ပါးဆုံဘက်ကို ငုံ့ကြည့်မိရာ လုယွီ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ကျန်းနျန်၏ ခေါင်းကို အသာအယာ လှည့်ပေးလိုက်သည်။ "မကြည့်နဲ့။"

ကျန်းနျန် - ....

လေးနာရီကြာပြီးနောက် ဘတ်စ်ကားသည် မြို့သို့ ရောက်ရှိသွားခဲ့သည်။ သူတို့ ရထားဘူတာသို့ အပြေးအလွှား သွားကာ ညနေ ၆ နာရီ ရထားလက်မှတ် ဝယ်လိုက်ကြသည်။ ကျန်းနျန်နှင့် ကျန်းရှောင်အတွက် အိပ်စင်လက်မှတ် ဝယ်ပေးရန် စီစဉ်သော်လည်း ကုန်နေသဖြင့် ထိုင်ခုံ ၅ ခုံသာ ဝယ်လိုက်ရသည်။ ဤနေရာမှ တုန်းရှီမြို့သို့ သွားရန် တစ်ရက်နှင့် နှစ်ည ကြာမည်ဖြစ်သည်။ သူတို့ စစ်သားများမှာ မတ်တပ်ရပ်နေကျ ဖြစ်သော်လည်း ကျန်းနျန်နှင့် ကိုယ်ဝန်ရှိနေသော ကျန်းရှောင်တို့ ခက်ခဲမည်ကို စိုးရိမ်နေကြသည်။

ကျူးကျွင်းက ကျန်းရှောင်ကို လမ်းခရီးတွင် ပင်ပန်းမည်စိုး၍ ဆိုင်မှာပဲ နေခဲ့ရန် ဖျောင်းဖျသော်လည်း ကျန်းရှောင် ငြင်းလိုက်သည်။ သူမသည် ကျူးကျွင်းနှင့် အစ်မကျန်းတို့နှင့်အတူ ရှိချင်သည်။ တစ်ရက်နှင့် နှစ်ည ထိုင်သွားရသည်မှာ သူမအတွက် ပြဿနာမဟုတ်ပေ။ ထို့ကြောင့် သူတို့သည် စောင့်ဆိုင်းခန်းတွင် အဆာပြေစားသောက်ပြီး ရထားပေါ်သို့ တက်ခဲ့ကြသည်။

ရထားပေါ်တွင် လူအလွန်များလှပြီး စုန့်ပိုင်က ကျူးကျွင်း၏ အိတ်များကို ကူသယ်ပေးကာ ကျူးကျွင်းက ကျန်းရှောင်ကို ဂရုစိုက်သည်။ လုယွီဘက်တွင်မူ သူက ကျန်းနျန်ကို ဦးဆောင်ခေါ်သွားခဲ့သည်။ သူတို့ နေရာသို့ ရောက်သောအခါ ကျန်းနျန်နှင့် ကျန်းရှောင်က အတူထိုင်ပြီး ကျူးကျွင်းနှင့် လုယွီက တစ်တန်းတည်း ထိုင်ကာ စုန့်ပိုင်ကမူ ကျန်းနျန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ ကျန်းနျန်သည် ကျန်းရှောင်ကို လူများသွားလာလျှင် မတိုက်မိစေရန် ပြတင်းပေါက်ဘက်တွင် ထိုင်ခိုင်းလိုက်သည်။

ကျန်းနျန်သည် ဤခရီးစဉ်တွင် ချွေးများ အတော်ထွက်နေသည်။ သူမသည် လည်ပင်းမှ ပဝါကို ချွတ်လိုက်ပြီး အိတ်ကပ်ထဲ ထည့်ကာ လက်တစ်ဖက်ဖြင့် ယပ်ခတ်နေသည်။ သူမ၏ ဝတ်စုံလေးက သူမ၏ ဖြူနုသော အသားအရေကို ပိုပေါ်လွင်စေခဲ့သည်။ ကျန်းနျန်သည် ဆံပင်ကို အပေါ်သို့ ထုံးထားသဖြင့် သွယ်လျသော လည်တိုင်လေးက ပေါ်နေသည်။ သူမသည် မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်နေမိသည်။

ဘေးပတ်ဝန်းကျင်မှ လူများက ကျန်းနျန်ကို မကြာခဏ ခိုးကြည့်နေကြသည်။ ထိုမျှ လှပသော အမျိုးသမီးကို မြင်ရခဲသည်မဟုတ်ပါလား။ လုယွီသည် မျက်မှောင်ကြုတ်ကာ ကျန်းနျန်ကို ကြည့်နေသော အမျိုးသားများကို အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်ရာ အားလုံးက တိတ်တဆိတ် မျက်နှာလွှဲသွားကြသည်။

စုန့်ပိုင်၏ ဘေးတွင်ထိုင်နေသော အမျိုးသားများမှာ ရင်းနှီးနေပုံရပြီး မြို့မှ ရုံးဝန်ထမ်းများ ဖြစ်ပုံရသည်။ သူတို့သည် ကျန်းနျန်က မည်သည့်နေရာမှဖြစ်ကြောင်းနှင့် သူမတွင် ရည်းစားရှိ၊ မရှိကို တိုးတိုးတိတ်တိတ် ကပ်ပြောနေကြသည်။ စုန့်ပိုင်က မျက်မှောင်ကြုတ်ကာ ကျန်းနျန်ကို လှည့်ကြည့်လိုက်သည်။ သူ၏အသံမှာ မကျယ်လှသော်လည်း ဘေးနားရှိလူအချို့ ကြားနိုင်ရန် လုံလောက်သည်။ "မရီး ရေဆာလား၊ ကျွန်တော် ရေနွေး သွားယူပေးမယ်။"

ကျန်းနျန်က ခေါင်းညိတ်ပြလိုက်သည်။ "ရေဆာတယ်။" ထို့နောက် သူမက ကျန်းရှောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "မင်းရော ရေဆာလား။"

ကျန်းရှောင်လည်း ခေါင်းညိတ်လိုက်သည်။ "ကျွန်မလည်း ရေဆာတယ်။"

စုန့်ပိုင်သည် သူတို့အတွက် ရေနွေးအိုးကို ယူကာ ရထားတွဲ၏ အခြားတစ်ဖက်သို့ ထွက်သွားသည်။ အခြားလူများက စုန့်ပိုင်က သူမကို "မရီး" ဟု ခေါ်သည်ကို ကြားလိုက်ရသောအခါ အားလုံးမှာ မှင်တက်သွားကြပြီး ကျန်းနျန် အမှန်တကယ် အိမ်ထောင်ကျပြီးဖြစ်သည်ကို မြင်ရသဖြင့် အတော်လေး အံ့သြသွားကြသည်။ သူမသည် လက်မထပ်ရသေးသော အမျိုးသမီးရဲဘော်တစ်ဦးဟု သူတို့အားလုံး ထင်ထားခဲ့ကြခြင်း ဖြစ်သည်။

လုယွီသည် ထရပ်ကာ ကျန်းနျန်၏ ဘေးသို့ လျှောက်လာခဲ့သည်။ သူသည် အရပ်ရှည်ပြီး ခြေတံရှည်ကာ ဘေးတွင် ရပ်လိုက်သောအခါ အားလုံး၏ အမြင်အာရုံကို ပိတ်ထားသကဲ့သို့ ဖြစ်သွားသည်။ သူသည် အပေါ်ထိုင်ခုံတန်းပေါ်တွင် လက်တင်ကာ အနည်းငယ် ငုံ့ကြည့်ပြီး ကျန်းနျန်၏ မျက်နှာပေါ်မှ ချွေးပါးပါးလေးကို ကြည့်နေသည်။ သူသည် သူမ၏ ချွေးများကို သုတ်ပေးချင်စိတ်ကို ထိန်းချုပ်ကာ တိုးတိုးလေး မေးလိုက်သည်။ "ပင်ပန်းနေပြီလား။"

ကျန်းနျန်က ခေါင်းညိတ်လိုက်သည်။ "နည်းနည်းပါ။"

ကျန်းနျန်သည် လုယွီနှင့်အတူ ရထားပေါင်းများစွာ စီးဖူးသော်လည်း ယခုတစ်ကြိမ်သည် သူမအတွက် ပထမဆုံးအကြိမ် ထိုမျှ ပင်ပန်းသည်ဟု ခံစားရခြင်းဖြစ်သည်။ နောက်ထပ် တစ်ရက်နှင့် နှစ်ည ရထားစီးရန် ကျန်သေးသည်ဟု တွေးမိသောအခါ ကျန်းနျန်မှာ တစ်ကိုယ်လုံး နေရထိုင်ရ ခက်လာသည်။ လုယွီ ပြောလိုက်သည်။ "ခဏနေရင် ကိုယ် ရထားဝန်ထမ်းကို သွားရှာကြည့်မယ်၊ လမ်းမှာ အိပ်စင်ကနေ ဆင်းသွားတဲ့လူရှိရင် ဝန်ထမ်းကို ဖယ်ခိုင်းထားပြီး မင်းကို အဲ့ဒီခေါ်သွားမယ်။"

ထိုစကားကို ကြားသောအခါ ကျန်းနျန်က လုယွီကို မော့ကြည့်ကာ ပြုံးလိုက်သည်။ "အိပ်စင်ရှိရင် ရှင်ပဲ အရင်သွားပါ၊ ရှင့်ဒဏ်ရာကို သေသေချာချာ ဂရုစိုက်ရမယ်လေ၊ ကျွန်မက တကယ် အဆင်ပြေပါတယ်။"

လုယွီက ခပ်ဖွဖွ ရယ်မောလိုက်ရာ ကျန်းနျန်သည် မျက်ခုံး အနည်းငယ်ပင့်လျက် မေးလိုက်သည်။ "ဘာရယ်တာလဲ။"

"ဘာမှမဟုတ်ပါဘူး။"

လုယွီ၏ အကြည့်မှာ ကျန်းနျန်၏ ဟဟလေးဖြစ်နေသော နှုတ်ခမ်းလေးများဆီသို့ မသိမသာ ကျရောက်သွားခဲ့သည်။ သူမ စကားပြောလိုက်သည့်အခါ ပန်းရောင်သန်းနေသော လျှာဖျားလေးကို သူ မြင်နေရသည်။ သူမ သူ့ကို မော့ကြည့်သောအခါ သူမ၏ သွယ်လျသော လည်တိုင်လေးမှာ မော့နေသဖြင့် သူ၏ လည်စေ့မှာ အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူသည် မျက်လုံးကို ပြတင်းပေါက်အပြင်ဘက်သို့ လွှဲကြည့်လိုက်သည်။ "ပင်ပန်းရင် ခဏမှေးလိုက်၊ ကိုယ် ဒီမှာ မတ်တပ်ရပ်ပြီး ကာပေးထားမယ်၊ လဲမကျစေရဘူး။"

"ကျွန်မ မအိပ်ချင်သေးဘူး။"

ကျန်းနျန်သည် လက်လှမ်းကာ လုယွီ၏ အင်္ကျီအနားစကို အသာအယာ ဆွဲလိုက်သည်။ သူ၏ အင်္ကျီဆွဲခံရသည်ကို သတိပြုမိသောအခါ လုယွီ ငုံ့ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"

ကျန်းနျန် ပြောလိုက်သည်။ "ရှင် အဲ့ဒီမှာ ထိုင်ပါ၊ ကျွန်မ အိပ်ချင်လာရင် ပြောမယ်လေ။"

လုယွီက ဘာမှမပြောဘဲ မလှုပ်မယှက် ရပ်နေသည်။ သူသည် ထိုဘက်တွင် မထိုင်ချင်ဘဲ ကျန်းနျန်၏ ဘေးတွင် ရပ်ကာ ထိုလူများ၏ အကြည့်မှ သူမကို ကာကွယ်ပေးထားချင်ခြင်း ဖြစ်သည်။ သူ မလှုပ်သည်ကို မြင်သောအခါ ကျန်းနျန်က သူ၏ အင်္ကျီလက်ကို ထပ်ဆွဲခဲ့သည်။ သူမ၏ သေးငယ်သော လှုပ်ရှားမှုကို အခြားသူများ သတိမထားမိသော်လည်း လုယွီမှာမူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ကောင်းပါပြီ။"

သူသည် လှည့်ကာ ကျန်းနျန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး သူ၏ ခြေတံရှည်ကြီးများကို ဆန့်ထုတ်ကာ ကျန်းနျန်၏ ခြေထောက်လေးနှစ်ဖက်ကို သူ၏ ခြေထောက်များကြားတွင် ဝန်းရံထားလိုက်သည်။

စုန့်ပိုင်သည် ရေနွေးအိုး သုံးအိုးနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ကျူးကျွင်းက ကျန်းရှောင်အတွက် ရေထည့်ပေးသောအခါ အနည်းငယ် အဆင်မပြေဖြစ်နေသည်ကို တွေ့သဖြင့် ကျန်းနျန်ကို အကြံပေးလိုက်သည်။ "မရီး ကျွန်တော်တို့ နေရာလဲရအောင်၊ ကျွန်တော်က အပြင်ဘက်မှာထိုင်မှ အခြေအနေကို စောင့်ကြည့်လို့ရမှာ၊ မရီးက ပြတင်းပေါက်ဘက်မှာ ထိုင်လိုက်၊ အိပ်ချင်လာရင် မှီအိပ်လို့ရတာပေါ့။"

ကျန်းနျန် ပြန်မပြောနိုင်ခင်မှာပင် လုယွီက နေရာဖယ်ပေးရန် အရင်ဆုံး ထရပ်လိုက်သည်။

ကျန်းနျန် - ....

ကျူးကျွင်းက ခပ်တိုးတိုးရယ်ကာ နေရာရွှေ့လိုက်သည်။ ကျန်းနျန်သည် ပြတင်းပေါက်ဘက်တွင် ထိုင်ပြီး သူမ၏ အိတ်လေးကိုမူ လုယွီက ယူထားပေးသည်။ "အိတ်ထဲမှာ အသီးတွေပါတယ်၊ ဆာရင် စားလိုက်နော်။"

ကျန်းနျန်က ခေါင်းခါကာ ပြောလိုက်သည်။ "မဆာသေးပါဘူး။"

သူမသည် ရေတစ်ငုံသောက်ကာ ထိုင်ခုံကို မှီပြီး အပြင်ဘက်ကို ငေးကြည့်နေမိသည်။ ရထားမှာ ၆ နာရီခွဲတွင် ထွက်ခွာခဲ့ပြီး အပြင်ဘက်တွင် မှောင်နေပြီဖြစ်သည်။ သူမသည် အနည်းငယ် ရှေ့သို့ ကိုင်းလိုက်ကာ စားပွဲပေါ် လက်ထောက်ပြီး မေးထောက်ကာ နားရွက်အောက်နားလေးကို လက်ချောင်းလေးများဖြင့် အမှတ်မထင် ခေါက်နေမိသည်။ သူမသည် ခေတ်ဟောင်းပုံစံ ရထားဘူတာရုံကြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို ငေးကြည့်နေမိသည်။

အမှန်အတိုင်း ပြောရလျှင် သူမသည် အိပ်စင်ရထားများကို မစီးဖူးသလို အထူးသဖြင့် ဤခေတ်ကာလတွင် ပို၍ မစီးဖူးပေ။

လုယွီသည် အိပ်စင်လက်မှတ်အတွက် ဝန်ထမ်းနှင့် သွားပြောပြီးနောက် မကြာမီ ပြန်ရောက်လာခဲ့သည်။

ကျန်းနျန်သည် မနေ့ညက ကောင်းကောင်း မအိပ်ရပေ။ ရထားမှာ စတင်ရွေ့လျားနေသည်။ ပြတင်းပေါက် အပြင်ဘက်မှ လျင်မြန်စွာ ကျန်ရစ်နေသော ပုံရိပ်များကို ကြည့်ရင်း သူမ တဖြည်းဖြည်း အိပ်ငိုက်လာခဲ့သည်။ သူမ၏ မေးကို ထောက်ထားသော လက်မှာ ခါယမ်းလာသည်။ လုယွီက သူမ၏ ခေါင်းကို စားပွဲနှင့် မတိုက်မိစေရန် အချိန်မီ ထိန်းပေးလိုက်သည်။ "သေသေချာချာ ထိုင်ပြီး အိပ်ပါ။"

"အိုး။"

ကျန်းနျန်သည် သမ်းဝေကာ ထိုင်ခုံနောက်မှီကို မှီပြီး တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

သို့သော် သူမသည် အိပ်နေစဉ်တွင် ခေါင်းမှာ ဟိုဘက်ဒီဘက် ယိမ်းနေသဖြင့် ဂနာမငြိမ်ဖြစ်နေသည်။ လုယွီက သူမ၏ ခေါင်းကို သူ၏ လက်မောင်းပေါ်သို့ အသာအယာ ဖိထားပေးကာ သက်တောင့်သက်သာရှိသော အနေအထား ဖြစ်အောင် ကူညီပေးခဲ့သည်။ ကျန်းရှောင်က ကျန်းနျန်ကို ကြည့်ကာ မအံ့သြဘဲ မနေနိုင်ခဲ့ပေ။ "အစ်မကျန်းကတော့ ရထားပေါ်တက်တာနဲ့ အိပ်တော့တာပဲ၊ ကျွန်မ တကယ်ကို အားကျတာပဲ၊ ကျွန်မတို့သာ ဒီမှာ ရှိမနေရင် သူမ တစ်ယောက်တည်းဆို သူများတွေ နှောင့်ယှက်တာတောင် သိမှာမဟုတ်ဘူး။"

လုယွီ - ....

စုန့်ပိုင် - ....

ကျူးကျွင်း - ....

ကျူးကျွင်းက ကျန်းရှောင်ကို ကြည့်ကာ ပြုံးလိုက်သည်။ "မင်းပြောတာ မှန်တယ်။"

ဘေးနားရှိ အမျိုးသားများက လုယွီကို တစ်ချက်ကြည့်လိုက်၊ ကျန်းနျန်ကို တစ်ချက်ကြည့်လိုက် လုပ်နေကြသည်။ သူ၏ ချောမောပြီး တည်ကြည်သော မျက်နှာ၊ ဒူးဆစ်အထိ ရှည်သော စစ်စိမ်းရောင် အင်္ကျီကြီးကို ဝတ်ထားပုံမှာ ထိုင်နေလျှင်ပင် စည်းကမ်းရှိသော စစ်သားပီသမှု အပြည့်ရှိနေသည်။ သူတင်မကဘဲ သူနှင့် မျက်နှာချင်းဆိုင်ရှိ လူငယ်နှင့် ဘေးမှလူမှာလည်း စစ်သားအရှိန်အဝါများ ရှိနေကြသည်။

ကျန်းနျန်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ သန်းခေါင်ယံအချိန်တွင် လုယွီနှင့် ကျူးကျွင်းတို့ ထရပ်လိုက်ပြီး ကျန်းရှောင်က ကျန်းနျန်၏ ခြေထောက်များကို သူမ၏ ထိုင်ခုံပေါ်သို့ မတင်ပေးလိုက်သည်။ သူမသည် အနည်းငယ် ရွှေ့လိုက်ပြီး ခြေထောက်များကို မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်သို့ တင်လိုက်ရာ လုယွီက သူ၏ အင်္ကျီအထူကြီးကို ချွတ်ကာ သူမ သက်တောင့်သက်သာရှိစေရန် ပြတင်းပေါက်တွင် ခံပေးလိုက်သည်။ သူတို့မှာ စစ်တပ်တွင် တစ်ညလုံး မတ်တပ်ရပ်နေကျဖြစ်သဖြင့် ပြဿနာမရှိပေ။

စုန့်ပိုင်က ထရပ်ကာ လုယွီကို ထိုင်ရန် အကြံပြုခဲ့သည်။ "မင်းဒဏ်ရာနဲ့ အတင်းတွန်းအားမပေးပါနဲ့၊ သက်သာနေပြီဆိုပေမယ့် တတ်နိုင်သမျှ အနားယူပါ။"

"ဟုတ်ပါပြီ။"

သူတို့ သုံးယောက်မှာ တစ်လှည့်စီ မှေးနေကြစဉ် ရုတ်တရက် "ဒုန်း" ဆိုသော အသံကျယ်ကြီးကို ကြားလိုက်ရသည်။ သူတို့အားလုံး မျက်လုံးဖွင့်ကြည့်လိုက်ရာ စားပွဲပေါ်မှ ရေနွေးအိုး ပြုတ်ကျသွားခြင်းဖြစ်သည်။ သို့သော် ပြတင်းပေါက်နားတွင် ထိုင်နေသော ကျန်းနျန်မှာ မရှိတော့ဘဲ လုယွီ၏ စစ်စိမ်းရောင် အင်္ကျီကြီးသာ ထိုင်ခုံပေါ်တွင် တင်ကျန်နေခဲ့သည်။

လုယွီသည် အိမ်သာရှိရာဘက်သို့ အမြန်သွားကြည့်ပြီး စုန့်ပိုင်ကလည်း အခြားတစ်ဖက်ကို စစ်ဆေးသည်။ ရှာဖွေပြီးနောက် ကျူးကျွင်းက ကျန်းရှောင်၏ အဝတ်အစားများအောက်မှ ကျန်းနျန်၏ ခြေထောက်လေးများကို တွေ့လိုက်သဖြင့် လုယွီနှင့် စုန့်ပိုင်ကို တိုးတိုးလေး လှမ်းခေါ်လိုက်သည်။ "မရီး ဒီမှာပါ။"

လုယွီနှင့် စုန့်ပိုင်တို့ အမြန်ပြေးလာကြသည်။

ကျူးကျွင်းသည် ကျန်းရှောင်၏ ခြေထောက်ဘေးတွင် သူ၏ အင်္ကျီဖြင့် ဖုံးအုပ်ထားသော ကျန်းနျန်၏ ခြေထောက်များကို ညွှန်ပြခဲ့သည်။ လုယွီက ငုံ့ကာ သူ၏ စစ်စိမ်းရောင် အင်္ကျီကို ဆွဲဖယ်လိုက်ရာ စားပွဲအောက်သို့ လျှောကျလုနီးပါးဖြစ်နေပြီး သူ၏ အင်္ကျီကြီးထဲတွင် တစ်ကိုယ်လုံး လိပ်နေအောင် ပတ်ထားသော ကျန်းနျန်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာလေးမှာ အိပ်မှုန်စုတ်ဖွားနှင့် ရဲနေပြီး ရထားတွဲအတွင်းမှ အလင်းရောင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ သူမသည် မျက်မှောင်ကြုတ်ကာ တစ်ခုခုကို ဗလုံးဗထွေး ပြောပြီး အင်္ကျီကို မျက်နှာပေါ် ထပ်အုပ်ကာ ဆက်အိပ်နေသည်။

လုယွီ - ....

စုန့်ပိုင် - ....

ကျူးကျွင်း - ....

ကျန်းနျန်သည် သေးငယ်သော ကိုယ်လုံးလေး ရှိသူဖြစ်သည်။ ထိုကဲ့သို့ ကွေးနေပြီး လုယွီ၏ အင်္ကျီဖြင့် ဖုံးထားသောအခါ သေသေချာချာ မကြည့်လျှင် ထိုနေရာတွင် လူရှိမှန်းပင် သိနိုင်မည်မဟုတ်ပေ။ လုယွီက သူမ ပိုသက်တောင့်သက်သာ အိပ်နိုင်ရန် သူမ၏ ခြေထောက်များကို ကိုင်ကာ ထိန်းပေးထားလိုက်သည်။

ဤဖြစ်ရပ်လေး ဖြစ်ပြီးနောက်တွင် သူတို့ထဲမှ မည်သူမျှ ထပ်မအိပ်ချင်တော့ပေ။

ကျန်းနျန်သည် နောက်တစ်နေ့ နေထွက်လာသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမ၏ ခေါင်းမှာ တစ်ညလုံး လုယွီ၏ အင်္ကျီထဲတွင် ရောက်နေခဲ့ခြင်း ဖြစ်သည်။ လမ်းခရီးတစ်လျှောက်လုံး လုယွီက လေရစေရန် အင်္ကျီကို အသာအယာ မပေးတိုင်း ကျန်းနျန်မှာ လန့်နေသော ယုန်ကလေးတစ်ကောင်ကဲ့သို့ လက်လှမ်းကာ အင်္ကျီကို ခေါင်းပေါ် ပြန်ဆွဲအုပ်နေသဖြင့် လုယွီမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။

ကျန်းနျန် ထိုင်လိုက်သောအခါ ဆံပင်များမှာ အိပ်ရာနိုးကာစ ဖရိုဖရဲ ဖြစ်နေပြီး အချို့မှာ မျက်နှာတွင် ကပ်နေသည်။ ပြတင်းပေါက်ကို မှီအိပ်ထားသဖြင့် သူမ၏ ပါးပြင်ပေါ်တွင် အနီကွက်လေး ထင်နေသည်။ လုယွီက သူမ၏ ဘေးတွင် ထိုင်ပြီး ပြောလိုက်သည်။ "ကောင်းကောင်း အိပ်ပျော်ရဲ့လား။"

ကျန်းနျန်က ဗလုံးဗထွေး ပြန်ဖြေလိုက်သည်။ "အင်း။"

ကျန်းရှောင် မေးလိုက်သည်။ "အစ်မကျန်း ဘာဖြစ်လို့လဲ။"

ကျန်းနျန်သည် သူမ၏ လည်ပင်းကို ပွတ်သပ်ကာ အင်္ကျီကို လုယွီအား ပြန်ပေးလိုက်ပြီး ထရပ်ကာ ခြေထောက်များကို ဆောင့်လိုက်သည်။ "အိပ်ရတာ ကိုယ်လက်တွေ နာနေတာပဲ။"

ကျူးကျွင်း - ....

မရီး အိပ်တဲ့ ပုံစံနဲ့ဆိုရင် နိုးလာတဲ့အခါ ကိုယ်လက်တွေ မနာရင်မှ ထူးဆန်းဦးမယ်။

ကျန်းနျန်နှင့် ကျန်းရှောင်တို့ အိမ်သာသို့ အတူတူ တန်းစီကာ မျက်နှာသစ်ကြသည်။ မနက်ပိုင်းတွင် သူတို့သည် မုန့်များနှင့် ပေါက်စီအချို့ကို စားကြသည်။ လုယွီက အိတ်ထဲမှ ပန်းသီးနှင့် လိမ္မော်သီးများကို ထုတ်ပေးပြီး ကျူးကျွင်းက ပန်းသီးတစ်လုံး ဆေးကာ သူတို့နှစ်ဦးကို ကမ်းပေးခဲ့သည်။

ကျန်းနျန်က ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ရင်း လုယွီကို မေးလိုက်သည်။ "ရှင့်ဒဏ်ရာရော ဘယ်လိုနေလဲ။"

လုယွီ ပြန်ဖြေလိုက်သည်။ "ဘာမှ မပြောပလောက်ပါဘူး။"

ကျန်းနျန် သတိထားမိသည်မှာ လုယွီသည် သူမ၏ ရှေ့တွင် အမြဲတမ်း "ဘာမှမဟုတ်ပါဘူး" ဟုသာ ပြောလေ့ရှိသည်။ ဆေးရုံတွင် ရှိစဉ်ကပင် သူသည် နာကျင်မှုကို အောင့်အည်းကာ ထိုင်လိုက်သည့်တိုင် "ဘာမှမဟုတ်ပါဘူး" ဟုသာ ဆိုခဲ့သည်။

နေ့ခင်းပိုင်းတွင် ရထားဝန်ထမ်း ရောက်လာပြီး အိပ်စင်အလွတ် တစ်ခုရှိကြောင်း ပြောသည်။ လူများ ဆင်းသွားလိုက်၊ တက်လာလိုက် ဖြစ်နေသဖြင့် အိပ်စင်များမှာ အမြဲတမ်း လူပြည့်နေလေ့ရှိပြီး ယခုကဲ့သို့ အားလပ်ရက် လူများသောအချိန်တွင် အိပ်စင်တစ်ခု ရသည်မှာ စိတ်သက်သာရာ ရစေသည်။ ကျန်းနျန်သည် ကျန်းရှောင်ကို သွားအိပ်ခိုင်းလိုက်ပြီး ကျူးကျွင်းက ထိုနေရာတွင် စောင့်ကြည့်ရန် ကျန်ခဲ့သည်။

နောက်တစ်မှတ်တိုင်တွင် ခရီးသည်အချို့ ဆင်းသွားသော်လည်း ပိုများသောလူများ တက်လာကြသည်။ ရထားတွဲအတွင်း လူများစွာမှာ ထိုင်သူကထိုင်၊ မတ်တပ်ရပ်သူကရပ်ဖြင့် ပြည့်နှက်နေသည်။ မိသားစု သုံးယောက် ကျန်းနျန်တို့ဆီသို့ လျှောက်လာသည်။ ကျန်းနျန်နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံအလွတ်ကို မြင်သောအခါ ထိုအမျိုးသားက လုယွီကို မေးခဲ့သည်။ "ဒီထိုင်ခုံ နှစ်ခုံက လူရှိလားခင်ဗျ။"

လုယွီ ပြန်ဖြေလိုက်သည်။ "တစ်ခုံက လူရှိပါတယ်၊ မင်းရဲ့ဇနီးနဲ့ ကလေးကို ထိုင်ခိုင်းလိုက်ပါ။"

ထိုအမျိုးသားက ရှစ်လသားအရွယ် ကလေးကို ချီထားသော သူ၏ ဇနီးကို အရင်ထိုင်ခိုင်းခဲ့သည်။ စုန့်ပိုင်က ထရပ်ကာ ပြောသည်။ "ရဲဘော် ခင်ဗျား ဒီမှာ ထိုင်နိုင်ပါတယ်။"

ထိုအမျိုးသမီးမှာ ကလေးငယ်ကို ချီထားရင်း စုန့်ပိုင်၏ စကားကြောင့် အနည်းငယ် အားနာသွားသည်။ အမျိုးသားဖြစ်သူက ကျေးဇူးတင်စကား ပြောကာ သူ၏ ဇနီးကို စုန့်ပိုင်၏ ထိုင်ခုံတွင် ကလေးနှင့်အတူ ထိုင်စေသည်။ စုန့်ပိုင်သည် ကျူးကျွင်း၏ ထိုင်ခုံတွင် ထိုင်လိုက်သည်။ မနေ့ညက သူ၏ ဘေးတွင် ထိုင်ခဲ့သော အမျိုးသားနှစ်ဦးမှာ ရထားပေါ်မှ ဆင်းသွားကြပြီး အဘိုးအိုနှစ်ဦးနှင့် အစားထိုးလိုက်သည်။ သူတို့သည် ရထားပေါ်တက်သည်နှင့် စ၍စကားပြောကြတော့သည်။

All Chapters